Friday, 29 July 2011

အိုဘယ့် တက်ဂ်ပို့(စ်) . . .

ဘလော့တိုင်းပြည်ကို ဦးဟန်ကြည် ရောက်ခဲ့တာ တစ်နှစ်ကျော်လို့ နှစ်နှစ်နီးပါး ရှိလာပါပြီ။ ဘလော့ယဉ်ကျေးမှုတွေနဲ့လည်း တော်တော်များများတော့ အကျွမ်းတ၀င်ဖြစ်လာပါပြီ။ ကိုယ်ပိုင်တဲ့ဘလော့မှာ ကိုယ်ယုံကြည်ရာ၊ ကိုယ်အားသန်ရာတွေကိုရေးလို့ ငါနှင့်ငါသာ ကျေနပ်ရာ လုပ်နေခဲ့ရင်းက ဘလော့ရွာရိုးကိုးပေါက်ကို ခြေတိုအောင် လျှောက်လည်တိုင်း တက်ဂ်ပို့(စ်)ဆိုတဲ့ ဘလော့ဂါအချင်းချင်း ချစ်စနိုးနဲ့ မေးကြမြန်းကြတဲ့ ပို့(စ်)မျိုးတွေကိုလည်း သူများတွေ ရေးကြတာ ဖတ်ဖူး၊ မှတ်ဖူး၊ သဘောကျဖူးခဲ့ပါပြီ။ ဒါပေမယ့် ကိုယ့်ကိုတက်ဂ်လုပ်တဲ့လူလည်း မရှိတာကြောင့် ကိုယ်နဲ့မဆိုင်တဲ့ ပို့်(စ်)အမျိုးအစားလို့ ယူဆပြီး ဘေးကင်းရန်ကင်းနေခဲ့ပါတယ်။

ဒါပေမယ့် ညီမတော် Anglehlaing က ဦးဟန်ကြည်ကို အချွန်နဲ့မ,လိုက်တာမို့ တက်ဂ်ပို့(စ်)ရေးဖို့ အကြောင်းဖန်လာပါတော့တယ်။ တက်ဂ်ပို့စ်တစ်ခုရေးရင် ကိုယ့်ပေါင်ကိုလှန်ထောင်းရသလို ကောင်းတာရော၊ ဆိုးတာပါ ရေးရတာ သဘာဝဖြစ်နေပြန်တော့ ခေါင်းစဉ်တွေဖတ်ပြီး ပေါင်တွေပါကျိန်းလာပါသေးရဲ့။ စိတ်ကူးနဲ့ ပေါင်ကျိန်းပေမယ့် တကယ်ရေးကြည့်ရင်တော့ ထင်သလောက် မကျိန်းလောက်ပါဘူးလေလို့ ကိုယ့်ကိုယ်ကို အတင်းကာရော အားပေးရင်း မလှတာကို ရွာလည်ပြဖို့ ဦးဟန်ကြည်တစ်ယောက် တက်ဂ်ပို့(စ်)ရေးလိုက်ပါပြီ။

ကြားကြားသမျှ၊ ဖတ်ဖတ်သမျှ သာဓုမခေါ်အားရင်တောင် 
နှာနုကိုတော့ ဆော်မသွားလောက်ပါဘူးလို့တော့ ယူဆလိုက်မိပါရဲ့. . .


( ၁ ) ကိုယ်ခန္ဓာ

အရပ် - ခြောက်ပေ တစ်လက်မ  
ဖွဲ့စည်းပုံ - အားကစားသမားခန္ဓာကိုယ်  
ဆံပင် - အနက်  
မျက်လုံး - အနက်  
အသားရောင် - ကြေးနီရောင်  

ကိုင်း…ဦးဟန်ကြည်ရဲ့ပုံကို အဲဒီအချက်တွေအတိုင်း မျက်စိမှိတ်ပြီး ပုံဖော်ကြည့်ပေတော့။
Enrique Iglesias  နဲ့ နင်လား၊ ငါလားတောင် မှားလောက်ရဲ့ မဟုတ်လား။


http://2.bp.blogspot.com/-tTpTMomJb6E/TcrRMSO4jtI/AAAAAAAAAjQ/u0BZB11oF20/s1600/Enrique-Iglesias-Wallpapers-2011.jpg

အင်း…အဲဒီလိုများ မမှန်တဲ့အတိုင်း ရေးလို့ရရင် ဘယ်လောက်ကောင်းလိမ့်မလဲ။  တကယ်တော့ ဦးဟန်ကြည်က အထက်ကပုံမျိုး ဘယ်ဟုတ်လိမ့်မလဲလေ။ ကျောင်းသားဘ၀တစ်လျှောက်လုံး စာပြီးရင်းစာ လုပ်နေခဲ့ပေသကိုး။ အဘိုးဖြစ်သူက ကာယဗလသမား၊ အဖေဖြစ်သူက မြို့နယ်လက်ရွေးစင် ဘောလုံးသမား၊ သားဖြစ်တဲ့ ဦးဟန်ကြည်ကတော့ ဘောလုံးကို မြေကြီးပေါ်က ကြွလာအောင် ဆယ်တန်းရောက်တဲ့အထိ မကန်တတ်ခဲ့လေတော့ ဘယ်လို ခန္ဓာကိုယ်မျိုးရှိမယ်ဆိုတာ တွေးကြည့်မယ်ဆိုရင် ပြေးကြည့်တာထက်တောင် မှန်နိုင်ကောင်းပါရဲ့။
မိဘတွေက အားကစားကို အားပေးသလောက် မောင်ဟန်ကြည်ပေါက်စတစ်ယောက်က လူများများနဲ့ ဆက်ဆံရတဲ့ အားကစားအလုပ်ကို အင်မတန် စိတ်ကုန်သူဖြစ်တာကြောင့် လူငယ်ဘ၀တစ်လျှောက်လုံး ဘာအားကစားမှ မယ်မယ်ရရ မလုပ်ဖြစ်ခဲ့ပါ။

ကိုးတန်းကျောင်းသား အရွယ်လောက်မှာတော့ ကာယဗလသမားတွေကို အားကျမိတာမို့ အလေးပြားတွေကို တစ်နှစ်နီးပါးလောက် မနိုင်မနင်းထမ်းလို့ ၀ိတ်သမားယောင်ယောင် လုပ်ခဲ့ဖူးပါရဲ့။ အရပ်ထွက်ရမယ့် အရွယ်မှာ ၀ိတ်ပြားတွေထမ်းပြီး ကိုယ့်ကိုယ်ကို မတန်တဆနှိပ်စက်မိတာကြောင့် ဦးဟန်ကြည်ရဲ့အရပ်က မြန်မာနေရှင်နယ်အရပ် ကနေ တက်မလာရှာတော့ပါ။ တကယ်ဆို အဲဒီအရွယ်မှာသာ ရေကူးတာပဲဖြစ်ဖြစ်၊ Basket ball ပဲဖြစ်ဖြစ် Volley ball ပဲဖြစ်ဖြစ် ကစားခဲ့ရင် နိုင်ငံတကာစံချိန်မီတဲ့ အရပ်မဖြစ်ရင်တောင် နှစ်လက်မလောက် ထပ်ရှည်ရရင်လည်း မနည်းဘူးလို့တွေးမိပါတယ်။ ဒါပေမယ့် ဦးဟန်ကြည်တို့ မိသားစုမှာက ဦးဟန်ကြည်အရပ်အရှည်ဆုံး ဖြစ်နေပြန်တဲ့အပြင် သူငယ်ချင်းအားလုံးကလည်း ကိုယ့်လောက်အရပ်ပဲ ရှိတာမို့ သိပ်တော့ မခံစားခဲ့ရပါ။ တက္ကသိုလ်ကျောင်းသား ဘ၀မှာတော့ အရပ်အမောင်းကောင်းတဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းမိတာမို့ ကိုယ့်ကိုယ်ကို အားငယ်စိတ်ကလေးတော့ ၀င်ခဲ့ဖူးပါတယ်။ ဒီကြားထဲမှာ အရပ်မြင့်မြင့် မိန်းကလေးသူငယ်ချင်းတွေကလည်း ရှိသေးတာမို့ အလှကြိုက်တဲ့ အဲဒီအရွယ်တုန်းကတော့ မကြာမကြာ စိတ်ညစ်ခဲ့ဖူးပါရဲ့။ ဒါပေမယ့် အဲဒီအရွယ်ရောက်မှ အရပ်ရှည်ချင်ဇောနဲ့ တန်းဘားသွားကစားရင်လည်း အရပ်မထွက်ဘဲ လက်ပဲရှည်ထွက်လာရင် မလှရတဲ့ကြားက အမေပေးထားတဲ့ ရုပ်ကလေးပါပိုဆိုးသွားမှာ စိုးရိမ်ရသေးတာမို့ ကိုယ့်ကိုယ်ကို တရားနဲ့ပဲဖြေရရှာပါတယ်။
( အင်း…ရေးနေရင်းကပဲ မောင်ဟန်ကြည်ကလေးကို ဦးဟန်ကြည် သနားလိုက်ပါရဲ့…)

အရပ်အမောင်းကထူးထူးခြားခြားမမြင့်ရှာတဲ့ မောင်ဟန်ကြည်ကလေးမှာ ခန္ဓာကိုယ်ကလည်း ပြောလောက်အောင် ထွားကြိုင်းမှု မရှိခဲ့ပြန်ပါ။ ကျောင်းသားဘ၀ တစ်လျှောက်လုံး ဘယ်အချိန်ပဲ ပေါင်ချိန်စက်ပေါ်တက်တက် ပေါင် ၁၀၀ စွန်းရုံထက် တစ်ခါမှ မပိုခဲ့ပါ။  ဒါပေမယ့် ဆေးကျောင်းသား အများစုက ပိန်ပိန်ပါးပါး လူဖလံလေးတွေပဲ များပြန်တာမို့ ကိုယ့်ကိုယ်ကို အားငယ်စရာလို့တော့ မထင်ခဲ့မိရိုးအမှန်ပါ။ ကိုယ်ကလည်း ပေါ့ပေါ့ပါးပါး ခန္ဓာကိုယ်ကို တန်ဖိုးထားသလို နည်းနည်းဝသလိုဖြစ်လာရင်ပဲ အင်မတန် စိတ်ပျက်ခဲ့ပါတယ်။ ဒီနေ့ခေတ် မိန်းကလေးများလို ဂုဏ်ယူရရင်တော့ ကျောင်းသားဘ၀ တစ်လျှောက်လုံး ပေါင် ၁၀၀ ၀န်းကျင်မှာ ထိန်းထားနိုင်ခဲ့တယ်လို့ ပြောရပါလိမ့်မယ်။ ဒါပေမယ့် အရွယ်လေး နည်းနည်းရလာပြန်တဲ့အခါမှာ လူဖလံလေးဖြစ်နေတာကြောင့် တစ်ဖက်သားရဲ့ လေးစားမှုကို ရသင့်သလောက် မရတာမျိုးကိုလည်း ကြုံရပြန်ပါရဲ့။  ဒီတစ်ခါမှာတော့ အရပ်အမောင်းဘက်မှာ သူများထက် ကံပိုမကောင်းတာမို့ သူလိုကိုယ်လို မြန်မာနေရှင်နယ် အရပ်နဲ့တင် ကျေနပ်လိုက်ရရှာတဲ့ ဦးဟန်ကြည်ကို သဘာဝတရားက မျက်နှာသာ ရက်ရက်ရောရောကြီး ပေးလိုက်တာကြောင့် လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်ကစလို့ ဘော်ဒီဝိတ်တွေ တက်လာလိုက်တာမှာ လောလောဆယ်မှာတော့ ပေါင် ၁၆၀ ၀န်းကျင်ခန္ဓာကိုယ်နဲ့ ကြွားကြွားရွားရွား ဖြစ်နေပါပေါ့လား။ ဒါတင်အားမရသေးဘဲ ယောက်ျားဖြစ်ရင် ဗလငါးတန်တော့ ပြည့်စုံရမယ်ဆိုတဲ့ ကိုယ့်မူနဲ့ကိုယ် ကာယကျန်းမာရေးကို နိုင်သလောက် အရေးတယူပြုနေတာကြောင့်  ဗေလုဝ ကို အလဲထိုးနိုင်တဲ့ ကာယဗလမျိုးလဲ ရှိနေပါသေးတယ်။

ခန္ဓာကိုယ်ပြည့်ပြည့်ဖြိုးဖြိုးကလေးနဲ့ မာန်တက်ချင်လာပြန်တဲ့ ဦးဟန်ကြည်ကို သဘာဝတရားက နောက်ထပ်လက်ဆောင် ပေးလိုက်ပြန်ပါတယ်။ တစ်သက်နဲ့တစ်ကိုယ်မှာ ပိတုန်းရောင်ကေသာကို ခေါင်းလိမ်းဆီသေချာလိမ်းရင်းနဲ့ ဘိုကေကျော့ကျော့၊ ခေါင်းတမော့မော့ လုပ်ခဲ့လာတဲ့ ဦးဟန်ကြည်ရဲ့ ခေါင်းပေါ်မှာ ကြာဆံတစ်ထွေးကြီး တင်ပေးလိုက်ခြင်းပါပဲ။ လွန်ခဲ့တဲ့ သုံးလေးနှစ်ကစ,လို့ တဖြည်းဖြည်း များလာတဲ့ ဘော်ငွေရောင်ဆံပင် ( ဆံပင်ဖြူလို့ ပြောရင် ဘယ်လှပါတော့မလဲ ) တွေဟာ တစ်နှစ်ထက်တစ်နှစ် လျော့တယ်မရှိဘဲ ပိုပိုများလာပေသမို့ အခုဆိုရင် အနက်တပ်ရင်းရဲ့ ဌာနချုပ်ကိုတောင် အဖြူတစ်အုပ်က သိမ်းပိုက်လုနီးနီး ဖြစ်နေပါပြီ။ ဦးဟန်ကြည်တစ်ယောက်ကလည်း အဲဒီအချိန်ကို ပျော်ပျော်ကြီးပဲ ကြိုဆိုနေပါရဲ့။ တစ်ချို့လူတွေခမျာ အသက်တော် လေးဆယ်၊ ငါးဆယ်တွင်း ၀င်လာလို့ ခေါင်းပေါ်မှာ ဆံပင်ဖြူကလေးတွေ ကြိုးတိုးကြဲတဲ ပေါက်လာရင် နေမထိ၊ ထိုင်မသာ ဖြစ်ရှာကြတာကိုတွေ့ရရင် ဦးဟန်ကြည်တစ်ယောက် အင်မတန် ရယ်ချင်မိပါတယ်။ လောကကြီးက ကိုယ့်ကိုပေးလိုက်တဲ့ လက်ဆောင်ကို ဘာကြောင့်များ ခါးခါးသီးသီးငြင်းနေတယ်ဆိုတာ စဉ်းစားလို့တောင် မရနိုင်တော့ပါ။ ဦးဟန်ကြည်ကတော့ ကိုယ့်ဆီကို စောစောစီးစီးရောက်လာတဲ့ ချစ်လှစွာသော သဘာဝတရားရဲ့ လက်ဆောင်ကို ၀မ်းမြောက်ဝမ်းသာ လက်ခံလျက်ရှိကြောင်းပါ။

တစ်ချို့လူများကတော့ ဦးဟန်ကြည်ကို ဆံပင်ဆေးဆိုးဖို့ တိုက်တွန်းကြပါရဲ့။ အဲဒီအခါမျိုးမှာတော့ လောကကြီးအပေါ်မှာ ရိုးသားချင်တဲ့ ဦးဟန်ကြည်က ခါးခါးသီးသီးငြင်းလေ့ရှိပါတယ်။ စဉ်းစားကြည့်မယ်ဆိုရင် သုံးဆယ်ကျော်အရွယ်လောက်ကတည်းက ဆံပင်ဆေးဆိုးရရင် အသက် ၆၀ မှာသေတယ်ထားဦးတော့ အနည်းဆုံး နှစ်ပေါင်းသုံးဆယ်လောက် ဆေးဆိုးပြီး နေရမယ့် အရေးကို ဘယ်လိုခံစားနိုင်ပါ့မလဲ။ ဒီကြားထဲမှာ ဆံပင်ဆေးဆိုးထားတဲ့သူဟာ လောကကြီးကို လိမ်တဲ့သူဖြစ်နေတာမို့ ဘယ်အချိန်မှာ အလိမ်ပေါ်လိမ့်မလဲဆိုတဲ့ စိုးရိမ်စိတ် တသီကြီးနဲ့ အင်မတန် အနေကျုံ့နေရမှာကို တွေးရင်း သနားမိပါသေးရဲ့။ ဦးဟန်ကြည်ကတော့ ကြည်လင်၊ ရိုးသား၊ ပွင့်လင်းစွာနဲ့ပဲ ဖြူလွနေတဲ့ ဆံပင်တွေကို လူမမြင်မှာ အင်မတန် စိုးရှာတာကြောင့် အပြင်ထွက်ရင်တောင် ဦးထုပ်မဆောင်းဘဲ ခေါင်းမော့ရင်ကော့ရင်း ကြွားလုံးထုတ်လျက်ပါ။ တကယ်လို့ ဆေးဆိုးပြန်ရင်လည်း ဆေးဆိုးတဲ့ဆံပင်ဟာ နက်သွားတာတော့ မှန်ပေမယ့် သဘာဝကို ညာလို့ရရိုး မရှိတာကြောင့် အောက်ကနေလိုက်ထွက်လာတဲ့ ဆံပင်ကတော့ ရှိရင်းစွဲအဖြူအတိုင်းပဲ ထွက်နေမှာပါ။ အပေါ်နက်၊ အောက်ဖြူ ဆံပင်ကြီးကို နည်းနည်းမှ ရင်ခုန်လို့မရပါ။ မြန်ပြည်တစ်ခွင် ရှာမှရှားတဲ့ ဘော်ငွေရောင်ဖြူဖြူလွလွဘ၀ကနေ ကိုယ့်စရိတ်နဲ့ကိုယ် ခေါင်းကြားဘ၀ရောက်ရတဲ့ အဖြစ်ကိုတော့ နည်းနည်းမှကို မလိုချင်တာကြောင့် ဦးဟန်ကြည်တစ်ယောက်ကတော့ ခေါင်းက ပလက်တီနမ်ရောင်ဆံပင်တွေကို အမြဲလိုလို တသသနဲ့ ဂုဏ်ယူဝမ်းမြောက်နေလေရဲ့။

ဦးဟန်ကြည်က ဂုဏ်ယူဝမ်းမြောက်ပေမယ့် မုဒိတာမပွားနိုင်ရှာကြတဲ့ တိုင်းသူပြည်သားတစ်ချို့က “ဆရာက ငယ်ငယ်လေးပဲ ရှိသေးတာ…ဆံပင်တွေဖြူကုန်ပြီနော်” ဆိုတဲ့ စကားမျိုးနဲ့ သနားသယောင်ယောင်နဲ့ အားနည်းချက်ကို အနိုင်ကျင့်တဲ့ စကားမျိုးနဲ့ မကြာမကြာ သွေးတိုးစမ်းလေ့ရှိပါသေးတယ်။ သူတို့မှာ ဦးဟန်ကြည်ကို ဆီလိုအပြစ်ရှာပြီး အားနည်းချက်ရှာချင်ပေမယ့် စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ လုပ်ငန်းပိုင်းဆိုင်ရာမှာ အားနည်းချက်မရှိပြန်တော့ မရှိရှိရာကို ရှာကြံလို့ ထိုးနှက်တဲ့ လုပ်ရပ်မှန်း နောကျေနေအောင် သိနေတဲ့ ဦးဟန်ကြည်က “ ဟား…အဲဒါ   ကံကောင်းတာပေါ့…စဉ်းစားကြည့်လေ…သူများတွေဆိုရင် အဲဒီလို ဆံပင်ဖြူဖြူလေးတွေရဖို့    နှစ်ပေါင်း ၅၀ ကျော်၊ ၆၀ နီးပါး စောင့်ယူရတယ်မဟုတ်လား။ အခုဆိုရင် ဆရာ့မှာ  အဲဒီလောက်တောင်   စောင့်စရာမလိုဘဲ စောစောစီးစီးဖြူတာ ဘယ်လောက်ကျေနပ်ဖို့ကောင်းသလဲ ”    ဆိုတဲ့ ၀မ်းသာအားရ လေသံနဲ့ ပြန်ပြောလေ့ရှိပါတယ်။ အဲဒီလို ပြန်ပြောလိုက်ရင် တစ်ဖက်သားအားနည်းချက်အပေါ်မှာ အနိုင်ယူချင်တဲ့ အဲဒီပုဂ္ဂိုလ်များခမျာ သူတို့မျှော်လင့်ထားသလို စိတ်ပျက်အားငယ်သွားတဲ့ ဦးဟန်ကြည်ကို မမြင်ရဘဲ ၀မ်းသာဂုဏ်ယူနေတဲ့ ဦးဟန်ကြည်ကို မြင်ရတော့တာမို့ စိတ်အပျက်ကြီး ပျက်ကုန်ကြရှာပြီး နောက်တစ်ခါ ဦးဟန်ကြည်ရဲ့ ဘော်ငွေရောင်ဆံပင်တွေအကြောင်း စကားစပ်လို့တောင် မပြောကြတော့ပါ။  
  ( စိတ်မကောင်းလိုက်တာနော်…ကြွားချင်ပါတယ်ဆိုမှ )
လူဆိုတာ သူများစိတ်မကောင်းဖြစ်တာ၊ စိတ်အားငယ်သွားတာကိုပဲ မြင်ချင်ကြတာ မဟုတ်ပါလား။ ကိုယ့်စကားကြောင့် တစ်ဖက်သား ကျေနပ်ဝမ်းမြောက်သွားတာမျိုးကို မရှုစိမ့်နိုင်တဲ့ လူက ပိုများတာမို့ ဘယ်သူကမှ ဦးဟန်ကြည်ရဲ့ အားသာချက်ဖြစ်တဲ့ အဖြူလွလွ ဆံပင်တွေအကြောင်းကို မပြောကြတော့တာကိုတော့ လောလောဆယ်မှာ စိတ်မကောင်းဖြစ်နေပါသေးရဲ့။

ဘော်ငွေရောင်ဆံပင်နဲ့ လှချင်တိုင်းလှနေတဲ့ ဦးဟန်ကြည်ရဲ့ အသားအရည်ကို ကြည့်ပြန်ရင် အနောက်နိုင်ငံသားများခမျာ လိုချင်ရှာလွန်းတာကြောင့် မြန်မာပြည်ရောက်ရင် ရွှံ့အထပ်ထပ်လူးပြီး ကျောပူခံလို့ နေလှမ်းမှသာ ရနိုင်ရှာတဲ့ အညိုနုရောင်ပါ။  
( အင်း…အနက်နုရောင်တော့ မပေါက်သေးပါဘူးလေ ။ ရေးရင်းနဲ့ ကိုယ့်လက်က အသားရောင်ကို ပြန်ငုံ့ကြည့်မိသေးရဲ့... ) အဲဒီအရောင်ဟာ ဦးဟန်ကြည်တို့ ဂုဏ်ယူဝင့်ကြွားရမယ့် အမျိုးသားအရောင် မဟုတ်ပါလား။ ကြေးနီရောင်အသားအရည်နဲ့ အရှေ့တောင်အာရှမှာ အင်အားအကြီးဆုံး လက်နက်နိုင်ငံတော်ကြီးကို ထူထောင်နိုင်ခဲ့တဲ့ အလောင်းမင်းတရာနဲ့ အင်္ဂလိပ်ကို ကြံ့ကြံ့ခံပြီး တွန်းလှန်ခဲ့တဲ့ စစ်သူကြီး သတိုးသီရိသုဓမ္မ မဟာဗန္ဓုလ တို့ရဲ့ အနွယ်တော်ဖြစ်တဲ့ ဦးဟန်ကြည်ကတော့ ကိုယ့်အသားအရည်ကို ဂုဏ်ယူဝင့်ကြွားနေလွန်းလို့ ခက်လို့နေပါရဲ့။ ( သမိုင်းတစ်လျှောက်လုံးမှာ ဘာတစ်ခုမှ ပြောင်ပြောင်မြောက်မြောက် လုပ်မပြနိုင်ခဲ့တဲ့ ကိုရီးယားတွေနဲ့တူတဲ့ အသားအရည်၊ အရောင်မျိုးရအောင် တပင်တပန်း ကြိုးစားနေရှာတဲ့ တစ်ချို့သော ချာတိတ်တွေကို သနားလိုက်လေခြင်း…) ဆေးကျောင်းသားဘ၀တုန်းက ဦးဟန်ကြည်ရဲ့မိတ်ဆွေ ဂျာမန်အမျိုးသမီးတစ်ယောက်က ဦးဟန်ကြည်ရဲ့လက်က အသားကို ကိုင်ကြည့်ပြီး နူးညံ့လိုက်တာလို့ တခုတ်တရချီုးကျူးတဲ့စကားသံကို ခံယူပြီးတဲ့နောက်မှာတော့ ရှိရင်းစွဲအသားအရည်ကို အသွေးအရောင် တစ်ရွေးသားမှ မလျော့အောင် ထိန်းသိမ်းထားနိုင်ခဲ့တာကြောင့် ဒီအသက်အရွယ်အထိ ကြေးနီရောင် 
 ( ဟုတ်ဘူးဟဲ့…အညိုနုရောင်…အို…သိပ်ကွာတာမှတ်လို့ ) အသားအရည်ကို ထိန်းသိမ်းပြီး အမျိုးသား ဂုဏ်သိက္ခာကို ဂုဏ်ယူဝင့်ကြွားစွာ စောင့်ထိန်းလျက် ရှိပါတယ်။ နည်းနည်းဖြူလာမယ်ကြံရင် နေပူထဲမှာ ဦးထုပ်မဆောင်းဘဲ လျှောက်သွားခြင်း၊ အပန်းဖြေခရီးစဉ်များအတွင်း စက်ဘီးတစ်စီးနှင့် နေပူခံထွက်ခြင်းများနဲ့ ထိန်းသိမ်းနေပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။

ဒါကြောင့် တကယ်လို့များ မြန်မာနေရှင်နယ်အရပ်၊ ပေါင် ၁၆၀ ၀န်းကျင်ခန္ဓာကိုယ်နဲ့ ကြေးနီရောင် အသားအရည်ပိုင်ရှင်များတွေ့ခဲ့ရင် ဦးဟန်ကြည်အမှတ်နဲ့ Autograph အတောင်းမှားမှာ စိုးတာကြောင့် မလှတာကို ရွာလည်လို့မကြွားအားပေမယ့်၊ ဘလော့မှာ ကိုယ့်ပုံကိုတင်ပြီး ဘလော့လာသူအပေါင်းကိုတော့ အားမနာ၊ လျှာမကျိုး အင်တိုက်အားတိုက် ကြွားလျက်ရှိနေပါကြောင်း…


 ( ကိုင်း…ချစ်စွာသော ညီမတော် Anglehlaing ရေ…နတ်သမီး က စ,လိုက်တဲ့ ဒီတက်ဂ်ပို့(စ်)ကို ဘာစာပဲဖြစ်ဖြစ်   အင်တိုက်အားတိုက် ရေးရမှ ကျေနပ်လေတဲ့ အစ်ကိုတော် ဦးဟန်ကြည်တစ်ယောက်ကဖြင့် ကိုယ့်ပေါင်ကို    အားရပါးရထောင်းရင်း   ဒီတက်ဂ်ပို့စ်တစ်ပိုင်းနဲ့တင် ပေါင်ကျိန်းသွားပြန်တာကြောင့် ကျန်တဲ့တက်ဂ်ခေါင်းစဉ်တွေကို    နောက်တစ်ပို့(စ်)မှာမှ ရေးဖို့   အကြောင်းခံနဲ့ တောင်းပန်လိုက်ပါရဲ့ ) 


စာကြွင်း။   ။

အလို…ကိုယ့်ခန္ဓာကိုယ်အကြောင်းတွေရေးလို့ မလှတာလေးတွေ ရွာလည်ပြီး ကြွားတာတောင် ပို့(စ်)တစ်ခုစာ   ဖြစ်သွားပါပေါ့လား။ ကိုင်း…ဇမ္ဗူတစ်ခွင်မရှိတဲ့ မအူပင်ငပိလို အပေါင်းအသင်းတစ်ထွေးကြီးကြားမှာ   ကောင်းသတင်းမွှေးပြီးသားဖြစ်တဲ့ ဦးဟန်ကြည်ရဲ့ “အပြုအမူ၊ အစားအသောက်၊ အ၀တ်အစား” တွေနဲ့   ပတ်သက်တဲ့ တက်ဂ်ပို့(စ်)အဆက်ကို နောက်များမကြာမီမှာ တင်ဆက်မှာမို့ မေတ္တာတော်အနန္တနဲ့   စောင့်မျှော်တော်မူကြစေကြောင်း သတင်းကောင်းပါးရင်း 
 “လူငယ်နဲ့ အားကစားစိတ်ဓာတ်” ပို့(စ်)ရဲ့ နောက်ဆက်တွဲဖြစ်တဲ့ အားကစားစိတ်ဓာတ်ရှိအောင်   ဘယ်လိုပြုစုပျိုးထောင်ပေးမလဲဆိုတာနဲ့ပတ်သက်လို့ အားကစားကို ကိုယ်တိုင်မလေ့လာဘဲ   အားကစားစိတ်ဓာတ်ရှိရုံသာ ကျင့်ယူခဲ့တဲ့ ဦးဟန်ကြည်ရဲ့ တင်ပြချက်ကို ဒီတက်ဂ်ပို့(စ်)ပြီးမှသာ   ဆက်ရေးနိုင်တော့မှာဖြစ်ကြောင်း ၀မ်းသာစရာ 
 ကြော်ငြာမောင်း ခတ်လိုက်ပါရဲ့…။ 






26 comments:

Angelhlaing(May everybody be happy and healthy! said...

:):):) ......ဘယ်ရမလဲနော် ပထမဆုံးဖတ်ပြီး ပထမဆုံး ပြုံးသွားတာပေါ့.... သိသွားပြီး ဟိဟိ ဒါတောင် ပထမဆုံးမို့နော် :P နောက်ထက်ခေါင်းစဉ်လေးတွေလဲ လုပ်ပါအုံးအကိုရေ....စောင့်မျှော်နေပါတယ်လို့..

ကိုကိုမောင်(ပန်းရနံ့) said...

ဆရာဟန်ကြည့်စာဖတ်ရင်း... ဓါတ်ဆီ ဓါတ်ဆံ နားထောင်နေရသလိုလို၊ နောက်ပိုင်း ကဇာတ်ကြည့်နေရသလိုလို၊ မြင်းလှည်းပေါ် လော်စပီကာတပ်ပြီး ရုပ်ရှင်ဇာတ်ကား လှည့်ပတ်ကြော်ငြာသလိုလို... သလိုလိုတွေ ဖြစ်မိကြောင်းပါ။

ဆရာရေ...
ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရင်လဲ သေချာ ကြည့်ကြပ်ထောင်းနော်။ လွဲချော်ပြီး တစ်ခြားနေရာ ထောင်းမိရင် မလွယ်ဘူး။ (ကြမ်းပြင်ကို ထောင်းမိပြီး တစ်ထောင်ဆစ် နာသွားမှာ စိုးလို့ပါ။ ဟာ ဟ)။

ခင်မင်လျက်

ဟန်ကြည် said...

အလိုလေး သူကြီးမင်း...အနှီလောက် ချစ်စရာ ကောင်းပါတဲ့ ဦးဟန်ကြည်ကို သေစေများ ညွှန်းရော့သလားဗျာ...
( တလွဲမထင်ပါနဲ့ဗျား...တံတောင်ဆစ်ပွန်းရာကနေ မေးခိုင်ပိုးဝင်မှာကို တွေးမိလို့ပါ ) ကိုယ့်ပေါင်ကို လှန်မထောင်းခင် မျက်မှန်ကလေးပါတပ်လို့ သေသေချာချာ ကြည့်ရင်း ထောင်းပါကြောင်း သူကြီးမင်းခင်ဗျား ( ကြမ်းပြင်ကို ထောင်းမိမှာစိုးလို့ ... )

တောက်ပကြယ်စင် said...

ဆရာရေ တတိယမြောက် ရယ်သွားကြောင်းပါ။ ဖတ်လို့ကောင်းတယ်ဟေ့။ သူကြီးမင်းခမန့်ကလည်း ထပ်ရယ်နေရသေးတယ်။ ကျန်းမာပျော်ရွှင်ပါစေ...

မေဓာဝီ said...

ရယ်လိုက်ရတာ ဦးဟန်ကြည်ရယ်။ တပုဒ်လုံး တပြုံးပြုံးနဲ့ ဖတ်လိုက်တာ စာလဲဆုံးရော ပါးတောင် အတော်ညောင်းသွားတယ်။ လူငယ်နဲ့ အားကစား စိတ်ဓာတ်ကို ဖတ်ပြီးထားတော့ ဦးဟန်ကြည်ဟာ အားကစားသမား(ဟောင်း) တယောက် ဖြစ်ရမယ်လို့ ထင်ထားတာ။ အင်း ... ခုတော့ ကျမသိပြီ။ အားကစားသမား မဟုတ်ဘဲ စိတ်ဓာတ်ကလေးရှိရုံ ကျင့်ယူလို့လဲ အရသားပဲနော်။ အတုခိုးရအုံးမယ်။

ဦးဟန်ကြည် ရုပ်သွင်ကို ပုံဖော်ကြည့်ပြီးသည့် သကာလ ခုလို ပေါက်ကရ ကဗျာတပုဒ် ထွက်လာပါ၏။

ဆံပင်ကား ဘော်ငွေအလား
အသားကား ကြေးနီရောင်
ပေါင်က တရာ့ခြောက်ဆယ်
မြန်မာနေရှင်နယ်အရပ်
စမတ်က ခပ်ကျကျ
ဗေလုဝနောက်ကောက်ကျအောင်
အလဲထိုး အနိုင်ယူ
ဒီဇမ္ဗူ မြန်ပြည်တလွှားမှာ
ဦးဟန်ကြည်ဟာ ရှာမှရှားတဲ့
အိုဘယ့် ယောက်ျားဘသား ... ။ ... ။

ဟန်ကြည် said...

အဲဒါပြောတာပေါ့ အစ်မမေရယ်...
တက်ဂ်ပို့စ်တွေဆိုတာ ကိုယ့်ပေါင်ကို လှန်ထောင်းရတာပါလို့...အရင်ပို့စ်လေးအတိုင်း လွှတ်ထားလိုက်ရင် အားကစားသမားယောင်ယောင်လေးနဲ့ အထင်ကြီးခံရဦးမယ်...အခုတော့ စိတ်ဓာတ်ကိုပဲ သွေးကူးယူပြီး ကိုယ်တိုင်အပင်ပန်းမခံတဲ့အကြောင်းကို သိသွားပြီပေါ့...

အို...ဘာပဲဖြစ်ဖြစ် ဒါလဲ ရှာမှရှားတဲ့ ယောက်ျားဘသား ဦးဟန်ကြည်ရဲ့ ဂုဏ်ပုဒ်ဆိုပြီး ကြံ.ဖန်.ဂုဏ်ယူလိုက်မယ်ဗျာ...မပိုင်လား..

နေ၀သန် said...

:D.. ဖတ်ရင်းနဲ့ ပြုံးစိစိဖြစ်နေရတယ်.. ဆရာရေ့....း))))


ခင်မင်လျက်
နေ၀သန်

အဖြူရောင်နတ်သမီး said...

တဂ်ပို့စ်လေး ဖတ်ပြီး ပြုံးမိသွားတယ် ကိုဟန်ကြည်ရေ...
ဒါတောင်ပို့စ်က တဝက်တပျက်ပဲ ပြီးသေးတာနော်..
ဆက်ရန်ကိုမျှော်နေပါသည်၊
အမြန်ရေးပါရန်..
နောက်ပိုင်း တဂ်စရာတွေ ဆက်တိုက်လာပါမည်...။

စကားမဆပ်...
နတ်သမီးအတွက် ရေးပို့လိုက်တဲ့ ဇာတ်လမ်းလေး အရမ်းသဘောကျပါသည်..။
ကျေနပ်ပါသည်...။
ကျေးဇူးအထူးးးးးးးးးးးးးးးး

မင်ဧရာ said...

ှဆရာ တဂ်ပို့စ် ကိုတဖတ်ပြီး ပြီ နောက်ပြီးမ လာမန့်တော့မယ် အလုပ်သွားရမှာနောက်ကြနေပြီ

မအိမ်သူ said...

ဖတ်ခဲ့ဖူးတဲ့ တဂ်ပို့စ်တွေအများကြီးထဲမှာ ဒီအခန်းဆက် တဂ်ပို့စ်ကတော့ အဆန်းပါလားဆရာ။ ရီလိုက်ရတာလည်း အူကိုနာလို့။ ဗေလုဝကို အလဲထိုးနိုင်တဲ့ဗလဆိုတော့ အတော်သန်မာပေတာဘဲ။ ဟာကြူလီနဲ့ နင်လားငါလားပေါ့။ ဗေလုဝကိုတောင် သနားမိသွားတယ်။ သူ့ဟာသူ ရုပ်ရှင်ရိုက်နေ အကောင်းသား ဆရာဦးဟန်ကြည်နဲ့တွေ့မှ သူ့ခမျာ အလဲထိုးခံရရှာတော့တာကိုး... :P

မောင်မျိုး said...

ဆြာ က စာဖတ်သူတွေကို အာရုံတွေများအောင် ဦး တပ်ပြီးရေးနေတာကြီးပဲဗျ တကယ်က အပြင်မှာ ငယ်ငယ် နုနုလေးပဲ တကယ်ပြောတား)

ဆြာ က တကယ်ကိုစကားပြောကောင်းပြီး ဗဟုသုတကြွယ်တယ် ကျနော့်မှာ တစ်ချိန်လုံးရယ်နေရပြီး သဘောတွေကျနေတာ ။ ဒီမှာ ဆံပင်ဖြူတဲ့အကြောင်းလေးရေးထားတော့ “ ဆြာက ဆံပင်တွေဖြူနေပြီပဲ ” လို့ပြောမိတုန်းက ပြန်ဖြေတာလေး သတိရမိတယ် ။

အမှတ်တရ နေ့စွဲများ.... said...

Enrique Iglesias ဆိုတာနဲ့တင်လုံလောက်ပြီ...

jasmine(တောင်ကြီး) said...

ဆရာ(ဦး)ဟန်ကြည်
အသားရယ်ဖြူ အနူတဲ့လား
အသားရယ်ညိုပြာညက်ကယ်
နန်းတော်ထက်ဖွားတဲ့လေ...
ဒါဆိုရင်ဆရာ့အသားအရောင်က
နန်းတော်မရောက်တရောက်ပေါ့နော်....

ဟန်ကြည် said...

ဟုတ်ပ Jasmine ရေ...
နန်းတော်ထက်မရောက်လိုက်ဘူးလေ...နန်းတော်အ၀မှာပဲ ဂိတ်စောင့်နဲ့ ရန်ဖြစ်ပြီး ပြန်သွားရလို့...

...အလင်းစက်များ said...

ဆရာက တက်ဂ်ပိုစ့် မရေးပေလို့ ပဲ ....... စုံစိသွားတာပဲဗျိုး..... ကျနော်လည်း အကြွေးကျန်နေသေးတယ် ရေးအုန်းမှ မေတ္တာတွေ ထိုင်ပို့ ကုန်ကြဘီ.... :P

မင်းဧရာ said...

ှဆရာရေ........
တဂ်ပို့စ်ကြောင့် ရယ်ရသလို အောက်က comment တွေကြောင့်လည်ူ အူနာရပြန်တယ်
ကျွန်တော်က ကျန်တဲ့ပို့စ်တွေသာ ရှောင်ခြင်ရှောင်မယ် အဲတဂ်ပို့စ် ဆိုရင်တော့ မလွတ်တမ်းပဲ ဒါကြောင့်မို့
ဆရာ့ရဲ့ နောက်ဆက်တွဲ တဂ်ပို့စ်များကို မျှော်နေပါကြောင်း။

ညိမ်းနိုင် said...

အဟား.....ဆရာ့ပို့စ်လေးကိုဖတ်ရတာ တပြုံးပြုံးနဲ့ သိပ်
ကောင်း......။သဘောကျတယ်ဆရာရေ့....:)

mstint said...

ဖြစ်ကြောင်းရယ်ကုန်စင်ပေါ့နော်း))
တက်ဂ်ပို့စ်လေးက ဖတ်ကောင်းမကောင်းတော့ မသိဘူး ဖတ်ရတာ နည်းနေသလိုပဲ ရေးတဲ့သူအတွက်လည်း မုဒ်ဝင်သွားရင် များများရေးနိုင်သလို စာဖတ်သူအတွက်လည်း စာကောင်းပေကောင်းဖတ်ရရင် များများဖတ်ချင်တယ် ဆိုတဲ့သဘောပါ ဦးဟန်ကြည်ရေ။
ဖတ်သူတို့ကို စိတ်ပျော်ရွှင်မှုပေးနိုင်တဲ့ တက်ဂ်ပို့စ်လေးပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြစ်ကျိုးအင်း said...

ဖတ်ရင်းနဲ့ ပြုံးရတယ်။
တချို့အတွေးလေးတွေကို သဘောကျလို့ ကျေနပ်ရတယ်။
စာဖတ်သူကို ရင်းရင်းနှီးနှီးဖြစ်စေသလို ခံစားရစေတယ်။
တဂ်ပို့စ်ကောင်းလေးပါပဲ။

အလင်းသစ် said...

ဖြေထားတာကိုရော ကွန်မန့်တွေကိုရော ဖတ်ပြီး
ပါးစပ်ရွဲ့သွားပါတယ်။။ ဆရာလာပြန်ကုပေးပါဗျို့။။။
ဟီးဟီး။။။
အညိုနုရောင် အသားအရည်ပိုင်ရှင် ဆရာ့ကို
အနက်နု၊အနက်ဖျော့ရောင် အသားရည်ပိုင်ရှင်(အဟိ.. ရိုးသားရမယ်ဆိုတဲ့ ဆရာ့စကားအတိုင်း ရိုးသားလိုက်ပီ) အလင်းသစ်က သေချာလာဖတ်သွားပါတယ်ဗျ။။
နောက်ထပ် ဘယ်လို ဆက်လာဦးမလဲဆိုတာ ကိုလည်း စောင့်မျှော်နေပါကြောင်း။။။

ဆွေလေးမွန် said...

စာလာလာဖတ်ဖြစ်နေတာတော့ ကြာပြီ..
ဒါပေသိ နှုတ်တော့ မဆက်ဖြစ်ဘူး..
ခုတော့ ဒီလိုဒီပုံ ဆိုကြွားပေတော့ လဲ
နှုတ်ဆက်ရတာပ..

စဖတ်ကထကဲ အသောလေးနဲ့ ရေးတော့ ဒီမှာ ရီရတာ ပါးစပ်ကို မပိတ်ရဘူး အဟုတ်

မောင်ခင်မောင်ချင်း@ချင်းလေး said...

ဟားဟားဟား.. ကန်တော့ပါဆရာ.. ကျနော်ရယ်တာများဆရာ့ကိုမရိုမသေဖြစ်သွားမလားလို့မနည်းကိုဘရိတ်အုပ်လိုက်ရတယ်။ ရေးတတ်တာများဆရာဟန်ကြည်လို့မပြောရဘူး။ ဆရာပျော်ရွှင်ပါစေဗျာ...။

ဟန်ကြည် said...

မောင်မောင်ချင်းလေးရေ...
ဒီပို့(စ်)ကို အသောအထေ့လေးတွေနဲ့ ရေးထားတာမို့ အားပါးတရ ရယ်သွားတာဟာ ဦးဟန်ကြည်ကို အင်တိုက်အားတိုက် အားပေးလိုက်တဲ့ အသံဖြစ်လို့ မရိုမသေမဖြစ်တဲ့အပြင် ၀မ်းသာ၊ ကျေးဇူးတောင်တင်ပါသတဲ့ဗျား...

ahphyulay said...

အင်း..
အစ်ကိုဟန်ကြည်..
ဆံပင်ကိစ္စကို အကျယ်ရေးပြသွားတာ
သိပ်ကျေနပ်တာပဲ။ သဘာဝဟာ သဘာဝ
ပဲ ဆိုပေမယ့်  ယနေ့ တစ်ရာမှာ ကိုးဆယ့် ကိုး
ယောက်သောသူတွေကတော့  အဲ့ ဒီသဘာဝ
ကို အန်တုရင်ဆိုင်နေကြတယ်ဗျ။
အခုလိုရှည်ရှည်ဝေးဝေးရေးတဲ့  တဂ်ပို့ (စ)
လေးကို တစ်ခါမှ မဖတ်ဖူးပေမဲ့ 
ဖတ်လို့  အလွန်ကောင်းပါကြောင်း..။

မေသိမ့်သိမ့်ကျော် said...

ဖတ်ရင်းနဲ့ပြုံးစေ့စေ့ဖြစ်နေတယ်။ ဦးဟန်ကြည်ပုံက မိုက်လှချည်လာ...ခိခိ။ မအူပင်ငပိလို ကောင်းသတင်းပိုမွှေးမှာသေချာတယ်။

ဖတ်လို့ တအားကောင်းတဲ့ တဂ်ပို့စ်ပါပဲ...။


ခင်တဲ့

ချမ်းချမ်း(ရွာသူလေး) said...

ha ha
so funny
beauty is skin deep!

ကြိုက်ရင်ပေါ့လေ . . .