ဒီဘက်ခေတ် လူငယ်အများစုဟာ ပညာရေးကို အာရုံစူးစိုက်မှု အားနည်းလာကြတာ တွေ့နေရတော့ ဦးဟန်ကြည် တစ်ယောက် တော်တော်လေး စိတ်မကောင်း ဖြစ်မိပါတယ်။ အဲဒီလိုအာရုံစူးစိုက်မှု နည်းလာတာနဲ့အမျှ အင်တိုက်အားတိုက် ကြိုးစားချင်စိတ်၊ ဇွဲ၊ သတ္တိစတာတွေလည်း လျော့ကျလာပါတော့တယ်။ ဒီပုံစံအတိုင်း ကြာကြာလွှတ်ထားရင်တော့ ပညာတတ်မျိုးဆက်သစ်တွေကို အုံနဲ့ကျင်းနဲ့မြင်ရဖို့ အခွင့်အရေးနည်းသထက်နည်းလာမှာ သေချာနေပါသေးရဲ့။ အဆိုးတကာ့အဆိုးဆုံးကတော့ ပညာခေတ်ကြီးမှာ ကိုယ့်ထက်ပညာတတ်တဲ့ တိုင်းပြည်တွေကို မော့ကြည့်နေရတော့မယ့် အဖြစ်ပါပဲ။ အဲဒီတော့ ဒီလိုဖြစ်ရခြင်းဟာ ဘယ်သူ့ကြောင့်လဲဆိုတာကို ပညာရေးလောကသားပီပီ အဖြေရှာကြည့်မိပါတော့တယ်။
တကယ်တန်းဆန်းစစ်ကြည့်တဲ့အခါမှာ လူငယ်တွေ ပညာရေးကိုအလေးထားမှု နည်းလာခြင်းဟာ လူကြီးတွေကြောင့် ဖြစ်ရတယ်ဆိုတာကို ထင်းထင်းကြီး မြင်ရပါတော့တယ်။ လူကြီးဆိုတော့ တိုင်းပြည်မှာရှိနေကြတဲ့ လူများစုကြီးကိုပဲ ဆိုလိုရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် လောလောလတ်လတ် ပညာတတ်ဖြစ်ပြီး ဌာနဆိုင်ရာအသီးသီးမှာ တာဝန်ထမ်းနေတဲ့ဝန်ထမ်းတွေ၊ ပညာတတ်ပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်နေကြတဲ့သူတွေရဲ့ပါးစပ်က ထွက်လာနေတဲ့စကားတွေကို နားထောင်ကြည့်ပါ။ ဘွဲ့ရပညာတတ် ၀န်ထမ်းတစ်ယောက်က “သင်လိုက်ရတဲ့ပညာတွေ၊ ကုန်လိုက်တဲ့ ကျောင်းစရိတ်တွေ၊ သောက်သောက်ကိုလဲနေတာပဲ အခုဝန်ထမ်းပြန်ဖြစ်တော့ ရတဲ့လစာက တစ်လလုံးနေမှ လေးသောင်းခွဲ၊ ၀န်ထမ်းတစ်သက်ရမယ့်လစာအားလုံး ပေါင်းကြည့်ရင် ကျောင်းစရိတ်တောင် မကျေဘူး” လို့ လူရှေ့သူရှေ့၊ သားသမီးရှေ့ပါမရှောင် ညည်းပြပါတယ်။ ဘွဲ့ရပြီး အပြင်မှာ ကိုယ်ပိုင်လုပ်ငန်းလုပ်နေတဲ့သူတွေကလည်း “ဘွဲ့ရလည်း ဘာမှသုံးလို့ရတာမှတ်လို့၊ ငါတို့သာကြည့်ပေတော့၊ ဘွဲ့ရထားလည်း ဈေးရောင်းစားရတာပါပဲ၊ ဘွဲ့မရ စာမတတ်ဘဲ ဈေးရောင်းနေတဲ့သူတောင် ငါ့တို့ထက် ပိုချမ်းသာသေးတယ်” လို့ သံကုန်ဟစ်ပြန်ပါတယ်။
ဒါတင်ပဲလားဆိုတော့ မဟုတ်ပြန်ပါ။ စာမတတ်ပေမတတ်နဲ့ စီးပွားရေးလုပ်စားပြီး အောင်မြင်နေတဲ့သူတွေကလည်း “ပညာတတ်တော့ ဘာလုပ်မှာလဲ၊ ဒီကောင်တွေ တို့လောက်တောင် ၀င်ငွေမရှိဘူး” ကြွေးကြော်ပြန်ပါတယ်။ ပညာလည်းမတတ် လုပ်ငန်းလည်း မအောင်မြင်တဲ့သူတွေကလည်း အားကျမခံ သံယောင်လိုက်ပြီး “ဘွဲ့ရလည်း အလကားပါကွာ၊ တို့အိမ်ရှေ့က စာရေးကြီးကိုကြည့်၊ ထမင်းတောင်နပ်မှန်တာမဟုတ်ဘူး၊ လေးတန်းနဲ့ကျောင်းထွက်ပြီး ချဲရောင်းစားနေတဲ့ မိအေးတောင် သူ့ထက်ဝင်ငွေကောင်းသေးတယ်” လို့ ဆိုပြန်ပါတယ်။
အဲဒီတော့ လူတန်းစားတော်တော်များများရဲ့အဲဒီလို အင်တိုက်အားတိုက် အားပေးသံတွေကို နေ့စဉ်နဲ့အမျှ ကြားနေရတဲ့ ကလေးတွေရဲ့ အတွေးထဲမှာ ဘာတွေတွေးကြမယ်ဆိုတာ စဉ်းစားကြည့်နိုင်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ ကျောင်းကဆရာ၊ ဆရာမတွေကလည်း သူတို့ရတဲ့လစာနဲ့ သူတို့လုပ်ရတာနဲ့ မမျှကြောင်း မကြာမကြာ ညည်းပြကြတာတွေကို ကြားရပြန်တဲ့ ကျောင်းသားတွေမှာ ပညာကို အင်တိုက်အားတိုက် ကြိုးစားချင်စိတ်တွေ ပျောက်ကုန်တာ အဆန်းမဟုတ်တော့ပါ။
တကယ်တော့ ပညာရဲ့တန်ဖိုးကို ပညာတတ်တွေပဲ သိကြပါတယ်။ ပညာမတတ်သူတွေက ပညာတန်ဖိုးမသိလို့ ဝေဖန်တာ၊ အပြစ်တင်တာ၊ ပညာကို အကောင်းမမြင်တာ သဘာဝကျပါတယ်။ ခက်နေတာက ပညာတတ်တွေကိုယ်တိုင်က ကိုယ့်ပညာကို တန်ဖိုးမထားခြင်းပဲဖြစ်ပါတယ်။ ပညာကို ပိုင်ဆိုင်နေသူတွေကိုယ်တိုင်တောင် ကိုယ့်ပညာကို တန်ဖိုးထားရကောင်းမှန်း မသိတဲ့နောက် အဲဒီတိုင်းပြည်ဟာ ပျက်စီးရုံပဲ ကျန်တော့တယ် မဟုတ်ပါလား။

ပညာတတ်တွေကိုယ်တိုင်က
ပညာကို ဘာကြောင့် တန်ဖိုးမထားချင်ကြတော့တာလဲ…
အဖြေကရှင်းပါတယ်။ ပညာတတ်တွေကိုယ်တိုင်က ပညာတန်ဖိုးကို ငွေနဲ့တိုင်းတာလာကြလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျောင်းသားဘ၀က ကိုယ့်ထက်စာညံ့တဲ့သူငယ်ချင်းတွေက ကားတစ်ဝီ၀ီနဲ့ဖြစ်နေချိန်မှာ ကိုယ်က စက်ဘီးစုတ်ကလေးနဲ့ ဖြစ်နေတာကို မခံစားနိုင်တာတွေကြောင့်လည်း ပါပါတယ်။ သူတို့တွေးတာ လုံးဝမှားပါတယ်။ ဘာကြောင့်လဲဆိုတော့ မျိုးမတူတာနှစ်ခုကို ညီမျှခြင်းချဖို့၊ နှိုင်းယှဉ်ကြည့်ဖို့ ကြိုးစားနေတာကြောင့်ပါ။
တကယ်တော့ ပညာတတ်တွေတွေးသင့်တာက ကိုယ့်မှာရှိတဲ့ ပညာရဲ့ပင်ကိုတန်ဖိုးစစ်စစ်ကိုပါ။ အခုတော့ ထမင်းမျက်နှာကြည့်ရင်း “ပညာရွှေအိုး၊ လူမခိုး” ဆိုတဲ့ ဆိုရိုးကို မေ့ကုန်တာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဘယ်အရာကမှ မဖျက်ဆီးနိုင်တဲ့ ဦးဏှောက်အရင်းအနှီးဟာ ရန်သူမျိုးငါးပါးဘေးက လွတ်တယ်ဆိုတဲ့ တစ်ချက်ထဲနဲ့တင် ပျက်စီးနိုင်တဲ့ ငွေကြေးနဲ့ မနှိုင်းယှဉ်သာအောင် ကွာခြားနေပြီးသားပါ။ ဥပမာတစ်ခု တွေးကြည့်ရအောင်ပါ။ တကယ်လို့များ တိုင်းပြည်တစ်ခုလုံး မီးလောင်ပြာကျသွားပြီး အားလုံးကုန်းကောက်စရာ မရှိတဲ့ အချိန်မှာ ပြာပုံထဲက ဘယ်သူအရင် ကုန်းထလာမလဲဆိုတာကိုမြင်ယောင်ကြည့်ပါ။ ပညာရှင်ကပဲ အရင်ထလာမှာ သေချာပါတယ်။ ဘာကြောင့်လဲဆိုရင် သူ့ပညာကို မီးရှို့ပစ်လို့မှ မရတာကလား။
ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါ။ ပညာတတ်ခြင်းအားဖြင့် လောကမှာ အမှားအမှန်ကို ပိုင်းခြားဝေဖန်နိုင်တဲ့ အသိဥာဏ်ကိုပါ ပိုင်ဆိုင်ထားတာကိုလည်း ပညာတတ်တွေ မေ့နေကြပြန်ပါတယ်။ လူဖြစ်လာရခြင်းရဲ့ အနှစ်သာရနဲ့ အဓိပ္ပာယ်မှာ စားဖို့၊ ၀တ်ဖို့၊ နေဖို့တင်မကဘဲ အကြောင်းအကျိုး၊ အကောင်းအဆိုးကို ခွဲခြားသိနိုင်ဖို့ဆိုတာလည်း အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါနေတာကို မေ့ထားလို့မဖြစ်ပါ။ ပညာတတ်တစ်ယောက်မှာ ရှိတဲ့၊ ပညာတတ်ဖြစ်ခြင်းကြောင့်ရခဲ့တဲ့ အဲဒီအသိဥာဏ်ဟာ စီးပွားဖြစ်ချင်မှ ဖြစ်နိုင်ပေမယ့် ဘ၀ကိုဖြတ်သန်းဖို့ သံသရာကို ကျေုာ်လွှားဖို့အတွက် အဖိုးမဖြတ်နိုင်တဲ့ အနဂ္ဃရတနာစစ်စစ်ဆိုတာ သဘောပေါက်သင့်ပါတယ်။ အဲဒီအသိဥာဏ်မျိုးကို ရဖို့ ထမင်းနဲ့လဲ လဲသင့်သလို၊ လောကမှာရှိတဲ့ အရာအားလုံးနဲ့လဲ လဲသင့်ပါရဲ့။ သုံးလောကထွတ်ထား မြတ်စွာဘုရားရှင်ဟာ အဲဒီအသိဥာဏ်မျိုးရဖို့အတွက် ဘ၀ပေါင်းများစွာ အသက်တွေ၊ စည်းစိမ်တွေနဲ့ရင်းပြီး ကြိုးစားတော်မူခဲ့တယ်မဟုတ်ပါလား။ ရှင်တော်ဘုရားတောင်မှ လောကကိုထိုးထွင်းသိမြင်ခြင်း၊ တစ်နည်းအားဖြင့် အမှားအမှန်ကို ပိုင်းခြားထင်ထင် သိမြင်နိုင်ခြင်းဆိုတဲ့ အသိဥာဏ်၊ တစ်နည်းအားဖြင့် ဥာဏ်ပညာကို အရာအားလုံးထက် တန်ဖိုးထားတော်မူတယ်ဆိုတာ မေ့ကိုမမေ့သင့်ပါ။ အဲဒီလောက်တောင် တန်ဖိုးကြီးမားလှတဲ့ ဘ၀ရဲ့အလင်းရောင် အသိဥာဏ်ပညာကို ဘာမဟုတ်တဲ့ ငွေကြေးလက်တစ်ဆုပ်စာနဲ့ နှိုင်းယှဉ်ပြီး လူကြီးတွေက ရင်ထုမနာဖြစ်နေသမျှ နောက်ကလိုက်လာနေတဲ့ လူငယ်တွေကို ပံ့ပိုးရာ ရောက်မှာမဟုတ်သလို ကိုယ်တိုင်လည်း တိုးတက်တော့မှာ မဟုတ်ပါ။
တကယ်တော့ ပညာတတ်၊ ဘွဲ့ရပြီး ဆင်းရဲနေခြင်းဟာ မိမိကိုယ်တိုင်က အသုံးမကျလို့သာ ဖြစ်ပါတယ်။ မိမိကိုယ်၌က မကြိုးစားလို့ မတိုးတက်တာပါ။ ဘွဲ့ရရင် ဆိုက်ကားမနင်းရဘူးလို့ ဘယ်ဥပဒေကများ ပြဌာန်းထားပါသလဲ။ ဘွဲ့ရရင် လယ်မလုပ်ရဘူး၊ လက်သမားမလုပ်ရဘူးလို့ ဘယ်ကျမ်းစာကများ သတ်မှတ်ထားပါသလဲ။ တကယ်တော့ ကိုယ်တို့ပညာတတ်တွေ ဆင်းရဲရခြင်းဟာ ဘယ်သူ့ကြောင့်မှ မဟုတ်ဘဲ ဆရာအောင်သင်းပြောသလို အကျဉ်း၊ အကျယ်မှားတဲ့ ပြဿနာကြောင့်ပဲ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ ကိုယ်တို့ပညာတတ်တွေမှာ ကျယ်ရမယ့် မျက်စိကျတော့ ကျဉ်းနေပြီး မကျယ်ရမယ့် ဖင်ခေါင်းကျမှ ကျယ်နေကြတာ သိသာ၊ မြင်သာလွန်းလှပါရဲ့။ တစ်ခါတစ်ခါများ “ဟေ့…ဘွဲ့ရကွ…ဘယ်တော့မှ ကူလီထမ်းမစားဘူး”လို့ အခြောက်တိုက် ဘ၀င်မြင့်နေချိန်မှာ ပညာမတတ်တဲ့သူကတော့ ဘာမှမကြွေးကြော်ဘဲ ၀င်လုပ်ရင်း၊ကိုင်ရင်းကနေ ကြီးပွားချမ်းသာကုန်ကြပြီး ပညာတတ်တွေ အလကားပါကွာလို့ စော်ကားမော်ကားလုပ်တာခံရတော့တာပါ။ ခံလည်းခံသင့်ပါတယ်။ တကယ်လည်း အသုံးမကျပဲကိုး။ ဒါပေမယ့် ဒါဟာ ပညာကြောင့်မဟုတ်ပါ။ ပညာတတ် ပုဂ္ဂိုလ်ကိုယ်တိုင်ညံ့ဖျင်းခြင်းကြောင့်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ဘွဲ့လက်မှတ်ကြီးတွေ ချိတ်ထားတဲ့ လူကြီးမင်းတွေ၊ ဘွဲ့ရလည်း အလကားပါလို့ ထင်နေကြတဲ့ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တွေကို တစ်ခုတော့ မေးချင်ပါတယ်။ အဲဒီချိတ်ထားတဲ့ဘွဲ့နဲ့ ထိုက်တန်တဲ့ ပညာမျိုးရော တတ်ပါရဲ့လားလို့။ တတ်အောင်များကြိုးစားခဲ့ပါရဲ့လားလို့။ အဲဒီမှာလည်း ဘာဖြစ်လို့၊ ညာဖြစ်လို့စတဲ့ ဆင်ခြေ၊ ဆင်လက်တွေ တသီတတန်းကြီးလာပါလိမ့်ဦးမယ်။ အဲဒီလို ဆင်ခြေပေးခြင်းကိုက ညံ့ဖျင်းခြင်း၊ တစ်နည်းအားဖြင့် ပညာရှင်မပီသခြင်းကို ဖော်ပြနေတာကြောင့် မွဲကိုမွဲသင့်တယ်လို့ ပြောရပါလိမ့်မယ်။ တကယ်တော့ ဘယ်ပညာမဆို ကျကျနနကြိုးစားရင်

ထမင်းတစ်လုပ်တင်မကဘဲ၊ ကုဋေကြွယ်အောင် ချမ်းသာနိုင်ပေမယ့်
ပညာတစ်ခုထဲနဲ့တော့ ချမ်းသာမယ်ထင်ရင် မှားပါလိမ့်မယ်။
ပညာသင်ခြင်းဆိုတာ နည်းလမ်းကို သင်ကြားခြင်းသာဖြစ်တာမို့ အဲဒီနည်းလမ်းကို အသုံးမပြုဘဲ ပညာတတ်၊ ဘွဲ့ရဖြစ်ရုံတစ်ခုထဲနဲ့ တစ်နည်းအားဖြင့် ပညာကို ပိုင်ဆိုင်ရုံတစ်ခုထဲနဲ့ ချမ်းသာချင်နေသပဆိုရင်တော့ ၀မ်းနည်းပါတယ်လို့ပဲ ပြောရပါလိမ့်မယ်။ အဲဒီပညာနဲ့အတူ စိတ်ဓာတ်ခွန်အား၊ ယုံကြည်မှု၊ ကိုယ်တိုင် အားထုတ်ကြိုးပမ်းမှုတွေနဲ့ ကြိုးစားလိုက်ရင် မချမ်းသာဘဲကိုမနေပါ။ ပညာမတတ်တဲ့သူတောင် အောင်မြင်တဲ့ လုပ်ငန်းတစ်ခုကို ပညာတတ်တစ်ယောက်က စိတ်ဓာတ်အပြည့်နဲ့ ကြိုးစားရင် သူ့ထက်ပိုအောင်မြင်မှာ မြေကြီးလက်ခတ်မလွဲပါ။
ဒါ့အပြင် ကိုယ်တို့ရဲ့ပညာတတ်တွေက ပညာတတ်ရင် ၀န်ထမ်းလုပ်စားဖို့လောက်ပဲ ချောင်းနေကြတာများပါတယ်။ ၀န်ထမ်းဆိုတာ သူများလက်အောက်ခံပါ။ ပညာသင်ထားတာ လက်အောက်ခံဖြစ်ဖို့ သင်ပေးခြင်းမဟုတ်ပါ။ တစ်နည်းအားဖြင့် ကျွန်ဖြစ်အောင် သင်ထားတာမဟုတ်ပါ။ သခင်ဖြစ်ဖို့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ စိတ်ဓာတ်အင်အားတွေရဖို့ သင်ပေးထားတာပါ။ ဒါကို သဘောပေါက်မထားသမျှတော့ ငွေကြေးချမ်းသာကြွယ်ဝခြင်းကို ရနိုင်မှာ မဟုတ်ပါ။ တိုင်းပြည်တာဝန်ကို ထမ်းရင်းချမ်းသာချင်လို့ကတော့ ခပ်ရှင်းရှင်းပြောရရင် ခိုးမှပဲ ရပါလိမ့်မယ်။ အဲဒီတော့ မျိုးဆက်သစ်လူငယ်တွေ စိတ်ဓာတ်ပျက်စီးအောင် ညည်းပြနေမယ့်အစား သတ္တိရှိရှိနဲ့ စိတ်ဓာတ်အပြည့်မွေးပြီး ကိုယ်ပိုင်လုပ်ငန်းလုပ်ပါလို့ပဲ အကြံပေးချင်ပါတယ်။
ဘာပဲဖြစ်ဖြစ် ပညာတတ်တွေအနေနဲ့ အမှားအမှန်ကို ခွဲခြားဝေဖန်နိုင်တဲ့ အသိဥာဏ်ဟာ အရာအားလုံးထက် သာလွန်မြင့်မြတ်တဲ့ ဘ၀နေနည်းကို ပေးစွမ်းနိုင်တယ်ဆိုတာကို

ရင်ထဲ၊ အသည်းထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားကြရင်ဖြင့်
ပညာကို တန်ဖိုးထားချင်စိတ်တွေ ပြန်ကိန်းအောင်းလာမှာဖြစ်သလို၊ ပညာရှင်ဖြစ်ရခြင်းကိုလည်း ဂုဏ်ယူလာမှာ မလွဲပါ။ ဒါတင်မက မျိုးဆက်သစ်တို့အတွက် ပညာအမွေပေးရာမှာလည်း အဆင်ပြေချောမွေ့မှာဖြစ်ပြီး ပညာတတ်လူငယ်မျိုးဆက်သစ်တွေရဲ့ အင်အားနဲ့ တိုးတက်တဲ့ တိုင်းပြည်တစ်ခုကို ထူထောင်နိုင်မှာဖြစ်ကြောင်း အကြံပေးပါရစေ။ ။
21 comments:
ဆရာ ဦးဟန်ကြည်ရေ မင်္ဂလာပါ။
တကယ် အနှစ်သာရရော တန်ဖိုးပါ အပြည့်အ၀ပါ
ရှိတဲ့ပိုစ်လေးတစ်ခုပါပဲ ဆရာရေ။ ဆရာပြောမှပဲ ရှင်း
လင်းသွားပါတော့တယ်။ ဘုန်းဘုန်းကိုယ်တိုင်လည်း အဲဒီ
လိုတောင် တွေးခဲ့ဖူးတယ်။ ဘုန်းဘုန်းတို့ကို စာလာချပေး
နေတဲ့ ပညာတတ်ဘုန်းကြီးလူထွက်တွေလေ သူတို့များ
ဘာလို့မချမ်းသာကြတာလည်းပေါ့။ ဒါပေမယ့် သူတို့တွေ
ဟာ ဆရာပြောသလိုပဲနေမှာပါ။ "ဘာပဲဖြစ်ဖြစ် ပညာ
တတ်တွေအနေနဲ့ အမှားအမှန်ကို ခွဲခြားဝေဖန်နိုင်တဲ့
သူတွေပဲ" ဖြစ်မှာပါ။
ဆရာလည်း ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြ
ပါစေဗျာ...
တစ်ကယ်ကို ထိထိမိမိရှိလှပါတယ်အကို...တန်ဖိုးရှိသော ပို့စ်ကောင်းလေး တစ်ပုဒ်ပါပဲ ကျေးဇူးပါလို့...
ကျမလဲ အဲဒီလိုတွေးခဲ့ဖူးတာပေါ့ ဦးဟန်ကြည်ရယ်။
ဘွဲ့ရပီးမှ ကွမ်းယာရောင်း၊ ဆိုက်ကားနင်းသူတွေကို မြင်တဲ့အခါ စိတ်ထဲ မချိတင်ကဲ ဖြစ်ပြီးအဲဒီအတွေး ၀င်ခဲ့မိတယ်။ ဒါပေမဲ့ ဒါဟာ ပညာကို တန်ဖိုးမထားလို့ မဟုတ်သလို ချမ်းသာကြွယ်ဝမှုကို လိုလားလွန်းလို့လဲ မဟုတ်ပါဘူး။
အတန်းပညာတတ် တယောက်ဟာ ၀န်ထမ်းလုပ်လုပ် ကိုယ်ပိုင်စီးပွါးရေးလုပ်လုပ် သင်ထားတဲ့ ပညာနဲ့ ဆက်စပ်တဲ့အလုပ် လုပ်ပြီး ကိုယ့်ဘ၀ အနာဂတ်အတွက် အာမခံချက် ရှိသင့်တယ် လို့ ထင်ပါတယ်။
ကျမဦးလေးရဲ့ ဆရာဖြစ်တဲ့ ဆရာဝန်ကြီးတယောက်ဟာ ဆရာဝန်ပေါင်းများစွာကို စာသင်ပေးခဲ့တယ်၊ လူနာပေါင်းများစွာကို ကယ်တင်ပေးခဲ့တယ်၊ ဒါပေမဲ့ သူကိုယ်တိုင် အသက်အရွယ် အိုမင်းပြီး ကျန်းမာရေးချို့တဲ့လို့ ပင်စင်ယူချိန်မှာ သူရတဲ့ ပင်စင်လခက ၂၀၀၀ ကျပ်တဲ့။ ဘယ်လောက်ရင်နာဖို့ ကောင်းလဲ။
သင်ထားတဲ့ ပညာကို ဘယ်အရာကမှ မဖျက်ဆီးနိုင်ပေမဲ့ ဇရာကြောင့် လုပ်နိုင်တဲ့ စွမ်းရည်ကို လျော့နည်းစေနိုင်ပါတယ်။ အဲဒီအခါ ...
ပညာနဲ့ ထိုက်တန်တဲ့၊ သူစွမ်းရည်ရှိစဉ်တုန်းက လုပ်ခဲ့တာတွေနဲ့ ထိုက်တန်တဲ့ ရပိုင်ခွင့် ငွေကြေးပမာဏကိုတော့ မျှော်လင့်သင့်တယ် မဟုတ်လား။
ဒါကြောင့်လဲ လူ့စွမ်းအား အရင်းအမြစ်တွေဟာ ကိုယ်ဘ၀ အာမခံချက်ရှိနိုင်တဲ့ ဒေသတွေဆီ တဖြည်းဖြည်း ရောက်ကုန်ကြတာပေါ့။
တကယ်တော့ ပညာဆိုတာ အတန်းပညာမှ ပညာမဟုတ်ပါဘူး။ အတန်းစာအပါအ၀င် ဘ၀အတွေ့အကြုံ လောကရဲ့ သင်ခန်းစာ အားလုံးဟာ လေ့လာရ သင်ယူရမယ့် ပညာတွေချည်းပါပဲ။
ဘွဲ့မရတဲ့ လူတယောက်ဟာ လုပ်ငန်းရှင် ဘီလျံနာတဦးဖြစ်နေပြီး ဘွဲ့ရသူတွေကို ခိုင်းစားနေတယ်ဆိုတာ သူ့ပညာကြောင့်ပါပဲ။ သူ့ရဲ့ စီးပွါးရေး လာဘ်မြင်မှု၊ ခိုင်မာတဲ့ ဆုံးဖြတ်ချက်၊ သင့်လျော်တဲ့ ကြံဆမှု၊ အုပ်ချုပ်မှု စွမ်းရည်၊ ဇွဲ လုံ့လ ၀ီရိယ တွေကို ဟန်ချက်ညီညီ အသုံးချနိုင်တာဟာ သူ့ရဲ့ ပညာပါ။
နောက်တခုက ၀န်ထမ်းလုပ်တိုင်း သူများလက်အောက်ခံ ကျွန်ဖြစ်ရမှာ မဟုတ်ပါဘူး။ ကျမလဲ ၀န်ထမ်းဘ၀ကို လုံးဝမနှစ်မြို့ပေမဲ့ တိုင်းပြည်တခုမှာ ၀န်ထမ်းကလဲ လိုအပ်တာပဲ မဟုတ်လား။ ပညာတတ်တွေ ၀န်ထမ်းမလုပ်ချင်ကြရင် ပိုဆိုးမယ်၊ အင်နဲ့အားနဲ့ တိုးတက်တဲ့ တိုင်းပြည်အတွက် ပညာတတ်ဝန်ထမ်းတွေ မရှိမဖြစ် လိုအပ်ပါတယ်။
လူတိုင်းက ချမ်းသာကြွယ်ဝမှုနောက်ကိုချည်း လိုက်နေတာ မဟုတ်ပါဘူး။ သူတို့ဘ၀ရပ်တည်ရေး အဆင်ပြေရင် ကျေနပ်ကြမှာပါ။ ဖြစ်စေချင်တာက ၀န်ထမ်းတွေလဲ သင့်တော်တဲ့ လစာပမာဏ၊ တချိန်မှာ အလုပ်မလုပ်နိုင်တော့ရင် ဘ၀အာမခံချက် ရနိုင်မယ့် ပင်စင်လစာ၊ အဲဒီလိုတွေ ရှိနေရင် လူတွေလဲ ခိုးတော့မယ် မထင်ပါဘူး။ ပြီးတော့ ပညာရဲ့တန်ဖိုးလဲ နားလည်သွားကြမှာပါ။ ခုလို ပြောနေကြတာ တွေးနေကြတာတွေဟာ လက်ရှိအခြေအနေရဲ့ ရိုက်ခတ်မှုတွေလို့ ကျမကတော့ မြင်မိပါတယ်။
ဦးဟန်ကြည်ရဲ့ ပို့စ်လေးကိုဖတ်ပြီး "ကိုယ်တို့ရဲ့ပညာတတ်တွေက ပညာတတ်ရင် ၀န်ထမ်းလုပ်စားဖို့လောက်ပဲ ချောင်းနေကြတာများပါတယ်" ဆိုတာရယ်။
"သခင်ဖြစ်ဖို့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်တဲ့ စိတ်ဓာတ်အင်အားတွေရဖို့ သင်ပေးထားတာပါ" ဆိုတဲ့စကားနဲ့တင် အဓိပ္ပာယ်အားလုံး ပြီးပြည့်စုံသွားပါပြီ။ လူငယ်တွေရဲ့ အသိစိတ်ဓာတ်တွေ နိုးထလာအောင် လမ်းညွှန်ပေးတဲ့ ပို့စ်လေးတစ်ပုဒ်ဖတ်သွားပါတယ်။
မေတ္တာဖြင့်
အန်တီတင့်
ကျွန်မရဲ့ မွေးရာဇာတိဖြစ်တဲ့ဖားကန့်ဘက်မှာလည်း ကလေးတွေကအစ ပညာမသင်ချင်ကြတော့ဘူး
ရေမဆေးကျောက် သွားရှာမယ် ဖြစ်ကုန်ကြတယ်။ မိဘတွေကိုယ်တိုင်ကလည်း ပညာသင်နေရင် အချိန်ကြာတယ် အလုပ်မြန်မြန်လုပ်မှ မြန်မြန်သူဌေးဖြစ်မယ်လို့ ထင်မှတ်အားပေးနေသူတွေ များလာတယ်။ ဦးဟန်ကြည်ပြောသလို လူငယ်တွေရဲ့ ပညာရေးက ရင်လေးစရာဖြစ်လာနေတယ်။ အစိုးရရုံးတွေမှာလည်း ဘယ်လောက်ပညာတော်တဲ့သူ တတ်တဲ့သူဖြစ်နေပါစေ
ဟိုနေရာက ပြောင်းလာရွေ့လာတဲ့သူတွေလောက် နေရာကောင်းမရနိုင်တဲ့အတွက်လည်း လူငယ်တွေ ကြိုးစားချင်စိတ်ကုန်နေတာလည်း အခန်းကဏ္ဍတစ်ခုကနေ ပါပါတယ်။
ဟုတ်တယ်ဆရာရေ။ ဆရာ့လို တိတိကျကျ ထောက်မပြတတ်ခဲ့လို့သာ မအိမ်သူစိတ်ထဲမှာလည်း အဲဒီကိစ္စကို အားမလိုအားမရ ဖြစ်နေတာ။ အခုဆရာ့ပို့စ်က အကောင်းဆုံးရှင်းပြပေးနိုင်လို့ ကျေးဇူးအထူးပါဘဲ ဆရာရေ။ ပညာသင်ယူတတ်မြောက်ထားသူရဲ့ အတွေးအခေါ်နဲ့ ပညာမတတ်သူရဲ့ အတွေးအခေါ်က သိသိသာသာကြီးကို ကွာခြားပါတယ်။ ဒါပေမဲ့ အခုဖြစ်နေတာတွေက ပညာတတ်တဲ့သူတွေကိုယ်တိုင်က ပညာမဲ့တွေတွေးသလို သံယောင်လိုက်တွေးနေကြတာဆိုးတယ်။
ပညာရေးအပေါ် ခံယူချက် မှားတာတွေကတော့
ဝမ်းနည်းစရာပါ ...
နောက်ဆုံးမှတ်ချက်လေးကတော့ အကောင်းဆုံးပါပဲ၊ ပညာတတ်မျိုးဆက်လူငယ်သစ်တွေဆိုတာကိုပါ။
ှဆရာ...........
ကျွန်တော့် comment ပျောက်နေတယ်။
မင်းဧရာရေ...
မီးပြဿနာကြောင့် အွန်လိုင်းပေါ်မတက်ဖြစ်တာနဲ့ မင်းဧရာရဲ့ကွန်မန့်ကို မဖတ်လိုက်ရဘူး...ဘာကြောင့်ပျက်သွားရသလဲဆိုတာ ပြန်ရှာလိုက်ပါဦးမယ်...ကွန်မန့်ဆိုတာ ဘလော့ဂါရဲ့ အားဆေးဖြစ်တာမို့ တန်ဖိုးထားရတဲ့ တကယ့်အဖိုးထိုက် ရတနာပါ...
စနစ်တစ်ခု မပြောင်းမချင်း မြန်မာပြည်က လူငယ်တွေဟာ မိသားစု စားဝတ်နေရေးတွေကြောင့် ပညာရေးဘက်မှာ တစ်စ တစ်စ ဆုတ်ယုတ်လာခဲ့ရပြီ၊ အဲဒီလိုသာ ဆက်သွားကြမယ်ဆိုရင် ....း(
ကျမလဲ တနေ့က ကွန်မန့်တင်ထားသေးတယ် ဦးဟန်ကြည်ရေ။ ခုမတွေ့တော့ဘူး။ ခုတလော ကွန်မန့်တွေ တင်လိုက်ရင် ပျောက်သွားပြီး spam ထဲ ရောက်ကုန်တယ်တဲ့။ ဘာလို့လဲတော့ မသိဘူး။
အေးဗျ...အစ်မမေဓာဝီရေ...ကျွန်တော်တို့လည်း အိုင်တီခေတ်ကြီးမှာ တောသားတွေ ဖြစ်ကုန်ရော့သလား မပြောတတ်ဘူး...ဘိမသာ၊ ဘာမသိဖြစ်နေပြီ...
အင်းးးးး
ပညာတန်ဖိုးကို ခေတ်ကာလ အခြေအနေအရ လျစ်လျူရှုထားနေကြဦးမှာပါ။ ပညာတတ်တွေကို ဦးစားမပေးသရွေ့ပေါ့။ စဉ်းစားကြည့်လိုက်တော့လဲ ပိုက်ဆံ ရှိတဲ့ သူတွေကို ပိုက်ဆံရှိတဲ့သူတွေက အိတ်ကပ်ထဲ ထည့်ထားသလို ဖြစ်နေပါရောလား ဆရာ။
သင်ခန်းစာ ယူစရာတွေပေါ့။
ခင်မင်လျက်
ကိုယ့်ပညာလေးနဲ့ သင့်တော်ရာရှာကြရင်း
နေရာအထားသိုမမှန်ဖြစ်ကြရင်း
တိုးတက်မှုနှောက်နှေးကြန့်ကြာမှုတွေကြုံတွေ့ရင်း
ဆုတ်ယုတ်နေတဲ့ ပညာရေး
တကယ်တတ်လာတဲ့ အတတ်ပညာကို အသုံးချနိုင်မှု
သင်ပေးသမျှ ရယူနိုင်မှုနည်းပါးတာရယ်
ထပ်ပြီးပြင်ပမှာ ရှာယူနိုင်မှုအားနည်းတာရယ်
အိုးးး ပြောမကုန်တော့ပါဖူး ကိုဟန်ကြည်ရယ်
မောင်ဘကြိုင်
နေပြည်တော်မှာလာသည်
အစ်မမေဓာဝီရေ...
အစ်မရဲ့ ကွန်မန့်ကို စပမ်းထဲမှာ လိုက်ရှာယူရတယ်...အစ်မပြောတာလဲမှန်ပါတယ်...ဖြစ်သင့်မှန်းလည်း သိပါတယ်...ဒါပေမယ့် လောလောဆယ်မှာ မဖြစ်နိုင်သေးတဲ့ အခြေအနေမှာ ရှိနေတာမို့ ကိုယ့်အားကိုယ် တတ်နိုင်သမျှ ကိုးစေချင်စိတ်ဝင်လာအောင် ရေးတဲ့ပို့စ်ပါ...ဘာကြောင့်လဲဆိုတော့ ကျွန်တော့်တာဝန်က လူငယ်တွေကို စိတ်ဓာတ်မြှင့်တင်ပေးဖို့မဟုတ်လား...လောလောဆယ်မှာ ဘယ်သူ့ကိုမှ အားကိုးလို့မရနိုင်သေးတာမို့ အတ္တာဟိ၊ အတ္တနော၊ နာထော လုပ်နိုင်မှ တော်ကာကျမယ် မဟုတ်ပါလားဗျာ...
ဝမ်းရေး အတွက် ပညာရေးကို စွန့်လွှတ်ခဲ့သူ တစ်ယောက်ကတော့ ၀မ်းနည်းပက်လက် ဖတ်သွားပြီး ဘ၀ ထဲက ပညာတွေ ဆက်လက်သင်ယူနေပါတယ် ဆရာ။
ဒီပိုစ်ရေးတဲ့ ကိုဟန်ကြည့်ကို အရမ်းကျေးဇူးတင်မိပါတယ်။
တိုင်းပြည်က သင်ပေးနေတဲ့ ပညာတွေဟာ တစ်ကယ်တမ်းကျတော့ မနိမ့်ပါဘူး။ ဒီပညာတွေကို အခြေခံပြီး နိုင်ငံခြားတွေမှာ လုပ်ကိုင်စားသောက်လို့ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေထားဦး၊ ထိပ်ထိပ်ကြဲ ကုမဏီတွေမှာ မန်နေဂျာတွေ (တိုင်းတစ်ပါးမှာ လုံးဝ ကျောင်းပြန်မတက်ဘဲ မြန်မာပြည်က ပညာရေးနဲ့ GLOBAL COMPANY တွေမှာ pharmaceutical co ကြီးတွေမှာ မာန်နေဂျာတွေ ဖြစ်နေသူတွေ (ရှားသော်လည်း) ရှိနေကြတာပါပဲ) ဒီလူတွေဟာ သူဠေးသူကြွယ်မိသားစုတွေကလာတာတွေလည်းမဟုတ်ဘူး။ နယ်ကနေတောင် ဖြစ်နေသူတွေရှိတယ်)
သူငယ်ချင်းတွေအဖြစ်တွေက ကိုယ်တွေ့ပါပဲ။ ပညာနောက်လိုက်သူတွေဟာ နောက်ဆုံးဆင်းရဲတွင်းက (အနည်းနဲ့အများ) တနည်းတဖုံလွတ်သွားတာပါပဲ။ ရေတိုနောက်လိုက်သူတွေဟာ ရေရှည်ကျတော့လည်း ဒုံရင်းပြန်ရောက်သွားတာမျိုးတွေ တွေ့ဖူးပါတယ် (ချွင်းချက်တွေတော့ ရှိတာပေါ့နော်)
ကလေးတွေကို စိတ်ဓာတ်ကျအောင်.. တိုင်းပြည်က ပညာရေးဟာ ဘယ်လောက် အသုံးမကျကြောင်းကိုပဲ တတွင်တွင်ပြောနေကြခြင်းရဲ့ အကြောင်းတစ်ခု (one of the reasons) ကတော့.. အုပ်ချုပ်ရေးပုံစံတစ်ခုကို မုန်းနေတဲ့ အမုန်းစိတ်နဲ့ စိတ်ထွက်ပေါက်အနေနဲ့ ပြောနေကြခြင်းပါပဲ။ အဲဒီအမုန်းစိတ်ရဲ့ ရလဒ်ဟာ နောက်ဆုံးမှာ ကိုယ့်သားသမီးတွေကိုပဲ ပြန်ထိပြီး ကိုယ့်သားသမီးရဲ့ အနာဂတ်ကို လိုအပ်နေတဲ့ အုပ်ချုပ်ရေး ပုံစံတစ်ခုက သတ်နေတာထက် ကိုယ်ကိုယ်တိုင်က သတ်နေသလို ဖြစ်နေတတ်ပါတယ်။
ပြည်တွင်းမှာကလည်း ပညာတတ်ချင်ရင်တောင် ကျောင်းတွေကလည်း မဖွင့်ပေးတာမျိုးတွေလည်းရှိသေးတယ်။
စားဝတ်နေရေးကြပ်တည်းတော့ ပညာရေးကို တန်းလန်းထားခိုင်းပြီး ကလေးတွေကို တိုင်းပြည်အပြင်မှာ အလုပ်ထွက်လုပ်ဖို့ လူကြီးတွေကိုယ်တိုင်က လွှတ်တတ်သေးတယ်။ ဒီလိုရေတိုတွေးပြီး လုပ်တာမျိုးဟာ တိုင်းပြည်အတွက် ရေရှည်မှာ နစ်နာဆုံးရှုံးမှုပဲ။ တိုင်းပြည်လို့ဆိုရာမှာ မိမိကိုယ်တိုင်တွေပါပဲ။ (တိုင်းပြည်=ပြည်သူလူထု) တိုင်းပြည်ကလည်း ထိုက်တန်မှုတစ်ခုကို တန်ပြန် မပေးနိုင်သေးတာလည်း ပါပါတယ်။ ဘာဖြစ်လို့ တန်ပြန် မပေးနိုင်တာလည်းဆိုတော့ ကိုယ်တွေကိုယ်တိုင်က ထိုက်တန်အောင် ပေးနိုင်တာတွေကို ဖန်တီးနိုင်မှုမရှိလို့ အဲသလို ဖန်တီးနိုင်မှုတွေကို ဘယ်လိုလုပ်ရမလည်းဆိုတာတွေကို မတွေးတတ်လို့ပါ။ ဘာဖြစ်လို့ မတွေးတတ်သေးလဲဆိုတော့ ပညာရေးရာအားနဲလို့ပါ။ ဂျာအေး သူ့အမေရိုက်ပေါ့။
ကိုဟန်ကြည် ဒီပိုစ်ရေးတာကို အလွန်လေးစားမိပါတယ်ရှင်။ ကွန့်မင့်တွေကလည်း တန်ဘိုးရှိပါတယ်။
ကျေးဇူးပါ အစ်မအိမ့်ချမ်းမြေ့ရေ...ဒါတွေကို ထိုင်ကြည့်ပြီး စိတ်ညစ်နေမယ့်အစား ကျွန်တော်တို့တစ်တွေက နိုင်တဲ့ဘက်ကနေ တစ်တပ်တစ်အား ၀ိုင်းဝန်းကြိုးစားပေးရမယ် မဟုတ်ပါလားဗျာ...လောလောဆယ်တော့ ကျွန်တော်ပဲ အရင် ကြိုးစားနေပါတယ်...ဘာကြောင့်လဲဆိုတော့ လုပ်ပိုင်ခွင့်ကလေး လက်ထဲမှာ ရှိနေလို့ပါပဲ...
အစ်မပြောသလိုပဲ ကျွန်တော်တို့ရဲ့ပညာရေးသိပ်မညံ့လှတာကိုလည်း ထောက်ခံပါတယ်...ဘာကြောင့်လဲဆိုရင် ပြဌာန်းစာအုပ်တွေကို အတန်းစဉ်ဖတ်ကြည့်လိုက်မိတော့ အတော်လေးကို ကောင်းကောင်းမွန်မွန် စီစဉ်ထားတာကို တွေ့မိလို့ပါ (စာရွက်သား မကောင်းတာတော့လည်း မပြောကြေးပေါ့ဗျာ) အဲဒီအတိုင်းသာ ကျကျနနသင်ပေးနိုင်ကြရင် ကလေးတွေ တကယ့်ကို ထူးချွန်ပေါက်မြောက်မယ်လို့လည်း သိလည်းသိ၊ ယုံလည်းယုံကြည်ပါတယ်...ပညာရေးဝန်ထမ်းအားလုံးလဲ အဲဒီလို ယုံကြည်လာဖို့ ဆက်ကြိုးစားပေးပါဦးမယ်ဗျာ...
ဆရာ ဟန်ရေ
ဒီပို့စ်လေး အခုမှ ဖတ်မိတယ် ကွန်ကလဲ မကောင်းတော့ ရောက်တဲ့နေရာက လှည့်လှည့်ပြန်ပေါ့ဗျ
ပညာကို တန်ဖိုးထားအောင် ပြောနေရတာကို က အလုပ်တခုတိုးလာတာ ပြောလဲ ငပြောပါဗျာ ရေများ ရေနိုင် မီးများမီးနိုင်ဖြစ်နေတာကိုး ဒါပေသိ ဒီပို့စ်လေး ဖတ်ရတာ တော်တော် အားရှိသွားတယ် ကိုယ်လို ပြောနေတဲ့သူတွေများရင် ရွေ့နိုင်ကောင်းရဲ့ဗျာ။
ခင်မင်တဲ့
seesein
ဒါပေါ့ seesein ရေ...
ပြောလဲပြော လက်တွေ့လဲလုပ်ပေးနေရင် တစ်နေ့တစ်လံ ပုဂံဘယ်မှမပြေးဘူးလို့ ဆရာတော့ စူးစူးနစ်နစ်ကို ယုံကြည်ထားတာပါပဲ...
Post a Comment