Tuesday, 1 April 2014

“ လည်ပြန်တစ်ချက် . . . ”



ဆရာစိုင်းခမ်းလိတ်က ခြင်္သေ့လည်ပြန်...အဆိုတော် ၀ိုင်ဝိုင်းက သမင်လည်ပြန်...ကဗျာဆရာ ညွန့်ဝေ ( ကသာ ) က လည်ပြန်အငဲ့...သာမညောင်ည ဦးဟန်ကြည်ကတော့ လည်ပြန်တစ်ချက်ပေါ့ဗျာ...အချိန်နဲ့အမျှ ထမင်းလုပ်နေရတဲ့အတွက် တစ်ချက်ထက်ပိုပြီး လည်မပြန်အားဘူးကိုး...တစ်ချက်ပဲ ပြန်ကြည့်တာကြောင့် ခပ်ဝေးဝေးကိုတော့ မမြင်တော့ဘူးပေါ့လေ...

ခပ်ဝေးဝေးကို မမြင်တာပဲ ကောင်းပါရဲ့...ဖြတ်သန်းခဲ့တဲ့ ဘ၀သမိုင်းကြောင်းက ပန်းမွှေ့ယာ ရွှေကော်ဇောမှ မဟုတ်ခဲ့ဘဲကိုး...ဘ၀ခရောင်းတောမှာ မောနေအောင် လျှောက်ခဲ့ရတာတွေက ခပ်များများဆိုတော့လည်း ပြန်မတွေးချင်တော့တဲ့ အတိတ်တွေက ခပ်များများ ရှိနေပါလေရဲ့...သို့ပေမင့် အတိတ်ဆိုတာ ကိုယ့်သမိုင်းကြောင်းတွေချည်း မဟုတ်လား...မပိုင်ချင်လို့ ပစ်ထားခဲ့တယ်ဆိုပေမင့် မဆိုင်ချင်လို့လည်း ရမှမရတော့ပဲကလား...

မိဘအရိပ်အာဝါသအောက်မှာ အပူအပင်ကင်းကင်းနေခဲ့တဲ့ ငယ်ဘ၀ဆိုတာကတော့လည်း ငိုစရာအမေ့ရင်ခွင် အားကိုးစရာ အဖေ့ခွန်အား ရှိနေတာမို့ ဘယ်အခက်အခဲမဆို မိသားစု ညီညီညွတ်ညွတ်နဲ့ ဖြေရှင်းခဲ့ကြလေတော့ ဘယ်လောက်ပဲမောတယ်ပြောပြော ပျော်ပျော်ကြီး မောခဲ့ကြရတာမဟုတ်လား...ကိုယ့်မြင်းကိုယ်စိုင်းပြီး စစ်ကိုင်းပဲ ရောက်ရောက် ကိုယ့်လှေကိုယ်ထိုးပြီး ပဲခူးပဲရောက်ရောက် ကိုယ်ထင်ခုတင်ရွှေနန်းထုံးကို နှလုံးမူပြီး မိဘရင်ခွင်ကနေ ထွက်လာခဲ့ပြီဆိုကတည်းက ဘ၀သင်ခန်းစာတွေ လောကကြီးရဲ့ ခပ်ကြမ်းကြမ်း ပညာပေးတာတွေကို ကော့နေအောင် ခံခဲ့ရပါရဲ့...

