Tuesday, 8 April 2014

“ မဇ္ဈိမ . . . ”



ဦးဟန်ကြည်တို့ တိုင်းပြည်မှာ အစွန်းမရောက်အောင် အစွန်းမထွက်အောင် အစွန်းလွတ်အောင် နေကြ ပြောကြ အားထုတ်ကြ ဆိုတဲ့ ဆုံးမစကားကို လူတိုင်း နားယဉ်ပြီးသား...ဘာသာတရား အဆုံးအမမှာလည်း မဇ္ဈိမပဋိပဒါ ( အလယ်အလတ်လမ်းစဉ် ) ကို လိုက်နာ ကျင့်သုံးကြရမယ်လို့ အတိအလင်း ပါပြီးသား...သီချင်းတွေထဲမှာလည်း တစ်ဖက်စွန်းရောက်ခြင်းရဲ့ ဆိုးပြစ်တွေကို ထည့်ရေးလေ့ရှိပါရဲ့...ဆရာလိတ်ရဲ့ သီချင်းထဲမှာ -
“ ဘယ်နေရာမဆို...တစ်ဖက်စွန်းရောက်ရင်...တစ်ယောက်တော့ နစ်နာရစမြဲ...” လို့ ရေးထားတာကိုပဲ ကြည့်...

သို့ပေမင့် ဦးဟန်ကြည်တို့ လူမျိုးက အသိခေါက်ခက် အ၀င်နက်တဲ့နေရာမှာ နိုးတူး...တစ်တိုင်းပြည်လုံးကလူတွေကို သတ္တုချကြည့်ပြီး ဆရာကျော်ဝင်းပြောတဲ့ စကားနဲ့ ပြောရရင်တော့ ထစ်ခနဲရှိရင် ချချင်နှက်ချင်တဲ့ “ ရွှေဘ ” နဲ့ ဘာပဲဖြစ်ဖြစ် သည်းခံလိုက်တာ ကောင်းပါတယ်ဆိုတဲ့ “ ဇေယျ ” တွေချည်း...( ရွှေဘနဲ့ ဇေယျဆိုတာကတော့ ရုပ်ရှင်ခေတ်ဦးတုန်းက မင်းသားကြီးတွေပေါ့လေ…ရွှေဘကတော့ မဟုတ်မခံ…နည်းနည်းလေး အစွန်းထွက်တာနဲ့ ဆော်လိုက်နှက်လိုက်တာချည်း...ရိုးရိုးကြီးဇေယျကတော့ မှားမှားမှန်မှန် သည်းခံပြီး ခေါင်းငုံ့နေတတ်တဲ့ ဇာတ်ရုပ်တွေချည်း သရုပ်ဆောင်လေ့ရှိတဲ့ မင်းသားကြီးပေါ့ဗျာ… ) အမှန်ကတော့ သည်နှစ်နည်းစလုံးက အစွန်းနှစ်ဘက်ကိုး...သည်တော့လည်း တစ်ယောက်မဟုတ် တစ်ယောက်မှာတော့ ဆိုးကျိုးတွေချည်း ဖြစ်ကုန်ပါလေရော...

ဦးဟန်ကြည် ပုဂံသွားတုန်းက ဆုံဖြစ်ခဲ့တဲ့ တူးရစ်အမျိုးသမီးတစ်ယောက်ရဲ့ အပြုအမူလေးကို သတိထားမိတော့မှ ကိုယ့်လူမျိုးတွေမှာ ကိုယ်ကအစ မတိုးတက်ရခြင်းရဲ့ အကြောင်းရင်းကို တိတိပပ သတိထားမိတော့တာကလား... ပုဂံမှာတုန်းက ဦးဟန်ကြည်တို့ တည်းတဲ့ ဟိုတယ်မှာ အနှီ အင်္ဂလိပ်တူးရစ်မကလေးနဲ့ အပေါင်းအဖော်တွေ တည်းကြတာဆိုတော့ မနက်တိုင်း ညတိုင်း ဆုံဖြစ်နေကြ...ကြာတော့လည်း အချင်းချင်း မျက်မှန်း တမ်းမိကြပေသပေါ့...

တစ်ညသားမှာ ဟိုတယ်အောက်ထပ်က ဧည့်ဆောင်မှာ ဦးဟန်ကြည်တို့ လေပန်းနကြတုန်း တူးရစ်မကလေးနဲ့ အပေါင်းအဖော်တွေ လည်ရာပတ်ရာက ပြန်လာကြပါလေရော...အနှီတူးရစ်မလေးက ဧည့်ကြိုကောင်တာမှာ ၀င်ပြီး ရေသန့်ဗူးဝယ်တာပေါ့လေ...သည်အချိန်အထိ ဦးဟန်ကြည်တို့လည်း သတိမထားမိသေးဘူးပေါ့...တူးရစ်မလေး စကားပြောသံကြားမှ ခေါင်းလှည့်ကြည့်မိပါလေရော...

ဖြစ်ပုံက သည်ဟိုတယ်မှာ ရေသန့်တစ်ဗူးကို ၄၀၀ နဲ့ ရောင်းတာကိုး...အပြင်က ဆိုင်တွေမှာက တစ်ဗူးကို ၃၀၀...ဇေယျဦးဟန်ကြည်တို့ကတော့ သြော်...၁၀၀ လေးများတာများ ပြောမနေတော့ပါဘူးဆိုတဲ့ စိတ်ကူးနဲ့ အေးဆေးပေါ့...သို့ပေမင့် သည်တူးရစ်ကလေးကတော့ သည်လိုမဟုတ်ဘဲကိုး...သည်ဟိုတယ်မှာ ရေသန့်တစ်ဗူးကို ၄၀၀ နဲ့ ရောင်းတဲ့အတွက် အပြင်ဆိုင်တွေထက် ၁၀၀ ပိုများနေတယ် ကျွန်မ၀ယ်တာ သုံးဗူးရှိသွားပြီဆိုတော့ ၃၀၀ ပိုသွားပြီ တဲ့...ဒါကြောင့် သည်ရေသန့်တစ်ဗူးကို ပိုက်ဆံမယူပါနဲ့ လို့ ကောင်တာက စာရေးကို အေးအေးဆေးဆေးကလေး ရှင်းပြနေတာကိုး...

အနှီလို ရှင်းပြနေတဲ့ တူးရစ်မလေးရဲ့ မျက်နှာမှာ ဒေါသလည်း မရှိသလို မခံချိမခံသာဖြစ်နေတဲ့ အမူအယာလည်း မရှိပေါင်ဗျာ...သူရသင့် ရထိုက်တာကို အေးအေးဆေးဆေးနဲ့ ယုံကြည်မှုရှိရှိ ရှင်းပြနေတာပါပဲ...ကောင်တာစာရေးကလည်း ခပ်ပြုံးပြုံးနဲ့ ရေသန့်တစ်ဗူးအတွက် ပိုက်ဆံမယူပဲ ထားလိုက်ရတော့တာကိုး...သည်ကလေးမ တော်လိုက်တာ ပါးနပ်လိုက်တာ လို့ ဦးဟန်ကြည်ရဲ့ စိတ်ထဲကနေ အကြိမ်ကြိမ် ချီးကျူးလိုက်မိပါရဲ့...

ဦးဟန်ကြည်တို့ ရွှေပြည်သားတွေကတော့ အနှီလို ဘယ်ဟုတ်လိမ့်တုန်း...ဇေယျဦးဟန်ကြည်တို့ကတော့ တစ်ရာတည်းနဲ့ ပြောမနေတော့ပါဘူးဆိုပြီး ညစ်တဲ့လူ ရောင့်တက်လာအောင် အားပေးအားမြှောက်လုပ်ကြပါသဗျား...ရွှေဘစိတ်သမားများကတော့ စာမရီမျိုးဟေ့ အမွေးတစ်ပင် အကျွတ်မခံဘူး...နင်တို့က ဘာကောင်တွေမို့ အမြတ်ကြီးစားရသလဲ လူပါးဝလှချေလား ဘာလား ညာလားနဲ့ သတ်ပွဲကြီးဖြစ်ကြမှာ သေချာပါရဲ့...ပါသွားတဲ့ ငွေတစ်ရာကတော့ ပြန်ရမရ မသေချာဘူးပေါ့...ဟောကြည့် သူများလူမျိုးများကျတော့ ဘယ်လောက် ပါးနပ်လိုက်သလဲ...ပြဿနာလည်း မဖြစ် အပြုံးလည်းမပျက် လိုချင်တာလည်းရ...သြော် ငါတို့လူမျိုးတွေ မဇ္ဈိမလို့ တွင်တွင်ကြီး အော်နေပေမယ့် အလယ်အလတ်လမ်းစဉ်နဲ့ အောင်မြင်မှုယူနိုင်ကြတဲ့အထဲမှာ ငါတို့တွေ မပါခဲ့ပါလားလို့ တွေးမိပြီး ရှက်လိုက်လေခြင်းဗျာ...

တကယ်ဆိုရင် မြန်မာငွေ ၁၀၀ ကျပ်ဆိုတာ သူရို့ အင်္ဂလိပ်ငွေ ပေါင် နဲ့တွက်လိုက်ရင် ဘယ်နှစ်ပြားမှ မတန်တဲ့ ငွေပမာဏကလေး...ဦးဟန်ကြည် သတိထားမိသလောက် သည်အင်္ဂလိပ်မကလေးကလည်း ကပ်စေးမဟုတ်ပေါင်ဗျာ...လမ်းမှာတွေ့တဲ့ ကလေးတွေကို ၅၀၀ တစ်မျိုး ၁၀၀၀ တစ်မျိုး ထုတ်ပေးနေတာ တွေ့ဖူးပါရဲ့...သည်ငွေကလေး ၁၀၀ ကို ရအောင်ယူသွားတာက ငွေကြေးတန်ဖိုးထက် သူရသင့်ရထိုက်တဲ့ အခွင့်အရေးကို ကာကွယ်သွားတာပဲလို့ သဘောပေါက်လိုက်မိတဲ့ ဦးဟန်ကြည်မှာ ကိုယ့်လုပ်ရပ်တွေကို ပြန်စဉ်းစားကြည့်မိရင်း ခေါင်းတောင် မဖော်ဝံ့တဲ့အထိ...လွန်ခဲ့တဲ့ လေးနှစ်ကျော်လောက်ကတည်းက ရင်ထဲမှာ စွဲနေတဲ့ သည်ဖြစ်ရပ်ကလေးက ဦးဟန်ကြည်ကို ပညာတွေ အများကြီး သင်ပေးခဲ့တာကိုး...

လောကကြီးမှာ ဘယ်ပြဿနာကိုပဲဖြေရှင်းဖြေရှင်း သူရောကိုယ်ပါ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့် နည်းလမ်းတွေ အများကြီးရှိသေးတယ်ဆိုတာကို ဦးဟန်ကြည်တို့ သတိမူမိဖို့ ကောင်းလှပါပြီ...မဇ္ဈိမဆိုတာကြီးကို အပြောမဟုတ် အလုပ်နဲ့ သက်သေပြဖို့ သင့်လှပါပြီ ကိုယ့်ဆရာတို့ရေ...။ ။

( ဟန်ကြည် )
၁၈.၂.၂၀၁၄ ( အင်္ဂါနေ့ )

6 comments:

Anonymous said...

မှန်၏။
အိုင်အိုရာ

Aunty Tint said...

အဲ့ဒါတွေကြောင့် ဆရာဟန့်ပို့စ်တွေကို သဘောကျတာပေါ့.. သိတ်မှန်တဲ့ အမှန်တရားတွေ ရေးတတ်လွန်းလို့ ... :P
ဒီကနေ့ကစပြီး 'မဇ္ဈိမပဋိပဒါ'ကို အတတ်နိုင်ဆုံး ကျင့်သုံးတော့မယ်... (အဲ့လို တွေးပေါင်းလဲ များပြီ) တီတင့်က ဇေယျလို 'ထားလိုက်ပါတော့' အထဲမှာပါနေလို့ ဟာဟ...

မေတ္တာဖြင့်
တီတင့်

ko 9 said...

အားနာတာလေ...အားနာတာပေါ့ဗျာ (အမှန်တော့..မပြော၇ဲတာ.ကြောက်တာ ပေါ့)

Anonymous said...

Saya
Like your post cos every post can imply practical implication for life and express the reality.

Thank you !
Best Regards
Esther

သူကြီးမင်း said...

တခါတလေရွှေဘ တခါတလေဇေယျ တခါတလေမဇ္ဈိမနဲ့ လူ့လောကကြီးက သာယာလှပနေဆဲပါဘဲ ဆရာဟန်။ ကိုယ်က ဇေယျဆိုရင် တဘက်လူက ရွှေဘလုပ်တတ်ကြတာလဲ လူ့သဘာဝမဟုတ်လား။ ဒီတော့ တခါတလေမှာ ရောသမမွှေလိုက်တာဘဲ ခပ်ကောင်းကောင်းရယ်။း)

ဘုန်းဘုန်းတောက် said...

မှတ်သားစရာနော်

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger