၁.၄.၂၀၁၁
(သောကြာနေ့)
ဒီမနက်တော့ ၉ နာရီထိုးမှပဲ အိပ်ရာက ထဖြစ်ပါတယ်။ ရေမိုးချိုးပြီးတော့ ထုံးစံအတိုင်း ခရီးအဝေးကြီးကိုသွားပြီး ထမင်းစားရပြန်ပါတယ်။ ညပိုင်းက ကိုယ်တို့နဲ့အတူလာအိပ်တဲ့ တူတော်မောင်က အရုပ်ဝယ်ပေးဖို့ ပူဆာတာကြောင့် လမ်းတ၀က်မှာ နေပြည်တော် မြို့မဈေးကို ၀င်ပြီး အရုပ်ရှာပုံတော်ဖွင့်ရပါသေးတယ်။ ဈေးကလည်း နံမည်ခံသာသာပါ။ သိပ်လည်းစည်စည်ကားကားမရှိသေးပါ။ ဈေးကြီးတာကတော့ စူပါမားကတ်စံချိန်မီပါတယ်။ အရုပ်ရှာရင်း ဗိုက်ဆာလာတာကြောင့် ရှမ်းစကားပြောတဲ့ ရှမ်းအစစ်ရောင်းတဲ့ဆိုင်မှာ ရှမ်းခေါက်ဆွဲဝင်စားမိပါတယ်။ စားမိတဲ့ ပါးစပ်ကိုပဲ ရိုက်ချင်စိတ်ပေါက်သွားမိပါတော့တယ်။ သူ့ရှမ်းခေါက်ဆွဲက အရောင်အဆင်းရော၊ အနံ့အရသာပါ တစ်စက်ကလေးမှ ကျက်သရေမရှိ၊ အရသာ နတ္တိပါ။ စိတ်ပေါက်ပေါက်နဲ့ အညံ့ဆုံးရှမ်းခေါက်ဆွဲကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားလိုက်ပါတယ်။
အရသာရှိမရှိ ပုံကိုသာကြည့်ပေတော့...
ဈေးကထွက်ခဲ့ပြီး ထမင်းစားဖို့ ခယ်မအိမ်ကို ဆက်သွားရပြန်ပါတယ်။
သွားရတာပျင်းပေမယ့် မစားလို့လည်း မရတော့ စားနေရတာပါပဲ။ စားသောက်ပြီးတော့ ခယ်မအိမ်မှာပဲ ထိုင်နားနေရပြီး ညနေစောင်းမှပဲ အပြင်ထွက်ဖြစ်ပါတော့တယ်။ ကိုယ့်အကျင့်က ဒေသတစ်ခုကိုရောက်ရင် အချိန်ဖြုန်းလေ့သိပ်မရှိဘဲ သွားစရာ၊ လာစရာ၊ လည်စရာ၊ ပတ်စရာတွေကို မနားတမ်းသွားလေ့ရှိပါတယ်။ ဒါပေမယ့် နေပြည်တော်မှာတော့ ကိုယ်တို့သွားရင် လိုက်ပို့နေကျ ခယ်မကို စောင့်နေရတာကြောင့် စိတ်သွားတိုင်း ကိုယ်သိပ်မပါတော့ပါ။ တကယ်လို့ ကိုယ့်စိတ်နဲ့ကိုယ် လျှောက်သွားပြန်ရင်လည်း လိုက်ပို့ဖို့တာဝန်ခံထားတဲ့ခယ်မဖြစ်သူ စိတ်မကောင်းဖြစ်မှာ စိုးရိမ်ရပါသေးတယ်။ ဒါကြောင့်လဲ ကိုယ်တို့မှာ တစ်နေရာကိုသွားမယ်စိတ်ကူးရင် ခယ်မကိုစောင့်ရတာနဲ့ အချိန်တော်တော်ကုန်ရပါတော့တယ်။
ညနေလေးနာရီခွဲလောက်မှာ ဆိုင်ကယ်သုံးစီးနဲ့ တိုင်းရင်းသားရွာကို သွားကြပါတယ်။ ကိုယ်တို့နှစ်ယောက်အတွက် ခယ်မက ဆိုင်ကယ်တစ်စီးပေးထားလို့ အဆင်ပြေပေမယ့် ဆိုင်ကယ်မစီးတတ်တဲ့သူ့အတွက်က အပြင်ထွက်ရင် ဆိုင်ကယ်တက်စီ(ဒီမှာတော့ ကယ်ရီလို့ခေါ်ပါတယ်) နဲ့သွားရတာမို့ အချိန်ရော ငွေပါ ကုန်ပါတယ်။ ဒီက တက်စီသမားတွေကလည်း ပိုက်ဆံတောင်းတာ ရက်စက်ပါတယ်။ ဒီတစ်ညနေစာ ခရီးလေးအတွက် တက်စီခ ၁၀၀၀၀ ၀န်းကျင်ကုန်ပါတယ်။ ဒါတောင် ကိုယ်က ဆီဝယ်ထည့်ပေးရပါသေးတယ်။ ဒီဒေသမှာ ဆီဈေးကလည်း ခေါင်ခိုက်နေအောင်ကြီးတာမို့ ဓာတ်ဆီရေသန့်ဗူးတစ်ဗူးစာကို ၁၅၀၀ ပေးရပါတယ်။ ဆိုင်ကယ်တွေကလည်း မိတ်အင်ဒီတင်နဲ့ ပေါက်ဖော်တို့ထုတ်တဲ့ဆိုင်ကယ်တွေပဲ ရှိတာပါ။ ဂျပန်ကထုတ်တဲ့ ဆိုင်ကယ် တစ်စီးတစ်လေလောက်ပဲ တွေ့ခဲ့ပါတယ်။ တရုတ်ဆိုင်ကယ်တွေက တရုတ်စက်၊ တစ်ရက်စုတ်တွေမို့ မောင်းရတာ နည်းနည်းမှ အရသာမရှိပါ။ အလေးချိန်ပေါ့လွန်းတာကြောင့် အရှိန်ပြင်းပြင်းမောင်းရင် လေထဲမှာ လွင့်နေသလိုဖြစ်နေပြီး မှောက်ဖို့ လမ်းစပိုများပါတယ်။ ဒီကြားထဲမှာ ဆိုင်ကယ်ရပ်ပြီး စက်သတ်လိုက်ရင် “အီးရွှတ်” ဆိုတဲ့ အသံဆိုးကြီး မြည်ပြီးမှ ရပ်ပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ရောမရောက်တော့လဲ ရောမလို ကျင့်ရမယ် မဟုတ်ပါလား။
ဧရာမလမ်းကျယ်ကြီးတွေ...
လမ်းတွေဆက်ဖောက်နေတုန်းပါ...
တိုင်းရင်းသားရွာကိုသွားတဲ့လမ်းမှာ ခေါ်လာတဲ့ ဆိုင်ကယ်တက်စီတစ်စီးက ဘီးနှစ်ခါပေါက်ပါတယ်။
ဒီလမ်းကြောမှာ ဘီးပေါက်ရင်တော့ ကိုယ့်ဖာသာ ဖာရုံပဲရှိတာပါ။ လမ်းတလျှောက်လုံးမှာ အိမ်ဆက်အင်မတန်ပြတ်သလို အသွားအလာလည်း နည်းလွန်းပါတယ်။ လမ်းတွေကတော့ ထုံးစံအတိုင်း ဧရာမလမ်းကျယ်ကြီးတွေချည်းပါပဲ။
ဘီးဖာနေကြတုန်း အအေးဝင်သောက်တဲ့ဆိုင်ကလေး...
ခရီးတ၀က်လောက်မှာ ဟိုတယ်ဇုံဆိုပြီး ဟိုတယ်ကြီးတွေ အပြိုင်အဆိုင်ဆောက်နေကြတာတွေ့ရပါတယ်။ ဆောက်လုပ်ရေးဆိုဒ်တွေ ဆယ်ခုထက်တော့ နည်းမှာမဟုတ်ပါ။ ဒါတွေဆောက်ဖို့ တောင်တွေဖြို၊ မရှိမယ့်ရှိမယ့် သစ်ပင်တွေခုတ်နေတာတွေ့တော့ နှမြောသလိုလို ခံစားမိပါတယ်။ ဆောက်မယ့်ဟိုတယ်ကြီးတွေရဲ့ ပုံတွေကို ဆိုင်းဘုတ်ကြီးတွေမှာ ထောင်ထားတာ တကယ့်ဧရာမကြီးတွေချည်းပါ။ ဒါတွေပြီးသွားရင် ဘယ်သူတွေများ လာပြီးတည်းကြခိုကြမလဲတော့ မသိတော့ပါ။ ဘာပဲဖြစ်ဖြစ် ငွေပေါတဲ့စီးပွားရေးသမားကတော့ အမြတ်အစွန်းဆိုတာထက် သူများလုပ်လို့မှ ကိုယ်လိုက်မလုပ်ရရင် ခေတ်နောက်ကျမှာစိုးတာကြောင့် အပြိုင်အဆိုင် ကြဲနေကြတာပဲ ဖြစ်ပါလိမ့်မယ်။
ရထားလမ်းနဲ့ ကားလမ်းအဆုံ...
ဘာတွေလဲတော့မသိပါ...
ပူပူလောင်လောင် လွင်တီးခေါင်ကြီးကို ဖြတ်ပြီးဖောက်ထားတဲ့ လမ်းအတိုင်း ဆိုင်ကယ်ကို မိုင်ကုန်မောင်းပြီး တစ်နာရီခွဲကျော်ကျော်ကြာမှ တိုင်းရင်းသားရွာကို ရောက်ပါတယ်။ တိုင်းရင်းသားရွာနဲ့ မလှမ်းမကမ်းမှာ Max Myanmar Company က နိုင်ငံတကာ အဆင့်မီ ဘောလုံးကွင်းကြီးဆောက်နေတာ တွေ့ခဲ့ပါတယ်။ တကယ့် ဧရာမကွင်းဝိုင်းကြီးပါ။ ဒီကွင်းကြီးမှာကန်မယ့် ကိုယ့်မြန်မာဘောသမားတွေရဲ့ ခြေစွမ်းခြေစနဲ့သာဆိုရင်တော့ ဘုန်းကြီးနဲ့ဘီးလို လိုက်ဖက်ညီနေမှာ မြင်ယောင်ပါသေးရဲ့။ လူကိုအဆင့်မြင့်အောင် အရင်မလုပ်ဘဲ အသုံးအဆောင်ပဲ အဆင့်မြှင့်ဖို့ဦးလျားဖားလျား ကြိုးစားတတ်တာ ကိုယ်တို့လူမျိုးရဲ့ ထုံးတမ်းစဉ်လာပဲ မဟုတ်ပါလားလေ။
နိုင်ငံတကာ အဆင့်မီ ဘောလုံးကွင်း...
တိုင်းရင်းသားရွာကိုရောက်တော့ ညနေ ၅နာရီခွဲကျော်နေပါပြီ။ ၆နာရီခွဲဆိုရင် ၀င်ခွင့်ပိတ်မှာမို့ လည်ချိန်ပတ်ချိန်တောင် သိပ်မရတော့ပါ။ ၀င်ကြေးက ကလေး ၅၀၀၊ လူကြီး ၁၀၀၀ ပါ။ ကင်မရာအတွက် တစ်လုံးကို အခွန် ၂၀၀၀ ထပ်ဆောင်ရပါသေးတယ်။ အထဲရောက်တော့ ဘတ်ဘီလို့ သူတို့ခေါ်တဲ့ ဥယျာဉ်တွင်းသွားကားကလေးတွေ ငှားစီးကြပါတယ်။ စီးလုံးငှားရင် တစ်နာရီကို ၅၀၀၀ ပေးရပါတယ်။ အဲဒီလို မစီးချင်ရင်လည်း ၁၅ မိနစ်တစ်ခါ ထွက်ပေးနေတဲ့ ဥယျာဉ်တွင်းသွား လိုင်းကားလေးတွေကိုစီးလို့ရပါတယ်။ ဒါလေးတွေက အသွားအပြန် တစ်ယောက်ကို ၁၀၀၀ ယူပါတယ်။
တိုင်းရင်းသားရွာ အ၀င်မုခ်ဦး...
ရွာအ၀င်လမ်းမကြီး...
လက်မှတ်ဝယ်တဲ့ဝင်ပေါက်...
တိုင်းရင်းသားရွာကို နေရာအကျယ်ကြီးထဲမှာ တည်ထားပါတယ်။ ပြည်နယ်နဲ့တိုင်း ၁၄ ခုအတွက် နေရာ ၁၄ နေရာခွဲထားတာပါ။ မရောက်ဖူးပေမယ့် စဉ်းစားကြည့်တာ ရန်ကုန်က တိုင်းရင်းသားကျေးရွာနဲ့ ပုံစံတူတည်ထားတာပဲ ဖြစ်မယ်ထင်ပါတယ်။ တိုင်းတစ်ခု၊ ပြည်နယ်တစ်ခုစီမှာ ထင်ရှားတဲ့အဆောက်အဦ၊ စေတီပုထိုးစတာတွေကို ပုံစံငယ်လေးတွေ လုပ်ထားပါတယ်။ ပုံစံငယ်ဆိုပေမယ့် ၀င်ကြည့်၊ တက်ကြည့်လို့ရပါတယ်။ တိုင်းရင်းသား တစ်မျိုးချင်းစီရဲ့ အိမ်တွေပါ ဆောက်ပြထားပါတယ်။ တစ်ချို့အိမ်တွေကတော့ ထိန်းသိမ်းမှုအားနည်းတာကြောင့် ပျက်ချင်ချင်ဖြစ်နေပါပြီ။ စားသောက်ဆိုင်တွေကို မြို့နံမည်တွေပေးထားပါတယ်။ မြစ်ကြီးနားမှာဆို ကချင်အစားအစာ စသည်ဖြင့် ဒေသထွက်ပစ္စည်းနဲ့ စားစရာတွေ ရောင်းပါတယ်။ သရဲအိမ်၊ တိုက်ကားစသည်ဖြင့် ကစားစရာနေရာတွေလည်း ရှိပါတယ်။ ဒါပေမယ့် တည်ဆောက်နေကြဆဲမို့ သိပ်အဆင့်မြင့်မြင့်တော့လည်း မဟုတ်ပါ။
ကိုယ့်ဘတ်ဂီနဲ့ကိုယ် သွားရင်တော့ ကြိုက်တဲ့နေရာမှာ ရပ်ခိုင်းပြီး ဓာတ်ပုံရိုက်လို့ရပါတယ်။ တက်စီနဲ့သွားရင်လည်း ဓာတ်ပုံရိုက်ချင်ရင် ရပ်ပေးပါတယ်။ တိုင်းရင်းသားရွာထဲမှာ လမ်းလျှောက်သွားရင်း မလျှောက်နိုင်တော့လို့ တက်စီစီးချင်ရင်တော့ လက်မှတ်ရောင်းတဲ့ နေရာလေးတွေမှာ လက်မှတ်ဝယ်ပြီး စီးလို့ရပါတယ်။ ဒါမှမဟုတ်ရင်လည်း ပိုက်ဆံ ၅၀၀ ပေးပြီးစီးလို့ရပါတယ်။ ကိုယ်တို့ငှားလာတဲ့ ဘတ်ဂီက လမ်းတ၀က်မှာပဲ တစ်နာရီပြည့်သွားတာကြောင့် နောက်ထပ်နာရီဝက်စာ ၂၅၀၀ ထပ်ပေးပြီးငှားရပါတော့တယ်။ တကယ်တော့ ဒီလောက်ကျယ်တဲ့ နေရာကို နှံ့အောင်သွားဖို့ တစ်နာရီဆိုတာ လုံးဝမလောက်ပါ။ ကိုယ်တို့လို ရောက်ရာအရပ်မှာ ရှုခင်းရှာပြီး ဓာတ်ပုံရိုက်ချင်တဲ့သူဆို ပိုလို့တောင် ဆိုးပါသေးတယ်။
တိုင်းရင်းသား ရိုးရာအိမ်... |
မျောက်ညီနောင်... |
တိုင်းရင်းသားရွာက ညနေ ၆ နာရီိဆိုရင် အ၀င်လက်မခံတော့ပါ။ ဒါပေမယ့် အထဲရောက်နေတဲ့သူတွေကတော့ ကြိုက်တဲ့အချိန်မှာ ထွက်လို့ရပါတယ်။ ကိုယ်တို့အုပ်စုလည်း ညနေ ၆ နာရီခွဲလောက်မှ တိုင်းရင်းသားရွာက ပြန်ခဲ့ကြပါတယ်။ တိုင်းရင်းသားရွာကနေ တိရစ္ဆာန်ဥယျာဉ်ဘက်ကို ဆက်သွားလို့ရပေမယ့် အချိန်လင့်နေပြီမို့ မသွားဖြစ်တော့ပါ။ နောက်ရက်တွေကျမှ ကိုယ်တို့နှစ်ယောက်ပဲ သီးသန့်လာဦးမယ်လို့ တေးထားလိုက်ပါတော့တယ်။
အပြန်လမ်းမှာ လမ်းမမှားနိုင်ဘူး အထင်နဲ့ ရှေ့ကနေ အရှိန်ပြင်းပြင်းမောင်းမိတာကြောင့် ကွေ့ရမယ့်နေရာမှာ မကွေ့မိဘဲ လမ်းသိတဲ့တက်စီသမားတွေနဲ့ ကွဲသွားပါတော့တယ်။ စမ်းတ၀ါးဝါးနဲ့ လမ်းရှာပြီး ပြန်ရပါတယ်။ ဘယ်နေရာကြည့်ကြည့် လမ်းကျယ်ကြီးတွေဖြစ်နေတဲ့အပြင် လမ်းလေးခွဆုံနေရာမှာထားတဲ့ ကြာပန်းကြီးတွေနဲ့ အ၀ိုင်းတွေကလည်း ပုံစံတူတွေမို့ ကိုယ်တို့မှာ မျက်စိလည်ချင်တိုင်း လည်နေပါတော့တယ်။ ဒီထက်ဆိုးတာက လမ်းကွေ့တွေမှာ လမ်းပြဆိုင်းဘုတ်တပ်မထားတာကြောင့် ဘယ်သွားတဲ့လမ်းမှန်းမသိတာပါ။ အရေးထဲမှာ ခယ်မဖြစ်သူရဲ့ ဖုန်းက ဘက်ထရီကုန်နေတာမို့ ဘယ်လိုမှခေါ်လို့မရတော့ဘဲ ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်ထုံးကို နှလုံးမူရပါတော့တယ်။ လူသွားလူလာကလည်း အင်မတန်ကိုနည်းတာပါ။ လူတစ်ယောက်လောက်တွေ့လိုက် လမ်းမေးလိုက်၊ မှားသွားလိုက် ပြန်ကွေ့လိုက်လုပ်ရင်း ည ၉ နာရီကျော်မှပဲ ပြန်ရောက်ပါတော့တယ်။ လမ်းတိုင်းမှာ မီးတွေ ထိန်ထိန်လင်းနေတာကိုပဲ ကျေးဇူးတင်ရပါလိမ့်မယ်။
ပျောက်သောလမ်းမှာ စမ်းတ၀ါး...
ပြန်ရောက်တော့ ပင်ပန်းလွန်းနေတာမို့ ခယ်မမိသားစုကို နှုတ်ဆက်ပြီး ကိုယ်တို့တည်းတဲ့ စည်ပင်ရိပ်သာကို တန်းပြန်ခဲ့ပါတော့တယ်။ အစိုးရရိပ်သာမို့ တည်းခိုခန်းခကတော့ သက်သာပါတယ်။ တစ်ညကိုမှ ၄၂၀၀ပါ။ တစ်ချို့လူတွေကိုတော့ ၄၅၀၀ ယူပါတယ်။ ကုတင်သုံးလုံးပါပြီး ရေချိုးခန်း၊ အိမ်သာပါတွဲထားတာမို့ အဆင်ပြေပါတယ်။ ဒီရိပ်သာထဲမှာဖွင့်ထားတဲ့ စားသောက်ဆိုင်တွေကလည်း တော်တော်လေးစားလို့ကောင်းပါတယ်။ အထူးသဖြင့် ခေါက်ဆွဲကြော်ပါ။ စည်ဘီယာပါ ရပါသေးတယ်။ ညစာကို ရိပ်သာထဲကဆိုင်မှာပဲ စားလိုက်ပြီး ခြေကုန်လက်ပမ်းကျကျနဲ့ပဲ အိပ်ရာဝင်ခဲ့ပါတော့တယ်။ ။
7 comments:
မယောင်ရာဆီလူးထားတာလေးတွေ ကြည့်သွားပါ၏
ပုံတွေကြည့်သွားပါတယ် ကိုဟန်ကြည်ရေ
အရှင်မွေးတော့ နေ့ချင်းကြီး ဆိုသလိုပေါ့ဗျာ..။
ရန်ကုန်ကိုလည်း သပ်ရပ်စေချင်တယ်
မီးတွေက ထိန်လင်း - လမ်းတွေက ကျယ် - လူကျတော့ အလွန်ပြတ် - ဘယ်သူတွေနေတဲ့ အရပ်လဲ။
နေပြည်တော်သွားတောလားကို ဓာတ်ပုံတွေငေးရင်း စိတ်ဝင်တစား ဖတ်သွားပါတယ်။ မြန်မာတနိုင်ငံလုံး အဲဒီလိုပဲ မီးတွေထိန်ထိန်ညီးပြီး သန့်ရှင်းသပ်ရပ်ရင် သိပ်ကို ကောင်းမှာပါပဲ။ ပြန်ဝေမျှပေးတာ ကျေးဇူးပါရှင်။
ဓါတ်ပုံလေးတွေ ဝင်လေ့လာသွားတယ်။ နေပြည်တော်က ရှမ်းခေါက်ဆွဲကလည်း (အလွမ်းမြို့ရဲ့) အသုပ်စုံကို မမှီဘူးနော်..အဟီး။။ ပျော်ရွှင်ပါစေ။
နေပြည်တော် အပိုင်း ၃ တောင်ရောက်နေပြီ။
အိမ်တွေလိုက်မလည်နိုင်လို့ ဘယ်မှကို မရောက်ဖြစ်ဘူး။
စာတွေလည်းမကြေဘူးပေါ့။
နေပြည်တော်အကြောင်းက ပိုစ့်တွေဖတ်ဖူးလည်းရိုးတော့မရိုးသေးဘူး။
(ဘယ်ကနေဘယ်လိုရောက်လာမှန်းမသိဘူး ဒီပိုစ့်ကို အသစ်ထင်လို့ ပြီးမှ ရက်စွဲကြည့်မိတော့တယ် ဆရာရေ)
Post a Comment