မနေ့က ဆယ်တန်းအောင်စာရင်းထွက်ပါတယ်။
အခါတိုင်းနှစ်တွေဆိုရင်အောင်စာရင်းက တနင်္ဂနွေနေ့တွေမှာ ထွက်လေ့ရှိတာမို့ မထင်မှတ်ဘဲ ထွက်လာတယ်လို့ ဆိုရပါလိမ့်မယ်။ မနက်၆နာရီလောက်မှာ တပည့်တစ်ယောက်က ဖုန်းဆက်တော့မှပဲ အောင်စာရင်းထွက်တာကို သိရတာပါ။ မနှစ်က ကိုယ့်ကျောင်းသား ၁၁ယောက်မှာ ၁၀ယောက်အောင်ခဲ့ပေမယ့် ဒီနှစ်တော့ အောင်ချက်ကျသွားပါတယ်။ ကျောင်းသားအရေအတွက်ကလည်း မနှစ်ကထက် နှစ်ဆကျော်ကျော် များလာတာကြောင့်လဲ ပါမယ်ထင်ပါရဲ့။ အရေအတွက်များလာရင် ရာခိုင်နှုန်း ထိခိုက်တတ်တာ သဘာဝပဲ မဟုတ်ပါလား။
တချို့ဆရာတွေကတော့ အောင်ချက်ရာခိုင်နှုန်း ထိခိုက်မှာစိုးတဲ့အတွက် ကျောင်းသားလာအပ်ရင် အရည်အချင်းကိုကြည့်ပြီး အောင်နိုင်ချေရှိတဲ့ ကျောင်းသားကိုပဲ လက်ခံလေ့ရှိပေမယ့် ဆရာကောင်းတစ်ယောက်ဖြစ်ချင်တဲ့ ဦးဟန်ကြည်ကတော့ လာသမျှကို လက်မရှောင်တမ်း လက်ခံပြီးသင်ပေးလေ့ရှိတဲ့ ဆရာပါ။ ဒါတင်မကသေးဘဲ စာမေးပွဲဖြေဖို့ တစ်လ၊ နှစ်လလောက်မှ ရောက်လာတဲ့ ကျောင်းသားတွေကိုလည်း အပြုံးမပျက်လက်ခံပါသေးတယ်။ အဲဒီကျောင်းသားလေးတွေ အများစုက တစ်နှစ်တာပတ်လုံး စာကောင်းကောင်း မကြိုးစားတဲ့ ကျောင်းသားလေးတွေ များတတ်တာမို့ ဘယ်လောက်ပဲ တပင်တပန်းဆွဲတင်ပေမယ့် ကျတာပဲ များနေပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်ရက်ပဲ သင်ခွင့်ရရင်လည်း ကိုယ့်တပည့်ပဲမို့ ကျောင်းသားတွေ စာမေးပွဲကျတာ ရင်ထဲမှာ ဘယ်လိုမှ မဖြေနိုင်ပါ။ သင်ကြားမှုသက်တန်း ဘယ်လောက်ပဲ ရင့်တယ်ပဲဆိုဆို ကိုယ်တပင်တပန်းသင်ထားလျက်က ကျသွားရင် စိတ်မကောင်းဖြစ်စမြဲပါ။
အောင်စာရင်းတို့ရဲ့ ထုံးစံအတိုင်း အောင်တဲ့ကျောင်းသူကျောင်းသားက တက်တက်ကြွကြွနဲ့ ရွှင်မြူးနေသလောက် ကျတဲ့ကျောင်းသားလေးတွေမှာတော့ မျက်နှာငယ်ရရှာပါတယ်။ စိတ်ငယ်တဲ့ ကျောင်းသူလေးတွေက ငိုကြရှာပါတယ်။ ဒီကြားထဲမှာ နားမလည်တဲ့ မိဘတစ်ချို့က သူတို့ကလေးတွေကို ဆူကြ၊ မာန်ကြပြန်ပါတယ်။ တကယ်ဆိုရင် မိဘ၊ ဆရာ၊ ကျောင်းသား ဒီသုံးဦးထဲမှာ ကျောင်းသားဆိုတာ အပင်ပန်းဆုံးပါ။ မိဘဆိုတာက သင်တန်းကြေး ပုံမှန်သွင်းပြီးရင် တာဝန်ကုန်သလောက် ရှိပါပြီ။ ကိုယ်တို့ဆရာဆိုတာကလည်း စာသင်ချိန်ပြီးရင် နားလို့ရပါပြီ။ ဒါပေမယ့် ကျောင်းသားတွေမှာတော့ မနားရသေးဘဲ စာကြည့်ရပါသေးတယ်။ အပင်ပန်းဆုံးကို အသက်သာဆုံးက ဆူဆူဆဲဆဲလုပ်တယ်ဆိုတာ ဘယ်လိုမှ သဘာဝမကျပါ။ စာမေးပွဲကျတာကြောင့် စိတ်အားငယ်ရတဲ့ကြားမှာ အားကိုးရမယ့် မိဘဖြစ်သူကပါ သူတို့အရှက်ရတာတစ်ခုနဲ့တင် ဆူကြပူကြပြန်တော့ ကလေးတွေမှာ နေစရာမရှိတော့ပါ။
