Friday, 26 August 2011

ဘလော့ဂ်ဒေး ( တက်ဂ်ပို့စ် ) . . .

ဘလော့ရွာထဲမှာ ကျင်လည်နေတာ နှစ်နှစ်ဝန်းကျင်ရှိလာပြီမို့ 
ဘလော့ဂါ၊ ဘလော့ဂီတွေနဲ့ ဘလော့ဂင်းအကြောင်း၊ တက်ဂ်ပို့စ်တွေအကြောင်း သိကောင်းစရာတွေ၊ ဆောင်ရန်ရှောင်ရန်တွေ သာမက သတင်းပလင်း၊ အတင်းအဖျင်းတွေပါမကျန် သိစပြုလာပြီဖြစ်ပေမယ့် အနှီဘလော့ဂ်ဒေးဆိုတာကြီးကိုတော့ သတိမမူလို့ဂူမမြင်ခဲ့မိတာတော့ ဦးဟန်ကြည်ရဲ့ ညံ့ဖျင်းချက်လို့ပဲ ဆိုရပါတော့မယ်။ ကိုအောင်(ပျူနိုင်ငံ) ရဲ့ ဘလော့ဂ်ဒေးဆိုတဲ့ပို့စ်ကို သွားဖတ်မိတော့မှ အဲဒီလိုနေ့လည်း ရှိသေးသကိုးဆိုတာ သိရပါရောလား။ ဒါတင်မကသေးဘဲ ဦးဟန်ကြည်ကိုပါ တက်ဂ်ထည့်လိုက်ပြန်တော့ ဒီပို့စ်ဖြစ်လာရပြန်ပါတယ်။

တကယ်လို့သာ ဘလော့ဂ်ဒေးဆိုတာကိုသာ စောစာက သိခဲ့ရင် ကိုယ်သံယောဇဉ်တွယ်နေပြီဖြစ်တဲ့ ဘလော့ဂါလောကအကြောင်းကို အမှတ်တရအဖြစ် ရေးကိုရေးဖြစ်မှာသေချာပါတယ်။ ဒါပေမယ့် ဘုမသိ၊ ဘမသိနဲ့ နလပိန်းတုံးဖြစ်နေခဲ့တာကြောင့် ကိုအောင်(ပျူနိုင်ငံ) အသိပေးမှပဲ အခုလိုသိရတော့တာပါ။ ကိုအောင်(ပျူနိုင်ငံ)ကိုလည်း ကျေးဇူးတင်ကြောင်း ပြောပါရစေဦး။

Rose ကတော့ ဘလော့ဂ်ဒေးအကြောင်းကို အင်တာနက်မှာ ရှာဖွေဖတ်ရှုပြီးမှ သူ့ပို့စ်ကို ရေးပါသတဲ့။ ဦးဟန်ကြည်လည်း အားကျမခံ အင်တာနက်ထဲမှာ တစ်ညလုံးမွှေနှောက်ရှာပေမယ့် အနှီဘလော့ဂ်ဒေးဆိုတာကြီးကို မတွေ့ရှာပါ။ wikipedia မှာသွားကြည့်ပြန်တော့လည်း မြန်မာပြည်မှာ ၂၀၀၇က ကျင်းပခဲ့တဲ့ ဘလော့ဂ်ဒေးအခမ်းအနားပုံပဲ တွေ့ရပါတယ်။ ဒါတင်မကသေးဘဲ  မြန်မာ့ဘလော့လောက အကြောင်းကို တစေ့တစောင်း မီးမောင်းထိုးပြထားတာကိုလည်း ဖတ်ရပါရဲ့။ ဒါကိုမကျေနပ်နိုင်သေးတာကြောင့် မျက်စိကြီးနားကြီးနဲ့ အရှာအဖွေကောင်းလှပါတဲ့ ဂုရုကြီး Google ကိုအပူကပ်ပြီး မွှေခိုင်းနှောက်ခိုင်းပြန်တော့လည်း ဘလော့ဒ်ဒေးကို မတွေ့ပြန်ပါ။ Blog Action Day ဆိုတာနဲ့တင် ကျေနပ်ရတာကြောင့် အစာမကျေဖြစ်ကျန်ခဲ့တာပဲ အဖတ်တင်ပါရဲ့။ ဘာပဲဖြစ်ဖြစ် ဘလော့ဂါတစ်ယောက်ဖြစ်မှန်းမသိ ဖြစ်လာနေပြန်တာမို့ ဘလော့ဂ်ဒေးအကြောင်းကို ကျကျနနသိနိုင်မယ့် ဆိုဒ်ကလေးတစ်ခုလောက်များ ချထားပေးသနားတော်မူကြရင်ဖြင့် မျက်စိကျဉ်း၊ နားသေးပါတဲ့ ဘလော့ဂါ အညံ့စား ဦးဟန်ကြည်အတွက် အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားဖြစ်မှာ သေချာပါရဲ့ . . .

ငယ်ငယ်ကတည်းက စာတိုပေစ ကမျောက်ကချောက်ကလေးတွေ ရေးရမှ စားဝင်အိပ်ပျော်တဲ့အတွက် လူငယ်ဘ၀တစ်လျှောက်လုံး ကဗျာတွေ၊ ၀ထ္ထုတိုတွေနဲ့ပဲ နှစ်ပါးကြည်နေခဲ့တာမို့ အကြောင်းအခွင့်တိုက်ဆိုင်လို့ အင်တာနက်ဆိုတဲ့ ဆက်သွယ်ရေးလမ်းကြောင်းကြီးပေါ် ရောက်လာတဲ့အခါမှာ ဦးဟန်ကြည် အလုပ်ချင်ဆုံးအလုပ်က စာရေးတဲ့အလုပ်ပါ။ ဒါပေမယ့် ဖွတ်ကလိဒင်္ဂါးပေါင်းများစွာ ကုန်မယ့်အရေးကို နှမြောတာကြောင့် ပေသီးအတန်တန်ခေါက်နေခဲ့မိတာမို့ အနှီ အင်တာနက်ပုဂ္ဂိုလ်ကြီးကို မြင်သာမြင်ရ မကြင်ရပဲ အကျွမ်းတ၀င်မရှိ ဖြစ်နေခဲ့ပါရဲ့။ ဆူလွယ်နပ်လွယ် ဖုန်းကလေးနဲ့တော့ အင်တာနက်ပေါ်မွှေနောက်နေဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအချိန်က ဖုန်းတွေထဲမှာ မြန်မာစာဖောင့်တွေ ထည့်လို့မရသေးတာမို့ ကြားဖူးနားဝ ဘလော့တွေဘာတွေကို ဖုန်းနဲ့ကြည့်တဲ့အခါ လေးထောင့်တုံးကလေးတွေပဲ မြင်ရတာမို့ ဖတ်လို့ရတဲ့ အင်္ဂလိပ်ဘလော့လေးတွေနဲ့ပဲ အာသာဖြေခဲ့ရရှာပါတယ်။

လုပ်ငန်းလိုအပ်ချက်အရ ပေါချောင်ကောင်းကွန်ပျူတာလေးတစ်လုံးဝယ်ပြီးချိန်မှာတော့ မြန်မာလိုရော၊ ဘိုလိုပါ ဖတ်လို့ရသွားပြီမို့ တွေ့ရသမျှ url တွေကို Firefox browser ထဲကို ရိုက်ထည့်ပြီး တောင်မွှေမြောက်မွှေ၊ မွှေဖြစ်ပါတယ်။ ကြားဖူးနားဝရှိတဲ့ facebook မှာ အကောင့်တစ်ခု စမ်းတ၀ါးဝါးနဲ့ဖွင့်ရင်း သူငယ်ချင်းတွေနဲ့အဆက်အသွယ်ရလို့ရငြားကြိုးစားရင်းက social network နဲ့အကျွမ်းတ၀င်ဖြစ်လာပါတော့တယ်။ တစ်ရက်သားမှာတော့ facebook ပေါ်မှာ သူငယ်ချင်းဘိုဘိုလန်းစင် ညွှန်းထားတဲ့ လင့်ခ်တစ်ခုကို လိုက်ကြည့်ရင်းကနေ ကိုကြီးကျောက်( ရွှေရတုမှတ်တမ်း ) ဘလော့ကို ရောက်ဖြစ်သွားပြီး သဘောတကျနဲ့ မကြာမကြာ သွားပြီးဖတ်ဖြစ်ပါတယ်။ ကိုကြီးကျောက်ရဲ့ဘလော့မှာ ချိတ်ထားတဲ့ဘလော့ခ်လင့်ခ်တွေနောက်လိုက်ရင်းနဲ့ပဲ ကျန်တဲ့ဘလော့တွေကိုပါ ရောက်ဖြစ်ခဲ့ပါတော့တယ်။ ဒါပေမယ့် ကွန်မန့်မပေးတတ်တဲ့ နည်းပညာတောသားဖြစ်ခဲ့တာမို့ ဘာခြေရာမှ မချန်ဖြစ်ဘဲ Silent reader ဘ၀မှာပဲ ကျင်လည်ခဲ့ရပါရဲ့။

ကိုယ်ပိုင်ဘလော့လေးတစ်ခု မလုပ်ဖြစ်ခင်မှာ အိပ်မက် ကိုမျက်စိလည်ပြီး ရောက်သွားရာကနေ ဂျီတော့အကောင့်လေးတစ်ခုရလာရင် မည်းမည်းမြင်ရာမှာ မန်ဘာဝင်ချင်တဲ့ နည်းပညာဆိုတဲ့ အုန်းသီးကို စကိုင်ရကာစ ၂၁ရာစုမျောက်တို့ရဲ့သဘာဝအတိုင်းပဲ မန်ဘာဝင်ပြီး ကဗျာလေးတွေ ရေးဖြစ်ပါတယ်။ ကြီးကောင်းကြီးမှ အွန်လိုင်းပေါ် ရောက်ရတာဖြစ်ပေမယ့် ကိုယ့်ကဗျာလေးမှာ ပထမဆုံးကွန်မန့်ဆိုတာလေး တွေ့ရတော့ အင်မတန်ပျော်မိပါသေးတယ်။ အိပ်မက်မှာ ဆော်ဒီရောက် ရေနံတွင်းအင်ဂျင်နီယာ ကိုလင်း ၊ ပြည်တွင်းက အပျိုကြီး အေး တို့ဟာ နည်းပညာလောကမှာ အပျံသင်ကာစ ဦးဟန်ကြည်ကလေးကို အားဆေးတွေတိုက်ခဲ့ကြသူတွေမို့ ကျေးဇူးရှင်တွေလို့ ဆိုရမှာပါ။ ကိုလင်းကတော့ စာချုပ်သက်တန်းစေ့သွားပြီမို့ မန္တလေးမှာ သူ့ရဲ့ချစ်စွာသောဇနီးနဲ့အတူ ပြန်နေရင်း နောက်ထပ်အလုပ်သစ်အတွက် ခေါ်စာကို စောင့်နေပါတယ်။ ဒေါ်အေးကတော့ အိပ်မက်မှာ အခုထိရှိနေဆဲပါ။ အိပ်မက်မှာပဲ အိမ့်ချမ်းမြေ့ နဲ့ သိဖြစ်ကြပါတယ်။ သူ့ဘလော့ကိုလည်း ရောက်ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ညက်ညောတဲ့ အရေးအသားနဲ့ စာဖတ်သူအပေါ်ထားတဲ့ စေတနာတွေကိုလည်း မှတ်မှတ်သားသား ရှိမိပါတယ်။ သူက အပြင်မှာလည်း စာရေးနေပြီဖြစ်ပေမယ့် ကိုယ်ငယ်ငယ်ကတည်းက စွဲလမ်းခဲ့တဲ့ ဆရာငြိမ်းကျော်၊ မြသန်းတင့်၊ တက္ကသိုလ်ဘုန်းနိုင်တို့ကလွဲရင် ကျန်တဲ့စာရေးဆရာသစ်တွေရဲ့စာတွေကို စွဲစွဲလမ်းလမ်းမဖတ်တတ်လေတဲ့ Conservative ဖြစ်နေတာကြောင့် အခုထိတော့ သူ့စာတွေကို offline မှာ မဖတ်ဖူးပါ။ အင်တာနက်ပေါ်မှာ စာစရေးဖြစ်တဲ့နေရာဟာ အိပ်မက် ဖြစ်နေတာမို့ အခုအချိန်အထိ သံယောဇဉ်မပြတ်ဘဲ မကြာမကြာ ရောက်ဖြစ်နေဆဲပါ။ စာရေးချင်တဲ့သူတိုင်း လွတ်လွတ်လပ်လပ် ရေးနိုင်တဲ့နေရာမို့ ဒီဆိုဒ်ကလေးကို တိုးတက်စေချင်မိပါရဲ့။

၂၀၁၀ ခုနှစ် ဧပြီလဆန်း လောက်မှာတော့ ဘလော့စပေါ့ဆိုတဲ့ Google service ကို ထုံးစံအတိုင်း တောင်မွှေမြောက်မွှေလုပ်ရင်းက ဘလော့လေးတစ်ခုကို စမ်းတ၀ါးဝါးနဲ့ စလုပ်မိပါတယ်။ နောက်ဆုံးမှာတော့ တောသားလည်း လှည်းနဲ့နွားနဲ့ ဖြစ်လာခဲ့ပြီပေါ့…။ ဘလော့စလုပ်ကာစမှာ ကိုယ့်အပြင်ပတ်ဝန်းကျင်မှာ ဘလော့ရေးတဲ့လူလည်း မရှိတာကြောင့် ပို့စ်ဘယ်လိုတင်ရမယ်ဆိုတာတောင် တစ်နေ့ခင်းလုံးကုန်အောင် ကြိုးစားယူခဲ့ရတာကတော့ တကယ့်အမှတ်တရပါ။ သူများဘလော့လေးတွေ အလည်သွားတဲ့အခါတိုင်းမှာ template လေးတွေကြွကြွရွှရွနဲ့မြင်ရတိုင်း Blogspot ကပေးထားတဲ့ ခပ်တုံးတုံး template နဲ့နှစ်ပါးသွားနေရတဲ့ ဦးဟန်ကြည်ခမျာ သွားရည်တမြားမြားနဲ့ ပြန်လာခဲ့ရတဲ့ အကြိမ်ပေါင်းကလည်း မရေမတွက်နိုင်အောင် ရှိခဲ့ပါရဲ့။ နောက်ဆုံးမှာ မတတ်သာတော့ဘဲ မကြာမကြာရောက်ဖြစ်နေတဲ့ စံပီး ကိုပဲ အခမဲ့ template လေးတွေ ဘယ်မှာရနိုင်မလဲလို့ မေးလ်ကနေ တစ်ဆင့်မေးပြီး ကိုယ်ထူကိုယ်ထ စံနစ်နဲ့ Blog template တွေ တစ်ခုပြီး တစ်ခု မတတ်တတ်နဲ့ ပြောင်းကြည့်ရင်း လာကြည့်တဲ့သူ တစ်ယောက်မှ မရှိတဲ့ ကိုယ့်ရဲ့ မွေးကင်းစ ဘလော့လေးကို အလှဆင်ခဲ့ရပါတော့တယ်။

ဘလော့ဂ်စရေးလို့ တစ်နှစ်ဝန်းကျင်လောက်ကြာတဲ့အထိ ဦးဟန်ကြည်နဲ့ သူ့ဘလော့နဲ့ နှစ်ယောက်ပဲ ဒီဘလော့ရွာထဲမှာ မျက်စိသူငယ်နားသူငယ်နဲ့ နေခဲ့ရရှာပါတယ်။ တစ်ခါတစ်လေမှာ တစ်ယောက်စ၊ နှစ်ယောက်စကများ ကိုယ့်ဘလော့မှာ ကွန်မန့်လေးလာပေးထားတာတွေ့ရရင်ဖြင့် အဲဒီနေ့ဟာ အင်မတန်မှ မင်္ဂလာရှိတဲ့နေ့ဖြစ်သွားပြီး မကြီးမငယ်နဲ့ ပျော်တပြုံးပြုံးဖြစ်နေခဲ့ရတာ အခုထိ တသိမ့်သိမ့်နဲ့ ကြည်နူးရယ်ချင် ဖြစ်နေမိဆဲပါ။ ဒါပေမယ့် ကွန်မန့်ပေးတဲ့လူတွေနောက်ကို ဘယ်လိုပြန်လိုက်ရမှန်းတောင် မသိခဲ့လေတဲ့ နည်းပညာတောသားခမျာမှာ သူများတွေနဲ့ အဆက်အဆံမရှိဘဲ တသီးပုဂ္ဂလဘ၀နဲ့ ရပ်တည်ခဲ့ရပါတယ်။

ဒါပေမယ့် kp 3 မိသားစု ရဲ့ ဘလော့ဂ်လမ်းညွှန်လို့ခေါ်ရမယ့် ဘလော့ဂ်ကို ရောက်သွားဖြစ်တဲ့နောက်မှာတော့ တောသားမအူမလည်ဘ၀ကနေ တောသားလူလည်ဘ၀ကို ရောက်လာပြီး သူများဘလော့တွေမှာလို ကိုယ့်ဘလော့လေးထဲမှာ ဆီပုံးတွေ ရေပုံးတွေ ဝေေ၀ဆာဆာသုံးတတ်လာပါတော့တယ်။ အဲဒီအတွက်လည်း kp 3 ကို ဒီပို့စ်ကနေပဲ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ တစ်ခါသားမှာတော့ ညီနေမင်း ရဲ့ နည်းပညာဘလော့ထဲကို သွားကြည့်ရင်း ခေါက်လို့ရတဲ့ ပို့စ် Peak-a-boo ကိုစမ်းသပ်ကြည့်ရာမှာတော့ မအောင်မြင်လို့ အခုအထိ ထပ်မစမ်းရဲပါ။ အဲဒီလောက်တောင် ညံ့ရှာတဲ့ ဦးဟန်ကြည်ပါပဲ။

ဘလော့စရေးတတ်ကာစအချိန်မှာတော့ ထုံးစံအတိုင်းပဲ တက္ကသိုလ်ကျောင်းသားဘ၀လွန်ကတည်းက အောင့်ထားရတဲ့ စာရေးချင်တဲ့စိတ်တွေ အုံနဲ့ကျင်းနဲ့ ရှိနေတာကို အားပါးတရ ဖွင့်ချရင်း တစ်ချို့ရက်တွေမှာဆို ဘယ်သူဖတ်ဖတ် မဖတ်ဖတ် တစ်ရက်ကို နှစ်ပုဒ်လောက်အထိ ရေးဖြစ်ခဲ့ပါတယ်။ စာမရေးရရင်ကို မနေနိုင်လို့ ရေးနေတာဖြစ်လို့ ဘယ်သူတွေလာဖတ်တယ်၊ မဖတ်ဖူးဆိုတာလည်း သတိမထားမိပါ။ ပညာရေးနဲ့ပတ်သက်တဲ့ ဆိုဒ်တွေကို ၀င်ဖတ်ရင်း ကိုယ်ကြိုက်တဲ့စာတွေကို ဘာသာပြန်ပြီးလည်း တော်တော်များများတင်ဖြစ်ပါတယ်။ ပညာရေးနဲ့ပတ်သက်တဲ့ ကိုယ်ပိုင်အမြင်တွေ၊ အယူအဆတွေကိုလည်း “သင်ထောက်ကူ”ဆိုတဲ့ ကဏ္ဍတစ်ခုဖွင့်ပြီး ရေးဖြစ်ပါသေးတယ်။ ခံစားရရင် ရသလိုရေးထားခဲ့တဲ့ ကဗျာဟောင်းတွေ၊ အသစ်တွေကိုလည်း ဘလော့ဂ်ထဲမှာပဲ တစ်စုတစ်ဝေးထဲ သိမ်းထားဖြစ်ပါတယ်။ ကိုယ်ရေးတဲ့စာတွေ ကိုယ်ပြန်ဖတ်တဲ့အခါတိုင်းမှာ  နေ့စဉ်မှတ်တမ်းရေးတဲ့အကျင့်ကို ဘလော့ပေါ်တင်လိုက်သလို ခံစားရပြီး ကိုယ့်ပီတိလေးနဲ့ကိုယ် ကျေကျေနပ်နပ် ဖြစ်လို့နေခဲ့ပါရဲ့။ ဒီလိုနဲ့ပဲ ပို့စ်ပေါင်း ၁၂၀ ကျော်လောက်ရှိချိန်အထိ ဦးဟန်ကြည်ရဲ့ “ အတွေးစလေးတွေ ” ဟာ လူမသိ၊ သူမသိဘ၀နဲ့ ရပ်တည်ခဲ့ရရှာပါတယ်။


စာကြွင်း။     ။
တက်ဂ်ပို့စ်တစ်ခါရေးရင် အရှိန်ရသွားတတ်တဲ့ ဦးဟန်ကြည်ရဲ့ ထုံးစံအတိုင်းပဲ ဒီတစ်ခါလည်း အခန်းဆက်ဖြစ်သွားပြန်ပါပြီ။ နောက်တစ်ပိုင်းမှာတော့ ဘလော့ဂ်ရွာထဲမှာ ခင်မင်ရင်းနှီးခဲ့ရသူတွေနဲ့ ကြိုက်နှစ်သက်ခံစားမိတဲ့ ဘလော့တွေအကြောင်းကို သုံးသပ်ချက်အကျဉ်းအဖြစ် တင်ဖြစ်ပါလိမ့်မယ်။ ကိုင်း Happy blog day ပါ ဘလော့ဂါ၊ ဘလော့ဂီအပေါင်းတို့ရေ...

26 comments:

ကိုကိုမောင်(ပန်းရနံ့) said...

ဆရာဟန်ကြည်လဲ တော်တော်ဆိုးလာပြီ။ အခန်းဆက် အရှိန်ကို မသေသေးဘူး။ ကိုရင်ပေါက်စ ဘ၀တုန်းက ညစာခိုးစားရင်း ကျောင်းထိုင်ဘုန်းကြီးလာနေတာ မြင်လို့ စားချင်ရက်နဲ့ ဆက်မစားရတော့ဘဲ ရပ်ထားလိုက်ရသလို ဆန့်တငင်ငင်နဲ့။

အင်းးးးးးးးး တစ်နေ့ ၀ဋ်လည်လိမ့်ဦးမယ်။း))))


ခင်မင်လျက်

တောက်ပကြယ်စင် said...

အင့် ဘုန်းကြီးလူထွက် သူကြီးမင်းလုပ်မှပဲ အားလုံးသိကုန်ပြီ ထင်ပါရဲ့။ ဒါနဲ့ မထူးတော့ဘူး ဆက်ပြောလိုက်ပါမယ်။ ညနေ ၀တ်တက်ခါနီးအချိန် ကိုရင်ကြီးတစ်ပါးက တို့စရာအဖြစ် ကန်စွန်းရွက်ခူးနေတုန်း စာချဘုန်းကြီးတစ်ပါးမြင်သွားတော့ ဘာလုပ်ဖို့လည်းမေးတော့ ကိုရင်ကြီးကလည်း ခေသူမဟုတ်ဘူးလေ ဒါနဲ့ ချက်ချင်းပြန်ဖြေလိုက်တာပေါ့။ ဘုရားပန်းအိုးလဲဖို့တဲ့။ ဒါကတော့ ရယ်စရာလေးတွေပါ။ အခန်းဆက်မျှော်နေမယ်နော်။ ဆရာနဲ့ ဆရာ့မဟေသီ ကျန်းမာပျော်ရွှင်ကြပါစေ...

peter kyaw said...

မင်္ဂလာပါ အစ်ကိုကြီး...
အားပေးလျှက်ပါခင်ဗျာ...

ညိမ်းနိုင် said...

ကေပီသရီးကတော့ ကျွန်တော်တို့လို အွန်လိုင်းကကြီးရေက
သမားများအတွက်တော့ တကယ့်ကို အားကိုးရာပါပဲဗျာ..။
အခန်းဆက်ဖြစ်သွားတော့လည်း ဆက်ရန်တွေကို မျော့နေ
မယ်နော်...ဆရာ....:)))

နေ၀သန် said...

အိမ်စာပြန်ပေးမယ်.. နောက်တစ်ခါ အပြီးရေးခဲ့.. မရေးခဲ့ရင် တုတ်စာမိမယ်.. :P.. ဟားဟား.. ဆရာဥိးဟန်ကြည်က အခန်းဆက်တွေ သိပ်ကြိုက်တယ်ထင်တယ်..း))). ပျော်ရွှင်စရာ ဘလော့ခ်ဒေးလေး ပိုင်ဆိုင်ပါစေ..

ခင်မင်လျက်
နေ၀သန်

KMC@ချင်းလေး said...

blogger ကပေးတဲ့ Template ခပ်တုံးတုံးတွေနဲ့နှစ်ပါးသွားခဲ့ရတယ်ဆို တာတိုက်ဆိုင်နေလို့ရယ်လိုက်ရသေးတယ် ဆရာဟန်ကြည်ရေ..။နောက်ဆက်တွဲ
လေးမျှော်နေပါ့မယ်ဗျာ။(လေးစားလျက်)

မိုးယံ said...

ဟင်.... အခုထိ မပြီးသေးဘူးပေါ...အခန်းဆက်ဦးမပေါ့..လုပ်လိုက်လေ ကြာသလားလို့...ဟွင်းဟွင်း

21 ရာစုမျောက် ရွာသားလူလည် ကို(ဆရာ)ဟန်ကြည်ရယ်... ဘာမှ အားမငယ်နဲ့ ကျွန်တော်လည်း အခုထိ ပို့စ်ခေါက်တာ စမ်းသပ်လို့ မရသေးဘူး.... မီနူးတပ်ဘ်တွေ မခုထိ မတပ် တပ်သေးဘူး...

ဒီလိုနဲ့ပဲ ပျော်ပျော်ကြီး ဂင်းကြတာပေါ့..

blackroze said...

ဆရာကိုဟန်ကြည်ရေ
ဘာမှစိတ်ဓါတ်မကျပါနဲ့လေ
ညီမတို့လည်းဘလော့သာဂင်းနေကြတာ
တကယ်တော့ဘာမှသိတာမဟုတ်ပါဘူး..
ဒီလိုဘဲဟိုဟာလျှောက်နှိပ်
ဒီဟာလျှောက်နှိပ်နဲ့..ဟီးးဟီးး
စမ်းတဝါးဝါးလေးပါဘဲ

ကဲ..အခန်းဆက်လေးကိုမျှော်နေပါတယ်..

ဒီမိုးဆူး said...

ဟုတ်ပါ့ ဆရာရယ် .. အခု ကျွန်တော်လည်း အဲ့လို စ ဖြစ်တော့မယ် ... ကိုရီးယားကားတွေ အားကျလို့  အခန်းများများတော့ မဆက်ပါနဲ့ နော် .. စောင့်နေပါ့မယ်.. ပျော်ရွှင်စွာ ဘလော့ဝင်နိုင်ပါစေလို့  ..

မိုးငွေ့...... said...

ဆရာလဲ ကိုးရီးယားကားဇာတ်လမ်းတွဲဖက်ကို လိုက်လာပြီ...ဖတ်ကောင်းကောင်းနဲ့အရှိန်ရမှ နောက်ဆက်တွဲမျှော်ဆိုတာမျိုး....။ ကိုရီးယားကားကို ပေရှည်လို့ ကြည့်ကိုမကြည့်တာ အဟဲ ကိုယ့်ဆရာစာကိုတော့ စောင့်ဖတ်မှဖြစ်မယ် ...ကိုယ်ကစာချစ်သူဖြစ်နေတာကိုး... ဒီပိုးတော့မသတ်နိုင်ပါ...။

ခင်တဲ့
မိုးငွေ့

jasmine(တောင်ကြီး) said...

စိတ်ထဲမှာတော့ထင်နေစား ကိုးရီးယား
ဇာတ်လမ်းဖြစ်နေမလားလို့ပါ...
စာရေးကောင်းပြီး ရေးနိုင်တဲ့သူတွေ
ဆိုတော့ ရေးကြတာပေါ့ ကျွန်မဆို
ဘာရေးရမှန်းမသိလို့ သူများတွေကိုစောင့်
နေရတယ် ကူးချမို့ပါ။
အဆက်လေးလဲ မြန်မြန်ရေးပါဆရာရေ....
သတ်ပုံမှားတဲ့ည အဲလေ jasmine

ကိုအောင်(ပျူနိုင်ငံ) said...

ကိုဟန်ကြည်ရေ ...
တက်ဂ်ကို အခုလို ပျော်ပျော်ရွှင်ရွှင်နဲ့ ရေးပေးတာ ကျေးဇူး တကယ် တင်ပါတယ်၊ လောလောဆယ် အပြင်ရောက်နေလို့ အိမ်ပြန်ရောက်မှ ထပ်ဖတ်အုံးမယ်၊ ရေးပြီးကြောင်း တကူးတက လာပြောပြတာ ကျေးဇူးကမာပါ ...

ဟန်ကြည် said...

ဦးဟန်ကြည် အခန်းဆက်တွေ ရေးဖြစ်လွန်းတာကြောင့် ကိုရီးယားပရိသတ်ရယ်လို့ အထင်တော်တွေ မလွဲကြပါနဲ့ ဘလော့ဂါအပေါင်းတို့ရယ်...

တကယ်တော့ အားရင်အားသလို စာရေးနေတာမို့ ဒီပို့စ် အစအဆုံးကို ရေးထားပြီးသားပါ...အစအဆုံးတင်လိုက်ရင် ဘလော့ဂါအပေါင်းသူတော်ကောင်းတို့ကို( ဖားထားမှ ) မျက်စိညောင်းအောင် နှိပ်စက်သလို ဖြစ်မှာစိုးပါတဲ့ ဦးဟန်ကြည်ရဲ့ စေတနာ၊ မေတ္တာတွေ ဗလပွကြောင့် သက်တောင့်သက်သာကလေး နားနားပြီးဖတ်ရအောင် အပိုင်းကလေးတွေခွဲပြီး တင်နေတာမို့ ကရုဏာရှေ့ထားပြီး နားလည်ပေးကြဖို့ အကြောင်းခံနဲ့ တောင်းပန်ပါရဲ့...

အဲဒီလိုမှ တောင်းပန်မထားရင်လည်း အခန်းဆက် များလွန်းလို့ ၀ိုင်းပို့ကြတဲ့ မေတ္တာတော်တွေနဲ့တင် ဗြောင်းဆန်ကုန်မှာ စိုးရပါရဲ့ ... ;D

Angelhlaing(May everybody be happy and healthy! said...

သိဒယ်သိဒယ် အဲလိုလုပ်တော့မယ်ဆိုတာ အဟီးး ဝဋ်လည်မယ်နော်အကို .....ကိုကိုမောင်ပြောသလိုပဲ
အဲမှာ စတွေ့တာပဲ ညီမလေးလဲရေးမှာ ဘလော့ဒေးအတွက် အလွဲလေးတွေနဲ့ အမှတ်တရ...ဆိုပြိး :P:P
...စောင့်မျှော်နေတယ်အကို..

ZP said...

ကိုဟန်ကြည်က blog လောကမှာ ဒုက္ခရောက်တာ တော်တော် တူတယ်နော်...နောက်ဆက်တွဲမျှော်လျက်

ချယ်ရီမြေ said...

ဘလော့ရွာလည်ရင်း ကိုဟန်ကြည်အိမ်ရှေ့အရောက်မှာ ဘလော့ဒေးအမှတ်တရပို့စ်တွေတာနဲ့ ကွန်မင့်ပေးခဲ့တာပါ။


ချမ်းမြေ့ပါစေ
ချယ်ရီမြေ

ချော(အစိမ်းရောင်လွင်ပြင်) said...

ဘလောဂ့်နဲ့ ကိုးရီးယားကားနဲ့ များသွားလေပလား အာစရိး)
ဆရာတို့များ တဂ်ပို့တွေကို အခန်းဆက်လုပ်ထားပြီး လာဖတ်သူတွေကို လည်ပင်းရှည်အောင် ပြုစားနေတာ။
ပျော်ပျော်ပါးပါး စာတွေ အများကြီးဆက်ရေးသွားနိုင်ပါစေ ဆရာဟန်ရေ..

အိမ့်ချမ်းမြေ့ said...

မလေး ဒီပိုစ်ရေးရင် မဆက်နိုင်လို့ ကိုဟန်ကြည့်စာဖတ်ပြီး နည်းနည်း ပြန်အားတက်လို့ ဆက်ရေးလိုက်ဦးမယ်..

san htun said...

စန်းထွန်းလည်း ဦးဟန်ကြည်လိုပဲ ကိုယ့်ရေးတဲ့စာတွေ ကိုယ့်ဘာသာပြန်ဖတ်ပြီး နေ့ စဉ်မှတ်တမ်းရေးတဲ့အကျင့်ကို ဘလော့ပေါ်တင်လိုက်သလို ခံစားရပြီး ကိုယ့်ပီတိလေးနဲ့ ကို ကျေကျေနပ်နပ် ဖြစ်လို့ နေတာ...း)

မောင်မျိုး said...

မျှော်တော်ယောင်း))

ahphyulay said...

အင်း..
အစ်ကိုရေ....၊
ကျွန်တော့်မလဲ ကိုအောင်က ရေးခိုင်းထားပြန်တယ်။
ဒီလိုပါပဲလေ၊ အားလုံးကတော့ 
ဘလော့ ရွာကြီးထဲကို ပုံစံမျိုးစုံနဲ့ 
ရောက်လာကြပေမယ့်  “ တူ ”နေတဲ့ 
အချက်တစ်ခုကတော့  စာရေးချင်နေခြင်း
ပါပဲလို့ ..။

mstint said...

ဦးဟန်ကြည်ရဲ့ ဘလော့ဂ်ဒေးကနေ ဗဟုသုတတွေ ယူသွားပါတယ်။ ဆက်ရန်လေးကို ဆက်ဖတ်ပြီးမှ ကွန်မန့်ထပ်ပေးတော့မယ်နော်။
စာအရေးအသားကောင်းတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ကိုဇော် said...

၂ ကို ဖတ်ပြီးမှ ၁ ကို ပြန်ဖတ်ရတော့ ဆရာရေ။
တကယ်ကို မအားလို့ဗျာ။

An Asian Tour Operator said...

ဆရာဟန့် အတွေးစလေးတွေ.. ဆက်ဆွဲထုတ်သွား၏။

မြစ်ကျိုးအင်း said...

ခုမှရောက်ဖြစ်လို့ ချစ်စရာ ဘလော့ဂ်ရွာအကြောင်း အခန်း ၂ ဆက်ဖတ်လိုက်ပါအုံးမယ်။

မအိမ်သူ said...

မီးရထားတွဲတွေလို တတွဲပြီးတတွဲချိတ်မယ့် တဂ်ပို့စ်ပဲ။ ရေးတတ်ပါပေတယ်ဆရာရယ်။း)))

ကြိုက်ရင်ပေါ့လေ . . .