( ရှေးဟောင်းသုတေသနပြတိုက်၊ ကန်တော့ပလ္လင်၊ ပုထိုးသားများ၊ သဗ္ဗညု၊ ဓမ္မရံကြီး၊ အပယ်ရတနာ၊ အာနန္ဒာ )
၇.၄.၂၀၁၁
ဒီနေ့မနက် အိပ်ရာထနောက်ကျပြန်ပါတယ်။ မနက်၁၀နာရီကျော်ကျော်လောက်မှပဲ အိပ်ရာထဖြစ်ပါတယ်။ အခုတည်းနေတဲ့ “ကြည်ကြည်မြ” တည်းခိုခန်းက ၁၂ရက်နဲ့ ၁၃ ရက်မှာ အခန်းမအားတာကြောင့် ရက်ရှည်ဆက်တိုက်တည်းချင်တဲ့ ကိုယ်တို့အတွက် အဆင်မပြေပါ။ ဒါ့အပြင် မနေ့ကပဲ ပုဂံမြေပုံမှာကြည့်မိတော့ ဒီနေရာဟာ ပုဂံမြို့သစ်ဖြစ်ပြီး သူ့အနီးအနားမှာ ဘုရားပုထိုးလည်း လည်စရာပတ်စရာ သိပ်မရှိပါ။ ဒါကြောင့် ၁၂နာရီထိုးလို့ check out မလုပ်ခင်မှာ နောက်တည်းခိုခန်းတစ်ခန်းရှာကြဖို့ မနေ့ကတည်းက ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် အခုလို အိပ်ရာထနောက်ကျသွားတာကြောင့် နောက်ရက်မှပဲ တည်းခိုခန်း ကိစ္စကို စီစဉ်ဖို့ အခြေအနေအရ ဆုံးဖြတ်လိုက်ရပါတော့တယ်။ ဒါကြောင့် အပြင်ထွက်ပြီး အသင့်တွေ့တဲ့ လိုင်းကားပေါ် တက်လို့ ပုဂံမြို့ဟောင်းဘက်ကို ခရီးစခဲ့ပါတယ်။ ပုဂံ-ညောင်ဦးကို ပြေးနေတဲ့ လိုင်းကားတွေဖြစ်တာကြောင့် ကားခအင်မတန်မှ သက်သာပါရဲ့။
|
စိမ်းလန်းလှတဲ့ ကြည်ကြည်မြ ဧည့်ရိပ်သာ . . . |
လိုင်းကားခ တစ်ယောက်၂၀၀(တကယ်တော့ သတ်သတ်မှတ်မှတ် လိုင်းကားမဟုတ်ပါ။ ပုဂံညောင်ဦးပြေးနေတဲ့ ခေါက်ပြန် ကားတွေပါ) ကုန်ပြီးတဲ့ နောက်မှာတော့ ပုဂံရှေးဟောင်းသုတေသနပြတိုက်ကို ရောက်ပါတယ်။ ပြတိုက်ဝင်ကြေးက တစ်ယောက် ၅၀၀၊ ကင်မရာခွန်က အပျော်တန်းအတွက် တစ်လုံးကို ၃၀၀ပါ။ နေပြည်တော်နဲ့ယှဉ်ရင် တကယ့်ပုဂံနေပြည် တော်အစစ်က ဈေးပိုသက်သာတဲ့သဘောပါပဲ။ နေပြည်တော်မှာက ကင်မရာခွန် တစ်ခါဆောင်ရရင် ၂၀၀၀ ကျပေသကိုး။ ပြတိုက်က တကယ့်ကို ထုထည်ကြီးကြီးနဲ့ ခမ်းခမ်းနာနားဆောက်ထားပါ တယ်။ ဒါပေမယ့် လမ်းကျယ်ကျယ်ဘေးမှာ သစ်ပင်ကြီးမရှိတာကြောင့် နေပူသက်သာအောင် ခပ်သုတ်သုတ်လေးတော့ သွားယူရပါရဲ့။
ပြတိုက်ထဲကို ဓာတ်ပုံကင်မရာ၊ ခရီးဆောင်အိတ်တွေ ယူခွင့်မပေးပါ။ အစကတော့ ဘာကြောင့်ဆိုတာ သဘောမပေါက်ပေမယ့် ပြတိုက်ဝန်ထမ်းတစ်ယောက်ကရှင်းပြမှပဲ အရင်က ပြတိုက်မှာ မိုင်းကွဲခဲ့တာကြောင့်ရယ်၊ ပြတိုက်မှာ ရှိတဲ့ အဖိုးတန်ရှေးဟောင်းပစ္စည်းတွေအကြောင်း အပြင်လူတွေ မသိစေချင်တာရယ်ကြောင့် ဆိုတာ သိရပါတယ်။ ခရီးဆောင်အိတ်မယူရတာ သဘာဝကျပေမယ့် ဒုတိယအကြောင်းပြချက်ကို သိပ်ဘ၀င်မကျပါ။ ကိုယ့်ပြတိုက်က အဖိုးတန်ပစ္စည်းတွေအကြောင်း အများသိရမှ ပြတိုက်ရဲ့ဂုဏ်သိက္ခာပိုတိုးတက်လာ မယ်လို့ ယူဆမိတာကြောင့်ပါ။ ဒါပေမယ့် ဘတ်ဂျက်နည်းတဲ့ ဌာနဖြစ်တာကြောင့် လုံခြုံရေး အသုံးစရိတ် များများစားစား မတတ်နိုင်တာကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။ ပြခန်းအ၀င်က တာဝန်ခံအရာရှိတစ်ယောက်က ကိုယ်ကိုင်ထားတဲ့ ပုဂံမြေပုံကို ထောက်ပြပြီး ပုဂံမှာသွားလေ့လာသင့်တဲ့ နေရာတွေကို အကြံပေးပါတယ်။ ဒါတင်မကသေးဘဲ ဒီမှာပဲရှိတဲ့ ပဉ္စလောဟာ ရုပ်ပွားတော်တွေကို ဖူးဖြစ်အောင်ဖူးသွားဖို့လည်း အကြံပေးလိုက်ပါသေးတယ်။ ဒီဒေသက ၀န်ထမ်းတွေရဲ့ ဖော်ရွေပုံကို မှတ်မှတ်သားသားဖြစ်မိပါတော့တယ်။ အမှန်တကယ်ဆိုရင် တစ်ပြည်လုံးမှာ ရှိတဲ့ဝန်ထမ်းအားလုံး ပုဂံက ၀န်ထမ်းတွေလို ဖော်ရွေပျူငှာစေချင်ပါရဲ့လေ။
ပြတိုက်မြေညီထပ်မှာ ခန်းမကျယ်ကြီးတစ်ခုရှိပြီး ပုဂံခေတ်က ထင်ရှားခဲ့တဲ့ မင်းတွေရဲ့ ပုံတူကြေးရုပ်တုတွေ ထားပါတယ်။ ဒါတွေက ရှေးဟောင်းပစ္စည်းတော့မဟုတ်ပါ။ သူတို့ရဲ့ အသုံးအဆောင်တွေကို လေ့လာပြီး အရပ်အမောင်း အချိုးအစားကို ခန့်မှန်းယူ၊ နံရံဆေးရေးပန်းချီတွေနဲ့ သူတို့ရဲ့ အ၀တ်အစားတွေကို ညှိနှိုင်းပြီး မျက်နာတွေကိုတော့ တတ်နိုင်သမျှ အဆင်ပြေအောင် သွန်းလုပ်ထားတဲ့ ဒီဘက်ခေတ်လက်ရာတွေပါ။ ဒါပေမယ့် စာတန်းထိုးရာမှာ ပုဂံခေတ်အရေးအသားကို သုံးထားတာကြောင့် မသိရင်တော့ မျက်စိလည်စရာပါ။ ဒီအရုပ်တွေအပြင် ပုဂံသားတွေ တီးမှုတ်ကခုန်နေပုံတွေ၊ ဆွမ်းလောင်းနေပုံတွေကိုပါ ရုပ်ထုတွေထုတားပါတယ်။ ဒီရုပ်ထုတွေကတော့ ကြေးရုပ်တုမဟုတ်ပါ။ ဖယောင်းရုပ်တုတွေ ကို ကြေးရောင်ပေါက်အောင် ဆေးဖြန်းထားတာတွေ ဖြစ်ပါတယ်။ အောက်ထပ်ခန်းမကြယ်ကြီးရဲ့ ဘေးတစ်ဘက်တစ်ချက် အခန်းငယ်လေးတွေထဲမှာ ပြခန်းငယ်လေးတွေ ခွဲပြီးပြထားပါတယ်။ ၀င်ဝင်ချင်း ဘယ်ဘက်ခြမ်းမှာ ပုဂံဘုရားတွေကနေ တူးဖော်ရရှိတဲ့ ရှေးဟောင်းပစ္စည်းတွေကို ပြထားပါတယ်။ ဒါ့အပြင် ပုဂံသားတွေရဲ့ ၀တ်စားဆင်ယင်ပုံတွေ ပုဂံသူတွေရဲ့ ဆံထုံးပုံစံ ၅၇မျိုးကိုလဲ ပုံစံတူလုပ်ပြီး ပြထားတာတွေ့ရပါတယ်။ ဒီဆံထုံးပုံစံတွေကို ဒေါ်စောမုံညင်းရေးတဲ့ မြန်မာအမျိုးသမီးဝတ်စားဆင်ယင်ပုံကျမ်းထဲမှာ တွေ့နိုင်ပါတယ်။
အဲဒီအခန်းနဲ့ မျက်နှာချင်းဆိုင်မှာတော့ ပုဂံနန်းတော်ပြခန်းပါ။ ပုဂံခေတ်စစ်လက်နက်တွေဖြစ်တဲ့ ဓားတွေ၊ လှံတွေ၊ အဲမောင်းတွေလည်းတွေ့ရပါတယ်။ ဒီဓားတွေကိုကြည့်မိတော့ ပုဂံသားတွေဟာ အနည်းဆုံးတော့ ခြောက်ပေနီးပါးမြင့်ပြီး ခွန်အားဗလ သန်မာထွားကြိုင်းကြမယ်လို့ ခန့်မှန်းမိပါတယ်။ ဒါတွေကိုကြည့်မိတော့ တဖြည်းဖြည်းနဲ့ ကိုယ်ကာယကြံ့ခိုင်မှု နည်းသထက်နည်းလာနေတဲ့ ကိုယ်အပါအ၀င် မျိုးဆက်သစ်လူငယ်တွေကို အားမလိုအားမရ ဖြစ်မိပါတော့တယ်။ သူတို့ကိုင်တဲ့ဓားကြီးတွေက ရောမခေတ်က စစ်သားတွေကိုင်တဲ့ ဓားတွေနဲ့ ပုံစံချင်းတော်တော်တူပါတယ်။ ဒါ့အပြင် လှိုင်းတွန့်လို တွန့်ထားတဲ့ဓားကြီးတစ်လက်လည်း တွေ့ရပါတယ်။ ကျန်တာကတော့ ခေတ်အဆက်ဆက်နန်းတော်တွေရဲ့ ပန္နက်ပုံတွေပြထားတာပါ။
နန်းတော်ပြခန်းနဲ့ကပ်လျက်အခန်းကတော့ ပုဂံခေတ်စာပေပြခန်းပါ။ ဘုရားတွေကတွေ့ရသမျှ ကျောက်စာမူရင်းတွေကို ဒီအခန်းမှာ ထိန်းသိမ်းထားပါတယ်။ နံမည်ကျော် မြစေတီကျောက်စာမူရင်းကိုလည်း တွေ့ခဲ့ရပါတယ်။ မြန်မာအက္ခရာ ပြောင်းလဲပုံတွေအကြောင်း နည်းနည်းပါးပါးလေ့လာဖူးပေမယ့် ဒီကျောက်စာတွေကိုတော့ သုံးလေးလုံးထက်ပို မဖတ်တတ် ခဲ့ပါ။ ဒီပြခန်းမှာ တာဝန်ကျတဲ့ တာဝန်ခံဝန်ထမ်း အမျိုးသမီးကရှင်းပြတာကြောင့် တော်တော်များများတော့ သဘောပေါက် သွားပါတယ်။ ဒီတာဝန်ခံအမျိုးသမီကပဲ ကိုယ်တို့ကို အပေါ်ထပ်က ပဉ္စလောဟာ စေတီနှစ်ဆူကို လိုက်ပြပြီး ကျကျနန ရှင်းပြပါတယ်။
အပေါ်ထပ်မှာ ပုဂံတစ်ခွင်က ရခဲ့တဲ့ ရုပ်ပွားတော်တွေရဲ့ မူရင်း ၁၃၀ ကျော်ကို ထိန်းသိမ်းထားပါတယ်။ ဒါကြောင့် ပုဂံပုထိုးတွေမှာ တွေ့ရတဲ့ ရုပ်ပွားတော် တော်တော်များများဟာ ပုံစံတူတွေပဲ ဖြစ်ပါတယ်။ မတ်ရပ်ရုပ်ပွားတော်တွေမှာ သင်္ကန်းတော်ဟာ ပါးလှပ်နေပြီး ဒူးဆစ်တော်မှာ အဖုပါရင် ဒါဟာမူလ ပုဂံလက်ရာဖြစ်တယ်ဆိုတာကို သူရှင်းပြမှပဲ သိရတာပါ။ ဒါ့အပြင် အာနန္ဒာဘုရားက မတ်ရပ်ရုပ်ပွားတော်လေးဆူမှာ တောင်ဘက်နဲ့ အရှေ့ဘက်ကပဲ မူရင်းပုဂံခေတ် ရုပ်ပွားတော် ဖြစ်ပြီး ကျန်နှစ်ဆူက နောက်ပိုင်းခေတ်လက်ရာတွေ ဖြစ်မှန်းလည်း သိရပါတယ်။
