Sunday, 21 August 2011

နှလုံးသားထဲက ပုဂံပြည် ( ၁ ) . . .


ဦးဟန်ကြည်တစ်ယောက် 
ပထမဆုံးတက်(ဂ်)ပို့(စ်)ကို ဈာန်ဝင်သွားပြီးတဲ့နောက်မှာ လူငယ်ရေးရာတွေကိုရေးဖို့ အရှိန်နည်းနည်းကျသွားတာကြောင့် နွေရာသီအားလပ်ရက်က နေပြည်တော်နဲ့ပုဂံကို အပန်းဖြေခရီးရက်ရှည်သွားခဲ့သမျှ နေ့စဉ်မှတ်တမ်းအဖြစ်ရေးထားခဲ့တာတွေကို မြန်မာပြည်နဲ့ အဝေးမှာရောက်နေပြီး မြန်မာ့မြေ၊ မြန်မာ့ရေ၊ မြန်မာ့သဘာဝကို လွမ်းဆွတ်တမ်းတနေသူတွေ အလွမ်းစေဖို့ ခရီးသွားမှတ်တမ်းအဖြစ် တင်ဆက်ဖြစ်ပါတယ်။ ပုဂံမှာ ၁၂ ရက်ကျော်ကျော်ကြာအောင် နေပြီး တစ်မြို့လုံးအနှံ့ပြဲပြဲစင်အောင် သွားခဲ့၊ လာခဲ့၊ လေ့လာခဲ့တာမို့ ပုဂံရဲ့အလှ၊ ပုဂံရဲ့အနှစ်သာရနဲ့ ပုဂံသားတွေရဲ့ ဖြူစင်တဲ့နှလုံးသားနဲ့ ၀ိညာဉ်ကိုပါ ထဲထဲဝင်ဝင်မြင်ခဲ့ရတာကြောင့် ဒီခရီးသွားမှတ်တမ်းဟာ အခြေအနေ အကောင်းအမျိုးမျိုးကြောင့် တိုင်းခြားကို ရောက်နေကြတဲ့ ချစ်စွာသော မြန်မာပြည်သားများအတွက် အလွမ်းပြေစရာ ဖြစ်လိမ့်မယ်လို့လဲ ယူဆမိပါရဲ့...


၎.၄.၂၀၁၁
ဒီနေ့ အိပ်ရာထတာ နောက်ကျပါတယ်။ ၁၀နာရီကျော်လောက်မှပဲ နိုးပါတယ်။ ထမင်းသွားမစားတော့ဘဲ မြို့မဈေးမှာ အဆင်ပြေတဲ့စားစရာတစ်ခုခု စားလိုက်တယ်။ တစ်လက်စတည်းနဲ့ ပုဂံလက်မှတ်ပါ ၀ယ်လိုက်ပါတယ်။ ရှေ့ခုံတွေ ကုန်နေတာကြောင့် နောက်ဆုံးတန်းပဲ ကျန်ပါတော့တယ်။ ဒါပေမယ့် ခရီးသွားများတဲ့ ရာသီဖြစ်တာမို့ ကြေးမများရဲတော့ပါ။ ရတဲ့ခုံကိုပဲ ၀မ်းပန်းတသာ ယူခဲ့ပါတယ်။ ကားခက နှစ်ယောက်စာကို ၁၁၂၀၀ ကျပါတယ်။

 ပြီးတော့ junction center ကို ဆိုင်ကယ်နဲ့ ဒုတိယအကြိမ် ထပ်သွားဖြစ်ပါတယ်။ ဒါပေမယ့် မျက်စိလည်နေတာကြောင့် ဈေးပတ်ဝန်းကျင်မှာပဲ တလည်လည်ဖြစ်နေပြီး နောက်ဆုံးမှာ လမ်းညွှန်ပေးတဲ့သူ ကျေးဇူးနဲ့ သပြေကုန်းအ၀ိုင်းကြီးကနေ တောင်ဘက်(မသေချာပါ သူများဒေသမှာ တောင်မြောက်မကွဲပါ) ကို မောင်းချသွားမှပဲ ရောက်ပါတော့တယ်။ ဒါပေမယ့် ဘာမှ မ၀ယ်တော့ဘဲ အပေါ်ထပ်တက်ပြီး ကစားရုံမှာကစားတယ်။ ကိုယ့်အရွယ်က ကလေးမဟုတ်တော့တာကြောင့် ကလေး ကစားတဲ့ဂိမ်းတွေက အဆင်မပြေပါ။ သေနတ်ပစ်တာပဲ ကစားဖြစ်ပါတယ်။  ပြီးတော့ အရုပ်ကောက်တဲ့ဂိမ်း ကစားပြန်တော့ လည်း တစ်ခါထည့်ရင် ကွိုင်လေးခုကုန်ပြီး အရုပ်တွေကို ကျပ်ညပ်နေအောင် ထည့်ထားတာကြောင့် နှစ်ခါကောက်အပြီး မှာ လက်လျှော့လိုက်ပါတယ်။ 

အမျိုးသမီးကတော့ ဆံပင်တစ်ခါထပ်ပြင်ပါတယ်။ ၅နာရီလောက်ကတည်းက ဆံပင်ပြင်တာ ည၇နာရီခွဲမှပဲ ပြီးပါတော့တယ်။ ကိုယ့်ခမျာလည်း တောင်သွားမြောက်သွားနဲ့ ခြေရာများတောင် ထပ်ကုန်ပါတော့တယ်။ အမျိုးသမီး ဆံပင်ပြင်နေတဲ့ အောက်ထပ်ကိုဆင်းပြီး စနည်းနာကြည့်တော့ သူ့ဆံပင်ကို ပြင်ပေးနေတဲ့ဆရာက ရန်ကုန်က နံမည်ကြီး Tony ထွန်းထွန်းပါတဲ့။ ကြားဖူးနားဝရှိနေတဲ့နံမည်ဖြစ်ပေမယ့် မာမီတွေတွေ့ရင် ကြောစိမ့်တဲ့ ကိုယ်ကတော့ လှိုက်လှိုက်လှဲလှဲ စကားမပြောဖြစ်ခဲ့ပါ။ အမျိုးသမီးကတော့ သူတို့ခရစ်ယာန်ဘာသာဝင်အချင်းချင်းဆိုတော့ လေပေးဖြောင့်နေတာ တွေ့ရပါရဲ့။ အရေးထဲမှာ အဲဒီမာမီက ကိုယ့်ကို တိုးရစ်လို့ ထင်နေတာကြောင့် ငိုအားထက် ရယ်အားသန်ခဲ့ရပါသေးတယ်။ နေပူစပ်ခါးမှာ မနားမနေ ခရီးသွားခဲ့တာကြောင့် ကြေးနီရောင် အသားအရည်ဖြစ်နေတဲ့ ဦးဟန်ကြည်ကို အာဖရိကန်များ ထင်နေရော့သလား ချစ်စွာသော မာမီ တိုနီထွန်းထွန်းရယ်လို့ပဲ စိတ်ထဲက ပြောမိပါတော့တယ်။ 

သူတို့အနားမှာ ရပ်နေရင်း ကြောစိမ့်လာတာကြောင့် ဆံပင်အလှပြင်ဆိုင်ရှေ့က စားသောက်ဆိုင်မှာ တစ်ခုခုစားရင်းစောင့်မယ့်စိတ်ကူးနဲ့ သွားထိုင်ပြီး မီနူးဖတ်လိုက်မိတာ ခေါင်းကြီးပါ တော့တယ်။ ကိုရီးယားစားစရာတွေကိုလည်း ခံတွင်းမတွေ့ပါ။ တရုတ်ဟင်းတွေကြည့်ပြန်တော့လည်း ၄၀၀၀ တန် ဈေးအပေါဆုံးပါ။ နှစ်သောင်းတန်အထိတောင် ရှိပါသေးတယ်။ စိတ်ပျက်လက်ပျက်နဲ့ ဈေးအပေါဆုံးဖြစ်တဲ့ တစ်ထောင်တန် vanilla coffee ဆိုတာပဲ သောက်ရင်းစောင့်လိုက်ပါတယ်။ အရသာကတော့ ခပ်ကောင်းကောင်းပါ။ ကော်ဖီခွက်ထဲမှာ အမြှုပ်လေးတွေကို လှတပတ စီစဉ်ထားတာကြောင့် မသောက်ဘဲ အလှကြည့်စရာတောင် ကောင်းနေပါသေးရဲ့။ ကော်ဖီအဖျော်ကောင်းမယ်ထင်တဲ့ အဖြူရောင်နတ်သမီး နဲ့ ဒေါ်ချော(အစိမ်းရောင်လွင်ပြင်) တို့ကိုတောင် မဆီမဆိုင် သတိရလိုက်မိပါသေးတော့တယ်။ ဒါပေမယ့် ကော်ဖီနဲ့မတည့်တာမို့ နောက်ထပ်သောက်ဖို့တော့ စိတ်တောင်မကူးပါ။

၈နာရီကျော်ကျော်မှာ အိမ်ပြန်ရောက်ပြီး  စည်ပင်ရိပ်သာထဲကဆိုင်မှာပဲ ညစာစားဖြစ်ပါတယ်။ မစားဖြစ်တာကြာနေပြီ ဖြစ်တဲ့ ငါးရှဥ့်ခြောက်စပ်စားကြည့်ပါတယ်။ စပ်တော့စပ်ပါတယ်။ ဒါပေမယ့် မခြောက်ပါ။ တစ်ကယ်ဆိုရင် ငါးရှဥ့်စိုစပ်လို့ နံမည်ပေးသင့်တယ်လို့ ဆိုင်ရှင်ကို ပြောချင်ပေမယ့် မှန်တာပြောရင် ရွာပြင်ထုတ်ခံရမှာ စိုးရိမ်ရတာကြောင့် မပြောဖြစ်တော့ပါ။ ဈေးကတော့ တစ်ပွဲကို ၄၀၀၀ ပါတဲ့။ အရသာရှိတာမို့ တန်တယ်လို့ပဲ ယူဆလိုက်ပါတော့တယ်။ စားသောက်ပြီးတော့ ည ၁၀ နာရီဝန်းကျင်ရှိနေပြီမို့ နားလိုက်ပါတယ်။

  
၅.၄.၂၀၁၁
မနက်အိပ်ရာထပြီး ဈေးသွားမနက်စာစားပါတယ်။ ဈေးထဲကဆိုင်တစ်ဆိုင်မှာ ဒံပေါက်စားဖြစ်တယ်။ ဈေးသင့်ပါတယ်။ အရသာလည်း မဆိုးပါ။ ဒါပေမယ့် အပူဒဏ်ပြင်းလွန်းတာကြောင့် ဘာစားစား အရသာ မတွေ့ပါ။ စားပြီးတော့ ရိပ်သာပြန်ပြီး ထုပ်စရာပိုးစရာတွေ ထုပ်ရပိုးရပါတော့တယ်။ ဒီညနေ ၇ နာရီထိုးရင်တော့ နေပူတော ကို နှုတ်ဆက်ပါတော့ မယ်။ ဒီလောက်ပူလောင်လွန်းတဲ့ဒေသကြီးကနေ ဖြစ်နိုင်ရင် ချက်ချင်းပြေးချင်ပါပြီ။ ကိုယ်တိုင်က အပူဒဏ်ကို ကြောက်လွန်းတာကြောင့် နောက်တစ်ခါလာဖို့တော့ အိပ်မက်တောင် မမက်ရဲတော့ပါ။ ဒီဒေသဟာ နေ့ပိုင်းဆိုရင် ပူလွန်းလောင်လွန်းတာမို့ လူတွေအားလုံး အိမ်တွင်းပုန်းနေကြပြီး ညပိုင်းရောက်မှ မီးရောင်တွေ တထိန်ထိန်နဲ့ အသက်ဝင်တဲ့ဒေသလို့ ဆိုရင် မှားမယ်မထင်တော့ပါ။ တစ်နေရာနဲ့ တစ်နေရာလည်း မလိုအပ်ဘဲ ဝေးကွာလွန်းတာကြောင့် သွားရေးလာရေး ခက်ခဲလွန်းပါရဲ့။





 မြို့မဈေးရဲ့ ဈေးတန်းတစ်နေရာ...
နေပြည်တော်ရဲ့ မြို့မဈေးအ၀င် တစ်နေရာ...


ပူပူလောင်လောင်နေရောင်အောက်က ဒီဗီဒီဆိုင်ကလေးတွေ...



စားချင်တာစား၊ ပူဖို့ကတော့ အာမခံပြီးသား...


ညနေ ၆နာရီကျော်ကျော်မှာ မြို့မဈေးရှေ့က ညောင်ဦးမန်း ကားဂိတ်ကို သွားရပါတယ်။ ညနေစာကိုတော့ ဈေးတန်းမှာ ဆိုင်တွေခင်းပြီးရောင်းနေတဲ့ အထဲမှာပဲ စားလိုက်ပါတယ်။ မြိတ်ကတ်ကြေးကိုက်ပါတဲ့။ နည်းနည်းမှ အရသာမရှိပါ။ စားမိတဲ့လျှာကိုပါ ကတ်ကြေးနဲ့ ကိုက်ပစ်ချင်စိတ်ပေါက်ပါတော့တယ်။


နေပြည်တော်ဈေးရဲ့ ညဘက်ရှုခင်း...


