ခရီးစဉ်အကြောင်းရေးမယ့် ပို့စ်တွေကို
ခရီးသွားမှတ်တမ်းလို့ အုပ်စုခွဲထားလိုက်တာကြောင့် မှတ်တမ်းနဲ့တူအောင် နေ့စွဲတွေပါတပ်ပြီးတင်ဖို့ ဆုံးဖြတ်ထားပါတယ်။ နေ့စဉ်မှတ်တမ်းအဖြစ် ရေးခဲ့တဲ့ စာတွေကို ပြန်တည်းဖြတ်ပြီး ခရီးသွားလမ်းညွှန်သဘောမျိုးဖြစ်အောင် ရေးသွားဖို့လည်း အားသန်ထားပါတယ်။ ဘာကြောင့်လဲဆိုရင် ကိုယ်တို့မြန်မာစာပေမှာ ခရီးသွားမှတ်တမ်းစာပေရှိသလို မြန်မာဘုရင်တွေခေတ်ကတည်းကလည်း ပညာရှိတွေ၊ စာဆိုတော်တွေက ရေးခဲ့ကြပါတယ်။ ဒါပေမယ့် ဒီမှတ်တမ်းတွေဟာ မှတ်တမ်းသက်သက်သာဖြစ်ပြီး ခရီးသွားချင်သူတွေအတွက် ခရီးသွားလမ်းညွှန်တော့ မဖြစ်ခဲ့ပါ။ ဒါကြောင့် ကိုယ်သွားခဲ့တဲ့ခရီးစဉ်အကြောင်း ရေးရာမှာ မှတ်တမ်းသဘောမျိုးပါသလို အဲဒီဒေသတွေကို သွားမယ့်ခရီးသည်တွေအတွက် လမ်းညွှန်သဘောမျိုးလည်းဖြစ်အောင် ရေးသွားပါမယ်။
ကဲ...နေပြည်တော်ခရီးစဉ် ပထမရက်ကို ဆက်လိုက်ကြပါစို့လား...
၃၁.၃.၂၀၁၁
(ကြာသပတေးနေ့)
ခရီးစဉ်တစ်လျှောက် နှစ်ညနဲ့နှစ်ရက်လုံးလုံး အနားအရခဲ့ပဲ ပင်ပန်းလွန်းတာကြောင့် ဒီမနက်ပိုင်းမှာ ၁၁ နာရီထိုးမှပဲ အိပ်ရာက ထဖြစ်ပါတော့တယ်။ ရာသီဥတုကလည်း ပူပြင်းလွန်းပါရဲ့။ ကိုယ်တို့တည်းတဲ့ ဧည့်ရိပ်သာက ကျယ်ကျယ်ဝန်းဝန်းရှိလို့သာ ခံသာပါတော့တယ်။ ရေဖောဖောသီသီရလို့လည်း အဆင်ပြေပါတယ်။ ပူလောင်တဲ့ရာသီကို အံတုဖို့ ရေမကြာမကြာ ချိုးပေးရမယ်ထင်ပါရဲ့။
ရေချိုးပြီးတော့ ခယ်မဖြစ်သူရဲ့အိမ်ကိုသွားပြီး မနက်စာစားကြရပါတယ်။ ကိုယ်က ဒေသတစ်ခုရောက်ရင် ကြုံတဲ့ဆိုင်မှာ စားချင်ပေမယ့် သူကချက်ပြုတ်ထားတာကြောင့် သွားစားရပါတော့တယ်။ ခရီးကလည်း အင်မတန်ဝေးလွန်းပါရဲ့။ ဆိုင်ကယ်အပြင်းမောင်းတာတောင် ၄၅ မိနစ်သာသာ မောင်းရပါတယ်။ လမ်းတလျှောက်လုံးမှာ အပင်မရှိတဲ့အပြင် လမ်းကြီးတွေက ကျယ်တာကြောင့် ပိုပင်ပန်းသလိုပါ။ လမ်းကျယ်ပေမယ့် ကားအရေအတွက် များများစားစားမတွေ့ရပါ။ ဆိုင်ကယ်ကလည်း ပြောလောက်အောင် များများစားစားရှိတာမဟုတ်ပါ။ ဒါတောင်မှ ဘယ်ကိုပဲကြည့်ကြည့် ရှစ်လမ်းသွားလမ်းကျယ်ကြီးတွေ ဖောက်ထားတော့ တောသာသာဒီဒေသနဲ့ မအပ်စပ်ဘူးလို့ ထင်မိပါတယ်။ တကယ်တော့ နေပြည်တော်ဆိုတာ မြို့ယောင်ဆောင်ထားတဲ့ တောပါပဲ။
ခယ်မအိမ်မှာ ထမင်းစားပြီး ခဏနားပါတယ်။ ညနေ ၂ နာရီလောက်မှာ နေပြည်တော် Junction Center ကို သွားကြပါတယ်။ လမ်းရိုးကသွားရင် ဝေးနေမှာစိုးတာကြောင့် ခေါ်လာတဲ့ဆိုင်ကယ် တက်စီသမားက တောလမ်း(ဖြတ်လမ်း)ကနေ ဦးဆောင်ပြီးသွားပါတယ်။ ဒါပေမယ့် မိနစ်နှစ်ဆယ်သာသာလောက်တော့ သွားရပါသေးတယ်။ လမ်းတစ်လျှောက်က မြေကွက်ကျယ်ကြီးတွေမှာ အဆောက်အဦဧရာမကြီးတွေ ဆောက်နေတာမြင်ရပါတယ်။ ဘာတွေဆောက်နေမှန်းမသိတာကြောင့် ဓာတ်ပုံမရိုက်ခဲ့ဖြစ်ပါ။
နေပြည်တော် Junction က သုံးထပ်အဆောက်အဦကြီးပါ။ ထုနဲ့ထည်နဲ့ဆောက်ထားတဲ့ အဆောက်အဦကြီး ဖြစ်ပါတယ်။ ဖွင့်တာလည်း သိပ်မကြာသေးပါ။ ခရီးမထွက်ခင်လေးတင် မြ၀တီရုပ်သံမှာ အင်တာဗျူးသဘောမျိုးရိုက်ပြတာ ကြည့်ခဲ့ရပါသေးတယ်။ အောက်ထပ်ဝင်ဝင်ချင်းတွေ့ရတဲ့ အခန်းကျယ်ကြီးမှာ လူသုံးကုန်နဲ့ အစားအသောက်တွေ ရောင်းပါတယ်။ ပစ္စည်းအများစု(အားလုံးနီးပါးပါ)ကတော့ တရုတ်ပစ္စည်းတွေပါ။ ဈေးလာဝယ်တဲ့သူအများစုကလည်း ဒီဘက်နယ်က တောသူတောင်သားတွေပါပဲ။ အရည်အသွေးထက် ဈေးပေါတာကို ကြိုက်တတ်တဲ့ မြန်မာ့စိတ်ရင်းနဲ့ ကိုက်အောင် ဈေးပေါတဲ့ တရုတ်ပစ္စည်းတွေပဲ ရောင်းတာဖြစ်ပါလိမ့်မယ်။ တရုတ်ဆိုင်ကယ်တွေ လိုင်စင်နဲ့အပြီးအစီး ၇သိန်းကျော်ကျော်ဈေးကပ်ပြီး ရောင်းနေတာလည်း တွေ့ခဲ့ပါတယ်။ ဓာတ်ပုံရိုက်ချင်ပေမယ့် ရိုက်ခွင့်မရှိတာကြောင့် မရိုက်ဖြစ်တော့ပါ။
ကောင်တာတစ်ခုမှာ နက်ခ်တိုင်တွေရောင်းနေလို့ လေးငါးချောင်း ၀ယ်ဖြစ်ပါတယ်။ တစ်ချောင်းကို ၄၀၀၀ ၀န်းကျင်ဈေးနှုန်းကပ်ထားတာမို့ ဈေးသက်သာလွန်းနေတာကြောင့် အရောင်းစာရေးကို မြန်မာငွေနဲ့လားလို့ မေးယူရပါသေးတယ်။ အရောင်းစာရေးကတော့ ကိုယ့်ကို လူထူးလူဆန်းလို့ ထင်ချင်ထင်သွားနိုင်ပါရဲ့။ အမျိုးသမီးကိုင်လက်ကိုင်အိတ်လေးတွေက တစ်အိတ်မှ မြန်မာငွေ ၁၀၀၀ ပါ။ ကောင်းမကောင်း မသေချာပေမယ့် ဒီဈေးနဲ့ပစ္စည်းတစ်ခုရတာ အံ့သြတာကြောင့် တစ်ခုဝယ်ခဲ့ပါသေးတယ်။
ဒီအခန်းကျယ်ကြီးရဲ့ဘယ်ဘက်မှာ အပေါ်ထပ်ကိုတက်တဲ့ စက်လှေကားရှိပါတယ်။ စက်လှေကားဘေးမှာ ဆိုင်ခန်းလေးတွေ ရှိပါသေးတယ်။ အများစုကတော့ အထည်ဆိုင်တွေပါ။ စက်လှေကားကနေ အပေါ်တက်သွားတော့ ရုပ်ရှင်ရုံအသေးစားလေး တစ်ရုံနဲ့ Game Center တစ်ခုကိုတွေ့ရပါတယ်။ Game Center က ရန်ကုန်ကလို ငွေကို အကြွေစေ့ Coin လဲပြီး ကစားရပါတယ်။ တစ်စေ့ကို ၁၀၀ ပါ။ ၂၀၀၀ ဖိုးလဲပြီး ခယ်မရဲ့သားတော်မောင်ကို ကစားချင်ရာ ကစားခိုင်းလိုက်ပါတယ်။ ကိုယ့်အိမ်ရှင်မနဲ့ ခယ်မကတော့ ခေါင်းသွားလျှော်ဖို့ ကိုယ်တို့ကိုထားပြီး သွားကြပါတော့တယ်။ ဒီဂိမ်းစက်တွေက ကစားလို့ရှုံးတာနဲ့ ကိုယ့်အကြွေကုန်ပါတော့တယ်။ ထပ်ကစားချင်ရင် နောက်ထပ်ထပ်ထည့်ရပါတယ်။ နှစ်တန်းတက်မယ့် တူတော်မောင်က ကလေးသာသာမို့ ကစားတိုင်းရှုံးနေတာကြောင့် အကြွေစေ့က ခဏတင် ကုန်ပါလေရော။ အိမ်ရှင်မတို့ ပြန်မလာမချင်း အကြွေဝယ်ပေးနေရတာကြောင့် ပိုက်ဆံလဲ တော်တော်ချောပါတော့တယ်။ အရုပ်ကောက်တဲ့စက်ထဲကို အကြွေလေးစေ့ထည့်ပြီး ကောက်ကြည့်ပါသေးတယ်။ သူ့အရုပ်တွေက ကြပ်ညပ်နေအောင် ထည့်ထားတာမို့ တစ်ခါတည်းနဲ့ စိတ်ပျက်ပြီး ထပ်မကစားဖြစ်တော့ပါ။
ခဏကြာတော့ အပြင်ထွက်ပြီး ရုပ်ရှင်ရုံနဲ့တွဲဖွင့်ထားတဲ့ အအေးဆိုင်မှာ အအေးနဲ့ ဟမ်ဘာဂါဝယ်စားကြည့်ပါတယ်။ သူ့ဟမ်ဘာဂါက မာဆတ်ဆတ်နဲ့ နဲနဲမှ စားလို့မကောင်းပါ။ ဘာပဲဖြစ်ဖြစ် ၀ယ်ပြီးသားကို နှမြောတာကြောင့် ကြိတ်မှိတ်ပြီးစားလိုက်ရပါတော့တယ်။ အပေါ်ထပ်ကို လျှောက်ကြည့်တော့ ကလေးကစားစရာဆိုင်တွေနဲ့ အထည်ဆိုင်တွေ ထပ်တွေ့ပါတယ်။ နက်ခ်တိုင်တွေထပ်တွေ့တာကြောင့် ထပ်ဝယ်ဖြစ်ပါသေးတယ်။ ကိုယ်တို့ဆီက ယိုးဒယားနက်ခ်တိုင်တွေက အရည်အသွေးကောင်းသလို ဈေးကလည်းကောင်းတာကြောင့် ထသွားထလာတပ်ဖို့ ဈေးပေါပေါပစ္စည်းလေးတွေ တွေ့တုန်းတွေ့ခိုက် ၀မ်းသာအားရ ၀ယ်မိတာလည်း ပါပါတယ်။
အောက်ထပ်ပြန်ဆင်းပြီး စက်လှေကားရင်းက ယမကာတွေရောင်းတဲ့ဆိုင်မှာ ၀င်ကြည့်ဖြစ်ပါသေးတယ်။ အမျိုးအစားတော်တော်စုံပေမယ့် တန်ဖိုးကြီးကြီးယမကာတွေတော့ သိပ်မတွေ့ရပါ။ ပြည်တွင်းဖြစ် Old Brandy တစ်လုံးဝယ်ဖြစ်ပါတယ်။ ဘာရယ်တော့မဟုတ်ပါ။ ဆိုင်ထဲဝင်ပြီး တစ်ခုခု မ၀ယ်ဘဲပြန်ထွက်ရမှာ အားနာတာကြောင့်ရယ် မြန်မာ Brandy ကိုစိတ်ဝင်စားသလိုလို ရှိတာရယ်ကြောင့် ၀ယ်မိတာပါ။ တစ်ပုလင်းကို မြန်မာကျပ်ငွေ ၉၇၀ ပါတဲ့။ ၁၀၀၀ တန်ပေးလိုက်တော့၂၀ တန် အသစ်ကလေး ပြန်အမ်းပါတယ်။ မမြင်ရတာကြာပြီဖြစ်တဲ့ ငွေစက္ကူသစ်လေးဖြစ်တာမို့ အမှတ်တရ သိမ်းထားလိုက်ပါတယ်။
ညနေ ၆ နာရီလောက်မှာ ခယ်မအိမ်ပြန်ပြီး ထမင်းစားပါတယ်။ ခဏနားပြီး တည်းခိုရိပ်သာပြန်ပြီး အနားယူလိုက်ပါတော့တယ်။ နေပြည်တော် ပထမနေ့ကတော့ ဘယ်မှထွေထွေထူးထူး မသွားဖြစ်တော့ဘဲ အူလည်လည်နဲ့ ကုန်ဆုံးသွားပါရဲ့။ ။
3 comments:
ဟမ်...သူတို့ ယပက်လက်အနီးတိုက်ကလူတွေ တယ်လဲ ကြောင်လျှာသီးတတ်တာ ဝါသနာပါတယ်၊ US မှာတော့ ဘယ်သူ့ကြည့်ကြည့် တီရှပ်နဲ့ ပေါ့ပေါ့ပါးပါးပဲ
တပ်နေကျလူက ရိုးသွားလို့ မတပ်တော့ဘဲ မတတ်ရသေးတဲ့လူက တပ်ချင်တာ သဘာဝမို့ သည်းခံပါ ကိုကျောက်ရာ...
တောယောင်ဆောင်ထားတဲ့မြို့တဲ့လား
ဟိဟိ ပြောတတ်ပါပေ့
ဆာဖရီထဲဝင်ပြီး ခြင်္သေ့ကြီးနဲ့ စကားပြောခဲ့သေးတယ်လားး)
၁လ ၂လပိုင်းတောင် ဒီလောက်ပူတာ ခုချိန်ဆို ဘယ်လိုနေလဲ တွေးကြည့်တာနဲ့တောင် ပူလာတယ်း)
Post a Comment