မီးကလည်း အခုထိ အပြည့်အ၀ ပြန်မလာနိုင်သေးပါ။
တစ်ရက်ခြားတစ်ခါ အလှည့်နဲ့လာနေတာမို့ ရှေးဖြစ်ဟောင်း အောက်မေ့ဖွယ်ဖြစ်အောင် လုပ်ပေးနေရော့သလား ထင်မိပါတော့တယ်။ ဒီကြားထဲမှာ ကံကွက်ကြားမိုးရွာချင်ပြန်တော့ သူများတွေမီးလာတဲ့အလှည့်များဆို ဘာအနှောင့်အယှက်မှ မရှိဘဲ ကိုယ်တို့အလှည့်များကျရင် တစ်ခါမှ ဖြောင့်ဖြောင့်ဖြူးဖြူး မရှိရှာပါ။ ဖြူးစ်ပြတ်လို့တစ်မျိုး၊ လိုင်းကြောင်လို့တစ်ဖုံနဲ့ ပျက်လိုက်လာလိုက် ဖြစ်ရရှာပါသေးတယ်။ ဖြစ်လေရာ ဘ၀ဘ၀တွေတုန်းက ဘုရားကို မီးမပူဇော်ခဲ့မိလို့များ အခုလို ကံဆိုးရှာလေရော့သလား မတွေးတတ်တော့ပါ။ ဒါပေမယ့်လည်း အရင်ဘ၀က ဦးဟန်ကြည်အလောင်းအလျာ ကိုယ်တော်မြတ် ဘာတွေလုပ်ခဲ့တယ်ဆိုတာကလည်း ပြန်မသိနိုင်တဲ့အရာ ဖြစ်နေပြန်တော့ ထုံးစံအတိုင်း “ကံ”ကိုပဲ အပစ်ပုံချပြီး ဖြေသာအောင် ဖြေရရှာပါရဲ့။
မီးမလာတာကြောင့် အရင်ကလို စာလည်းကောင်းကောင်းမရေးနိုင်တော့ပါ။ မီးလာတဲ့ အချိန်ဆိုရင်လည်း လုပ်ငန်းနဲ့ပတ်သက်သမျှ သင်ထောက်ကူစာအုပ်စာတမ်းတွေ ပြုစုရ၊ ပရင့်ထုတ်ရနဲ့မို့ စာဖတ်ပရိသတ်ကို မနှိပ်စက်ဖြစ်တာလည်း တစ်ပတ်နီးပါး ရှိသွားပါတော့တယ်။ ( အတော်လေးတော့ စိတ်ချမ်းသာကြမယ် ထင်ရဲ့ )
မီးပျက်တဲ့ညတွေမှာ ဦးဟန်ကြည်တစ်ယောက် တပင်တပန်းနဲ့ ရုန်းကန်ခဲ့ရတဲ့ ဘ၀အစပိုင်း အချိန်တွေကို ပြန်ပြန်သတိရမိတတ်ပါတယ်။ ခတ်ကျွဲမှန်ရင် ချိုချက်မကင်းတာ သဘာဝမို့ မည်းမည်းမြင်သမျှ ကောင်းစေချင်တဲ့ ဆန္ဒတစ်ခုနဲ့ စေတနာကလွဲရင် ကျန်တာ ဘာကိုမှမမြင်ရှာတဲ့ ဦးဟန်ကြည်ခမျာမှာလည်း ရင်ထဲမှာ ဒဏ်ရာတွေအပြည့်ပါ။ မီးရောင်ထိန်ထိန်နဲ့ အများနည်းတူ လှုပ်ရှားခွင့်ရနေတဲ့ အချိန်များမှာ ဒဏ်ရာဟောင်းတွေက သိပ်မနာလှပေမယ့် အခုလို မီးကပျက်၊ ညမှောင်မှောင်မှာ အိပ်မပျော်ဘဲ သန်းခေါင်ကျော်တဲ့အထိ အတွေးနယ်ချဲ့မိပြန်ရင် ဒဏ်ရာတွေက အဟောင်းကို အသစ်ပြန်ဖြစ်တာမို့ ကဗျာတစ်ပုဒ်အဖြစ် အံထုတ်မိပါတော့တယ်...
ခံစားပေးပါဦးလေ...
“ ဒဏ်ရာဟောင်း ”
မီးပျက်ညမှာ
လမသာခိုက် မှောင်မိုက်မည်းမည်း
မိုးဖွဲဖွဲရွာ လွမ်းမိပါ၏
ဒဏ်ရာဟောင်းတို့ပေါ်လာသည်။
ဘ၀တိုက်ပွဲ ငါဆင်နွှဲစဉ်
မှောင်မဲလှစွာ ရွာတစ်ရွာ၌
ဝမ်းစာအတွက် သက်ဆက်ရုန်းကန်
မနက်ဖြန်တိုင်း ထိုင်းမှိုင်းလေးလံ
ဒဏ်ရာများလည်းမရေနိုင်။
တစ်ရက်တစ်ရက် မနက်များစွာ
ရောင်ခြည်ဖြာတိုင်း ထိုင်းမှိုင်းလေးလံ
ကြေကွဲရန်ထက် ၀မ်းစာခက်ခဲ့
အသက်သည်လည်း သေခဲစွ။
ကိုယ့်လမ်းကိုယ်ပြင် ကိုယ့်ယာဉ်ကိုယ်မောင်း
လမ်းကြောင်းမရှိ
ရောက်သည့်နေရာ ခြေကုပ်ရှာရင်း
ဝမ်းစာအတွက်ရုန်းခဲ့သည်။
နှစ်ပေါင်းများစွာ
ခြေရာရှာရင်း ၀ဲလည်ရင်းဖြင့်
ထမင်းနပ်မှန် ၀တ်ရန်အကျီ
ပီပြင်လာစ
ဘ၀ရောင်ခြည် သန်းလာသည်တွင်
ရင်တွင်ဒဏ်ရာများခဲ့ပြီ။
မီးရောင်ဝေဖြာ နေရာအသစ်
ဘ၀သစ်တွင် ကြည်လင်သာယာ
နေရပါလည်း မှောင်မည်းကာလ
မီးပျက်ညနှင့် ကြုံရပြန်ရာ
ဤအခါတွင် ဒဏ်ရာကြေမွ
ရင်ကအနာ ပြန်၍နာ၏
သေသည့်တိုင်အောင်စွဲမည်ထင့်။ ။
ဟန်ကြည်
၁၁.၇.၂၀၁၁ ( တနင်္လာနေ့ )
၁ : ၃၀ နာရီ
14 comments:
ဘဝ ကဗျာ...လေးပေါ့ အကို...
ခံစားသွားတယ်လို့.....
ဆရာရေ ဘယ့်နှယ့်ပြောလိုက်တာပါလိမ့်။ ဘယ်ကလာ စိတ်ချမ်းသာရမလဲနော်။ မျှော်နေရတာ လည်ပင်းက ကုလားအုပ်လို ဖြစ်မတတ်ပါပဲဆရာရေ။ ဆရာ့ကဗျာတွေ အကုန်ကောင်းသဗျာ။
ဘယ်နေရာမှာပဲရေးရေး...တစ်ချို့ခမန့်တွေထဲမှာဆိုလည်း ဖတ်ပစ်လိုက်တာပဲ ဆရာရေ။ မှတ်မှတ်ရရ ကြီးမေထဲက ခမန့်၊ အစိမ်းရောင်ထဲက ခမန့်တွေလေ။ ဘုန်းဘုန်းတောင် ဆရာ့ကိုအားကျလို့ မစပ်တတ်ဘဲနဲ့ ကြီးမေကိုတောင် စပ်ပြသေးတယ်လေ။
အော်...မီးဒုက္ခ၊ မီးဒုက္ခ မလွယ်ပါလားဆရာရေ...
ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေဆရာရေ...
ကိုယ်တိုင်ခံစားရရင် ကိုယ်ချင်းစာတရားဟာ ပိုပြီးလေးနက်တယ်ဆိုသလို ကိုဟန်ကြည်ရဲ့ ခံစားချက်ကို အန်တီ မျှဝေခံစားလျက်ပါ။
မနေ့ညက ပန်းသေးခေါက်ဆွဲ ပို့စ်လေးကို မီးမပျက် ကွန်နက်ရှင်ကောင်းနေတုန်းလေး တင်တာတောင် ၂နာရီကျော်ကြာသွားတယ်။ တင်ပြီးတဲ့အချိန်မှ မီးပျက်သွားတာကို ကျေးဇူးတောင်တင်နေမိတယ်း)
စိတ်ဓာတ်အစဉ် ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ဆရာရေ့ ဘ၀ဆိုတာကိုက ဒါဏ်ရာနဲ့ ရုန်းကန်ခြင်းတွေ ပေါင်းစပ်ထားတာဘဲ မဟုတ်လား။ အနည်းအများဘဲ ကွာပါတယ်။ သက်သက်သာသာ ရုန်းကန်ရတဲ့သူတွေက ဒါဏ်ရာတွေ ရုန်းကန်ရတဲ့ ပင်ပန်းဆင်းရဲမှုတွေကို သိပ်ဂရုမထားဖြစ်ကြတော့လို့ပါ။ အမှန်ကတော့ ဘ၀မှာ ဘယ်သူမှ မကင်းကြတဲ့ အဖြစ်တွေပါဘဲရှင်.. ကိုယ်ခံစားရင် ခံစားသလောက် နာကျင်ရမှာမို့ တခါတလေတော့လည်း ဥပေက္ခာလုပ်ထားတာ ပိုကောင်းပါတယ်။ အနာဟောင်း တုတ်နဲ့မဆွကြေးပေါ့ ဆရာရယ်... :)
(ဒါပေမယ့် မီးပျက်လို့ ဆွမိတဲ့ ဒါဏ်ရာဟောင်းကြောင့် ကဗျာကောင်းတစ်ပုဒ်တော့ ဖတ်ခွင့်ရလိုက်တာ ကျေးဇူးတင်မိပါတယ်)
း).. အခုဆို ဆီမီးပုံမှန်ပူဇော်ပေတော့... :P... ဆရာက ရန်ကုန်ကလား... အွန်လိုင်းပုံမှန်တက်ပြီး ပုံမှန်ရေးနိုင်တာကိုတော့ တကယ်ချီးကျူးပါပေ့ဗျာ...
ခင်မင်လျက်
နေ၀ဿန်
မီးမလာလည်း မလာတဲ့အလျောက်
မိုးရွာလည်း ရွာတဲ့အလျောက်
ကဗျာဥာဏ် ရင့်သန်လှတဲ့ ဦးဟန်ကြည်ပါလား။
အားကျစိတ်တွေ တစ်ဖွားဖွားပေါ်လာမိတော့တယ်။
ဘ၀မှာ ရုန်းရင်းကန်ရင်း အနာတရတွေတော့ ကျန်ခဲ့တာပါဘဲ ဆရာဟန်ရေ့..
စိတ်ရှည်၂ထားပါ ဆြာရယ် ဘယ်အရာမှ မမြဲဘူးမှတ်လားး))
မီးလာတော့မှာပါ နောက်တစ်ပါတ်တဲ့ ( မဆုံးသော နောက်တစ်ပါတ်တော့ မဟုတ်လောက်ဘူးး ) ဟဟားးး
ဒေါ်ချောရေ...ကဗျာသမားဆိုတာ ဒီလိုပါပဲလေ...ရင်ထဲကို ထိခတ်သွားပြီဆိုတာနဲ့ ကဗျာတစ်ပုဒ်တော့ ထွက်လာစမြဲပါပဲလေ...
ကမောင်မျိုးရေ...မီးမလာရင်လည်း တစ်ကမ္ဘာလုံးသိအောင် နောက်ထပ်ကဗျာ တစ်ပုဒ်ထပ်ရေးလိုက်ဦးမယ်...အရှုံးတော့ မပေးဘူးပေါ့...ဟုတ်ဘူးလား...
ကဗျာနှစ်ပိုဒ် ရင်မှာရှိုက်မိ
ဘ၀တိုက်ပွဲ ငါဆင်နွှဲစဉ်
မှောင်မဲလှစွာ ရွာတစ်ရွာ၌
ဝမ်းစာအတွက် သက်ဆက်ရုန်းကန်....
နှစ်ပေါင်းများစွာ
ခြေရာရှာရင်း ၀ဲလည်းရင်းဖြင့်
ထမင်းနပ်မှန် ၀တ်ရန်အင်္ကျီ
ပီပြင်လာစ....
ဘ၀ရောင်ခြည် သန်းလာသည်တွင်
ရင်တွင်ဒဏ်ရာများခဲ့ပြီ။
ကဗျာ လေးကိုဖတ်ပြီး ဘ၀တူတွေမို့ထင်ရဲ့
ရင်တွင်းကိုဖောက်သွားတယ်။
ဘ၀မှောင်မဲ
လရောင်လဲ ကင်း
နေမင်းမသာ
ဤအခါလဲ ကြုံခဲ့သည်။
ဘ၀ရောင်ခြည်
ဖြာသည် နံနက်
အရုဏ်တက်ခိုက်
အမိုက်လဲကင်း
အမှောင်ခွင်း၍
လေညင်းလေပြည်
သာခဲ့ပြီ။
လင်းချီ မှောင်လှည့်
ကြုံတွေ့ခဲ့လဲ
မလျှော့ဇွဲဖြင့်
အားမာန်ဝင့်ကာ
ပညာဆီမီး
ထိန်ထိန်ညီးအောင်
စွမ်းဆောင်ကြိုးပမ်း ရအုံးမည်။
ဦးဟန်ကြည်အတွက် ကဗျာလက်ဆောင်ပါ။
ရသစာပေပို့စ်လဲ မျှော်နေပါတယ်ရှင်။
ဆိုက်ပရပ်စ်မှာလည်း မီးပျက်တတ်နေပြီဗျို့..
မနေ့က တခြားမြို့မှာ ဗုံးအကြီးစားပေါက်ကွဲမှုဖြစ်လို့.. မီးပေးတဲ့ စက်ရုံပါ ထိသွားတယ်။
လက်နှက်ခဲယမ်းတွေထည့်ထားတဲ့ ကွန်တိန်နာ ၉၅လုံး ပေါက်ကွဲသွားတာ၊ တရပ်ကွက်လုံး ပျက်စီးသွားတယ်..။
အခုဆိုရင် ဆိုက်ပရပ်စ်မှာ ၆၀% နှုန်းဟာ မီးမရကြဘူး၊ မျှပေးနေရတယ်။
း(
ကဗျာလက်ဆောင်အတွက် ကျေးဇူးပါ အစ်မမေဓာဝီရေ (အစ်မကဗျာက ကျွန်တော့်ထက်တောင် ပိုကောင်းနေသလိုပဲ)...ရသစာပေပို့စ်ကတော့ မီးကောင်းကောင်းလာမှပဲ ဆက်ရေးဖြစ်တော့မှာမို့ သည်းခံဖို့ တောင်းပန်ရဦးတော့မှာပါပဲလေ...
နတ်သမီးရေ...မီးပြတ်တာတော်တော် အခံရခက်တဲ့ ရောဂါမို့ မီးအမြန်ပြန်လာပါစေလို့ ကိုယ်ကိုယ်တိုင်အတွက်ရော ဆိုက်ပရပ်စ်အတွက်ပါ ရောပြီး ဆုတောင်းပေးလိုက်ပါရဲ့ဗျား...
ဆရာေ၇
ကဗျာကအတော်ကောင်းပါလားဗျာ...
ရင်တွင်းဒဏ်ရာတွေ ပျောက်ကင်းပါစေလို့
ဆန္ဒပြုပါတယ်....။
သိပ်ကောင်းပါတယ်
Post a Comment