Tuesday, 19 July 2011

ဗိုလ်ချုပ်ကို မလွမ်းနဲ့ . . .

ဒီနေ့ ဇူလိုင် ၁၉...
ငါ ငယ်ငယ်ကတည်းက ရင်ထဲမှာ ကြေကွဲခဲ့ရတဲ့ အာဇာနည်နေ့...
ငါတို့တိုင်းပြည်...ခပ်ရှင်းရှင်းပြောရရင် ငါတို့ အရှေ့တောင်အာရှ တစ်ခွင်လုံးအတွက် အနာဂတ်ပျောက်ခဲ့ရတဲ့နေ့...စကားလုံးလှလှပြောရရင်
“အာဇာနည်နေ့” 

ဒီနေ့ရောက်ရင် ငါတို့ကြေကွဲကြတယ်...လွမ်းကြတယ်...အားမနာတမ်းပြောရရင် ၀မ်းနည်းချင်ယောင်ဆောင်ကြတယ်။ စိတ်ရှိတဲ့အတိုင်းပြောကြရင် ညာကြတယ်။ သေသွားတဲ့ ငါတို့ဗိုလ်ချုပ်နံမည်နဲ့ လုပ်စားကြတယ်။ ငါတို့ရဲ့ ချစ်စရာကောင်းတဲ့ ဗိုလ်ချုပ်၊ နတ်မောက်သား လူမိုက်ကလေး အောင်ဆန်းဟာ သေပြီးလို့ နှစ်ပေါင်း ၆၀ ကျော်ကြာလာတာတောင် ငါတို့နိုင်ငံသား တစ်ချို့တစ်ဝက်ကို ထမင်းကျွေးနေတုန်း...သူ့နံမည်သုံးပြီး တိုင်းပြည်ကို မျက်လှည့်ပြနေတဲ့လူတွေကို ကမ္ဘာ့အလည်မှာ ညာခွင့်ပေးနေတုန်း...

ငါ...ငါချစ်တဲ့ ဗိုလ်ချုပ်ကို သနားတယ်...

ငါချစ်တဲ့ ဗိုလ်ချုပ်ကို လေးစားတယ်...

ငါလည်း သူ့လို မလုပ်နိုင်ဘူး...ခပ်ရှင်းရှင်းပြောရရင် သူ့လို မလုပ်ရဲဘူး...

သူ့မှာ ငဲ့ကွက်ရမယ့် ဒေါ်ခင်ကြည်ဆိုတဲ့ မိန်းမရှိတယ်။ စောင့်ရှောက်ရမယ့် သားသမီးတွေ ရှိခဲ့တယ်...ဒါပေမယ့် သူဟာ ဒါတွေထက် ငါတို့တိုင်းပြည်ကို ပိုပြီး ဦးစားပေးခဲ့တယ်...သူ့အသက်ထက်၊ သူ့မိသားစုထက် ငါတို့ တိုင်းပြည်၊ ငါတို့ နောက်လာမယ့်လူသားတွေ ရိုင်းရိုင်းပြောရရင် ဖွတ်ကြားတွေ၊ ငို့ဘသမားတွေ အတွက် သူ့အသက်ကို ပေးခဲ့တယ်...ငါ မပေးနိုင်ဘူး....ငါမပေးရဲဘူး...

ဒါတောင်မှ ငါ့မှာ သားသမီး မရှိသေးဘူး...ငဲ့ကွက်ရမယ့် မိန်းမတစ်ယောက်ထဲပဲ ရှိယုံနဲ့ အမှန်တရားကို မျက်ကွယ်မပြုရဲဘူး...ငါ့ကိုယ်ငါ ရှက်တယ်...သူ့ကို ချစ်တယ်၊ လေးစားတယ်လို့ ပြောမိတိုင်း ငါ့ကိုယ်ငါ ရွံတယ်...မုန်းတယ်...လေးစားမှုနောက်မှာ အမှန်တရားကို ရင်မဆိုင်ရဲတဲ့ ငါ့ကိုယ်ငါ အပစ်တင်မိတယ်...

ငါဟာ ငါ့ကိုယ်ငါ ညာနေတာ...ငါ့ ဗိုလ်ချုပ်ကို လေးစားချင်ယောင် ဆောင်နေတာ...

ဒီနေ့ မိုးတွေရွာတယ်...

အာဇာနည်တွေကို လေးစားသော အားဖြင့် မိုးတွေတောင် ငိုနေတယ်လို့ ကဗျာဆန်ဆန် ငါတွေးချင်တယ်။ ဒါ အလကားပဲ...ငါ့ ဗိုလ်ချုပ်အတွက် ငါကဗျာတစ်ပုဒ် ရေးဖို့ ကြိုစားတယ်....ရေးလို့မရဘူး...ငါ့ရင်ထဲမှာ ဆို့နေတယ်...ငါ့ ကဗျာ၊ ငါ့ စာသားဟာ ဘယ်လိုနည်းနဲ့မှ ငါ့ဗိုလ်ချုပ်ရဲ့ ကိုယ်ကျင့်တရား၊ သစ္စာတရားကို ပီပြင်အောင် ဖော်ထုတ်နိုင်မှာ မဟုတ်မှန်း ငါသိနေတယ်...ငါကိုယ်တိုင်က ဗိုလ်ချုပ်ရဲ့ ရိုးသားမှု၊ ဖြောင့်မတ်မှုလမ်းစဉ်ကို မလိုက်နာနိုင်သမျှ ငါရေးသမျှ အလကားပဲ...ငါသိတယ်...
အမှန်ကို အမှန်အတိုင်း ငါမြင်တယ်...

ငါတို့ဗိုလ်ချုပ်သေသွားတော့ အသက် ၃၂ နှစ်...စဉ်းစားကြည့်ရင် လူ့ဘ၀ရဲ့ အကောင်းဆုံးအရွယ်...အသိညာဏ်ရော၊ ခွန်အားပါ အပြည့်ဝဆုံးအရွယ်...လူတစ်ယောက်ဘ၀မှာ အပြည့်ဝဆုံးအရွယ်...ဒီအရွယ်မှာ သူ သေခဲ့ပြီ...သူ့နံမည်ကို သုံးပြီး လုပ်စားနေတဲ့ လူတစ်ချို့၊ နံမည်သုံးပြီး တိုင်းပြည်ကို ဖျက်ဆီးနေတဲ့ လူတွေ အသက်ရှင်နေကြတုန်း...တွေးမိရင် ငါ စိတ်နာတယ်...ငါ့ ဗိုလ်ချုပ်ကို ငါနှမြောတယ်...

ငါတို့အသက်...ရိုင်းရိုင်းပြောရရင် ငါတို့တစ်တိုင်းပြည်လုံးရဲ့ အသက်တွေ ပေါင်းပြီးချိန်လိုက်ရင် ငါတို့ ဗိုလ်ချုပ်ရဲ့ အသက်တစ်ချောင်းနဲ့ ဘယ်လိုမှ မယှဉ်သာဘူး...အခု...ကိုယ့်ကိုယ်ကို နိုင်ငံရေးသမားလို့ နံမည်တပ်ပြီး ငါတို့ တိုင်းသူပြည်သားတွေရဲ့ အသက်တွေ၊ သွေးတွေနဲ့ သူတို့ဘ၀တွေကို တည်ဆောက်ဖို့ ကြိုးစားနေကြတဲ့ နိုင်ငံရေးသမားဆိုတဲ့ သတ္တ၀ါတွေရဲ့ အသက်တွေ ဆယ်ဘ၀စာပေါင်းရင်ရော...ငါတို့ဗိုလ်ချုပ်ရဲ့ ဘ၀တစ်နှစ်စာကိုတောင် မမီဘူး...ငါတို့ ဗိုလ်ချုပ်ကို တကယ်ချစ်ရဲ့လား....ငါတို့တွေ သူ့ကို ချစ်ချင်ယောင်ဆောင်နေခဲ့တာ များပြီ....ငါတို့ ကိုယ့်ကိုယ်ကို ပြန်စဉ်းစားသင့်ပြီ...ကိုယ့်ကိုယ်ကို ရှက်သင့်ပြီ...

ငါတို့ဗိုလ်ချုပ် ဘာကြောင့် အသက်ပေးသွားခဲ့တာလည်း...ငါတို့ တိုင်းရင်းသားတွေ တစ်ယောက်ကို တစ်ယောက် နားလည်မှုတွေလွဲမှားပြီး အချင်းချင်း သတ်ကုန်ကြအောင်လား...ငါတို့တွေ တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုးပြီး အပစ်တွေ တင်ရင်း အချိန်တွေကုန်နေရအောင်လား...သူ့နံမည်ကိုသုံးပြီး မရှက်တဲ့နွားတွေ ထမင်းစားနေရအောင်လား...ငါရော...အဲဒီလိုဖြစ်ကုန်မှာကို ကြိုသိရင် အသေခံမလား...
ငါတို့ဗိုလ်ချုပ်ရော ဒါတွေကို ကြိုသိရင် အသေခံမလား...

ငါ့ဗိုလ်ချုပ်ဟာ ဒီခေတ်အမြင်နဲ့ ပြောရင် လူမိုက်...စဉ်းစားကြည့်ရင် အဲဒီခေတ်က ကောလိပ်ကျောင်းသားဆိုတာ ဘုရားငယ်တစ်ဆူပဲ...ကျောင်းသားဖြစ်ရုံတစ်ခုထဲနဲ့တင် တစ်တိုင်းပြည်လုံးက လေးစားပြီးသား...ကောလိပ်ကျောင်းသားတွေ လုပ်သမျှ တစ်တိုင်းပြည်လုံးက အားကျခဲ့ရတာ...ငါရော...အဲဒီဘ၀မျိုးကို မတွယ်တာပေဘူးလား...

အဲဒီခေတ်က ပုလိပ်ကိုတောင် “ဘုရား”ထူးပြီး ဒူးထောက်ရတဲ့ ခေတ်...ကောလိပ်ကဘွဲ့ရရင် အနည်းဆုံးတော့ မြို့အုပ်၊ မြို့ပိုင်ဖြစ်ပြီ...သွားလေရာ၊ လာလေရာမှာ ကတ္တီပါဖိနပ်စီး၊ ရွှေထီးမဆောင်းရုံတမည်ကလွဲရင် ဘုရင်အငယ်စားလောက် တန်ခိုးကြီးတဲ့ ဘ၀...ဒါတွေကို ငါရော မမက်မောဘူးလား...မညာတမ်းပြောရရင် ငါမက်မောတယ်...ဒါပေမယ့် ငါတို့ဗိုလ်ချုပ် မက်မောခဲ့သလား...
တွယ်တာခဲ့သလား...ဒါတွေကို ယောင်လို့တောင် မမက်မောခဲ့ဘဲ စွန့်ပစ်ခဲ့တာ တကယ့်လူမိုက်ကြီးပေါ့...
ငါတို့ချစ်တဲ့...ငါတို့လေးစားရတဲ့ သမိုင်းဝင်လူမိုက်ကြီးပေါ့...

ငါတို့ဗိုလ်ချုပ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ဘ၀တုန်းက အဆောင်မှာ မအိပ်ဘဲ ကျောင်းသားသမဂ္ဂ အစည်းအဝေးခန်းမထဲက ကြမ်းပိုးတွေ တင်းကြမ်းရှိနေတဲ့ ကြိမ်ခုံပေါ်မှာ ညတိုင်းအိပ်တယ်...သမဂ္ဂလက်ဖက်ရည်ဆိုင်ပိုင်ရှင် အဘွားကြီးက ငါတို့ ဗိုလ်ချုပ်ကို သနားလွန်းလို့ “စောင်မရှိ၊ ခေါင်းအုံးမရှိနဲ့ ဘာဖြစ်လို့ ဒီပေါ်မှာ အိပ်နေသလဲ၊ အိပ်စရာ နေရာ မရှိလို့လား” လို့ မေးတော့ ငါတို့ဗိုလ်ချုပ်က“ကျွန်တော် နိုင်ငံရေးလုပ်ရင် စောင်မရှိ၊ ခေါင်းအုံးမရှိနဲ့ ကြမ်းပိုးတွေ တင်းကြမ်းထနေတဲ့ ကြမ်းပေါ်မှာ အိပ်ရမှာမို့ အခုကတည်းက ကြိုတင်ပြီး ကျင့်နေတာပါ” လို့ ပြန်ဖြေတယ်...ငါတို့ရော...အဲဒီလောက် သတ္တိ ရှိနိုင်ပါ့မလား...

ငါတို့ဗိုလ်ချုပ်က ညဥ့်နက်အောင် စာဖတ်ပြီး မနက်ပိုင်းဆိုရင် အိပ်ရာထ အမြဲနောက်ကျနေကျ...
၁၉၄၆ ခုနှစ်က တစ်နေ့တော့ အိမ်မှာ ဖဆပလ အမှုဆောင်လူကြီးတွေကို အစည်းအဝေးခေါ်ထားပြီး သူက ညနေသုံးနာရီအထိ အိပ်နေတော့ သူ့မိန်းမ ဒေါ်ခင်ကြည်က မနှိုးရဲလို့ လက်စွဲတော် ဗိုလ်ထွန်းလှက အတင်းလှုပ်နှိုးတော့ ငါတို့ ဗိုလ်ချုပ် စိတ်ဆိုးတယ်...အစည်းအဝေးခေါ်ထားမှန်း ပြောပြတော့ ချက်ချင်းပဲ အောက်ဆင်းပြီး အမှုဆောင်တွေကို သူအိပ်ရာထ နောက်ကျသွားလို့ တောင်းပန်တယ်...ငါတို့ရော...အဲဒီလောက် ပြည့်ဝနိုင်ပါ့မလား...

ငါတို့ဗိုလ်ချုပ်မှာ အင်မတန် အရက်ကြိုက်တဲ့ ကားမောင်းသမား ကျော်စိန်ဆိုတာ ရှိခဲ့တယ်...ဒီတစ်ယောက်က အရက်မူးရင် ဘယ်သူ့ကိုမှ ရန်မရှာဘဲ ဟာသတွေပြောပြီး အိပ်ပျော်နေကျ...ငါတို့ဗိုလ်ချုပ်ရဲ့သားသမီးတွေကအစ သူ့ကို “အော်စိန်”လို့ခေါ်ပြီး အင်မတန်ချစ်ခံရတဲ့လူ...တစ်နေ့မှာတော့ အလုံလမ်းမှာရှိတဲ့ ဘုရင်ခံအိမ်တော်မှာ ညစာစားပွဲရှိတော့ အဲဒီ “အော်စိန်”ကို ကားထဲမှာ စောင့်ခိုင်းပြီး ငါတို့ဗိုလ်ချုပ်က အထဲဝင်ပြီး ညစာစားတယ်...ပြန်ထွက်လာတော့ “အော်စိန်”က မူးပြီး ကားနောက်ခန်းမှာ အိပ်ပျော်နေပြီ...လက်စွဲတော် ဗိုလ်ထွန်းလှက စိတ်ဆိုးပြီး နှိုးမယ်လုပ်တော့ ငါတို့ဗိုလ်ချုပ်က “မနှိုးပါနဲ့တော့ကွာ...သူ့ခမျာ တစ်ခါတစ်လေလည်း မူးချင်ရှာမှာပေါ့”လို့ ဖြောင်းဖြပြီး ဗိုလ်ထွန်းလှကို ကားမောင်းခိုင်းပြီး သူက ဘေးမှာ အသာလေး ထိုင်လိုက်သွားခဲ့တယ်...ငါတို့ဆိုရင်ရော...အဲဒီလောက် သဘောထားကြီးနိုင်ပါ့မလား...ဝေးပါသေးရဲ့...

အင်္ဂလိပ်လက်ထက်တုန်းက ငါတို့ဗိုလ်ချုပ် ၀န်ကြီးဖြစ်တော့ အင်္ဂလန်လုပ် “၀ူုစလီ”အမျိုးအစား ကားအနက်ရောင် နံပါတ် RA - 2874 တစ်စီးရတယ်...တစ်ရက်တော့ အတွင်းဝန်ရုံး အစည်းအဝေး မနက် ၁၀ နာရီထိုးအမီသွားဖို့ ပြင်နေတုန်း ကားပျက်နေလို့ ဗိုလ်ထွန်းလှက ကားတစ်စီးငှားဖို့ ဖုန်းဆက်မယ်လုပ်တော့ ငါတို့ဗိုလ်ချုပ်က တားတယ်...“စီးပွားရေးသမားတွေဆီက ကားငှားရင် ကားရမှန်း ငါသိတယ်...ဒါပေမယ့် ဒီကောင်တွေက ငါတို့ကို ကားငှားပြီးရင် အခွင့်အရေးတွေ တသီကြီးတောင်းလိမ့်မယ်...ကားမငှားနဲ့...ငါတို့ လမ်းလျှောက်သွားမယ်”လို့ ပြောပြီး သူကိုယ်တိုင် ဦးဆောင်ပြီး လမ်းလျှောက်သွားတယ်...ငါတို့သာ သူ့နေရာမှာဆို အဲဒီလို လမ်းလျှောက်ပါ့မလား...ဒါတောင် ငါတို့ဟာ ဘာကောင်မှ မဟုတ်သေးဘူး...

တစ်ရက်မှာ ငါတို့ဗိုလ်ချုပ်က ဗိုလ်ထွန်းလှကို ပိုက်ဆံဘယ်လောက်ရှိသလဲ မေးတော့ “သုံးကျပ်”ရှိသတဲ့...ဒါဆိုရင် ရုပ်ရှင်သွားကြည့်ရအောင် ဆိုပြီး ထွက်လာကြတယ်...ရုပ်ရှင်ရုံရောက်တော့ ဗိုလ်ထွန်းလှက တစ်ကျပ်ခွဲတန်းက လက်မှတ်ဝယ်မယ်လုပ်တော့ ငါတို့ဗိုလ်ချုပ်က လက်မခံဘဲ ပိတ်ကားနဲ့ ကပ်နေတဲ့ ငါးမူးတန်းကပဲ ၀ယ်ခိုင်းပြီး ကလေးတွေကြားထဲမှာ မရှက်မကြောက် ထိုင်ကြည့်သတဲ့...ငါတို့ဗိုလ်ချုပ်က ဟာသခန်းတွေကို အားပါးတရနဲ့ အသံကုန်ဟစ်ပြီးရယ်တော့ ကလေးတွေက သူ့ကို ၀ိုင်းကြည့်ကြရင်း ဗိုလ်ချုပ်မှန်း သိကုန်သတဲ့...အဲဒီအချိန်မှာ ငါတို့ဗိုလ်ချုပ်က ကာကွယ်ရေးဝန်ကြီး ဖြစ်နေပြီ...ရုံပိုင်က သတင်းရတော့ ချက်ချင်းလာပြီး တစ်ကျပ်ခွဲတန်းကနေ ကြည့်ဖို့ တောင်းပန်တာတောင် ချက်ချင်းလက်မခံဘဲ ငြင်းခဲ့တဲ့ ငါတို့ဗိုလ်ချုပ်...ဘာမဆို ကိုယ်ကျိုးမကြည့်တဲ့ ဗိုလ်ချုပ်...ငါတို့သာဆိုရင် အဲဒီလို ငါးမူးတန်းက ကြည့်ဖို့ဆိုတာ ဝေလာဝေး...

ငါတို့ဗိုလ်ချုပ် အစည်းအဝေးလုပ်နေရင်း ခဏနားတော့ ဗိုလ်ထွန်းလှကို စာတစ်စောင်ရေးပြီး ဒေါ်ခင်ကြည်ဆီသွားပေးခိုင်းတယ်...စာထဲမှာ ဘာရေးထားသလဲဆိုရင်
“ကြည်ရေ...ပဲပြုပ်နဲ့ နံပြားရရင် စားချင်တယ်ကွာ”တဲ့...
စာသားကို သေချာကြည့်...“ရရင် စားချင်တယ်”တဲ့...တိုင်းပြည်အပေါ် နံပြားတစ်ချပ်စာတောင် အခွင့်အရေးမယူတာကို ထားလိုက်...ယူထားတဲ့ မိန်းမကိုတောင် အာဏာမပေးတဲ့ ငါတို့ဗိုလ်ချုပ်...ရရင်စားချင်သတဲ့...မရရင်လည်း မစားတော့ဘူးဆိုတဲ့ ငါတို့ဗိုလ်ချုပ်...ငါတို့ရော...တိုင်းပြည်အပေါ်မှာ ထားဦး..ငါတို့ မိန်းမတွေအပေါ်မှာတောင် အဲဒီလောက် မေတ္တာတရားနဲ့ စာနာစိတ်ရှိလို့လား...

အဲဒီလောက် အဆင့်တွေကွာ၊ စိတ်ဓာတ်တွေ ကွာခြားနေတာတောင် ငါတို့ဗိုလ်ချုပ်ကို ချစ်ပါတယ်လို့ ညာနေမိတာ ငါရင်နာတယ်...ငါတို့ဗိုလ်ချုပ်ကို တကယ်ချစ်ရင် ငါတို့ဗိုလ်ချုပ်ရဲ့ ရိုးသားမှုမျိုး...ပွင့်လင်းမှုမျိုးရှိအောင် ဘာဖြစ်လို့ ငါတို့တွေ မကျင့်ကြတာလဲ...ဒါဟာ နိုင်ငံရေး မဟုတ်လို့လား...တစ်ယောက်ကိုတစ်ယောက် ညစ်ကြ၊ ညာကြတာ မဟုတ်လို့လား...ထမင်းမ၀မှာစိုးလို့လား...မြင့်မြတ်တဲ့ လမ်းစဉ် မဟုတ်လို့လား...

တကယ်လို့ ငါတို့အားလုံးသာ ငါတို့ဗိုလ်ချုပ်လို ရိုးသားရင်...ဖြူစင်ရင် အခုလို ပင်ပန်းဆင်းရဲစရာ ဘာအကြောင်းမှ မရှိဘူး...အခုလို တိုက်ပွဲတွေ...သွေးထွက်သံယိုတွေ ဖြစ်စရာ ဘာအကြောင်းမှ မရှိဘူး...
ငါတို့တစ်တွေလည်း ကမ္ဘာလှည့်ပြီး “ကူလီမျိုးဟေ့...တို့ဗမာ”လို့ အော်စရာ ဘာအကြောင်းမှ မရှိဘူး...ငါတို့ခေတ်ကျမှ ညံ့ကုန်ကြတာ ရင်နာစရာ ကောင်းလိုက်တာ...

၁၉၄၇ ဂျူဗလီဟော မှာ ငါတို့ဗိုလ်ချုပ် နောက်ဆုံးဟောခဲ့တဲ့ မိန့်ခွန်းထဲမှာ “ခင်ဗျားတို့ စောက်ချိုးတွေပြင်ကြ”တဲ့...ဒီလောက် ခပ်ကြမ်းကြမ်းပြောတာတောင် ပြင်ကြလို့လား...
ကိုယ့်ကိုယ်ကို ပြန်မေးရင် ကောင်းမယ်...  
“ညီညွတ်ရေး...ညီညွတ်ရေးနဲ့ 
စားဖားတွေ ညီညွတ်တာမျိုးကတော့ အလကားပဲ”တဲ့...
ကိုယ့်ကိုယ်ကို ပြန်ကြည့်ကြစို့...ကိုယ့်ပတ်ဝန်းကျင်က ကိုယ်လို လုပ်စားဖော်၊ လုပ်စားဖက်တွေအပေါ် အင်မတန် ညီညွတ်တာ တိုင်းပြည်အတွက်များလား...“သူများ တစ်လှမ်းလှမ်းရင် ခင်ဗျားတို့ ကျုပ်တို့က လေးငါးဆယ်လှမ်း ပြဲနေအာင် လှမ်းမှ တော်ကာကျမယ်” တဲ့... 
ကဲ...အခုရော...ဘယ်နှစ်လှမ်းများ လှမ်းကြလို့လဲ... 
“ဒီလိုသာ ဆက်သွားရင် နောက်နှစ်ပေါင်းငါးဆယ်ကြာရင် ကျုပ်တို့နိုင်ငံကြီး ဖာနိုင်ငံကြီး ဖြစ်သွားမယ်”တဲ့...
အခု နှစ်ပေါင်း ၆၀ ကျော်ပြီ...ကိုယ့်ပတ်ဝန်းကျင်ကို ပြန်ကြည့်ပါဦး...ကိုယ့်ကိုယ်ကိုရော ပြန်ဆန်းစစ်ပါဦး...ကိုယ်တိုင်ဖြစ်နေပြီလား...စားသုံးသူဖြစ်နေပြီလား ဆိုတာ သုံးသပ်ရအောင်...

ငါတို့ဗိုလ်ချုပ်ဟာ ဘုရားမဟုတ်ဘူး...အာသဝေါကုန်ခမ်းတဲ့ ရဟန္တာမဟုတ်ဘူး...သူလိုငါလို လူသား...
သွေးနဲ့ကိုယ်၊ သားနဲ့ကိုယ် တည်ဆောက်ထားတဲ့ လူသား...မသေမျိုး မဟုတ်ဘူး...သေမျိုး...သူ့လုပ်ရပ်တွေကို ငါမဝေဖန်ဘူး...မှားတာလည်းပါမယ်...မှန်တာလည်းပါမယ်.... ဒါတွေကို ငါစိတ်မ၀င်စားဘူး...ငါသိတာ ငါ့ဗိုလ်ချုပ်ရဲ့ ရိုးသားဖြောင့်မတ်မှု...ဖြူစင်မှု...တိုင်းပြည်အပေါ် သစ္စာရှိမှု...စွန့်လွှတ်အနစ်နာခံမှု...ငါတို့တွေ ထားနိုင်ဖို့မလွယ်တဲ့ စိတ်ဓာတ်မျိုး ရှိတဲ့ ငါတို့ဗိုလ်ချုပ်ဟာ လုပ်ကြံခံရသည်ဖြစ်စေ၊ အခုချိန်ထိ ရှိနေသည်ဖြစ်စေ...ငါ့အတွက်တော့ အာဇာနည်ပဲ...

ငါတို့ဗိုလ်ချုပ် အသက်ပေးသွားတာ...ငါတို့တွေ ပုံတော်သလို စိတ်ဓာတ်အညံ့စားတွေနဲ့ တစ်ယောက်ကို တစ်ယောက် လက်ညှိုးထိုးပြီး အောက်တန်းစားတွေ ဖြစ်အောင်လား...ကိုယ်ကျိုးဘဲကြည့်တဲ့ ငို့ဘသမားတွေ ဖြစ်အောင်လား...ငါတို့ဗိုလ်ချုပ် အင်မတန်မှ စက်ဆုပ်တဲ့ နိုင်ငံရေးသမားတွေ လုပ်စားဖို့လား...စဉ်းစားသင့်ပြီ...

ငါတို့တစ်တွေ နိုင်သလောက်၊ စွမ်းသလောက် ကိုယ့်တာဝန်ကိုယ်ယူ...ဆိုက်ကားသမားကလည်း ကိုယ့်ဖောက်သည်အပေါ် အကောင်းဆုံး ၀န်ဆောင်မှုပေး...ဈေးသည်ကလည်း ကိုယ့်ဈေးဝယ်အပေါ် အကောင်းဆုံး ၀န်ဆောင်မှုပေး...ဆရာတွေကလည်း ကိုယ့်တပည့်တွေအပေါ် အကောင်းဆုံး တာဝန်ကျေ... အရှင်းဆုံးပြောရရင် တိုင်းပြည်မှာ ရှိသမျှလူအားလုံး ကိုယ့်တာဝန်ကိုယ် ကျေအောင်ကြိုစားပြီး သူများကို ထိုးနေတဲ့ လက်ညှိုးတွေကို အသာဘေးချလို့ အကောင်းဆုံး မကြိုးစားသရွေ့ ငါတို့ဗိုလ်ချုပ်ကို ချစ်တယ်...လွမ်းတယ်လို့ မပြောဘဲ နေကြစို့လား...။     ။

11 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ဟုတ်ပါတယ်။ လောကကြီးမှာ ကိုယ့်တာဝန်ကိုယ် ကျေကျေပွန်ပွန်ယူနိုင်ကြမယ်ဆိုရင် ဘာမှ အဆင်မပြေစရာ အကြောင်းမရှိပါဘူး။

ခင်မင်လျက်

နေ၀သန် said...

ဗိုလ်ချုပ်ကိုလည်း သတိရလွမ်းဆွတ်သလို၊ ဗိုလ်ချုပ်ဖြစ်စေချင်တဲ့အတိုင်းလည်း ၀ိုင်းဝန်းလုပ်ဆောင်ကြတာ အကောင်းဆုံးပါပဲ...။ အခုတော့ အလုပ်ထက် အပြောက များနေတာတော့ အမှန်ပဲ..


ခင်မင်လျက်
နေ၀သန်

ချော(အစိမ်းရောင်လွင်ပြင်) said...

စကားလုံးတွေပီပြင်လွန်းလို့ ဗိုလ်ချုပ်ရဲ့ စိတ်နေစိတ်ထားကို ကွက်ကွက်ကွင်းကွင်း ထင်ဟတ်မိစေတယ်. ဒါကြောင့် ဖတ်ရင်းမျက်ရည်ဝဲမိရတယ် ဆရာဟန်ရေ
ဗိုလ်ချုပ်လို လူမျိုးတော့ မတွေ့ဖူးတာအမှန်ပါ.
ရာထူးရှိပေမဲ့ အခွင့်အရေးမယူတတ်တာ ခုခေတ်လူတွေနဲ့တော့ အကွာသားနော်
ခုခေတ်များ ရာထူးသေးသေးရရင်တောင် အခွင့်အရေးက များများယူချင်ကြတာ.
ဗိုလ်ချုပ်ကတော့ တစ်ယောက်ဆိုတစ်ယောက် ရှာမှရှားတဲ့ အာဇာနည်ပါ

ထူးခြားတွေ့ကြုံ အဖုံဖုံ said...

ဒီပိုစ်ကတော့ ရာနှုန်းပြည့် အနှစ်သာရတွေ ရှိတဲ့ပိုစ်ပဲ ဆရာရေ။ ကိုယ်ကိုယ်တိုင် ကြုံဖူး၊ တွေ့ဖူးနေတာနဲ့ ယှဉ်ကြည့်လိုက်တော့ ဆရာပြောတာတွေ အားလုံးအမှန်တွေချည်းပဲမို့။

"မေးလ်ထဲကိုပင် ပို့စေချင်ပါဘိ၊
နက်မရှိသည့်ဒေသ၊ ရောက်ခဲ့ရရင်၊
ပြန်ဖတ်ချင်မည်၊ သေချာသည်မို့၊
ပို့ပေးပါက၊ ထာဝရရင်ထဲ၊
ကျေးဇူးတင်မှာ အမြဲ"

ကျန်းမာပျော်ရွှင်ပါစေဆရာ...

တောက်ပကြယ်စင် said...

ဆရာရေ ဆောရီးနော် မှားသွားလို့။ "ထူးခြားတွေ့ကြုံ အဖုံဖုံ" မဟုတ်ဘူး။ "တောက်ပကြယ်စင်" ပါ။

မင်းဧရာ said...

ဆရာ.............
မနက်ကတည်းက ဖတ်ပြီးခဲ့တာ အလုပ်ကိုပြေးရတာမို့
အခုမ comment လာရေးတာ ဒါကလည်း တော်တော်ကလေးကို ရေးခြင်လို့ပါ။
ဆရာ ရေးခဲ့တာရော ပြောခဲ့တာရော သိပ်သဘောကြတာ
အကုန်လုံးနီးနီးကလည်း မှန်နေတာပါပဲ။
ယခုကျွန်တော့်စိတ်ထဲရှိတဲ့အတိုင်းသာ
ရေးလိုက်မယ်ဆိုရင် ဆရာ့ပို့စ်ထက်ရှည်သွား မယ်ထင်တယ် ဆရာ ပြောသလိုပါပဲ ငို့ဘ တွေများနေကြ
တာ ဘာတဲ့ဆို ဟိုအပြစ်တင်ဒီအပြစ်တင်ပေါ့ ကိုယ့်ဖာသာကို လက်တွေ့ကျကျ ကြတော့ ဘယ်သူမှလုပ်ကြတာမဟုတ်ပါဘူး စိတ်ကူးတွေယဉ်
မျှော်ကိုးနေတဲ့သူတွေလေ ဘာမှမလုပ်ပဲ စိတ်ကူးတွေနဲ့ မျှော်လင့်နေလို့ကတော့ ရေတောင်သောက်လို့မရဘူး ဒါကိုများ ကမ္ဘာကြီးနဲ့ချီပြီးပြောခြင်နေကြ
သေးတယ် အဲဒီလက်နဲ့ အဲဒီပါးစပ်တွေက စာမတတ် ပေမတတ်နဲ့ ယာခင်းထဲမှာ ပေါင်းသင်နေတဲ့ လက်လောက်ကို တိုင်းပြည်အတွက် အသုံးမ၀င်ဗျာ။

တော်ပြီ ဆရာရယ် ကျွန်တော်ဒေါသတွေထွက်နေပြီ။

Anonymous said...

မျှဝေချင်လို့ ကော်ပီကူးသွားတယ်
မှန်လွန်းလို့ ပါ ဗိုလ်ချုပ်ပြော တဲ့ ဖာ နိုင်ငံ တော့ ဖြစ်မဖြစ်မသိဘူး
သူတောင်းစားနိုင်ငံ နဲ့ သူ များနိုင်ငံ မှာကျွန်သွား ခံ နေကြ တဲ့ သူတွေ ဖြစ်ကုန် ပြီ

thiparyasay said...

တောက်ကျုပ် တရားလေး သမထလေး မတောက်တခေါက်လုပ်နေပြီ ဒါတောင် ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ စာတွေလူတွေ အကြောင်းဖတ်ရင် မျက်ရည်ကျကျလာတယ်။အားပေးလိုက်တယ် ဒါမင်းအဖေမဟုတ်ဘူး ခုတော့ထူးပါဘူး မျက်ရည်ဝဲလာတယ်။ကျုပ်အဖေဆို ဒီလိုမျက်ရည်ကျမှာဟုတ်ဘူး အတိတ်က သွားလေသော ဘိုးဘွားတွေ ပြန်စဉ်းစားကြည့် ကျဘူးနော် ခုကျတယ်။ထူးတော့ပါဘူး ဒါကျုပ် အဖေ အောင်ဆန်း ဒါကျုပ် အဖိုး အောင်ဆန်းဗျိ့ လို့မှတ်လိုက်ပြီ။

မောင်ဘကြိုင် said...

သူလိုလူ ရှားမှရှား

မြစ်ကျိုးအင်း said...

ဗိုလ်ချုပ်အကြောင်းလေးတွေ ပြန်ဖတ်ရတိုင်း ရင်ထဲမှာ တမျိုးကြီး ဖြစ်ရတယ်ဗျာ။ ဝမ်းနည်းမိတယ်။ သူသာ လုပ်ကြံမခံရခဲ့ရင်ဆိုတဲ့ အတွေးလည်း ဝင်မိတယ်။

အခုချိန်မှာ တိုင်းပြည်တိုးတက်ဖို့ဆိုတာ လူတိုင်းကိုယ့်တာဝန်ကိုယ်ကျေနိင်အောင် ကြိုးစားဖို့ လိုပါတယ်။ နောက်ပြီး ဌာနဆိုင်ရာတွေလည်း လူမှန်နေရာမှန် ဖြစ်ဖို့လည်း လိုပါတယ်။ နေရာမမှန်ရင်တောင် လူမှန်အောင် ကြိုးစားမယ်ဆိုရင် တိုးတက်နိင်ပါရဲ့။

ဒုတိယလူ said...

ဗိုလ်ချုပ်အကြောင်းလေး ဖတ်မီပြီး
ရင်ထဲမှာ ဆို့နင့်နေလို့ ဘာပြောရမှန်း
တောင် မသိတော့ဘူးဆရာရေ


ခင်မင်လေးစားလျှက်
(ဒုတိယ)

ကြိုက်ရင်ပေါ့လေ . . .