Saturday 18 June 2011

ရသစာပေ ဘာကြောင့်သင် . . .

ဒီရက်ပတ်တွေမှာ စာရေးအား တော်တော်နည်းသွားပါတယ်။ 
စိတ်ထဲမှာ ရေးချင်စိတ်ရှိနေပေမယ့် လက်တွေ့အကောင်အထည်မဖော်ဖြစ်တာကြောင့် စိတ်ကူးတွေ၊ အတွေးတွေဟာ လေထဲမှာ ပျောက်ကုန်တာ များနေပါတော့တယ်။ စိတ်ကူးပေါက်ရင် ကဗျာတို၊ ကဗျာစလေးတွေ ကောက်ခြစ်ဖြစ်ပေမယ့် တစ်ပုဒ်မှ အဆုံးမသတ်နိုင်တာကြောင့် တိုးလို့တန်းလန်းနဲ့ ပစ်ထားရတာတွေ များနေပြန်ပါတယ်။ အတင်းဖျစ်ညှစ်ရေးရင် ကဗျာဖြစ်သွားမှန်းသိပေမယ့် ရင်ထဲက ခံစားချက်မပါတဲ့ ကဗျာအတုကြီးကိုတော့ ချမပြချင်ပြန်ပါ။

ထူးအိမ်သင်ရဲ့စကားလုံးကို ငှားပြောရပြန်ရင် “အကြည်ဓာတ်ခမ်းတယ်” လို့ ပြောရမယ်ထင်ပါတယ်။ ကဗျာ၊ စာပေ၊ အနုပညာအလုပ်ဆိုတာကလည်း အကြည်ဓာတ်ကလေးရှိနေမှ လုပ်လို့ရတဲ့ အလုပ်ပါ။ အကြည်ဓာတ်မရှိဘဲ အတင်းတွန်းရေးပြန်ရင်လည်း အနုပညာရသ ပီပြင်မှာ မဟုတ်တာ အလိုလို သိနေပါတယ်။ စကားကြီး၊ စကားကျယ်ပြောရရင် အနုပညာမာနခံနေတယ်လို့ပဲ ပြောရမယ်ထင်ပါရဲ့။ 

တစ်နေ့တစ်နေ့ သင်ကြားရေးတွေ၊ သင်ထောက်ကူတွေ၊ သင်ရိုးညွှန်းတန်းတွေနဲ့ နပမ်းလုံးရင်း ကျောင်းသားပေါင်းစုံ၊ အလွှာပေါင်းစုံ၊ အခြေခံ စိတ်ဓာတ်ပေါင်းစုံ၊ အရည်အချင်းပေါင်းစုံနဲ့ ပတ်သက်နေရတာမို့ ကိုယ်တွေ့အတွေ့အကြုံတွေကတော့ နေ့စဉ်နဲ့အမျှ ရနေပါတယ်။ ဒါပေမယ့် ဘလော့မှာ ကိုယ်ရေးကိုယ်တာတွေများသွားပြန်ရင်လည်း လာဖတ်တဲ့ စာဖတ်သူကို မလေးစားရာကျမှာ စိုးမိတာကြောင့် ရင်ကိုတော်တော်လေး ထိခိုက်စေတဲ့ ထိခတ်စေတဲ့ အကြောင်းအရာမျိုးကိုပဲ တင်ဖို့ ကိုယ့်ကိုယ်ကို ဆုံးမရပါတယ်။ ဒီပို့စ်မှာတော့ ရသစာပေဖြစ်တဲ့ ကဗျာလည်း ရေးဖြစ်မှာမဟုတ်ဘဲ ကိုယ်တွေ့နဲ့ အတွေးအမြင်နဲ့ ပေါင်းပြီး ရေးဖို့ စိတ်ကူးမိပါတယ်။ (ရေးနေရင်းနဲ့ပဲ စိတ်ကူးရလာတာမို့ ဆန်စဉ်ရာ၊ ကျည်ပွေ့လိုက် ဖြစ်သွားရင်လည်း သည်းခံဖို့ တောင်းပန်ထားရပါဦးမယ် )

ဒါကတော့...
ကိုယ်တို့ဆရာတွေ လောလောဆယ် တွေ့ကြုံနေရတဲ့  
လူငယ်နဲ့ ရသခံစားမှု အရည်အသွေး ကိစ္စပါ...

