ဒီနေ့ခေတ် ကျောင်းသားလူငယ်တွေနဲ့ နေ့စဉ်ထိတွေ့နေရတာကြောင့် ဦးဟန်ကြည်ဆီမှာ ကျောင်းသားလူငယ်တွေနဲ့ပတ်သက်ရင် ပြောစရာတွေ တသီတတန်းကြီး ရှိလို့နေတတ်ပါတယ်။ မြင်သလောက်ပြောပြီး၊ ပြောသလောက် တိုက်တွန်းပေးမှ တိုးတက်မယ်လို့ ကိုယ့်ခံယူချက်နဲ့ကိုယ် ရှင်သန်နေတဲ့ ဦးဟန်ကြည်ကတော့ လူငယ်ရေးရာဆောင်းပါးတွေကို မမောနိုင်၊ မပမ်းနိုင် ရေးနေဦးမှာ သေချာပါတယ်။
ဒီနေ့ခေတ် လူငယ်တွေကို လေ့လာလိုက်ရင် အလွယ်တကူနဲ့ အရှုံးပေးတဲ့စိတ်က သူတို့တွေရဲ့ အတွင်းပိုင်းသဏ္ဍာန်မှာ ကြီးစိုးနေတာ သိသာလွန်းနေပါတယ်။ ထင်သာမြင်သာတဲ့ အချက်က အလွယ်တကူ စိတ်ဓာတ်ကျလွယ်၊ စိတ်ပျက်လွယ်ကျတာပဲ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ စိတ်ဓာတ်ခိုင်မာတယ်လို့ ထင်ထားမိပေမယ့် အခက်အခဲကြီးကြီးမားမားနဲ့ သုံးလေးခါလောက် ရင်ဆိုင်မိကြရင် ခေါင်းငိုက်စိုက်ချပြီး မျက်နှာငယ်လေးတွေနဲ့ မိုးမိထားတဲ့ ကြက်ပေါက်စကလေးတွေလို သနားစရာလေးတွေ ဖြစ်ကုန်ကြပါတော့တယ်။ အဲဒီအခါမျိုးမှာ ဦးဟန်ကြည်တို့ဆရာတွေက သူတို့လေးတွေ စိတ်ဓာတ်တက်ကြွအောင် တပင်တပန်း ကြိုးစားပေးရပါတော့တယ်။ ပုံမှန်အခြေအနေမျိုးမှာတောင် စိတ်ဓာတ်ကို မြှင့်တင်ပေးဖို့ ခက်လှတဲ့ ဒီကလေးတွေကို အဲဒီလို စိတ်ဓာတ်ကျနေတဲ့ အချိန်မျိုးမှာ စိတ်ပိုင်းဆိုင်ရာကို ပြုပြင်ပေးရတဲ့အလုပ်ဟာ အပြောမလွယ်သလို၊ အလုပ်လည်း ခက်လွန်းတဲ့အကြောင်း အတွေ့အကြုံပေါင်းများစွာက သင်ပေးထားတာကြောင့် ဦးဟန်ကြည်တစ်ယောက် နောကျေနေအောင် သိပြီးသား ဖြစ်နေပါတော့တယ်။
ဒီကလေးတွေကို မမောနိုင်မပမ်းနိုင် တရားဟောရင်း၊ စိတ်ဓာတ်တက်ကြွအောင် အားပေးရင်းကနေ တစ်ခုစဉ်းစားမိပါတယ်။ ပညာရေးမှာ သင်ထောက်ကူ ရှိသလို စိတ်ဓာတ်ရေးမှာရော သင်ထောက်ကူပစ္စည်း မရှိသင့်ဘူးလားဆိုတဲ့ အတွေးပါ။ တကယ်တော့ ပညာရေးအလုပ်ဟာ စိတ်ပိုင်းဆိုင်ရာကို ပြုစုပျိုးထောင်ပြီးမှ ရုပ်ပိုင်းဆိုင်ရာ ရလာဒ်ကောင်းတွေရအောင် လုပ်ယူရတာ ဖြစ်တာကြောင့် ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို အကောင်းဆုံး မြှင့်တင်ပေးနိုင်ဖို့ဆိုတာဟာ ပညာသင်ကြားရေးရဲ့ အဓိကမူဖြစ်တယ်ဆိုတာ သေချာပါတယ်။ ဒီတော့ ကလေးတွေကို အလွယ်တကူ စိတ်ဓာတ်မကျအောင် ဘာတွေလုပ်ပေးသင့်ပါသလဲ။ ဘယ်လို သင်ထောက်ကူပစ္စည်း(စိတ်ကိုထောက်ပံ့ပေးမှာ ဖြစ်တာကြောင့် စိတ်ထောက်ကူပစ္စည်းလို့လည်း ခေါ်လို့ရနိုင်ကောင်းမယ် ထင်ပါတယ်) တွေကို သုံးသင့်ပါသလဲ?
အထိရောက်ဆုံးနဲ့ အကောင်းဆုံးနည်းလမ်းကတော့ ကလေးတွေကို အားကစားစိတ်ဓာတ်ရှိအောင် လေ့ကျင့်ပေးခြင်းပဲ ဖြစ်ပါတယ်။ အားကစားသမားကောင်းတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အားကစားစိတ်ဓာတ်ဆိုတာ အနိုင်ရအောင် အမြဲတမ်းကြိုးစား ကစားသလို၊ အရှုံးနဲ့တွေ့ကြုံရရင်လည်း စိတ်ဓာတ်ကျမသွားဘဲ နောက်တစ်ပွဲအတွက် အဆင်သင့်ဖြစ်အောင်၊ ပြန်ပြီးအနိုင်ရအောင် ကြိုးစားတဲ့ စိတ်ဓာတ်ဖြစ်ပါတယ်။ ဘယ်အားကစားသမားကမှ ပွဲတစ်ပွဲရှုံးသွားတာကြောင့် စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို သတ်သေတယ်လို့ မကြားဖူးပါ။ ဗိုလ်ချုပ်အောင်ဆန်းပြောဖူးတဲ့ “အကောင်းဆုံးကိုလည်း မျှော်လင့်တယ်၊ အဆိုးဆုံးဖြစ်လာရင်လည်း ရင်ဆိုင်ဖို့ အဆင်သင့်ပဲ”ဆိုတာ အားကစားစိတ်ဓာတ်ပါ။ အဲဒီလို စိတ်ဓာတ်မျိုးရှိထားရင် ဘာမဆို ရင်ဆိုင်ဖို့ ခွန်အားတွေ၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေ ပြည့်ဝလာမှာဖြစ်တာကြောင့် အခက်အခဲတိုင်းကို ရင်ဆိုင်ရာမှာ အညံ့ခံမယ့်စိတ်၊ စိတ်ဓာတ်လွယ်လွယ်နဲ့ ကျတဲ့ အကျင့်ဆိုးတွေလည်း ၀င်လာမှာ မဟုတ်တော့ပါ။ ဒါကြောင့် အားကစားစိတ်ဓာတ်ဟာ ကျောင်းသားတွေအတွက်သာမက လောကမှာ ရှင်သန်ရပ်တည်နေထိုင်ဖို့အတွက်ပါ အင်မတန် အရေးပါတဲ့စိတ်ဓာတ်လို့ ရည်ညွှန်းရရင်လည်း မှားမယ်မထင်ပါ။
ဒီတော့ အားကစားစိတ်ဓာတ်ရှိတဲ့ ကျောင်းသားတစ်ယောက်မှာ ဘယ်လိုအကျိုးကျေးဇူးတွေ ချက်ချင်းလက်ငင်းရမလဲဆိုတာကို အရင်လေ့လာကြပါစို့…
(၁) အခက်အခဲကို မကြောက်ဘူး
အားကစားသမားကောင်းတစ်ယောက်ဟာ ပြိုင်ဘက်ကောင်းဆိုတာ ကိုယ့်အရည်အသွေးကို တိုးတက်အောင် ပံ့ပိုးပေးမယ့်သူလို့ပဲ မြင်ပါတယ်။ ပြိုင်ဘက်ကောင်းနဲ့ ယှဉ်ပြိုင်ပြီး အနိုင်ယူရခြင်းကို ကစားသမားတိုင်း တန်ဖိုးထားကြပါတယ်။ ဘယ်အားကစားသမားမှ ကိုယ့်ထက် အဆမတန်ညံ့တဲ့လူကို အသာစီးကနေ စိတ်ကြိုက်အနိုင်ယူရတာကို ဂုဏ်ယူရိုးထုံးစံမရှိပါ။ ဥပမာပြောရရင် မြန်မာဘောလုံးသင်းက ခြေစစ်ပွဲတစ်ခုမှာ ဘောလုံးဆိုလို့ အလုံးအပြားတောင်ကွဲဟန်မတူတဲ့ “ဂူအမ်နိုင်ငံ” အသင်းကို ၂၆ ဂိုး၊ ဂိုးမရှိ နဲ့နိုင်ခဲ့တာကို ဘယ်ကစားသမားကမှ ဂုဏ်မယူသလိုမျိုးပဲ ဖြစ်ပါလိမ့်မယ်။ တကယ်လို့သာ မြန်မာအသင်းက “ဘရာဇီးအသင်း”ကို သရေကျအောင်ပဲ ကန်နိုင်မယ်ဆိုရင်တောင် အင်မတန်ဂုဏ်ယူစရာကောင်းမယ် မဟုတ်ပါလား။
ကျောင်းသားတစ်ယောက်မှာသာ အားကစားစိတ်ဓာတ်ရှိရင် ဘယ်လောက်ခက်ခဲတဲ့ ပုစ္ဆာကိုမှ ကြောက်တော့မှာ မဟုတ်ပါ။ ဒီနေရာမှာ ထူးချွန်တဲ့ ကျောင်းသားတစ်ယောက်က ပုစ္ဆာခက်လေ သူအစွမ်းပြခွင့်ရလေလို့ ယူဆပြီး ပျော်နေမှာဖြစ်ပါတယ်။ ဒါပေမယ့် သာမန်ကျောင်းသားတစ်ယောက်ကတော့ ခက်တဲ့ပုစ္ဆာနဲ့တွေ့ရင် မျက်နှာငယ်ပါလိမ့်မယ်။ တကယ်လို့သာ သူ့မှာသာ အားကစားစိတ်ဓာတ်ရှိရင် အဲဒီပုစ္ဆာကိုတွက်နိုင်ရင် သူအများကြီး တိုးတက်လာလိမ့်မယ်လို့ တွေးပြီး ပျော်ပျော်ကြီးတွက်ပါလိမ့်မယ်။ အဲဒီလိုပဲ ခက်ခဲတဲ့ကျက်စာတစ်ပုဒ်ကိုလည်း သူ့အရည်အသွေးကို တိုးတက်အောင်လုပ်ပေးမယ့်အရာလို့ပဲ မြင်ပြီး ကြောက်တော့မှာမဟုတ်ပါ။
(၂) အလွယ်တကူ အရှုံးမပေးဘူး
အားကစားသမားကောင်းတစ်ယောက်ဟာ ပြိုင်ပွဲထဲကို ရောက်ပြီဆိုရင် ဘယ်လောက်ကောင်းတဲ့ပြိုင်ဘက်နဲ့တွေ့နေပါစေ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်တော့ ယှဉ်ပြိုင်ပါလိမ့်မယ်။ တစ်ဘက်အသင်းသားကိုကြည့်ပြီး မနိုင်လောက်ဘူးထင်တာကြောင့် မပြိုင်ခင် အရှုံးပေးသွားတဲ့ ကစားသမား တစ်ယောက်မှ မရှိပါ။ ဘောလုံးပွဲတွေမှာဆိုရင်လည်း ခြေစွမ်းချင်း အဆမတန်ကွာနေပေမယ့် ပွဲသိမ်းခရာမှုတ်ချိန်အထိ အရိုးကြေကြေ၊ အရေခမ်းခမ်း ကြိုးစားကစားကြတာမျိုးဟာ အားကစားလောကမှာ တွေ့နေကျမြင်ကွင်း ဖြစ်ပါတယ်။ အဲဒီလို ကစားရင်းနဲ့ပဲ ကစားသမားတွေ တိုးတက်လာကြတာပါ။ ဒါကြောင့်လဲ ထိုင်းနိုင်ငံအသင်းဟာ ကိုယ့်ထက်အဆမတန် ခြေစွမ်းသာတဲ့ “မန်ချက်စတာ ယူနိုက်တက်” “လီဗာပူး” စတဲ့ အသင်းတွေကို ဖိတ်ပြီး ခြေစမ်းပွဲတွေကန်ကြတာ ဖြစ်ပါတယ်။
အားကစားစိတ်ဓာတ်ရှိတဲ့ ကျောင်းသားတစ်ယောက်ဟာ ဘယ်လောက်ခက်ခဲတဲ့ ပုစ္ဆာပဲဖြစ်ဖြစ် မရမချင်းတွက်ပါလိမ့်မယ်။ အလွယ်တကူနဲ့ အရှုံးပေးပြီး လက်လျှော့မှာ မဟုတ်ပါ။ ဒီပုစ္ဆာကို ရအောင်တွက်နိုင်ရင် သူ့အတွက် အမြတ်လို့ ယူဆမှာဖြစ်ပြီး တကယ်လို့ ဘယ်လိုမှ တွက်လို့မရရင်လည်း သူစိတ်ဓာတ်ကျသွားမှာမဟုတ်ဘဲ တွက်လိုက်ရတာ အမြတ်ထွက်တယ်လို့ပဲ ယူဆဦးမှာ ဖြစ်ပါတယ်။ သူ့မှာရှိတဲ့ အားကစားစိတ်ဓာတ်က အလွယ်တကူ လက်လျှော့ရမှာကို ရှက်လာအောင် ပံ့ပိုးပေးနေတာကြောင့် ဘယ်အခက်အခဲမဆို ရင်ဆိုင်ရဲလာမှာ မလွဲပါ။
