Saturday 23 April 2011

နေပြည်တော်သွား တောလား(၁)

တစ်နှစ်တာပတ်လုံး 
အလုပ်ပြီးရင်း အလုပ်လုပ်နေခဲ့ရတာကြောင့် နွေရာသီကျောင်းပိတ်ရက်မှာ အပန်းဖြေခရီးထွက်ဖို့ စိတ်ကူးထားခဲ့တာ နှစ်သစ်ကူးချိန်လောက်ကတည်းကပါ။ ဆယ်တန်းစာမေးပွဲပြီးပြီးချင်း ခရီးထွက်ဖို့ စိတ်ကူးခဲ့သေးပေမယ့် သင်္ကြန်ရက်ပါပါအောင် ခရီးသွားချင်တာကြောင့် မတ်လကုန် ဧပြီလဆန်းလောက်မှပဲ ခရီးစထွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဒါကြောင့်ပဲ
မတ်လ ၂၈ ရက်နေ့ မနက် ၈ နာရီခွဲမှာ အိမ်ကနေထွက်ပြီး ရန်ကုန်သွားမယ့် အဝေးပြေးကားပေါ် ရောက်ပါတယ်။ တစ်နေ့နဲ့ တစ်ညလုံးလုံး ကားစီးပြီး ရန်ကုန်ကို မနက် ၂ နာရီကျော်ကျော်မှာ ရောက်သွားပါတယ်။ ရောက်တဲ့အချိန်က စောနေတာကြောင့် တောင်ဥက္ကလာ အဝေးပြေးကားကွင်းက မဖွင့်သေးပါ။ ဒါကြောင့် ကားဝင်းနဲ့ မနီးမဝေးက လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ထိုင်ပြီး ကားဝင်းအဖွင့်ကို ထိုင်စောင့်ရပါတော့တယ်။ တစ်ညလုံးမအိပ်ရတာကြောင့် အိပ်ငိုက်နေပေမယ့် လက်ဖက်ရည်ဆိုင်က ထိုင်ခုံပုလေးပေါ်မှာပဲ ထိုင်ပြီးငိုက်ရတဲ့ ဒုက္ခက မသေးပါ။ ဒီကြားထဲမှာ ရာသီဥတုက ဖောက်ပြန်ပြီး ခိုက်ခိုက်တုန်အောင် အေးနေပါသေးတယ်။ ရန်ကုန်မြို့ကြီးကလည်း မီးရောင်လေးတွေ မှိတ်တုတ်မှိတ်တုတ်နဲ့မို့ မျက်စိပသာဒ သိပ်မဖြစ်လှပါ။

 


မနက် ၄ နာရီထိုးမှာတော့ ကားဝင်းဖွင့်ပြီမို့ တက်စီတစ်စီးကိုခေါ်ပြီး ကားဝင်းထဲမှာ နေပြည်တော်လက်မှတ် အ၀ယ်တော်ထွက်ရပါတော့တယ်။ နေပြည်တော် - ရန်ကုန် ကားတွေထဲမှာ အကောင်းဆုံးကားတွေက E-Lite နဲ့ JJ ကားလိုင်းက ကားတွေပါ။ ကားတွေက နောက်ဆုံးပေါ်ကားတွေ ဖြစ်သလို E-Lite ကားတွေမှာ အင်တာနက်ပါ သုံးလို့ရအောင် စီစဉ်ပေးထားတယ်လို့ ဂျာနယ်တစ်စောင်မှာတော့ ဖတ်ဖူးပါတယ်။ ဒါပေမယ့် ကိုယ်လက်မှတ်သွားဝယ်တော့ ဒီကားတွေမှာ ဒီနေ့အတွက် လက်မှတ်မကျန်တော့ပါ။ နောက်ရက်မှသွားရင်တော့ လက်မှတ်ရှိသေးပေမယ့် ခရီးတစ်ခုသွားရင် လမ်းမှာတစ်ထောက်မနားဘဲ တစ်ခါတည်း တန်းသွားချင်တဲ့ ကိုယ်ကတော့ ဒီနေ့ထွက်မယ့်ကားနဲ့ လိုက်ဖို့ပဲ အားသန်ပါတယ်။ ဒါကြောင့် ကားဝင်းတစ်ခုလုံး ပြဲပြဲစင်အောင် တက်စီတစ်စီးနဲ့ လက်မှတ်ရှာပုံတော် ဖွင့်ရပါတော့တယ်။

နေပြည်တော်ကားတွေက တစ်နေ့ကို နှစ်ချိန်ထွက်ပါတယ်။ မနက် ၆ နာရီဝန်းကျင်မှာ တစ်စီးထွက်ပြီး ညနေပိုင်းမှာ တစ်စီးထွက်ကြတာပါ။ ကားခကသိပ်မများပါ။ ၆၅၀၀ ၀န်းကျင်ပဲ ရှိပါတယ်။ နာရီဝက်လောက် လှည့်ပတ်ရှာအပြီးမှာ မနက်၆နာရီထွက်မယ့် ကားတစ်စီးမှာ လက်မှတ်ဝယ်လို့ရတာကြောင့် အဆင်သင့်ဖြစ်သွားပါတယ်။ တက်စီခလည်း ၃၀၀၀ ပြောင်သွားပါတယ်။ အခုကားက အမြန်လမ်းက မဟုတ်ဘဲ ပတ်သွားမယ့်ကားလို့ ပြောပါတယ်။ ဒါပေမယ့် နေပြည်တော်ကို တစ်ခါမှမရောက်ဖူးတာမို့ အမြန်လမ်းရော၊ ပတ်လမ်းရော တစ်ခုမှမသိတဲ့ ကိုယ်ကတော့ နေပြည်တော်ကားပေါ်ရောက်ရင် ကိစ္စပြီးပြီလို့ ယူဆပြီး လက်မှတ်ဝယ်လိုက်ပါတယ်။ အမြန်လမ်းဆိုတာ ရန်ကုန် - နေပြည်တော် အဝေးပြေးလမ်းမကြီးကိုခေါ်ပြီး ၆ နာရီသာသာလောက်မောင်းရင် နေပြည်တော်ကိုရောက်မှန်း၊ ပတ်လမ်းဆိုတာ ရထားလမ်းအတိုင်း ပဲခူး၊ ညောင်လေးပင်၊ မဒေါက်၊ တောင်ငူ၊ ရေတာရှည်စတဲ့ မြို့တွေအတိုင်းမောင်းပြီး တစ်နေကုန်တစ်နေခမ်း မောင်းရမှန်းသိရင် ဒီကားလက်မှတ်ကို ၀ယ်မှာမဟုတ်ပါ။
 
ဘုမသိ၊ ဘမသိပဲ အမြန်သွားချင်ဇောနဲ့ ကားလက်မှတ်ဝယ်မိတာကြောင့် မနက် ၆ နာရီကနေ ညနေ ၅ နာရီခွဲအထိ တပင်တပန်းကားစီးရပါတော့တယ်။ ကားကလည်း အရင်ခေတ်က စာပို့ရထားများလို တစ်မြို့ဝင်လိုက် ခရီးသည်တင်လိုက်၊ ကုန်တင်လိုက် လုပ်နေတာမို့ စိတ်ညစ်စရာကောင်းလောက်အောင် ကြာပါတယ်။ ဒီကြားထဲမှာ မနက် ၁၁ နာရီထိုးမှ ထမင်းစားနားပေးတာကြောင့် တစ်လမ်းလုံး အူတွေလိမ်နေအောင် ဗိုက်ဆာပါတော့တယ်။ ခရီးသည်တွေ ဆင်းလိုက်တက်လိုက် လုပ်နေတာကြောင့် လမ်းတစ်လျှောက်လုံးလည်း ကောင်းကောင်းမအိပ်ရတော့ပါ။ ပထမညကလည်း မအိပ်ရသလို ဒီညလည်း မအိပ်ရရုံသာမက ရေလည်းမချိုးရ အ၀တ်လည်းမလဲရတာကြောင့် လူတစ်ကိုယ်လုံး ညစ်ပတ်နံစော်ပြီး လူရုပ်လည်း မပီချင်တော့ပါ။ ဘာပဲဖြစ်ဖြစ် အပန်းဖြေခရီးထွက်တာမို့ ဖြစ်သမျှအကြောင်း အကောင်းလို့ယူဆပြီး အားလုံးကို ပေယျာလကံပြုရပါတော့တယ်။ ဒီကြားထဲမှာ ဆက်ဆံရေးညံ့သလို လမ်းစီးခရီးသည်တွေပေါ်မှာ မတန်တဆကားခ တောင်းတဲ့ကားစပယ်ယာကိုလည်း သည်းခံရပါသေးရဲ့။




တစ်လမ်းလုံး ကျဉ်းခဲ့တဲ့ကားလမ်းက နေပြည်တော်လမ်းခွဲကစလို့ ဧရာမလမ်းကျယ်ကြီးတွေ ဖြစ်လာပါတော့တယ်။ ဒါပေမယ့် ပတ်ဝန်းကျင်မှာ သစ်ပင်ကြီးကြီးမားမား တစ်ပင်မှ မမြင်ရပါ။ ကားပေါ်က မြင်ရတဲ့ မြင်ကွင်းကတော့ တကယ့်အပူပိုင်းဒေသရဲ့ မြင်ကွင်းစစ်စစ်တွေပဲ ဖြစ်နေပါတော့တယ်။ ညနေ ၅ နာရီခွဲမှာ နေပြည်တော် မြို့မဈေးကိုရောက်ပြီး ကိုယ်တို့ကိုလာကြိုတဲ့ အိမ်ရှင်မရဲ့ ညီမဖြစ်သူနဲ့ဆုံပြီး သူ့အိမ်ကို လိုက်သွားရပါတယ်။ သူတို့တိုက်ခန်းက နေပြည်တော် ညွှန်မှူးရပ်ကွက်မှာပါ။ မီးအမြဲရတဲ့ဒေသမို့ အဲကွန်းတွေဘာတွေနဲ့ ကောင်းကောင်းမွန်မွန်လုပ်ပေးထားတဲ့ ၀န်ထမ်းအိမ်ယာတွေဖြစ်ပါတယ်။

 

ခယ်မဖြစ်သူက ကိုယ်တို့အတွက် ပျဉ်းမနားက တည်းခိုခန်းမှာ အခန်းမှာပေးထားတာကြောင့် ည ၇ နာရီလောက်မှာ နေပြည်တော်ကနေ ပျဉ်းမနားကို ၁နာရီခွဲလောက်ကြာအောင် ဆိုင်ကယ်နဲ့သွားရပါတယ်။ တည်းခိုခန်းကိုရောက်တဲ့အခါမှာတော့ ခရီးသွားရင် မှတ်ပုံတင်ဆောင်သွားလေ့မရှဘဲ တွေ့ကရာ ကဒ်ပဲထည့်သွားလေ့ရှိတဲ့ ဦးဟန်ကြည်တစ်ယောက် ဒုက္ခရောက်ပါတော့တယ်။ မြန်မာတစ်ပြည်လုံးက တည်းခိုခန်းတွေမှာ လင်မယားနှစ်ယောက်တည်းရင် မှတ်ပုံတင်တစ်ခုပါရုံနဲ့ လုံလောက်ပေမယ့် ဒီဒေသမှာတော့ လူတိုင်းရဲ့မှတ်ပုံတင် ပါမှပဲ တည်းလို့ရပါသတဲ့။ ၀န်ထမ်းကဒ်တောင် လက်သင့်မခံပါ။ ဒီရက်ပတ်မှာ အထူးစီမံချက်အနေနဲ့ တည်းခိုခန်းတွေ၊ ဟိုတယ်တွေမှာ မကြာမကြာဝင်စစ်နေတာကြောင့်ပါတဲ့။ နတ်သမီးပပျောက်ရေးစီမံချက်လုပ်နေတယ်လို့တော့ ခရီးမသွားခင်က အွန်လိုင်းပေါ်က သတင်းတစ်ခုမှာ ဖတ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ကိုယ်ကလည်း ခပ်ပေါ့ပေါ့ပဲ သဘောထားလိုက်မိတာပါ။ တပင်တပန်းသင်ထားရတဲ့ ပညာတွေဟာ ဒီကဒ်ကလေးတစ်ခုလောက်တောင် အသုံးမ၀င်၊ တန်ဖိုးထားမခံရမှန်း သိလိုက်ရတော့ တော်တော်လေးဝမ်းနည်းမိသလို၊ တော်တော်ကြီးလည်း စိတ်တိုမိပါတော့တယ်။


နောက်ဆုံးတော့ ကိုယ့်စိတ်ကိုယ်ဖြေရင်း နေပြည်တော်က စည်ပင်သာယာဧည့်ရိပ်သာမှာပဲ အခန်းတစ်ခန်းငှားပြီး အဲကွန်းမပါဘာမပါတဲ့ အစိုးရရိပ်သာမှာ ရှေးဟောင်းပန်ကာရဲ့ မြည်သံတ၀ီဝီကို နားထောင်ရင်း နေပြည်တော် ပထမညကို စိတ်ရောကိုယ်ပါ တပင်တပန်းနဲ့ စတင်လိုက်ရပါတော့တယ်။     ။

2 comments:

Anonymous said...

ဆ၇ာရေ ခ၇ီးသွားမှတ်တမ်းက မြန်မာတွေအတွက် LONELY PLANET လို ဂိုက်ဘုတ်မ၇ှိသေးတာကြောင့် ဒီလို ခရီးသွားမှတ်တမ်းတွေကိုဖတ်ရင်း ပဲ မှတ်သားရတာမို့ အရမ်းကိုစိတ်ဝင်စားပါတယ်
ခင်မင်လျက်
မယ်ဒီ:P

စံပယ်ချို said...

တစ်ခါမှမရောက်ဖူးပါဘူးဒါကြောင့်
စာတွေအားလုံးနဲ့ပုံတွေကိုတစ်ဝကြီးခံစားသွားရလို့
ကျေးဇူးတင်အါတယ်ရှင်။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger