Tuesday, 28 June 2011

လွမ်းခြင်း . . .

ဒီရက်ပတ်တွေမှာ မိုးက နေ့တိုင်းရွာနေပါတယ်။
လမ်းတွေလည်း ရေတွေပြည့်နေတာကြောင့် သွားရလာရတာ သိပ်အဆင်မပြေလှပါ။ ဒီကြားထဲမှာ မိုးများတဲ့ဒဏ်ကြောင့် မီးတိုင်ပဲလဲသလား၊ transformer ပဲ လောင်သလား မပြောတတ်တော့ပဲ မီးပျက်သွားပါတော့တယ်။ မီးရောင်ထိန်ထိန်လင်းလင်းနဲ့ လေးငါးနှစ်လောက်နေခဲ့ပြီးပြီမို့ အကျင့်ရနေတာကြောင့် မီးမလာတော့တဲ့အခါ အင်မတန်မှ အနေရအထိုင်ရ ခက်ပါတော့တယ်။ ဟိုးအရင်တုန်းကဆိုရင်တော့ မီးမလာရင်လည်း ဖယောင်းတိုင်ကလေးနဲ့ ကိုယ့်ဖာသာကိုယ် ကျေနပ်နေခဲ့ရပေမယ့် မီးကလေးနဲ့ လူလူသူသူနေအပြီးမှာတော့ မီးမလာရင်ကိုပဲ လောကကြီးက မလှတော့သလို ခံစားရပါတော့တယ်။

ပိုဆိုးတာက တစ်မြို့လုံး မီးတွေထိန်ထိန်လင်းပြီး ကိုယ့်ရပ်ကွက်ကလေးကျမှကွက်ပြီး မီးမလာတာဖြစ်လို့ စာသင်ချိန်ပြီးလို့ မြို့ထဲကနေ ကိုယ့်အိမ်ကိုပြန်လာရင် ပိန်းပိတ်အောင်မှောင်နေတဲ့ အမှောင်ထုကြီးက ဆီးကြိုနေတော့တာမို့ အားငယ်ချင်စရာပါ။ မီးမလာတာကြောင့် အလုပ်တွေလည်း ရပ်ထားရပါတော့တယ်။ စာအုပ်စာတမ်းတွေ လုပ်စရာရှိတာလည်း မလုပ်နိုင်တော့ပါ။ စာလည်းမရေးနိုင်တော့ပါ။ နေ့လည်ပိုင်း မြို့ထဲသွားပြီး စာသင်နေတဲ့အချိန်မှာ ကိုယ့်နက်ဘုတ်နဲ့ ဖုန်းကို အားအပြည့်သွင်းခဲ့ရပါတယ်။ ဒါပေမယ့် နက်ဘုတ်ဆိုတာကလည်း တစ်နာရီကျော်ကျော်လောက်ပဲ ဘက်ထရီနဲ့သုံးလို့ရတာမို့ ဘာအလုပ်မှမပြီးခင် အားကုန်သွားတာများပါတယ်။

ဒီကြားထဲမှာ ညစဉ်ညတိုင်း ၂နာရီလောက်မှ အိပ်ပျော်တဲ့ မျက်လုံးတွေက ကိုယ့်ကိုဒုက္ခပေးပါသေးတယ်။ အဲဒီအချိန်မရောက်မချင်း ဘယ်လိုအိပ်အိပ် အိပ်လို့မပျော်ပါ။ အိပ်ယာထဲမှာဟိုလူးသည်လှိမ့်နဲ့ အင်မတန်မှ ၀ဋ်ဒုက္ခကြီးလွန်းပါတယ်။ ဒါနဲ့ပဲ အားသွင်းရတဲ့မီးကလေး မလင်းတလင်းကိုဖွင့်ပြီး ရှေးရိုးအတိုင်းပဲ စာရွက်နဲ့ဘောပင်ကို အားကိုးပြီး ကဗျာတွေ တော်တော်များများရေးဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကဗျာတွေရလာတာ အမြတ်လို့ပဲ ဆိုရမယ်ထင်ပါရဲ့။ ဒီနေ့လည်း မီးမပြင်ရသေးတာမို့ အမှောင်ကမ္ဘာထဲမှာ နေရဦးမယ့်ကိန်းက ဆက်နေပါတော့တယ်။ ပိုဆိုးတာက အားသွင်းရတဲ့မီးကလေးက မနေ့ညက အားကုန်သွားပါပြီ။ ဒီညကိုတော့ မြန်မာ့ရိုးရာ ဖယောင်းတိုင်နဲ့ပဲ စခန်းသွားရဖို့ သေချာသလောက်နီးနီးရှိနေတာမို့ အိမ်ပြန်ဖို့တောင် ၀န်လေးလာမိပါရဲ့။

ရေးဖြစ်ထားတဲ့ကဗျာတွေထဲက စိတ်ကြိုက်တွေ့တဲ့ကဗျာတစ်ပုဒ်ကို တင်လိုက်ပါတယ်။ ရသစာပေပို့စ်ကိုတော့ မီးလာမှပဲ ဆက်ရေးရမှာမို့ သည်းခံဖို့တောင်းပန်ထားပါရစေဦး...
“လွမ်းခြင်း”
မီးရယ်...
ရှောင်ဖယ်ကာတမင်တိမ်း
စိမ်းရက်လေခြင်း။

ညခင်းသာ
လမင်းရယ်ဖယ်ခွာပြေး
တိမ်ဘေးမှာကိုယ်ရောင်ကွယ်
မိုးမင်းရယ်သည်းရွာခိုက်
(မီးရယ်) 
လွမ်းလိုက်လေခြင်း။     ။

ဟန်ကြည်
၂၈.၆.၂၀၁၁
မနက်၂.၁၀ နာရီ
 



17 comments:

မောင်မျိုး said...

ဆရာရေ့ ဒီမှာလည်းရေကြီးနေတယ်ဗျ တော်တော်ကိုကြီးနေတား)

ဆရာတို့ တောရကျောင်းအပိုင်က ထရန်စဖော်မာ နံပါတ် 6 က ဆီယိုနေလို့ ပိတ်ထားတာ လာမှာပေါ့ ရိုးရာဓလေ့ မမေ့အောင် ဖယောင်းတိုင် သုံးခိုင်းထားတာ။

mstint said...

'လွမ်းခြင်း' ဆောင်းပါးလေးကို ဖတ်သွားတယ်နော်။ ခံစားချက်ခြင်းတူညီကြပါတယ်ကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မေဓာဝီ said...

မီးပျက် ပြန်ပြီ၊
ဦးဟန်ကြည် အမှောင်ရိပ်မှာ
အိပ်ရခက်သည်။

အတွေးစသီ
ကဗျာစီဖွဲ့ရေး၊
ပြောရန်များတာမို့
ဘောပန်သာကိုင်လို့ရမ်းတယ်
လွမ်းခြင်းတဲ့လေး ... ။

:)
ကျမလဲ ဦးဟန်ကြည်ဘလော့ကို ဦးဆုံးရောက်တာ ကဗျာရေးချင်တာနဲ့ ကြာသွားတော့ ကိုယ်ကနောက်ကျသွားတာ။

မင်းဧရာ said...

ဟုတ်တယ် ဆရာ ကျွန်တော် အိမ်ကို ဖုန်းဆက်တာ
နှမ်းတွေ ရိပ်သိမ်းခါ နီးကြမှ မိုးကအရမ်းရွာနေတယ်
ဆိုလို့ မေမေနဲ့ ဖုန်းပြေားပြီးတော့ ကဗျာ ရေးလိုက်တာ
ဆရာ နဲ့ပါ တိုက်ဆိုင်သွားတယ်........
အခုလောက်ဆိုရင် ဦးမာဃ လည်းသိလောက်ပါပြီ။

Angelhlaing(May everybody be happy and healthy! said...

အကိုရဲ့ ပို့စ်လေး အပြင် ကွန်မန့်တွေကြောင့် ပြုံးမိတယ်...:):)

ချော(အစိမ်းရောင်လွင်ပြင်) said...

ကြည့်ရတာ ဆရာဟန်က ရည်းစားဟောင်းကို သတိရလို့ ဒီကဗျာကို ရေးပုံရတယ် ဒီတိုင်းတင်ရင် မဟေသီက ဆူမှာစိုးတော့ တိုက်ဆိုင်စွာ ပျက်သွားတဲ့ မီးကို ရမယ်ရှာလိုက်ပုံရတယ် ဟိဟိ
(ချွန်သွားတယ်)

နေ၀ဿန် said...

အင်း.. မီးကို မလွမ်းရတာတောင် ကြာပြီ... :P..

ခင်မင်လျက်
နေ၀ဿန်

သိင်္ဂါကျော် said...

ဟုတ်တယ်..
မီးမလာရင် မနေတတ်ဘူး..
စိတ်ညစ်တယ်...

တောက်ပကြယ်စင် said...

မီးပြတ်တယ်ဆိုလို့...ဘုန်းဘုန်းတို့အိန္ဒိယ (အိန်ဒိယက နိုင်ငံကျယ်တော့) ဘုန်းဘုန်းတို့နေတဲ့ တမီးလ်နာဒူးပြည်နယ်မှာလည်း အရင်က ပြတ်ခဲလှတဲ့ မီးဟာ ခုဆိုရင် ဆက်သွယ်ရေးပြင်ပနဲ့ နင်လားငါလား ဖြစ်လာပြီ ဆရာရေ...လူတွေက အဲဒီအတွက် ဆန္ဒပြမလို့တဲ့...ခုတော့ မပြသေးဘူး...
ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

seesein said...

မီး မလာရင် မနေတတ်ဘူး
ဆရာရေ ရောမကြိတ်နဲ့ဗျ


ခင်မင်တဲ့
seesein

မအိမ်သူ said...

ဟုတ်တယ်ဆရာရေ မီးမလာရင် အမှောင်ထဲမှာ ဘာမှကိုမလုပ်တတ်တာ.. မီးပျက်ပြီဆို ဘာမှမလုပ်ဘဲ အမှောင်ထဲ ငုတ်တုပ်ထိုင်နေလိုက်တယ် အေးရော.. :))

ShwunMi- said...

ဆယ်တန်းတုန်းက မီးပျက်တဲ့ညနေခင်းတွေဆို ဘုရားထိုင်ရှိခိုးနေရတယ်။ နံနက်စောစောမထတတ်လို့ မီးလာတုန်းဆို ညနက်နက်ထိ စာကြည့်ဖြစ်တယ်။ အခုတော့ မီးပျက်တဲ့အရသာကိုပဲ လွမ်းရမလိုလို ဖြစ်နေပြီ။

မြစ်ကျိုးအင်း said...

ဟိုမီးလိုလို ဒီမီးလိုလိုနဲ့ ရည်းစားစာထင်ကြအုံးမယ် ဆရာဟန်ရေ..။ မီးရောင်နဲ့ အမြဲနေနေတော့ အရင်က မီးပျက်တဲ့ဘဝတောင် ကိုယ်တွေလည်း မေ့နေပါပြီဗျာ။

ဟန်ကြည် said...

အမှုကြီးအောင် မလုပ်ကြပါနဲ့ဗျာ...ရေးမိတာက တရားမှုလောက်ပဲ ရှိပါလိမ့်မယ်...၀ိုင်းအားပေးမှပဲ ရာဇ၀တ်မှု ဖြစ်တော့မယ်ထင်ပါတယ်...ဘုရားစူးရပါစေရဲ့..မီးရယ်ဆိုတာ တကယ့်လျှပ်စစ်မီးစစ်စစ်ကြီးကို ပြောတာပါ...မနောက်ကောင်းဘူးဗျနော...၀ဋ်လည်တတ်တယ်...

jasmine(တောင်ကြီး) said...

လွမ်းခြင်းလေးကိုဖတ်လိုက်ပါတယ်ဆရာ
ကျွန်မမေမေလဲပြောပါတယ်
တောင်ကြီးမှာလဲမိုးတွေအရမ်းရွာနေတယ်တဲ့။
မြန်မာပြည်အနှံ့ပဲနော်..
သက်ကြီးရွယ်အိုတွေသနားဖို့ကောင်းတယ်။

အဖြူရောင်နတ်သမီး said...

မချောပြောတာကို နတ်သမီး အပြည့်အဝထောက်ခံပါတယ်...

အရင်ရည်းစားဟောင်းနာမည်က “မီး”တဲ့လား..
နတ်သမီးတို့ကတော့ မဟေသီဘက်ကပဲ ပါမယ်..
မဟေသီရေ...
လက်နှက်မရှိရင်ပြော.. ဆိုက်ပဂပ်စ်ကနေ ပို့ပေးလိုက်မယ်(စားရိတ်ငြိမ်း)..ဟိ

အိမ့်ချမ်းမြေ့ said...

ဒီပိုစ်လေး ကော ပိုစ်အောက်က ကွန့်မင့်တွေကော သဘောကျမိး))

ကြိုက်ရင်ပေါ့လေ . . .