(၃) အရှုံးနဲ့ရင်ဆိုင်ရရင်လည်း စိတ်ဓာတ်ကျပြီး လက်လျှော့မသွားဘူး
ဘယ်လောက်ကောင်းတဲ့ ဘောလုံးသင်းပဲဖြစ်ဖြစ် မရှုံးဖူးတဲ့ အသင်းရယ်လို့ သမိုင်းကြောင်းတစ်လျှောက် မရှိခဲ့ဖူးပါ။ ကမ္ဘာ့အကောင်းဆုံးအသင်းလည်း တစ်ပွဲတစ်လေတော့ ရှုံးလေ့ရှိပါတယ်။ ဒီပွဲကို ရှုံးရကောင်းလားဆိုတဲ့ အတွေးနဲ့ ဘောလုံးလောကကနေ နှုတ်ဆက်ပြီးထွက်သွားတဲ့ ကစားသမားလည်း မရှိခဲ့ပါ။ သူ့အနေနဲ့ ရှုံးသွားတဲ့ပွဲကနေ သင်ခန်းစာတွေယူပြီး နောက်တစ်ပွဲအတွက် အားသစ်အင်သစ်တွေ ပြန်မွေးလေ့ရှိပါတယ်။ ရှုံးသွားတဲ့အတွက် ကျသွားတဲ့ စိတ်ဓာတ်ကို အားအင်သစ်၊ မခံချင်စိတ်တွေဖြစ်အောင် ပုံစံအမြန်ဆုံးပြောင်းပြီး အောင်မြင်မှုဆီကို ရှေးရှုကြပါတယ်။ အဲဒီလို အမြန်ဆုံး ပုံစံပြောင်းနိုင်တဲ့ ကစားသမား၊ အသင်းဟာ အောင်မြင်မှု အများဆုံးရတဲ့ အသင်း၊ ကစားသမား ဖြစ်လာတာ မဆန်းပါ။ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားလို့ အများက သတ်မှတ်ထားတဲ့ “ Lionel Messi ” မက်ဆီဟာ Copa America ဖလားပွဲမှာ ခြေစွမ်းမပြနိုင်သလို သူ့အသင်း အာဂျင်တီးနားဟာလည်း ပါရာဂွေးကို အရှုံးပေးပြီး အိမ်ပြန်စောခဲ့ပါတယ်။ မက်ဆီကိုလည်း ဘောလုံးလောကတစ်ခုလုံးက ပြင်းပြင်းထန်ထန် ဝေဖန်တာခံရပါတယ်။ ဒါပေမယ့် နောက်နှစ်ဘောလုံးရာသီပြန်စတဲ့အခါမှာ သူ့အသင်း ‘ Barcelona ’ မှာ တက်တက်ကြွကြွ ခြေစွမ်းပြန်ပြနေတဲ့ မက်ဆီကို ပြန်မြင်ရဦးမှာဖြစ်ပါတယ်။ နိုင်ငံလက်ရွေးစင်အသင်းမှာလည်း သူစွမ်းသလောက် ထပ်ကြိုးစားဦးမှာ သေချာပါတယ်။ အဲဒီစိတ်ဓာတ်ဟာ အားကစားသမားတွေရဲ့ သိသာမြင်သာတဲ့ စိတ်ဓာတ်ကောင်း ဖြစ်ပါတယ်။
ကျောင်းသားတစ်ယောက်ကို အားကစားစိတ်ဓာတ်တွေ ထည့်ပေးနိုင်ရင် ဒီကျောင်းသားဟာ အရှုံးနဲ့ကြုံရင် တုန်လှုပ်သွားမှာ မဟုတ်ဘဲ နောက်တစ်ခါထပ်ပြီး ကြိုးစားဖို့၊ နောက်တစ်ခါအခွင့်အရေးကို စိတ်အားထက်ထက်သန်သန်နဲ့ စောင့်နေတော့မှာ ဖြစ်ပါတယ်။ ပုစ္ဆာတစ်ပုဒ်ကို ပထမတစ်ခေါက်တွက်လို့ အဖြေမရခဲ့ရင်လည်း စိတ်ပျက်သွားမှာ မဟုတ်ဘဲ နောက်တစ်ခါ ပြန်တွက်ဖို့ အဆင်သင့်ဖြစ်နေမှာ သေချာပါတယ်။ စာမေးပွဲတစ်ခါကျသွားခဲ့ရင်လည်း လက်လျှော့သွားမျာ မဟုတ်ဘဲ နောက်တစ်ခါ အောင်မြင်အောင် ဖြေနိုင်ဖို့ ဆက်ကြိုးစားနေမှာ ဖြစ်ပါတယ်။
