Friday, 28 February 2014

“ ထားဘို . . . ”



ထားဘိုဆိုတာ ဦးဟန်ကြည်တို့ ဘေးအိမ်ကမွေးထားတဲ့ ခွေးနာမည်။ ခွေးက တယ်ရီယာလည်းမဟုတ်၊ ချီဝါးဝါးလည်းမဟုတ်၊ အယ်လ်ဇေးရှင်းလည်းမဟုတ်တဲ့ သာမန် အယ်လ်ချေးစား ခွေးမျိုး။ နာမည်က ဆန်းလှချေလားလို့လည်း မတွေးနဲ့ဦး။ ခွေးတို့ကြောင်တို့ အင်မတန်ချစ်တဲ့ ပိုင်ရှင်ကရင်မောင်နှံက သူရို့ခွေးကို ချစ်စနိုးနဲ့ မြန်မာလို “ သား ” လို့ အဓိပ္ပာယ်ရတဲ့ “ ထားဘို ” လို့ ပေးထားတာကြောင့် အနှီနာမည်တွင်နေတာရယ်။ ခက်တာက ကရင်စကားနဲ့ ရင်းနှီးတဲ့လူတွေပဲ အနှီအကောင်ကို “ ထားဘို ” လို့ ပီပီသသခေါ်ပေမင့် ကရင်စကားနဲ့ နားဝေးတဲ့ ဗမာကတော့ “ ကျားဘို ” လို့ နားထဲမှာ ကြားတဲ့အတိုင်း ခေါ်ထည့်လိုက်ကြလေတော့လည်း တစ်ကောင်တည်းနဲ့ နှစ်နာမည် အပိုင်စား ရပါလေရော။ ဦးဟန်ကြည်ကလည်း ခွေးချစ်တတ်တဲ့လူဆိုတော့ “ ကျားဘို ” အမည်ခံ “ထားဘို ” လည်း ဦးဟန်ကြည်တို့ အိမ်သားတစ်ပိုင်း ကရင်မောင်နှံရဲ့ အိမ်သားတစ်ပိုင်းပေါ့လေ။ သန်းခေါင်စာရင်းကောက်ရင်တော့ ကရင်မိသားစုရဲ့ စာရင်းထဲ ပေါင်းထည့်ရမယ်ထင်ပါရဲ့။ သူရို့မွေးထားတာကိုး။

ပြောရရင်တော့ မောင်ထားဘိုရဲ့ ကံဇာတာကလည်း အဆန်းသား။ ဦးဟန်ကြည်တို့ ပတ်ဝန်းကျင်ဆိုတာကလည်း လမ်းဘေးခွေး ဘာများသလဲမမေးနဲ့။ သူရို့ရာသီရောက်ပဟဲ့ဆိုရင် တစ်လမ်းလုံး သူရို့တွေချည်း။ ဦးဟန်ကြည်တို့ကလည်း နှစ်ယောက်တည်းနေတဲ့ အိမ်ထောင်ဖြစ်ပြန်တော့ ပိုသမျှလျှံသမျှ ထမင်းကျန်ဟင်းကျန်တွေ ချကျွေးနေဖြစ်တာမို့ သင်းတို့တွေ ပျော်ပျော်ကြီး စံမြန်းကြလေသတည်းပေါ့လေ။ လမ်းခွေးဆိုတာမျိုးကလည်း တွေ့ကရာလျှောက်သွား ကျွေးတာစားပြီး ကြုံသလိုနေတဲ့အမျိုးဆိုတော့လည်း အိုးပိုင်အိမ်ပိုင်မရှိ ပိုင်ရှင်မရှိရှာကြဘူးပေါ့။ သို့ပေမင့် ခွေးမများကျတော့ အနှီလို ဘယ်ဟုတ်လိမ့်တုန်း။ သူရို့ရာသီရောက်လို့ မြူးကြပလူးကြပြီး မွေးဖို့ဖွားဖို့ ဖြစ်လာပြီဆိုတာနဲ့ အဆင်ပြေမယ့် တစ်ချောင်ချောင်မှာ ၀င်ခိုကြရတာ ထုံးစံ။ အနှီတော့လည်း အိမ်ရှေ့က ရေနှုတ်မြောင်းခမျာ ရာသီရောက်တာနဲ့ ဟောင်ကောင်သားဖွားခန်းဖြစ်ပါလေရော။ ထားဘိုတို့အမေလည်း ထုံးစံမပျက် ရေနှုတ်မြောင်း သားဖွားရုံမှာ အားပါးတရ သားပေါက်ထည့်လိုက်တာမှ တစ်သားတည်းမှာတင် ခုနစ်ကောင်။ ဦးဟန်ကြည်တို့ နှစ်အိမ်လုံးကလည်း ခွေးချစ်ကြတာဆိုတော့ သူရို့အတွက် အစားအစာတော့ မရှားဘူးပေါ့လေ။

ခွေးသဘာဝကိုက သားပေါက်ကလေးတွေဆိုရင် အင်မတန် ချစ်စရာကောင်းတာကိုး။ အနှီတော့လည်း ဟိုလူက ကောက်ချီ သည်လူက ကောက်မြှူနဲ့ ပျော်ကြလေသတည်းပေါ့။ အနှီသားပေါက်တစ်အုပ်မှာ အနက်ချည်းက သုံးကောင်၊ အဖြူမွဲမွဲက သုံးကောင်၊ အဖြူအနက်ကြားကလေးက တစ်ကောင်။ တစ်မအေတည်းပေါက်ပေမင့် သူရို့အမေပဲ မရိုးသားလေသလား သင်းကပဲ ကံထူးလေသလားတော့ မပြောတတ်ဘူး။ အဖြူအနက်ကျားကလေးက ၀၀ကစ်ကစ် ချစ်စရာလေး ဖြစ်နေပါလေရော။ ကျန်တဲ့အကောင်လေးတွေကတော့ လမ်းခွေးထုံးစုံ စုတ်ချွန်းကလေးတွေချည်း။ အဲ…ခွေးဆိုတာမျိုးက အကြီးမြန်သကိုးဗျ။ ကြည့်နေရင်းကနေ တစ်ရက်ပြီး တစ်ရက်ကြီးလာလိုက်ကြတာ တစ်လကျော် နှစ်လလောက်လည်း ရောက်လာရော ဦးဟန်ကြည်တို့ အိမ်ရှေ့မှာ ဘုစုခရုလေးတွေတစ်ပြုံနဲ့ ခွေးတပ်ကြီးဖြစ်လာပါလေရော။ ညဘက်ညဘက်ကျရင် သင်းတို့ အူကြ ဟောင်ကြနဲ့ အိပ်ရေးပျက်ချက်ကတော့ ကမ်းကုန်။ နေ့လည်ဘက်ဆိုရင်လည်း ခွေးတို့ထုံးစံ ဟိုပြေး သည်ပြေးနဲ့ဆိုတော့ ကားတိုက်မှာကြောက်ရ ဆိုင်ကယ်တိုက်မှာ စိုးရိမ်ရနဲ့ ဦးဟန်ကြည်တို့မှာ တဟဲ့ဟဲ့နဲ့ မောင်းနေရပါလေရော။ ခက်တာက လမ်းကြိုလမ်းကြားမှာ မွေးတဲ့ လမ်းခွေးမဟုတ်ဘဲ အိမ်ရှေ့မှာမွေးတဲ့ လမ်းခွေးဖြစ်ပြန်တော့လည်း အနှီတစ်အုပ်က သည်နေရာကနေ ဘယ်မှမခွာဘဲ အပီအပြင် စတည်းချနေတော့တာကိုး။

အနှီ ခွေးတစ်အုပ်အတွက် ညဘက်အိပ်ရေးပျက်ရတဲ့ ဒုက္ခတွေ သင်းတို့ကို စိုးရိမ်ရတဲ့ သောကတွေ များလွန်းမက များလာတော့ ဦးဟန်ကြည်တို့နှစ်အိမ် ခေါင်းချင်းဆိုင်ရပါလေရော။ နောက်ဆုံးမှာ “ မကောင်း…ကျောင်းပို့ ” ဆိုတဲ့ ဗမာ့ထုံးစံကို ကရင်ရော ဗမာပါ အပြည့်အ၀ထောက်ခံပြီး အနှီတစ်သိုက်ကို ဘုန်းကြီးကျောင်း သွားပို့ဖို့ ဆုံးဖြတ်ချက် ချက်လိုက်ရပါရဲ့။ သင်းတို့ကို ကျောင်းပို့ဖို့ ရပ်ကွက်ထဲမှာ အ၀တ်လိုက်လျှော်တဲ့ ကလေးမလေးတစ်ယောက်ကို ငွေ တစ်သောင်းပေးပြီး ခိုင်းတော့ နည်းတယ်ဆိုပဲ။ သူဌေးဒေသများ ခက်ပါ့။ ကိုင်း တစ်သောင်းခွဲ ယူတော်မူပါလို့ တောင်းပန်မှပဲ သဘောတူတော်မူပါရဲ့။ အင်း…ဦးဟန်ကြည်တို့ အညာမှာဆိုရင် ပိုက်ဆံ ငါးရာလောက်ပေးလိုက်ရင်တောင် ပြီးတဲ့ကိစ္စ။ ဒေသ ကွာပေသကိုး။ ခွေးတစ်အုပ်ကို အနှီလို ပို့မယ်ဆိုပြန်တော့ ခွေးချစ်တဲ့ ဦးကရင်က တစ်စခန်းထပါသဗျား။ တစ်ကောင်လောက်တော့ ယူထားချင်တယ်လို့ လုပ်လာတာကိုး။ သူမွေးချင်တယ်ဆိုတော့လည်း ယူစေသတည်းပေါ့။ အနှီလိုနဲ့ ကျန်တဲ့သတ္တ၀ါတွေအကုန် ကျောင်းရောက်ကုန်ပြီးတော့ အဖြူအနက်ကျားကလေးတစ်ကောင် အိုးပိုင်အိမ်ပိုင် ဖြစ်လာပါလေရော။ သင်းကလေးက ပါရမီထူးပေသကိုး။ တစ်မိတည်းမွေးတဲ့ ကျန်တဲ့တစ်အုပ်ကတော့ ကျောင်းခွေးဖြစ်၊ သင်းကျတော့ အိမ်ခွေးဖြစ်သွားတာ ကံကြမ္မာများ ဆန်းလည်းဆန်းပါရဲ့။ အနှီလိုနဲ့ မောင်ကျန်ရစ်ကလေးလည်း ဦးကရင်ပေးတဲ့ “ထားဘို ”  ဗမာတွေခေါ်တဲ့ “ ကျားဘို ” အဖြစ်နဲ့ ဦးဟန်ကြည်တို့ မျက်စိအောက်မှာတင် ခွေးလားမြောက်လာပါလေရော။

ထားဘိုဆိုတဲ့ သတ္တ၀ါက ခွေးစံနဲ့ ချိန်ထိုးကြည့်ရင် ဘယ်နေရာမှကို စံမမီတဲ့ ငတိ။ ရုပ်ကလေး သနားကမားရှိပေမင့် အကြောက်ကတော့ ဘာသန်သလဲမမေးနဲ့။ ဦးဟန်ကြည်တို့ ဦးကရင်တို့က ကျွေးမွေးထားတာတောင် သူ့ကို ပွတ်ချင်သပ်ချင်လို့ ချီလိုက်ပွေ့လိုက်ရင် အမြီးကို ကုပ်နေအောင် သတ္တိကောင်းတာကလား။ သို့ပေမင့် မျက်နှာလုပ်တဲ့နေရာ ဖားတဲ့နေရာကျတော့ သင်းက ထိပ်တန်း။ ဘယ်အချိန်ကြည့်ကြည့် အမြီးလေး တနှန့်နှန့်နဲ့။ အဲ လှမ်းတော့ မခေါ်လေနဲ့။ လူနားကပ်ရမှာ သေမတတ်ကြောက်တဲ့ အကောင်။ ဘယ်လောက်ခေါ်ခေါ် ခပ်လှမ်းလှမ်းကနေ အမြီးနှန့်ပြနေပြီသာမှတ်။ ဟောင်ဖို့ဆိုတာများ ဝေလာဝေး။ တက်နင်းရင် အသံထွက်တတ်ပါ့မလားတောင် သံသယဖြစ်ယူရတဲ့အထိ။ သည်လိုနဲ့ပဲ တာဘိုးလည်း တစ်နှစ်သားအရွယ်ရောက်လာတယ် ဆိုကြပါစို့။ ကြောက်လည်းကြောက်တတ် ဖားလည်းအဖားသန်တဲ့ “ ကြောက်ဖား ” ဆိုတော့ မနက်မိုးလင်းလို့ ဦးဟန်ကြည်တို့ တံခါးဖွင့်ရင် အမြီးလေးနှန့်ပြီး လာနှုတ်ဆက်တာက သင်းထုံးစံ။ မဒမ်ကြည် ဈေးသွားဝယ်ရင် နောက်ကနေ ကောက်ကောက်ပါအောင်လိုက်တာကလည်း သင်းအလုပ်။ ပွတ်သပ်ပေးဖို့တော့ မကြိုးစားလေနဲ့။ အကောင်ကြီးလာတဲ့အထိ အကြောက်ကသန်တုန်း။ ဦးကရင်က အနှီတာဘိုးကို သူ့ခွေးလို့ သတ်မှတ်ထားတာဆိုတော့ ဦးဟန်ကြည်ကလည်း ကိုယ့်ခွေးလို့ကို မသတ်မှတ်ဘူးပေါ့လေ။

လွန်ခဲ့တဲ့ နှစ်လယ်ပိုင်းလောက်မှာ ဦးဟန်ကြည်တို့က Shih Tzu ကလေးတစ်ကောင် ၀ယ်မွေးပေမယ့် တစ်ပတ်အတွင်းမှာပဲ ဆုံးသွားရှာတာဆိုတော့ “ထားဘို” အကြောင်း မသိလိုက်ဘူးပေါ့လေ။ “ ချီလီ ” ကလေးကို မွေးတော့မှပဲ သင်းအကြောင်း သိတော့တာကလား။ မောင်ထားဘိုက အတော် မနာလိုစိတ်ကြီးတဲ့ အကောင်ကိုး။ ချီလီကလေး အိမ်ရောက်ပြီဆိုကတည်းက ဦးဟန်ကြည်တို့အနားကို မကပ်တော့တာ။ မဒမ်ကြည် ဈေးသွားလည်း မလိုက်၊ ဦးဟန်ကြည် အလုပ်ကပြန်လာရင်လည်း အခါတိုင်းလို အမြီးလေးနန့်ပြီး ပြေးကြိုတာမျိုးကို မလုပ်တော့တာကိုး။ လှမ်းခေါ်ရင်တောင် မကြားချင်ယောင်ဆောင်ပြီး ခပ်တည်တည်နေတာများ ရိုက်ချင်စရာတောင် ကောင်းသေးတော့။ ဦးကရင်ပြောမှပဲ သူရို့လင်မယားက သူများကလေးကို ခဏလောက်ပွေ့ချီထားရင်တောင် သင်းက စိတ်ကောက်ပြတယ်ဆိုပဲ။ အဓိပ္ပာယ်ကတော့ သူ့ကိုပဲ ချစ်ကြရမယ်ပေါ့။ ဘယ်သူ့ကိုမှ မချစ်ရဘူးပေါ့။ ထားဘိုက စကားမပြောတတ်တဲ့ ခွေးဖြစ်နေလို့သာ စိတ်ကောက်ပြတာကိုး စကားများပြောတတ်ရင် ဦးဟန်ကြည်ကို ရန်ထောင်လိုက်မယ့် ဖြစ်ခြင်း။ သို့ပေမင့် ဦးဟန်ကြည်တို့ကလည်း ကိုယ့်ချီလီကလေးကို ဖူးဖူးမှုတ်နေကြတာဆိုတော့ ထားဘိုကို ရှိတယ်ထောင် မထင်ဘူးပေါ့လေ။ မနက်ခင်း လာနှုတ်မဆက်ရင်လည်း အေးဆေးပေါ့။ ကိုယ့်ချီလီကလေး ရှိနေတာကိုး။ မဒမ်ကြည် ဈေးသွားလို့ ထားဘိုလိုက်မသွားလည်း အရေးမဟုတ်ဘူးလေ။ ချီလီလေးကို ခေါ်သွားတာကိုး။

ညဘက် ဦးဟန်ကြည်ပြန်ရောက်လို့ ချီလီလေးကို ဆိုင်ကယ်ပေါ်တင်ပြီး မြို့တစ်ပတ် ပတ်ဖို့ပြင်ရင် ထားဘိုက ခပ်လှမ်းလှမ်းကနေ စောင်းပေစောင်းပေ လာလုပ်ချင်သေးတာ။ ချီလီဆိုတဲ့ ငတိမလေးကလည်း သခင့်အားကိုးနဲ့ ဘာစွာသလဲ မမေးနဲ့။ အနှီလောက်အကောင်ကြီးကို ဆိုင်ကယ်ခြင်းထဲကနေ လှမ်းလှမ်းရန်စချင်သေးတာကိုး။ နှစ်ကောင်သား လမ်းမှာတွေ့ကြရင်လည်း ချီလီက အရင် လိုက်ဆွဲတတ်လေတော့ ဗန္ဓုလထားဘိုခမျာ ချီလီကို မြင်ရင် ရွံကြောက်ကြီးကို ဖြစ်ရော။ ခွေးကလေးများကလည်း မျိုးရိုးနဲ့ဆိုင်တဲ့ မာနကလေးတွေ ရှိတယ်ထင်ပါရဲ့။ အရပ်တစ်ထွာလောက်ပဲရှိတဲ့ ချီလီက အရပ်အမောင်း တစ်တောင်ကျော်ကျော်ခွေးကြီး ထားဘိုကို နိုင်လိုက်တာမှ ချေးတုံးခွေးနိုင်ဆိုတဲ့ စကားပုံအတိုင်း။ ချီလီကလေးရောက်လာလို့ တစ်လလောက်လည်းရှိလာရော ထားဘိုလည်း စိတ်ပြောင်းလာတယ်ထင်ပါရဲ့။ မနက်မိုးလင်းလို့ တံခါးဖွင့်ရင် အိမ်အောက်ကနေ လာစောင့်နေပါလေရော။ ဦးဟန်ကြည်တို့ကို ဂရုမစိုက်ဘဲ ချီလီရှိတဲ့ အိမ်ခန်းထဲကို လာလာမျှော်တာ ထုံးစံ။ အိမ်အောက်မဆင်းရတဲ့ တစ်ကောင်ကြွက် မချီလီကလည်း အိမ်ပေါ်ကနေ အသံ တအုအုပေးပါသဗျား။ ခွေးအချင်းချင်း ချစ်ကြည်ရေးလုပ်ကြတယ် ထင်ပါရဲ့။

လွန်ခဲ့တဲ့ သုံးလလောက်ကတော့ ထားဘိုတစ်ကောင် ချီလီကို လာနှုတ်မဆက်တော့ပြန်ဘူး။ ဘယ်နှုတ်ဆက်အားမလဲ။ သူ့ရာသီလည်းရောက် သူလည်းခွေးလားမြောက်ပြီကိုး။ အောင်မယ်…အနှီကာလရောက်တော့ ထားဘိုတို့က စွမ်းပါ့ဗျာ။ လမ်းခွေးထဲက ခွေးမချောချောလေးတစ်ကောင်ကို အပီဆွဲထားလိုက်ပါလေရော။ သူ့အဆက်ခွေးမလေးကို ဖွန်လာကြောင်တဲ့ လမ်းခွေးတွေကို ဟိန်းလိုက် ဟောင်လိုက်တာများ ထားဘိုမှ ဟုတ်ပါလေစလို့ သံသယဖြစ်ယူရတဲ့အထိ အောင်လိုက် မာလိုက်တဲ့ အသံကြီးနဲ့ကိုး။ သင်းက ကြောက်ပါးဆိုတော့ အနာခံပြီး ကိုက်လိမ့်မယ်တော့ မထင်လေနဲ့။ အိမ်ရှေ့ကနေ ဟောင်လွှတ်တာချည်း။ ကျန်တဲ့လမ်းခွေးတွေခမျာ စားရမဲ့ သောက်ရမဲ့ ဘ၀တွေဆိုတော့ အကောင်ခပ်လှီလှီတွေချည်းမို့ ထားဘိုဟောင်သံကြားရင်ကို လန့်ပြေးကြပါလေရော။ အနှီလိုအခါမျိုးရောက်ရင်တော့ ထားဘိုတို့ သတ္တိပြပြီ။ လမ်းပေါ်အထိ တက်လိုက်ပြီး တ၀ုန်းဝုန်းထိုးဟောင်ပြီသာမှတ်။ သင်းကလည်း အကဲဆတ်ချက်က ကမ်းကုန်။ ည ၁ နာရီ ၂ နာရီလောက်မှာ လမ်းခွေးတစ်ကောင်တစ်လေကို အဝေးကြီးက လှမ်းမြင်ရင်ကို အိမ်ရှေ့ထွက်ပြီး ဟောင်တော့တာကလား။ အဓိပ္ပာယ်ကတော့ “ ဟေ့ကောင်တွေ ငါ လစ်ပြီအထင်နဲ့ ငါ့မြာကလေးကို လာဝိုက်မယ်မကြံနဲ့…ငါ မအိပ်သေးဘူးနော… ” လို့ ဆိုလိုဟန်တူပါရဲ့။ သင်းမဏ္ဍပ်တိုင်တက်တာက အရေးမကြီးဘူး။ ဦးဟန်ကြည်တို့ခမျာ ညတိုင်းလိုလို အိပ်ရေးတွေကို ပျက်လို့။

အောင်မယ် ခွေးများကလည်း လူအတိုင်းကိုးဗျ။ သူ့ဘေးမှာ သူ့မဒီခွေးမလေးများ ရှိနေလို့ကတော့ မောင်ထားဘိုပုံစံက ဆောင့်ကြွားကြွားနဲ့ ဖိန့်ဖိန့်ကြီး။ အားကိုးစမ်းအချစ်ရယ် ဆိုတဲ့ ဒီဇိုင်းမျိုးနဲ့ကိုး။ သင်းဟာမကလေးကလည်း အနားကကို မခွာတာရယ်။ ခွေးချစ်ပါတယ်ဆိုတဲ့ ဦးဟန်ကြည်တောင် ညားခါစလင်မယားစတိုင် မြှောက်ကြွမြှောက်ကြွနဲ့ အောက်ခြေလွတ်နေတဲ့ ထားဘိုကို ကြည့်ရတာ မြင်ပြင်းကတ်လာတဲ့အထိ။  ဦးဟန်ကြည် သတိထားမိသလောက် ခွေးဆိုတဲ့ သဘာဝက သူရို့ရာသီရောက်ရင် တွေ့ကရာခွေးထီး ခွေးမ ကြုံသလို မြိုင်လိုက်ကြတာမျိုး။ နှစ်ကောင် တပူးတွဲတွဲလုပ်နေကြလည်း လွန်ရောကျွံရော သုံးလေးရက်။ သည့်ထက်ကြာရင် နောက်တစ်ကောင်နဲ့ ငြိကြတာမျိုး။ အနှာကြောင့်ပဲ တွေ့ကရာလူနဲ့ ကြုံသလိုဖြစ်ကြပျက်ကြတဲ့ ယောက်ျား မိန်းမတွေကို “ တော်သလင်းခွေးဇာတ်ခင်း ” တယ်လို့ သမုတ်ကြတာကိုး။ ထားဘိုတို့ကျ အနှီလို မဟုတ်ပေါင်ဗျာ။ သူ့မြာကလေးကလည်း သူ့နားကကို တစ်ဖ၀ါးမှ မခွာတော့တာ။ သင်းကလည်း သင်းပစ္စည်းကလေးကို ဂရုစိုက်ချက်ကတော့ လူတွေတောင် အတုယူဖို့ကောင်းပါရဲ့။ အစာကျွေးရင်လည်း သင်းဟာမလေးကို အရင်အစားခိုင်းသဗျား။ ပိုသမျှကလေးကိုပဲ သင်းက စားတော်မူရှာပါလေရော။ ညဘက် အိပ်ရင်လည်း သူ့မဒီကလေးကို ခုံတန်းရှည်ပေါ်မှာ အအိပ်ခိုင်းပြီး သင်းကတော့ အောက်က တမံသလင်းပေါ်မှာ အိပ်ပါလေရော။ ဦးဟန်ကြည် ညဘက် အလုပ်ကပြန်လာလို့ သင်းတို့နှစ်ကောင်ကိုကြည့်လိုက်တိုင်း အနှီလိုချည်း မြင်နေရတော့ ကိုယ်ယူထားတဲ့ မိန်းမကို ပေယျာလကန်ပြုတတ်တဲ့ ယောက်ျားတွေအစား ရှက်တောင် ရှက်လာတဲ့အထိ။

သင်းတို့နှစ်ကောင် တပူးတွဲတွဲနေကြတာ သူရို့ရာသီ မကုန်သေးလို့ဖြစ်မှာပါလို့ ဦးဟန်ကြည်တွေးထားမိပေမင့် ဘယ်ဟုတ်လိမ့်တုန်း။ တော်သလင်းလွန်ပြီး မြိုင်ထရာသီကုန်လို့ တပေါင်းလထဲရောက်လာတဲ့ သည်အချိန်အထိ နှစ်ကောင်သား ချစ်ကြခင်ကြ ကြင်နာကြတုန်း။ သြော်…ကိုယ့်ကောင် ငကြောက်ကြီးက သည်နေရာကျတော့လည်း ယောက်ျားပြီသသားပဲကိုး။ အကြောက်သန်လှတဲ့အကောင်ဖြစ်ပေမင့် သူ့ဟာကလေးအတွက် မွေးထားလိုက်တဲ့ သတ္တိတွေမှ မနည်းမနော။ ယောက်ျားပြီသတယ်ဆိုတာ ဗလကြီးတာ သတ္တိကောင်းတာကို ဆိုလိုတာမှ မဟုတ်ဘဲ။ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် ထမ်းတယ်ဆိုမှ တကယ့်ယောက်ျားကောင်း မဟုတ်လား။ ရာသီကုန်ပြီး သုံးလေးလကြာတဲ့အထိ ထားဘိုကတော်မှာ ဗိုက်မမြင်လို့ စပ်စုကြည့်လိုက်တော့ ကိုယ်ဝန်ပျက်ကျသွားတယ်ဆိုကိုး။ သြော်… ထားဘိုကြီးက သင်းမဒီကလေးကို သနားစိတ်နဲ့ ဆက်ပြီး စောင့်ရှောက်နေတယ်ထင်ပါရဲ့။ ကြည့်စမ်း။ အသိဉာဏ်မြင့်လှချေရဲ့ဆိုတဲ့ လူတွေက မယားငယ်ယူ ကီပင်ထား မာဆတ်သွားနေကြပေမင့် တစ်လင်တစ်မယားစနစ်ကို ကျေကျေနပ်နပ်ကြီး ကျင့်သုံးနေတဲ့ အဟိတ်တိရစ္ဆာန် ထားဘိုကြီးများ လေးစားဖို့ကောင်းလိုက်ပါဘိ။ သို့ပေမင့် သင်းက ကိုယ့်အနား သိပ်မကပ်တော့ ဦးဟန်ကြည်တို့လည်း သင်းစိတ်ရင်းကို ချီးကျူးပေမင့် ပေယျာလကန်သဘောမျိုး ထားလိုက်တာပေါ့လေ။ ကိုယ့်မှာလည်း ချီလီကလေးနဲ့ မဟုတ်လား။

လွန်ခဲ့တဲ့ တစ်လကျော်က ချီလီကလေး ဆုံးသွားတော့ ချီလီလေးအလောင်းကို ထားဘိုကြီးက လာနမ်းကြည့်သေးတာရယ်။ ငတိမ တကယ်ဆုံးတာမှ ဟုတ်ရဲ့လားလို့ လာစပ်စုဟန် တူပါရဲ့။ ချီလီကလေး ဆုံးတာ သေချာမှန်းလည်းသိရော နောက်တစ်ရက်မနက် မိုးလင်းလို့ တံခါးဖွင့်လိုက်တာနဲ့ အိမ်ဝမှာ ထားဘိုကြီး ရောက်နေပါလေရောဗျား။ တံခါးဖွင့်တဲ့ မဒမ်ကြည်ကို သင်းက လာနှုတ်ဆက်တာကိုး။ မဒမ်ကြည် ဈေးသွားတော့လည်း အမြီးလေး တနန့်နန့်နဲ့ လိုက်သွားတာများ သင်းမဟုတ်တဲ့အတိုင်း။ ဦးဟန်ကြည် အလုပ်ပြီးလို့ အိမ်ပြန်ရောက်တော့လည်း အူးယားဖားယားပြေးကြိုလိုက်တာမှ ဘာများဖြစ်တာပါလိမ့်လို့ စဉ်းစားယူရတဲ့အထိ။ ကိုယ့်ချီလီလေး ဆုံးသွားလို့ စိတ်မကောင်းဖြစ်နေတဲ့ ဦးဟန်ကြည်ကတော့ သင်းကို ဒေါကန်ပေသပေါ့။ ငါ့မှာ ကလေးဆုံးလို့ ၀မ်းနည်းရတဲ့ကြားမှာ သင်းက ၀မ်းသာပြနေသေးတယ်လို့တွေးပြီး ခွေးနဲ့အပြိုင် စိတ်ကောက်နေမိတာနဲ့ ထားဘိုကြီးကို ဂရုတောင် မစိုက်ဘဲ ပစ်ထားလိုက်ပါလေရော။ ဟိုဘက်သည်ဘက် ဖောက်မြင်ရလောက်အောင် ပါးလှပ်နေတဲ့ ထားဘိုကြီးကလည်း အနှာကို သဘောပေါက်ဟန်တူရဲ့။ စိတ်ပျော့တဲ့ မဒမ်ကြည်ကိုပဲ လိုက်ဖားပါလေရော။ တစ်ပတ်လောက်ကြာတော့ မဒမ်ကြည်နဲ့ ငြိမ်းချမ်းရေး ရသွားကြတယ်ထင်ပါရဲ့။ ဦးဟန်ကြည်နားတော့ သိပ်မကပ်ရဲရှာဘူး။ ခပ်လှမ်းလှမ်းကနေပဲ အမြီးနန့်ပြနေရှာတာကလား။

အနှီလို အမြီးတနန့်နန့်နဲ့ ငြိမ်းချမ်းရေးလာလုပ်နေတာ တစ်ရက်မဟုတ် နှစ်ရက်မဟုတ် တစ်ပတ်နှစ်ပတ်လောက်ကြာလာပြီဆိုမှတော့ ခွေးချစ်တဲ့ ဦးဟန်ကြည်လည်း ဘာသားနဲ့ထုထားတာမှ မဟုတ်ဘဲ သင်းကို ပြန်ဂရုစိုက်မိပါလေရော။ ဦးဟန်ကြည်ရဲ့ မျက်နှာပေးကိုမြင်တော့ ထားဘိုကြီး အားတက်သွားဟန်တူရဲ့ အမြီးလေး တနန့်နန့်နဲ့ အနားလာကပ်ပါသဗျား။ လာစမ်းဆိုပြီး ထားဘို ကြီးကို ကောက်ချီလိုက်တော့ ကြီးကောင်ကြီးမား သတ္တ၀ါကြီးခမျာ ကြောက်လိုက်တာမှ အမြီးတင်မကဘဲ နားရွက်တောင် ကုပ်သွားတဲ့အထိ။ သြော်…သင်းက တကယ်သတ္တိရှိလာတာမှ မဟုတ်ဘဲကိုး ချစ်ချစ်အတွက် သတ္တိတွေ ဇွတ်အတင်းမွေးထားတာပဲကိုးလို့ သဘောပေါက်သွားတဲ့ ဦးဟန်ကြည်တောင် သဘောကျပြီး ရယ်မိပါသေးရဲ့။ ကိုင်း ဗန္ဓုလကြီး ကြွတော်မူပါဘုရားလို့ အောက်ချပေးလိုက်တော့ သကောင့်သားခမျာ ပျော်ရှာတယ်ထင်ရဲ့။ အမြီးတင်မကဘဲ ခါးတွေပါ ရမ်းခါပြီး ဦးဟန်ကြည်အပေါ်ကို ဖက်တက်လိုက်တာမှ ငယ်ရည်းစားနဲ့ ပြန်တွေ့တဲ့အတိုင်း။ နောက်တစ်ရက်နှစ်ရက်လောက်ကြာတော့ သင်းက သူ့မဒီလေးပါခေါ်လာပြီး ဦးဟန်ကြည်ကို လာဖားသေးတာရယ်။ ဦးဟန်ကြည်အနားလာလိုက် သူ့ပစ္စည်းလေးနားသွားလိုက်နဲ့ သုံးလေးခါလောက်လည်း လုပ်ပြီးရော သင်းဟာမလေးလည်း ဦးဟန်ကြည်နားလာကပ်ရော ဆိုကြပါစို့။ သြော်…သင်းက ဒါလေးက ကျွန်တော့်မဒီကလေးပါ သူ့ကိုလည်း ချစ်ပါလို့ လာအပ်တာကိုးဗျ…။ လည်လိုက် ပါးလိုက်တဲ့ ထားဘို …။

အခုတော့ ဦးဟန်ကြည်တို့မှာ ချီလီလေးလည်းမရှိ။ အလုပ်မအားတာက တစ်ကြောင်း နွေရာသီတစ်လလုံး အပန်းဖြေခရီးရှည်ထွက်ဖို့ ပြင်ဆင်ထားတာက တစ်ကြောင်း အကြောင်းကြောင်းတွေ ရှိနေတာမို့ ချီလီကိုယ်ပွားလေးလည်း ထပ်မ၀ယ်ဖြစ်သေးတာကြောင့် ထားဘိုတစ်ကောင်လည်း မနက်မိုးလင်းရင် လာနှုတ်ဆက်၊ မဒမ်ကြည်ဈေးသွားရင် လိုက်သွား၊ ဦးဟန်ကြည် ပြန်လာရင် လာကြိုနဲ့ အလုပ်တွေ ရှုပ်နေပါလေရဲ့။ ဦးဟန်ကြည်တို့ နွေရာသီ ခရီးစဉ်ပြီးလို့ ချီလီကိုယ်ပွားကလေးတစ်ကောင် ထပ်မွေးရင်တော့ သကောင့်သား ထားဘိုကြီး ဘယ်လိုစတိုင်ချိုးဦးမယ် မပြောတတ်ဘူး။

လောလောဆယ် သည်စာရေးနေတဲ့ ညသန်းခေါင်အချိန်ကြီးမှာတော့ ခပ်လှမ်းလှမ်းက လမ်းဘေးခွေးတစ်ကောင်ကို ဟိန်းဟောက်နေတဲ့ ထားဘိုကြီးရဲ့ အသံကို ဦးဟန်ကြည် ကြားနေရပါရဲ့။ မဒမ်ထားဘိုကတော့ ထုံးစံအတိုင်း ခုံတန်းရှည်ပေါ်မှာ ခန့်ခန့်ကြီး ထိုင်တော်မူပြီး ချစ်ချစ်ကြီးထားဘိုကို အားကိုးတဲ့ မျက်လုံးတွေနဲ့ လှမ်းကြည့်နေမှာကို ဦးဟန်ကြည် မြင်ယောင်နေမိပါကြောင်းဗျား…။    

( ဟန်ကြည် )
၂၈.၂.၂၀၁၄ ( သောကြာနေ့ )
မနက် ၁ နာရီ ၁၀ မိနစ်

Tuesday, 25 February 2014

“ ဦးဟန်ကြည်နဲ့ ဘာသာရေးသမား . . . ”


ဦးဟန်ကြည်တို့ တိုင်းပြည်ကြီးမှာ ဘာသာရေးသမားတွေ များလာလိုက်တာ...




ကိုယ့်ထက်ငယ်တဲ့ကလေးကလည်း ဘုရားနဲ့ တရားနဲ့၊ ကိုယ်နဲ့ရွယ်တူတွေကလည်း ဘုရားနဲ့ တရားနဲ့၊ ကိုယ့်ထက်ကြီးတဲ့လူတွေကလည်း ဘုရားနဲ့ တရားနဲ့ချည်း...ခုနစ်နှစ်သားရဟန္တာတွေ များနေတာကြောင့် ဦးဟန်ကြည်ခမျာ ဟိုလူ့လက်အုပ်ချီရမှာလိုလို သည်လူ့ပဲ ထိုင်ဦးချရမှာလိုလိုဖြစ်ပြီး အနေအထိုင်ခက်လှချေရဲ့ဗျာ...သို့ပေမင့် အချင်းချင်း ထိုင်ဆဲနေကြတာနဲ့ စာကြည့်ရင်တော့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်တရားဟောနေကြတာက လူမြင်လို့ပိုကောင်းတာပေါ့လေ...အင်း တစ်ခါတစ်ခါ တရားငြင်းရင်း ဓမ္မန္တရာယ်တွေဖြစ်ပြီး ထသတ်ကုန်ကြတာကတော့ မရှောင်လွဲသာတဲ့ ဘေးထွက်ဆိုးကျိုးကိုးဗျ...

ဖောင်းပွလွန်းနေတဲ့ သူတော်ကောင်းစာရင်းကို ကြည့်ရင်း သော်တာဆွေရဲ့ စာသားကိုတောင် တစ်ခါတစ်ခါ သတိရမိပါသေးရဲ့...၀တ္ထုတစ်ပုဒ်ထဲမှာ သော်တာဆွေက သူ့မြာကလေးကို ပြောတဲ့စကားပါ...ဘာတဲ့... “ ကိုဆွေ အခု အရက်မသောက်တော့ဘူး ဘာသာရေးလုပ်နေတယ်...ဘုရားရှိခိုးရင် တစ်ရပ်ကွက်လုံးကြားအောင် လော်စပီကာတပ်ပြီး ရှိခိုးတယ်...မနက်ခင်းမှာ ရေဒီယိုကနေ ပရိတ်ကြီးလွှင့်တဲ့အချိန်ကျရင် နားကိုဂွမ်းဆို့ပြီး မိုင်ကုန်တင်ဖွင့်တယ်... ” ဆိုပဲ... ;) ဟဲ ဟဲ...ဦးဟန်ကြည်တို့လည်း သည်ပုတ်ထဲက သည်ပဲပါပဲဗျာ...

ဦးဟန်ကြည် ထမင်းရှာစားနေတဲ့ ဒေသမှာဆိုရင် ဘာသာရေးသမား ဘာများသလဲမမေးနဲ့...သို့ပေမင့် လုပ်သမျှအလုပ်ကတော့ သောက်တလွဲချည်း…အလှူပွဲမှာ ဘီယာဘူးတွေကိုင် မူးရူးခုန်ပေါက်ပြီး ကကြခုန်ကြတာကိုက ထုံးစံ…အရက်ဆိုင်မှာလည်း သာသနာ့အလံကြီးလွှင့်ထားလိုက်တာမှ ဟူးဟူးကိုထလို့… ;) ချဲပေါက်လို့ အလှူပေးတယ်ဆိုတာမျိုးကလည်း ရှိသေးတာရယ်…ဘုန်းဘုန်းပေးတဲ့ သုံးသုံးလေး ဆိုတာမျိုးကတော့ မမြင်ချင့်အဆုံး…ပြောရရင်တော့ မြန်မာနိုင်ငံမှာ တရားပွဲအများဆုံးဒေသလို့တောင် နာမည်တပ်လို့ ရကောင်းပါရဲ့...သို့ပေမင့် ပင့်သမျှ ဓမ္မကထိကတွေကြည့်လိုက်ရင် ဖြူဖြူသန့်သန့် ခန့်ခန့်ချောချောတွေချည်း...မည်းမည်းတုံးတုံး ဦးဟန်ကြည်ခမျာ သည်ဘက်နယ်မှာ ငါများ ဘုန်းကြီးဝတ်ရင် ဆွမ်းမှ ၀အောင်စားရပါ့မလားလို့တောင် တွေးပြီး ကြောက်မိတဲ့အထိ... :P လူများကလည်း သည်လိုချည်းကိုးဗျ...မင်းကွန်းဆရာတော်ကြီး ခပ်ငယ်ငယ်ပဉ္ဖင်းပျိုဘ၀တုန်းကတောင်မှ ရိုးကြီးဂေါင်ဂင်နဲ့ ပိန်ပိန်ရုပ်ဆိုးဆိုးဆိုတော့ တကာ တကာမ ရှားပါးပြီး ဆွမ်းကွမ်းကိစ္စ အတော်လေး ချို့တဲ့ခဲ့ရှာတယ်ဆိုသကိုး...အင်း သာသနာ့အာဇာနည်တောင် ရူပပါရမီနည်းရင် ခေါင်းခေါင်းပါးပါး ဖြစ်ရသေးတာ ဦးဟန်ကြည်လို သာမညောင်ညကတော့ ပို့ဆွမ်းမလာ ခံဆွမ်းမရဖြစ်ပြီး ချက်ဆွမ်းချည်း ဘုဉ်းပေးရမှာ သေချာတယ်ဗျို့...

ကိုယ်တွေ့ကို ပြောရရင်တော့ ပါးစပ်က ဘုရားချည်း စွတ်တနေတဲ့လူများဟာ အတော်ကြောက်ဖို့ကောင်းသကိုး...သို့ပေမင့် တကယ့်ဘာသာရေးသမားတွေကိုတော့ မဆိုလိုဘူးပေါ့ဗျာ...ဦးဟန်ကြည် ကြုံဖူးသမျှကိုပဲ ဖောက်သည်ချတာပါ...ကြုံခဲ့ဖူးတဲ့ မိတ်ဆွေတစ်ယောက်ကတော့ တကယ့်စံပဲကိုး...သူ့ပါးစပ်ကထွက်သမျှစကားက ဘုရားနဲ့လွတ်တယ်ဆိုတာ ခပ်ရှားရှား...ညနေတိုင်း တရားသွားထိုင်တာလည်း ၀တ်မပျက်...ဒါတင်ဘယ်ကလိမ့်တုန်း...သူမွေးထားတဲ့ လက်တောက်လောက် သူ့သားသမီးလေးတွေကိုတောင် သူတရားထိုင်တဲ့အခါ ခေါ်သွားပြီး တရားအထိုင်ခိုင်းသေးတာရယ်...အောင်မယ်လေး မူကြိုအရွယ်သူ့ကလေးတွေ တရားထိုင်နေတဲ့အကြောင်းကိုများ လူထူထူရှိရင် အားပါးတရ ၀င့်ကြွားသေးတာကလား...သို့ပေမင့် တရားအထိုင်တော်တဲ့ သူ့ကလေးတွေကတော့ ရန်ဖြစ်လိုက်ပဟဲ့ဆိုရင် သူတို့ချည်း...ဘယ်ကလေးကို ဆော်ထည့်လိုက်ပဟဲ့ဆိုရင်လည်း သူတို့...မေတ္တာလက်နက် အစွမ်းထက် ဟက်တက်ကွဲသတည်းဆိုတာမျိုး ထင်ပါရဲ့…ဟဲ ဟဲ ;)

ကိုယ့်လူဘာသာရေးသမားလည်း ဘာထူးလည်း...တစ်ဖက်သားကို မှိုချိုးမျှစ်ချိုး ပြောတဲ့နေရာမှာ နိုးတူး...လူတစ်ယောက် အရက်မူးနေတာများ မမြင်မိလေနဲ့ သည်လူ့ပါးစပ်နဲ့တွေ့ရင် အရှင်လတ်လတ် ငရဲပြည်ရောက်ပြီသာမှတ်...ဒါတင် ဘယ်ကလိမ့်တုန်း...သူများဝယ်ထားတဲ့ ပစ္စည်းများဆိုရင် ဘာတစ်ခုမှ အကောင်းမပြောတာ သူ့ဗီဇ...မင့်ပစ္စည်းက အင်ကြီးပါကွာ...မင့်မို့ညာရောင်းလိုက်တာပါ ဘာဖြစ် ညာဖြစ်ဆိုတာ သူ့လက်သုံးစကား...ဟဲ ဟဲ...ကိုယ့်လူ ဘာသာရေးသမားကြီးက ဘောလုံးပွဲလောင်းတဲ့နေရာမှာတော့ ထိပ်တန်းဗျို့...လောင်းပြန်ရင်လည်း သူတကာလို ခပ်အေးအေးလောင်းတာ မဟုတ်ဘူးရယ်...သူနဲ့ဆန့်ကျင်ဘက်လောင်းတဲ့လူကို မခံချိမခံသာဖြစ်အောင် တချိချိနဲ့ ထိုင်ကလိသေးတာရယ်...သူ့မှာ နိဗ္ဗာန်လက်မှတ်များ ရပြီးပြီလားတော့ မသိပေါင်ဗျာ…သို့ပေမင့် ကျန်တဲ့ဘာသာဝင်များကိုတော့ သူများကိုးကွယ်တဲ့ ဘာသာနာမည်ရှေ့ကနေ သောက် ( ကြားကောင်းအောင်ပြောတာရယ်…တကယ်က စလုံးနဲ့ အသံထွက်သဗျ ) တပ်ပြီး ခေါ်တော်မူတာကိုး…ကောင်းပါလေ့ဗျာ…

တရားထိုင်သက်ကလေးရင့်လာတော့ ကိုယ့်လူ ဘာလုပ်တယ်ထင်လည်း ချဲရောင်းပါလေရောဗျား...သြော...ကိုယ့်လူ တရားပေါက်ပြီး တစ်ယောက်ပါးသွားတာကိုး... ;) သူ့ဘာသာသူ ချဲပဲရောင်းရောင်း ကျွဲပဲမောင်းမောင်း ဦးဟန်ကြည်နဲ့ မဆိုင်ဘူးလို့တော့ မထင်လေနဲ့...သင်းက စားရတဲ့အချိန်မှာသာ ကိုယ့်ကို သတိမရတာကိုး ချဲဒိုင်ခံလို့ နှစ်ခွင်လောက် ကော့နေအောင်ထိပြီး အကြွေးဝိုင်းလာတော့ ဦးဟန်ကြည်ဆီပြေးလာပါလေရော...ဆရာရယ် ပိုက်ဆံချေးပါပေါ့...ဦးဟန်ကြည်တို့ မဒမ်ကြည်တို့ဆိုတာကလည်း အပေါ်ရေသာတင်းတာရယ် အတွင်းသားက ခပ်နုနုဆိုတော့လည်း မရှိတဲ့ကြားက သနားစိတ်ကလေး ဦးထိပ်ရွက်ပြီး ရှိတဲ့ရွှေကလေးတွေ ပေါင်ပြီး အတိုးမဲ့ငွေချေးပေးလိုက်ပါလေရောဗျား...သူ့အမျိုးတွေက အကြောင်းသိမို့ မကူညီတာကို သည်က သူတော်ကောင်းမောင်နှံက အကြောင်းမသိဘဲ သနားတော်မူလိုက်တာကိုးဗျ…သွေးမတော်သားမစပ်ကြီး အခုလို ကူညီပေးတာ ကျေးဇူးတင်လိမ့်မယ်တော့ မထင်လေနဲ့ ကိုယ့်ဆရာရေ...မဒမ်ကြည်ကိုယ်တိုင် ရွှေဆိုင်လိုက်သွားပြီး ရွှေပေါင်ပေးတဲ့ပိုက်ဆံကို လက်ခံနေတဲ့ သကောင့်သားမိန်းမရဲ့ မျက်နှာပေးက အကြောင်းမသိတဲ့အပြင်လူက ကြည့်လိုက်မယ်ဆိုရင် ကြွေးရှင်မျက်နှာပေးမျိုးနဲ့ကိုးဗျ…ဒါတင်ဘယ်ကလိမ့်တုန်း…တစ်ပတ်လောက်ပဲကြာမယ်လို့ ကတိပေးပြီး ချေးတော်မူသွားတဲ့ ငွေသုံးသိန်းခမျာ နှစ်နှစ်လောက်ကြာအောင် တောင်းယူရပါရောလား...

စီးပွားရေးကလေး နာလန်ပြန်ထလာတော့လည်း ကိုယ့်လူက ဦးဟန်ကြည်ကို သတိမရဘူးကိုး...မပေးနိုင်သေးတဲ့အကြောင်း ဖုန်းလေးဆက်ပြီး ညာထားရင်လည်း ဦးဟန်ကြည်ဖြေသာပါရဲ့...အခုတော့ အောက်အီးလည်းမမြည် အွတ်အွတ်လည်း အသံမပေးဘဲ နေစိမ့်တာဆိုတော့ လွန်ပေသပေါ့ဗျာ...ကိုယ့်မှာတော့ အကြွေးသွားတောင်းရတာတောင် ခမျာများကို အားနာလို့ သုံးလမှတစ်ခါလောက် ကိုယ်ထင်သွားပြရရှာတယ်...အင်း အတိုချုပ်ပြောရရင်တော့ ကိုင်း မရတဲ့အဆုံးတော့ လှူလိုက်တာအေးပါတယ်လို့ လင်မယားနှစ်ယောက်တိုင်ပင်ပြီး လက်ကျန်ငွေတစ်သိန်းကို မပေးနဲ့တော့လို့ ပြောလိုက်ရပါလေရော...စာရင်းချုပ်လိုက်တော့ မဒမ်ကြည်ရဲ့ လက်ကောက်တစ်ကွင်း အပေါင်ဆုံးဖြစ်သွားလေသတည်းပေါ့ဗျာ...သြော် သူ့ကိုပေါင်ပေးလိုက်တာဆိုတော့ သူပဲအတိုးသတ်မယ်လို့ကတိပေးပြီး အပေါင်လက်မှတ်ယူထားလိုက်သကိုး...သင်းက အတိုးမသတ်ဘဲ ခပ်တည်တည်နေလိုက်တော့ ပလုံစွပ်ပေါ့ဗျာ...အနှီကတည်းက ဘုရားစကား ခပ်များများပြောတဲ့လူဆိုရင် ခပ်လန့်လန့်...

ဦးဟန်ကြည်က ကိုယ့်ဘာသာချည်း ဖိတွယ်နေတယ်လို့လည်း မထင်လေနဲ့…အတွေ့အကြုံအရပြောရရင်တော့ ဘာသာတိုင်းလိုလို ထူးမခြားနားချည်း…ဦးဟန်ကြည်ဝယ်ထားတဲ့ မြေကွက်ကလေးတွေကို ပတ်တီးချသွားတာကလည်း မဒမ်ကြည်တို့ဘာသာက ဘာသာရေးသမားကိုး…ကျန်တဲ့ဘာသာဝင်တွေလည်း ထို့နည်းလည်းကောင်းပါပဲလေ…ပြောပြနေရင် ကုန်နိုင်ဖွယ်မရှိလို့ သည်အတိုင်းပဲ ထားကြပါစို့ရဲ့…အောင်မယ်…သည်လူတွေက ဘုရားသွားကျောင်းတက်တော့ ဘာမှန်ကြသလဲမမေးနဲ့…ပေါင်းမကြည့်ရင်တော့ အကြောင်းသိစရာကို မရှိတာရယ်…အပြင်ပန်းကြည့်လိုက်ရင်တော့ ထိုင်ကန်တော့ချင်စရာကြီး…စကားပြောကြည့်လိုက်ရင် ကိုးကွယ်ချင်စရာဖြစ်လာပါလေရော…အဲ ထဲထဲဝင်ဝင် ပေါင်းသင်းယှက်နွယ်ကြည့်မှ ဇာတိတွေ ပြလာတော့တာကိုး…သို့ပေမင့် အနှီလို သိလိုက်တဲ့အချိန်ကလည်း ကိုယ့်ဆီကနေ ခပ်ထူထူကြီးလှီးယူသွားတဲ့အချိန်မျိုးဖြစ်နေတာကတော့ ဆိုးတာပေါ့လေ…ကိုယ်ကလည်း ဘုရားမျက်နှာနဲ့ ယုံမိပေသကိုး…ခက်တာက ဦးဟန်ကြည် ယုံမှတ်လို့ ပုံအပ်မိတဲ့ ဘာသာရေးသမားတွေက သောနုတ္ထိုလို လူတန်းစားတွေချည်း ဖြစ်နေတာကတော့ ကိုယ့်ကံကိုက ဆိုးရှာလွန်းလို့ထင်ပါရဲ့…

သောနုတ္ထိုလို့တင်စားလိုက်တာက ကျန်တဲ့အကြောင်းကြောင့်တော့ မဟုတ်ပေါင်ဗျာ…ဆဒ္ဒန်ဆင်မင်းဇာတ်တော်ထဲမှာ အနှီမုဆိုးကို ဆင်မင်းက သတ်ဖို့ နှာမောင်းနဲ့ရစ်ပြီးပင့်ယူလိုက်တဲ့အချိန်မှာ ဆင်မင်းရဲ့အစွယ်ပေါ်ကို အသင့်ယူလာတဲ့ သင်္ကန်းတင်ပေးလိုက်တယ် ဆိုကိုး…သင်္ကန်းမြင်သွားတဲ့ ဆင်မင်းက ဒေါသလျှော့လိုက်လေတော့ သင်းအသက်ချမ်းသာတာပေါ့လေ…တကယ်တော့ သည်မုဆိုးသကောင့်သား သင်္ကန်းဆောင်ထားတာ ဘုရားကို ကြည်ညိုလို့မှ မဟုတ်ဘဲကိုး…ကိုယ်လုပ်ချင်ရာလုပ်ရအောင် ကိုယ့်ကို သူများအထင်ကြီးအောင် အရေခြုံထားတဲ့သဘောမျိုးထင်ပါရဲ့…ဦးဟန်ကြည်ရဲ့ ဘော်ဒါကြီးများကလည်း အနှီလို လူစားတွေ ဖြစ်မယ်ထင်ပါရဲ့…သူရို့ပါးစပ်က ဘုရားစကား တရားစကားချည်း မိုးမွှန်နေတော့ ကျန်တဲ့လူတွေက ယုံကြရှာတာကိုး…သည်တော့လည်း နွှာလို့နွှင်လို့ လွယ်တာပေါ့လေ…ဘုရားတွေခမျာ သင်းတို့လုပ်ပုံနဲ့ ပျက်လိုက်တဲ့ နာမည်တွေ…အားနာဖို့တောင် ကောင်းပါရဲ့…

ဦးဟန်ကြည် ဖတ်ဖူးတဲ့ ရှေးစာတွေထဲက ဆိုရိုးတစ်ခုကတော့ “ သဖန်းသီးကို ဖျက်သောပိုးသည် သဖန်းသီးတွင်းတွင် နေ၏ ” လို့ ဆိုထားသကိုး…အင်း အခုလည်း သည်အတိုင်းချည်းပေါ့…ဟိုဘာသာ သည်ဘာသာနဲ့ တောပြောတောင်ပြော လျှောက်ပြောနေကြပေမင့် သူ့ဘာသာ ကိုယ့်ဘာသာ ဘာသာတိုင်းနီးပါး သဖန်းသီးကိန်း ဆိုက်လုဆိုက်ခင်ဖြစ်နေတာတော့ သတိမထားမိကြဘူးကိုးဗျ…တုတ်တစ်ပြက် ဓားတစ်ပြက်နဲ့ အပြင်လူလှည့်ရမ်းနေတုန်းမှာ အိမ်တွင်းသူခိုးက ပညာပေးသွားလို့ တက်တက်ပြောင်ခါနီးမှ သိကြမယ်ထင်ပါရဲ့…အနှီတော့လည်း လက်ညှိုးတွေ ထပ်ထိုးပြီး ဆက်သတ်ကြပေါ့ဗျာ…ဘာပဲဖြစ်ဖြစ် ဘုရားတွေကို ခေါင်းစည်းတပ်ပြီး ဘုရားနာမတော်အောက်မှာ လုပ်စားကြတဲ့လူတွေကတော့ ယုံမှတ်လို့ ပုံအပ်ကြတဲ့လူတွေရဲ့ စည်းစိမ်တွေကို မျက်မျက်ကလေးခံစားနေရင်းနဲ့ ဘာသာဝင် အချင်းချင်းလက်ညှိုးထိုးပြီး ဆော်ပလော်တီးကြတဲ့  သတ်ပွဲတွေကိုလည်း အရသာခံပြီးကြည့်ကြရင်းနဲ့ ဇိမ်တွေ့နေကြဦးမှာ မြင်ယောင်ပါသေးရဲ့…

ဦးဟန်ကြည်ကတော့ တစ်ခါသေဖူး ပျဉ်ဖိုးနားလည် နောက်တစ်ခါထပ်သေတော့ နောက်တစ်ခါထပ်နားလည်နဲ့ ပျဉ်ဖိုးတွေ နားလည်ရပါများလွန်းတော့လည်း သစ်ဆိုင်ထောင်လို့ရလောက်အောင်တောင် ပျဉ်ဖိုးတွေ နောကျေနေပြီမို့ ကိုယ့်အနားမှာ ဘုရားစကား ခပ်များများပြောတဲ့လူရောက်နေပြီဆိုရင် ကျောထဲကပဲ ယားသလိုလို ခေါင်းတွေပဲ ကျိန်းသလိုလို ပိုက်ဆံအိတ်ပဲ ပူလာသလိုလို ခံစားမိရပါသဗျား…။    

( ဘာသာရေးကို ကာဗာယူပြီး ) လူအချင်းချင်း လှည့်ပတ်ခြင်း…ကင်းရှင်းကြပါစေ…

Friday, 21 February 2014

“ ချင်းတွေ . . . ”


မနေ့က ဖေဖော်ဝါရီ ၂၀ ရက်နေ့ဆိုတော့ “ ချင်းအမျိုးသားနေ့ ”...


 

 ချင်းအမျိုးသားနေ့ဆိုတော့ မဒမ်ကြည်တို့နေ့ပေါ့လေ...ပြည်ထောင်စုဖွား တိုင်းရင်းသားစစ်စစ် မဒမ်ကြည်က ဗမာ တစ်မတ် ကရင် တစ်မတ် ချင်း ငါးမူး သွေးနှောထားတာဆိုတော့ ချင်းသွေးပိုများတယ်လို့ ဆိုရတော့မှာပဲ...ခက်တာက အမေကရင်နဲ့ အနေများသလို မြေပြန့်ပေါက်ဖြစ်ပြန်တော့လည်း ချင်းစကားကို ဟုတ္တိပတ္တိ မတတ်ဘူးကိုး...“ မဒမ်ရယ် မင့်ဟာက ဘယ်လိုချင်းပါလိမ့် ချင်းစကားလည်း မတတ်ပါကလား ” လို့များ စသလိုနောက်သလို ပြောမိရင် “ ချင်းပြည်ကို တစ်ခေါက်မှ မရောက်ဖူးတဲ့ စံပီးတောင် တောင်ဇလပ်မမြင်ဖူးဘဲ သီချင်းထဲမှာ ထည့်ရေးသေးတာပဲ ” လို့ ဆင်ခြေပေးလေ့ရှိပါသဗျား...ဆိုင်တာမဆိုင်တာ အပထား သူ့ဆင်ခြေနဲ့သူကတော့ ဟုတ်လို့...

ချင်းသွေးများတဲ့ မဒမ်ကြည်က သက်မွန်မြင့်ကိုလည်း ချင်းမလေးမို့ အားပေးသဗျား...အဆိုတော်ဆိုရင်လည်း စံပီးတို့ ဗွေမင်းလျန်တို့ ဆုန်သင်းပါရ်တို့မှ နားစွဲသတဲ့ဗျား...ဂစ်တာသမားတောင်မှ lazy club က ဂျင်ပိကမှ အတီးကောင်းတယ်ဆိုပဲ...သို့ပေမင့် ချင်းတွေထဲမှာ အောင်မြင်တဲ့ အနုပညာသမားကလည်း နည်းတာကိုး...တချင်းတည်းချင်းနေတဲ့ မဒမ်ကြည်ကို စချင်နောက်ချင်တဲ့ ဦးဟန်ကြည်က “ မင်းတို့ချင်းတွေကလည်းကွာ မိန်းကလေးတွေ ကြည့်လိုက်ရင် ဇမ်နူးတို့လို ရုပ်တွေချည်းပဲ...ယောက်ျားလေးတွေကို ကြည့်လိုက်ရင်လည်း ထွဏ်းခမ်တို့ ရုပ်မျိုးကြီးပဲ...ပုံကိုမလာပါဘူး ” လို့များပြောလိုက်ရင် ဒေါဖောင်းလိုက်တာမှ ဆွေ့ဆွေ့ကို ခုန်ရော...သူ့အဒေါ်က ဘယ်လောက်လှတာ သူ့ဦးလေးက ဘယ်လိုချောတာ စသည်စသည်ဖြင့် လူချောလူလှ ဋီကာချဲ့ပြီး ချင်းမလေးတွေလှတာ ရှင်မမြင်ဖူးလို့ပါဆိုတဲ့စကားနဲ့ ဦးဟန်ကြည်ကို နောက်ကောက်ချပစ်လိုက်တာချည်း...

ချင်းအချင်းချင်း ချစ်ပုံကတော့ ပြောမယုံကြုံဖူးမှ သိကြမယ်ထင်ပါရဲ့...မော်ဒယ် အိုင်းရစ်လေပြေဦးက သူ့အမျိုးသားနဲ့အတူ ဦးဟန်ကြည်တို့ဒေသမှာ လုပ်ငန်းလာလုပ်တော့ မဒမ်ကြည်နဲ့ ဘုရားကျောင်းတက်ရင်း ဆုံကြပါလေရော...အောင်မယ်လေး အခုမှတွေ့ဖူးတဲ့ ချင်းအချင်းချင်း စကားတွေ ပြောလိုက်ကြတာမှ ရွှန်းရွှန်းကိုဝေလို့...ဘေးကနေ ထိုင်ကြည့်နေရင် ငယ်ပေါင်းကြီးဖော်တွေ စကားပြောနေကြတဲ့အတိုင်း...မဒမ်ကြည့်အဖေ ဦးဟန်ကြည်ရဲ့ ယောက္ခမ တောင်ပေါ်ချင်းကြီးကတော့ သူ့သမီးကို “ သမီး ဒုက္ခတစ်ခုခုနဲ့ကြုံရင် စစ်တပ်တို့ ရဲစခန်းတို့ဝင်ပြီး ချင်းတစ်ယောက်ယောက်ကိုသာ တွေ့အောင်ရှာ...အဖေတို့ချင်းလူမျိုးတွေဆိုတာ အားလုံးအမျိုးတွေချည်းပဲ ” လို့ မှာထားပါသတဲ့...ဟုတ်တော့လည်း ဟုတ်ပါသဗျား...ချင်းတွေကြည့်လိုက်ရင် စစ်တပ်ထဲမှာချည်း...

ချင်းလူမျိုးသဘာဝကိုက ယောက်ျားမှန်ရင် စစ်သားလောင်းတွေ မုဆိုးတွေလို့ သတ်မှတ်ထားတာကိုး...တောတိုးတောင်တက် အကြမ်းပတမ်းသွားကြလာကြရတယ်ဆိုတာ သူရို့လူမျိုးအတွက် ထမင်းစားရေသောက်...ချင်းတွေ စစ်သားလုပ်တာ ဘယ်လောက်ဝါသနာသလဲတော့ မမေးလေနဲ့...ဦးဟန်ကြည်ရဲ့ ယောက်ဖလေးယောက်လုံး စစ်ထဲမှာချည်းရှိနေကြတာသာ ကြည့်ကြပေရော့...

မဒမ်ကြည်တို့အမျိုးက ရွာတည်တဲ့အမျိုးဆိုတော့ သူရို့ဒေသမှာတော့ လူကြီးတွေလို့ ခေါ်ရမယ်ထင်ပါရဲ့...သူရို့အဖေ့ရွာက အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်းရဲ့ဇာတိ လွီဗန်းရွာနဲ့ သိပ်မဝေးဘူးဆိုကိုး... “ မဒမ်ရယ် မင်းတို့ချင်းပြည်သွားပြီး လူကြီးလုပ်ရရင် အတော်နိပ်မယ် ” လို့များ စကားစလိုက်မိရင် မဒမ်ကြည်တို့ ၀မ်းသာချက်ကတော့ ဆွေ့ဆွေ့ကိုခုန်ရော...သို့ပေမင့် “ ချင်းတောင်မှာ ၀တ်စရာမရှိလို့ စောင်ပတ်နေရရင်တော့ ပြဿနာပဲ ” လို့ ဆက်ပြောလိုက်ရင် ချင်းတောင်က အိန္ဒိယနဲ့နီးတာမို့ စတီးပစ္စည်းကောင်းတွေ ဘယ်လောက်ပေါတဲ့အကြောင်း နွားနောက်တွေမွေးထားကြတော့ စားစရာပေါတဲ့အကြောင်းတွေ ထုံးစံမပျက် ထွက်လာပါလေရော...“ ကိုင်းဗျာ...ခင်ဗျားပြောတာကတော့ ဟုတ်ပါပြီ ခင်ဗျာ့ရွာရောက်အောင် တစ်ညနဲ့နှစ်ရက် ခြေလျင်ကြိတ်ရတာတော့ မနိပ်ပါကလား ” လို့ နိုင်ပေါက်ကိုဖိတွယ်မှပဲ ပါတောပိတ်တော့တာကလား...

ဟုတ်သလေဗျာ...ချင်းတောင်ဆိုတာ အင်မတန်မှ သွားရေးလာရေးခက်တာကိုး...ဟိုးအရင်ကဆိုရင် ချင်းပြည်တက်ဖို့ စစ်တပ်သုံး TE ကားကြီးတွေနဲ့ သွားကြရတာဆိုပဲ...အခုရောဘယ်လိုလည်းလို့မေးရင် ထူးမခြားနားလို့ပဲ ပြောရင်ကောင်းမယ်ထင်ပါရဲ့...မုံရွာကနေ ကျောက်ထုဘက်အထိ ကားလမ်းကြီးဖောက်ထားလိုက်တော့ အရင်ကထက်တော့ သွားလမ်းသာမှာပေါ့လေ...သို့ပေမင့် သူရို့ချင်းရွာဆိုတာက ဟိုတောင် သည်တောင်တွေပေါ်မှာ တည်ထားကြတာဆိုတော့ မြို့ပေါ်ကနေ ရွာအရောက်တော့ လျှောက်ပေဦးရော့ တညောင်းဆိုတာမျိုးချည်း...

တကယ်တွေးကြည့်ရင် ချင်းလူမျိုးတွေခမျာ သနားစရာ...သွားရေးလာရေး ခက်လိုက်ပုံများကတော့ တစ်နယ်နဲ့တစ်နယ် စကားမပေါက်တာကိုပဲကြည့်ပေရော့...မင်းတပ်ချင်းက စကားတစ်မျိုး မတူပီချင်းက တစ်ဘာသာ...ကျန်တာတွေကလည်း မူကွဲတွေဆိုတော့ ဘာသာစကားကို အမျိုးစုံနေရော...သွားရေးလာရေး ခက်ခဲတော့ ဆရာဝန်ဆိုတဲ့ သတ္တ၀ါကလည်း ချင်းတောင်ဟေ့ဆိုရင် သိပ်မသွားချင်...ကျောင်းဆရာဆိုတဲ့ ငတိကလည်း ချင်းတောင်တန်းလား နိုးနိုး ဆိုတာတွေချည်း...ကြာတော့လည်း တောင်ပေါ်သား ချင်းကလေးတွေခမျာ စာမတတ်ပေမတတ်ကလေးတွေချည်း ဖြစ်ကုန်ကြရော...အထိုက်အလျောက်ကလေး ကျောင်းနေဖူးတဲ့ ချင်းကလေးတွေလည်း အရွယ်ရောက်ရင် တပ်ထဲဝင်ကြ...ခက်တာက စစ်တပ်ဆိုတာကလည်း ပညာအရည်အချင်းက လိုပြန်တာမို့ ရာထူးရာခံကြီးကြီးရဖို့ဆိုတာကလည်း သိပ်မလွယ်...တိုက်ရည်ခိုက်ရည် ဘယ်လောက်ပဲ ပြည့်ဝပြည့်ဝ အတန်းပညာနည်းပြီဆိုမှဖြင့် တပ်ကြပ်ကြီးဘ၀လောက်နဲ့ အရိုးထုတ်ကြရတာတွေချည်း...ဦးဟန်ကြည်ရဲ့ ယောက်ဖကြီး မြေပြန့်ပေါက်ချင်းခမျာ စစ်သက် ၁၀နှစ်ကို အတော်ကြီးကျော်မှ ဒုအရာခံဗိုလ်ဆိုတာလေး ဖြစ်တာကိုပဲ ကြည့်ပေရော့...

ပြည်နယ်ပြည်မ ပြဿနာတွေ ဆွေးနွေးကြတော့ ချင်းတွေက တစ်ခုတောင်းသတဲ့...သူရို့တွေဟာ ပြည်မနဲ့ အတူနေပါ့မယ်...သူရို့ကို ကျောင်းတွေဆောက်ပေးပါ လမ်းတွေဖောက်ပေးပါလို့ တောင်းကြသတဲ့...လွတ်လပ်ရေးရပြီးတာ နှစ်ပေါင်းအတော်ကြာလာပြီဖြစ်တဲ့ သည်ဘက်ခေတ်အထိ သူရို့လိုအပ်တာတွေ ဘယ်သူကမှ ဂရုတစိုက် ဖြည့်ပေးတာ သတိမထားမိပေါင်ဗျာ...သည်တော့လည်း အခုအချိန်အထိ နတ်စားတဲ့ ချင်းတွေ ရှိနေသေးတာ အဆန်းမဟုတ်ပေဘူးပေါ့...တိုးတက်ချင်တဲ့ ချင်းလူငယ်တွေကျတော့လည်း သူရို့ဒေသမှာ တိုးတက်အောင် ကြိုးစားဖို့ မလွယ်လေတော့ ဟိုနိုင်ငံထွက် သည်နိုင်ငံထွက်နဲ့ အလုပ်လုပ်ကြရပါလေရော...တကယ်တမ်းတွက်ကြည့်မယ်ဆိုရင် မြန်မာပြည်တစ်ပြည်လုံးမှာ အငြိမ်းချမ်းဆုံးပြည်နယ်ဆိုတာ ချင်းပြည်နယ်တစ်ခုတည်း ရှိတာကလား...ခက်တာက ဘယ်လောက်ပဲငြိမ်းချမ်းတယ်ပြောပြော တိုးတက်မှုဆိုတာက သည်အတိုင်းဖြစ်လာတာမှ မဟုတ်ဘဲကိုး...တိုးတက်အောင် ကြိုးစားကြမှ ၀ိုင်းဝန်းပံ့ပိုးပေးကြမှ တိုးတက်တော့မပေါ့...

ပြည်နယ်မှ ကျန်ရစ်ခဲ့တဲ့ ချင်းတွေခမျာ နိုင်ငံခြားထွက်သွားတဲ့ ချင်းတွေပြန်လာကြရင် ပညာတွေသယ်လာနိုးနိုး ဆေးဝါးတွေ သယ်လာနိုးနိုးနဲ့ မျှော်မောကြီးတွေဖြစ်လို့...သို့ပေမင့် တောင်ပေါ်ကဆင်းပဟဲ့ဆိုတာနဲ့ တောင်ပေါ်ပြန်တက်ဖြစ်ဖို့ဆိုတာ သိပ်မလွယ်တော့ဘူးကိုး...ဟိုကြိုးနဲ့ငြိ သည်ကြိုးနဲ့တွယ်ဖြစ်ကုန်ကြပြီး ချင်းပြည်မပြန်နိုင်ကြတော့တာ ယောက္ခမကြီးက အစ...

ချင်းတိုင်းရင်းသားနေ့ကို သတိထားလိုက်မိလို့ ချင်းတွေအကြောင်း မီးခိုးကြွက်လျှောက်စဉ်းစားလိုက်ပြန်တော့လည်း အိမ်ထောင်သက် ဆယ်နှစ်ကျော်လာတဲ့အထိ မဒမ်ကြည့်ပါးစပ်ကပြောပြီး လက်တွေ့တစ်ခါမှ ချက်မကျွေးဖူးသေးတဲ့ “ ချာမူပသီး ” ဆိုတဲ့ ချင်းဟင်းတစ်မျိုးကို ကိုယ်စိတ်ထင်သလို တွေးပြီး အရသာခံနေရတာကလည်း ဖီလင်တစ်မျိုးပေါ့ဗျာ...

အင်း မဒမ်ကြည်ချက်ကျွေးမဲ့ ချာမူပသီးကလည်း ဆရာမင်းလူရဲ့ ဇာတ်လိုက်ကျော် ပတေး ချက်မယ့် “ အိလျာနိပလောင် ” ဆိုတဲ့ ဟင်းကြီးနဲ့ နင်လားငါလား ထင်ပါရဲ့...း)။ ။

Tuesday, 18 February 2014

“ မရွှင်ပြုံး . . . ”


မရွှင်ပြုံးဆိုတာ ဦးဟန်ကြည်နဲ့ ဆွေရိပ်မျိုးရိပ်မကင်းတဲ့ အညာကျေးလက်သူကြီးပါ...


ဦးဟန်ကြည် အညာမြေကနေ မခွာခင် လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်ကလည်း သည်အရွယ် မနှစ်နွေပိုင်းက အညာကိုအလည်တစ်ခေါက်ပြန်ရောက်တော့လည်း သည်အရွယ်အတိုင်းလိုပဲ ပြန်တွေ့ရပြန်တာမို့ အရွယ်အတော် တင်လှချည့်လို့ မုဒိတာ ပွားယူခဲ့ရပါတယ်။ ခပ်ငယ်ငယ်က ခေါ်နေကျအတိုင်း နှုတ်ကျိုးနေတာမို့ မရွှင်ပြုံးလို့ပဲ ခေါ်ဖြစ်နေပေမယ့် အသက် ခြောက်ဆယ်နားကပ်နေပါပြီ။ ဒါပေမယ့် မရွှင်ပြုံးကတော့ အရင်အတိုင်း ရွှင်မြဲ ပြုံးမြဲပါပဲ။

အမိုးမလုံ ထရံဟောင်းလောင်းနဲ့ ဟောင်းနွမ်းအိုမင်းတဲ့ မြေစိုက်အိမ်ကလေးမှာနေပြီး ဆင်းရဲနုံချာတဲ့ စားဝတ်နေရေးပြဿနာတွေ ကြုံနေရပေမယ့်လည်း မရွှင်ပြုံးကတော့ ရွှင်မြဲ ပြုံးမြဲပါပဲ။ အားကျပါဘိဗျာ။



ဦးဟန်ကြည်တို့ အထက်အညာဒေသဆိုတာက ပြောစမှတ်တစ်ခုတွင်သွားရင် သားစဉ်မြေးဆက် ပြောမဆုံးပေါင် တောသုံးထောင်ဖြစ်ကျန်ရစ်တာ ထုံးစံတစ်ခု။ အနှီမရွှင်ပြုံးကလည်း ရာဇ၀င်နဲ့ကိုး။

မရွှင်ပြုံး အပျိုအရွယ်တုန်းကပေါ့လေ...
သူရို့အိမ်ကို လူပျိုကာလသားတစ်ယောက် အလည်လာတော့ မရွှင်ပြုံးတို့ညီအစ်မနှစ်ယောက်က ကွမ်း ဆေး လက်ဖက် ရှိတာလေးတွေ ထုတ်ဧည့်ခံပြီး စကားစမြည် ပြောဆိုနေကြသတဲ့။ ခဏကြာတော့ အစ်မဖြစ်သူက မနေနိုင်မထိုင်နိုင် လေပုန်းတစ်ချက် လွှတ်လိုက်ပါလေရော။ စားပွဲခြားနေတဲ့ ကာလသားဧည့်သည်က သတိမထားလိုက်မိပေမယ့် အစ်မဘေးမှာကပ်ထိုင်နေတဲ့ မရွှင်ပြုံးက အသံရော အနံ့ပါ သတိထားလိုက်မိလေတော့ မျက်လုံးပြူးမျက်ဆံပြူးပေါ့လေ။

အချိန်တန်လို့ ဧည့်သည်လည်းပြန်သွားရော မရွှင်ပြုံးက သူ့အစ်မကို စိတ်ဆိုးမာန်ဆိုးနဲ့-
အစ်မရယ် အပျိုလေးတန်မယ့် ဧည့်သည်ရှေ့မှာ e ပေါက်ရတယ်လို့...နင်မို့ မရှက်ဟယ်...ငါ့မှာ ဧည့်သည်ရှူမိမှာ အားနာလို့ တစ်ယောက်တည်း ရှူလိုက်ရတာ မောလို့... ” လို့ ရန်ထောင်ပါလေရောတဲ့ဗျား...

သူ့စိတ်ကူးနဲ့သူကတော့ ဟုတ်နေတာပဲကိုး။ သူ့အစ်မ လေလည်လိုက်တဲ့အနံ့တွေကို သူအကုန်ရှူပစ်လိုက်ရင် ဧည့်သည်ဆီကို အနံ့မရောက်တော့ဘူးလို့ ထင်ရှာတဲ့ မရွှင်ပြုံးတို့ ရိုးချက် အားနာတတ်ချက်ကတော့ ပြောစမှတ်ကို ဖြစ်ရော။

မရွှင်ပြုံးရာဇ၀င်က သည်လောက်နဲ့ ဘယ်ကုန်လိမ့်တုန်း။ သားဦးကလေး ရန်မင်းအောင်ကို မွေးတော့ ကလေးက သူငယ်နာမစင်ဘဲ ဖြစ်နေရော။ ရွာထဲက လူကြီးသူမတွေက “ ဟဲ့ ရွှင်ပြုံး...ကလေးကို သူငယ်နာကင်းအောင် ကျီးကန်းသားကို မီးကင်ပြီး ကျွေးဟဲ့... ” လို့ အကြံပေးကြတယ်ဆိုကိုး။

အနှီမှာတင် မရွှင်ပြုံးက “ အလိုတော် ကျွေးချင်ပါဘူး...ကျီးကန်းသားဆိုတာ မြေအောင်းသားကြီး...တော်ကြာ ကလေး တက်ချက်နေပါဦးမယ်... ” လို့ ပြန်ပြောပါသတဲ့ဗျား။

မရွှင်ပြုံးတို့ လုပ်လိုက်မှဖြင့် ကောင်းကင်မှာ ပျံနေတဲ့ ကျီးခမျာ တွင်းအောင်း သတ္တ၀ါကို ဖြစ်လို့း)။

ဦးဟန်ကြည် အညာကို အလည်ပြန်ရောက်လို့ မရွှင်ပြုံးဆီ ခဏ၀င်တော့လည်း အရင်လိုပဲ တဟီးဟီး တဟားဟားနဲ့ ရယ်လိုက်မောလိုက် ပျော်ပျော်ရွှင်ရွှင် ပြန်တွေ့ရတုန်းပါပဲ။ ဘာမှလည်း များများစားစားမသိ ဘာအပူအပင်မှလည်းမရှိ ရတာလေးစား ရှိတာလေးဝတ်ပြီး ဘ၀ကို ပျော်ပျော်ကြီး ဖြတ်သန်းနေတဲ့ မရွှင်ပြုံးကို ကြည့်ပြီး တာဝန်တွေ သောကတွေ ဖိစီးနေရတဲ့ ဦးဟန်ကြည်ရင်ထဲမှာ အားကျစိတ်တွေက တဖွားဖွား။

ဦးဟန်ကြည်က အညာကျေးလက်သူ မရွှင်ပြုံးထက် ငွေကြေး ပညာ အစစအရာရာ သာလွန်ကြွယ်ဝတယ်ဆိုပေမယ့် တကယ်တန်းတော့ မရွှင်ပြုံးကမှ သူဌေးအစစ်။ တပ်မက်တောင့်တမှု ဘာတစ်ခုမှ မရှိတဲ့ မရွှင်ပြုံးလောက် ချမ်းသာတဲ့လူ ဘယ်သူရှိမလဲလေ။ မရွှင်ပြုံးကမှ ပညာတတ်အစစ်။ ဘ၀ကို ဘယ်လို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းရမလဲ၊ ဘယ်လို ရယ်မောရမလဲဆိုတာကို သိတဲ့လူလောက် ပညာတတ်တာ ဘယ်သူရှိလိမ့်မလဲလေ။

လေးစားပါတယ် မရွှင်ပြုံး။ နောင်နှစ်ပေါင်းများစွာအထိ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ...။ ။


( ဖဦးထုပ်ရွာမှာ ရွာလည်နေဖြစ်တာမို့ ဘကုန်းရွာဘက် မရောက်ဖြစ်တာ အတော်ကြာနေပါပြီ။ သည်ရက်ပတ်အတွင်းမှာ သူကြီးမင်း ကိုကိုမောင်ကလည်း ပို့စ်တစ်တန် လူတစ်တန်နဲ့ ကလိသလို အန်တီတင့်ကလည်း ဘကုန်းရွာမှာ နေကြရေး စည်းရုံးရေးတွေ တွင်တွင်လုပ်နေပြန်တော့လည်း သည်ကရှေ့လျှောက်တော့ ဘကုန်းရွာမှာပဲ ပျော်ပျော်ကြီး သီတင်းသုံးလိုက်ပါတော့မဗျား...း)

ကြိုက်ရင်ပေါ့လေ . . .