Wednesday, 27 April 2011

နေပြည်တော်သွား တောလား(၄)

၂.၄.၂၀၁၁
(စနေနေ့)
 ဒီနေ့တော့ မနက်စောစော အိပ်ရာထပြီး ထုံးစံအတိုင်း ထမင်းသွားစားကြပါတယ်။ စားသောက်ပြီးတော့ ဖူးချင်နေတဲ့(တကယ်တော့ သွားစရာနေရာမရှိတော့တာကြောင့်လည်း ပါပါတယ်) နေပြည်တော်က ရွှေတိဂုံ(ဥပါတသန္တိစေတီတော်)ကို သွားကြပါတယ်။ ထုံးစံအတိုင်း ဝေးလွန်းလှတဲ့ တကွေ့တပတ်ခရီးကို နေပူကြဲကြဲမှာ ဆိုင်ကယ်နဲ့ တပင်တပန်းကြီး သွားရပြန်ပါတယ်။ ဘယ်လောက်ပဲပူပါစေ ရောက်မှတော့လည်း သွားသင့်တယ်ထင်တဲ့ နေရာတွေကို သွားကိုသွားရမယ့်တာဝန် ရှိတယ်မဟုတ်ပါလား။ မသွားဖြစ်ခဲ့ပြန်ရင်လည်း လာရ၊ ပင်ပန်းရကျိုး နပ်တော့ မှာမဟုတ်ပါ။

ဆိုင်ကယ်နဲ့ နာရီဝက်ကျော်ကျော်သွားပြီးမှ ရွှေတိဂုံကိုရောက်ပါတယ်။ လမ်းမကနေကြည့်ရင် မြင်နေရတာကြောင့် နီးတယ်ထင်ခဲ့မိပေမယ့် တကယ်သွားတော့ ကွေ့ပတ်သွားနေရတာကြောင့် လိုတာထက်ပိုကြာသွားတာပါ။ စေတီတော်က ရန်ကုန်ရွှေတိဂုံနဲ့ တူနိုင်သမျှတော့ တူအောင်တည်ထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ဘယ်လောက်ပဲတူအောင် လုပ်ထားပါစေ အတုအယောင်လို့ စိတ်ထဲမှာ ထင်နေတာက ဆိုးပါတယ်။
 
 
 
 
ကိုယ်တို့ရောက်သွားချိန်မှာ အလှူပေးနေတာနဲ့ ကြုံတာကြောင့် မမြင်ရတာကြာပြီဖြစ်တဲ့ အညာအလှူကိုပါ ဓာတ်ပုံရိုက်ထားမိပါတယ်။ တကယ်တော့ အပေါ်ပူ အောက်ပူ ဒေသကြီးမှာ အပူချိန်အမြင့်ဆုံးဖြစ်တဲ့ ဧပြီလကြီးဖြစ်ပြန်တော့ အလှူပရိသတ်တွေ လိမ်းထားခြယ်ထားလိုက်ကြတဲ့ မိတ်ကပ်တွေထူထူပိန်းပိန်းနဲ့ ဘယ်လောက်များ ၀ဋ်ခံလိုက်ကြမလဲလို့ စဉ်းစားမိပါသေးရဲ့။ ဒါပေမယ့် သူ့အရပ်နဲ့ သူ့ဇာတ်ကတော့လည်း ဟုတ်လို့နေပါသေးတယ်။ ကားတွေဆယ်စီး၊ ဆယ့်ငါးစီးလောက်ပေါ်မှာ ပရိသတ်တွေအပြည့်အသိပ်တင်လို့ ကတဲ့ခုန်တဲ့လူကလည်း အလှူနဲ့လားလားမှ မဆိုင်တဲ့ သီချင်းတွေဖွင့်ပြီး ကနေခုန်နေကြတာ အားရစရာ ကောင်းနေပါတော့တယ်။
 
ဆိုင်ဆိုင်မဆိုင်ဆိုင် တို့ကတော့ ကရရင်ပြီးရော...

ထမ်းစင်မစီး ထီးရိပ်ကယ်ခို...

သူ့အရပ်နဲ့ သူ့ဇာတ်...
 စေတီတော်ခြေရင်းမှာ ဆင်ဖြူတော်ရုံတွေ့ရတာကြောင့် ထူးထူးဆန်းဆန်း ၀င်ကြည့်ဖြစ်ပါသေးတယ်။ ဒီဆင်တွေကတော့ ကိုယ်တို့ဆီမှာ မကြာမကြာ အလေးအမြတ်ပြုပြီး ပြပြနေတဲ့ ဆင်ဖြူတော်တွေပါ။ ဆင်ဖြူနှစ်ကောင်နဲ့ ဆင်မည်းပေါက်စ တစ်ကောင်တွေ့ပါတယ်။ အလှူလှည့်လာကြတဲ့ ပရိသတ်က ဆင်ဖြူတော်ရုံပေါ်တက်ကြတော့ ဖိနပ် တွေချွတ်ကြတာတွေ့တာကြောင့် ကိုယ်တို့လည်း ယောင်ဝါးဝါးနဲ့ ဖိနပ်တွေ ချွတ်ကြပါတယ်။ ဒါပေမယ့် ဖြူရုံမကဘဲ ရွှေရောင်ပေါက်ချင်ပေါက်နေပါစေ တိရစ္ဆာန်ဟာ တိရစ္ဆာန်ပဲမို့ ကိုယ်ကတော့ ခပ်တည်တည်ပဲ ဖိနပ်စီးထားလိုက်ပါတယ်။ ဒါပေမယ့် အကျင့်ပါနေတဲ့ မျက်စိတွေကတော့ သူများတွေကို အကဲခတ်နေမိသေးပါရဲ့။ နောက်ဆုံးမှာ ဆင်ဖြူတော်ဘေး မှာ ထိုင်နေကြတဲ့ ၀န်ထမ်းတွေက ဖိနပ်တွေစီးထားတာမြင်မှ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့် ပြန်ရှိလာတာတော့ ၀န်ခံရပါလိမ့်မယ်။ ဘာလေးပဲမြင်မြင် ဖိနပ်လေးချွတ်ပြီး အရိုအသေပေးချင်တဲ့ ကိုယ့်လူမျိုးနဲ့တော့ မည်းမည်းမြင်သမျှအားလုံးဟာ အရိုအသေပြုခံတွေချည်း ဖြစ်နေပါ တော့တယ်။
 
ဆင်ဖြူတော်မီပြီး ကြံစုပ်မယ်ထင်ပါ့...
 

 
ဆင်ကြည့်ပြီင်္းပြန်တော့ ဘုရားပေါ်တက်ဖူးဖြစ်ပါတယ်။ ရင်ပြင်တော်ကြီးက တော်တော်ကိုကျယ်ကျယ်ဝန်းဝန်း ရှိလှပါရဲ့။ ဒါပေမယ့် ရန်ကုန်ရွှေတိဂုံလို စောင်းတန်းတွေ၊ တန်ဆောင်းတွေ မဆောက်ရသေးတာကြောင့် ပူပူလောင်လောင်ကြီးထဲမှာ နေကာမျက်မှန်တပ်လို့ ကိုယ့်ကိုယ်ကိုညာရင်း ခပ်တည်တည်နဲ့ ကျောက်ပြားပူပူတွေကို နင်းလို့သွားခဲ့ရပါတယ်။ အလှူလာ ပေးကြတဲ့ပရိသတ်ကတော့ ပူလို့ပူမှန်းသိပုံမရဘဲ တပျော်တပါးကြီး ဘုရားကိုပတ်နေကြလေရဲ့။ 
 
ဘုရားပေါ်က လှမ်းမြင်ရတဲ့ ဆင်ဖြူတော်ရုံ...

 
 ဘုရားထဲ ၀င်ဖူုးတော့ တော်တော်လေးခမ်းခမ်းနားနားဖြစ်အောင် တည်ထားတာ သတိထားမိပါတယ်။ မျက်နှာကျက်တွေကအစ ဆေးရေးကနုတ်တွေနဲ့ ကျကျနနလုပ်ထားပါတယ်။ အတွင်းနံရံပတ်လည်မှာ ဘုရားရှင်ရဲ့ဖြစ်တော်စဉ်တွေ သင်္ဃာယနာ တင်တဲ့သမိုင်းကြောင်းတွေကို ရုပ်ကြွကျောက်ဆစ်ကြီးတွေနဲ့ ပူဇော်ထားတာလည်း တွေ့ရပါတယ်။ ဘုရားထဲဝင်လှည့်ပတ် လေ့လာပြီးတာနဲ့ အပြင်ထွက်ပြီး ပူပူလောင်လောင်ကျောက်ပြားတွေပေါ်နင်းလို့ ဓာတ်ပုံလေးဘာလေး ရိုက်ပြီး နေမ၀င်ခင် ရေပန်းဥယျာဉ်ဘက်သွားဖို့ တက်သုတ်ရိုက်ရပြန် ပါတော့တယ်။
 

စေတီတော် အတွင်းပရ၀ုဏ်...

တခမ်းတနား မျက်နှာကြက်တော်...


ရင်ပြင်တော် အကျယ်ကြီး...

 
နေပြည်တော် ရေပန်းဥယျာဉ်ကတော့ နေပြည်တော် ပျဉ်းမနားကားလမ်းမကြီးပေါ်မှာ ရှိပြီး မြို့မဈေးနဲ့လည်း မနီးမဝေးရှိ တာမို့ အပန်းဖြေတဲ့လူများပါတယ်။ ၀င်ကြေးက လူကြီး၃၀၀ ကလေး၂၀၀ဆိုတော့ သိပ်မများပါ။ ကင်မရာခွန်ကလည်း ၁၀၀၀ပဲကျပါတယ်။ ရေပန်းဥယျာဉ်လို့နံမည်တပ်ထားပေမယ့် ရိုးရိုးပန်းဥယျာဉ်နဲ့သိပ်မကွာပါ။ သီချင်းတီးလုံးအလိုက် လှုပ်ရမ်းနေတဲ့ ဂီတရေပန်းတစ်ခုရှိတာကြောင့် ဒီနံမည်တပ်ထားတာ ဖြစ်မယ်ထင်ပါတယ်။ မြေအနေအထားက တောင်ကုန်း၊ ဆင်ခြေလျှောတွေ စသည်ဖြင့် အမျိုးမျိုးရှိနေတာကြောင့် မြက်ခင်းပြင်တွေ ပန်းပင်တွေနဲ့ ပြင်လိုက်ဆင်လိုက်တဲ့အခါ ကြည့်ပျော်ရှုပျော်ရှိတဲ့ ပန်းခြံဖြစ်လာပါတယ်။ ပန်းခြံထဲမှာ ရေတံခွန်ငယ်တစ်ခုတွေ့ရသေးတယ်။ ရေတံခွန်နဲ့ မနီးမဝေးမှာ တော့ ရေကူးကန်ရှိပါတယ်။
ရေပန်းဥယျဉ်ထဲက ကြိုးတံတား...

လူုလုပ်ရေတံခွန်ငယ်...

ဥယျာဉ်ထဲက ရေကူးကန်...

ညပိုင်းရောက်ရင်...
ရေကူးကန်ဆိုပေမယ့် လူကြီးခါးလောက်ပဲနက်တဲ့ အင်္ဂတေကန်ပါ။ ရေဆင်းကူးမယ်ဆိုရင် တစ်ယောက်ကို ၃၀၀ ပေးရပါတယ်။ ဘောကွင်းငှားချင်ရင်တော့ တစ်နာရီကို ၅၀၀ ပါတဲ့။ တူတော်မောင်နှစ်တန်းကျောင်းသားက ရေကူးချင်ပါတယ်ဆိုတာကြောင့် ရေထဲဆင်းဖြစ်ပါတယ်။ ကန်ကြမ်းပြင်က ရေညှိတွေကြောင့် မတ်တပ်ကောင်းကောင်းရပ်လို့မရပါ။ ရေလွှာလျှောစီးချင်ရင် ၅ခါစီး ၁၀၀၀ပေးရပါတယ်။ ကလေးက စီးချင်တယ်ဆိုတာကြောင့် ကိုယ်ပါတက်စီးကြည့်ပါတယ်။ ပေါင် ၁၆၀ ကိုယ့်ခန္ဓာကိုယ်က ဘယ်လိုမှမလျှောဘဲ ဖြစ်နေတာကြောင့် စိတ်ပျက်လက် ပျက်နဲ့ပဲ လျှောစင်ဘေးနခမ်းကို လက်နဲ့တွန်းပြီး ကိုယ့်ဖာသာလျှောချယူရပါတော့တယ်။ သူ့ရေလွှာလျှောက အဲဒီလို အရည်အချင်းကောင်းတွေ ရှိလို့ဖြစ်ပါလိမ့်မယ်။ ဘယ်သူမှလဲ စီးတာမတွေ့ပါ။

ရေကူးကန်ဘေးမှာ သန့်စင်ခန်းတစ်ခုရှိပါတယ်။ ရေကူးကန်က ရေညစ်ပတ်တွေကို မသတီတာကြောင့် သန့်စင်ခန်းမှာ ရေချိုးဖို့ ၃၀၀ ပေးပြီး ၀င်သွားမိပါတယ်။ အထဲမှာ မြင်မြင်သမျှကတော့ မအန်မိအောင် တော်တော်ထိန်းထားရတဲ့ မြင်ကွင်းပါ။ အိမ်သာတွေကလည်း ထုံးစံမပျက် ညစ်ပတ်မြဲညစ်ပတ်လျှက်ပါပဲ။ ရေချိုးဖို့ လုပ်ထားတဲ့ရေပန်းတွေကလည်း ကျိုးတဲ့ဟာကျိုး၊ ပျက်တဲ့ဟာပျက်နေပါပြီ။ သန့်စင်ခန်းကြမ်းပြင်တွေလည်း ပေရေညစ်ပတ်လို့ နေပါသေးရဲ့။ ဒါပေမယ့် ဘာမဆို ဖြစ်သလိုနေ၊ ကြုံသလိုပျော်တတ်တဲ့ ကိုယ့်လူမျိုးတွေကတော့ ပေပေရေရေ ကြမ်းခင်းပေါ်မှာပဲ ဖင်ချထိုင်ရင်း ရေချိုးနေကြလေရဲ့။ သူတို့လိုမချိုးရဲတဲ့ ကိုယ့်မှာတော့ ဘေစင်မှာ မျက်နှာလေးသစ်ရင်း အ၀တ်လဲပြီး ပြန်ထွက်လာရပါတော့တယ်။
 
ဒီလိုကျတော့လည်း အလှသား...

မီးရောင်စုံနဲ့ ရေပန်းတစ်ခု...

ညပိုင်းမှာတော့ လူအများသား...
 ရေပန်းဥယျာဉ်က ညပိုင်းမှာတော့ အပန်းဖြေဖို့ လာကြတဲ့လူတွေနဲ့ စည်ကားလို့နေပါတယ်။ ကျန်တဲ့နေရာတွေက မြို့နဲ့ဝေးလွန်းတာကြောင်းလည်း ဖြစ်မယ်ထင်ပါတယ်။ ညပိုင်း ၁၀ နာရီမှပဲ ပိတ်ပါသတဲ့။

ရေပန်းဥယျာဉ်က ထွက်ခဲ့ပြီးတော့ မြို့မဈေးနားက ကုန်းပေါ်မှာရှိတဲ့ ဆိုင်တန်းတွေဘက်မှာ ညစာစားဖို့ သွားဖြစ်ပါတယ်။ ဆိုင်တွေဆိုင်တွေများပုံက တစ်ဆိုင်နဲ့တစ်ဆိုင် အမိုးချင်းထိမတတ်ပါ။ နံမည်ကြီးလှပါတယ်ဆိုတဲ့ YKKO ကြေးအိုးဆိုင်မှာ စားဖြစ်ပါတယ်။ ဒါပေမယ့် ပြောလောက်အောင် စားမကောင်းပါ။ ကိုယ့်အကြိုက်နဲ့မတူလို့လဲ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ သူ့ဆိုင်က ဆိတ်သားကင်စားကြည့်တာ ချိုရဲနေတော့ ခံတွင်းမစွဲပါ။ ပင်ကိုအရသာပျောက်နေတာတွေ့ရပါတယ်။ လင်မယားနှစ်တွဲ စားကြတာ စာရင်းချုပ်တော့ ၃သောင်းနီးပါးကျပါတယ်။ အင်း ဒါကျတော့လည်း စံချိန်မီပါရဲ့။
စိတ်ကူးမလွဲနဲ့ စားလို့တစက်မှမကောင်း...


ဟုတ်တာမဟုတ်တာ အပထား...
စားသောက်ပြီးတော့ ည၉နာရီခွဲပြီမို့ ကိုယ်တို့တည်းတဲ့ စည်ပင်ရိပ်သာပြန်ပြီး နားလိုက်ပါတယ်။ နေပြည်တော်မှာနေတာ လည်း ၃ရက်ကြာလာပါပြီ။

ခရီးစဉ်တလျှောက်လုံး ရိုက်သမျှဓာတ်ပုံတွေမှာ ကင်မရာက ရက်စွဲမှားနေတာကို သတိမထားမိခဲ့တာကြောင့် ၂၀၁၁ ဖြစ်ရမယ့်အစား ၂၀၁၀ တွေချည်း ဖြစ်နေပါတယ်...

9 comments:

ရသဝတ္ထုတိုရွေးချယ်ခြင်း said...
This comment has been removed by the author.
မြစ်ကျိုးအင်း said...

မီးရောင်တွေနဲ့လင်းလို့ပါလား
ဘယ်နိင်ငံပါလိမ့်း)

Han Kyi said...

မယုံမရှိနဲ့ ကိုမြစ်ရေ...အဲဒါ ကျွန်တော်တို့ ရွှေပြည်ကြီးပါတဲ့ဗျား...

အိမ့်ချမ်းမြေ့ said...

မလေး စာလာဖတ်ပါတယ်။ ဝေမျှလို့ ကျေးဇူးပါရှင်..
တစ်ခါမှတော့ မရောက်ဖူးသေးဘူးတဲ့ .. နေပြည်တော်..

ko 9 said...

ဟဟ..မြန်မာပြည်ကညှစ်ပတ်တာအကျင့်ပါနေလို့ပါ။

နေပူတော်ကျောက် said...

ဘယ်သူ ဘလော့ထဲမလဲ မမှတ်မိဘူး..ykko က နောက်ထဲချက်တဲ့ပြုတ်တဲ့နေရာမှာ တအားညစ်ပတ်တာတွေ့ခဲ့သတဲ့...
ဗမာပြည်အလည်ပြန်ရင် အငတ်ခံနေရတော့မလားမသိဘူး..

ပန်းချီ said...

စာလာဖတ်သွားတဲ့အတွက် ကျေးဇူးအထူးပါရှင်..
တစ်ခမ်းတနားရှိလှတဲ့ နေပြည်တော်ကိုလည်း ရင်သတ်ရှုမောစွာ ငေးသွားပါတယ် :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ရေပန်းဥယျာဉ်က ညဘဲတွေ့ခဲ့ရတော့
နေ့လည်ဘက်ပိုလှတယ်ဆိုတာ ခုမှသိရတယ်။
လှအောင်တော့လုပ်ထားကြသားနော်

Han Kyi said...

သေချာတာပေါ့ ကိုကျောက်ရေ...ကျွန်တော်တို့လူမျိုးက ဒေါင်းမျိုးဗျ...ရှေ့ကကြည့်ရင်လှသလိုလိုရှိပေမယ့် နောက်ကကြည့်ရင် ဖင်ပြောင်နေတဲ့အမျိုးလေ...ဒါတွေသိပေမယ့်လည်း ကိုယ်မစားရင် ကိုယ်ပဲငတ်မှာမို့ ဇွတ်မှိတ်ပြီးတော့သာ စားပေတော့...

ကြိုက်ရင်ပေါ့လေ . . .