ဒီဘက်ခေတ် လူငယ်တွေမှာ ရသခံစားမှုအရည်အသွေးတွေ လွန်လွန်မင်းမင်း နိမ့်ကျနေတာကို သူတို့နဲ့ အများဆုံးထိတွေ့နေရတဲ့ ကိုယ်တို့ဆရာတွေက အများဆုံး ခံစားမိ၊ သတိထားမိနေပါတယ်။ နေ့လည်ကပဲ ကိုယ်အနားယူနေတုန်းမှာ မျက်စောင်းထိုးအိမ်က ကလေးတစ်ယောက် သီချင်းဖွင့်နားထောင်နေတာကြောင့် မကြားချင်လည်း နားပိတ်ထားလို့ မရတာကြောင့် သူဖွင့်တဲ့ သီချင်းက နားထဲကို အတုံးလိုက်၊ အတစ်လိုက် ၀င်ပြီး နှိပ်စက်တာ ခံရပါတော့တယ်။ ကိုယ့်ဖာသာကိုဖွင့်တာ ဘာဖြစ်လဲ ဆိုတဲ့ ကိုယ်တို့လူမျိုးရဲ့ စိတ်ညစ်စရာ သောက်ကျင့်ဆိုးကြောင့် စပီကာ နှစ်လုံးနဲ့ မိုင်ကုန်တင်ပြီး နှိပ်စက်တာ ခံရတာမျိုးကတော့ ရိုးသွားပြီမို့ ကလေးတွေရဲ့ လောကနီတိပိုင်း၊ အသိစိတ်ဓာတ်ပိုင်းကိုတော့ လေကုန်ခံပြီး မပြောချင်တော့ပါ။ ဒီချာတိတ်ဖွင့်ထားတဲ့ သီချင်းက သူတို့ခေတ်လူငယ်တွေ ဖွင့်လေ့ရှိတဲ့ ဒိုးဒိုးဒန့်ဒန့်တွေပဲဆိုတဲ့ အဆိုတော် “အစ္စနီ” ဆိုထားတဲ့ သီချင်းခွေပါ။ ဒီနံမည်ကိုသိတာကလည်း ကိုယ့်တပည့်တွေ ဖွင့်လွန်းလို့ ကြားဖူးနေတာကြောင့်ပါ။ ဦးဟန်ကြည် Conservative ကတော့ ဒီချာတိတ်တွေရဲ့ သီချင်းတွေကို ၀ယ်ဖွင့်ဖို့ နေနေသာသာ အလကားလာပေးရင်တောင် လွှင့်ပစ်ဦးမှာ သေချာနေပေါ့။

စကားလမ်းမချော်ခင် လိုရင်းကို ဆက်ကြပါဦးစို့ရဲ့။ သူဖွင့်နေတဲ့ သီချင်းကို လူမကြီးတကြီး ဦးဟန်ကြည်တစ်ယောက် တစ်လုံးမှနားမလည်ပါ။ သီချင်းတစ်ပုဒ်လုံးမှာ စာကြောင်း သုံးလေးကြောင်းကိုပဲ ထပ်တလဲလဲ ဆိုနေတာပဲ သတိထားမိပါတယ်။ ဟုတ်ကဲ့...တီးလုံးကရော ဆန်းသစ်ပါရဲ့လားလို့ မေးချင်ကြပါလိမ့်မယ်။ ဆန်းသစ်ချက်ကတော့ ကမ်းကုန်ပါပဲလို့ ဖြေရပါလိမ့်မယ်။ တစ်ပုဒ်လုံးကို ဒီဂျေပွတ်သလို တကျိကျိအသံတွေ၊ ဘေ့စ်သံတွေ တဒူဒူနဲ့ပဲ တန်ဆာဆင်ထားပါလေရဲ့။ သံစဉ်ကလည်း ရင်ထဲကိုမထိ စာသားကလည်း တွံတေးစိုးအောင် သီချင်းလောက်မှ မပြောင်မြောက်တဲ့အပြင် ဘေ့စ်သံကလည်း ပြင်းလွန်းတာကြောင့် သုံးပုဒ်လောက် နားထောင်မိတဲ့နောက်မှာ နားထင်တွေထိုးတက်လာတာမို့ ကိုယ့်ဖာသာ လက်နက်ချပြီး မြို့ထဲထွက်လို့ နားဒုက္ခကင်းအောင် ကြံရပါတော့တယ်။

အဲဒီမှာတင် မီးခိုးကြွက်လျှောက် အတွေးတွေ စပါတော့တယ်...

ကိုယ်တို့ကလေးတွေ အနုပညာကို ဘယ်လိုများခံစားကြပါလိမ့် ဆိုတာကို တွေးမိတာပါပဲ။ သီချင်းကိစ္စကိုတော့ ဆက်မတွေးတော့ပါ။ ဒါကတော့ သူ့ခေတ်နဲ့သူမို့ လက်လျှော့ထားလိုက်တာပဲ ရင်အေးပါလိမ့်မယ်။ သူ့အရပ်နဲ့ သူ့ဇာတ်ဟပ်ပြီး၊ ရောင်းသူ ၀ယ်သူ လွန်ကြည်ဖြူနေတဲ့ ကိစ္စမှာ ပဲလှော်ကြားကို ဆားညပ်မိရင်လည်း ကိုယ့်အလွန်ပဲ ဖြစ်မယ် မဟုတ်ပါလား။

ဒီညနေ စာသင်ချိန်မှာ နေ့လည်က အတွေးက ခေါင်းထဲပြန်ဝင်ဖို့ အကြောင်းဖန်လာပြန်ပါတယ်။ ဖြစ်ချင်တော့ ဒီနေ့စာသင်ချိန်တွေအားလုံးက မြန်မာစာချိန်တွေချည်း ဖြစ်နေပါလေရော။ မြန်မာကဗျာ သင်နေရင်း ကိုယ့်ကျောင်းသားတွေကို အကဲခတ်မိတော့ ကိုယ်ကလေးတွေမှာ ကဗျာရဲ့ရသ၊ အရသာကို ပြည့်ပြည့်၀၀ ခံစားရပုံမပေါ်ပါ။ ဒါတောင် သူတို့ဆရာဖြစ်တဲ့ ဦးဟန်ကြည်က ကဗျာရဲ့နောက်ခံသမိုင်းနဲ့တကွ ကဗျာဖွဲ့စည်းပုံရော၊ သက်ဆိုင်ရာ အချက်အလက်တွေ ဝေေ၀ဆာဆာနဲ့ မမောနိုင် မပမ်းနိုင် သင်တဲ့ဆရာမို့ပါ။ တချို့ဆရာများလို ခပ်ဝါးဝါးလေး ရှင်းပြ၊ မှတ်စုခေါ်ပေးပြီး သင်လိုက်မိရင်တော့ ဘယ်လိုနေမယ် မသိပါ။ တို့ငယ်ငယ်တုန်းကဆိုရင် တစ်ယောက်နဲ့ တစ်ယောက် ကဗျာစပ်တမ်းကစားကြတယ်ဆိုတဲ့ ဓာတ်ပြားဟောင်းကြီးကို ပြန်ဖွင့်မိပြန်ရင်လည်း ကိုယ့်ကို လူထူးဆန်းလို့သဘောထားပြီး ငေးကြည့်နေကြဦးမှာလည်း သေချာနေပါတယ်။ 
ဒါနဲ့ပဲ...ရသခံစားမှု အရည်အသွေးအကြောင်းကို တစ်နာရီကျော်ကျော်ကြာအောင် ရှင်းပြရပါတော့တယ်။ သင်ကြားမှု သတ်မှတ်ချက်ကတော့ ဒီနေ့အဖို့ မပြည့်လိုက်ပါ။ ဒါပေမယ့် အရေးကြီးတာကို ဦးစားပေးရမယ် မဟုတ်ပါလား။