“ လဲရင်ပြန်ထ၊ ဒါဘ၀ပဲ ” ဆိုတဲ့ ဆောင်ပုဒ်ကြီးကို အပ်ကြောင်းထပ်အောင် ရွတ်ပြပြီး ဦးဟန်ကြည်တို့တစ်တွေက သူတို့ကို အားပေးနေစရာလည်း လိုတော့မှာ မဟုတ်တာ သေချာပါတယ်။
(၄) လေ့ကျင့်ခန်းဆင်းနေရချိန်မှာလည်း တက်ကြွနေတယ်
အားကစားသမားကောင်းတစ်ယောက်ဟာ အောင်မြင်မှုရဖို့ ပြင်းပြင်းထန်ထန် လေ့ကျင့်ရမယ်ဆိုတဲ့ အသိကို သူ့နှလုံးသားထဲမှာ သံမှိုရိုက်ထားသလို စွဲမြဲယုံကြည်သူ ဖြစ်ပါတယ်။ လေ့ကျင့်ခန်းဆင်းရတဲ့ အချိန်တွေဟာ သူ့ဘ၀ကို အောင်မြင်မှုပန်းတိုင်ဆီကို တစ်ဖြည်းဖြည်းနီးလာအောင် ပို့ပေးနေတယ်လို့လဲ လက်ခံထားကြပါတယ်။ ဒီနေရာမှာ လက်ဝှေ့ကျော် “ Muhammad Ali ” “မိုဟာမက်အလီ” ပြောတဲ့ စကားကို ပြန်ပြီးညွှန်းရပါလိမ့်မယ်။ သူပြောတာက “ I hated every minutes of training. But I said to myself, suffer now, and live a whole life as a champion ” တဲ့။ မြန်မာလို ပြန်ပြရရင် “ လေ့ကျင့်ခန်းဆင်းရတဲ့ စက္ကန့်တိုင်းကို ငါသိပ်မုန်းတာပဲ။ ဒါပေမယ့် ငါ့ကိုယ်ငါပြောမိတယ်။ လေ့ကျင့်ခန်းကြောင့် ဆင်းရဲပင်ပန်းတဲ့ဒဏ်ကို အခု ခံစားလိုက်မယ်ကွာ ပြီးရင်တော့ ငါ့တစ်သက်လုံးချန်ပီယံ အဖြစ်နဲ့ နေသွားမယ် ” လို့ ပြောတာပါ။ မှန်ပါတယ်။ သူတို့ဟာ မရင်းနှီးဘဲ ဘာမှမရနိုင်တာကို နားလည်ကြသူတွေပါ။ ပင်ပန်းတဲ့အခါတိုင်းမှာ အောင်မြင်မှုကို ကြိုတွေးပြီး အပန်းဖြေတတ်ကြသူတွေလည်း ဖြစ်ပါသေးတယ်။
ကျောင်းသားတစ်ယောက်မှာ အားကစားစိတ်ဓာတ် ရှိနေခဲ့ရင် စာသင်တဲ့အချိန်၊ လေ့ကျင့်ခန်းလုပ်ရတဲ့ အချိန်၊ စာကျက်ရတဲ့ အချိန်တိုင်းကို သူ့ဘ၀အောင်မြင်ဖို့အတွက် ရင်းနှီးရတယ်လို့ လက်ခံပါလိမ့်မယ်။ ဒီအလုပ်တွေကိုမလုပ်ဘဲ ဘယ်လိုနည်းနဲ့မှ အောင်မြင်မှုရမှာမဟုတ်တာကိုလည်း ယုံကြည်ထားပါလိမ့်မယ်။ သူ့ဘ၀ အောင်မြင်မှုအတွက် ဘယ်လိုဖြတ်လမ်းနည်းကိုမှလည်း သုံးမှာမဟုတ်တော့ပါ။ ဦးဟန်ကြည်တို့ငယ်ငယ်ကလည်း သူများတွေ ပွဲသွားကြည့်နေ၊ ရုပ်ရှင်သွားကြည့်နေ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်နေချိန်တွေမှာ စာကြည့်နေရတိုင်း ကိုယ့်ကိုယ်ကို အားပေးရင်း ဂုဏ်ယူစိတ်တွေ မွေးယူခဲ့ရပါတယ်။ “ ငါ အခုလို ကြိုးစားနေတဲ့အတွက် တစ်နေ့မှာ အဲဒီပွဲသွားနေတဲ့ကောင်တွေထက် အများကြီးမြင့်တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်လိမ့်မယ်၊ ဒါကြောင့် ငါအခုလို တပင်တပန်းကြိုးစားနေရတာဟာ တန်တယ် ” လို့ အမြဲတွေးဖြစ်ပါတယ်။ သူတို့အလေလိုက်သလို ကိုယ်မလုပ်ရတဲ့အတွက်လည်း တစ်ခါမှ ကိုယ့်ကိုယ်ကို ယူကြုံးမရ မဖြစ်ခဲ့သလို၊ အခုထိလည်း သူများတွေနည်းတူ ဖြစ်သလို မနေခဲ့မိတာကို ကျေနပ်နေတုန်းပါ။ အဲဒါဟာ အားကစား စိတ်ဓာတ်ရဲ့ အကျိုးကျေးဇူးပဲ မဟုတ်ပါလား။
စာကြွင်း။ ။
ဒီပို့စ်မှာတော့ အားကစားစိတ်ဓာတ်ရှိခြင်းရဲ့ အကျိုးကျေးဇူးတွေကိုပဲ တင်ပြသွားမှာဖြစ်ပြီး အားကစား စိတ်ဓာတ်ရှိအောင် ဘယ်လိုပျိုးထောင်ပေးမယ်ဆိုတာကိုတော့ နောက်ပို့စ်တစ်ခုကျမှပဲ ဆက်ရေးပါတော့မယ်။ ဘလော့ပို့စ်တွေရဲ့ သဘာဝအရ ပို့စ်ရှည်လွန်းရင် စာဖတ်သူ ညည်းငွေ့သွားပြီး ကိုယ်ပေးချင်တဲ့ အချက်အလက်ကို မျက်စေ့လျှမ်းသွားတတ်တာ သတိထားမိတာကြောင့် ဖြစ်ပါတယ်။ ဒါ့အပြင် ခပ်ငယ်ငယ်ကကြားဖူးတဲ့ ဆရာတော်တစ်ပါးရဲ့
“ ဆေးလိပ်ဆို, တို၊ ဟင်းချို, ချို၍၊ တရား, တိုမှ၊လူကြိုက်ကြ၏ ” ဆိုတဲ့
လေးလုံးစပ်လင်္ကာလေးကို ပြေးသတိရမိတာကြောင့် စာဖတ်တဲ့သူအကြိုက် ပို့စ်တိုတိုလေးဖြစ်အောင် ကြိုးစားပြီး ရေးလိုက်ရပါကြောင်း။
12 comments:
ကျနော့် တူအကြီးကောင်ကတော့ မြို့နယ်လက်ရွေးစင် ပြည်နယ် လက်ရွေးစင်တောင် ပါဖူးတယ် ဆြာရေ့ 16 နှစ်အောက်တုန်းကတောင် မြန်မာ့လက်ရွေးစင် ဒီကောင်ဖြစ်လိုက်သေးတယ် ဒါပေမယ့် စာမေးပွဲကျတော့ ခဏခဏကျတယ်ဗျ ခု ၁၀ တန်းမအောင်ပဲ ဘောလုံးပဲလိုက်ကန်နေတော့တယ် စိတ်ဓာတ်ကတော့မာတယ် ဆရာပြောမှ သတိထားမိတော့တာ ။
ကလေးဘဝထဲက အနိင်မခံအရှုံးမပေးစိတ်ဓါတ် သွင်းထားနိင်ရင် ဘဝတလျှောက်လုံး ထိုက်တန်တဲ့အကျိုး ရလဒ်တွေ ခံစားသွားရမှာပါ။
လဲကျပြန်ထ ဒါဘ၀ပါပဲ....။ ဆရာသမားတွေ အရေးကြီးသလို အမိအဖတွေလည်း အရေးကြီးပါတယ်။ ကာယကံရှင်လူငယ်ကတော့ အရေးအကြီးဆုံးပါပဲ...။ လောလောဆယ်တော့ ဘ၀ အမောတွေ ပြေဖို့ ရာ အပြေးလေ့ကျင့်နေပါတယ်။ :) စိတ်ဖိစီးမှု လျော့ပါတယ်။ ကလေးတွေလည်း ဒါမျိုး လုပ်ပေးသင့်သလားလို့ ပါ။
အလင်းစက်ရေ...
ဆရာ့တပည့်တွေကတော့ ငပျင်းတွေဖြစ်နေတာမို့ အပြေးလေ့ကျင့်ခိုင်းဖို့ အဆင်ပြေမယ်မထင်ဘူး...စာမရရင်တော့ ကျန်းမာရေးကောင်းအောင် အပေါ်ထပ်ကနေ အောက်ထပ်ကို လှေကားအတိုင်း အတက်အဆင်း လုပ်ခိုင်းတယ်...အားကစား စိတ်ဓာတ်ဝင်လာအောင်က တော်တော်လုပ်ယူရဦးမယ်...အခုထိ သိပ်အားမရချင်သေးဘူး...
အားကတော့ ရမှာမဟုတ်ဘူး.. ဆရာဦးဟန်ကြည်... ဒီလိုကိုဖြစ်အောင် ဒီလိုကို ဖန်တီးထားတော့.. တနိုင်တပိုင်နဲ့ ပြန်ဆယ်ယူဖို့တော့ အတော်ကိုခက်ခဲမယ်... ဒါပေမယ့် ဆယ်ဖို့ကြိုးစားနေတဲ့သူတွေကို အမြဲအားပေးထောက်ခံနေမယ်.. ကိုယ်ကိုယ်တိုင်လည်း ကြုံရင်ကြုံသလို ဆယ်နေပါဦးမယ်.....
ခင်မင်လျက်
နေ၀သန်
အားကစားရဲ့ အကျိုးကျေးဇူးက စိတ်ဓါတ်ကို တကယ်ကြံ့ခိုင်စေတာအမှန်ပါ၊ကျနော်နိုင်ငံခြားမှာ လက်တွေ့ကြုံခဲ့ဘူးလို့ ၀င်မန့်ချင်သွားတယ်၊ကျနော်ကရန်ကုန်သား ဘွဲ့ရ ပညာတတ်ပါ၊ အစိုးရဌာန မှာ အရာရှိပေါက်စလုပ်နေရင်း၁၉၈၉လောက်မှာ နိုင်ငံခြားအလုပ်လုပ်ဖို့ထွက်ခဲ့ပါတယ်၊ကျနော်တို့ အချိန်တုန်းက Spass မရှိပါဘူး၊EP ဘဲရှိတယ်၊ကိုယ့်ဘွဲ့က EP လဲမရနှိုင်တော့ WP ပေါ့။ အဲဒီမှာ General Worker နဲ့စခဲ့ရတာ၊ ကျနော်နဲ့အတူပါလာတာက လယ်သမား၂ယောက် ၊တကယ့်ကို အကြမ်းသမားတွေ၊လုပ်ရတာက သင်္ဘောကျင်းသေးသေးလေးမှာ အထွေထွေ ၊တော်တော်ပင်ပန်းတာဗျို့။ညနေပြန်လာရင် ကျနော့်မိတ်ဆွေလယ်သမား ၂ယောက် အိမ်အတက် ဓါတ်လှေခါးမှာ မတ်တတ်တောင် မရပ်နှိုင်ရှာဘူး၊ထိုင်ပြီးလိုက်ရတာ။ကျနော်ဆိုရောက်ပြီး ၂လမှာ ပေါင်၂၀ကျသွားတယ်။အိမ်ကလူတွေဆို ဓါတ်ပုံကြည့်ပြီး စိတ်မကောင်းဖြစ်လွန်းလို့ မြန်မာပြည်တောင်ပြန်လာခိုင်းတယ်။ အဲဒီလူတွေဆို ကျနော့်စိတ်ဓါတ်ကိုအံ့သြကြတယ်၊သူတို့တောင်ကျနော့်လောက်ဒဏ်မခံနှိုင်လို့။ ကျနော်အဲဒီဒဏ်တွေကို အလုပ်ကြမ်းသမားတွေထက် စိတ်ဓါတ်ပိုခိုင်ခဲ့တာ အားကစားသမားတစ်ယောက်မို့ပါ။ကျနော် ဘောလုံးသမားတစ်ယောက်အနေနဲ့ ပြင်းပြင်းထန်ထန်လေ့ကျင့်ခဏ်းတွေလုပ်ခဲ့ဘူးတယ်၊အားကစားတကယ်လုပ်ဘူးတဲ့သူတိုင်းသိမှာပါ၊(တကိုယ်ရေ လေ့ကျင့်ခန်းကို မဆိုလိုပါ) ပြိုင်ပွဲဝင်ဖို့ တကယ့်လေ့ကျင့်ခန်းတွေ ဘယ်လောက်ပြင်းပြင်းလုပ်ခဲ့ကြရတယ်ဆိုတာ၊အထူးသဖြင့် Team Work အနေနဲ့လုပ်တဲ့အားကစားတွေမှာ ကိုယ့်ကိုကိုယ် ညှာနေလို့ မရတဲ့အပြင်၊ အများနဲ့တန်းတူလုပ်ရတာဆိုတော့ ခိုနေလို့မရပါ၊စိတ်ဓါတ်ကလဲ ကိုယ်တစ်ယောက်ထဲ လုပ်နေတာနဲ့မတူတော့ဘူး၊ အဲဒီအကျိုးကျေးဇူးတွေကြောင့် အလွယ်တကူ အရှုံးမပေး၊အလျှော့မပေးချင်တော့ဘူး၊အခုလူငယ်တွေ အားကစားကို စိတ်ဝင်စားစေချင်ပါတယ်၊ ဆရာဦးဟန်ကြည်ရဲ့ ပို့စ်ကိုတကယ်သဘောကျ တိုက်ဆိုင်လို့ ၀င်မန့်တာတော်တော်တောင်ရှည်သွားပြီ။
ဒီပို့စ်ရော အပေါ်က ကွန်မန့်တွေရော ဖတ်ပြီး တော်တော်လေး အားရှိသွားတယ် ဦးဟန်ကြည်ရေ ..။ ကျမက အခက်အခဲကို တွေးကြောက်တတ်တယ်၊ အလွယ်တကူလဲ အရှုံးပေးတတ်တယ်။ မပြိုင်ခင်ကတည်းက စိုးရိမ် စိတ်ပူပြီး မပြိုင်ဖြစ်တော့တဲ့ ပွဲတွေလဲ ဘ၀မှာ အများသား။
စိတ်ဓာတ်ကလဲ ကျတတ်သေးတယ်။
ဒါကြောင့် ပို့စ်တခုလုံးက ကျမကို ဆုံးမနေသလိုပါပဲ။
မကြာခင် ပင်ပန်းမယ့် လုပ်ငန်းခွင် ၀င်ရတော့မှာမို့ တွေးပြီး စိုးရိမ်နေမိတဲ့ ကျမ အပေါ်က အနောနိမတ်ရဲ့ ကွန်မန့်ကြောင့်လဲ အတော်လေး အားတက်မိပါတယ်။ အားကစားစိတ်ဓာတ်ရှိဖို့တော့ ကြိုးစားရအုံးမယ် ဆရာရေ ... ။
လေးစားလောက်စရာပါ.....
ပို့စ် နဲ့အတူ comment တွေကိုကြည့်ပြီးတော့
စိတ်ဓာတ်ပိုင်းဆိုင်ရာ ဆိုတာက တကယ်ကို အရေးကြီးပါတယ် ဘ၀ မှာကျရှုံးမှု့ပေါင်းများစွာကို
ဘက်ပြိုင်နိုင်တာ စိတ်ဓာတ်တစ်ခုပဲရှိတာပါ။
တန်ဖိုးရှိတဲ့ စာတွေဖတ်သွားပါတယ်ဆရာ
ဆရာရေ ရုတ်တရက် ခရီးထွက်သွားလိုက်လို့ သုံးရက်တောင် ကြာသွားတယ်။ ခုလေးတင်မှ ပြန်ရောက်လို့။
ဆရာပေးတဲ့ ဥပမာလေး သဘောကျတယ်။ မိုးမိနေတဲ့ ကြက်ကလေးတွေ။ "လဲကျပြန်ထ၊ ဒါဘ၀ပဲ" အဲဒါလေးလည်း သဘောကျတယ်။ စိုင်းထီးဆိုင် သီချင်းတောင် သတိရမိသွားတယ်။ "တစ်ခါလဲရုံနဲ့ အပြီးထိုင်လိုက်တော့မှာလား၊ အကျိုးရယ်မှ မဟုတ်သေးတာ"။ နောက်ဆုံးတော့ စိတ်ဓာတ်ပဲ အရေးကြီးတာ ဆရာရေ။
ဆရာလည်း ကျန်းမာပျော်ရွှင်ပါစေဗျာ...
ဆရာ.. တန်ဖိုးရှိတဲ့ စာများအတွက် ကျေးဇူးတင်ပါတယ်။ တရားတိုရင် ပိုကြိုက်တဲ့အထဲ ကျွန်မလည်းပါပေမယ့် (^^) ခေါင်းစဉ်လေးနဲ့တင် တော်တော်အနှစ်ပါနေပါပြီ။ ကျေးဇူးတင်ပါတယ်.. ဆရာ။
ဆရာဟန်ကြည်တို့ကတော့ ရေးလိုက်ရင် အနှစ်တွေချည်းဘဲ။ အားကစားမလုပ်ဖြစ်တာလဲ ကြာခဲ့ပြီလေ။ အချိန်လေးရရင်တော့ အားကစားထပ်လုပ်ဦးမယ်။ ဒါမှ အင်အားသစ် ပြန်မွေးဖွားလာမှာ မဟုတ်လား။
အင်းးးး နောက်ဆို ပို့စ်တိုတိုလေးရေးမှး)))
ခင်မင်လျက်
Post a Comment