ဒါကြောင့် အောင်စာရင်းထွက်တာနဲ့ ဦးဟန်ကြည်တစ်ယောက် အောင်တဲ့ကျောင်းသားတွေကို မျက်နှာပြရုံလောက်သာ သွားပြပြီး ကျတဲ့ ကျောင်းသားတွေအိမ်ကို အချိန်မီသွားရပါတယ်။ မိဘတွေက ဆူနေ၊ ဆဲနေရင် ကိုယ်ကတပည့်တွေကိုယ်စား ဖြေရှင်းပေးနိုင်အောင်ပါ။ ဒါ့အပြင် စိတ်ဓာတ်ကျနေတဲ့ ကိုယ့်တပည့်လေးတွေကို အားပေးရင်း နောက်တစ်ခါ ထပ်ကြိုးစားဖို့ တွန်းအားလည်း ပေးရပါတယ်။
စာသင်နှစ်တစ်နှစ်လုံးမှာ ကိုယ့်တပည့်အားလုံးကို တပြေးညီသင်ပေးခဲ့ပေမယ့် အောင်စာရင်းထွက်ချိန်မှာတော့ အောင်တဲ့ကျောင်းသားအိမ်ကို သွားရတာနဲ့ ကျတဲ့ကျောင်းသားအိမ်ကို သွားရတာ ခံစားချက်ချင်း အင်မတန်ကွာပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်တပည့်တွေ အားမငယ်အောင် အားပေးရမှာ ဆရာ့တာဝန်ပဲမို့ တစ်နေကုန်တစ်နေခမ်း ကျောင်းသားတွေအိမ်ကို သွားပြီးမမောနိုင်မပမ်းနိုင် အားပေးရင်း၊ ကျောင်းမထားချင်တော့တဲ့ မိဘတွေကိုလည်း ကျောင်းပြန်ထားဖို့ တရားဟောရင်း ရင်ထဲမှာ နာနာကျင်ကျင် ဖြစ်လာပါတော့တယ်။ ပျော်ရွှင်မှုနဲ့ သနားစိတ်မှာ သနားစိတ်ကပဲ အနိုင်ယူသွားတော့တာမို့ မွမ်းကျပ်ပြီး နေလို့မကောင်းတော့ပါ။
ဒါကြောင့် ညပိုင်းမှာ ကဗျာတော်တော်များများ ချရေးဖြစ်ပါတော့တယ်။
ရင်ထဲကအနာ သက်သာလိုသက်သာငြားပါ။ ဒါပေမယ့်လည်း ကိုယ့်ကလေးတွေ မျက်နှာကို ပြန်မြင်ယောင်နေမိတာကြောင့် စိတ်မကောင်းဖြစ်တာကတော့ ဘယ်လိုမှကို မလျော့နိုင်တာသေချာပါတယ်။ ဒီကလေးတွေကို ပြန်စုပေးပြီး နောက်တစ်နှစ်မှာ ဂုဏ်ထူးနဲ့ အောင်မြင်အောင် လုပ်ပေးဖို့ ဆုံးဖြတ်ချက်ချလိုက်မိပါတယ်။ ဒါမှလည်း ကိုယ့်ကျောင်းသားလေးတွေမှာ မိဘနဲ့ ပတ်ဝန်းကျင်အပေါ် သူတို့ရှုံးခဲ့သမျှ ပြန်ပြီးအနိုင်ရနိုင်ကြမယ် မဟုတ်ပါလား။
ဒီကဗျာကိုဖတ်ပြီး ဆရာတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်နိုင်ကြရင်ဖြင့် ရင်ထဲမှာ နည်းနည်းတော့လည်း ဖြေသာမယ်ထင်ပါရဲ့လေ...
“ ဆရာဟူသည်”
မြူးကြကွယ်
အောင်ကြတယ်မဟုတ်လား။
ကြိုးစားလာ
တစ်နှစ်တာပင်ပန်းမှုတွက်
ဆုလာဘ်တွေလက်ဝယ်ရပြီမို့
တင့်တယ်လှသေး။
အောင်ပွဲဝင်
ပျော်ရွှင်သူတပည့်များတွက်
ဂုဏ်တက်ကာ မာန်ဟုန်ရစ်ချင်လည်း
ကျရစ်သူတပည့်များကို
အားတင်းကာဇွဲစိတ်နိုးစေဖို့
ကြေကွဲစွာနှစ်သိမ့်ပေးပါရင်း
(မင်းတို့ဆရာမှာလေ...)
မြူးခြင်းခက်သေး။ ။
ဟန်ကြည်
၅.၆.၂၀၁၁(စနေနေ့)
ည ၁၀း၃၀နာရီ
15 comments:
ကလေးတွေကိုအားပေးပါဆရာ....
ဘ၀ မှာ ပညာ ဆိုတာလောက် အရေးကြီးတာမရှိပါဘူး
ပညာမဲ့တဲ့ ဘ၀ လောက်အသုံးမကြတာ မရှိဘူးဆိုတာ
ကျွန်တော် အသိဆုံးလောက် ဖြစ်မယ်ထင်းလို့ပါ။
ဆရာတစ်ယောက်ရဲ့ရင်ဘတ်ထဲကိုမြင်မိပါတယ်
ကျွန်မတို့အောင်စရင်းထွက်စဉ်ကလဲ
ဆရာတွေရောမိဘတွေပါအားလုံးတူတူပါပဲ
ကိုယ့်သားသမီး ကိုယ့်တပည့်အောင်မှအောင်ပါ့မလား
ဆိုတဲ့အသိတွေးတွေလေ...
ကြိုးစားပြီး တကယ်စာကို လိုချင်စိတ်ရှိတဲ့ ကျောင်းသားကို သင်ရတာ ပိုကောင်းတယ် မိဘကိုကြောက်လို့ စာသင်ပြီး စာထဲစိတ်မ၀င်စားရင် စာမေးပွဲကတော့ အောင်မှာ မဟုတ်ဘူး ..ဆရာတစ်ယောက်ရဲ့ စေတနာကို နားလည်ပါတယ်
ဆရာရေ.. အပျော်အပါးမက် ပေါ့ပေါ့ဆဆနဲ့ စာမကြိုးစားချင်လို့ ကျတဲ့သူတွေထက်စာရင် အပတ်တကုတ် ကြိုးစားပါရက်နဲ့ ခြေချော်လက်ချော်ပြီး ကျရတဲ့ သူတွေကို ပိုသနားမိပါတယ်။
ဆရာတစ်ယောက်ရဲ့ ရင်ထဲက စေတနာတွေကို လှမ်းမြင်ရပါရဲ့။
စေတနာကောင်းအတွက် တူသောအကျိုးပေးပါစေဆရာ
သြော်.. နောက်တစ်နှစ် အောင်စာရင်းတောင် ထွက်ပါပပေါ့လား...း))... ဒါဆို နောက်တစ်နှစ် မေးခွန်းထုတ်ဖို့ ပိုပြီးဘေးကျပ်နံကျပ်ဖြစ်လာမယ့်သဘောပဲ....
ခင်မင်လျက်
နေ၀ဿန်
ဆရာ ရေ ကျတယ်လို့ မပြောနဲ့လေ သရေ ပါဘဲ အရင်းအတိုင်း
ဒီလိုဘဲ ဆရာ စိတ်ကတော့
ရွှေစင်ဦး
တပည့်ဟောင်းတွေကို ဒီနေ့ပဲ စာပြန်သင်ပေးနေပါပြီ...ဒီကလေးတွေ ဒီနှစ်ဖြေလို့ ထိုက်သင့်သလောက် ဂုဏ်ထူးမပါရင် ကိုယ့်တာဝန်မကျေဘူးလို့ သဘောထားပြီး အင်တိုက်အားတိုက် ကြိုးစားပေးနေပါတယ်...
စာသင်ရတာဟာ အလွန်နူးညံ့တဲ့ အနုပညာ ကို ကိုင်တွယ် ကစားနေရသလိုပါပဲ။ ဆရာ့ရဲ့ စကားတစ်ခွန်းဟာ နားထောင်နေကြသူတပည့်တွေရဲ့ ဘ၀မှာ အရေးပါပါနဲ့  တာသွားတယ်ဆိုတာ သတိချပ်မိပါတယ်။
ခုတော့ ကျရှုံးသွားတဲ့ တပည့်တွေကို နှစ်သိမ့်လိုက်ပါဦး ဆရာရေ... ။ ဘ၀တိုက်ပွဲမှာ မရှုံးသေးပါဘူးလို့  ။
လေးစားစွာဖြင့်
မင်းတို့ဆရာမှာလေ တဲ့ လေသံလေးမှာကိုက ဂရုဏာသံတွေပါနေတယ် ။
လေးစားပါတယ်ဆရာ ဒီနှစ် အောင်ချက်ကောင်းပါစေလို့ ဆုတောင်းလျှက် ။
ဆရာ့ ကဗျာလေးကောင်းတယ်
ဒီနှစ်ကျနော့်သမီးလဲအောင်ပါတယ်
ဒီလိုဆရာတွေများစွာပေါ်ပေါက်လာ
ပါစေလို့ဆုတောင်းလိုက်တယ်။
လာလည်ပါတယ်ရှင်။ ဆရာစိတ်ထဲမှာ ရှိနေတဲ့အရာလေးတွေ မြင်လိုက်ပါတယ်။
ခင်မင်လေးစားလျက်
စေတနာနဲ့ ၀ါသနာပေါင်းစပ်ပြီး ဆရာ့စိတ်အပြည့် ရှိလှပါဘိ ကိုဟန်ကြည်ရယ်။ ကျန်းမာပျော်ရွှင်ပါစေ
ကျမလဲ စာမေးပွဲပြီးသွားတော့ အောင်စာရင်းကို မျှော်ရအုံးမယ် ဦးဟန်ကြည်ရေ ... ။
ကျမကတော့ စာမေးပွဲဖြေတာ ကိုယ့်အလုပ်၊ အောင်တာမအောင်တာ အမှတ်ပေးဖို့က အမှတ်ခြစ်သူတွေအလုပ်လို့ သဘောထားလိုက်တယ်။ စိတ်ညစ်မခံတော့ဘူး :))
တင်ထားတဲ့ စာနှင့်ကဗျာကို ဖတ်ရင်း ဆရာတစ်ယောက်ရဲ့ ဂုဏ်တွေကို ထင်ဟပ်စေပါတယ်။ ဒီလို စိတ်ထားနိုင်တဲ့ ဆရာကောင်းကောင်းတွေ အမိမြန်မာနိုင်ငံမှာ များများ ပေါ်ထွန်းနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။ ဆရာတစ်ယောက်ရဲ့ စေတနာနဲ့ ပီတိကို ဆရာဖြစ်တဲ့အခါမှ ပို သိခွင့်ရမှာပါ။
အဆင်ပြေပျော်ရွှင်ပါစေ။
ခင်မင်လေးစားလျှက်
Post a Comment