ရသနဲ့ပတ်သက်ပြီး ရှင်းမပြခင်မှာ 
ကလေးတွေကို ဦးဟန်ကြည်မေးတဲ့ မေးခွန်းက တကယ့်ကို ရိုးရိုးရှင်းရှင်းလေးပါ။
ရသစာပေတွေ၊ ကဗျာတွေကို ဘာကြောင့် သင်ရပါသလဲ လို့...
ဟုတ်ကဲ့...အားလုံးသိတော်မူကြတဲ့ အတိုင်း တစ်ယောက်မှ မဖြေနိုင်ဘဲ ပါးစပ်အဟောင်းသားနဲ့ပဲ ဆရာကို ငေးကြည့်နေကြပါတော့တယ်။ တို့ဆရာ ဘာတွေများ စိတ်ကူးပေါက်ပြီး မေးပါလိမ့်လို့လည် သူတို့စိတ်ထဲမှာ တွေးကောင်းတွေးနေပါလိမ့်မယ်။ ဆရာဖြစ်သူကလည်း သူတို့မဖြေနိုင်မှန်းသိပေမယ့် ကိုယ်ရှင်းပြဖို့အတွက် ခေါ်မေးခွန်းထုတ်တာပဲဖြစ်လို့ အားမနာတမ်းပဲ ရှင်းပြရပါတော့တယ်။

ရသစာပေကို သင်ကြားပေးခြင်းဟာ ကျောင်းသူ၊ ကျောင်းသားတွေကို လူဖြစ်လာအောင် သင်ကြားပေးတာဖြစ်ပါတယ်။ ဒါဟာ အပြည့်စုံဆုံးနဲ့ အမှန်ဆုံးအဖြေပါ။ ဒီထက်ကောင်းအောင် ဖြေလို့ မရနိုင်တော့ပါ။ ဒါဆိုရင် ရသစာပေက သူတို့ကို လူဖြစ်အောင် ဘာကြောင့် လုပ်ပေးတာပါလိမ့်...
ရှင်းပါတယ်။ လရေးနှစ်ချောင်းငင် “လူ”ဆိုတာ စက်ရုပ်မဟုတ်ပါ။ သူ့မှာ ခံစားချက်တွေ ခံစားမှုတွေ ရှိကိုရှိရပါလိမ့်မယ်။ ပျော်စရာတွေ့ရင် ပျော်ရပါလိမ့်မယ်။ ရယ်စရာတွေ့ရင်လည်း ရယ်တတ်ရပါလိမ့်မယ်။ ငိုစရာတွေ့ရင် ငိုရမှာဖြစ်သလို ကြည်နူးစရာတွေ့ရင်လည်း ကျကျနန ကြည်နူးတတ်မှပဲ လူသားစစ်စစ် ဖြစ်လာမှာပါ။ ရယ်စရာတွေ့လို့မှ မရယ်တတ်တဲ့ လူသားတစ်ယောက်ရဲ့ အဖြစ်ဟာ ဘယ်လောက်များ လူဖြစ်ရှုံးလိုက်လေမလဲ စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ အဲဒီအရာတွေအားလုံးဟာ ရသခံစားမှု အရည်အသွေးနဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ အရာတွေပါ။

ရသစာပေဆိုတာ လူတစ်ယောက်ကို ကြီးပွားတိုးတက်အောင် ချက်ချင်းကြီး ဆောင်ရွက်ပံ့ပိုး မပေးနိုင်ပေမယ့် လူသားစစ်စစ်ဖြစ်အောင်တော့ အကောင်းဆုံးစွမ်းဆောင်ပေးနိုင်ပါတယ်။ ဒါဆိုရင် ရသခံစားတတ်တဲ့လူတွေက ဘာတွေထူးလာမှာပါလိမ့်...
စဉ်းစားကြည့်ကြပါစို့။ လူတစ်ယောက်ဟာ စာအုပ်ထဲက ဇာတ်ကောင်ပဲဖြစ်ဖြစ်၊ ရုပ်ရှင်ထဲက ဇာတ်ကောင်တစ်ကောင်ကိုပဲ ဖြစ်ဖြစ် သနားစိတ်၊ ကြင်နာစိတ်ဝင်တတ်တဲ့ နှလုံးသား ရှိတယ်ဆိုကြပါစို့ရဲ့။ အဲဒီလူဟာ အပြင်လောကမှာ သူတွေ့ရမယ့် တကယ့် သနားစရာအပေါ်မှာ မသနားဘဲ နေနိုင်မယ် မထင်ပါ။ အဲဒီမှာပဲ သူကိုယ်တိုင် လူသားပီသသွားခြင်း၊ လောကရဲ့ အရသာကို ကျကျနန ခံစားရခြင်းဆိုတဲ့ အကျိုးအပြင် လောကနဲ့ ပတ်ဝန်းကျင်ကိုပါ အကျိုးဆောင်နိုင်ခြင်းဆိုတဲ့ အပိုဆုလာဘ်တွေကိုပါ ရနိုင်ပါလိမ့်မယ်။

ဒါကြောင့် ကျောင်းသားတွေကို ရသခံစားမှု အရည်အသွေးတိုးတက်အောင် သင်ပေးနေတာလို့ ရှင်းပြရပါတယ်။ ဒါတင်မကဘဲ သူတို့ထင်သာမြင်သာရှိအောင် နည်းနည်းမြင့်တဲ့ ဟာသလေးတစ်ပုဒ်ကိုပါ ပြောပြရပါသေးတယ်။ ထုံးစံအတိုင်း သဘောပေါက်မြန်တဲ့ကျောင်းသား၊ ကျောင်းသူတွေက ရယ်ပြီး သဘောပေါက်နှေးတဲ့ ကလေးတွေကတော့ အူလည်လည်ဖြစ်ကျန်ရစ်ပါတယ်။ အဲဒီတော့မှပဲ အဲဒါဟာ ရသခံစားမှု အရည်အသွေး အနုအရင့်ပေါ်မှုတည်ပြီး တုံ့ပြန်မှုတွေ ကွာသွားတာပဲဖြစ်တယ်ဆိုတာကို သက်သေပြယူရပါတော့တယ်။ အဲဒီတော့မှပဲ မောင်မင်းကြီးသား၊ မယ်မင်းကြီးမလေးတွေမှာ ရွှေသဘောတော်ပေါက်တော်မူကြပြီး ကိုယ်ရှင်းပြတဲ့ ကဗျာဆိုင်ရာ အချက်အလက်တွေကို စိတ်ဝင်တစားနဲ့ စီးမြောနားထောင်ကြပါတော့တယ်။ ကလေးတွေဆိုပြန်တော့လည်း သူများနည်းတူ ရသခံစားမှု အရည်အသွေး ရှိချင်ကြတယ် မဟုတ်ပါလား။ 