ဦးဟန်ကြည်ရဲ့ မေမေက အသက်အစိတ်ဝန်းကျင် သားတော်မောင်ကို “ ငါ့သားရယ် နင့်အသက်က ငယ်ပါသေးတယ် ” လို့ ပြောတဲ့စကားကို ကြားခါစကတော့ ဇောင်းကြွနေတဲ့ ပညာမာန်ကလေးက ရှေ့ဆောင်နေတော့ မခံချင်ခဲ့ဘူးပေါ့လေ...သူများနိုင်ငံမှာဆိုရင် အသက် ၁၈ နှစ်ပြည့်တာနဲ့ လူကြီးဖြစ်တာပဲလို့ လိုရာဆွဲတွေးပြီး ငါ လူလားမြောက်ပြီလို့ပဲ ထင်ခဲ့မိပေသပေါ့...သို့ပေမင့် မိသားစုဆိုတဲ့ ခံတပ်ထဲကနေ အပြင်ထွက်ပြီး လောကကြီးနဲ့ စီးချင်းထိုးတဲ့အခါကျမှပဲ “ သြော်...ငါ့မေမေက ငါ့ကို ငယ်တယ်ပြောတာ လူသက်ကို ပြောတာမှ မဟုတ်ဘဲ...ဘ၀အတွေ့အကြုံနဲ့ဆိုင်တဲ့ လောကအသက်ကို ပြောတာပဲ ” လို့ သဘောပေါက်ယူခဲ့ရပါရဲ့...အင်း အနှီလို သဘောပေါက်တဲ့အချိန်ကျတော့ နှလုံးသားထဲမှာရော အစာအိမ်မှာပါ ဒဏ်ရာတွေ ဗလပွဖြစ်နေပြီပေါ့လေ...

ကိုယ့်နောက်ကို ပြန်လှည့်ကြည့်ရင် ကျောပဲရှိတဲ့ ဒေသ...အိပ်မက်တောင် မမက်ခဲ့ဘူးတဲ့ နယ်ကြမ်းမြေကြမ်းမှာ ၀မ်းတစ်ထွာအတွက် ကိုယ့်ပညာလေးကို အားကိုးပြီး ရုန်းပဟဲ့ ဆိုကတည်းက အတွယ်ခံ အနှက်ခံလိုက်ရတဲ့ ဒဏ်ချက်တွေများ ကျကျနနသာ ရေးမှတ်ထားမယ်ဆိုရင် A4 စာရွက် တစ်ထုပ်တောင် မလောက်တာ သေချာပါရဲ့...သြော် လူဆိုတာမျိုးကလည်း ဘုန်းကြီးခေါင်းကို ခေါက်ချင်တဲ့လူတွေချည်း ပညာတတ်တစ်ယောက် နိမ့်လာပဟဲ့ဆိုရင် ခြေနဲ့ကျောက်ချင်တဲ့လူတွေချည်းကိုး...ဦးဏှောက်တစ်လုံးကလွဲရင် ဘာမမရှိတဲ့ ခြေမဲ့လက်မဲ့ဘ၀ဆိုတော့လည်း အနင်းခံ အနှိမ်ခံ အစော်ကားခံလိုက်ရများ တစ်ခါတစ်ခါ ငါများ သူတို့ကို ဘာတွေ စော်ကားမိလို့ပါလိမ့်လို့ တွေးယူရတဲ့အထိ...ခေါင်းထဲက ပညာဆိုတာကလည်း တန်ဖိုးနားမလည်တဲ့လူတွေကြားမှာ လက်ထဲကိုင်ထားတဲ့ ငှက်ပျောသီးလောက်တောင် အလေးပေးမခံခဲ့ရဘူးကိုး...