ပထမ မဉ္စလောဟာရုပ်ပွားတော်ဟာ ပုဂံအ၀တ်အစားတွေပြတဲ့အခန်းရဲ့ အပေါ်မှာရှိပါတယ်။ ရုပ်ပွားတော်ကို သံတန်းနံရံ တွေထဲမှာ ကာကွယ်ထားပြီး လုံခြုံရေးကင်မရာနဲ့လည်း စောင့်ကြပ်နေပါတယ်။ ဒီရုပ်ပွားတော်ဟာ ၁၁ရာစု လက်ရာဖြစ်တာကြောင့် ကျန်စစ်သားမင်းရဲ့ ကုသိုလ်တော်ဖြစ်ပါတယ်။ ညောင်ဦးမြို့နယ် စဥ့်ကူကျေးရွာမှာ ရှိတဲ့ နဂါးရုံဘုရားကနေ တွေ့ရှိခဲ့ရတာပါ။ ပဉ္စလောဟာဆိုတာကတော့ ဆင်းတုတော်ထုလုပ်ရာမှာ သုံးထားတဲ့ ရွှေ၊ ငွေ၊ ကြေး၊ သံ၊ သွပ် စတဲ့ သတ္တုငါးမျိုးစပ်ကို အစွဲပြုပြီး ခေါ်ကြတာဖြစ်ပါတယ်။
ဒီရုပ်ပွားတော်မှာ ထူးခြားချက် ခြောက်ချက် ရှိပါတယ်။
(၁) ရုပ်ပွားတော် လည်ပင်းတော်ဟာ စေတီတော်ရဲ့ ပစ္စယံအဆင့်တွေ၊ လည်ပင်းတော်ဟာ ကြာဖူး၊ နှာခေါင်းတော်ဟာ ထီးတော်ပုံဖြစ်တာကြောင့် ခြုံကြည့်ရင် စေတီတော်တစ်ဆူပုံဖြစ်ပါတယ်။
(၂) ရင်အုပ်တော်နှစ်ဘက်ဟာ မြင်းတစ်ကောင်ရဲ့ မျက်လုံးနှစ်ဖက်ပုံရှိပြီး ၀မ်းဗိုက်တော်ဟာ မြင်းရဲ့နှာယောင်ပုံဖြစ်တာမို့ ခြုံပြီးကြည့်ရင် မြင်းရဲ့မျက်နှာကို ရှေ့တည့်တည့်က ကြည့်တာနဲ့ တူပါတယ်။ ဒါကတော့ ပုဂံသားတွေဟာ ဘုရားရှင်ရဲ့ ပုံတော်ကို စိတ်မှန်းနဲ့ ပူဇော်ရာမှာ သူတို့စိတ်ထဲကနေ မြင့်မြတ်တယ်လို့ ယူဆကြတဲ့ သိန္ဓောမြင်းရဲ့ပုံကို ထည့်ပြီးထုကြတယ်လို့ ယူဆရပါတယ်။
(၃) ရုပ်ပွားတော်ရဲ့ ချက်တော်မှာ ရွှေအစစ်ထည့်သွင်းထုလုပ်ထားပါတယ်။
(၄) ရုပ်ပွားတော်ရဲ့ လက်ဝဲဘက်လက်သန်းဟာ ငွေဖြစ်ပါတယ်။
(၅) ရုပ်ပွားတော်ရဲ့ စက္ခုအိနြေ္ဒချထားတဲ့ မျက်လုံးတော်တွေကို ရွှေနဲ့ထုလုပ်ထားပါတယ်။
(၆) ရုပ်ပွားတော်ရဲ့ နဖူးကို ရွှေပြားနဲ့ ပူဇော်ထားပါတယ်။
ဒီရုပ်ပွားတော်ဟာ တန်ခိုးကြီးပြီး ဆုတောင်းပြည့်တာကြောင့် ရှေးအရင်ကတည်းက တကူးတကသွားပြီး ဖူးကြတယ်လို့ သိရပါတယ်။
ဒုတိယရုပ်ပွားတော်ကတော့ ပုဂံနန်းတော်ပြခန်းအထက်ဘက်မှာ ရှိပါတယ်။ ၁၁ရာစု လက်ရာဖြစ်ပြီး ကျန်စစ်သားမင်းကြီးရဲ့ ကုသိုလ်တော်ပဲ ဖြစ်ပါတယ်။ ပုဂံမြို့ဟောင်း ပုဆစ်တုပ်ဘုရား ကနေ ရခဲ့တာဖြစ်ပါတယ်။ ပုဆစ်တုပ်ဘုရားဆိုတာကတော့ ခမည်းတော်မင်းကြီးကို ကျန်စစ်သားမင်းက ဒူးတုပ်ပြီးဦးချခဲ့တဲ့နေရာမှာ တည်ထားတာမို့ ဒီဘွဲ့တော်တွင်တာပါ။ ဒီရုပ်ပွားတော်ဟာ ပထမရုပ်ပွားတော်ထက် ဥာဏ်တော်ပိုမြင့်ပါတယ်။ သတ္တုအရော အချိုးအဆ အားနည်းတာကြောင့် အရောင်ပိုရင့်ပြီး အညိုရင့်ရောင်ပိုသန်းပါတယ်။ ထူးခြားချက်တွေကတော့ ပထမရုပ်ပွားတော်နဲ့ ခပ်ဆင်ဆင်ရှိပြီး ဘယ်လက်တော်မှာကိုင်ထားတဲ့ သင်္ကန်းတော်ဟာ ငါးကြင်းမြီးပုံရှိပါတယ်။ ဒါကတော့ ငါးဆိုတာအေးချမ်းတဲ့ သဘာဝရှိတာမို့ နိမိတ်ကောင်းနဲ့ ထုလုပ်ထားခဲ့တာလို့ ယူဆရပါတယ်။ လက်ဝါးထောင်ထားတဲ့ ညာဘက်လက်တော်က လက္ခဏာတော် အရေးအကြောင်းတွေကို သေချာကြည့်ရင် ညောင်ရွက်ပုံဖြစ်နေပါတယ်။
ဒီရုပ်ပွားတော်နှစ်ဆူအပြင် အလိုတော်ပြည့် ရုပ်ပွားတော် မူရင်း ကိုလည်း ဖူးခဲ့ရပါတယ်။ အလိုတော်ပြည့်စေတီတော်မှာ အခုဖူးနေကြတဲ့ ရုပ်ပွားတော်က အစစ်မဟုတ်ပါ။ မူလရုပ်ပွားတော်ကို ပုံစံတူလုပ်ထားတာပဲ ဖြစ်ပါတယ်။ ဒီရုပ်ပွားတော်တွေမှာ ဘွဲ့တော်တွေ ထိုးမထားတာကြောင့် သေသေချာချာသိဖို့မလွယ်ပါ။ ဒါပေမယ့် ဒီအလိုတော်ပြည့်ရုပ် ပွားတော်ရှေ့မှာ ယွန်းတိုင်တွေနဲ့ သံကြိုးတားထားတာမို့ ရှာရတာ သိပ်မခက်ပါ ။ ဒီဘုရားသုံးဆူလုံးဟာ ဆုတောင်းတိုင်း ပြည့်တာမို့ လူကြီးတွေ မကြာမကြာလာဖူးပြီး ဆုတောင်းကြတယ်လို့ သိရပါတယ်။ ဘာဆုတွေများ တောင်းကြသလဲဆိုတာတော့ မစဉ်းစားတတ်ပါ။ ဒီရုပ်ပွားတော်ရဲ့ လည်ပင်းနဲ့မျက်နှာတော်ကလည်းစေတီပုံဖြစ်ပါတယ်။ အနီးကပ်ဖူးရင် စက္ခုအိနြေ္ဒချထားဟန်ရှိပြီး အဝေးကနေဖူးရင် ပြုံးတော်မူနေဟန်ပေါ်အောင် ထုလုပ်ထားပါတယ်။
ဒီအချက်တွေအပြင် ထိုင်တော်မူ ဆင်းတုတော်တွေနဲ့ပတ်သက်တဲ့ မှတ်သားစရာတွေလည်း ရခဲ့ပါတယ်။ ထိုင်တော်မူ ရုပ်ပွားတော်တွေမှာ ဒူးဆစ်တော်နှစ်ဖက်ကြားအကွာအဝေးဟာ အောက်ခြေကနေ-
မေးတော်အထိအကွာအဝေးနဲ့တူရင် - ဆင်းရဲသားရဲ့ ကုသိုလ်
နှာခေါင်းတော်အထိအကွာအဝေးနဲ့တူရင် - သူဌေးသူကြွယ်ရဲ့ ကုသိုလ်
မျက်လုံးတော်အထိ အကွာအဝေးနဲ့တူရင် - မှူးမတ်တွေရဲ့ ကုသိုလ်
နဖူးတော်အထိ အကွာအဝေးနဲ့တူရင် - ဘုရင်ရဲ့ ကုသိုလ်လို့ သိရပါတယ်။ ဒါကတော့ တကယ့် အဖိုးမဖြတ်နိုင်တဲ့ ဗဟုသုတပါ။
ကိုယ်တို့ကို လိုက်ပြီးရှင်းပြပေးတဲ့ ၀န်ထမ်းအမျိုးသမီးကို ကျေးဇူးတင်တာကြောင့် ပိုက်ဆံပေးပေမယ့် ဒီအတိုင်းယူလို့ မရပါ။ အောက်ထပ်မှာရှိတဲ့ တာဝန်ခံအမျိုးသမီးကို ပေးရပါတယ်။ ရှင်းပြတဲ့ ၀န်ထမ်းကို တ၀က်ခွဲပေးပြီး ကျန်တ၀က်ကို ဘုံငွေထဲမှာ ထည့်ရပါတယ်။ ညနေရုံးဆင်းရင် အဲဒီဘုံငွေကို ၀န်ထမ်းတွေအားလုံး ခွဲဝေယူရပါတယ်တဲ့။ တော်တော်ကောင်းတဲ့ အစီအစဉ်လေးပါ။ အားလုံးအတွက် အဆင်ပြေအောင် စီစဉ်ပေးထားတာ ချစ်စရာပါ။
|
ပုဂံရဲ့ အိုအေစစ် . . . |
|
အညာဟင်းတွေပါ . . . |
ပြတိုက်က အထွက်မှာတော့ ဗိုက်ဖြည့်ဖို့ တစ်ခါပြင် ၆၀၀ လို့ရေးထားတဲ့ ဆိုင်တစ်ဆိုင်ထဲကို ၀င်ကြပါတယ်။ အရေးထဲမှာ ကိုယ်တို့ကိုပါ တူးရစ်မှတ်ပြီး ဟဲလိုလာလုပ်နေတာကြောင့် ရယ်ရပါသေးတယ်။ တစ်ခါပြင်ပုံစား မဟုတ်ဘဲ ဟင်းပွဲမှာပြီး စားဖြစ်ပါတယ်။ ဆိုင်ရှင်က စေတနာကောင်းကောင်းနဲ့ ရှိသမျှအရံဟင်းတွေ အကုန်ချပေးတာကြောင့် စားပွဲတောင် မဆံ့ပါ။ ဒါတင်အားမရသေးဘဲ ကိုယ်တို့စားနေတုန်းမှာပဲ ခရမ်းချဉ်သီးသုတ်တစ်ပွဲထပ်ချပေးပါတယ်။ စားပြီးပြန်တော့လည်း ဖရဲသီးစိတ်တစ်ပန်းကန်၊ ဇီးယိုတစ်ပန်းကန်၊ မန်ကျီးတော်ဖီတစ်ပန်းကန်ချပေးပြီး အချိုတည်းခိုင်းပါ သေးတယ်။ ပိုက်ဆံရှင်းတော့ သုံးထောင်တောင် မပြည့်ပါ။ အနားပတ်ဝန်းကျင်ဘုရားတွေကို သွားဖို့လမ်းမေးလိုက်တော့လည်း ကျကျနန လမ်းပြလိုက်ပါသေးတယ်။ တကယ့် မြန်မာစစ်စစ်တွေကို ပြန်တွေ့ရသလို ခံစားရပါတယ်။
|
မီးမလောင်ကျောင်း ခြေတော်ရင်းမှာ . . . |
|
မီးမလောင်ကျောင်း . . . |
|
မီးမလောင်ကျောင်း အတက်လှေကား . . . |
|
ခြုံနွယ်ပိတ်ပေါင်းတွေကြားက ပုဂံ . . . |
|
တောလမ်းကလာခဲ့သည် . . . |
ကန်တော့ပလ္လင်ကအထွက်မှာ တောလမ်းကလေးအတိုင်းလျှောက်ရင်း အာနန္ဒာ ရှိရာဘက်ကို စမ်းတ၀ါးဝါးနဲ့ သွားကြပါတယ်။ လမ်းတ၀က်မှာ တွေ့ရတဲ့ စေတီတစ်ဆူကို ၀င်ကြည့်ရင်းမေးလိုက်မိတော့ ပုထိုးသားများ ဖြစ်နေတာကြောင့် အထဲဝင်ရုံတင်မကဘဲ တာဝန်ခံတစ်ယောက်ဖွင့်ပေးတဲ့ အတွင်းလှေကားအတိုင်း စေတီတော်ပေါ်ကို တက်ကြည့်လိုက်ပါသေးတယ်။ ဒီစေတီတော်ပေါ်ကနေ ပုဂံဘုရားတွေကို ဖူးရတဲ့ အရသာ၊ ပတ်ဝန်းကျင် ရှုခင်းတွေကို ကြည့်ရတဲ့အရသာကတော့ ကိုယ်တို့လို ရောက်ချင်ရာရောက် ပေါက်ချင်ရာပေါက် ခြေလျင်လျှောက်သွားတဲ့ သူတွေပဲ ရနိုင်တဲ့ အရသာစစ်စစ်ပါ။ ဘုရားထဲမှာ နံရံဆေးရေးပန်းချီတွေတွေ့တာကြောင့် ဓာတ်ပုံရိုက်ခဲ့ပါတယ်။ ဘုရားမျက်နှာကျက်က မည်းနေတာကြောင့် မေးကြည့်တော့ ဂျပန်ခေတ်က စစ်သားတွေ ဒီဘုရားထဲမှာ စတည်းချရင်း ချက်ပြုတ်စားသောက်ကြတဲ့ ကြပ်ခိုးတွေကြောင့် လို့ ဖြေပါတယ်။ ဟုတ်မဟုတ်တော့လည်း မပြောတတ်ပါ။ သဲပန်းချီကား တွေ ရောင်းတာကြောင့် တစ်ကားကို ၃၀၀၀ နဲ့ ၀ယ်ခဲ့လိုက်ပါတယ်။ ဟိုတစ်နေ့က ၇၀၀၀ ကျော်ကျော်နဲ့ မ၀ယ်လိုက်မိတာ ကိုယ့်ကိုယ်ကို တော်တော်ကျေးဇူးတင်မိပါသေးရဲ့။
ပုထိုးသားများကနေ ကိုယ့်ခြေထောက်တွေကို မညှာမတာနှိပ်စက်ရင်း တောလမ်းအတိုင်းဆက်သွားလိုက်တော့ ပုဂံမှာ ဥာဏ်တော်အမြင့်ဆုံး သဗ္ဗညု စေတီကို ရောက်ပါတယ်။ စေတီတော်ပေါ်ကို တက်တဲ့ စင်္ကြန်လမ်းကို ပိတ်ထားတာကြောင့် အပေါ်တက်လို့မရပါ။ ဒီဘုရားမှာဈေးရောင်းတဲ့ ကလေးတွေက ရဲတင်းလွန်းတာတွေ့ရပါတယ်။ ခဏပဲဖူးဖြစ်ပါတယ်။ စေတီတော်ခြေရင်းက ဆိုင်မှာ အမျိုးသမီးက ကိုယ်တို့မြို့မှာ ရှားပါးပြီး ဈေးကြီးလွန်းတဲ့ ကြိမ်လက်ကိုင်အိတ်တွေ ၀ယ်ပါတယ်။ ဘာပဲဖြစ်ဖြစ် မပျက်မချင်းတော့ ခိုင်မယ့် အိတ်တွေ ဖြစ်ပါလိမ့်မယ်။
|
သဗ္ဗညုအ၀င် . . . |
|
ရိုးရာကြိမ်လက်ကိုင်အိတ်တွေ . . . |
|
ဖြန့်ခင်းထားတဲ့ သဲပန်းချီကားတွေ . . . |
|
အေးအေးလူလူအိပ်ရင်း ၀ယ်လက်ကိုစောင့်မယ် . . . |
အာနန္ဒာဘုရားရောက်အောင် ကိုယ့်ကိုယ်ကို တော်တော်ကြီးအားတင်းလျှောက်ယူရပါတယ်။ ဒါတောင် ပင်ပန်းလွန်းအား ကြီးတာကြောင့် ဘုရားထဲကို တိုက်ရိုက်မ၀င်နိုင်ဘဲ ၀န်းအပြင်က ကြံရည်ဆိုင်လေးတွေမှာ နားနေရပါသေးတယ်။
|
ရင်ထဲကို အေးမြသွားစေတဲ့ ပုဂံက ကြံရည် . . . |
|
အာနန္ဒာက ရုပ်ပွားတော် . . . |
|
တံခါးရွက်ပေါ်က ပုဂံလက်ရာ ပန်းပြောက်အမွမ်းတွေ . . . |
|
အာနန္ဒာဘုရားက အင်္ဂတေပန်းလက်ရာ . . . |
|
ဘုရားထဲကို ရောက်တော့ အမျိုးသမီးက ဘုရားထဲမ၀င်နိုင်အောင် ပင်ပန်းနေပြီမို့ ရင်ပြင်တော်ပေါ်က ကွပ်ပျစ်တစ်ခုမှာ နားနေရစ်ပါတယ်။ ကိုယ်လည်း ဟိုဟိုသည်သည် ဓာတ်ပုံရိုက်ပြီး ပြန်ထွက်ခဲ့ပါတယ်။ ဘုရားအပြင်မှာရပ်ထားတဲ့ မြင်းလှည်းတစ်စီးကို ငှားပြီး တည်းခိုခန်းစုံစမ်းဖို့ ၀က်ကြီးအင်းရွာဘက်ထွက်ခဲ့ရပါတယ်။ Golden Express ရောက်တော့ အခန်းမရပါ။ Golden Express မှာ တစ်ညကို ၁၅၀၀၀၊ ၂၀၀၀၀ နဲ့ ၃၀၀၀၀ တန်တွေ ရှိပါတယ်။ ဒါနဲ့ နည်းနည်းဆက်သွားတော့ New Wave မှာ အခန်းရပါတယ်။ ဒါပေမယ့် နောက်နေ့မှပဲ ပြောင်းလာဖို့ book လုပ်ပြီး ထွက်ခဲ့ပါတယ်။ ရောက်နေတဲ့ နေရာကနေ တည်းခိုခန်းပြန်သွားဖို့ ပြဿနာတက်ပါတော့တယ်။ ညနေ ၆ နာရီကျော်သွားပြီမို့ လိုင်းကားလည်း မရှိတော့ပါ။ ဒါကြောင့် မြင်းလှည်းသမားကိုပဲ အကူအညီတောင်းရပါတော့တယ်။ သဘောကောင်းတဲ့ မြင်းလှည်းသမားက သူ့ရွာထဲကိုဝင်ပြီး ဆိုင်ကယ်တက်စီရှာပေးပါတယ်။ ဒါပေမယ့် ဆိုင်ကယ် တစ်စီးမှ မရခဲ့ပါ။ ဒါကြောင့် သူ့အသိကားတစ်စီးကို ငှားပြီး ပြန်ရပါတော့တယ်။ မြင်းလှည်းခက ၆၅၀၀ ကားခက ၆၀၀၀ ဆိုတော့ သုံးမိုင်သာသာ ခရီးလေးအတွက် တစ်သောင်းကျော်ကျော်ကုန်ပါလေရော။
တည်းခိုခန်းရောက်တော့ ခဏနား ရေမိုးချိုးပြီး ညစာထွက်စားကြပါတယ်။ ဒီတစ်ခါတော့ တရုတ်စာတွေ မစားတော့ဘဲ တည်းခိုခန်းကနေ တစ်လမ်းကျော်မှာ ၁၀ မိနစ်သာသာ လမ်းလျှောက်ကြရင်း တွေ့ရတဲ့ မြန်မာဆိုင်မှာပဲ စားဖြစ်ပါတယ်။ တီဗီဂိမ်းဆိုင်နဲ့ တွဲဖွင့်ထားတဲ့ ဆိုင်ကလေးပါ။ ဒါပေမယ့် အရံဟင်းလေးငါးမျိုးချပေးပြီး ဆက်ဆံရေးကောင်းတာကြောင့် ထမင်းစားလို့ တော်တော်မြိန်ပါတယ်။ စားသောက်ပြီးတော့ တည်းခိုခန်းပြန်ပြီး နားရင်း အိပ်ရပါတော့တယ်။ လူတွေလည်း မလှုပ်နိုင်အောင် ညောင်းကိုက်နေကြပြီ မဟုတ်ပါလား။
၈.၄.၂၀၁၁
ဒီနေ့တော့ အိပ်ရာနိုးကတည်းက တည်းခိုခန်းပြောင်းဖို့ ထုပ်ရပိုးရပါတယ်။ ၁၁နာရီလောက်မှာ မနေ့ညက စားခဲ့တဲ့ မြန်မာထမင်းဆိုင်ကိုသွားပြီး မနက်စာ စားကြပါတယ်။ စားသောက်ပြီးတော့ ကြည်ကြည်မြတည်းခိုရိပ်သာကနေ နှစ်ရက်စာ ၂၄၀၀၀ ကျတာကို check out လုပ်ပြီး တည်းခိုခန်းအသစ်ဆီကို လိုင်းကားစီးပြီးသွားကြပါတယ်။ လိုင်းကားခက တစ်ယောက်မှ ၂၀၀ ပါ။ ကားပေါ်မှာ ကလေးတပြုံနဲ့ တစ်မိသားစုတက်လာလို့ ကြည့်ပြီး ရယ်ကြရပါသေးတယ်။ ဆင်းရဲသားများဟာ ငွေမချမ်းသာပေမယ့် ကလေးတော့ တယ်ချမ်းသာကြတာကလား။
တည်းခိုခန်းရောက်တော့ ကျန်တဲ့ အခန်းတွေမအားသေးတာကြောင့် သုံးယောက်စာ မိသားစုခန်းတစ်ခန်းကို ၁၅၀၀၀ နဲ့ ငှားနေရပါတယ်။ air con ရော ပန်ကာပါ တပ်ထားပေမယ့် စိတ်တိုင်းကျ မအေးပါ။ တီဗီတစ်လုံးတော့ ထားပေးပါတယ်။ ညနေ ၂နာရီထိုးလောက်ရောက်တော့ တွေ့တဲ့ လိုင်းကားကို တက်စီးပြီး ပုဂံမြို့သစ်နဲ့ မြို့ဟောင်းတစ်ဝက်က မနူဟာစေတီ ကို သွားဖြစ်ကြပါတယ်။ ကားပေါ်မှာ ပုဂံမြို့ဟောင်းကို သွားမယ့် တူးရစ်တစ်ယောက်နဲ့တွေ့လို့ စကားလက်ဆုံ ပြောဖြစ်ကြပါသေးတယ်။ ၁၇၊ ၁၈ အရွယ်သာ ရှိဦးမယ့် အဲဒီတူးရစ်မလေးက မြို့ဟောင်းမှာ ဖွင့်ထားတဲ့ မြန်မာဘာသာသင်တန်းကို တက်နေပါသတဲ့။ မနူဟာစေတီက သထုံဘုရင် မနူဟာမင်းကြီးရဲ့ ကုသိုလ်တော်ပါ။ ကျန်စစ်သားမင်းကြီးက သထုံပြည်ကို ဂျွမ်းစစ်သည်တွေရန်က ကူညီတိုက်ခိုက်ပေးပြီး အပြန်မှာ လုံခြုံရေးအတွက် သထုံဘုရင် မနူဟာမင်းကြီးကိုပါ တပါတည်းခေါ်ခဲ့ပါတယ်။ ဘယ်လောက်ပဲ ကောင်းကောင်းမွန်မွန်စောင့်ရှောက်ထားပေမယ့် ကိုယ့်တိုင်းကိုယ့်ပြည်မဟုတ်လေတော့ သထုံဘုရင်ခမျာ စိတ်ကျဉ်းကျပ်ဟန်တူပါတယ်။ ဒါကြောင့် ကျန်စစ်မင်းကြီးကို ဘုရားတည်ခွင့်တောင်းပြီး သူ့ရဲ့လက်ဝတ်တော်ကိုရောင်းပြီး ဒီဘုရားကို တည်ခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ စိတ်ကျဉ်းကျပ်မှုကိုပါ ပေါ်လွင်အောင် ဒီဘုရားကိုတည်ရာမှာ လျောင်းတော်မူနဲ့ ထိုင်တော်မူရုပ်ပွားတော်ကြီးသုံးဆူကို ဘုရားလိုဏ်ဂူကျဉ်းကျဉ်းလေးထဲမှာ ထုလုပ်ပူဇော်ခဲ့ပါတယ်။ ဒီဘုရားထဲကို ၀င်တာနဲ့ ဘုရားဖူးတွေပါ စိတ်ကျဉ်းကျပ်မှုကို ခံစားရတာကြောင့် စိတ်ခံစားချက်ကို အကောင်းဆုံး သရုပ်ဖော်နိုင်ခဲ့တဲ့ မနူဟာမင်းကို လေးစားမိသလို ကိုယ်ချင်းလည်း စာမိပါတော့တယ်။ အခြေအနေ၊ အကြောင်းမျိုးစုံကြောင့် ပြည်ပမှာ လူနေမှုအဆင့်အတန်းမြင့်မြင့်နဲ့ နေကြရပေမယ့် စိတ်ပိုင်းဆိုင်ရာ အားငယ်စိတ်တွေနဲ့ အရေးအကြောင်းရှိရင် ကိုယ့်တိုင်းပြည်ကို ပြန်လွမ်းကြတဲ့ ကိုယ့်မိတ်ဆွေတွေကိုလည်း လှမ်းပြီးသတိရလိုက်မိပါသေးတယ်။
မနူဟာဘုရားက ထွက်ခဲ့ပြီးတော့ မြေပုံကိုကြည့်ရင်း အပယ်ရတနာ စေတီရှိရာဘက်ကို လမ်းလျှောက်သွားဖြစ်ကြပါတယ်။ မြေပံထဲမှာ သိပ်မဝေးပေမယ့် တကယ်တမ်းကျတော့ ၁၅မိနစ်သာသာလောက် လမ်းလျှောက်ရပါသေးတယ်။ အပယ်ရတနာစေတီက ကျန်စစ်မင်းကြီးရဲ့ ကုသိုလ်တော်ပါ။ စောလူးမင်းရဲ့ရန်ကြောင့် ထွက်ပြေးပုန်းရှောင်နေရချိန်မှာ အပယ်ရတနာမိဖုရားလောင်းက စားနပ်ရိက္ခာတွေ တိတ်တဆိတ်လာပို့ခဲ့တဲ့ နေရာမှာ တည်ထားခဲ့တာလို့ သိရပါတယ်။ စေတီတော် ပရ၀ုဏ်အတွင်းမှာ ဓာတ်ပုံရိုက်ခွင့်မရှိပါ။ ဒါပေမယ့် ဘုရားစောင့်မသိအောင် တိတ်တိတ်လေး ဓာတ်ပုံရိုက်ဖြစ်အောင် ရိုက်ယူခဲ့ပါသေးတယ်။ အနီးအနား ကားလမ်းဘေးမှာ ပုဂံခေတ်က စဥ့်ဖိုဟောင်းနေရာကိုတွေ့လို့ ဓာတ်ပုံရိုက်ယူခဲ့ပါသေးတယ်။
စဥ့်ဖိုနဲ့ မျက်နှာချင်းဆိုင်လမ်းတစ်ဘက်မှာရှိတဲ့ နဂါးရုံဘုရား ကိုပါ သွားဖူးဖြစ်ပါတယ်။ ပုဂံငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ ဒီဘုရားကို အခုပြန်တည်ထားပါတယ်။ ဘုရားဝန်းတော်တော်ကျယ်ပါတယ်။ လူလည်း အရောက်အပေါက်နည်းပါတယ်။ ဓာတ်ပုံနည်းနည်း ရိုက်ယူပြီးတောလမ်းအတိုင်း ကားလမ်းမဘက်ကို ပြန်ကြပါတယ်။
|
ပုဂံနန်းတော်ကို လှမ်းအမြင် . . . | | |
|
ိ |
ချီလေတဲ့ ချီလေ . . . |
|
မြန်မာပြည်က တူးရစ် . . . |
ကားလမ်းဘေးက စေတီတစ်ဆူမှာထိုင်ရင်း ကားစောင့်ရတာ စိတ်မရှည်နိုင်တာကြောင့် တွေ့တဲ့ရွာခံတစ်ယောက်ကို မေးပြီး ထန်းရည်ဆိုင်ကို သွားဖြစ်ပါတယ်။ လမ်းမှာတွေ့တဲ့လူတိုင်းက ဒီနားလေးတင်ပဲလို့ပြောပေမယ့် ကားလမ်းမကြီးအတိုင်း နေပူကြဲကြဲမှာ နာရီဝက်သာသာလောက် လမ်းလျှောက်လိုက်ရပါသေးတယ်။ “ရှေ့တစ်ပြ” နဲ့ နံမည်ကြီးလှတဲ့ “မြို့ရွှေမန်းသား”ကို တမင်သက်သက်များ ပညာပြလေရော့သလား တွေးမိပါသေးရဲ့။ ထန်းရည်ဆိုင်ရောက်အောင် လမ်းလျှောက်လာကြရင်းက ကားလမ်းဘေးမှာ စိုးမင်းကြီးစေတီ နဲ့ စိုးမင်းကြီးကျောင်း တွေ့လို့ မှတ်တမ်းတင်ခဲ့ပါသေးတယ်။ ပင်ပန်းနေတာကြောင့် ၀င်မဖူးဖြစ်တော့ပါ။
|
နဂါးရုံဘုရား အ၀င်မုခ်ဦး . . . |
|
ထိန်းသိမ်းထားတဲ့ နဂါးရုံ . . . |
|
နဂါးရုံဘုရားထဲက ရုပ်ပွားတော် . . . |
|
လက်ရာမြောက်လှတဲ့ ပုဂံဗိသုကာ မျက်နှာကျက် ပေါင်းမိုးခုံး . . . |
|
တစ်ဝက်တစ်ပျက်ပဲ ကျန်တော့တဲ့ နံရံပန်းချီတွေ . . . |
|
နဂါးရုံဘုရားထဲက ရပ်တော်မူရုပ်ပွားတော်တွေ . . . |
|
ပုဂံလက်ရာ အင်္ဂတေ ရုပ်လုံး . . . |
|
စိုးမင်းကြီး အုတ်ကျောင်းအ၀င် . . . |
အညာဒေသရဲ့ ရိုးရာထန်းရည်ဆိုင်က ထန်းတောထဲမှာ ဖွင့်ထားတာပါ။ ထန်းတောအ၀င်က ထန်းပင်တစ်ပင်မှာ ရေးထားတဲ့စာသားက “ ရပြီလား OK ” ပါတဲ့။ ဖတ်ကြည့်ရင်း မပြုံးဘဲကို မနေနိုင်လောက်အောင် ဖြစ်ရပါရဲ့။ ရိုးရာထန်းရည်ကို မြူအိုးထဲမှာထည့် အုန်းမှုတ်ခွက်နဲ့ ခပ်သောက်ရင်း အမြည်းအဖြစ်ချပေးထားတဲ့ မြေပဲဆားလှော်ကို ၀ါးရတဲ့အရသာကတော့ ဘာနဲ့မှကို မလဲနိုင်တဲ့ လောကစည်းစိမ်လို့များတင်စားရင် လွန်အံ့မထင်တော့ပါ။ ညောင်ဦးမြေပဲဆားလှော်က ကြက်သွန်ဖြူနံ့လေး တသင်းသင်းနဲ့မို့ ပဲပေါတဲ့ဒေသမှာ လူဖြစ်ခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက် တစ်သက်နဲ့တစ်ကိုယ်မှာ ဒီလောက်ကောင်းတဲ့ မြေပဲဆားလှော်ကို မစားဖူးဘူးလို့ ပြောရရင် ယုံကြမယ် မဟုတ်မှန်း သေချာပါရဲ့။ ထန်းရည်ဆိုင်မှာ တစ်နာရီခွဲလောက်ကြာအောင် အချိန်ဖြုန်းပြီး အပြန်မှာတော့ ဇနီးမောင်နှံနှစ်ယောက်လုံး ၀ါးတားတား ဖြစ်နေကြပါပြီ။ ဘာပဲပြောပြော ထန်းရည်တန်ခိုးနဲ့ ပုဂံနေအပူကိုတော့ ကောင်းကောင်းကြီး အံတုနိုင်ပြီပေါ့။
|
ရပြီလား အိုခေ . . . |
|
ရိုးရာ ငှက်ခါးတောင် ထန်းရည် . . |
လမ်းမမှာ ကားစောင့်နေရင်း ကားမလာနိုင်တာကြောင့် လမ်းမအတိုင်း မိနစ်၂၀ လောက်လမ်းလျှောက်သွားဖြစ်ကြပါတယ်။ နေပူပြင်းပေမယ့် နွေရာသီမှာ အကောင်းဆုံးအဖော်မွန်ဖြစ်တဲ့ ထနောင်းပင်ရိပ်တွေကြောင့် ထိုက်သင့်သလောက်တော့ အရိပ်ရပါတယ်။ လမ်းမအတိုင်းနားရင်းလျှောက်ရင်းကနေ ရေချမ်းစင်ကလေးနဲ့ ၀ါးကွပ်ပျစ်ကလေးတွေ့ရတာကြောင့် ၀မ်းသာအားရနဲ့ အနားယူကြရင်း အညာပုဂံကို အရသာရှိရှိခံစားဖြစ်ပါရဲ့။ အတော်ကြာလို့ လိုင်းကားရောက်လာမှ တက်စီးရပါတယ်။ တစ်နေကုန်တစ်နေခမ်း လမ်းလျှောက်ထားတဲ့ဒဏ်ကြောင့် လူတွေလည်း လူပုံတောင် သိပ်မပေါက်တော့ပါ။
|
အပြန်လမ်းမှာတွေ့ရတဲ့ ပြန်တည်စေတီတစ်ဆူက အင်္ဂတေပန်းတွေ . . . |
|
တရေးတမော . . . |
တည်းခိုခန်းပြန်ရောက်တော့ ရေချိုးအပြီး အနားမှာရှိတဲ့ “မျိုးမျိုး” ထမင်းဆိုင်ကို ၁၅ မိနစ်လမ်းလျှောက်ပြီး သွားရပါတယ်။ ပုဂံခရီးစဉ်ကတော့ လမ်းလျှောက်ရတာနဲ့ပဲ တော်တော်လေးကို လေ့ကျင့်ခန်းဖြစ်နေပါပြီ။ မျိုးမျိုးထမင်းဆီဆမ်းဆိုင်က လမ်းဘယ်ဘက်မှာပါ။ ဟင်းပွဲတွေ အစုံချထားပေးပြီး ကိုယ်စားသလောက် ကိုယ်ရှင်းတဲ့စနစ်ပါ။ နှစ်ယောက်စာအတွက် ၃၀၀၀ ကျော်ပဲကျတာကြောင့် ဈေးသက်သာတယ်လို့ ဆိုရပါလိမ့်မယ်။ စားသောက်ပြီးတော့ ပင်ပန်းတာနဲ့ တည်းခိုခန်းပြန်နားပါတယ်။ အခန်းမှာ တီဗီထားပေးပေမယ့် ရှစ်ပေစလောင်းက ဘာမှကြည့်စရာ မရှိပါ။ ကုလားနဲ့ တရုတ်လိုင်းတွေ တောင်ကြည့်မြောက်ကြည့် ကြည့်ရင်း ညသန်းခေါင်လောက်မှာ မီးပြတ်သွားတာကြောင့် အဲကွန်းလဲအလုပ်မလုပ်တော့ဘဲ ပူပူလောင်လောင်ကြီှးမှာ အိပ်ပျော်အောင် ဇွတ်မှိတ်ပြီး အိပ်ယူလိုက်ရပါတော့တယ်။ ။
9 comments:
ပုဂံကို ပြန်မရောက်တာ ၁၅ နှစ်ရှိတော့မယ်..
သြော် လွမ်းမိပါပေါ့ ပုဂံရယ်...
မီးမလောင်ကျောင်းနဲ့ ငှက်ခါးတောင်ထန်းရည်အိုးကို နှစ်သက်စွာ ငေးမောသွားပါတယ်ရှင်။
ခင်မင်လျှက်..
မလေး
အင်း ဆရာဦးဟန်ကြည်ရေ .....
မဒိုးကန်လဲ ကိုရင်နဲ့ ပြန်မှ ပုဂံသွားနိုင်အောင်
ကြိုးစားရင်း ဆရာပိုစ့်ပါ ပရင့်ထုတ်ထားလိုက်ပါမယ်
လိုအပ်ရင်လမ်းညွှန်ဖြစ်တာပေါ့လေ..
စားသောက်ဆိုင်လမ်းညွှန်ပေါ့..း)
ခင်တဲ့
မဒိုးကန်
သတိရနေတဲ့ပုဂံမြေကို အစနဲနဲ၊အလယ်နဲနဲ၊အဆုံးနဲနဲဖတ်
သွားတယ်ဆရာရေ...:D၊ဒီနေ့အဖို့သိပ်အချိန်မရတော့လို့ပါ၊
နောက်မှအေးဆေးလာပြန်ဖတ်တော့မယ်ဗျိုးးးးးး:)))
အခုလို Travel Blog ဆန်ဆန် ရေးလိုက်ခြင်းအားဖြင့် မရောက်ဖူးသေးတဲ့ သူတွေအတွက် အရမ်းကောင်းပါတယ်။
ရှေးဟောင်းပြတိုက်ထဲက ပဉ္စလောဟာ ရုပ်ပွားတော်ပုံကို မမြင်ရတာပဲ နည်းနည်း ၀မ်းနည်းမိတယ်။
ခေါင်းစဉ်လေးကို ရုပ်ရှင်နာမည်လေး ပေးလိုက်မယ်...
ပုဂံချစ်သူ နှလုံးသား...
စာနဲ့ ပုံတွေရဲ့ ခေါ်ရာနောက် တကောက်ကောက်လိုက်တာ ဘယ်လောက်တောင် မောပန်းနေလဲမသိဘူး ကြံရည်လည်း မြင်ရော သောက်ချင်လိုက်တာ တအားပဲ။
တထိုင်ထဲနဲ့ ဘုရားတွေလည်း စုံအောင် ဖူးလိုက်ရတယ်။
ငှက်ခါးတောင် ထရေ လေးပါ အဆစ်ပါလိုက်တော့ ဘာပြောကောင်းမလဲ။ သွားလို့ရရင် သွားလိုက်ချင်စိတ်တောင် ဖြစ်မိသေးတယ်။
သေသေချာချာ ရေးထားပြီး ပုံတွေ စုံစုံလင်လင်နဲ့ တင်ပေးတာ ကျေးဇူးဗျို့
Anonymous ရေ...အဲဒီနံမည်တော့ မပေးရဲဘူးဗျ...တော်ကြာ ဦးဟန်ကြည်ရဲ့ အသားရောင်ကိုမြင်ပြီး ပုဂံချစ်သူနှလုံးသားက ချောကလက်ရောင်လို့ ထင်ကုန်ကြမှာစိုးလို့...ဟား ဟား...
စေတီ ပုထိုး ရှုခင်း စုံလင်စွာနဲ့  ပုဂံတစ်နယ်လုံး ဆရာတို့ နဲ့ အတူ ပတ်သွားလိုက်ရတယ်ဗျာ .. ကျေးဇူးပါပဲ။ ဟို အစ်မ မဒမ်ကိုးပြောသလို ဆရာပိုစ့်ကို ပရင့်ထုတ်ပြီး လမ်းညွှန်လုပ်ရမယ် အစစ်ပဲဗျို့  ... :)
ပုံတွေအရမ်းလှတယ် ။ တချို့နေရာတွေမရောက်ဖူးဘူး ။ နောက်ဆုံးရောက်ခဲ့တာ ကျန်ခဲ့တဲ့ ၈နှစ် ၊ ၉ နှစ်လောက်က ။
ကိုဟန်ကြည်ရဲ့ ခရီးသွားမှတ်တမ်းကိုဖတ်ပြီး..ကျွန်တော်ရေးတဲ့.ခရီးသွားမှတ်တမ်းဟာ.မပြည့်မစုံ..လိုအပ်ချက်တွေအများကြီးနဲ့..တော်တော်ကိုလိုနေမှန်း..ရှက်ရှက်နဲ့သိလိုက်ပါပြီဗျာ။ စာပေရေးသားခြင်း အတတ်ပညာဟာ..တကယ်မလွယ်မှန်းလဲ..သိလိုက်ရပါတယ်...အတွေ့အကြုံလေးတွေလဲ..မှတ်သားရလို့.ကျေး၊ဇူးအများကြီးတင်ပါတယ်ဗျာ....
Post a Comment