Wednesday, 13 July 2011

အနာရွတ်တစ်ခုသို့ တမ်းချင်း . . .

အေးချမ်းဆိတ်ငြိမ်သော ညတစ်ညတွင် 
သူသည် ပက်လက်ကုလားထိုင်တစ်လုံးပေါ်တွင် အေးအေးလူလူထိုင်ရင်း စာအုပ်တစ်အုပ်ဖြင့် လောကကိုမေ့ထားဖို့ ကြိုးစားနေမိသည်။ ဤအခိုက်အတန့်သည်ပင် သူ့ဘ၀၏ ရှားပါးလှသော ရတောင့်ရခဲဖြစ်သည့် အေးချမ်းခြင်းနှင့် လွတ်မြောက်ခြင်းတို့ကို ခံစားရသော အခိုက်အတန့်ဖြစ်လေသည်။ လောက၏ ပူလောင်ဆူပွက်မှုတို့မှခဏတာ ကင်းကွာခွင့်၊ ကိုယ်ပိုင်ခံစားခွင့်တို့ကို ရစေနိုင်သော ဤတဒင်္ဂလေးများကို သူအလွန်တန်ဖိုးထားပါသည်။ ဤတဒင်္ဂလေးများကပင် ဘ၀ကိုဖက်တွယ်ရင်း ဆက်လက်ရုန်းကန် လှုပ်ရှားနိုင်စေရန် အင်အားများကို ပေးစွမ်းနိုင်သည်ဟုလည်း 
သူမမှိတ်မသုန် ယုံကြည်ထားမိသည်။

စာအုပ်ဖတ်ရင်းမှ မျက်စိညောင်းလာသဖြင့် စာအုပ်ကိုပိတ်လိုက်သည်။ စာအုပ်ကိုပိတ်သော ညာဘက်လက်ပေါ်သို့ အကြည့်တစ်ချက် မရည်ရွယ်ဘဲ ကစားလိုက်မိသည်။ သူ့ညာလက် တံတောင်ဆစ် အောက်နားစတွင် အနာရွတ်တစ်ခု ထင်ထင်ရှားရှားရှိနေသည်။ ထိုအနာရွတ်သည် ရိုးရိုးအနာရွတ်တစ်ခုမျှသာ ဖြစ်ပါသည်။ ထိခိုက်ဒဏ်ရာတစ်ခုခုကြောင့် အသားပွန်းပဲ့ပျက်စီးပြီးသောအခါ အရေပြားတွင် ကျန်နေရစ်တတ်သော အမှတ်အသား တစ်ခုသာလျှင် ဖြစ်ပါသည်။ သို့သော် ထိုအနာရွတ်သည် သူ၏နှလုံးသားနှင့် တိုက်ရိုက်ပတ်သက်နေပြန်သောကြောင့် သာမန်အမာရွတ်တစ်ခုအဖြစ် ယူဆ၍ မရနိုင်စကောင်းပါ။ အနာရွတ်ကို ဘယ်လက်ဖြင့် အသာပွတ်သက်ကြည့်မိရင်း အတွေးတို့သည် ငယ်ဘ၀ဆီသို့ ပြန်လည်လွင့်ပါးသွားကြသည်။ 
သူ့အသက်သည်လည်း နှစ်ပေါင်းနှစ်ဆယ်လောက် ပြန်လည်နုပျိုလာပြန်တော့သည်။

သူ့ငယ်ဘ၀သည် အညာမြို့ငယ်လေးတစ်ခုမှ သာမန်ဝန်ထမ်းမိသားစုတစ်စု၏ သားတစ်ယောက်အဖြစ်နှင့် စတင်ခဲ့သည်။ အညာဒေသ၏ ယဉ်ကျေးမှုတို့ ထုံမွှမ်းရာ ထိုမြို့ငယ်လေးတွင် အခြေခံပညာ အထက်တန်းအောင်မြင်သည့်အချိန်အထိ မိဘများနှင့် ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းခဲ့ပါသည်။ သူ့တွင် ပြောစကားကို နားမထောင်သော၊ အစ်ကိုဖြစ်သူကို အထင်ကြီးသော်လည်း မလေးစားသော ချစ်စရာကောင်းလှသည့် ညီမလေးတစ်ယောက်လည်း ရှိပြန်ပါသည်။ သူ့ထက် အသက်ငါးနှစ်ကျော်ကျော်ငယ်သော ထိုညီမလေးသည် သူလိုမည်းမည်းပိန်ပိန်မဟုတ်ဘဲ ဖွံ့ဖွံ့ထွားထွား ဖြူဖြူဖွေးဖွေးဖြစ်ပြီး သူ့ထက်လည်း ဥာဏ်ရည်ပို၍ ထက်မြက်လှသည်။ သို့သော် ထိုညီမလေးသည် ငယ်စဉ်ကတည်းက အလွန်ပျင်းရိပြီး ပညာရေးကိုလည်း မည်သည့်အခါကမှ အားသွန်ခွန်စိုက် ကြိုးစားခဲ့သူ မဟုတ်ပြန်ပါ။

အစ်ကိုဖြစ်သူက အတန်းစဉ် ပညာရည်ချွန်ဆုများယူနေသော်လည်း ညီမဖြစ်သူကမူ အတန်းထဲတွင် ဘိတ်လွတ်ရုံသာသာအဆင့်ဖြင့် လုံးချာလိုက်နေတတ်သူလည်း ဖြစ်သည်။ အစ်ကိုဖြစ်သူ၏ အောင်မြင်မှုများနှင့် နှိုင်းယှဉ်ပြီး ဆရာဆရာမများက ဆုံးမခြင်းကိုခံရလျှင်လည်း “အစ်ကိုတို့ကြိုးစားခဲ့လို့ သမီးတို့ အဆူခံရတာ”ဟူသောစကားဖြင့် အစ်ကိုဖြစ်သူကို အပြစ်တင်မြဲလည်း ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေ သူ့ဘ၀တွင် ရှားရှားပါးပါး တစ်ယောက်တည်းသာရှိသော ထိုညီမလေးကို သူအလွန်ချစ်မြတ်နိုးပါသည်။ သို့သော် သူတို့မောင်နှမနှစ်ယောက်၏ တစ်ယောက်ကို တစ်ယောက် ချစ်ခင်တွယ်တာခြင်းသည် နှစ်ဦးသား မျက်နှာချင်းဆိုင်မိပြီး ငါးမိနစ်လောက်အကြာတွင် ပျောက်ကွယ်သွားလေ့ရှိသည်သာ များပါသည်။ တစ်ယောက်နှင့်တစ်ယောက် စကားနိုင်လုကြခြင်း၏ အစသည် စိတ်ဆိုး၊ စိတ်ကောက်ကြခြင်းကို ဖြစ်စေပြီး နှစ်ယောက်စလုံး ဒဏ်ပေးခံရခြင်းဖြင့်သာ အဆုံးသတ်ကြစမြဲလည်း ဖြစ်ပြန်ပါသည်။

အနာရွတ်ကို ငေးကြည့်နေရမိရင်းမှ
သူ့ညီမလေးခပ်ငယ်ငယ်က အဖြစ်အပျက်တစ်ခုကို သူပြန်သတိရမိပြန်သည်။ သူ့ညီမလေး ခပ်ငယ်ငယ်က အခြားကလေးများ စကားပြောတတ်စအရွယ်တွင် စကားမပြောပါ။ ပြောသင့်သောအရွယ်ထက် လေးငါးလကျော်ကြာသည်အထိ စကားမပြောသောအခါ သူ့မိဘနှစ်ပါး စိုးရိမ်စပြုလာသည်။ ထို့ကြောင့် ရှိစုမဲ့စု ငွေကလေးဖြင့် မြို့ကြီးတစ်ခုရှိ မျက်စိ၊ နား၊ နှာခေါင်း အထူးကုဆရာဝန်ကြီးထံသို့ သွားပြကြသည်။ ဆရာဝန်ကြီးက ညီမလေးကို စမ်းသပ်စစ်ဆေးပြီး ချို့ယွင်းချက်မတွေ့သောကြောင့် မိဘများကို စိတ်မပူရန်အားပေးသည်။ အချို့ကလေးများတွင် စကားစပြောချိန် နောက်ကျတတ်ကြောင်းကိုလည်း ရှင်းပြခဲ့သည်။ မည်သို့ပင်ဆိုစေ ဆေးကုသစရိတ်ကတော့ ထုံးစံအတိုင်းပင် ပေးရစမြဲပင် ဖြစ်ပါသည်။ ဆေးခန်းမှပြန်ထွက်လာပြီး လမ်းမပေါ်မရောက်ခင်အချိန်တွင် ညီမလေး၏ ပါးစပ်မှ “ဖေဖေ” ဟူသော စကားသံထွက်လာသည်။
မိဘများမှာ ၀မ်းသာ၍မဆုံးတော့။ ညီမလေးသည်
ဖေဖေဟူသော ထိုစကားသံ၏ နောက်တွင် တစ်နေကုန်တစ်နေခမ်း မနားတမ်းစကားပြောပါတော့သည်။ စကားစပြောဖို့ရည်ရွယ်ချက် ရှိခဲ့လျှင် ဆေးခန်းသို့မ၀င်ခင် ဆယ့်ငါးမိနစ်လောက်အလိုတွင် စကားစပြောလျှင် မည်မျှကောင်းလိုက်မည်နည်း။ မိဘနှစ်ပါး ငွေကုန်ကြေးကျမရှိတော့မည်ကို စိုးရိမ်ဟန်တူသည့် ချစ်စရာ ညီမလေးပင် မဟုတ်ပါလား။

မှတ်မှတ်ရရ သူသုံးတန်းအရွယ်တွင် စက်ဘီးစီးသင်သည်။ ဆိုင်ကယ်၊ မော်တော်ကားတို့ မစီးနိုင်သော သူတို့မိသားစုတွင် ဈေးပေါပေါဖြင့် သွားရေးလာရေး အဆင်ပြေစေသော စက်ဘီးသည်သာ အဖိုးမဖြတ်နိုင်သော ရတနာ ဖြစ်ပါသည်။ သူငယ်ချင်းများထိုအချိန်က စီးကြသော BMX စက်ဘီးဆိုသည်မှာ သူ့အဖို့ အိပ်မက်တွင်ပင် ထည့်၍မမက်စကောင်းသော အရာလည်း ဖြစ်ပြန်ပါသည်။ သူ့ငယ်ဘ၀အတွက် တစ်ခုတည်းသော စီးတော်ယာဉ်မှာ သူ့မေမေစီးလေ့ရှိသော အိန္ဒိယထုတ် Hero တံဆိပ် မိန်းမစီးစက်ဘီးသာလျှင် ဖြစ်သည်။

မိန်းမစီးစက်ဘီးပေါ်တွင်ခြေနှစ်ဖက်ခွ၍ရပ်၊ လက်ကိုင်ကို လက်နှစ်ဘက်နှင့်ကိုင်ထားပြီး
ခြေနင်းကို ခြေတစ်ဘက်နှင့်နင်း၍ဘီးလှိမ့်ပြီး အရှိန်အနည်းငယ်ရလာလျှင် ကျန်ခြေတစ်ဘက်ကိုပါ ခြေနင်းတစ်ဘက်ပေါ် နင်းကာ ဟန်ချက်ညီအောင် ထိန်းရသည်မှာ ထိုအသက်အရွယ်အတွက် အလွန်ကြီးမားလှသော မဟာစွန့်စားခန်းကြီး တစ်ရပ်ဖြစ်ပါသည်။ စက်ဘီးစီးသင်ကာစတွင် စက်ဘီးရွေ့အောင်ဟူသည့်ရည်ရွယ်ချက်ထက် စက်ဘီးမလဲအောင်ဟူသော ရည်ရွယ်ချက်ကပင် အရေးအကြီးဆုံးသော အခြေခံမူ ဖြစ်သည်။ ဘယ်ညာခြေနင်းနှစ်ဘက်လုံးပေါ်သို့ ခြေထောက်များတင်ပြီးသောအခါ ခြေနင်းတစ်ပတ်လည်အောင် မနင်းနိုင်သေးဘဲ ဘယ်ဘက်ခြေနင်းကို အနည်းငယ်နင်းချလိုက်၊ မြင့်တက်လာသော ညာဘက်ခြေနင်းကို ပြန်နင်းချလိုက်ဖြင့် စက်ဘီးရွေ့အောင်နင်းခြင်းကို သူတို့ဒေသအခေါ် “ဂျောက်ဂျက်နင်းခြင်း” ဟု ခေါ်ပါသည်။ ထိုဂျောက်ဂျက်နင်းနိုင်သော အဆင့်အထိရောက်အောင်ပင် သူ့မှာ ပင်ပန်းကြီးစွာကျင့်ယူရသည်။ ဟန်ချက်ပျက်ပြီး လဲကျသောအကြိမ်ပေါင်းကလည်း မရေနိုင်သလို စက်ဘီးကပေးသော ဒဏ်ရာဒဏ်ချက်များမှာလည်း တစ်ကိုယ်လုံး ပွစာကြဲနေတော့သည်။ မည်သို့ပင်ဆိုစေ စက်ဘီးခြေနင်းကို တစ်ပတ်ပြည့်အောင်နင်းလိုက်နိုင်ခြင်းကြောင့် ခံစားရသော ပီတိသည် တစ်သက်တာတွင် မည်သည့်အရာကမှ မယှဉ်နိုင်အောင် အရသာရှိလွန်းလှသည်။

သူစက်ဘီးစီးသင်သောနှစ်တွင် သူ့ညီမလေးအသက် လေးနှစ်ရှိပြီ ဖြစ်သည်။ အရွယ်နှင့်မလိုက်အောင်ပင် စကားတတ်လွန်းလှသည်။ သူစက်ဘီးကျွမ်းကျွမ်းကျင်ကျင် မစီးတတ်ခင် တစ်ညနေက ဖြစ်သည်။ ထုံးစံအတိုင်း စက်ဘီးစီးကျင့်ရန် အိမ်ရှေ့လမ်းပေါ်သို့ စက်ဘီးကိုတွန်းယူပြီး သူထွက်လာသောအခါ သူ့နောက်မှ ညီမလေးကပ်လိုက်လာသည်။ စက်ဘီးပေါ်သို့ တက်ပြီး သူနင်းနေသည်ကို စိတ်ဝင်တစားထိုင်ကြည့်သည်။ လမ်းမအတိုင်း သူစက်ဘီးစီးနေသည်ကို အသွားအပြန်နှစ်ခေါက်လောက် ထိုင်ကြည့်ပြီးသောအခါ စိတ်ဝင်စားလာဟန်ရှိသည်။ သူ့စက်ဘီးကယ်ရီယာပေါ်တွင် ထိုင်လိုက်ချင်သည်ဟု ပူဆာလေတော့သည်။ သူစက်ဘီးစီး မကျွမ်းကျင်သေးပါ။ သို့သော် စက်ဘီးစီးတတ်ကာစ အချိန်တွင် ဖြစ်လေ့ဖြစ်ထရှိသော အစွမ်းပြချင်သည့် စိတ်ရိုင်းကလေးကလည်း ခေါင်းထောင်လာသောကြောင့် ညီမလေးကို စက်ဘီးနောက်မှ ထိုင်လိုက်ခွင့်ပြုလိုက်မိသည်။ ထိုအခွင့်အရေးကို မည်သည့်ကာလကတည်းက စောင့်နေမှန်းမသိသော ညီမလေးသည် သူနင်းနေသော စက်ဘီး၏ ကယ်ရီယာပေါ်သို့ မပြောမဆိုနှင့် လွှားကနဲ ခုန်တက်ပါတော့သည်။ မမျှော်လင့်ဘဲ ခုန်တက်လိုက်သော အရှိန်ကြောင့် စက်ဘီးလဲပါတော့သည်။ သူ့တစ်သက် စက်ဘီးလဲသမျှ အကြိမ်များတွင် ယခုတစ်ကြိမ်သည် အဆိုးရွားဆုံးပင် ဖြစ်ပါတော့သည်။ မြေမညီသော လမ်းတွင် လဲခြင်းဖြစ်သောကြောင့် သူတော်တော်အကျနာသည်။ ပိုဆိုးသည်မှာ ကြမ်းတမ်းသော ကျောက်စရစ်ခဲများနှင့် ပွတ်တိုက်မိပြီး သူ့ညာဘက်လက်တံတောင်ဆစ်နားတွင် စုတ်ပြဲကုန်ခြင်းဖြစ်သည်။ ညီမလေးကတော့ စက်ဘီးအပေါ်တွင် ထိုင်လျက်ကျသဖြင့် ဒဏ်ရာမရပါ။ သူ့လက်တွင်သာ သွေးချင်းချင်းနီကုန်သည်။

ထိုနေ့က စက်ဘီးလဲသည့်ဒဏ်ရာသည် သူ့ဘ၀တွင် သေရာပါ အမှတ်အသားအဖြစ် ကျန်ရစ်သည်။ ညာဘက်လက် တံတောင်ဆစ်နားတွင် ဖုနေသော အနာရွတ်ကို စမ်းမိတိုင်း သူ့ညီမလေးကို လွမ်းလွမ်းဆွေးဆွေး သတိရမိမြဲဖြစ်ပါသည်။ နီးတကျက်ကျက်၊ ဝေးတသက်သက်ဟူသော ဆိုရိုးသည် မှန်လွန်းပေစွ။ ညီမလေးနှင့်သူ ဝေးကွာခဲ့ရသည်မှာ ခုနစ်နှစ်ကျော်၍ ရှစ်နှစ်ထဲပင် ၀င်လာပေပြီ။ အနေဝေး၍ သွေးအေးတတ်ခြင်းဟူသော နိယာမသည် မောင်နှင့်နှမ၊ သားနှင့်အမိကြားတွင် တက်တက်စင်အောင် မှားယွင်းလေသည်။ အကြောင်းတိုက်ဆိုင်သော အချိန်တိုင်းတွင် မိဘနှစ်ပါးနှင့် ညီမလေးကိုလွမ်းသောအလွမ်းသည် သူ့ရင်ကို စူးနင့်သိမ်မွေ့စွာ ခုန်စေမြဲဖြစ်လေ၏။

ညီမလေးနှင့်သူ အသက်ငါးနှစ်ကျော်ကွာသောကြောင့် ယခုအချိန်ဆိုလျှင် ညီမလေး အသက် အစိတ်ကျော်ပြီး သုံးဆယ်တွင်းသို့ ၀င်လောက်ပေပြီ။ သို့သော် သူ့စိတ်ကူးထဲတွင် ညီမလေးသည် စကတ်ကားကားလေးဖြင့် အသားဖြူဖြူ ခပ်၀၀ ကလေးမလေး တစ်ယောက်သာ ဖြစ်နေပါသေးသည်။ ဆရာဝန်မကြီး ဖြစ်နေပြီဖြစ်သော ညီမလေး၏ ပုံသဏ္ဌာန်မည်သို့ရှိမည်ကို သူမကြာမကြာဆိုသလို ရင်ခုန်စွာဖြင့် စိတ်ကူးကြည့်မိဖြစ်သည်။ ဖြူဖွေးသော အသားအရည်၊ မြင့်မားခန့်ထည်သော အရပ်အမောင်းဖြင့် လူနာများအလည်တွင် တည်ငြိမ်အေးဆေးစွာ ရှိနေမည်ဖြစ်သော ညီမလေးကို သူအားရ၀မ်းသာစွာ မြင်ယောင်နေမိတတ်သည်။ မည်သည့်အခါကမှ စာမကြိုးစားခဲ့ဖူးသော ညီမလေးတစ်ယောက် ဆရာဝန်ဘ၀သို့ ရောက်လာခြင်းကိုလည်း ပြန်တွေးဖြစ်ပြန်သည်။

သူ့ညီမလေးမှာ သူ့ထက်ပို၍ ဥာဏ်ရည်မြင့်မားသူဖြစ်သလို သူ့ထက်ပို၍ အပျင်းကြီးသူလည်း ဖြစ်သည်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသူဘ၀တလျှောက်လုံး တစ်နှစ်တစ်တန်း မှန်မှန်အောင်ရုံထက်ပိုသော ကြိုးစားအားထုတ်မှုမျိုး မရှိခဲ့သော ညီမလေးသည် ဆယ်တန်းကျောင်းသူဘ၀တွင်လည်း ပုံမှန်ကြိုးစားမှုဖြင့်သာ ပေါ့ပေါ့ဆဆနေခဲ့သူဖြစ်သည်။ ကိုယ့်အာရုံ၊ ကိုယ့်အလုပ်ဖြင့် ဖာသိဖာသာနေလေ့ရှိသော သူကလည်း ညီမလေးကို မည်သည့်တွန်းအားပေးမှုမျိုးမှ မလုပ်ခဲ့မိပြန်ပါ။ ဆယ်တန်းစာမေးပွဲ ဖြေချိန်တွင် ညီမလေးဒုက္ခတွေ့တော့သည်။ ထိုအချိန်တွင် သူသည် ဆေးတက္ကသိုလ်တွင် ပထမနှစ်တက်ရောက်နေပြီ ဖြစ်သည်။ မြန်မာစာဖြေသည့်ရက်ကတည်းက ခေါင်းငိုက်စိုက်ဖြင့်ထွက်လာသော ညီမလေး၏ အခြေအနေသည် မေးစရာမလိုအောင် ထင်ရှားနေပေပြီ။ ထို့ကြောင့် မိဘများနှင့် တိုင်ပင်ပြီး နောက်ဆုံးဘာသာကို သွားမဖြေခိုင်းတော့ဘဲ တစ်နှစ်အကျခံရန် စိတ်မကောင်းခြင်းကြီးစွာနှင့် ဆုံးဖြတ်ကြရတော့သည်။ သို့သော် တစ်နှစ်အကျခံခြင်း၏ အကျိုးကျေးဇူးကို ညီမလေး မခံစားရတော့ပါ။ နောက်တစ်နှစ်တွင် ဆယ်တန်းသင်ရိုးညွှန်းတန်း အားလုံး အသစ်ပြောင်းသွားသောကြောင့်ပင် ဖြစ်လေသည်။

မည်သို့ပင်ဆိုစေ အမှတ်သည်းခြေကြီးလှသော ညီမလေးသည် သင်ခန်းစာ အသစ်များကို အားကြိုးမာန်တက် လေ့လာလေတော့သည်။ အစ်ကိုဖြစ်သူက ဆေးကျောင်းသား၊ ညီမလုပ်တဲ့သူက ဆယ်တန်းကျဟူသော ပတ်ဝန်းကျင်၏ စကားသံများကိုလည်း စိတ်နာသွားဟန် ရှိလေသည်။ “မောင်နှမချင်းဆိုပေမယ့် ကိုယ့်ရှိမှ ကိုယ်စားရမှာနော်၊ အစ်ကိုဆရာဝန်ဖြစ်လို့ ညီမကို ထိုင်စားခိုင်းမယ်မထင်နဲ့”ဟူသော သူ့စကားသည်လည်း ညီမလေးကို ပို၍နာကျင်ကောင်း နာကျင်စေမည် ဖြစ်ပါသည်။ ညီမလေး စိတ်နာပြီး စာကြိုးစားစေရန် ရည်ရွယ်ချက်ဖြင့် ပြောခဲ့မိသော်လည်း ထိုစကားစုများကို သူပြန်တွေးမိတိုင်း စိတ်မကောင်းခြင်းကြီးစွာ ဖြစ်မိရလေ့ ရှိပါသည်။ နာကြည်းမှုများဖြင့် တပင်တပန်းကြိုးစားခဲ့ခြင်းကြောင့် အောင်စာရင်းထွက်ချိန်တွင် ညီမလေးသည် သုံးဘာသာ ဂုဏ်ထူးဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့လေသည်။ မောင်နှမနှစ်ယောက်လုံး တက္ကသိုလ်တစ်ခုတည်းတွင် တက်ရောက်ခွင့်ရသည့် ဖြစ်ရပ်သည်လည်း မိဘများကို ပီတိကြီးစွာ ဖြစ်စေခဲ့လေသည်။

ယခုဆိုလျှင် ညီမလေး ကျောင်းပြီးသွားသည်မှာ သုံးလေးနှစ်ခန့် ရှိပေပြီ။ သို့သော် သူသည်ကား ညီမလေးနှင့် အဝေးတွင် ရောက်နေခဲ့လေသည်။ ယုံကြည်ချက်တစ်ခုကို တရားသေဆုပ်ကိုင်ရင်း အတ္တများ၊ မာနများဖြင့် မိုက်မဲလှသော သူသည် မိဘနှင့်အဝေးတွင် ဘ၀တိုက်ပွဲကို ကျားကုတ်ကျားခဲ ဆင်နွှဲနေရလေသည်။ စာမလာ သတင်းမကြားဖြင့် စိမ်းကားလှသော အစ်ကိုဖြစ်သူကို ညီမလေး သတိတရရှိနေမည်လား၊ ငယ်စဉ်ကတည်းက လက်ပွန်းတတီးမနေခဲ့သော အစ်ကိုဖြစ်သူကို စိတ်နာနေမည်လား သူမစဉ်းစားတတ်ပါ။ စဉ်းလဲမစဉ်းစားရဲပါ။ စဉ်းလဲ မစဉ်းစားချင်ပါ။ သူသိသည်မှာ သူ့ညီမလေးကို သူအလွန် ချစ်မြတ်နိုးခြင်းပင် ဖြစ်ပါသည်။

အတွေးစတို့၏ အဆုံးတွင် သူ့လက်မှ အနာရွတ်ကို ငုံ့ကြည့်မိသည်။ သိသာထင်ရှားစွာ ဖောင်းနေသော အနာရွတ်သည် သူ့ကိုလှောင်ပြုံးပြုံးနေသယောင်ယောင် ရှိလေ၏။ အနာရွတ်ကို နောက်တစ်ခါ ပွတ်သပ်ကြည့်မိသည်။ သူ့ရင်ထဲတွင် အမျိုးအမည်မသိသော ဝေဒနာတစ်ခု ဖြစ်ပေါ်လာပြန်၏။ ချစ်ခြင်းမေတ္တာလား၊ ရှက်ခြင်းလား၊ ဂုဏ်ယူခြင်းလား၊ သူမဝေခွဲတတ်တော့ပါ။

မည်သို့ပင်ဆိုစေ သူ့ညီမလေးအပေါ်တွင် သူ၏ချစ်မြတ်နိုးခြင်းသည် သေရာပါမည့် သူ့အနာရွတ်နှင့်အတူ သူ့နှလုံးသားထဲတွင် ထာဝရစွဲမြဲစွာ ရှိနေမည်မှာ သေချာပါသည်။

ညီမလေးရော သူ့ကို ချစ်ပါဦးမည်လား…

15 comments:

မေဓာဝီ said...

နဖူးက အမာရွတ်
ကေ၀ဋ် စမ်းသောခါ
မဟောသဓာအား
စိတ်နာကာ သတိရ၊

တတောင်ဆစ်က ဒဏ်ရာ
ဦးဟန်ကြည် မြင်ရာဝယ်
ညီမငယ်ကို မျှော်တမ်း
လွမ်းလျက် သတိရ၊

ဒဏ်ရာ အနာများ
တူပေငြားလဲ
ကွာခြားသည်မှာ
အနှစ် - အကာနှင့်
မေတ္တာ - ဒေါသ
မတူကြဘိ။

လောကနီတိ
တုံ့လှည့်ရှိက
မျှော်လင့်ကြကြေး
သေချာတွေးလျှင်
ညီမလေးလဲ လွမ်းလိမ့်မည် … ။

နေ၀သန် said...

ကွန်မန့်ပေးမလို့ ကြံခါရှိသေး.. အပေါ်က မမေဓါဝီရဲ့ ကဗျာလေးကိုဖတ်ရင်း ပြုံးတုံ့တုံ့ဖြစ်သွားတယ်... တယ်လည်း အစပ်ကောင်းကြပါပေတယ်...း))
(ပြုံးတုံ့တုံ့ဆိုတာ သဘောကျလို့ ဖြစ်သွားတာပါ.. ရယ်ရလို့မဟုတ်ပါဘူး..း) )

ခင်မင်လျက်
နေ၀သန်

မအိမ်သူ said...

ဆရာ့ပို့စ်ကိုဖတ်ပြီး ဝေးနေတဲ့ မိသားစုတွေကို ပိုလွမ်းသွားတယ်။ ဆရာ့အလွမ်းပို့စ်လေး ဖတ်ရတာတော့ ကြည်နူးစရာ.. သွေးသားရင်းချာ ဆိုတာကတော့ ထုတ်မပြောဖြစ်လဲ ရင်ထဲကတော့ လွမ်းနေမိတာပါဘဲ...

Angelhlaing(May everybody be happy and healthy! said...

မမမေဓာဝီရဲ့ ကဗျာလေးလိုပါပဲအကို ညီမလေးလဲ အကိုကိုယ် သတိရနေမှာပါပဲ...

အနေဝေးလို့ သွေးအေးတယ်ဆိုတာ မောင်နှမ၊ မိဘ မိသားစုတွေမှာ မဖြစ်နိုင်တဲ့ စကားစုလေးပါ ပဲ အကို။

ချော(အစိမ်းရောင်လွင်ပြင်) said...

ဦးဟန်ကြည့်ပိုစ့်လေးဖတ်ပြီး ခေါင်းပေါ်က အနာရွတ်ကို ဖွဖွစမ်းလိုက်မိတယ်
ညီမလေးနဲ့ ရန်ဖြစ်တုန်းက သူတီးထည့်လိုက်တာလေ ခေါင်းပေါက်သွားပါရောလား
ကြီးလာတဲ့အထိလည် မကြာခဏ ရန်ဖြစ်စ့ကားများတယ်
ဒါပေမဲ့ အခက်အခဲနဲ့ကြုံလာရင် အိမ်က မောင်နှမတွေကသာ မနေနိုင် မထိုင်နိုင်ဖြစ်ကြတာပါ။ ဒီတော့ မောင်နှမ သံယောဇဉ်ဆိုတာ တကယ်ကို ခိုင်မြဲတယ်လို့ သဘောပေါက်လိုက်မိပါတယ်

ဟန်ကြည် said...

ကေ၀ဋ်နဲ့ ဟန်ကြည်
ကံမညီချွတ်ယွင်းလို့
အနာရွတ်ချင်းတူ
လူချင်းတော့ကွဲပါ၏
အစ်မမေမြင်မိလို့
ကိုယ့်ကိုယ်ကိုကျေနပ်
မတ်တပ်ရပ်ကြွေးကြော်
ပျော်ပျော်ကြီးလွမ်းမယ်ဗျား...

တောက်ပကြယ်စင် said...

ဆရာရေ ခမန့်မှာကြတော့ ရနေပြန်ရော။ ဘာဖြစ်နေတာလည်း မသိဘူး။ ဘုန်းဘုန်းဆိုဒ်လည်း ဟိုတစ်နေ့က မရဘူး။ အဲဒါနဲ့ Template ထဲကနေ သွားပြီး ဖောင့်တွေသွားပြင်လိုက်တာ ရသွားတယ်။ ဒီနေ့ ဆရာ့ဆိုဒ်ကို ဖတ်မရတာလည်း ဦးဇင်းစက်မှာ ဖောင့်တစ်ခုခု ပြဿနာတက်နေတာနဲ့တူတယ် သိလား။ Microsoft ထဲရိုက်ပြီး တင်တာတော့ ဘုန်းဘုန်းလည်း အဲဒီလို တင်နေကျပါ။ အဲဒါကြောင့်တော့ မဖြစ်နိုင်ဘူး ထင်မိရဲ့။ ဖတ်ချင်လှပြီ ဆရာရယ်။ စိတ်ညစ်တာနဲ့ ဆရာ့ကို ကဗျာတစ်ပုဒ်လောက် စပ်ပေးလိုက်တယ်။ အကဲခတ်ကြည့်ပါဦး...

“ဖတ်ချင်ဇောနဲ့ ဖွင့်ကြည့်သည်
ရှုပ်ပွေလီ ဖောင့်တွေက
ဖတ်မရ ဦးဇင်းမှာ
စိတ်ညစ်နေရရှာ...

မနက်ဖန်တော့
ရမည်မှန်း
အလွတ်မပေးစတမ်း”

ကျန်းမာပျော်ရွှင် လိုအင်ပြည့်ဝ အေးမြပါစေ ဆရာရေ...(တစ်ခုတော့ မပြည့်နိုင်မှန်း သိတယ်ဆရာရေ၊ အဲဒါက မီးပြတ်တာ)

မင်းဧရာ said...

ကဗျာစပ်ဆို
အို စာဆိုတို့.....
ရသစုံရှာ
သူ့ စာမှာကား
တမ်းခြင်းတစ်သွယ်
လွမ်းဖွယ်ထပ်လောင်း
ငယ်အကြောင်းကို
ပြန်ပြောင်း ရှု့မြင်..........
အကျွန်ပြေားခြင်သည်
နှမ ကလေးလည်း
လွမ်းရှာမည်။

အိမ့်ချမ်းမြေ့ said...

မလေးမှာ ညီမလေး တစ်ယောက်ထဲရှိတယ်..
သူဟာ မလေးရဲ့အချစ်ဆုံး သူငယ်ချင်းလည်း ဖြစ်တယ်။

ဒီပိုစ်လေးကို ဖတ်ပြီး သိင်္ဂါရ ရသ ခံစားရပါတယ်။

ဟန်ကြည် said...

ဘုန်းဘုန်းတောက်
စိတ်နောက်ရယ်တဲ့ ကိုယ်မပါ
ဖတ်ချင်ရှာ ဟန်ကြည်ပို့စ်ကို
ရှုပ်ပွေလီ စာစီဖောင့်ကြောင့်
စိုးနှောင့်ဗျာပါ...

ရွှေအားရယ်နာ
မျက်နှာပါ ပူပါသေး...

စိတ်ညစ်နဲ့ဗျာ
နက်ဖြန်ခါ ဖတ်မရရင်
ကိုယ်တိုင်ပင် ဟောသည်ပို့စ်ကို
ဘုန်းဘုန်းဆီ ရောက်အောင်ပါးမယ်
အားငယ်နဲ့လေး...

ဘုန်းဘုန်းတောက်ရေ...နည်းပညာနဲ့ ပတ်သက်ရင် တပည့်တော်လည်း မော်ဒန်အန်းတစ်( ခေတ်မီသော ရှေးဟောင်းပစ္စည်း) ကြီး ဖြစ်နေတာမို့ ဘာကြောင့်ဖတ်လို့မရသလဲဆိုတာတော့ ရှင်းမပြတတ်တော့ပါဘူးဘုရား...တကယ်လို့ မနက်ဖြန်မှ ဖတ်လို့မရရင်လည်း ဘုန်းဘုန်းဆီကို ဘုန်းဘုန်းရဲ့ဘလော့ကွန်မန့်ကပဲဖြစ်ဖြစ် ဒီပို့စ်ကို ပို့ပေးလိုက်ပါ့မယ်ဘုရား...

ps; ဘုန်းဘုန်းတောက်လဲ တဖြည်းဖြည်းနဲ့ တပည့်တော်ကိုကြည့်ရင်း ကဗျာပိုးဝင်လာပြီထင်ပါရဲ့...ကဗျာလေး မဆိုးဘူးဘုရား...တကယ်လို့ ၀ါသနာပါရင် စိတ်ကြိုက်မြန်မာစာ၊ မြန်မာကဗျာဖွဲ့နည်း ဆိုတဲ့ ebook ကလေးကို ဖတ်ရင်း၊ စပ်ရင်း အားထုတ်ဖို့ အကြံပေးပါရစေ...

တောက်ပကြယ်စင် said...

ဆရာ ကိုဟန်ကြည်ရေ မင်္ဂလာပါ။ မနေ့ည အိပ်မက်ထဲမှာတောင် ထည့်မက်တယ်။ အိပ်မက်ထဲမှာ ဖတ်လို့ရတယ်တဲ့။ ခု ဖွင့်ကြည့်တော့ မရပြန်ဘူး။ ဆရာရေ မေးလ်ထဲပို့ပေးဖို့ အပန်းမကြီးဘူးဆိုရင်တော့ မေးလ်ထဲ ပို့ပေးစေချင်ပါတယ် ဆရာ။ ကျေးဇူးတင်ပါတယ် ဆရာ။
ဘုန်းဘုန်းမေးလ်က nandasara.ashin@gmail.com ဖြစ်ပါတယ်။

jasmine(တောင်ကြီး) said...

ဆရာတို့ မောင်နှမတွေအားလုံးစာတော်တယ်နော်..
ဒါကြောင့် ဆရာက ဆရာဖြစ်တာပေါ့။
ကျွန်မက တစ်ဦးတည်းဆိုတော့ဘယ်လိုပြောရမလဲ
မသိပါဘူး ဘာပဲဖြစ်ဖြစ်မေမေကိုတော့လွမ်းတယ်...
ဆရာ ချမ်းမြေ့ပါစေရှင်။ ။

တောက်ပကြယ်စင် said...

Jasmine ပြောသလိုပဲနော် ဆရာတို့မောင်နှမတွေက စာတော်လိုက်ကြတာ။ ဆရာ့လက်က ဒဏ်ရာနဲ့ ဦးဇင်းခေါင်းက ဒဏ်ရာနဲ့က ဘယ်လို ကွာသလဲဆိုတာတော့ ဆရာလည်း သိပြီးသားနော်။ ဟိ။

(အမလေး ဆရာရယ် ပျော်လိုက်တာ၊ ပျော်လိုက်တာ၊ ကိုယ့်ဘာသာကိုယ် မလုပ်တတ်လုပ်တတ်နဲ့ စမ်းကြည့်လိုက်တာ အောင်မြင်သွားပြီဆရာ။ ဦးဇင်းထင်တာက ဇော်ဂျီဝမ်းဖောင့်က ကြောင်သွားတာ ဖြစ်မယ်။ အသစ်တစ်ခုကို ထပ်ပြီး အင်စထရောမောင်းလိုက်တာ ဆရာ့စာတွေ အကုန်လုံးဖတ်လို့ရသွားပြီ။ အဲဒါနဲ့ ဆရာရေ စာရိုက်လို့မရပြန်ဘူးတဲ့။ ကွန်ထရိုးပယ်နယ်ထဲဝင်ပြီး ဇော်ဂျီဝမ်းဖောင့်ကို repair လုပ်လိုက်မှ ရသွားတယ်။ အကြာကြီးပဲ ဆရာရေ...ခါးတွေကို ညောင်းသွားတာပဲ။ ဆရာက အီးမေးလ်ထဲပို့ပေးတာကိုလည်း လက်ခံရရှိပါတယ် ဆရာ။ ဆရာ့စီဘောက်မှာလည်း ဦးဇင်းအော်ထားတာတွေပဲ များနေတော့ အားတော့နာမိပါတယ်ဆရာရယ်။)

ဆရာလည်း ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေဗျာ...

mstint said...

စာရေးတဲ့သူရော ကွန်မန့်ပေးတဲ့သူတွေရော တော်လိုက်ကြတာနော်။
နေရာတိုင်းမှာ တန်ပြန်သက်ရောက်မှုဆိုတာ ရှိပါတယ်ကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မောင်မျိုး said...

အဲ့အမှတ်ကလေးကိုတောင် သေသေချာချာမကြည့်ခဲ့ဖြစ်ဖူးး)


ဒီလိုပါပဲ ဆရာရေ့ အနေဝေးမှ မောင်နှမသံယောဇဉ်က ပိုပိုသိသာတယ်ဆိုတာ အငယ်တွေနေရာကပြောရရင်တော့ အကြီးတွေရဲ့ အနစ်နာခံမှု ကိုယ်ဆိုးခဲ့တာတွေကို ပြန်စဥ်းစားမိတိုင်း ရိုသေလေးစားမှု နဲ့ သတိရမှုတွေကလည်း အကြီးတွေနဲ့ မနည်းရင်ထဲ ရှိနေတယ်ဆိုတာပါပဲ ။

ချစ်ခင်သူတိုင်း နီးနိုင်ကြပါစေဗျာ ။

ကြိုက်ရင်ပေါ့လေ . . .