ကျောင်းသင်ခန်းစာဆိုတာက သင်ရိုးကုန်သွားရင် ပညာစုံပြီလို့ သတ်မှတ်လို့ရပေမင့် ဘ၀သင်ခန်းစာဆိုတာမျိုးက သင်ရိုးကျွတ်တယ်လို့မှ မရှိပဲကိုး...သည်လူတစ်ယောက်က သည်ပုံစံနဲ့ ကိုယ့်ကိုစော်ကားမော်ကားလုပ်သွားတာကို ဘယ်လောက်ပဲ ပညာယူမှတ်သားထားပေမင့် နောက်တစ်ယောက်က နောက်တစ်မျိုး စော်ကားလာရင် ခံရပြန်သေးတာပါပဲလေ...ဘယ်လောက်ပဲ စိတ်ရှည်လက်ရှည်နဲ့ လူတွေအပေါ် စေတနာထားချင်နေပါစေ အစော်ကားချည်းခံနေရပြီဆိုမှဖြင့် “ တစ်ကွေ့ကွေ့တော့ တွေ့ကြသေးတာပေါ့ ” ဆိုတဲ့ မာန်တွေ ဒေါသတွေ ထွက်လာကြစမြဲမဟုတ်လား...ဆရာကြီး ရွှေဥဒေါင်းရဲ့ စကားလုံးနဲ့ ပြောရရင် “ အသည်းထဲမှာ ဆူးကြီးတစ်ချောင်း ထွက်လာတယ် ” ပေါ့...ဦးဟန်ကြည်တို့ ဘ၀အစက အနင်းအနှိပ်ခံရပုံများကတော့ အသည်းထဲမှာ ထွက်လာလိုက်တဲ့ဆူးတွေဟာ များလွန်လွန်းလို့ ဥပမာလှလှပေးရမယ်ဆိုရင် နှလုံးသားခမျာ ဆူးပတ်လည်ရံထားတဲ့ ဒူးရင်းသီးနဲ့တောင် ခပ်ဆင်ဆင်ဖြစ်လာတဲ့အထိ...

လူ့လောကထဲကို စ၀င်ခါစအရွယ်တုန်းကတော့ တော်ရုံအခက်အခဲဆိုရင် “ အတွေ့အကြုံ ” လို့ သဘောထားလိုက်တာမို့ ထမင်းငတ်ရင်လည်း ပျော်ပျော်ကြီးပေါ့လေ...၀တ်စရာမရှိရင်လည်း ပျော်ခဲ့တာပါပဲ...ဦးဟန်ကြည်ကလည်း ခပ်ငယ်ငယ်ဘ၀ကတည်းက ပညာအရည်အချင်းနဲ့ ငွေကြေးစည်းစိမ် အဆောင်ယောင် ဆိုတာကို နှလုံးသားချမ်းမြေ့မှုလောက် မက်မက်စက်စက် ရှိခဲ့တာမှ မဟုတ်ဘဲကိုး...သို့ပေမင့် သာမန်လူ့အန္ဓဆိုတာမျိုးကျတော့ အဆောင်အယောင်တို့ အစီးအနင်းတို့ အရှိန်အ၀ါတို့ဆိုတာတွေကို အင်မတန် အလေးထားကြတာကလား...အနှီတော့လည်း သူရို့အလေးထားတာတွေ ဘာတစ်ခုမှ မပိုင်ဆိုင်ခဲ့လေတဲ့ ဦးဟန်ကြည်ကို အထင်အမြင်သေးကြ နင်းကြနှိပ်ကြပေမပေါ့လေ...မရှိခိုးနိုး မလှစုန်းယိုးဆိုတာ လူတွေရဲ့ အကျင့်ဆိုးကြီးကိုး...

