Saturday, 23 July 2011

ဟစ်တလာလိုလုပ်ရင်ကောင်းမလား . . .

ရွှေဥဒေါင်း
ဟစ်တလာလုပ်ခဲ့သမျှ

ထုတ်ဝေသည့်အကြိမ် - ဒုတိယအကြိမ် ၂၀၀၁ခု နိုဝင်ဘာလ
ဖြန့်ချီရေး - ရတနာပုံစာအုပ်တိုက်
ရေးသူ - ရွှေဥဒေါင်း

အခန်း ၁၄
အလုပ်ကြမ်းလေ့ကျင့်ရာဌာန
(စာမျက်နှာ ၁၄၉ မှ ၁၅၉ အထိ)

ဂျာမနီပြည်၌ နာဇီအစိုးရသည် အခြားတိုင်းပြည်များတွင် စိတ်ကူးမထည့်သေးသည့် နည်းစနစ်အမျိုးမျိုးတို့ကို တီထွင်လျက်ရှိရာ ၄င်းနည်းသစ် နည်းကောင်းများအနက် လေဘာဆားဗစ် ( labor service ) ခေါ် အလုပ်ကြမ်းလေ့ကျင့်ရာ စခန်းများ စီမံထားပုံမှာ အကောင်းမွန်ဆုံးဖြစ်၍ တိုင်းပြည်တိုင်း အတုခိုး နည်းယူလောက်ပေသည်ဟု ကျွမ်းကျင်သူတို့က ၀န်ခံရလေပြီ။

            ၁၉၃၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ဂျာမနီပြည်၌ အလုပ်ကြမ်းနှင့်ဆိုင်ရာ ဥပဒေတစ်ခု ပြဌာန်းခဲ့၏။ ၄င်းဥပဒေအရ ဆင်းရဲချမ်းသာမရွေး ယောက်ျားဟူသမျှသည် အသက် ၁၈ နှစ်မှ ၂၆ နှစ် အရွယ်အတွင်း အလုပ်ကြမ်းလေ့ကျင့်ရာ စခန်းတစ်ခုခုတွင် ၆ လမျှ အမှုထမ်းကြရလေသည်။ ယခုအခါ ဂျာမနီတစ်ပြည်လုံးတွင် အလုပ်လေ့ကျင့်ရာစခန်းပေါင်း ၁၂၆၀ မျှ ရှိ၍ စခန်းတစ်ခုတွင် လူဦးရေ ၁၅၂ ယောက်မျှ ရှိ၏။ ၄င်းစခန်းများမှာ နွေအချိန်တွင် ၆ လ၊ ဆောင်းအချိန်တွင် ၆ လ ပိုင်းခြားထား၍ တစ်နှစ်လျှင် နှစ်ကြိမ်မျှ လေ့ကျင့်ပေးနေရာ မည်သည့်အခါမဆို ၄င်းစခန်းများတွင် လူဦးရေ နှစ်သိန်းခန့်မျှ အလုပ်ကြမ်း လေ့ကျင့်လျက် ရှိကြ၏။

            တစ်ပြည်လုံး၌ ရှိကြသော လူငယ်များသည် ၄င်းစခန်းများတွင် အတူတကွ နေထိုင်ကြ၍ အင်္ကျီတုံးလုံးချွတ်ကာ တစ်နေ့လျှင် ၈ နာရီမျှ အလုပ်ကြမ်းလုပ်ကြရ၏။ ၄င်းတို့လုပ်ကိုင်ရသော အလုပ်မျိုးမှာ လယ်မြေများညှိပေးခြင်း၊ တောများကိုခုတ်၍ လယ်တီထွင်ခြင်း၊ ချိုင့်ဝှမ်းသော ရွှံ့နွံများကို မြေဖို့ခြင်း၊ ဒီရေတက်သော ကမ်းခြေများတွင် မြေဖို့၍ လယ်ကွက်များ ဖော်ပေးခြင်း၊ တာရိုး တမန်များ ဆောက်လုပ်ခြင်း၊ တောလမ်းများတီထွင်ခြင်း အစရှိသည့်၊ မြေကြီးနှင့် ပတ်သက်သော အလုပ်မျိုးမျှသာ ဖြစ်လေသည်။ ဂျာမန်တို့၏ သဘောထားမှာ လူသည် မြေကြီးကို အမှီပြု၍ အသက်ရှင်နေသောကြောင့် မြေကြီးနှင့် ပတ်သက်သော အလုပ်မျိုးကို လူတိုင်း လုပ်တတ်ကြရမည် ဆို၏။

            အလုပ်ကြမ်းလေ့ကျင့်ရာ စခန်းများ တီထွင်လိုက်ခြင်းအားဖြင့် ဂျာမန်တို့ခံစားရသော အကျိုးများမှာ မိမိလူမျိုးအချင်းချင်း သူ့ထက်ငါ သာလွန်မြင့်မြတ်သည်ဟု တစ်ယောက်အပေါ် တစ်ယောက် စိတ်ကြီးဝင်သောစိတ်မျိုး ပပျောက်သွားခြင်း၊ အလုပ်ကြမ်းသည် ငါနှင့်မဆိုင်ဟူသော သဘောမျိုး လွင့်စင် ပပျောက်ကုန်ခြင်း၊ လူတိုင်း စည်းစနစ်ကို နားလည်သော အလေ့အကျင့် ဖြစ်ပေါ်စေခြင်း၊ ကြံ့ခိုင်သန်စွမ်းသော ကိုယ်ကာယများ ရှိလာခြင်း စသည်တို့အပြင် စီးပွားရေးနှင့် ပတ်သက်သည့် များစွာသော အခြားကျေးဇူးများလည်း ဖြစ်ပေါ်လာသေး၏။

            (စကားချပ်)။`      ။ ကျွန်ုပ်တို့ မြန်မာပြည်၌ စီ-အေ-တီ-ကတ် လောက်သင်ခဲ့ရဖူးလျှင်ပင် လက်ကိုရွှံ့လူးမည် ကြောက်ရွံ့လျက် ရှိကြရာ ဘီအေ၊ အမ်အေ အောင်မြင်သူတို့အဖို့မူ အဘယ်မှာ ဆိုဖွယ်ရာ ရှိပေတော့အံ့နည်း။ သို့ဖြစ်၍ ဂျာမနီပြည်၏ နည်းတစ်မျိုးကို အတုခိုး နည်းယူရန်လိုသော တိုင်းပြည်များ ရှိခဲ့လျှင် ၄င်းတိုင်းပြည်များအနက် မြန်မာပြည်ကို ထိပ်ဆုံးမှ စာရင်းသွင်းရန် လိုပေလိမ့်မည်။ သို့ဖြစ်ရကား တိုင်းပြည်မှုနှင့်ပတ်သက်၍ စီမံခွင့်ရသူများသည် ဒီမိုကရေစီတိုင်းပြည်များ၏ နည်းတစ်နည်းကိုသာ အခါခပ်သိမ်း ကြည့်မနေမူ၍ ဂျာမနီ၊ အီတလီစသော အာဏာရှင် တိုင်းပြည်များမှလည်း နည်းယူသင့်သည်ကို ယူကြဖို့၊ အခါခပ်သိမ်း နား၊ မျက်စိများ ဖွင့်ထားကြဖို့ သတိပေး နှိုးဆော်လိုက်ရပေသတည်း။

            ဂျာမနီပြည်၌ အလုပ်ကြမ်းလေ့ကျင့်သော စခန်းများတွင် စစ်တပ်ဌာနများမှာကဲ့သို့ စည်းကမ်းဥပဒေများဖြင့် ကျပ်တည်းစွာ စီမံထား၏။ လေ့ကျင့်သူ လူငယ်များသည် ယူနီဖောင်းအ၀တ်များ ၀တ်ဆင်ကြရလေရာ သေနတ်အစား တူရွင်းကို ကိုင်ဆောင်၍ ကွင်းထဲ၌ အလုပ်လုပ်ရခြင်းတစ်ခုတည်းသာလျှင် ခြားနားခြင်း ရှိလေသည်။

            အလုပ်ကြမ်းစခန်းများ တီထွင်ထားခြင်း၏ ရည်ရွယ်ချက်သုံးခုမှာ ကိုယ်ကာယ အလေ့အကျင့်ရခြင်း၊ ဒလိန်း ( drill ) ပြရခြင်းနှင့် စိတ်ကိုလေ့ကျင့်ပေးခြင်းတို့ ဖြစ်၏။ တစ်နေ့အတွက် သင်ကြားရန်ရရှိသော အချိန်ကို သုံးပိုင်း အညီအမျှ ပိုင်းခြားသတ်မှတ်ထား၍ အထက်ပါ ရည်ရွယ်ချက်သုံးခုအတွက် တစ်လှည့်စီ သင်ကြားပြသပေးကြလေသည်။

            အလုပ်ကြမ်းစခန်းပေါင်း ၁၂၆၀ မျှ ရှိသည့်အနက် သင်ကြားပြသသော ပညာရပ်များကို အချိန်သတ်မှတ်ထားပုံမှာ အားလုံးဆင်တူ ဖြစ်၏။ ဥပမာ စခန်းတစ်ခု၌ နံနက် ၁၀ နာရီအချိန်တွင် ဒလိန်းပြ ( drill ) လျက် ရှိကြသည်ဖြစ်ပါမူ အားလုံးသော စခန်းပေါင်း ၁၂၆၀ တို့တွင်လည်း ထိုအချိန်တွင် ဒလိန်းပြလျက်ပင် ရှိနေကြပေလိမ့်မည်။ တစ်နေ့အတွက် လုပ်ငန်းအစီအစဉ်ကို နမူနာအဖြစ်နှင့် ဖော်ပြရသော် နံနက် ၅ နာရီအချိန်တွင် လူအားလုံး အိပ်ရာမှထ၍ ၁၀ မိနစ်ခန့် ကိုယ်လက်လှုပ်ရှားခြင်းအလုပ်ကို လေ့ကျင့်ပြီးနောက် အ၀တ်လဲရန်၊ နေရာထိုင်ခင်းတို့ကို သပ်ရပ်စွာ ပြင်ဆင်ရန်အတွက် တစ်နာရီ ခွင့်ပြုကာ နောက် ဒလိန်းပြခြင်း ( drill ) လေ့ကျင့်၍ တူရွင်းနှင့် မြောင်းနှစ်ခုပါရှိသည့် ဆွာစတိက အလံကို တခမ်းတနား လွှင့်ထူကြရ၏။ ထို့နောက် ၄င်းနေ့အတွက် လုပ်ငန်းကို သတ်မှတ်ဝေဖန်ကြ၍ အလုပ်ခွင်သို့ အစုအအုပ်ဖြင့် ခြေလှမ်းညီညာစွာ သွားကြရလေရာ ခရီးဝေးခဲ့လျှင်လည်း စက်ဘီးများဖြင့် သွားကြရလေသည်။

            လုပ်ခွင်၌ နံနက် ၆ နာရီခွဲမှ နေ့လည် ၂ နာရီ ၁၅ မိနစ်တိုင်အောင် အလုပ်လုပ်ကြရလေရာ ထိုအချိန်တွင် နံနက် ၁၀ နာရီအချိန်၌ နံနက်စာစားရန်အတွက် နာရီဝက်မျှသာ အနားပေး၏။ ဤနည်းအားဖြင့် နွေရာသီ၌ ၈ နာရီ၊ ဆောင်းရာသီ၌ ၇ နာရီ အလုပ်လုပ်ကြရလေသည်။

            ၃ နာရီအချိန်တွင် ညနေစာ စားပြီးသည်နှင့်တပြိုင်နက် နွေရာသီဖြစ်ခဲ့လျှင် လူတိုင်း အိပ်ရာ၌ ၁ နာရီ လဲလျောင်းကာ အနားယူ၏။ အိပ်ရာမှ ထလာသောအခါ နိုင်ငံရေးနှင့် ပတ်သက်သည့် တရားများကြားနာရ၍ ကစားခုန်စားခြင်း သို့မဟုတ် ဒလိန်းပြရခြင်း ( drill ) စသည်အတွက် အချိန်အနည်းငယ် ကုန်စေပြီးနောက် ၅ နာရီအချိန်ခန့်တွင် ကြီးပွားလာသော ဂျာမနီပြည်ကြီးအကြောင်း သို့မဟုတ် အခြားနိုင်ငံများအကြောင်း နားထောင်ကြရပြန်၏။ ၄င်းနောက် လူနံမည်ခေါ်ကာ စာရင်းစစ်ပြီးလျှင် ဆွာစတိကအလံကို တခမ်းတနား ရုပ်သိမ်းကြ၏။

            ၇ နာရီထိုးသောအခါ ညစာစားရန်အတွက် နာရီဝက် အချိရ၏။ ၄င်းနောက် သီချင်းများသီဆိုခြင်း၊ နာဇီဂိုဏ်းဆိုင်ရာ စာပေများ ဆွေးနွေးခြင်း ပြုရ၏။ ညနေခင်းအချိန်များမှာ ပျော်ရွှင်ဖွယ်သော အချိန်ဖြစ်၍ ဘီယာသည် အရက်မဟုတ်ဟု ယူဆသည့်အလျောက် ထိုအချိန်တွင် လူငယ်များ သောက်စားခွင့် ရကြ၏။ ည ၁၀ နာရီထိုးသည်နှင့်တစ်ပြိုင်နက် မီးငြှိမ်းရန် အချက်ပေး၍ လူတိုင်း အိပ်ရာသို့ ၀င်ကြရလေသည်။ ဤနည်းအားဖြင့် လူငယ်များသည် အလုပ်လုပ်ရခြင်းအပြင် ပညာလည်း တိုးပွား၍ ပျော်ရွှင်မှုများကိုလည်း မချန်ခဲ့ချေ။

            အလုပ်ကြမ်းလေ့ကျင့်ရာစခန်းများမှာ စစ်တန်းလျားများနည်းတူ မြေကွက်လပ်တစ်ခုကို လေးမျက်နှာပတ်လည်လှည့်၍ ဆောက်လုပ်ထားရာ စခန်းပေါင်း ၁၂၆၀ တို့မှာ တစ်ပုံစံတည်းဖြစ်၍ တန်းလျားတစ်မျက်နှာ အုပ်ချုပ်ရေးဆိုင်ရာ လူကြီးများနေထိုင်ရန်အတွက်နှင့် အစည်းအဝေးများ ကျင်းပရန်အတွက် သီးသန့်ထား၍ ကျန်သော သုံးမျက်နှာအနက် တစ်မျက်နှာလျှင် လူပေါင်း ၄၅ ယောက်စီ နေထိုင်ရ၏။ တစ်မျက်နှာလျှင် အခန်းကြီးသုံးခန်း ပိုင်းခြားကန့်သတ်ထားပြန်ရာ တစ်ခန်းလျှင် လူပေါင်း ၁၅ ယောက်စီ နေထိုင်ရန် ရလေသည်။ အုပ်ချုပ်စီမံသူ အရေအတွက်မှာ တစ်ခန်းလျှင် ၁၇ ယောက်စီ ရှိ၏။

            အဆိုပါ အခန်းပေါင်း ၁၅၀ ကျော်တို့မှာ အားလုံး တစ်တန်းတည်းမထားဘဲ ကျွမ်းကျင်သည့်အလျောက် အနိမ့်အမြင့် သတ်မှတ်ထားရာ ထိုကဲ့သို့ သတ်မှတ်ထားသည့် အတန်းပေါင်းမှာ ၁၅ တန်းထက်မနည်း ရှိ၍ လူတိုင်းမှာ မိမိ၏ အတန်းအလိုက် အမှတ်တံဆိပ်တစ်ခုစီ ဆွဲထားရလေသည်။ သို့ဖြစ်၍ အရေးအကြောင်းရှိသည့်အခါ ဂျာမန်အစိုးရသည် စခန်းပေါင်း ၁၂၆၀ တို့မှ ဒလိန်းပြ၍ စည်းကမ်းစနစ်နှင့် လေ့လာသင်ကြားပေးထားပြီးဖြစ်သော ခြေလျင်စစ်သားပေါင်း ၂ သိန်းခန့်ကို ရုတ်ချည်း ထုတ်ယူလာနိုင်ပေသည်။

            နာဇီဝါဒ၏ ရည်ရွယ်ရင်းတစ်ခုမှာ တိုင်းသူပြည်သားများကို စီမံအုပ်ချုပ်နိုင်မည့် ခေါင်းဆောင်များ လေ့ကျင့်ပေးရန်ဖြစ်ရာ အလုပ်စခန်းများတွင်ဖြစ်စေ၊ “ဟစ်တလာလူငယ်အဖွဲ့များ” တွင် ဖြစ်စေ အခြားလူများထက် လူရည်ချွန်မည့် လက္ခဏာရှိသော လူငယ်များကို ရွေးချယ်သတ်မှတ်ထား၏။ ထိုကဲ့သို့ ရွေးချယ်သတ်မှတ်ခြင်းခံရသည့် လူငယ်များအား ခေါင်းဆောင်အတတ်သင်ကျောင်း နှင့် အထုံဝါသနာရှိ ပညာတစ်ခုခု သင်ကြားသည့်ကျောင်းများသို့ ၁၀ နှစ်တိုင်တိုင် စေလွှတ်သင်ကြားစေသည်ဖြစ်ရာ မည်သည့်အချိန်အခါတွင်မဆို ၂၅,၀၀၀ မျှသော ခေါင်းဆောင်တို့သည် စခန်းတစ်ခုခုတွင် လေ့လာသင်ကြားလျက် ရှိကြလေသည်။

            အလုပ်ကြမ်းစခန်းများ၏ ရည်ရွယ်ချက်မှာ လူငယ်များ၏ ကိုယ်စိတ်နှစ်ပါးကို လေ့ကျင့်ပေးရန် ဖြစ်သည်ဆိုသော်လည်း စီးပွားရေးဘက်ကလည်း လုံးလုံး လက်လွှတ်ထားသည် မဟုတ်ချေ။ လေ့ကျင့်လျက်ရှိသော လူငယ်တစ်ယောက်သည် တစ်နေ့လျှင် “မုန့်ဖိုး” ( မြန်မာငွေ ) ၅ ပဲ ခန့်မျှစီ ရရှိလေရာ လူငယ်တစ်ယောက်အတွက် အစိုးရ၌ တစ်နေ့အဖို့ ကုန်ကျသည့် စရိတ်ငွေမှာ မြန်မာငွေ ၁ ကျပ် ၂ ပဲ ထက် များစွာ မပိုမိုချေ။ သို့ဖြစ်၍ ဂျာမန်အစိုးရသည် လူတစ်ယောက်အတွက် ၁ ကျပ် ၂ ပဲ မျှသော စရိတ်ကို တာဝန်ခံယူရုံမျှနှင့် ကာယဗလပြည့်စုံ၍ စည်းကမ်းသေ၀ပ်သော လူပေါင်း ၂ သိန်းတို့ကို မည်သည့်အလုပ်မျိုးမဆို လုပ်ကိုင်ရန်အတွက် မည်သည့်ဒေသသို့ဖြစ်စေ ရုတ်တရက် ချက်ချင်း စေလွှတ်နိုင်ပေ၏။

            လူသည် မြေကြီးမှဖြစ်လာ၍ မြေကြီးနှင့်ဆိုင်သော အလုပ်ကို နားလည်သင့်သည်ဟု ဂျာမန်တို့ ယူဆသည့်အတိုင်း အလုပ်ကြမ်းလေ့ကျင့်သော လူငယ်များသည် မြေကြီးနှင့်ဆိုင်သော အလုပ်သက်သက်ကိုသာ လုပ်ကိုင်ကြရလေရာ ယခုအခါ ၄င်းလူစု၏ လုံ့လအစွမ်းဖြင့် ပင်လယ်ထဲမှဖြစ်စေ၊ တောကြီးထဲမှဖြစ်စေ၊ နွံဗွက်များအထဲမှဖြစ်စေ တောင်ကမ္ဘားယံမှဖြစ်စေ “လုယူ”၍ လယ်တီထွင်ပြီးသော မြေဧရိယာ အကျယ်အ၀န်းမှာ ဂျာမန်ဧကပေါင်း တစ်ကုဋေခန့်မျှရှိပြီဟု ခန့်မှန်းကြရလေသည်။

            ဂျာမန်တို့သည် တိုင်းသူပြည်သားများကို လေ့လာသင်ကြားပေးရာ၌ ( ၁ ) နံပါတ်အရာထား၍ သွန်သင်ပြသသော အခြင်းအရာသည်ကား မိမိတစ်ကိုယ်တည်း အကျိုးထက် တစ်မျိုးလုံး၏ အကျိုး၊ တိုင်းပြည်၏ အကျိုးကို အခါခပ်သိမ်း မျှော်မှန်းကာ ဆောင်ရွက်ရန်ပင် ဖြစ်သည်။ အတ္တကို နှိမ်နင်း၍ ပြည်ကျိုးကို သည်ပိုးရမည် ဆို၏။ အတ္တတည်းဟူသော အခြင်းအရာမှာ သတ္တ၀ါခပ်သိမ်း တို့အား လောဘ၊ ဒေါသ၊ မောဟ ဖုံးလွှမ်းစေသည်ဖြစ်၍ ဂေါတမမြတ်စွာဘုရား၏ တရားတော်မှာလည်း အတ္တတည်းဟူသော “မျက်စိလည်မှု” ပပျောက်ရေးအတွက် ဆုံးမသြ၀ါဒ ပေးခြင်းပင်ဖြစ်ရာ ဂျာမန်တို့သည် သံသရာမှ ထွက်မြောက်ရန် ကြံရွယ်ချက် မရှိသော်လည်း မှန်ကန်သော တရားတော်နှင့် မမျှော်လင့်ဘဲ နီးကပ်နေခြင်း ဖြစ်သောကြောင့် အခြားသော တိုင်းပြည်များထက် ကြီးပွား ထွန်းကားလိမ့်မည်ဟု တွေးထင်ဖွယ် ရှိပေတော့သတည်း။   ။

ကိုယ်ဖတ်ထားတာတွေထဲက ကြိုက်တာတွေကို ပြန်ဝေမျှရင်း ဆွေးနွေးချင်စရာ၊ ငြင်းခုန်ချင်စရာတွေ ရှိရင်လည်း ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွ ဆွေးနွေးကြဖို့ “ဖတ်ညွှန်းကဏ္ဍ”တစ်ခုလုပ်ဖြစ်ပါတယ်။ 

9 comments:

မင်းဧရာ said...

ကြိုက်လှသဗျာ.............
အဲဒီလိုများဖြစ်မြှောက်ခဲ့ရင်
ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ခြင်ရဲ့။

ှဆရာ ထည့်ပြီးရေးခဲ့တဲ့ (စကားချပ်) လေးကလည်း
ကျွန်ုပ်တို့ လူမျိုးတော်တော်များများ ဖတ်သင့်တဲ့
စဉ်းစားသင့်တဲ့ အရာလေးပါပဲ...............
လူတစ်ယောက်က လူတစ်ယောက်အတွက် စဉ်းစာပေးခြင်း
အနင့်နာခံခြင်း ကိုအမှန်ပြုလုပ်ပေးမယ်ဆိုရင်
တိုင်းပြည်ရှိ လူတစ်ဝက်မှာ အကြိုရှိမှာအမှန်ပါပဲ
ဥပမာ ကိုယ့် မိဘ ပဲဖြစ်ဖြစ် ကိုယ့် ညီအကို မောင်နှမ
ပဲဖြစ်ဖြစ် ဒါမှမဟုတ် တော်တော်များများကို အကြိုးပြု
နိုင်မည့် လူချွန်လူကောင်းများကို ဖြစ်ဖြစ်ပေါ့
အခုတော့.................
အင်းမပြောတာပါပဲကောင်းပါတယ် ဆရာ..........။

mstint said...

အရစ္စတိုတယ်က ဒီလိုပြောတယ် ကိုဟန်ကြည်ရေ
'တိုင်းပြည်နိုင်ငံများကို သစ်များ ကျောက်များဖြင့် တည်ဆောက်၍မရ။ နိုင်ငံသူ နိုင်ငံသားတို့၏ အကျင့်စရိုက်ကောင်းများဖြင့်သာ တည်ဆောက်နိုင်ပါသည်' တဲ့။
နောက်လိုက်စရိုက်ကောင်းဖို့ ခေါင်းဆောင်စရိုက်ကောင်းဖို့တော့ လိုတာပေါ့နော်။

မေတ္တာဖြင့်
အန်တီတင့်

နေ၀သန် said...

ကြိုက်သဗျာ... ဒီစာလေးကို မဖတ်ဖူးသေးဘူး..း))... ကျေးဇူးပါ ဆရာဦးဟန်ကြည်နေရေ...း))

ခင်မင်လျက်
နေ၀သန်

မြစ်ကျိုးအင်း said...

လူငယ်တွေ အလဟဿ အချိန်ကုန်နေမယ့်အစား ဒီလို သင်တန်းမျိုး မဖြစ်မနေ ၆ လလောက်ဖြစ်ဖြစ် လုပ်နိင်ရင် တိုင်းပြည်တိုးတက်လာမှာပဲ။ ကိုယ့်သားသမီး မပါဖို့ ငွေပေးပြီး ရှောင်ကြမှာတွေလည်း ကြိုမြင်ယောင်မိသေးတယ်။

ahphyulay said...

အင်း...
ကျွန်တော်ကတော့  လူသည်မြေကြီးကလာ
သည်ဆိုတဲ့  သူတို့ အယူကို ကြိုက်တယ်
ဗျာ..၊ ဘာလို့ ဆို လူက တစ်နေ့  မြေကြီးထဲ
ပြန်ရောက်ရမှာပဲ မှုတ်လား၊ သိပ်လက်တွေ့ ကျ
ပါတယ်နော..။ လူတစ်ယောကိကို မြေမြုပ်
လိုက်ရင်နှစ်လေးငါးဆယ်လောက်အတွင်း
မှာပဲ မြေမှုန်လေးတွေ ဖြစ်သွားတယ်လို့ 
ကြားဖူးလို့ ပါ။
ဒီပို့ (စ)ထဲမှာ အဲ့ ဒီတစ်ချက် အကြိုက်ဆုံးပဲ။

ဟန်ကြည် said...

ကိုမြစ်တွေးသလို မတွေးမိတာ ၀န်ခံပါတယ်...ဒီတိုင်းပြည်မှာ အဲဒီစနစ်ကို ကျင့်သုံးဖို့ တိကျပြတ်သားတဲ့ စည်းကမ်းနဲ့ ဥပဒေရှိမှပဲ ဖြစ်မယ်ထင်ပါရဲ့...ဘာမဆို ငွေပေးရင်ရတယ်ဆိုတဲ့ အတွေးဆိုးကို ပျောက်အောင် ကျင့်ပေးတဲ့သင်တန်းကို ငွေနဲ့ အဖျက်ဆီးမခံရအောင်ကတော့ ကာကွယ်ရမယ် မဟုတ်လား...

လသာည said...

ကျေးဇူးတင်ပါတယ် ဆရာ။ အဲလိုသင်တန်းမျိုး ရှိနိုင်ရင် တကယ့်ကို အကျိုးကျေးဇူးကောင်း ရမယ်လို့ မျှော်လင့်မိပါတယ်။ ငွေနဲ့ဖျက်စီးခံရခြင်း ဆိုတာကတော့ ရှောင်လွတ်နိုင်မယ်တော့ မထင်ပါဘူး။ ဒါပေမယ့် ဘယ်အရာမဆို တကယ်လုပ်ကြည့်မှ အကျိုးအမြတ်သိရမယ် ထင်တာပါပဲ..ဆရာ။ ကျွန်မရဲ့ အမြင်သက်သက်ပါ။

တောက်ပကြယ်စင် said...

မြစ်ကျိုးအင်းကတော့ အတွေးနက်တယ်နော်ဆရာ။

အနုပဋိလောမ said...

ဒီနေ့မှာ၊ ကျွန်တော် ဟစ်တလာ လုပ်ခဲ့သမျှ ကို အွင်လိုင်းမှာ ရှာတယ်ဗျ၊ ဖတ်ခဲ့ဖူးတဲ့ စာအုပ်တွေ ဖေးစ်ဘုတ်ထဲ တင်ထားမလို့၊ နောက်တခုက ဒီစာအုပ်က ထူးခြားတယ်ဗျ၊ ဟစ်တလာ ကမ္ဘာစစ်ကို မစခင် ရေးထားတာ၊ နောက်တခုက ဒီစာအုပ်ကို ဆရာကြီး ရွှေဥဒေါင်းက ဂျာနယ်၊ သတင်းစာ၊ အင်တာဗျူး...စသည်ဖြင့် စုဆောင်းပြီး ရေးတာဆိုပဲ။ နောက် ထူးခြားတာက ဟစ်တလာ လုပ်ဆောင်ချက်တွေထဲက ကောင်းတဲ့ အပိုင်းလေးတွေ၊ မကောင်းတဲ့အပိုင်းတွေ စာဖတ်သူအတွက် ဆွဲထုတ်ပြနိုင်ပါ။ ဘာပဲဖြစ်ဖြစ် အတိုအစလေး တင်ပေးတဲ့ ကိုဟန်ကြည် ကို ကျေးဇူးပါ။ ဖေးစ်ဘုတ်မှာ ရှယ်ထားလိုက်ပါတယ်ဗျ။

ကြိုက်ရင်ပေါ့လေ . . .