မီးဆိုင်းနဲ့ အလှဆင်ထားတဲ့ ကားမျက်နှာကျက်...


 ခုံတန်းကြားက တရုတ်ဆိုင်ကယ်...

၇ နာရီထိုးမှာတော့ ကားပေါ်တက်လို့ရပါပြီ။ ကားကတော့ မြေပြန့်ကားထုံးစံ ခပ်ချာချာပါ။ ဒီကြားထဲမှာ ဆိုင်ကယ်တစ်စီး က နောက်ဆုံးခုံတန်းရှေ့မှာ အလျားလိုက်တင်ထားလိုက်ပါသေးတယ်။ နောက်ဆုံးခုံတန်းအောက်မှာ အင်ဂျင်ရှိတာ ကြောင့် သေချာပေါက် ပူပူလောင်လောင်နဲ့ စီးရမှာကို စိတ်ညစ်နေတုန်းမှာ ကားဒရိုင်ဘာက ကိုယ်တို့ကို အလယ်ပိုင်းလောက်က ခုံတန်းတွေကို ပြောင်းပြီးနေရာချပေးပါတယ်။ ဗီအိုင်ပီ ခုံတန်းတွေချန်ထားပေးတာမှာ စီးမယ့်လူတွေ မလာလို့ပါတဲ့။ အခုမှပဲ ကားတွေမှာလည်း ဗီအိုင်ပီဆိုတာ ရှိသေးမှန်း ဗဟုသုတရပါတော့တယ်။ လာရင်တော့လည်း သူတို့ပြောတဲ့ ဗီအိုင်ပီဆိုတာ ဘယ်လိုသတ္တ၀ါတွေလည်း ကြည့်ရဦးမှာပါ။ ဘာပဲဖြစ်ဖြစ် ဒေါက်တာဟန်ကြည်ဆိုတဲ့ ဘွဲ့နံမည်ဟာ ကျန်တဲ့နေရာမှာ အသုံးမ၀င်ပေမယ့် ခရီးသွားတဲ့နေရာ မှာတော့ ထိုက်သင့်သလောက် အထောက်အကူပြုရှာတာမို့ ဆေးတက္ကသိုလ်(မန္တလေး)ကို လှမ်းပြီးကျေးဇူးတင်ရင်း ဗီအိုင်ပီထိုင်ခုံမှာ သက်တောင့်သက်သာ ထိုင်ချခဲ့ရပါတော့တယ်။ 
 

တညလုံး တပင်တပန်းကားစီးပြီးတော့ ရောက်ချင်လှတဲ့ ပုဂံကို မနက် ၅ နာရီကျော်ကျော်မှာ ရောက်ပါတော့တယ်။ သဘောကောင်းလွန်းလှတဲ့ ကားစပယ်ယာက ကိုယ်တို့ကို တည်းခိုခန်းမဖွင့်သေးတာကို ဖွင့်ခိုင်းပေးမယ်လို့ ပြောပေမယ့် သူများကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်တာကြောင့် မနက်စောစော ဖွင့်ထားတဲ့ဆိုင်တစ်ဆိုင်မှာ မနက်လင်းအောင် ထိုင်စောင့်လိုက်ပါတယ်။ အချိန်က စောလွန်းနေတာကြောင့် ဘာစားစရာမှတော့ အဆင်သင့် မဖြစ်သေးပါ။ အလွယ်တကူရတဲ့ အမည်ခံရှမ်းခေါက်ဆွဲကိုပဲ အားနာပါးနာနဲပ မှာပြီးစားဖြစ်ပါတယ်။  ၆ နာရီကျော်ကျော်မှာတော့ အနီးအနားက ကြည်ကြည်မြ ဧည့်ရိပ်သာမှာ အခန်းဝင်ယူလိုက်ပါတော့တယ်။ 

ပုဂံခရီးစဉ်ကတော့ စပါပြီ…


၆.၄.၂၀၁၁

မှိုင်းပြာဝေသီ ပုဂံမနက်ခင်း...

ဧည့်ရိပ်သာမှာက ပန်ကာခန်း ၈၀၀၀ အဲကွန်းခန်း ၁၂၀၀၀ ပါတဲ့။ အခန်းမအားသေးတာကြောင့် ပန်ကာခန်းတစ်ခန်းမှာ ၀င်ပြီး အနားယူရပါတယ်။ တစ်ညလုံးကားစီးလာရတာ ပင်ပန်းလွန်းတာကြောင့် ရေချိုးအပြီး အိပ်ရာပေါ်ခေါင်းချလိုက်တာနဲ့ တရေးတည်း အိပ်ပျော်သွားပြီး နေ့လည် ၁၀ နာရီကျော်ကျော်လောက်ရောက်မှ နိုးပါတော့တယ်။

အိပ်ရာက နိုးနိုးချင်း ပုဂံမြေကို ခြေလျင်လျှောက်လို့ အနီးအနားက ဘုရားတွေကို ပတ်ကြည့်ကြပါတယ်။ တွေ့တဲ့လမ်းဝင် မြင်တဲ့ဘုရားဓာတ်ပုံရိုက်ရင်း အပန်းဖြေလေ့လာရေးခရီး အစစ်က အဲဒီကပဲ စပါတော့တယ်။ 

ပုဂံမြို့ဟောင်း သီရိပစ္စယာရွာက ကျောက်စာတိုင်...
သေဉ်လည်ကြောင်မင်းလက်ထက်တကည်းက တည်ခဲ့တဲ့ရွာ...

သိရိပစ္စယာရွာထဲက ဖြတ်ပြီးသွားရင်း နေပူလွန်းတာကြောင့် လမ်းဘေးမှာ မြင်တဲ့စေတီနှစ်ဆူဝန်းထဲ ၀င်ကြပါတယ်။ ဘာဘုရားမှန်းမသိတာကြောင့် ယောင်ချာချာနဲ့ ဓာတ်ပုံရိုက်နေတုန်းမှာ ဘုရားတာဝန်ခံရောက်လာပြီး ဘုရားဥမင်သော့ ဖွင့်ပေးပြီး ရှင်းပြမှပဲ ကြားဖူးရုံပဲ ကြားဖူးခဲ့တဲ့ ဖက်လိပ်ဘုရားနှစ်ဆူဖြစ်မှန်းသိပါတော့တယ်။ ဘုရားလိုဏ်အတွင်းမှာ ပတ်လမ်းနှစ်ခုရှိပြီး နံရံတွေမှာ ပုဂံခေတ်၅၅၀နိပါတ်တော် ရုပ်ကြွတွေနဲ့ စီခြယ်ထားပါတယ်။ မှတ်ရလွယ်အောင် ၅၅၀ လို့ ခေါ်နေကြပေမယ့် တကယ်တော့ ၅၄၇ ဇာတ်ပဲ ရှိပါတယ်။ ရုပ်ကြွတွေမှာ ပုဂံစာနဲ့ အမှတ်စဉ်ထိုးထားပါတယ်။ တော်တော်များများ ပျက်စီးနေတာကို နှမြောစရာကောင်းအောင် တွေ့ရပါတယ်။ မျက်နှာကျက်ကိုတော့ အင်္ဂလိပ်မင်း လက်ထက်ကတည်းက အင်္ဂတေသရွတ်ကိုင်ထားပါတယ်။
 

အရှေ့ဖက်လိပ်ဘုရား...


ဖက်လိပ်ဘုရားထဲက ခေါင်မိုး အင်္ဂတေ ပေါင်းကူးလက်ရာ...

အနောက်ဖက်လိပ်ဘုရား...

အနောက်ဖက်လိပ်ဘုရားကတော့ အရှေ့ဖက်လိပ်ထက် ထုထည်ပိုကြီးသလို ဥာဏ်တော်လည်း ပိုမြင့်ပါတယ်။ ဒီဘုရားထဲက ရုပ်ကြွတွေက အပျက်အစီးပိုများပါတယ်။ သမိုင်းစာအုပ်ထဲမှာတော့ ဖက်လိပ်နားတောင်းနဲ့တူတာမို့ ဒီဘွဲ့တော်အမည်ရတယ်လို့ သိရပါတယ်။ အရင်က ဘုရားအောက်ခြေတွေမှာ မြေသားတွေပြည့်နေတာကြောင့် အောက်မှာ လိုဏ်ဂူရှိမှန်းမသိခဲ့ဘဲ နောက်ပိုင်းရောက်လို့ တူးဖော်ကြည့်ကြမှ ဒီရုပ်ကြွတွေပြည့်နေတဲ့ လိုဏ်တွေကို တွေ့ရတာပါ။ ဒီဘုရားနှစ်ဆူမှာရှိတဲ့ အုပ်ရိုးအသွားတွေကို လေ့လာကြည့်ပြီး အရင်ခေတ်တွေက ဒီနှစ်ဆူကို အုတ်ရိုးစောင်းတန်းနဲ့ ဆက်ထားမယ်လို့လည်း ယူဆပါတယ်တဲ့။ အနောက်ဖက်လိပ်ဘုရားမှာ ငရဲခန်းရုပ်ကြွတစ်ခုလည်း တွေ့ခဲ့ရပါသေးတယ်။






 ဖက်လိပ်ဘုရားထဲက စဥ့်ကွင်းတွေ...




မသမာသူတွေရဲ့ လက်ချက်နဲ့ အခိုးခံရတဲ့ စဥ့်ကွင်းနေရာလပ်တွေ...



ဖက်လိပ်ဘုရားထဲက ငရဲခန်းရုပ်ကြွ...

တစ်ခုဝမ်းနည်းဖို့ကောင်းတာက ဒီဘုရားကို တစ်ချို့တစ်လေက ဘုရားမှန်းမသိဘဲ ပုဂံခေတ်က ထောင်လို့ယူဆနေကြတာပါတဲ့။ တချို့ကားသမားတွေက ဒီရှေ့ရောက်ရင် ခရီးသည်တွေကို ပုဂံခေတ်ကထောင်ကြီးလို့ ခရီးသည်တွေကို ရှင်းပြကြတယ်လို့ အဲဒီဘုရားက ၀န်ထမ်းက စိတ်မကောင်းစွာနဲ့ ပြောပါတယ်။ တကယ်ဆို ဘုရားဝန်းရှေ့မှာ ဘုရားဘွဲ့တော်ကို ဆိုင်းဘုဒ်တပ်ထားရင် အခုလိုဖြစ်မှာ မဟုတ်ကြောင်းရှင်းပြတော့ အထက်က လုပ်ခွင့်မပေးလို့ပါတဲ့။ အထက်က ခွင့်မပေးတာနဲ့ပဲ စေတီတော်နှစ်ဆူခမျာ ထောင်ဖြစ်ရရှာပါတော့တယ်။ 


ဖက်လိပ်ဘုရား အတွင်းပရ၀ုဏ်...


ပျက်စီးနေတဲ့ ငါးရာ့ငါးဆယ် စဥ့်ကွင်းတွေ...

ဖက်လိပ်ဘုရားတွင်းမှာ အမှတ်တရ...

ရှင်းပြတဲ့ ၀န်ထမ်း(ရွာသားထဲက တစ်ယောက်ယောက်ကို တာဝန်ပေးထားတာပါ။ ခမျာမှာ ယူနီဖောင်းအသာထားလို့ အပေါ်အင်္ကျီတောင် မပါရှာပါ) ကို ကျေးဇူးတင်တာကြောင့် လက်ဖက်ရည်ဖိုး ၂၀၀၀ ပေးလိုက်ပါတယ်။ ဒါကတော့ ဘာမဆို စေတနာပါလွန်းတဲ့ အိမ်ရှင်မရဲ့ လက်ချက်ပါ။

ညီညီညာညာရှိနေတဲ့ စဥ့်ကွင်းစီ နံရံ...



 ငါးရာ့ငါးဆယ် ဇာတ်တော်တစ်ခု...
  
စေတီနှစ်ဆူကနေ အပြင်ထွက်ပြီး မြစ်ဆိပ်ဘက်ထွက်အလာမှာ ဇီးကွက်စိန် အထိမ်းအမှတ် ကျောက်တိုင်ကို သွားတွေ့ပါတယ်။ ဇီးကွက်စိန်ဆိုတာ ပီကျူထရီဂလင်း ဖောက်ပြန်တဲ့ရောဂါကြောင့် အရပ် ၇ပေကျော်ဖြစ်လာတဲ့ အမျိုးသမီးပါ။ အစားကြီးလွန်းတာကို လောက်ငအောင် မကျွေးနိုင်တာကြောင့် သေရတယ်လို့တော့ ကြားဖူးပါတယ်။ ဟုတ်မဟုတ်တော့လည်း သေသေချာချာမသိပါ။ သူ့အရိုးစုကိုတော့ မန္တလေးဆေးကျောင်းက ပြတိုက်မှာ ပြထားတာကြောင့် ရင်းနှီးနေပါတယ်။ ကိုယ်တို့မတ်တပ်ရပ်ပြီး သူ့အရိုးစုနားသွားကပ်ရင် သူ့ရင်ညွန့်ရိုးနဲ့ ကိုယ်တို့ခေါင်းနဲ့ တစ်တန်းထဲပါ။ သူ့ခေါင်းက မျက်နှာကျက်ထိလုမတတ်ဖြစ်တဲ့ အထိ အရပ်မြင့်လှပါတယ်။

 
ဇီးကွက်စိန်အထိမ်းအမှတ် ကျောက်တိုင်... 



ဧရာဝတီမြစ်ရိုးတလျှောက်သွားရင်း ဓာတ်ပုံတစ်ချို့ရိုက်ဖြစ်ပါတယ်။ လမ်းဘေးမှာ ငါးကြော်တွေရောင်းနေတာကို တွေ့တာကြောင့် ထိုင်စားဖြစ်ပါတယ်။ တော်တော်အရသာရှိတဲ့ ငါးကြော်ပါ။ အကြော်တစ်ခုမှာ ငါးသုံးကောင်ပါပြီး ချိုနေအောင် အရသာရှိပါတယ်။ တစ်ပွဲလုံးကုန်အောင် စားပစ်လိုက်ပြီး ပိုက်ဆံရှင်းတော့ ၁၀၀၀ ပဲကျပါတယ်။ အနည်းဆုံးတော့ ၂၀၀၀ ကျော်ကျော်ကျမယ်လို့ထင်ထားမိတာကြောင့် ဈေးသက်သာတာကို တအံ့တသြဖြစ်ယူုရပါရဲ့။ 

ဧရာမြစ်ကမ်းက လတ်လတ်ဆတ်ဆတ် ငါးကြော်...
စားသောက်အပြီး လမ်းဆက်လျှောက်လိုက်တော့ လောကနန္ဒာစေတီတော်ကို ရောက်ပါတော့တယ်။ ပုဂံမှာရှိတဲ့ စွယ်တော်လေးဆူထဲက တစ်ဆူအပါအ၀င်ဖြစ်တဲ့ စေတီတော်ပါ။ ဧရာမြစ်ကမ်းမှာ တည်ထားတာမို့ တည်နေပုံတော်တော် လှပါတယ်။ ရှုခင်းလည်း တော်တော်ကောင်းပါတယ်။ ဒါပေမယ့် ရင်ပြင်တော်ကျယ်ပြီး ကျောက်ပြားအပြည့်စီထားတာကြောင့် အရိပ်မရှိတော့ဘဲ လမ်းလျှောက်လိုက်ရင် မျက်ရည်ကျမတတ်ပူတဲ့ဒဏ်ကိုတော့ ကြိတ်မှိတ်ခံရပါတယ်။ 

လောကနန္ဒာအတက်လမ်း...

ရင်ပြင်ပေါ်က ဇရပ်တစ်ခုမှာ ထိုင်နားနေကြတုန်းမှာ ကလေးတစ်ယောက်က သဲပန်းချီကားတွေလာရောင်းပါတယ်။ အသေးတစ်ကားကို ၇၅၀၀ ပါတဲ့။ ကျောင်းစရိတ်ရအောင် ရောင်းတာလို့ ဆိုပါတယ်။ အကြောင်းသိနေတာကြောင့် မ၀ယ်ဖြစ်ခဲ့ပါ။ စကားလှအောင် ပြောပြီး အသာထွက်ခဲ့ရပါတယ်။ စေတီတော်ကုန်းကအဆင်းမှာ အမှတ်တရပစ္စည်း ရောင်းတဲ့ဆိုင်မှာ အပူဒဏ်ကာကွယ်ဖို့ တစ်ယောက်ကို ဦးထုပ်တစ်လုံးစီဝယ်ဆောင်းရပါတယ်။ တန်မတန် မစဉ်းစားနိုင်တော့ပါ။ ပူလောင်လှတဲ့ နေပြင်းဒဏ်ကို အချိန်မီကာကွယ်နိုင်ဖို့က အရေးကြီးနေပါပြီ။ ဒါပေမယ့် ထနောင်းပင်ကြီးတွေ ပေါများတဲ့ဒေသဖြစ်တာမို့ အရိပ်အာဝါသကတော့ အင်မတန်ပေါပါတယ်။ နေပြည်တော် ကျတ်တီးကုန်းလောက်တော့ ပူပူလောင်လောင်မဟုတ်ပါ။
 

လောကနန္ဒာ...


လောကနန္ဒာပေါ်ကမြင်ရတဲ့ ချစ်သောဧရာဝတီ...


လောကနန္ဒာစေတီတော်ခြေရင်းကဆိုင်မှာရောင်းတဲ့ ဓာတ်ပုံဘောင်နဲ့ ဖုန်းတင်တဲ့စင်လေးတွေ...

လောကနန္ဒာအနီးက ရေကန်...


ရေချမ်းစင်နဲ့ အိမ်ရှင်မ...


လာလမ်းအတိုင်းပြန်လာပြီး တည်းခိုရိပ်သာပြန်အရောက်မှာတော့ ပန်ကာခန်းမှာ ထားခဲ့တဲ့ ပစ္စည်းတွေကို အဲကွန်းခန်းထဲ ပြန်ရွှေ့ယူရပါတယ်။ အခန်းအကျယ် အတူတူပါ။ တီဗီလေးတစ်လုံးတော့ အပိုပါပါတယ်။ အဲကွန်းကလည်း ရှေးဟောင်းပစ္စည်းဆန်ဆန် Door type ဖြစ်တာမို့ ထင်သလောက်တော့ မအေးပါ။ ဒါကြောင့် ပန်ကာတစ်လုံးပါ အပိုတပ်ပေးထားပါတယ်။ ဘာပဲဖြစ်ဖြစ် တစ်နှစ်တစ်ခါထွက်တဲ့ ခရီးမှာ သက်တောင့်သက်သာလေးတော့ နေချင်သေးတာမို့ အဲကွန်းခန်းပဲ ယူဖြစ်ပါတယ်။ ညနေပိုင်းမှာ အပြင်ထွက်လမ်းလျှောက်ရင်း တွေ့တဲ့စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာစားဖြစ်ပါတယ်။ ငါးခေါင်းဟင်းရည် ၁၅၀၀ ပွဲသေးတစ်ပွဲ၊ ၀က်ကုန်းဘောင် ၃၀၀၀၊ ထမင်း ၁၀၀၀၊ မြန်မာဘီယာ နှစ်ပုလင်း ၄၀၀၀ စုစုပေါင်း ၉၅၀၀ ချောပါတယ်။ ဈေးကြီးလွန်းတာကြောင့် နောက်တစ်ခါ စားသောက်ဆိုင်ကြီးတွေမှာ မစားဖို့ ဆုံးဖြတ်ချက်ချပြီးသား ဖြစ်သွားတဲ့ အထိပါ။

တည်းခိုရိပ်သာအတွင်းပိုင်း...


တည်းခိုရိပ်သာကို ၉နာရီလောက်ပြန်ရောက်ပြီး ည ၁နာရီခွဲမှာ မန်ယူ၊ ချယ်လ်ဆီးပွဲကို အားပေးဖြစ်ပါတယ်။ အခန်းမှာ တီဗီထားပေးပေမယ့် အောက်စက်တော့ မရှိပါ။ တစ်ခန်းကို စလောင်းတစ်လုံးမဟုတ်ဘဲ ကြိုးသွယ်ထားတာမို့ ကောင်တာကလူကြည့်သမျှပဲ ကိုယ်တို့ကြည့်ရပါတယ်။ စလောင်းကလည်း ၈ ပေစလောင်းတွေဖြစ်တာကြောင့် ဘာမှလည်း ကြည့်စရာမရှိပါ။ သူကြည့်သမျှထိုင်ကြည့်ရင်း မနက် ၄နာရီသာသာမှပဲ အိပ်ဖြစ်ပါတော့တယ်။ လွမ်းမောဖွယ် ပုဂံရဲ့ပထမညကတော့ ဘောလုံးပွဲကြည့်ရင်း ကုန်သွားတယ်လို့ပြောရင် ကဗျာဆန်တော့မယ်မထင်ပါ။

စာကြွင်း။
ခရီးသွားမှတ်တမ်းဆိုတာ ဓာတ်ပုံတွေ ဝေေ၀ဆာဆာနဲ့တင်ရတဲ့ သဘာဝရှိတာကြောင့် ပုဂံခရီးမှာရိုက်ဖြစ်ခဲ့တဲ့ ပုံပေါင်းများစွာထဲက ပို့စ်နဲ့ လိုက်ဖက်မယ်လို့ယူဆတဲ့ ဓာတ်ပုံတွေကို ရွေးပြီးတင်ပေးဖြစ်ပါတယ်။ ကွန်နက်ရှင်အားနည်းနေသလို ဓာတ်ပုံတွေကလည်း ဖိုင်ဆိုဒ်ကြီးနေတာကြောင့် ၁၂ နာရီထိုးလောက်ကတည်းက တင်နေတဲ့ ဒီပို့စ်ဟာ မနက် ၄နာရီထိုးမှပဲ ပြီးပါတော့တယ်။ ဘာပဲဖြစ်ဖြစ် ပုဂံကိုချစ်ကြသူများ၊ ပုဂံကိုလွမ်းမောတမ်းတကြသူများအတွက် ဘလော့ဂါတစ်ယောက်ရဲ့တာဝန်အရ အလွမ်းပြေ၊ အတမ်းတပြေအောင် တတ်နိုင်သလောက် စွမ်းဆောင်ပေးနိုင်ခဲ့တယ်လို့သိရရင် ကျေနပ်နေမှာ ဖြစ်ပါကြောင်း...။   ။

20 comments:

ကိုဇော် said...

ဓါတ်ပုံတွေက လှလိုက်တာ အစ်ကိုရာ။
လာကြည့်ရတာ တန်လိုက်တာ။
တိုးရစ်လို့ ပြောမယ် ဆိုလည်း ပြောစရာ ပုံကြီးပဲကိုးဗျ :D

Kyaw Hnin Se Lwin said...

ဓါတ်ပုံတွေကြည့်ရတာကောရှင်းပြတာကော ကျေးဇူးပါ

AMK said...

လောကနန္ဒာ ဘုရား လှေခါးနား က အကြော်တွေ အရမ်းကောင်း အရမ်းချိုတယ် ရိုက်ထားတဲ့ပုံတွေ အလန်းတွေကြီးပဲ နောက်တခါ ရွှေမိုးစားသောက်ဆိုင် မှာစားခင်ဗျာ ဈေးကော အရသာကော မဆိုးပါဘူးခင်ဗျာ တရုတ်စာပါ

နေ၀သန် said...

မာမီတွေ့ရင် ကျောစိမ့်သလား... :D.. ဆရာဦးဟန်ကြည်ပုံနဲ့ ကစားနေတာကို မြင်ယောင်ကြည့်မိရဲ့.. ဟားဟား... ခရစ်ယန်ဘာသာဝင် ဆရာ့ဇနီးလည်း ပုဂံလိုက်သလား...


ခင်မင်လျက်
နေ၀သန်

SHWE ZIN U said...

ဆရာ ရေ

ပုဂံ ဆိုတာ ရှေးပုဂံမင်း တွေ နဲ့ ပြည်သူတွေ ရဲ့ အနေအထား ကို ပြတဲ့ ပြကွက် တခုအဖြစ် မြင်ရောင် မိပါတယ် ပုဂံမှာ မပျော်ပါ

စံပယ်ချို said...

ပုံတွေ အရမ်းကိုလှတယ်ဆရာရေ
တတိယ အကြိမ်မြောက်ပုဂံကို
ရောက်တယ်ပဲသဘောထားလိုက်တယ်
ကျောင်းသူဘ၀က တစ်ခါ
ဖေမေတို့နဲ့ တစ်ခါ
ဆရာဓါတ်ပုံတွေနဲ့ တစ်ခါပေါ့..
နဲနဲ အလွမ်းပြေသွားတယ်
ဆရာချမ်းမြေ့ပါစေရှင်။

စော(အဝါရောင်မြေ) said...

ပုဂံဆိုတာ ပျော်စရာတွေ ရှိတဲ့နေရာတော့ မဟုပ်ပါဘူးလေ၊ သမိုင်းကြောင်းတွေနှင့် တချိန်က မြို့ ပြကိုတော့ ဖော်ညွှန်းကောင်း ဖော်ညွှန်းပါလိမ့်မယ်။ ကျမကတော့ ပုဂံမြေကို ချစ်ပါတယ်။ ကျမမသိသေးတဲ့ ပုဂံနေရာကို လာလည်သွားပါတယ်။

တောက်ပကြယ်စင် said...

ဆရာရေ မင်္ဂလာပါ ပျောက်နေလို့ ဘယ်များရောက်နေပါလိမ့်လို့ တွေးနေတာ ဧကန္တတော့ ပုဂံကို သွားတာကိုး။ နေ၀သန်ပြောသလိုပဲ ခရစ်ယာန်ဘာသာဝင် ဆရာ့မဟေသီလည်း ပုဂံလိုက်သွားတယ်ပေါ့။ ၄-နာရီကြာအောင် အပင်ပန်းခံတင်ပေးအတွက်လည်း ကျေးဇူးပါ။ Jasmine ပြောသလို ဘုန်းဘုန်းကတော့ ဒုတိယအကြိမ် ပြန်လည်ရောက်သွားခြင်းပါ ဆရာရေ။ ဆရာ့ပုံက ဂျပန်လိုလို၊ တရုတ်လိုလိုနဲ့နော်။ "ညက်ပြီ"ဆိုတဲ့ပိုစ်ထဲကအတိုင်းပဲ ၀တ်တတ်၊ စားတတ်ပေစွ။ ဆရာ့ငါးကြော်ပုံကိုကြည့်ပြီး တံတွေးတွေက လည်ချောင်းထဲကို ပြေးပြေးဝင်ကြလေရဲ့။ ကျန်းမာပျော်ရွှင်ပါစေ...

ahphyulay said...

အင်း..
ပုဂံပြီးရင် ပုပ္ပားကို ဆက်ဗျို့ ၊
လမ်းသင့် နေတာပဲ၊
ငါးရှဉ့်  တစ်ပွဲ လေးထောင်များလွန်းတယ်၊
ငါးကြော်တစ်ပွဲ တစ်ထောင်ကတော့ 
မဆိုးပါဘူး၊ အရင်က သုံးရာပါပဲ။
ပုဂံခရီးလေး ဆိုတော့  အလွမ်းပြေပါပဲဗျာ..။

ချော(အစိမ်းရောင်လွင်ပြင်) said...

တိုးရစ်လို့ပြောမယ်ဆိုလဲ ပြောချင်စရာ
ဆရာဟန်က ရေသဘင်မျက်မှန်နဲ့ ကြောင်လျှာသီးနဲ့ စတိုင်က မိုက်လွန်းနေတာကိုး
အင်းလေ အမျိုးသမီးကလည်း ဆံပင်ဘာတွေ မာမီနဲ့ ရှယ်ပြင်ထားတာဆိုတော့ ဦးဟန်ကြည်ကဘဲ အပီအပြင် ပဲထုတ်ရလေသပေါ့နော..
မချောတော့ ကော်ဖီဖျော်ကောင်းသလား မမေးနဲ့ ရေနွေးကို ခွက်ထဲထည့် ကော်ဖီမစ်ထုတ်ကို ဆတ်ခနဲဖောက် ဇွန်းကလေးနဲ့ ခေါက်ခလောက်ဆိုပြီး မွေလိုက်တော့ ကော်ဖီတစ်ခွက် ဖြစ်အောင် ဖျော်တော့တာပါဘဲ ခိခိ
ဖက်လိပ်ဘုရားတော့ မရောက်ခဲ့တာမို့ ခုလို ဖူးခွင့်ရလိုက်တာ ကျေးဇူးတင်ပါတယ်။ မြန်မာ့ရှေးဟောင်းပစ္စည်းတွေကို ထိန်းသိမ်းတန်ဖိုးထားရမှန်း မသိခဲ့တဲ့ ဟိုတုန်းကတည်းက မသမာသူတွေ ခိုးယူကုန်လို့ ပစ္စည်းတွေ ပြောင်းကုန်ပြီ။ အသိတရားရှိလာကြချိန်မှာ နည်းနည်းသာ ကျန်တော့တာ တကယ်နှမြောဖို့ကောင်းပါတယ်။

Anonymous said...

သြော်...ပုဂံဘုရားဖူးသွားတာ ကြောင်လျှာသီးကြီး လည်ပင်းပတ်လို့ပါလား။ ကိုဟန်ကြည့် မဟေသီက ခရစ်ရှန် ဘာသာဝင်ကိုး။
ဒါနဲ့စကားမစပ်ဗျာ စင်္ကာပူမှာ B.E နဲ့ကျောင်းပြီးတဲ့ အင်ဂျင်နီယာတစ်ယောက် ကိုဟန်ကြည့်လိုဘဲ ခရစ်ရှန်ကိုလက်ထပ်ထားတာ ၊ဒီလူ့ရဲ့မိဘ အသိုင်းအ
ဝိုင်းက တကယ့် မြန်မာ စစ်စစ် ဗုဒ္ဒဘာသာတွေ ၊လူရိုးကြီးတွေ။ ကလေးမရခင်ထိတော့ ဘာမှ ပြောစရာမရှိပါဘူး၊ ခု ကလေးနှစ်ယောက်ကလဲ ခရစ်ရှန်ဖြစ်သွားပြီ။ သူ့အမေနဲ့ဘဲအနေနီးတာကိုး၊ သူကိုယ်တိုင်က ခုထိဘာမှန်းကိုမသိဘူး၊ဘာသာရေး လေ့လာမှုအားနည်းတဲ့သူတစ်ယောက်၊ ဘုရားစင်တောင် ခြေပေးအိပ်တဲ့သူ၊ စင်္ကာပူကနေ မိန်းမနဲ့ကလေးတွေ အတွက်ငွေပို့ပေးနေတာပုံမှန်၊ မိဘကို လှည့်တောင်မကြည့်ဘူး၊ သူငယ်ချင်းအားလုံးက သူ့ကိုဝိုင်းနားသွင်းကြည့်တယ်၊မိန်းမက လူမျိုးခြား ၊ဘာသာခြား၊ သားတွေက လဲမျိုးမဆစ်ဘာသာခြား၊ ရန်သူကို လုပ်ကြွေးနေတာ လို့ဝိုင်းပြောကြတာပေါ့ဗျာ၊ ခုတော့ သူ့မှာ သောကတွေနဲ့အမြဲတန်း လုံးပန်းနေရပြီ။
Sorry ဗျာ post နဲ့ မဆိုင်ပေမဲ့ ကိုဟန်ကြည့် ဘလော့ကို အမြဲဖတ်နေပြီး ခင်မင်နေတာမို့ အကြောင်းလေးတိုက်ဆိုင်တုန်း ၀င်ပြောမိတာ၊ ဒါပေမဲ့မကြာတော့သောကာလမှာများ ၊ ကျနော့်မိတ်ဆွေ ပညာတတ်တစ်ယောက်လိုဘဲ ရန်သူကို လုပ်ကြွေးပြုစုနေရတဲ့သူ ထပ်မတိုးလာစေချင်လို့၊ နောင်တချိန် အကြောင်းတိုက်ဆိုင်ခဲ့ရင် ဒီကွန်မန့်လေးကို သတိယစေချင်ပါတယ်။
လေးစားလျှက်

ဟန်ကြည် said...

ဘုန်းဘုန်းတောက်ရေ...ဒီပုဂံပို့စ်က နွေရာသီတုန်းက ရေးထားတဲ့ ခရီးသွားမှတ်တမ်းကို ပြန်တင်လိုက်တာပါ...တင်ဖို့စိတ်ကူးနေတာကြာပါပြီ...နေပြည်တော်ခရီးစဉ်နဲ့ တစ်ဆက်ထဲတင်ဖို့ လုပ်ထားပေမယ့် ကြားထဲမှာ ကျန်တဲ့စာတွေ ရေးနေဖြစ်တာကြောင့် အခုမှပဲ တင်ဖြစ်လို့ပါ...ဟုတ်ပါတယ် ခရစ်ယာန်ဘာသာဝင် မဟေသီပါ ပါခဲ့ပါတယ်...ဒါလေးတစ်ယောက်ပဲရှိတာကို ချန်ထားခဲ့လို့ ဘယ်ဖြစ်ပါ့မလဲနော...

မဒီခ said...

သိပ်ရောက်ဖူးချင်တဲ့ နေရာ။ ပုဂံပြည်ပေါ့။ အခုထိ မသွားဖြစ်သေးဘူးရယ် .. ပုံတွေဝေဝေဆာဆာနဲ့ ပိုစ့်လေးကို အားကျစွာ လာဖတ်သွားပါတယ် ... အမြဲလာဖတ်ဖြစ်ပေမဲ့ အခုမှပဲ မန့် ဖြစ်တော့တယ် ဆရာရေ ...

Cameron said...

လောကနန္ဒာဘုရားနားက ဇီးကွက်စိန်ရွာမှာ အဲဒီငါးကြော်ကို နွားနို့နဲ့တွဲရောင်းကြတယ်...။ ခုနောက်ပိုင်းတော့မသိဘူး.....။ ဆရာ့ပို့စ်ကိုဖတ်ပြီး ပုဂံကိုပြန်သွားချင်နေမိတယ်...။

ခင်တဲ့
မိုးငွေ့

ဟန်ကြည် said...

ဒီပို့စ်ရေးဖို့ ပုဂံခရီးသွားမှတ်တမ်းကို ပြန်ဖတ်ရင်း ပုဂံပို ပြန်လွမ်းလာတယ်...တကယ်ပါပဲ...နှလုံးသားထဲက ပုဂံပြည်အစစ်ပေါ့လေ...အခွင့်သာရင်ဖြင့် နောက်တစ်ခါ ထပ်ရောက်ချင်ပါသေးရဲ့...

သူကြီးမင်း (တုံးဖလား) said...

မန်ယူ ချယ်လ်ဆီးပွဲ အကြောင်းပါနေလို့ နဲနဲ အတွေးပွါးသွားတယ်။ အခုတလော ဒီနှစ်သင်း တွေ့တဲ့ ပွဲ မရှိသေးပါဘူးလို့။
ဘယ်ဟုတ်မလဲ ဆရာဟန်ကြည်က နွေကာလတုန်းက ဟာကြီးကိုးးးးးးး။

ပုဂံကို နှစ်ခေါက်ရောက်ဖူးတယ်။ ပူပေမဲ့ ပူပျော်ပါတယ်။ စိတ်ကြည်နူးဖို့ ကောင်းလို့။ ညနေခင်းနှင့်မနက်ခင်းဆို အရမ်း ကြည်နူးဖို့ကောင်း။

ခင်မင်လျက်

မြစ်ကျိုးအင်း said...

ပုဂံ အကြောင်းကို ပုံတွေ ဝေဝေဆာဆာ နဲ့ ရေးထားတာ သဘောကျတယ် ကိုဟန်ရေ။ မရောက်ဖူးသေးလို့လည်း သွားချင်စိတ်ဖြစ်မိတယ်။
နောက်တပိုင်း ဆက်ဖတ်လိုက်အုံးမယ်

ဟန်ကြည် said...

Anonymous ရေ . . .
ပေးခဲ့တဲ့ ကွန်မန့်က စပမ်းထဲရောက်နေတာမို့ ပြန်ရှာပြီး ပြန်တင်ပေးလိုက်ပါတယ်...စေတနာကို နားလည်ပါတယ်...ဒါပေမယ့် ဦးဟန်ကြည်က Anonymous ရဲ့ မိတ်ဆွေလို ဘာသာရေးမရှိတဲ့သူမဟုတ်ပါ...နှစ်တန်းကျောင်းသားအရွယ်ကစလို့ တစ်နှစ်ကို သုံးလ ဗုဒ္ဓဘာသာစာပေတွေကို ရှစ်တန်းကျောင်းသားအရွယ်ရောက်တဲ့အထိ ကျကျနန လေ့လာလိုက်စားခဲ့သူပါ...ဒီနေ့ဒီအချိန်အထိလည်း ဗုဒ္ဓဘာသာကို လှိုက်လှိုက်လှဲလှဲ သက်ဝင်ယုံကြည်မှု အပြည့်ရှိနေပါတယ်...တစ်ယောက်နဲ့ တစ်ယောက် ချစ်မြတ်နိုးကြတဲ့ နေရာမှာ နှလုံးသားချင်း၊ နားလည်မှုချင်း ပေါင်းဖက်ကြတာပါ...ဘုရားချင်းပေါင်းကြတာမဟုတ်ဘူးလို့လဲ ဦးဟန်ကြည် ယူဆပါတယ်...ဒါတင်မကသေးဘဲ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာစတဲ့ ဘာသာကြီးလေးရပ်နဲ့ ပတ်သက်တဲ့ အခြေခံအယူအဆတွေကို လေးတန်းကျောင်းသားအရွယ်ကတည်းက ကျကျနန ဖတ်ရှုလေ့လာခဲ့ရာမှာ မကောင်းတာ၊ မတရားတာကို အားပေးထားတဲ့ ဘာသာတရား တစ်ခုမှမရှိတာကြောင့် အပေါ်ယံအမြင်နဲ့ ဘာသာတရားကို ဆုံးဖြတ်လို့ မရစကောင်းပါ...ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ရုံနဲ့ အထင်ကြီးလို့ မရသလို ဘာသာကွဲတစ်ယောက်ဖြစ်တာကြောင့်လဲ အထင်သေးလို့ မရပါလို့ပဲ ပြောချင်ပါတယ်...ဒါကြောင့် လူချင်းတူပေမယ့် အသက်ရှူပုံချင်းကွဲပါတယ်...ပညာတတ်ချင်းတူပေမယ့် ခွဲခြားသိမြင်နိုင်တဲ့ အသိဥာဏ်ချင်းကွာပါသေးတယ်လို့ ပြောရင်း စေတနာကို အသိအမှတ်ပြုလိုက်ပါတယ်...

icn2 said...

ပုံတွေအတွက်ကျေးဇူး ။ ပုံတွေကနည်းနည်းသေးသလားလို့ ၊ ခပ်ကြီးကြီးတင်ပေးပါလို့တောင်းဆိုပါတယ် ။

Anonymous said...

ပုံကြည့်ရတာနဲတင်ပုဂံကိုရောက်သွားသလိုခံစားရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger