Monday, 18 July 2011

မိုးနှင့်လူသား . . .

မိုးတွေရွာပြန်ပါပြီ...

မိုးရာသီဖြစ်လို့ မိုးရွာတာ မထူးဆန်းပေမယ့် မိုးနဲ့ပတ်သက်တဲ့ ကိုယ်တို့ရဲ့ အတွေးအခေါ်တွေ ပြောင်းလဲသွားကြတာကတော့ ထူးဆန်းလို့ နေပါတယ်။ လူဆိုတာ အသက်အရွယ်နဲ့ ပတ်ဝန်းကျင်ကိုလိုက်ပြီး စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ပြောင်းလဲလေ့ရှိလွန်းပါရဲ့။ တကယ်တော့ အင်မတန်မှလှပတဲ့ လောကရဲ့ သဘာဝပတ်ဝန်းကျင် ရှုခင်းတွေကို ခံစားဖို့ အကောင်းဆုံးအရွယ်ဆိုတာ တိတိကျကျ သတ်မှတ်ထားလို့ မရပါ။ ဒါပေမယ့် လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ပူလောင်လွန်းလှတဲ့ ကိုယ်တို့လူသားတွေခမျာမှာတော့ အသက်အရွယ်နဲ့ လွတ်လပ်ပျော်ရွှင်မှု၊ ကြည်နူးချမ်းမြေ့မှုတွေဟာ ပြောင်းပြန်အချိုးကျနေတာ ၀မ်းနည်းဖို့တောင် ကောင်းနေပါတော့တယ်။

မပြောင်းလဲတဲ့ လောကရဲ့သစ္စာတရားနဲ့ ပြောင်းလဲနိုင်လွန်းတဲ့ လူသားရဲ့ နှလုံးသားအကြောင်းကို ကဗျာတစ်ပုဒ်ရေးဖြစ်ပါတယ်။ မိုးကြောင့်ရသော အတွေးများပါပဲ...


“ မိုးနှင့်လူသား ”
 
မိုးရွာပြီ…

ငယ်ငယ်ကဆို
မိုးစိုစိုမှာ
ဟိုသည်ပြေးလွှား
ကစားခုန်ပေါက်
စိတ်နောက်ကိုယ်ပါ
ပျော်ဖူးပါ၏
မိုးရွာချိန်တိုင်းကြည်နူးသည်။

ယခုခါမူ
မိုးရွာကျလျှင်
ထီးကိုပြင်၍
ကောင်းကင်ကိုကြည့်
ရေရွှတ်မိသည်
သည်မိုးကလည်း ဆိုးလိုက်တာ။

သြော်…
ကောင်းကင်ထက်က
ရွာကျသည့်မိုး
ကောင်းခြင်းဆိုးခြင်း
ဝေဖန်ရင်းဖြင့်
စီးနင်းခဲ့ကြ
ဘ၀ရထား
ရပ်တန့်သွားလျှင်
ကောင်းကင်ပြင်မှာ
ဗလာဟင်းလင်းရှိမည်လား။    ။

ဟန်ကြည်
၁၈.၇.၂၀၁၁(တနင်္လာနေ့)
ညနေ ၇ : ၀၀ နာရီ

7 comments:

မင်းဧရာ said...

ဘ၀ ရထား
ရပ်တန့်သွားလျှင်
ကောင်းကင်ပြင်မှာ
ဗလာဟင်းလင်းရှိမည်လား။

မသိရသေးပါဘူး ဆရာ ရယ်.......
ဘယ်လို အတွေးနဲ့ရေးရေး
ကဗျာ လေးတွေကတော့
အတော်လေးကိုကောင်းသဗျာ။

တောက်ပကြယ်စင် said...

"မိုးရွာရင် မိုးရေချိုးမယ်
မေမေလာရင် နို့စို့မယ်
ဖေဖေလာရင် အုံးသီးခွဲစားမယ်"
ဆရာ့ကို သီချင်းဆိုပြသွားတယ် ဆရာရေ။

"ငယ်ရွယ်စဉ်ခါ
မိုးကိုသာပဲ
အသည်းနင့်အောင်
ချစ်ခဲ့ဖူးသည်"

"သက်ရွယ်ကြီးလာ
မိုးကိုသာပဲ
အသည်းကွဲအောင်
မုန်းမိပြန်သည်" (သစ္စာမရှိသူလို့ ထင်ချင်လည်း ထင်ပစေတော့ မိုးရယ်)

"ခန္ဓာရထား
ရပ်ကာသွားမှ
လာပါဟဲ့မိုး
သွားပါမိုး
ပြောရိုးမရှိပြီ"

ကျန်းမာရွှင်လန်း အေးချမ်းပါစေ ဆရာရေ...
(သူငယ်ချင်းတစ်ပါး ပြောစကားကို သွားသတိရမိတယ်။ "မိုးအောက်မှာနေတော့ မိုးသဘောပေါ့"တဲ့။)

ကိုကိုမောင်(ပန်းရနံ့) said...

စိတ်မရွှင်ပျ သရွေ့တော့ မြင်သမျှ မလှတော့ဘူးပေါ့။
စိတ်ရွှင်ပျပျ ရှိနေပြန်ပါကလည်း မြင်သမျှ လှသွားရော။ ဟော ပြောရင်းဆိုရင်း အဖြူမချောချောလှလှလေး အိမ်ရှေ့က ဖြတ်သွားတာ တွေ့လိုက်ရပါရောလား။း))))

ခင်မင်လျက်

mstint said...

ကဗျာကောင်းလေးတစ်ပုဒ် အားပေးသွားပါတယ်။
အမြဲတန်းပြောင်းလဲနေရတဲ့ လူသားတွေကို မပြောင်းလဲတဲ့ လောကဓံကတော့ အဆက်မပြတ် ရိုက်ပုတ်နေအုံးမှာပဲပေါ့။
စိတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

ဆရာရဲ့ မိုးကဗျာ လာဖတ်ချိန်မှာ ဒီမှာလည်း မိုးက သည်းကြီးမည်းကြီး ရွာချနေတယ်
မိုရွာလို့ အပြစ်နေတုန်း ဆရာ့ကဗျာနဲ့ ကွက်တိဖြစ်သွားတယ်
ဘ၀ရထားရပ်တန့်သွားချိန်မှာလည်း ကောင်းကင်ထက်က မိုးကတော့ ရွာနေဦးမယ်ထင်ပါတယ်

ahphyulay said...

အင်း...
အစ်ကိုဟန်ကြည်၊
အရွယ်က စကားပြောလာတယ်ပေါ့ နော်၊
အချိန်က အရာရာကို ပြောင်းလဲလာနိုင်သလို
ခံစားချက်တွေ၊ ခံယူချက်တွေလည်း ပြောင်း
လဲနိုင်ပါတယ်။ “ မိုး ” အပေါ်မှာ အခုလို
ဖွဲ့ နွဲ့ သွားတာ အထိအခိုက်အရှအနာတွေ
ရှိခဲ့ ပါတယ်..။ ရသ လို့ တော့  ကိုယ်က
မတတ်လို့  မပြောရဲပါဘူးဗျာ...။

ဟန်ကြည် said...

အဖြူလေးရေ...
အရွယ်ကြောင့်တော့ မဖြစ်နိုင်ပါဘူး...ဘာကြောင့်လဲဆိုရင် အရွယ်ကြီးလာဖို့ ဘာအားထုတ်မှုမှ လုပ်ဖို့မလိုဘူးမို့လား...သူ့ဖာသာ ကြီးသွားတာကိုး...အဓီကကတော့ တွေးနေမိလို့ပဲ ဖြစ်ပါလိမ့်မယ်...

ကြိုက်ရင်ပေါ့လေ . . .