ဦးဟန်ကြည်ဆိုတာကလည်း လူတိုင်းအပေါ်မှာ ဖြူဖြူစင်စင် စိတ်ထားဖို့ကိုပဲ ဦးစားပေးခဲ့တဲ့ လူစားဖြစ်ပြန်တော့ ကိုယ့်ကိုယ်တစ်ခါလောက်စော်ကားတာမျိုးဆိုရင် သတိကို မထားမိခဲ့တာကလား...သို့ပေမင့် တစ်ခါကနှစ်ခါ နှစ်ခါက သုံးခါ ဖြစ်လာရင်တော့လည်း သတိထားမိပြီပေါ့...ဘယ်အရာမဆို တစ်ကြိမ်ဆိုတာ အတွေ့အကြုံအနေနဲ့ ပျော်ဖို့ကောင်းပေမယ့် သုံးလေးကြိမ်ဖြစ်လာရင် အတွေ့အကြုံမဟုတ်တော့ဘဲ ဘ၀ဖြစ်လာပြီဆိုတော့ ပျော်စရာမဟုတ်တော့ဘူးပေါ့လေ...ခံရဖန်များလာတဲ့အခါကျမှ “ သြော်...သင်းတို့က အသက်မရှိတဲ့ အရာတွေအပေါ်မှာ သိပ်အလေးထားကြတာကိုး...သည်အသက်မရှိတဲ့အရာတွေပေါ်မှာ လူတစ်ယောက်ရဲ့ တန်ဖိုးကို စံတိုက်ချင်ကြတာကိုး... ” လို့ သဘောပေါက်လာပါလေရော...အနှီလို သဘောပေါက်လာတဲ့အခါကျမှ ကိုယ့်အနေအထိုင်ကို ပြန်ဆင်ခြင်မိတော့တာကလား...

အဆောင်အယောင်ဆိုတာကို အာသီသမရှိတဲ့ ဦးဟန်ကြည်က ရိုးရိုးကုပ်ကုပ်နေပေမင့် သင်းတို့အမြင်မှာတော့ ငမွဲ ငချာပေါ့လေ...လူကို အထင်မကြီးမှတော့ ပညာကိုလည်း တန်ဖိုးမထားကြတော့ဘူးပေါ့...ဘယ်သူမဆို ကိုယ့်ပညာနဲ့ ကိုယ့်ဂုဏ်သိက္ခာကိုတော့ မြတ်နိုးကြတဲ့လူတွေချည်း မဟုတ်လား...ငွေကြေးချမ်းသာလာအောင် ဗြုန်းခနဲ ဒိုင်းခနဲ ထလုပ်လို့ ရပေမင့် ပညာတတ်တစ်ယောက် ဖြစ်လာအောင်ဆိုတာ တစ်ရက်တစ်မနက်တည်းနဲ့ ဖြစ်တဲ့အရာမျိုးမှ မဟုတ်ဘဲ...နှစ်ပေါင်းများစွာရင်းနှီး အချိန်ပေါင်းများစွာ ပေးဆပ် ပျော်ရွှင်မှုပေါင်းများစွာ စတေးမှ သည်နေ့သည်ပညာဆိုတာ ရလာတဲ့အမျိုး...အနှီတော့လည်း ကကြီးကို ပုတ်လောက်ရေးပြတာတောင် မှန်အောင်မဖတ်နိုင်တဲ့ လူတန်းစားက ကိုယ့်ပညာကို စော်ကားတဲ့လုပ်ရပ်ကို ဦးဟန်ကြည် ဘယ်သည်းခံနိုင်ပါ့မလဲဗျာ...ဆင်ကြီးကို ခွေးဟောင်တာ အနေအထိုင်မပျက်ပေမင့် ဟောင်ပါများရင်တော့ ဆင်ကြီးလည်း နားငြီး စိတ်ရှုပ်လာတော့တာ သဘာဝကိုး...

အနှီတော့ .ခြင်္သေ့ဆီဆိုတာ သိင်္ဂီရွှေခွက်နဲ့မှ တင့်တယ်သလို...ပတ္တမြားကို ရွှေကွပ်မှ ဖြစ်တော့မှာဆိုတာကို သဘောပေါက်လာတော့လည်း ကိုယ်မက်မက်စက်စက်မရှိခဲ့တဲ့ ငွေကြေးတို့ အဆောင်အယောင်တို့ကို ဖြည့်ဆည်းဖို့ ကြိုးစားရပြန်တာပါပဲ...သည်လိုကြိုးစားရင်း ထမင်းငတ်တဲ့အနပ်ပေါင်းလည်း မရေနိုင်ဘူးပေါ့လေ...ခြစ်ခြစ်တောက်ပူလောင်နေတဲ့ နေပြင်းအောက်မှာ စက်ဘီးကလေး တဂျောက်ဂျောက်နင်းပြီး ထမင်းဖြစ်အောင် ရုန်းခဲ့ရတဲ့ ကာလတွေကို အခုနေပြန်ပြောရင်တော့ ပုံပြင်တွေချည်းပေါ့...ပညာရေးလောကကြီးမှာ ခြေကုပ်တစ်နေရာရဖို့ မေးငေါ့စကားတွေ အမနာပ အတင်းအဖျင်းတွေ အကြောင်းမဲ့ထိုးခံရတဲ့ မျက်စောင်းတွေအားလုံးကို စာတစ်စောင်ပေတစ်ဖွဲ့ရေးပြရရင် ယုံကြည်မဲ့လူရှိဖို့တောင် ခပ်ရှားရှား...

သည်နေ့သည်အချိန်ရောက်ပြီး နေရာကလေးတစ်ခု ခိုင်ခိုင်မာမာရလာပြီး သူဌေးမင်းမဟုတ်ပေမင့် အကြွေးကင်းကင်းနဲ့ နေနိုင်တဲ့ အနေအထားဖြစ်လာတဲ့အခါမှာ ရလာတဲ့ ဆုံးရှုံးမှုကတော့ ဘယ်လူကိုမှ မယုံကြည်တော့သလို ဘယ်သူ့ကိုမှ မသနားတတ်တော့တဲ့ စိတ်ဓာတ်ကြီးပေါ့လေ...သို့ပေမင့် စေတနာကို ဝေဒနာမဖြစ်အောင်ထားတတ်လာတာကတော့ အမြတ်လို့ပဲ ဆိုရတော့မှာပေါ့...အထိုက်အလျောက် ထမင်းလေးဝလာပေမယ့် ကိုယ်ဖြတ်သန်းခဲ့တဲ့ ဘ၀ကို မမေ့ဖို့ ငတ်တစ်လှည့်ပြတ်တစ်လှည့်နဲ့ တိုက်ပွဲဝင်ခဲ့ရတဲ့ အချိန်ပိုင်းတွေကို သတိရနေဖို့ ဘ၀သမိုင်းအစက ရဲဘော်ရဲဘက်ဖြစ်တဲ့ စက်ဘီးကလေးကို ခုတင်ပေးမှာ ထောင်ထားပြီး ကိုယ့်ကိုယ်ကို ဆုံးမနေဖြစ်တာ သည်နေ့အထိပဲလို့ ဆိုကြပါစို့...သူတောင်းစား ထမင်းဝရင် ဘုရင်လုပ်ချင်တယ်ဆိုပေမင့် ဦးဟန်ကြည် ထမင်းဝလာတဲ့ သည်နေ့အထိတော့ ဘုရင်လုပ်ချင်စိတ်လည်း လားလားမှ မပေါ်ဖူးတာအမှန်...သို့ပေမင့် ကိုယ့်ထမင်းလေးကိုယ်စား ကိုယ့်အလုပ်လေးကိုယ်လုပ်ပြီး လူကိုမမြင် ငွေကိုမင်တဲ့ ရွှေပြည်သားတွေရဲ့ လုပ်ရပ်တွေကို ထိုင်ကြည့်ရင်း အားပါးတရ ရယ်နေချင်စိတ်ကတော့ သည်နေ့အထိ ရှိနေဆဲပေါ့လေ...

ဘ၀သမိုင်းကို ပြန်တွေးကြည့်ရင် လောကငရဲအကြီးစားမဟုတ်ခဲ့ရင်တောင် အရံငရဲလောက်တော့ ဆိုးရွားပြင်းထန်ခဲ့တာတော့ ကိုယ့်ဝမ်းနာမို့ ကိုယ်သာသိပါရဲ့...ငရဲကလာသူ ပြာပူမကြောက်လို့ ဆိုပေမင့် ငရဲကိုပြန်သွားရမှာတော့ မကြောက်တဲ့လူ ရှိမယ်မထင်ဘူးပေါ့လေ...အနှာကြောင့် ကိုယ့်ဘ၀ငရဲခန်းကို ပြန်မသွားရအောင်တော့ သည်နေ့အထိ ခပ်ရှင်းရှင်းပြောရရင် ဘ၀နောက်ဆုံးအချိန်အထိ ကျားကုတ်ကျားခဲ ရုန်းကန်ကြရဦးမှာတော့ သေချာပါရဲ့လို့ နောက်ကိုတစ်ချက် လည်ပြန်ကြည့်ရင်း ရှေ့ဆက်လျှောက်ရဦးမဲ့ ဘ၀တစ်သက်စာအတွက် လှမ်းမျှော်လိုက်မိပါရဲ့ဗျာ....။ ။

( ဟန်ကြည် )
၂၄.၂.၂၀၁၄ ( တနင်္လာနေ့ )

6 comments:

ပဥာက် said...

အနော် လည်းလွတ်အောင်ရုန်းမယ်

Aunty Tint said...

ဆရာဟန်ပြောသလို မိဘတွေအတွက် သားသမီးတွေဟာ သူတို့ရဲ့ ဘ၀အတွေ့အကြုံနဲ့ယှဉ်ပြီး အသက်ကြီးကြီးငယ်ငယ် အမြဲတန်း ကလေးပေါ့ကွယ်...
"အဆောင်အယောင်ဆိုတာကို အာသီသမရှိတဲ့ ဦးဟန်ကြည်က ရိုးရိုးကုပ်ကုပ်နေပေမင့် သင်းတို့အမြင်မှာတော့ ငမွဲ ငချာပေါ့လေ" ဟာဟ သဘောခွေ့တဲ့ စာကြောင်းလေး ဆရာဟန်က စကားလုံးအသုံးလေးတွေ နုတယ် ... :P

မေတ္တာဖြင့်
တီတင့်

Anonymous said...

Yes..Sayar
Your post also reminds me for my past days.. So I went for overseas & stay away from our country that I love so much but I painful so much.
Best Regards,
Esther

ဆွေလေးမွန် said...

ဟုတ်ပဆရာဟန်ရယ် ဒီလိုမျိုးလောကဓံအထုအထောင်းလေး ခံလိုက်မှ ဘ၀သင်ပုန်းကြီးဖတ်စာက ကြေသလား မသိပါဘူး

chocothazin said...

အစ်ကိုဟန်ကြည်ရေ..
စာတွေလာဖတ်သွားတယ်။ ဘလော့ဘက် ခြေဦးမလှည့်ဖြစ်တာများပြီ။ အကြွေးတွေလည်း တင်နေတာများပြီးး))
chocothazin ဘလော့မှာ စာတွေ(နည်းနည်းစီ)ပြန်ရေးနေပြီမို့ အရင်လို လာလည်ပြီး ဝေဖန်ပါဦးလို့ ...

သူကြီးမင်း said...

ဆရာဟန်ပြောသလိုပါဘဲ။ အတိတ်ကတော့ ပန်းခင်းလမ်းဖြစ်ခဲ့သူတွေ ရှားပါတယ်။ ရှားဆို အခြေခံသြဇာကောင်းပေမဲ့ ပန်းမိုးခေါင်တဲ့ ဒေသမှာ လူဖြစ်လာကြရတာကိုး။ တိုက်ပွဲတိုင်းမှာ ဘယ်ဒဏ်ရာကင်းနိုင်ပါ့မလဲ ဆရာဟန်။ ဒဏ်ရာဒဏ်ချက်တွေကြားထဲက ရည်မှန်းချက်ကို အရောက်လှမ်းခဲ့နိုင်တာကတော့ ဆရာဟန့်အားသာချက်ဘဲပေါ့။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger