Wednesday, 3 August 2011

ထောင်းလက်စနဲ့ ဆက်ထောင်းခြင်း . . .

ခန္ဓာကိုယ်အကြောင်းရေးလိုက်မိတဲ့ 
ပထမတက်(ဂ်)ပို့(စ်) တစ်ပိုင်းအပြီးမှာ ပေါင်ကျိန်းသွားတာကြောင့် သုံးလေးရက်လောက် အနားယူလိုက်ရရှာတဲ့ ဦးဟန်ကြည်တစ်ယောက် ထောင်းလက်စနဲ့ ဆက်ထောင်းရမယ့် တာဝန်တစ်ရပ်ကြောင့် ကျန်နေသေးတဲ့ တက်(ဂ်)ခေါင်းစဉ်တွေကိုလည်း ဆက်ပြီးရေးရင်း ကိုယ့်ကိုယ်ကိုဖော် မသူတော်ဆက်လုပ်လိုက်ရပြန်ပါပြီ။ အရပ်ရပ်နေပြည်တော် လူကြားလို့မှမတော်တဲ့ အမူအကျင့်တွေပါသွားရင်လည်း ကိုယ်ဖတ်သမျှကိုယ့်စိတ်ထဲမှာထားဖို့၊ ဦးဟန်ကြည်ကို အကြောင်းပြုပြီး၊ မောင်းထုမကြော်ငြာဖို့ အကြောင်းခံနဲ့ အရင်တောင်းပန်ထားပါရစေဦး။ 

ကြော်ငြာကောင်းကြတာကြောင့် ဦးဟန်ကြည်ရဲ့ ချစ်စရာ၊ ကြည်ညိုစရာ အင်မတန်ကောင်းလှစွာသော ဂုဏ်ပုပ်( ဂုဏ်ပုဒ် မဟုတ်ရှာပါ )တွေကို ဟောလိဝုဒ်က James Cameron, Martin Scorsese, Steven Spielberg  စတဲ့ ဒါရိုက်တာ အကျော်အမော်ကြီးတွေ သတင်းရသွားရင်ဖြင့် မင်းသားတင်ရိုက်မှာ စိုးရိမ်ရတာကြောင့်ပါ။ အဲဒီလိုသာ မင်းသားတင်ရိုက်လိုက်ရင့် ဟောလိဝုဒ် ရုပ်ရှင်သမိုင်းကြောင်းမှာ သရဲဇာတ်ကောင်အဖြစ် မိတ်ကပ်အကူမလိုဘဲ ပထမဆုံးသရုပ်ဆောင်သွားသော မြန်မာပြည်မှ ဦးဟန်ကြည် ဆိုပြီး စာမျက်နှာတွေပေါ်မှာ ပြူးတူပြဲတဲ ပါကုန်ပြီး ကိုယ့်အလုပ်နဲ့ကိုယ် ယားလို့တောင် ကောင်းကောင်းမကုတ်အားရှာတဲ့ ဆားပုလင်းဟန်ကြည်တစ်ယောက် Paparazzi တွေရန်က ပုန်းနေရမှာကို စိုးရိမ်ရသေးတယ် မဟုတ်ပါလား။

ကိုင်း…နိဒါန်းနဲ့တင် ပေမရှည်တော့ဘဲ ဖော်လက်စလေးကိုပဲ ဆက်ဖော်ကြပါစို့ရဲ့…

( ၂ ) အပြုအမူ  

အပြုအမူနဲ့ပတ်သက်ရင်တော့ ငယ်ဘ၀နဲ့ လက်ရှိဘ၀လို့ နှစ်ပိုင်းခွဲမှ ဖြစ်မယ်ထင်ပါတယ်။ ဒါမှပဲ ဦးဟန်ကြည်ရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုတွေကို နှိုင်းယှဉ်နိုင်မှာ မဟုတ်ပါလား။

ငယ်ဘ၀ဆိုတာကို လူမှန်းသူမှန်းသိတဲ့အရွယ်ကစလို့ တက္ကသိုလ်ကျောင်းသားအရွယ်အထိ သတ်မှတ်ထားလိုက်ပါတယ်။ အနောက်နိုင်ငံမှာဆိုရင်တော့ တက္ကသိုလ်ကျောင်းသားဘ၀ရောက်ရင် လူကြီးဖြစ်ကြပေမယ့် ဦးဟန်ကြည်တို့ ရွှေပြည်ကြီးမှာတော့ တက္ကသိုလ်ကျောင်းသားအရွယ်ဆိုတာ ကလေးကြီးသာသာပဲ ရှိကြပါသေးတယ်။ အချိန်တန်ရင် မုန့်ဖိုးတောင်းပြီး ကျောင်းသွားရတာချင်းအတူတူမို့ အခြေခံပညာအဆင့်ကျောင်းသားနဲ့ တက္ကသိုလ်ကျောင်းသားဟာ ဘ၀ချင်းလည်း သိပ်တော့မကွာခြားလှသေးတာလည်း မျက်မြင်ကိုယ်တွေ့ ကြုံဖူးကြမယ်ထင်ပါရဲ့။ (ဆန့်ကျင်ဘက်လိင်ကို မသိမသဲာ စိတ်ဝင်စားတာနဲ့ အင်တိုက်အားတိုက် စိတ်ဝင်စားတာက လွဲရင်ပေါ့လေ…)

( က ) ငယ်ငယ်တုန်းက

ငယ်ငယ်တုန်းကတော့ ကလေးလေးပေါ့လို့ပြောရင် အားလုံးက ၀ိုင်းပြီးမေတ္တာပို့ကြမှာ သေချာပါရဲ့။ 
ဒါပေမယ့် မောင်ဟန်ကြည်ဆိုတဲ့ ကလေးလေးက သူများတကာနဲ့မတူဘဲ အင်မတန်မှ ဇီဇာကြောင်ပါတယ်။ တခြားကလေးများလို ချီတာပိုးတာ၊ ယုယတာကို နည်းနည်းမှမကြိုက်ပါ။ ပုခက်ထဲမှာ ပက်လက်လှန်ပြီး လက်မကလေးစုပ်ရင်း ပုခက်အမိုးကို မော့ကြည့်လို့ ဘာတွေကြံမှန်းမသိဘဲ ငြိမ်နေတတ်တာကြောင့် အိမ်မှာကလေးရှိတယ်ဆိုတာတောင် မသိရလောက်အောင် သဘောကောင်းခဲ့ပါသတဲ့။ တော်ရုံနဲ့ငိုခဲတာကြောင့် မိဘများလည်း အင်မတန် စိတ်ချမ်းသာခဲ့ပါသတဲ့။ ( အမှန်ကတော့ ငိုရမှာတောင် ပျင်းတာ ဖြစ်ပါလိမ့်မယ်…)

စကားပြောတတ်ကာစအရွယ်ရောက်တဲ့အခါ တစ်ယောက်ယောက်ကကောက်ချီလိုက်ရင် “ သားသားပါစီ…နေပါစီ ”  လို့ မပီကလာပီကလာပြောရင်း တစ်ကိုယ်ရည်လွတ်လပ်ခွင့် Privacy ကို အရွယ်နဲ့မလိုက်အောင် တောင်းလေ့ရှိပါတယ်။ ကလေးဘ၀တစ်လျှောက်လုံး အချီအပိုး၊ အယုအယ တစ်ခါမှ လုပ်စရာမလိုတာကြောင့် ချစ်ကြခင်ကြတဲ့ အမျိုးအဆွေတွေလည်း အင်မတန်မှ ပေါခဲ့ပါတယ်။ ( ကြီးမှ ပေါင်းပြီး ဆိုးမှာကို မသိကြသေးလို့ ဖြစ်ပါလိမ့်မယ်…)

စာနည်းနည်းဖတ်တတ်တဲ့ ကျောင်းသားအရွယ်ရောက်တော့လည်း တွေ့ကရာ စာအုပ်တစ်အုပ်နဲ့ ချောင်တစ်ချောင်မှာ ကုပ်ပြီး စာဖတ်နေတတ်ပါတယ်။ တစ်ခြားကလေးတွေလို အဖော်အပေါင်းနဲ့ ကစားခုန်စားလုပ်ဖို့လည်း ၀ါသနာမပါခဲ့ပါ။ ဗလသေးတော့ အနိုင်ကျင့်ခံရမှာကို စိုးရိမ်တာကြောင့်လည်း ပါမယ်ထင်ပါရဲ့။ သေချာတာတစ်ခုကတော့ လူများများနဲ့ မနေတတ်တာပါပဲ။ စာဖတ်ရတာငြီးငွေ့လာရင်လည်း တစ်ယောက်တည်းပဲ ကစားလေ့ရှိပါတယ်။ ဘောလုံးတစ်လုံးယူပြီး နံရံကို တအုန်းအုန်းနဲ့ နာရီဝက်သာသာလောက် ကန်လိုက်ရင် ကစားခြင်းကိစ္စပြီးပါတော့တယ်။ ဒါမှ အားမရသေးရင်လည်း တွေ့ကရာ တုတ်ရှည်ရှည်တစ်ချောင်းကောက်ကိုင်ပြီး မြင်ဖူးသမျှ တရုတ်သိုင်းကားထဲက သိုင်းကွက်တွေကို ကျင့်သလိုလိုနဲ့ တောင်အော်မြောက်အော် အော်ပြီး ခုန်လိုက်ပေါက်လိုက် လုပ်တာကလည်း မောင်ဟန်ကြည်လေးရဲ့ စိတ်ကြိုက်ကစားနည်းထဲမှာ ပါပါသေးတယ်။ အစစအရာရာ စည်းစနစ်ကျတဲ့ မိဘနှစ်ပါးက ကစားစရာအရုပ် တစ်ခါမှ ၀ယ်မပေးခဲ့ဖူးတာကြောင့် ရွှံ့စေးနဲ့ အရုပ်တွေလုပ်ပြီးလည်း ကစားခဲ့ရပါတယ်။ ( အရုပ်တွေ တစ်ပုံတစ်ခေါင်းကြီးနဲ့ ကစားနေကြတဲ့ ဒီဘက်ခေတ်ကလေးတွေကို ပြန်မြင်ရတော့ တစ်ခါတစ်ခါ ဒေါပွပြီး ကလေးပြန်ဖြစ်ချင်စိတ်တောင် ပေါက်မိပါသေးရဲ့…)

လေးတန်းကျောင်းသားအရွယ်မှာတော့ ဆယ်တန်းမှာ စိတ်ကြိုက်မြန်မာစာယူတဲ့ အဒေါ်ဖြစ်သူရဲ့ “ မြန်မာစာ ကဗျာဖွဲ့နည်း ” စာအုပ်ကို ဖတ်ပြီး ကဗျာမတောက်တခေါက်စရေးရာကနေ ပိုးဝင်သွားတာမို့ အားရင်အားသလို ကဗျာထိုင်ရေးနေတတ်တာကြောင့် အပေါင်းအသင်းကိစ္စဟူသမျှ ကိုယ်နဲ့မဆိုင်တော့ပါ။ အားရင်အားသလို စာဖတ်ချင်ဖတ်၊ ကဗျာရေးချင်ရေးနေတတ်တာကြောင့် လူကြီးတွေ အမြင်ကတ်စရာကောင်းတဲ့ လူကြီးပေါက်စကလေး အဖြစ်နဲ့ လူလားမြောက်ခဲ့ရတယ်လို့ ဆိုရပါလိမ့်မယ်။

ကလေးဘ၀ကတည်းက ပွဲလမ်းသဘင်ကိုလည်း စိတ်မ၀င်စားခဲ့ပါ။ ကိုယ့်အိမ်နားမှာ လာကတဲ့ဇာတ်ပွဲကိုတောင် သွားမကြည့်ဖြစ်ခဲ့ပါ။ အနုပညာကို မြတ်နိုးပေမယ့် လူတွေကြားမှာ တိုးဝှေ့သွားရမှာကို စိတ်ပျက်တာကြောင့် ဖြစ်ပါတယ်။ ( ရုပ်မလှတာကို ရွာလည်ပြီး မပြချင်တာကြောင့်လည်း ပါမယ်ထင်ပါတယ်…)

အဲဒီလောက် တစ်သီးပုဂ္ဂလဆန်ဆန်နဲ့ ကြီးပြင်းလာခဲ့တဲ့ မောင်ဟန်ကြည်ကလေးကို သူငယ်ချင်းအပေါင်းအသင်းများက အင်မတန်မှ လေးစားကြတာကြောင့် လေးတန်းကျောင်းသားအရွယ်ကစလို့ အတန်းစဉ်အတိုင်း အတန်းခေါင်းဆောင်မြှောက်ကြပါတယ်။ သူတို့နဲ့မတူတာကြောင့် အထင်ကြီးတာလည်း ပါပါလိမ့်မယ်။ ( မောင်ဟန်ကြည်ကလေးကလည်း ထူးချင်ထူး…မထူးချင်လည်း ရူးဆိုတဲ့ ဒီဇိုင်းထဲမှာ ပါနေပေသကိုး…) အတန်းခေါင်းဆောင်လုပ်ခဲ့တဲ့ သက်တန်းတစ်လျှောက်မှာ ပေးသမျှတာဝန်ကို မကျေကျေအောင်၊ မကောင်းကောင်းအောင် လုပ်လေ့ရှိတာကြောင့် ဆရာမထုတ်ပေးတဲ့ငွေအပြင် ကိုယ့်မုန့်ဖိုးပါမလောက်လို့ မိဘတွေဆီမှာပါ ပြန်ချေးယူရတဲ့ အကြိမ်ပေါင်းကလည်း မရေမတွက်နိုင်အောင် များလှပါတယ်။ အဲဒီလောက် ပြောင်မြောက်တဲ့ ကိုယ့်ရဲ့ အကျင့်စရိုက်တွေကို သိတာကြောင့်လည်း အရွယ်ရောက်တဲ့အခါမှာ ၀န်ထမ်းမလုပ်ဘဲ ကိုယ်ပိုင်လုပ်ငန်းနဲ့ ရပ်တည်ဖို့ ရွေးခဲ့ရပါရဲ့။ ၀န်ထမ်းလုပ်လို့ အရာရှိ၊ အရာခံများဖြစ်သွားရင်လည်း မ၀ါးတတ်၊ မမြိုတတ်ဘဲ ဘာမဆို ကောင်းချင်တဲ့စိတ်တစ်ခုတည်းနဲ့ လုပ်နေဖြစ်ရင် အထက်ကလည်း မကြည်၊ အောက်ကလည်း အစာမကျေဖြစ်ပြီး ဒုက္ခနဲ့ လှလှတွေ့လို့ လှလှပါ ရွာပြန်ရမယ့်ကိန်းဆိုက်မှာ သေချာနေတယ် မဟုတ်ပါလား။

ခပ်ငယ်ငယ်ကျောင်းသားအရွယ်ကတည်းက ဘာမဆို မတန်ရင် မယူတတ်အောင် မိဘတွေက ကျင့်ပေးလိုက်တာကြောင့် ဘယ်အရာကိုမှ သူတစ်ပါးဆီက အလကားမလိုချင်ခဲ့ပါ။ တစ်ခုလိုချင်၊ တစ်ခုပေးရမယ်ဆိုတဲ့မူကိုပဲ လက်ကိုင်ထားပြီး ကြီးပြင်းခဲ့ပါတယ်။ မောင်ဟန်ကြည်လေးရဲ့ မိဘတွေက မုန့်ဖိုးငွေကိုတောင် အလကားပေးတဲ့ မိဘတွေမဟုတ်ပါ။ အနည်းဆုံးတော့ ရေခပ်၊ ထင်းခွဲ၊ ခြံရှင်းတာလောက်ကတော့ လုပ်ခိုင်းပြီးမှ မုန့်ဖိုးပေးတဲ့ မိဘတွေဖြစ်ပါတယ်။ ဒါကြောင့် ငွေကိုတန်ဖိုးထားတတ်တဲ့အကျင့်ကိုပါ ရခဲ့ပါတယ်။ ( တန်ဖိုးမထားဘဲနေရိုးလား…တစ်ကျပ်တစ်ပြားရဖို့ ဒီလောက်တောင် ချွေးဒီးဒီးကျခံပြီး လုပ်ထားရတာကိုး…) ဒါတင်မကသေးဘဲ မခိုးရ၊ မညာရတဲ့ ဘယ်အလုပ်ကိုမဆို မရှက်မကြောက်လုပ်ရဲအောင်လည်း လေ့ကျင့်ပေးတာကို ခံခဲ့ရတာကြောင့် သမ္မာအာဇီဝကျတဲ့ ဘယ်အလုပ်ကိုမဆို ငယ်ငယ်ကတည်းက လုပ်ရဲကိုင်ရဲခဲ့ပါတယ်။ ( ဒါကြောင့်ပေါ့… ကြီးလာတဲ့အခါ ၀န်ထမ်းမလုပ်ရဲတာ…)

တက္ကသိုယ်ကျောင်းသားအရွယ်ရောက်တဲ့အခါမှာတော့ အပေါင်းအသင်းမရှိတဲ့ ကိုယ့်အားနည်းချက်ကို ပြင်ဖို့ရည်မှန်းချက် ဧရာမကြီးနဲ့ တွေ့ကရာရှစ်သောင်းနဲ့ အပေါင်းအသင်းလုပ်ခဲ့ရာမှာ ပထမနှစ်က သူငယ်ချင်း ၁၅၀ ကျော်ကျော်လောက်နဲ့ ရင်းနှီးခဲ့ပါတော့တယ်။ ဒါပေမယ့်လည်း လူများရင်၊ လေများပြီး သူများစိတ်နဲ့ကိုယ့်ကိုယ် လုပ်ရပြန်တာကို စိတ်ညစ်လာတော့တာကြောင့် ဒုတိယနှစ်ကစပြီး သူငယ်ချင်းတွေကို ရွေးပြီးပေါင်းရာမှာ လက်ရွေးစင်သူငယ်ချင်း သုံးယောက်ပဲ ကျန်ပါတော့တယ်။ ( ကောင်းလိုက်တဲ့ လက်ရွေးစင်ရွေးနည်း…ဆန်ကာတင်ရွေးတဲ့ ဆန်ကာက ဆင်တောင် ကျွံလောက်အောင် ကျဲတယ်ထင်ပါရဲ့…၁၅၀ မှာ သုံးယောက်ပဲ ကျန်တော့တယ်လို့…။ ကိုင်း…ရည်းစားတစ်ထောင်ကနေ လင်ကောင်တစ်ယောက်ရွေးဖို့ အခက်အခဲဖြစ်နေကြကုန်သော ဘလော့ဂါ၊ ဘလော့ဂီအပေါင်းတို့ ဆန်ကာတင်ရွေးနည်း နိဿရည်းကို ဦးဟန်ကြည်ထံတွင် နည်းယူကြပါကုန်… )


ကြောင်ဖမ်းဆရာတော်ပုံပြင်ကို ခေါင်းစဉ်တည်ပြီး ပို့(စ်)ပေါင်းများစွာဖြစ်အောင် အင်တိုက်အားတိုက် ရေးတတ်လွန်းတဲ့ တုံးဖလားသူကြီးမင်း ကိုကိုမောင် (ပန်းရနံ့) ကို အားကျမိတာကြောင့် အပြုအမူနဲ့ဆိုင်တဲ့ တက်(ဂ်)ပို့(စ်)ကိုလည်း အပိုင်းပိုင်းဖြစ်အောင်ခွဲစိတ်လို့ ( ခေတ်စားနေတဲ့ ကိုရီးယားဇာတ်လမ်းတွဲများလို ) အခန်းဆက်တက်(ဂ်)ပို့(စ်) ဖြစ်အောင် ရေးတော့မှာမို့ ဖတ်ရင်းကနေ ငြီးငွေ့တော်မူကြရင်လည်း လွန်တာရှိက ၀န္ဒာမိလုပ်ရင်း လူကြီးမဖြစ်တဖြစ်အရွယ် ဦးဟန်ကြည်ရဲ့ အပြုအမူနဲ့ စိတ်ပိုင်းဆိုင်ရာတွေနဲ့ပတ်သက်တဲ့ တက်(ဂ်)ပို့(စ်)အဆက်ကို စိတ်မရှည်လက်မရှည် ဆက်ပြီးအားပေးကြဖို့ မေတ္တာရပ်ခံသမှု ပြုလိုက်ရပါကြောင်း…။   ။

19 comments:

တောက်ပကြယ်စင် said...

ဘာမဆို မတန်ရင် မယူတတ်အောင် သင်ပေးခဲ့တဲ့ ဆရာမိဘတွေက ချီးကျူးဖို့ ကောင်းသလို အတုယူစရာလည်း ကောင်းလှပါရဲ့နော်။ ရွှံ့စေးတွေကို အရုပ်လုပ်ပြီး ကစားခဲ့တာကို တွေ့တော့ ငယ်ဘ၀ကို ပြန်မြင်ယောင်နေမိပါရဲ့။ ဘုန်းဘုန်းငယ်ငယ်တုန်းကလည်း လယ်တောထဲမှာ ရွှံ့တွေကို ကျွဲတွေ၊ နွားတွေလုပ်ပြီး ကစားခဲ့ဖူးလေသည်။ ဆရာကလည်း နည်းနည်းလျှော့ပါဦး။ အချီအပိုး၊ အယုအယ တစ်ခါမှတောင် လုပ်စရာ မလိုဘူးပေါ့။ ဆရာကိုယ်ခန္ဓာကိုယ်က ပုံထဲမှာ ကြည့်ရတာ အရမ်းကာရောကြီးလည်း မသေးပါဘူး။ အပြင်မှာတော့ မသိဘူး။ ဟိ။ အဆိုတော် စည်သူလွင်ထက်တော့ ကြီးလောက်ပါတယ်နော်။ မှတ်သားစရာပဲဟေ့ ၁၅၀-ကနေ ၃-ယောက်လောက် ကျန်တာကိုတော့။ ကျန်းမာပျော်ရွှင်ပါစေဆရာ...

မင်းဧရာ said...

ဆရာ.........
ပြက္ခဒိန် ရိုက်ဖို့လာ ငှားတာ ကြော်ငြာတို့ ဗီဒီယို တို့ ရုပ်ရှင်တို့ကတော့ နောက်မှပေါနော် ဘယ်တော့လောက်များ
အားမလည်း မသိဘူး................
အိမ်မှာက ကြွက်တို့ ပိုးဟပ်တို့ သောင်းကြမ်းနေလို့ပါ
ရက်ချိန်းရရင်လည်း အကြောင်းကြားပါအုံးနော်။

ချစ်စရာကောင်းတဲ့ ဆရာ မို့စတာပါဆရာ။
အခန်းဆက်အပေါင်းကိုလည်းစောင့်မျှော်နေပါ့မယ်။

Angelhlaing(May everybody be happy and healthy! said...

မိုက်လယ်မိုက်လယ် ဖတ်ရတာ ဒီအကိုကတော့ ပြုံးလျှက် ပြန်၏။ ...:):) ဆက်လက်စောင့်မျှော်လျှက်ပါ လို့...

သူကြီးမင်း (တုံးဖလား) said...

စိတ်မကောင်းလိုက်တာ။ သူကြီးမင်းရောဂါ ဆရာဟန်ကြည်ကို ကူးစက်သွားရှာပြီ။း))))
တော်တော်လေး ကုရဦးမယ်။

အတန်းစဉ် မော်နီတာ လုပ်ခဲ့ရလို့လဲ အခု မော်နီတာနားက မခွါနိုင်ဖြစ်နေပုံရတယ်။

ဆရာရေ...
ဆရာ့ဆန်ကာချည်းတော့ မလိုချင်ဘူး။ ဦးရေပွါးနည်းတော့ လိုချင်တယ်။ ဆန်ကာချရအောင် အချခံမဲ့သူတွေ မရှိသလောက် ဖြစ်နေလို့။

ဘာမှမပူနဲ့ ဆရာရေ... ဆက်လက်ပြီး ဒုက်ခ ခံလိုက်ပါ့မယ်။ အဲ... ယောင်လို့... ဆက်လက်ပြီး အားပေးပါ့မယ်။

ခင်မင်လျက်

ဟန်ကြည် said...

ဘုန်းဘုန်းတောက်ကတော့ လုပ်ရော့မယ်...မရှင်းမရှင်းနဲ့...ဘယ့်နှာဖြစ်လို့ စည်သူလွင်ထက်တော့ ကြီးလောက်ပါတယ်လို့ မေးတော်မူပါလိမ့်နော်...ကျောချမ်းလိုက်ပါဘိတော့...

အဖြူရောင်နတ်သမီး said...

တဂ်ပို့စ် အတွဲဆိုတာ ခုမှပဲ ဖတ်ဖူးတော့တယ်..
ကိုရီးယားဇာတ်လမ်းတွဲလိုပဲနော်...
ဦးဟန်ကြည်တို့များ ပြောတော့ မရေးချင်ပါဘူးဆိုပြီး ရေးမယ့်ရေးတော့ Mood ဝင်သွားပြီး ခွေဆက်တောင်ဖြစ်သွားပါရော့လား..။


ဆက်ရန်မျှော်နေပါသည်...

နေ၀သန် said...

:D.... သူကြီးမင်းရောဂါသာကူးရင်တော့ ဆရာဦးဟန်ကြည်တော့ မလွယ်ရေးချပဲ... ဟားဟား...း)))

ခင်မင်လျက်
နေ၀သန်

မဒမ်ကိုး said...

ဦးဟီကျန်(ကိုးရီးယားနာမည်စတိုင်ပေါ့လေ)..
ဖတ်ပြီးပြုံး..ြ့ပုံးရာမ.လက္ခဏာပြောင်း
အဲလေ..ရီမိသွားပါကြောင်း..
ခင်မင်လေးစားလျှက်..
မဒိုးကန်

ahphyulay said...

အမယ်...
ဘယ်သူ့ မှ မရေးဘူးသေးတဲ့ 
တဂ်ပို့ (စ) ရေးနည်းကို ရေးနေပြီးတော့ ...။
ဒါပေမယ့် ကောင်းပါတယ် ဖတ်လို့ ။
အဲ.. ဇကာတော့  ငှားချင်တယ်။
သုံးချင်လို့  ..။

ဟန်ကြည် said...

လုပ်ရက်ပါပေ့ မဒိုးကန်(မဒမ်ကိုး) ရယ်...
ဟီပြီးကျန်ခဲ့မှတော့ လူစင်စစ်က မြင်းဖြစ်သွားပေမပေါ့...

မအိမ်သူ said...

တဂ်ပို့စ် အခန်းဆက်ကို ဆက်လက် အားပေးသွားပါတယ်ဆရာ။ ဆရာဦးဟန်ကြည်ရဲ့ ကိုရီးယားကားက အခန်းဆက်တယ်များသကိုး.. ဇာတ်လမ်းကကောင်းနေတုန်း တစ်ပိုင်းပြီး၏ ဆက်ရန်ဆိုတော့လည်း မျှော်ရတော့မှာပေါ့...း))

အလင်းသစ် said...

အဟီးးးးးးးးးး ဖတ်သွားပြန်ပြီဗျာ။။ ဆရာ့လိုပဲ အနော် ငယ်ငယ်က သူများချီတာ ကြိုက်ဝူး။။ ချစ်စရာကြီးလို့ပြောပြီး နမ်းလို့များကတော့ စနေမိုးလို မတိတ်တမ်းငိုတော့တာ။။ ကိုယ်အမြင်ကတ်တဲ့သူ ကိုယ့်ကိုများ ချီလို့ ပိုးလို့ကတော့ ရှူးပေါက်ချပစ်တယ်။။(ငယ်ငယ်ကပြောပါတယ်..ဟီးးး)။။

မေသိမ့်သိမ့်ကျော် said...

ငယ်ကတည်းက ထင်ထင်ရှားရှား ၊ သူများနဲ့ ကွဲပြားနေခဲ့တာပေါ့။ နောက်ထပ်တဂ်ပို့စ်တွေကိုလည်း လာဖတ်ဦးမယ် ဦးလေးကြီးရေ....(မှတ်ကရော...ခေါ်ပစ်လိုက်ပြီ...း)


ခင်တဲ့

mstint said...

ကိုဟန်ကြည်က ပုခက်ထဲကစလို့ အနာဂါတ်အတွက် တွေးခေါ်မြော်မြင်နေပုံရတယ်း)
လူများများနဲ့မနေချင်တဲ့သူက လူမြောက်များစွာနဲ့ အလုပ်လုပ်ရလေ့ရှိတာ ဓမ္မာတာပဲ။
၎-တန်းထဲက ကဗျာစပြီး စပ်ခဲ့တာမို့ အခုလို စာအရေးအသားကောင်းတာ သဘာဝကျပါတယ်။
ကိုဟန်ကြည်ရဲ့ မိဘတွေစည်းစနစ်ကြီးပုံကို သဘောကျတယ်။
၁၅၀ကို ဆန်ကာတင်လိုက်တာ ၃ယောက်ရတာ မဆိုးပါဘူး။ စိတ်တူကိုယ်တူ ဝါသနာတူဆိုတာ တကယ်တန်းက ရှာရခက်တယ်လေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မောင်သီဟ said...

ဆရာကြည်
ကိုးရီးယားတွဲတွေမကြိုက်ပေမယ့်
ဆရာကြည့်အတွဲကိုတော့ အားတိုင်းလာချောင်းဖတ်ပါ့ မယ်ဗျား)း)

မောင်ဘကြိုင်

စံပယ်ချို said...

ကြည့်နေတဲ့ ကိုးရီးယားတောင်ဘယ်ရောက်သွားလဲအောင့်မေ့ရ
လောက်အောင်ကိုဆွဲဆောင်မှုရှိတဲ့
တဂ်ပို့စ် အတွဲဆိုတာ ခုမှပဲ ဖတ်လိုက်ရတယ်။
ရာဇ၀င်တွင်မည့်(ဦး)ဟန်ကြည်ပေါ့နော်ဆရာ။

မေဓာဝီ said...

လေးတန်းနဲ့ ကဗျာစပ်နေတဲ့ မောင်ဟန်ကြည်ကလေးကို လေးစားပါ၏။

ကလေးဘ၀ထဲက တကိုယ်ရေ လွတ်လပ်ခွင့်ကို တောင်းဆိုတတ်တဲ့ မောင်ဟန်ကြည်လေး ပြောတဲ့ သားသားပါစီ နေပါစီကို သဘောအကျဆုံးပဲ။
အင်း ... ငယ်ငယ်ကတော့ သားသားပါစီ နေပါစီပေါ့ ... အရွယ်လေးလဲ ရောက်ရော နှစ်ယောက်ထဲ နေချင်တယ် လို့ ဖြစ်ရော မဟုတ်လား။ :))

မတန်ရင် မယူတတ်တဲ့ ဦးဟန်ကြည်က မတန်ရင် ပေးရောပေးတတ်လား။ မယူတတ်တာ ကိစ္စမရှိဘူး၊ ပေးလဲ မပေးတတ်ရင်တော့ ကိစ္စရှိမယ် ထင်တယ် ဆရာရေ့ ... ။

ချော(အစိမ်းရောင်လွင်ပြင်) said...

ထောင်းလက်စနဲ့ဆက်ထောင်းခြင်း ဆိုတော့ ပိုစ့်ခေါင်းစဉ်ဖတ်လိုက်တာ ဦးဟန်ကြည်တစ်ယောက် မောင်းနေတယ် မှတ်တာ လက်စသပ်တော့ တဂ်ပိုစ့်ရေးနေတာကိုး
ငယ်ကတည်းက ဇကလေးနဲ့ပါလား နော်
ဒါနဲ့ ဆရာ့မဟေသီကိုရော ၅၀၀ထဲက ဆန်ကာတင်များ ရွေးခဲ့လေသလားး) ဟိဟိ

SHWE ZIN U said...

ဆရာ ရေ

စာလေး လာဖတ်သွားတယ် လင့်ခ်လေး လည်းယူသွားတယ်နော်

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger