Wednesday, 30 April 2014

“ တစ်ကျောင်း တစ်ဂါထာ . . . ”


နေကလည်း ပူလိုက်တာ ကျက်ကျက်ကိုလန်လို့...အလုပ်ကိစ္စကလေးတစ်ခုရှိလို့ သင်တန်းနားတဲ့အချိန်လေးမှာ ခဏလေးအပြင်ထွက်လိုက်မိတာ မျက်လုံးတွေပြာ ခေါင်းတွေကလည်းမူး...

မျက်လုံးပြာတာကတော့ နေပူပြင်းလို့ထင်ပါရဲ့...ခေါင်းမူးတာကတော့ သည်ရက်ပတ်က စာမေးပွဲရက်ပတ်ဆိုတော့ အတွင်းပူက ဦးဏှောက်ကို တက်ဆောင့်ဟန်တူပါရဲ့...ခရမ်းပဲလွန်သလား လိမ္မော်ပဲများလေသလားတော့လည်း မပြောတတ်ဘူး...လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေဆိုတော့လည်း ငါ့ဝမ်းပူဆာ မနေသာ သွားစရာရှိသွား လာစရာရှိလာနေရတော့တာကိုက လူ့ဒုက္ခ...

နေပူပူနဲ့ အပြင်သွားလို့ ခေါင်းနောက်ပေမင့် ပေါက်ကရဟူသမျှ မှတ်မိနေကျ ဦးဏှောက်ကတော့ မြင်သမျှကြားသမျှကို အတင်းလိုက်မှတ်နေပြန်တာမို့ ဒူးရင်းသီးလည်ရောင်းတဲ့ ခေါင်းရွက်ဈေးသည်တစ်ယောက် ပါးစပ်က “ ၀ယ်ကြဦးမလား...သည်ဘက်က ဒ၀င်းသီး ” လို့ အော်ရောင်းနေတာကို ကြားဖြစ်အောင် ကြားခဲ့သေး...

ဒေသတစ်ခု ပြောင်းတာနဲ့ အခေါ်အဝေါ်တွေ ပြောင်းလေ့ရှိတာက ထုံးစံဆိုပေမင့် သည်ဘက်နယ်က အခေါ်အဝေါ်တွေကျတော့လည်း ပြောင်းချက် ဆန်းချက်က ကမ်းကုန်...ဒူးရင်းသီးဆိုရင် “ ဒ၀င်းသီး ”၊ ပြတင်းပေါက်ကို “ ဂတွင်းပေါက် ”၊ သတို့သားကို “ ဂဒို့သား ” လို့ အသံထွက်လေတော့ အညာသားဦးဟန်ကြည်ခမျာ မျက်စိတွေလည် နားတွေရှုပ်...ဟုတ်လည်းဟုတ်တဲ့ အခေါ်အဝေါ်တွေ...

တစ်ခါသားမှာ တပည့်တစ်ယောက်က “ ဆရာ...ဂတွင်းပေါက်မှာ ပေါက်ဆိန်ဂျိုကြီးသေနေတာ ပလွက်ဆိတ်တွေ စားနေတယ် ” လို့ သတင်းပေးတော့ ဦးဟန်ကြည်ခမျာမှာ ဘာများပြောတာပါလိမ့်လို့ ခေါင်းကုတ်ယူရဖူးပါရဲ့...သည်ကလေးတွေက “ ပုရွက်ဆိတ် ” ကို ပလွက်ဆိတ်လို့ အသံထွက်တာကိုး...ပုတ်သင်ညိုကိုလည်း ပေါက်ဆိန်ဂျိုဆိုမှတော့ မျက်စိမလည်ဘဲနေရိုးလား...သည်ကြားထဲမှာ မြေတူးစက် bulldoozer ကိုလည်း “ ဘစ်လစ်ဂျာ ” လို့ အသံထွက်ပစ်လိုက်သေးတာရယ်...အညာသားကသာ မျက်စိလည်တာကလား...သူရို့အချင်းချင်းကျတော့ ဟုတ်လို့...

ဒါတင်ဘယ်ကလိမ့်တုန်း...တစ်ခါသားတုန်းက အဘွားကြီးတစ်ယောက် ရောက်လာပြီး “ ဆရာ...ကိုယ်အေးဆေး ရှိလား ” လို့လာမေးလိုက်တော့ ဦးဟန်ကြည်ခမျာ ဘာဆေးပေးလို့ပေးရမှန်းမသိ... “ ဒါဆိုရင်လည်း နှစ်ထပ်ဆေးသာပေးတော့ ” ဆိုတော့ ပိုဆိုးရော...နှစ်ထပ်ဆေးဆိုတာ အလွှာနှစ်ခုပါတဲ့ဆေးပဲလို့ အနက်ပြန်ပြီး နှစ်လွှာပါတဲ့ဆေးကို ကောက်ပေးလိုက်တော့လည်း မဟုတ်ဘူးဆိုပဲ...“ နှစ်ထပ်ဆေးမရှိရင်လည်း ခါးထောက်ဆေး ပဲ ပေးပါတော့ဆရာရယ် ” ဆိုပြန်တော့ ပက်လက်ကိုလန်ရော...တစ်သက်နဲ့တစ်ကိုယ် ခါးထောက်ဆေးဆိုတာ ကြားမှ မကြားခဲ့ဖူးဘဲကိုး...သူမေးတဲ့ဆေးတွေကို ဦးဟန်ကြည် နားမလည်တာကို ဘ၀င်မကျဖြစ်သွားတဲ့ ဘွားတော်က ဆရာကလည်း ဒါလေးတောင် မသိဘူးလားလို့ အငေါ်တူးသွားတော့ စိတ်ဆိုးရအခက် ရယ်လို့လည်းမရ...

ဒါတင်ဘယ်ကလိမ့်တုန်း...ဦးဟန်ကြည်တို့က အလှဆီလို့ ခေါ်တဲ့ Glycerine ကို သည်ဘက်နယ်ကလူတွေက “ အသားပတ်ဆီ ” လို့ ခေါ်ပြန်ရော...ချောင်းဆိုးပျောက်ဆေးကိုလည်း “ ချောင်းဆိုးဆေး ” လို့ ခေါ်ပြန်ရော...ချောင်းဆိုးဆေးက ပြဿနာသိပ်မရှိပေမင့် “ ၀မ်းလျှောဆေး ” ဆိုရင် ခွကျပြီ...ကိုယ့်အခေါ်အရဆိုရင် ၀မ်းလျှောဆေးဆိုတာ ၀မ်းလျှောအောင်လုပ်တဲ့ ၀မ်းနှုတ်ဆေးကို ခေါ်တာကိုး...သူရို့ခေါ်တဲ့ ၀မ်းလျှောဆေးက ၀မ်းလျှောရင်သောက်ရတဲ့ ၀မ်းပိတ်ဆေး...အနှီလိုအခါမျိုးမှာ ကိုယ်ပါ လူသတ်မှုမဖြစ်အောင် “ လျှောချင်တာလား...ပိတ်ချင်တာလား ” လို့ မမေးမဖြစ် မေးရပြီသာမှတ်...အောင်မယ် အနှီလို မေးပြန်တော့လည်း သည်ဆရာ ညံ့ရန်ကောဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်ကြသေးတာရယ်...

အဆိုးတကာ့ထိပ်ခေါင်ကတော့ “ စလုံး ” နဲ့ “ ရကောက် ” အသံမကွဲတဲ့ ပြဿနာ...သူရို့တွေစကားပြောရင် ရှိပါတယ်လို့မှ အသံမထွက်ဘဲကိုးဗျ...roll call ထူးပြီဆိုရင် “ စိပါတယ်စင့် ” လို့ထူးကြတာကို ပထမဆုံးကြားဖူးတော့ ရယ်ရအခက် ငိုရအခက်...ဒါက ဘာဟုတ်သေးတုန်း... “ ဆရာ ရှောက်ရွက်စားမလား ” လို့များမေးလိုက်ရင် ဦးဟန်ကြည်ခမျာ မျက်လုံးပါပြူးရှာပါလေရော...ဘယ့်နှယ်ဗျာ...ရှောက်ရွက်ကို “ စလုံး ” သံနဲ့ အသံထွက်လိုက်တော့ မဖွယ်မရာကြီး ဖြစ်နေတာကိုးဗျ...

အခေါ်အဝေါ်တင် ကွဲတယ်မထင်လေနဲ့...အသုံးအနှုန်းကလည်း မတူရေးချမတူ...ကျောင်းသူလေးတစ်ယောက် ပတ်ထားတဲ့နာရီကို သဘောကျလို့ မေးကြည့်မိတော့ “ ကောက်တွေ့တဲ့နာရီ ” လို့ ပြန်ဖြေသဗျား...ဦးဟန်ကြည်တို့က ကောက်ရတာလို့ ပြောတာကို သူရို့ကျမှ ကောက်တွေ့တယ်ဖြစ်ရော...“ သမီးနာရီကို သူငယ်ချင်းက တောင်းဝယ်နေတာ... ” လို့ဆက်ပြောမှ မျက်စိပိုလည်ရော...ဘယ့်နှယ်ဗျာ...တောင်းချင်လည်းတောင်း ၀ယ်ချင်လည်းဝယ်ပေါ့...သူ့ဟာက တောင်းဝယ်တယ်ဆိုတော့ နားလည်ခက်ပါဘိ...ရှိသေးတယ်... ကလေးအချင်းချင်း စိတ်ဆိုးရန်ဖြစ်ကြရင် ခံရတဲ့ကလေးက “ နင့်ကို ငါ့အမေနဲ့ ပြောတိုင်မယ် ” လို့ ငိုတတ်သေးတာရယ်...“ ကျေးဇူးတင်ပါတယ် ” ကိုလည်း “ ကျေးဇုတင်ပါတယ် ” လို့ တစ်ချောင်းငင်ဖြုတ်ပြီး အသံထွက်တာ သည်ဘက်ဒေသ...Cartoon ကာတွန်းကိုလည်း “ ကာတွန့် ” လို့ လုပ်ထည့်လိုက်တာမျိုးတွေ... Diary ဒိုင်ယာရီကိုတော့ “ ဒန္တာရီ ” လို့ အသံထွက်သဗျား...တီဗီတွေ အောက်စက်တွေမှာသုံးတဲ့ Remote control ရီမုဒ် ဆိုတာကို “ လမု ” လို့ ဖတ်လိုက်တာများ ဟန်ကိုကျလို့...ကျောင်းကထုတ်ပေးတဲ့ အရည်အချင်းစစ်မှတ်တမ်း Report card ရီပိုဒ့်ကဒ်ကို “ လပို့ကတ် ” လို့ ဖတ်ကျင့်ရှိတာက ဆရာရော တပည့်ပါ အသံတူ...

ဘာကိုပဲပြောပြော “ ပေး ” တစ်လုံးထည့်ပြီး ပြောတဲ့ဓလေ့ကတော့ ရန်ကုန်တို့ မြန်မာပြည်အောက်ပိုင်းတို့ကနေ ဆင်းသက်လာတယ်ထင်ပါရဲ့... “ ငါ့ကို ပေးကြည့်ပါဦး ” “ ကလေးကို ပေးမငိုစေနဲ့ ” “ ဆရာ့ကို ပေးစိတ်ဆင်းရဲနေတယ် ” ဆိုတာမျိုးတွေကို ကြားကာစကဆိုရင် မြန်မာစကားကို ဖျက်ဆီးရပါ့မလားဆိုတဲ့ စိတ်ကူးနဲ့ ဦးဟန်ကြည်မှာ ဒေါတွေကို ဖောင်းလို့...သည့်ထက်ဆိုးတာက မြန်မာစကားကို ပြောင်းပြန်ပြောတဲ့ သူရို့ထုံးစံ...“ ဆရာ...သည်ပုစ္ဆာ သမီး တွက်မတတ်ဘူး ” “ သည်မေးခွန်းကို သား ဖတ်မတတ်ဘူး ” လို့ပြောလေ့ရှိတာက သူရို့အကျင့်...တစ်ခါသားမှာလည်း တပည့်တစ်ယောက်ကို သင်္ချာအတွက်ခိုင်းလိုက်မိပါရဲ့…ဆယ်မိနစ်လောက်ကြာအောင် ဖင်ကုတ်ခေါင်းကုတ်နဲ့လည်း ကြိုးစားပြီးရော သကောင့်သားက “ သည်ပုစ္ဆာကြီးကို တွက်လို့ မထိဘူးဆရာ… ” လို့ ဆင်ခြေပြန်တက်လိုက်တော့ ဦးဟန်ကြည်ခမျာ ဘယ်လိုသဘောပေါက်ရမှန်းမသိဘဲ ဖြစ်ပါလေရော…အကြောင်းအရာတစ်ခုခုကို သူများနားလည်အောင် မပြောတတ်ရင်လည်း “ ပြောလို့ မထိဘူး ” လို့ စောဒကတက်တာ ထုံးစံ…ခပ်ရွတ်ရွတ် ဦးဟန်ကြည်ကတော့ “ အေး…ပြောလို့မထိရင် ရှေ့တိုးပြော… ” လို့ နောက်မိပါလေရောလား…

မြန်မာစာ မြန်မာစကားကို ကျကျနန တတ်စေချင်တဲ့ ဦးဟန်ကြည်ခမျာ သင်းကလေးတွေရဲ့ ပြောင်းပြန်ဝေါဟာရတွေကို အတည့်ဖြစ်အောင် ပြန်ပြင်နေရတာကိုက နိစ္စဓူဝအလုပ်တစ်ခု...တိုင်းရင်းသားကို မြန်မာစကားသင်ရတာ စိတ်ရှည်နိုင်ပေမင့် မြန်မာလူမျိုးတွေကို မြန်မာစကားပြန်သင်ရတာက အတော်လက်ပေါက်ကပ်တဲ့ အလုပ်...သူရို့ ဒေသိယစကားလေးတွေက နားထောင်ရတာ ချစ်စရာကောင်းတာမှန်ပေမင့် သကောင့်သားလေးတွေက စာရေးတဲ့အခါကျတော့လည်း အသံထွက်အတိုင်းရေးကြလေတော့ အမှတ်ပေးစည်းမျဉ်းနဲ့က ဘယ်ကိုက်လိမ့်တုန်း…အနှီတော့လည်း အရေးပြင်ရ အပြောသင်ရနဲ့ ဆရာလုပ်တဲ့ ဦးဟန်ကြည်ခမျာ ဖတ်ဖတ်ကိုမော…

ဦးဟန်ကြည်တို့ white board မှာ စာရေးတဲ့အခါ သုံးတဲ့ marker ကိုခေါ်တာက ပိုတောင်ဆန်းသေး...တစ်ခါသားမှာ ဦးဟန်ကြည် စာသင်နေတုန်း ကျောင်းသားမိဘတစ်ယောက် ရောက်လာပြီး “ ဆရာသုံးတာ ရှော့ပင်လား...မာလကာလား... ” လို့ စပ်စုတော့ ဘာမေးမှန်း သဘောမပေါက်တဲ့ ဦးဟန်ကြည်ခမျာ မျက်လုံးလေး ကလယ်ကလယ်နဲ့... soft pen ကို ရှော့ပင်၊ marker ကို မာလလာကို အသံထွက်တာများ ဘိလပ်သားတွေကြားရင် လုပ်ရက်ပါပေ့လို့ သြချယူကြမယ်ထင်ပါရဲ့...ဒါတင်ဘယ်ဟုတ်လိမ့်တုန်း... double ကို “ ဒဘလယ် ” လို့အသံထွက်သေးတာ...ကြမ်းခင်းပျဉ်ပျားတွေမှာ “ လျှာထိုး ” ဖြစ်အောင် ဘေးတစ်ဖက်တစ်ချက်စီမှာ တစ်ခြမ်းစီ ရွေပေါ်ထိုးပြီးခင်းတဲ့ နဘေထပ်ကို “ နှစ်ပေထပ် ” လို့ လုပ်ထားပါလေရော...

သင်တန်းအတွက် စာသင်ခုံတွေလုပ်ဖို့ လက်သမားအဘိုးကြီးတစ်ယောက်နဲ့ ဦးဟန်ကြည် လက်သမားလုပ်နေကြတုန်းကလည်း လက်သမားက “
ဆရာ့မှာ ရှော့ပင်ရှိလား ” လို့မေးလိုက်တော့ short pant ဘောင်းဘီတိုကို မေးတယ်လို့ ထင်နေတဲ့ ဦးဟန်ကြည်က “ ရှော့ပင်တော့ မ၀တ်တတ်ဘူး အားကစားဘောင်းဘီတိုတော့ရှိတယ်...ယူမလား ” လို့ ပြန်ဖြေလိုက်မိပါလေရော...း)

သူရို့ဒေသမှာ ဘယ်လောက်ပဲ အနေကြာပေမင့် “ အညာသားဟေ့ ” ဆိုတဲ့ ဇာတိပုည ဂုဏ်မာနကြီး တစ်ခွဲသားနဲ့ ဦးဟန်ကြည်ကတော့ ကိုယ့်အညာလေ ကိုယ့်အညာအသုံးအနှုန်းကို သည်နေ့အထိ အမြတ်တနိုး ထိန်းသိမ်းဖို့ ကြိုးစားတုန်း...မဒမ်ကြည်ရဲ့ပါးစပ်က သည်ဘက်နယ်သုံး အသုံးအနှုန်းတွေ တစ်လုံးတစ်လေ ထွက်လာရင်တောင် အပြင်ခိုင်းတုန်း...အနှီလို ဂရုစိုက်လို့ထင်ပါရဲ့...ပြည်နယ်ကို စရောက်ကတည်းက တော်ခဲ့တဲ့ တပည့်တွေက သူရို့ဆရာကို “ ဆရာက သည်နေ့အထိ အညာသံမပျောက်သေးဘူး...၀ဲတုန်းပဲ ” လို့ သြဘာပေးကြပါရဲ့...

ကိုယ့်ကိုယ်ကို မြန်မာသံမပျောက် အညာလေ မတိမ်ကောသေးဘူးလို့ ထင်တစ်လုံးနဲ့ ရွှင်ပြုံးနေခဲ့တဲ့ ဦးဟန်ကြည် သည်တစ်နွေ အညာပြန်ရောက်တော့ ချစ်လှစွာသော ညီမတော်က “ အစ်ကို စကားပြောတာ ၀ဲလိုက်တာ...မနည်း နားထောင်ယူရတယ် ” လို့ မှတ်ချက်ပေးလိုက်မှ ပက်လက်လန်ပါလေရောလား...း)။ ။

( ဟန်ကြည် )
၁၅.၃.၂၀၁၄ ( စနေနေ့ )

13 comments:

မီးမီးငယ် said...

ဆြာကြီးကျုပ်ကိုများစောင်းရေးတာလားလို့...
ဟွန့်..ကိုယ့်နံမည်အရင်းကိုတောင်အသံထွက်မှန်အောင်မပြောလို့တဲ့..
"သ" ကို "တ"လို့ဘဲအသံထွက်လို့တဲ့ဗျား..
အတူတူဘဲလေ..ကိုယ့်တို့နားထဲမှာတော့..တူတာပါဘဲ..
နောက်ထပ်ဘာတွေရှိသေးလဲ
ထပ်ပြောအုံး..နော့်း)))

မြန်မာမုဒိတာလူငယ်များ said...

ဖြစ်ရလေ ဆရာဟန်ရယ်။ ဆရာဟန်သင်ပေးတာကို သူတို့မတတ်ဘဲ သူတို့ (မသိလိုက်မသိဖာသာ) သင်ပေးခဲ့တာကို ဆရာဟန်တတ်ခဲ့ပုံ ပေါ်တယ်။ ဒါကြောင့် အညာက နှမက ပြောတာ ဆရာဟန် စကားဝဲလာတယ်လို့။ အင်းးးး ဒါပေမဲ့ ဟို တိုင်းရင်းသားဘက်ကလဲ ပြောတာလဲ စဉ်းစားစာရာဘဲ။ ဘာတဲ့။ ဆရာဟန် အညာသံ မပျောက်သေးဘူးဆိုလား ဘဲ။ ဟဲ ဟဲ ဟဲ။ သူကြီးမင်းလို ဖြစ်နေဦးမယ်။ ဘိလပ်စကားလဲ ကောင်းကောင်း မကျွမ်းကျင် ခေတ်ပေါ် မြန်မာစကားလဲ မရ။ အာကလိ အောက်၊ အောက်ကလိ အာ။ ဟား ဟား ဟား။ ရေးထားတာ သဘောကျပါ့ဗျားးးးးး

မြန်မာမုဒိတာလူငယ်များ said...

မုဒိတာ အကောင့် ၀င်ထားမိတာကိုး။ ဟို ကပ္ဗိယဂျီး ဗီဒီယိုဖိုင် တင်ခိုင်းတားတာ လုပ်နေရင်း ၀င်မန့်မိလိုက်တာ။ အပေါ်က ကွန်မင့်က တုံးဖလား သူကြီးမင်းရဲ့ ကွန်မင့် စစ်စစ် ဖြစ်ပါကြောင်းပါ ဆရာဟန်။

တုံးဖလားသူကြီးမင်း။

ညီလင်းသစ် said...

တကယ့်ကို အဆန်းတွေပါ့လား ဆရာဟန်ရေ့...၊ ဝမ်းပိတ်ဖို့ သောက်မယ့်ဆေးကို "ဝမ်းလျှောဆေး" လို့ ခေါ်ကြရင် ဝမ်းနှုတ်ဖို့အတွက် သောက်မယ့်ဆေး ကျတော့ ဘယ်လိုများ ခေါ်ကြမှာပါ့လိမ့်...၊း) အားလုံးထဲမှာပေါက်ဆိန်ဂျိုကြီးကတော့ အတော့်ကို ဆိုးပါတယ်ဗျာ..၊ ဖွင့်သာမပြောရင် ဘယ်လိုမှကို ခန့်မှန်းနိုင်မှာ မဟုတ်တဲ့ အာဂဒေသိယ....။းD

ညီလင်းသစ် said...
This comment has been removed by the author.
နွေလ said...

သားတို့ နေပြည်တော်အဝန်းတစ်ဝိုက်မှာဆို
ရကောက်နဲ့ ခခွေး လုံးဝ မပီဘူးရယ်
ချစ်တယ် ဆို ရှစ်တယ်
မျှစ်ချဉ် ဆို မျှစ်ရှင်
အချဉ်ဟင်း ဆို အရှင်ဟင်း
အဲ့လို အသံထွက်ကြတာ
ရန်ကုန်လည်း ရောက်ရော အနောက်ခံလိုက်တာ
အရှက်တွေမှ ဗြန်းဗြန်းကို ကွဲရော ဆရာရေ

ko 9 said...

တခါသား မုံရွာ အထက်ဖက် ကနီေ၇ာက်တော့ " ငါ့ မအေ..မအားချက် သွားနှုတ်ဖို့ ညှိးထားတာ ကြာ ပ အေ' ဆိုတာလေ သတိ၇မိတယ် ဆ၇ာေ၇

စံပယ်ချို said...

ဟုတ်တယ်ဆရာရေ------ဂျက်ကိုယ်တိုင်လဲ ချောင်းဆိုးဆေး ခေါင်းကိုက်ဆေးပဲပြောတာနဲ့ အကျင့်ဖြစ်နေပြီ----

Ma Tint said...

ဒီညဆရာဟန်ပို့စ်ကို တဂျီးမင်းပို့စ်အပြီးမှာ ဆက်ဖတ်ဖြစ်တယ်.. ဒီတစ်ခေါက်ဖတ်ရတာ အရင်ခေါက်တွေထက် ဖတ်လို့ပိုကောင်းနေတယ်... ဆရာဟန်ရဲ့ ပြောဟန်ဆိုဟန်တွေနဲ့ လှုပ်ရှားဟန်တွေဟာ ပို့စ်ထဲကစာသားတွေနဲ့ တစ်ထပ်ထဲကျလို့လေ :P..
စကားဆန်းတွေ ကောက်နှုတ်သွားတယ် ပြီးရင် တုံးဆယ့်တုံးလမ်းမှာ တားကြီးနဲ့ ချိန်းထားလို့ တွားရအုံးမယ် ... :P .. :D

မေတ္တာဖြင့်
တီတင့်

blackroze said...

ဟုတ်တယ်ဆရာရဲ့
နယ်ဘက်ကလူတွေက သူ့ဒေသနဲ့သူ
အခေါ်အဝေါ်တွေသုံးတာမတူကြဘူး..
ပစ်တို့ဆို လူတယောက်ကို သတိရတယ်လို့ ပြောကြပေမဲ့
အင်းလေးဘက်မှာကြတော့
လူတယောက်ကိုသတိရတယ် ပြောချင်တာကို
မျက်စိရှာတော့မှာဘဲလို့ ပြောတာ...

ဘုန်းနှစ်တောက် said...

ရယ်ရတယ် ရယ်ရတယ် တအားပဲ Facebook မှာ ရှယ်လိုက်ဦးမယ်နော် ဟိ

ချစ်သူမောင် said...

ရေးတာပေါ့ဗျာရေးချင်သာတာရေးခဲ့ဆိုတော့
ကျွန်တော်တို့တတွေ ဘလော့ မှာပျောက်ဖွကွင်းရောက်နေကြတာပြန်လာသင့်တယ်မထင်ဘူးလားဆြာဟန်

ခင်မင်စွာဖြင့်

Anonymous said...

တောင်ငူဖက်ကသူငယ်ချင်းမလေးလည်း
စ နဲ့ ရ လွဲပြောလို့ အမြဲသူ့ ကိုစကြတယ်။
သူ့ အရပ်နဲ့ သူပေါ့နော်။
အိုင်အိုရာ

ကြိုက်ရင်ပေါ့လေ . . .