ဘာပဲဖြစ်ဖြစ် ဆရာဖြစ်သူတစ်ယောက်အနေနဲ့ ကိုယ့်ကျောင်းသားတွေကို အစစအရာရာ ပြည့်စုံပြီး လောကအကျိုးကို ဆောင်မယ့်လူတွေ ဖြစ်စေချင်သလို လောကရဲ့အလှကို ကျကျနနခံစားချင်သူတွေလည်း ဖြစ်စေချင်တာ ဆရာ့အတ္တ၊ လောဘပဲမို့ သင့်ရာကိုတော့ မရောက်ရောက်အောင် အပ်ပို့နေမိပါတယ်။ လူငယ်နဲ့ ရသခံစားမှု အကြောင်းကို ကျကျနန လေ့လာပြီးမှ ထပ်ရေးဦးမှာမို့ လောလောဆယ်ပို့စ်ကို စာမြည်းလို့လည်း သဘောထားရင် ရနိုင်ကောင်းပါတယ်။ စာမြည်းနဲ့တင် အီပြီးစိတ်ကုန်သွားရင်လည်း ဒီအတွေးအခေါ်ဟာ ဦးဟန်ကြည်ရဲ့ တစ်ကိုယ်ရည် အယူအဆ၊ စိတ်ကူးသက်သက်သာ ဖြစ်တာမို့ စာဖတ်သူရဲ့ စိတ်ကြိုက်ဆုံးဖြတ်နိုင်ကြောင်း သတင်းကောင်းလည်း ကြိုတင်ပေးထားမိပါကြောင်း။     ။

10 comments:

မေဓာဝီ said...

လူသားစင်စစ်မှ ရသစာပေကို ခံစားတတ်တယ်ဆိုတာ သိပ်မှန်တာပဲ ... ရေးထားတာ ကောင်းလိုက်တာ ဦးဟန်ကြည်ရယ်။ ဆရာလို့ မပြောရဘူး။ ရှင်းပြတာ သိပ်တော်တယ်။

ခုခေတ်မှာ ရသစာပေရဲ့ အခန်းကဏ္ဍ တဖြည်းဖြည်း မှေးမှိန်စပြုနေပြီ။ ရသစာပေကိုလဲ မခံစားတတ်ကြတော့ဘူး။ တော်တော်လေး စိတ်မကောင်းစရာပဲ။ ဦးဟန်ကြည်တို့လို ဆရာတွေ များများလိုအပ်ပါတယ်။ ထပ်ရေးမယ့်ပို့စ်ကိုလဲ စောင့်မျှော်နေပါမယ်။ ဒီစာမြည်းလေးဟာလဲ အင်မတန်မှ အဖိုးတန်ပါတယ်ရှင်။

ချော(အစိမ်းရောင်လွင်ပြင်) said...

ခုခေတ်ကလေးတွေက စာမေးပွဲအောင်ရုံကျက်တာကလွဲလို့ မြန်မာစာကို ဝါသနာ မပါကြတော့ဘူးထင်ပါရဲ့ဆရာ။ မြန်မာစာကို ချစ်ရကောင်းမှန်းလည်း မသိကြတော့ဘူး။ တကယ်လို့ သူတို့တွေသာ မြန်မာစာကိုချစ်ရင် ရသစာပေတွေကိုလည်း ချစ်တတ်လာမှာ ခံစားတတ်လာမှာ သေချာပါတယ်။

နေ၀သန် said...

ဆရာရေ.. ပြင်မယ်ဆိုရင် ဘယ်ကစပြင်ရမှန်းတောင်မသိဘူးနော်.. ဒါတောင်ဒီမျိုးဆက်က ဆက်ပါလာဦးမှာ...း((


ခင်မင်လျက်
နေ၀ဿန်

မင်းဧရာ said...

ဆရာ....
ထိုကဲ့ သို့တပည့်များ သင်ပေးနေတာကြားရတော့
အလွန်ကို ၀မ်းသာ ကြည်နုးမိပါတယ်။
မြန်မာ တစ်ပြည်လုံးမှာရှိတဲ့ ကျောင်းဆရာ
တစ်ဝက်လောက်ကများ ဆရာ့ လိုမျိုးသင်ပေး
ကြမယ် ဆိုရင် ပြည့်မျိုးဆက် မတိုးတက်စရာ
အကြောင်းမရှိဘူးလို့ ထင်မိတယ်။

ကလေးတွေဆိုတာကိုထားပါတော့...
ယခု ကျွန်တော် နှင့် သက်တူရွယ်တူ
များကတောင် ကျွန်တော် သီချင်းဖွင့်တဲ့အခါ
ဒါမှမဟုတ် သီချင်းဆိုတဲ့အခါ ခေတ်ကို
နောက်ပြန်ဆွဲနေသူလို့ ဆိုကြပြန်ရော
အခုတော့...
ဆရာ့ အားကိုးရှိသွားလို့ ကျေးဇူးအထူးပါ ဆရာ။

တောက်ပကြယ်စင် said...

ရသစာပေတွေ ပျောက်ကွယ်သွားမှာ စိုးရိမ်မိတယ် ဆရာရေ။ ဆရာ့လို ဆရာမျိုး များများထွန်းကားပါစေလို့ပဲ ဆုတောင်းရတော့မယ် ထင်ပါရဲ့နော်။ ဆရာလည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာပါစေ၊ ချမ်းသာပါစေ...

Anonymous said...

Your post is a thoughtful and important writing that truly reflects the general situation of the present-day generation and interest ( or lack of interest) in ‘ra-tha-sa-pei’ , aesthetic literature , Saya Han Kyi. I am sure any one who cares for our literature will read this post with great interest. In your post(in your last paragraph) you have described your wishes for the youths/ your pupils to understand, to enjoy and to be appreciative of ‘ra-tha-sa-pei’ as your ‘atta’, your ‘law-ba’. I would suppose such wishes of a teacher should rather be called your ‘san-da’, your ‘say-da-nar’ , your ‘metta’ .
I look forward to your follow-up writing on the topic. Thanks.

မြစ်ကျိုးအင်း said...

တစ်စိတ်တစ်သဘောထဲပါပဲ အကိုရေ..။
အခုခေတ်က ခံစားမှုအာရုံတွေ ဘယ်လို ပြောင်းကုန်လဲ မသိဘူးဗျာ။ ဘာပဲဖြစ်ဖြစ် နိင်သလောက် လုပ်နေတဲ့ အကိုရဲ့ စေတနာကို မြင်သာပါတယ်။ ရည်ရွယ်သလို ရှေ့သို့သာဆက်လျှောက်ပါ အကိုရေ..။

စံပယ်ချို said...

ရသစာပေရေးတဲ့နေရာမှာဆရာအရမ်းတော်ပါတယ်
ဆရာမို့လို့မဟုတ်ပါဘူး
ဆရာတိုင်းလဲ ဆရာ့လိုမရေးတတ်ကြဘူး။
စာလုံးပေါင်းတွေပြင်ပေးလို့ကျေးဇူးတင်ပါတယ်ဆရာ။

ကိုကိုမောင်(ပန်းရနံ့) said...

ရသကောင်းကောင်း မရေးတတ်ပေမဲ့ ရသကောင်းကောင်းကိုတော့ လွန်စွာမှ ကြိုက်နှစ်သက်လှတဲ့ တုံးဖလားသူကြီးမင်း ဖြစ်ပါတယ်။း))))

အားပေးနေမယ် ဆရာဟန်။ ဆက်လက်သာ လှော်ခတ်ပါလေ။ ရသခရီးကို စီးပြီး လိုက်ပါနေပါ့မယ်။

ရသခရီး
တကယ်စီးမဲ့
သူကြီးမင်းဖြစ်ပေတော့၏။း))))

အိမ့်ချမ်းမြေ့ said...

ဒီမှာတော့ ရသ စာပေ သင်တန်းတွေတောင် ရှိတယ်။ မာစတာ Master of Fine Arts (MFA) Program in Creative Writing မပြောနဲ့ ညကျောင်းနဲ့ ဒီပလိုမာသင်တန်းတွေတောင် ရှိပါတယ်။

ဒီပိုစ်တွက် ကျေးဇူးတင်ပြန်ပါပြီ

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger