Saturday, 27 August 2011

ဘလော့ဂ်ဒေး - ၂ ( တက်ဂ်ပို့စ် ) . . .

 ဘလော့ဂ်အသက် တစ်နှစ်သားကျော်လာတဲ့ နောက်မှာတော့ 
အထိုက်အလျောက် မိတ်ဆွေအပေါင်းအသင်းတွေ ရလာခဲ့ပါပြီ။ တစ်သီးပုဂ္ဂလဘ၀နဲ့ ကိုယ်ကြိုက်တာတွေကို ရေးချင်သလိုရေးနေခဲ့တဲ့ ဦးဟန်ကြည်ကို အမြဲကွန်မန့်လာပေးလေ့ရှိတဲ့ လေးစားရတဲ့ အစ်ကိုကြီး ကိုကျောက်(ရွှေရတုမှတ်တမ်း) ကိုလည်း အခုအချိန်အထိ ပို့စ်တစ်ခုရေးတိုင်း သတိတရရှိနေဆဲပါ။ ဦးဟန်ကြည် လုပ်အားပေးကျောင်းဆရာဘ၀အကြောင်းရေးရင်  “ ကကြီးရေးကသတ်ကျောက် ” ၊ စာမေးပွဲဖြေတဲ့အခါ သူများတပည့်တွေက အူပြီးထွက်လာပြီး ဦးဟန်ကြည်တပည့်တွေကတော့ မအူဘဲ ဟောင်ပြီးထွက်လာကြတယ်ဆိုတဲ့အကြောင်းရေးလိုက်ရင် “ ၀ုတ်ဝုတ်ကျောက် ” စသည်ဖြင့် ကျကျနနဖတ်ပြီး လှလှပပ ကွန်မန့်ပေးလေ့ရှိတဲ့ ကိုကြီးကျောက်ဟာ ဘလော့ရွာရဲ့ ဗီတာမင်ပါပဲ။ တိုက်ပွဲတွေကြားမှာ ဦးဟန်ကြည်တစ်ယောက် ပြေးရလွှားရတဲ့အခါကလည်း စိုးရိမ်တကြီးနဲ့ ကွန်မန့်လာပေးလေ့ရှိတဲ့ သံယောဇဉ်ကြီးတဲ့ ဘလော့ဂါအစ်ကိုကြီးကျောက်၊ သေမင်းကိုတောင် သရော်ရဲတဲ့ သူရဲကောင်း အစ်ကိုကြီးကျောက် ကောင်းရာသုဂတိရောက်ပါစေလို့ ဆုတောင်းရင်း ဒီပို့စ်ကနေပဲ လေးစားသမှုနဲ့ ဦးညွတ်လိုက်ပါရစေ။

ဘလော့ရွာနဲ့ အသားကျလာတဲ့ ဒီဘက်ကာလမှာတော့ အတော်လေးကို ပျော်ဖို့ကောင်းလာခဲ့ပါပြီ။

အယူအဆ၊ ရပ်တည်မှု၊ ခံစားချက်၊ ပညာအဆင့်အတန်း၊ လုပ်ငန်းသဘာဝတွေ မတူကြပေမယ့် စာပေကို မြတ်နိုးကြတဲ့၊ ၀ါသနာပါကြတဲ့ မရေးရမနေနိုင်ကြသူချင်းတူကြတာမို့ ဘလော့ဂါ၊ ဘလော့ဂီအပေါင်းကိုလည်း ကိုယ့်ရဲ့ညီအစ်ကိုတော်၊ မောင်နှမတော်တွေအဖြစ် ဦးဟန်ကြည်သဘောထားပါတယ်။ ရေးသမျှ ငွေရ၊ လုပ်သမျှ နံမည်ကြီးတဲ့ offline က စာရေးဆရာတစ်ချို့ထက်တောင် ဘလော့ဂါတွေကို လေးစားပါတယ်။ ကိုယ့်အချိန်နဲ့ငွေကို အကုန်ခံလို့ နံမည်ကြီးခြင်း၊ မကြီးခြင်းကို အရေးမစိုက်ဘဲ စာပေ၀ါသနာတစ်ခုအတွက် အပင်ပန်းခံကြတာဟာ ဘလော့ဂါတွေပါ။ ဘလော့ဂါတွေကြောင့်ပဲ online မှာ စာပေဟာ သက်ဝင်လှုပ်ရှားနေတာပါ။ မြန်မာစာနဲ့ အဝေးမှာနေကြရတဲ့ ပြည်ပရောက်မြန်မာတွေကို စာပေနဲ့အဆက်အသွယ်မပြတ်အောင် ထောက်ပံ့ပေးနေတာ ဘလော့ဂါတွေပါ။ မြန်မာစာပေကို တစ်ထောင့်တစ်နေရာကနေ ပံ့ပိုးနေတာကလည်း ဘလော့တွေပါပဲ။ ဒါကြောင့် ဘလော့တွေကို အသက်သွင်းနေကြတဲ့ ဘလော့ဂါ၊ ဘလော့ဂီအပေါင်းကို မြန်မာစာပေကိုယ်စား ဦးဟန်ကြည်က ကျေးဇူးတင်ကြောင်း ပြောချင်ပါရဲ့။

ဘလော့ဂါတွေ၊ ဘလော့ဂီတွေ စာလုံးပေါင်းသတ်ပုံတွေ မှားကြတာကိုလည်း offline မှာ မကြာမကြာ ဝေဖန်သံတွေကြားရပါတယ်။ ဦးဟန်ကြည်လည်း စာလုံးပေါင်းသတ်ပုံအမှားတွေကို မြင်ပါတယ်။ ဒါပေမယ့် အပြစ်လို့မမြင်ပါ။ စာပေကို ချစ်မြတ်နိုးတာ၊ စာရေးသားခြင်းကို ခုံမင်တာတစ်ခုထဲနဲ့တင် ဒါတွေကို ခွင့်လွှတ်နိုင်ပါတယ်။ ရေးရင်းနဲ့ပဲ ရေးသားကျ၊ စာဖတ်နာလာတဲ့အခါမှာ စာလုံးပေါင်းသတ်ပုံအမှားဟာ နည်းသထက်နည်းလာပြီး နောက်ဆုံးမှာ အမှားကင်းသွားမယ် မဟုတ်ပါလား။ ဘာပဲဖြစ်ဖြစ် ကလေးတွေ စာလုံးပေါင်းမှားတာကို ဦးဟန်ကြည်တို့ လူကြီးတွေက စေတနာနဲ့ဝိုင်းဝန်းထောက်မပေးကြဖို့ပဲ လိုတာပါ။ မှားမှာစိုးတာကြောင့် မရေးကြရင်ဖြင့် မြန်မာစာပေ ပိုလို့ကျဆင်းသွားပါလိမ့်မယ်။

 ကိုက်ခြင်းမကြိုက်ခြင်းကို အသာဘေးချိတ်လို့ စာပေချစ်သူချင်း ယိုင်းပင်းကူညီချင်တဲ့ ဆန္ဒတစ်ခုကိုပဲ အရင်းခံလို့ ဦးဟန်ကြည်ကတော့ သတ်ပုံလေးတွေ မြင်မကောင်းအောင် မှားနေရင် ထောက်ပြဖြစ်ပါတယ်။ အထူးသဖြင့် စာတစ်လုံးကြောင့် အရသာပျက်သွားနိုင်တဲ့ ကဗျာတွေမှာ ပိုပြီးသတိထားပေးဖြစ်ပါတယ်။

အဲဒီလို သတ်ပုံလေးတွေပြင်ပေးဖို့ တခုတ်တရနဲ့ မေတ္တာရပ်ခံသူတွေထဲမှာ ညီငယ် မင်းဧရာ က ရှေ့တန်းကပါ။ ကဗျာလေးတစ်ပုဒ်ရေးပြီးတိုင်း သူ့ကွန်မန့်ဘောက်စ်မှာ သတ်ပုံမှားရင် ပြင်ပေးကြဖို့ ကိုယ်တိုင်ပဲ တောင်းပန်ထားလေ့ရှိတာမို့ မလေးစားဘဲ မနေနိုင်ပါ။ သူရေးတဲ့ကဗျာလေးတွေက လေးလုံးစပ်ကို အခြေခံထားပြီး ရိုးသားမှုအပြည့်၊ မြန်မာရနံ့အပြည့်နဲ့မို့ ဦးဟန်ကြည်အင်မတန် ကြိုက်ပါတယ်။ လောလောဆယ် ကျန်းမာရေးအခြေအနေကြောင့် အနားယူနေတဲ့ ညီငယ်မင်းဧရာ အမြန်ကျန်းမာပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်။

အသည်းကွဲတဲ့ကဗျာတွေပဲ အရေးများတဲ့ Jasmine ( တောင်ကြီး ) ဆီကိုလည်း ဒီဘက်ပိုင်းမှာ ဦးဟန်ကြည် တော်တော်ရောက်ဖြစ်ပါတယ်။ ဦးဟန်ကြည်ရဲ့ အသက်အရွယ်အရ အသည်းကွဲဖို့မလွယ်တော့ပေမယ့် သူ့ကဗျာတွေကို ခံစားရတာတော့ အရသာရှိပါတယ်။ သူကလည်း ကဗျာစာလုံးပေါင်းတွေပြင်ပေးတိုင်း ကျေကျေနပ်နပ်ရှိသူမို့ မြန်မာစာပေကို အမြတ်တနိုးရှိသူလို့ ယူဆပြီး အားရကျေနပ်သလို ကိုယ်ယုံကြည်ရာ ကဗျာတစ်မျိုးထဲကိုပဲ စိုက်လိုက်မတ်တပ်ရေးသူမို့ ပိုလို့လေးစားမိပါတယ်။ ရှေးရိုးကဗျာတွေကိုပဲ အဖတ်များခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက် သူ့ကျေးဇူးနဲ့ပဲ မော်ဒန်ဆန်ဆန်ကဗျာတွေကို ဖတ်ခွင့်ရတော့တာပါ။

မြန်မာမှုကိုမြတ်နိုးပြီး၊ မြန်မာကဗျာဖွဲ့နည်းတွေကို ပိုင်ပိုင်နိုင်နိုင်ရှိတဲ့အပြင် ဘာသာရေးကိုပါ အာရုံစိုက်လှတဲ့ အစ်မ မေဓာဝီ ဟာလည်း ဦးဟန်ကြည်ရဲ့ ဖေးဘရိတ်ဘလော့ဂါတွေထဲမှာ ထိပ်တန်းကပါ။ အစ်မမေဓာဝီရေးတဲ့ ရတုတစ်ချို့ဆိုရင် ကြိုက်လွန်းတာကြောင့် ကျက်တောင် ကျက်ထားလိုက်မိပါသေးတယ်။ အင်မတန်မှ ရှားပါးနေပြီဖြစ်တဲ့ စလေဦးပုညရဲ့ ဆဒ္ဒန်ဆင်မင်းဝထ္ထုတစ်ပုဒ်လုံးကို တပင်တပန်းစာရိုက်တင်ပေးတဲ့ အစ်မမေဓာဝီက ကွန်မန့်ပေးရင်လည်း ကဗျာလေးတွေ ကပြောင်လေးတွေနဲ့ ပေးတတ်သူမို့ သူ့ဘလော့မှာ ဦးဟန်ကြည်လည်း ကပြောင်ကွန်မန့်တွေ သွားသွားရေးဖြစ်ပါတယ်။ လောလောဆယ်မှာ အငြိမ်းစားဘ၀ကနေ ပင်စင်ယူပြီး အလုပ်ဝင်နေရလို့ စာရေးကျဲ၊ အိမ်အလည်နည်းနေတဲ့ အစ်မမေဓာဝီရဲ့ ပို့စ်ကောင်းလေးတွေကို မျှော်လင့်နေပါကြောင်း စကားလက်ဆင့်ကမ်းလိုက်ပါရစေ။

ဘိလပ်မှာနေပြီး တုံးဖလားသူကြီးအဖြစ် ကျော်ကြားလှတဲ့ သူကြီးမင်း ကိုကိုမောင် ( ပန်းရနံ့ ) ကိုတော့ ကိုကြီးကျောက်ဘလော့မှာ ကွန်မန့်ပေးရင်း ဆုံဖြစ်ကြပါတယ်။ ကိုကြီးကျောက် နောက်ဆုံးရေးသွားတဲ့ “ ခြေထောက်ဆွဲသရဲ ” ပို့စ်မှာ အရင်ဆုံးရောက်သွားတဲ့အတွက် ၀မ်းသာအားရနဲ့ ကွန်မန့်ပေးနေရင်းက တကယ်တန်းကွန်မန့်တင်တဲ့အခါ သူကြီးမင်းက စက္ကန့်ဝက်လောက် ဦးသွားတာမို့ မှတ်မှတ်သားသားရှိနေပါတယ်။ ( သူကြီးတို့က အဲဒီလို ခြေသွက်လက်သွက်ရှိတာပါ… ) သူ့ဘလော့ကိုသွားရင်း သူ့ပုံပြင်တွေကို နားထောင်ရင်းက သူ့ပရိတ်သတ်ဖြစ်မှန်းမသိဖြစ်နေခဲ့တာ အခုအထိပါ။ သူရေးတဲ့ကြောင်ဖမ်းဆရာတော်ကတော့ တကယ့်ကို ရှားရှားပါးပါး အခန်းဆက် ပုံပြင်မို့ ဦးဟန်ကြည်ရဲ့ တပည့်တွေကိုတောင် ပြောပြယူရတဲ့အထိ ပြောင်မြောက်လှပါရဲ့။ အနှီသူကြီးမင်းက သူ့မွေးနေ့မှာ ဆုမွန်ကောင်းတောင်းပေးကြသူတွေကို မကြုံစဖူး အကဲဖြတ်၊ အမှတ်ပေးပြီး သူ့ဖာသာသူ အဆင့်တွေ သတ်မှတ်ပြီး ဆုရွေးချယ်ပေးပြန်ပါသေးရဲ့။ ဦးဟန်ကြည် အကောင်းစားလေးခမျာ သူကြီးမင်းပေးသနားတော်မူတဲ့ ဒုတိယဆုကလေးကို အသာယူပြီး မစားရမသောက်ရနဲ့ ပြန်ခဲ့ရပါတယ်။ သူ့ကို စွံအောင်လည်း ဆုတောင်းပေးရသေးရဲ့….ဦးဟန်ကြည်ဟာ ရှိစုမဲ့စု အိမ်ရှင်မကို ကြောက်နေရတယ်လို့ လူကြားထဲမှာ မောင်းထုလွှတ်လိုက်တာကြောင့် ချစ်မှန်းမသိ၊ ကြောက်မှန်းမသိတဲ့ သူကြီးပေပဲလို့ ကိုယ့်ဖာသာ သတ်မှတ်ပေးလိုက်ပါတယ်။ လူပျိုသိုးသူကြီးမင်း သိကြားမင်းကောင်းမှုနဲ့ စွံမှပဲ ဘယ်လိုကြောက်ပြ၊ ချစ်ပြမယ်ဆိုတာကို စောင့်ကြည့်ဖို့လည်း ဆုံးဖြတ်ထားလိုက်ပါရဲ့။

အခုဒီပို့စ်ကို ရေးဖို့ တက်ဂ်လိုက်တဲ့ ကိုအောင်(ပျူနိုင်ငံ) ကိုတော့ သိနေခဲ့တာ ဦးဟန်ကြည် ဘလော့စရေးစအချိန်ကတည်းကပါ။ ဘလော့ဂါတွေအားလုံး ပျော်ပျော်ရွှင်ရွှင် ရေးဖြစ်ကြတဲ့ ဒီဘလော့ဂ်ဒေးတက်ဂ်ပို့စ်အတွက် အစပြုသူ ကိုအောင်ကို အားလုံးကိုယ်စား ကျေးဇူးတင်ကြောင်း ပြောချင်ပါသေးတယ်။ သူရေးတဲ့ သရဲအကြောင်းပို့စ်တွေကို အရသာရှိရှိ ဖတ်ခဲ့ရတာတော့ တကယ့်အမှတ်တရပါ။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ ကွန်မန့်မပေးဖြစ်ပဲ တိတ်တိတ်ကလေးပြန်သွားမိတာကြောင့် စာဖတ်သူတာဝန် မကျေသလို ဖြစ်သွားခဲ့ရင်လည်း ဒီပို့စ်နဲ့ပဲ တောင်းပန်ရတော့မှာပါ။ ဒီကြားထဲမှာ “ပျူနိုင်ငံ” ဆိုတဲ့ သူ့နံမည်က ထူးဆန်းလွန်းနေတာကြောင့် ပိုလို့တောင် မှတ်သားမိပါသေးရဲ့။ ဦးဟန်ကြည်ကလည်း ဒေါက်တာသန်းထွန်းရေးတဲ့ “ပျူတွေဘယ်ပျောက်သွားသလဲ” ဆိုတဲ့ စာအုပ်ကို ဖတ်ပြီးတကည်းက ပျူဆိုရင် အင်မတန် စိတ်ဝင်စားနေတဲ့အချိန်နဲ့ တိုက်ဆိုင်သွားတာကြောင့်လည်း ပါပါလိမ့်မယ်။ ပျူတွေကို ဘလော့ဂ်ရွာမှာ ပြန်တွေ့ပြီ၊ ကျွန်တော့်ကိုပါ တက်ဂ်လိုက်သေးတယ်လို့ ဆရာကြီးဒေါက်တာသန်းထွန်းကို ၀မ်းသာအားရပြောချင်ပေမယ့် ဆရာကြီးက မရှိရှာတော့ပါလေ။

အစ်မ ရွှေစင်ဦး ရဲ့ဘလော့နဲ့လည်း အကျွမ်းတ၀င်ဖြစ်နေခဲ့တာ ကြာပါပြီ။ ဒါပေမယ့် ခပ်ငယ်ငယ်ကတည်းက စာအုပ်တွေနဲ့ပဲ ပျော်ခဲ့သူဖြစ်တာမို့ သူတင်တဲ့စာအုပ်တော်တော်များများက ကိုယ့်မှာရှိပြီး၊ ဖတ်ပြီးဖြစ်နေတာကြောင့် သူ့ဘလော့ကို အရောက်အပေါက် တော်တော်နည်းပါတယ်။ ဒါပေမယ့် ကိုယ့်ယုံကြည်ချက်၊ ကိုယ့်ခံယူချက်အတိုင်း၊ ကိုယ့်လမ်းကြောင်းအတိုင်း မယိုင်မလဲဘဲ လျှောက်နေတဲ့ အစ်မရွှေစင်ဦးကိုလည်း မလေးစားဘဲ မနေနိုင်ပါ။ ပြည်ပရောက်မြန်မာတွေအတွက် သူတင်တဲ့ဝထ္ထုတွေဟာ စိတ်အာဟာရတွေဖြစ်မှာ သေချာနေတာမို့ ဆက်ပြီး တင်စေ ရေးစေကြောင်း တိုက်တွန်းလိုက်ပါတယ်။

ဦးဟန်ကြည်ကို ဘလော့လောကမှာ ဇာတ်လိုက်ဖြစ်နေပြီလို့ အချွန်နဲ့မတော်မူလိုက်တဲ့ ညီငယ် နေ၀သန် နဲ့ ဘလော့ပေါ်မှာသိတာ ဒီဘက်ကာလတွေမှာပါ။ ဦးဟန်ကြည်ကိုယ်တိုင်က ပညာရေးကို အင်တိုက်အားတိုက် ကြိုးစားတဲ့သူတွေကို အလွန်အင်မတန် ချစ်ခင်လေးစားတာကြောင့် သူရေးတဲ့စာတွေကို ကျကျနနဖတ်ဖြစ်ပါတယ်။ သူရေးထားတဲ့ “ မြန်မာပြည်မှလာသည် ” ဆိုတဲ့ပို့စ်ကိုဖတ်ပြီး တော်တော်သဘောကျသွားတာကြောင့်လည်း အသစ်တင်တိုင်း အပြေးအလွှားသွားဖတ်နေကျပါ။ သူက “ပြောကြမယ်ဟေ့ အတင်း” လို ပို့စ်ခေါင်းစဉ်မျိုးနဲ့ စာဖတ်သူစိတ်ဝင်စားအောင် ဆွဲဆောင်နိုင်သူဖြစ်တာမို့လည်း သဘောကျမိသလို၊ အရေးအသားညက်ညောတာကြောင့်လည်း သူ့စာတွေကို ဦးဟန်ကြည် အင်မတန် ခံတွင်းတွေ့ပါတယ်။ ဒီဆရာလေးက ဦးဟန်ကြည်ကို facebook မှာ add ပုံကိုလည်း ကြည့်ပါဦး။ “ ဆရာဦးဟန်ကြည် နံမည်ကြီးမို့ အက်လိုက်ပါ၏ ”တဲ့။ ဦးဟန်ကြည်ခမျာ ဘယ်နေရာမှာ ကိုယ်နံမည်ကြီးရှာပါလိမ့်လို့ အပြေးအလွှားတွေးယူရတဲ့အထိ ခေါင်းခြောက်သွားရပါသေးရဲ့။ ညီတော်မောင်နေ၀သန် ပညာရေး၊ ကျန်းမာရေး၊ ဘာရေး၊ ညာရေးတွေပါ အဆင်ပြေပါစေကြောင်း ဘလော့ဒေးမှာ ဆုတောင်းပေးလိုက်ပါရဲ့ဗျား။

မအိမ်သူ ဆိုတဲ့ မြန်မာဆန်ဆန်နံမည်နဲ့ ခမာပြည်ကထွက်လာတဲ့ ၀ါခေါင်မိုး ဘလော့ကိုတော့ “ခမာခေါင်းဆောင် ပိုပေါ့ ” အကြောင်းရေးထားတာကို သွားဖတ်ရင်းက အခုအထိ ဖတ်ဖြစ်နေတဲ့ ဘလော့ပါ။ သူ့မွေးနေ့မှာတောင် ကဗျာလက်ဆောင် ပေးဖြစ်ခဲ့ပါသေးတယ်။ သူက အတွေးလေးတွေလည်း ကောင်းတဲ့ဘလော့ဂါပါ။ ဒါပေမယ့် အိမ်ထောင့်တာဝန်တွေကြောင့် ပို့စ်တစ်ခုတစ်ခုကို ရှည်ရှည်မရေးဘဲ ခပ်တိုတိုဘဲ ရေးတာလည်း မအိမ်သူရဲ့စတိုင်လ်လို့ ဆိုရပါလိမ့်မယ်။ ခမာယဉ်ကျေးမှုတွေအကြောင်းရေးဖို့ တိုက်တွန်းထားတာကို လေ့လာရဦးမယ်လို့အကြောင်းပြပြီး အခုအထိ မရေးဖြစ်သေးတဲ့ အစ်မကြီး မအိမ်သူကိုလည်း ဒီပို့စ်နဲ့ပဲ ထပ်ပြီးသတိပေးလိုက်ပါရစေဦး။

ဦးဟန်ကြည် ရေးတဲ့ပို့စ်တော်တော်များများကိုလာဖတ်လေ့ရှိသလို ဦးဟန်ကြည်ရဲ့ အကျင့်ပေါင်းများစွာကို လူတကာသိအောင် တက်ဂ်လိုက်ပါတဲ ခင်စရာ့ ညီမတော် Anglehlaine ကိုလည်း ချန်ထားလို့ ဖြစ်မယ်မထင်ပါ။ သူ့ကိုချန်ထားပြန်ရင်လည်း ဒီထက်ပိုကောင်းတဲ့ တက်ဂ်ပို့စ်တွေနဲ့ တိုးမှာကြောက်ရပါသေးရဲ့။

ဘလော့အဖတ်နာလှတဲ့ ဘုန်းဘုန်းတောက် ( တောက်ပကြယ်စင် ) ကိုလည်း အခုပို့စ်မှာ ချန်ထားလို့ ရစကောင်းမှာမဟုတ်ပါ။ ဘုန်းဘုန်းတောက်ရဲ့ ခရီးသွားမှတ်တမ်းလေးတွေဖတ်ရတာ အရသာရှိပါတယ်။ ပန်းခြံထဲကိုသွားတဲ့အကြောင်း ရေးတဲ့ပို့စ်တစ်ခုမှာ သူမျက်စိကျတဲ့ပန်းလေးတွေကို ရိုက်တင်ရင်း ပန်းခြံတစ်ခုလုံးကုန်တဲ့အထိပါပဲ။ အခုနောက်ပိုင်းမှာ နှလုံးသားအာဟာရစာစုလေးတွေကို ဘာသာပြန်ပြီးတင်နေတဲ့ ဘုန်းဘုန်းတောက်က စာရေးကောင်းပါတယ်။ ဒါပေမယ့် အိန္ဒိယမှာ ပညာသင်ယူတဲ့ အတွေ့အကြုံတွေရေးဖို့ တိုက်တွန်းထားတာ အခုထိ မရေးသေးပါ။

ဘလော့ဂါတွေနဲ့ သူတို့ရဲ့ဘလော့ဂ်တွေအကြောင်းကို ရေးရင်းက အလွန်အင်မတန်မှ ရှည်လျားတဲ့ပို့စ်တစ်ခု ဖြစ်သွားပြန်တာကြောင့် ထုံးစံအတိုင်း နောက်ဆက်တွဲကို မျှော်ဖို့ မေတ္တာရပ်ခံပါရစေဦး။ ဘလော့ဂါ ညီအစ်ကို မောင်နှစ်မတွေအကြောင်းကို စိတ်အားထက်သန်စွာနဲ့ ရေးထားတာမို့ ကျန်နေသေးတဲ့ ဘလော့ဂါတွေအကြောင်းကို မကြာခင်မှာ ဆက်တင်ပါ့မယ်။     ။


25 comments:

ဒီမိုးဆူး said...

ခင်မင်စရာ ဘလော့ဂါတွေပါကလား .. ဘလော့တော်တော်များများမှာ ကိုကြီးကျောက်ရဲ့ကွန်မန့် လေးတွေ သဘောကျလို့  သူ့ ပေ့ခ်ျလေးမှာ စာသွားသွားဖတ်တုန်ုး ဗြုန်းဆို ပျောက်သွားတော့ ကိုယ်တောင် မျက်ရည်စို့ လို့  အခုထိ ဟာတာတာ ဖြစ်နေရသေးတယ် .. ဆက်ရန်လေးကိုစောင့်နေပါရစေ ဆရာရေ ...

မောင်မျိုး said...

ကျနော်လည်းမပါဘူး တော်ပြီ အိပ်တော့မယ် ။

ညိမ်းနိုင် said...

တစ်ယောက်ချင်းဆီကို သေသေချာချာကျကျနနရေးထား
တာဖတ်လို့တယ်ကောင်း....၊ထုံးစံမို့ ဆက်ရန်ကိုထုံးစံ
အတိုင်းမျော့နေတယ်ဆရာရေ......:)))

mstint said...

ဘလော့ဂ်ဒေး တက်ဂ်ပို့စ်ကို ဆက်အားပေးသွားတယ် ဦးဟန်ကြည်ရေ။ စာတွေဖတ်ရင်းတွေးမိတယ် ဘလော့ဂ်ဂါဘဝကို ရောက်ခဲ့တာကြောင့် အခုလိုစာကောင်းပေကောင်းတွေ ဖတ်ခွင့်ရသလို မိတ်ကောင်းဆွေကောင်းတွေနဲ့ ချစ်ခင်ရင်းနှီးခွင့်ရခဲ့တယ်။ စိတ်ပျော်ရွှင် ကြည်နူးမှုကိုခံစားရတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးယံ said...

နောက်ဆက်တွဲမှာမှ မပါလို့ကတော့..ဟွင်းဟွင်း...နောက်တစ်တွဲ ဆက်ဖတ်မယ်လို့..

ဘကျောက်ကတော့ အဲလို အမှတ်တရကို ဖြစ်နေဦးမှာပါ... ပို့စ်တွေ့ သေချာဖတ်ပြီးသူ့နံမည်ကို အဲဒီထဲကအတိုင်း ၊ ခေါင်းစဉ်အတိုင်း နံမည်ပေးတတ်တာလေး လွမ်းလိုက်တာ။

သူဂျီးမင်းအကြောင်းတော့ မပြောနဲ့တော့.. ဘကျောက်ရေးသမျှ သူ့ကို ဦးအောင်မန့်နိုင်ဖို့ဆိုတာ မနည်း၊

ဘာပဲဖြစ်ဖြစ်လေ..ဇတ်လိုက်ကျော် ဆရာဟန်ကြည် ရယ်...မွေးနေ့မှာ ဒုတိယ ရပြီး ဘာမှ မစားရလို့ စိတ်မကောင်းမဖြစ်နဲ့ ... ဒီကောင်လည်း ပထမ ရပြီး ရေတောင်မသောက်ရပါဘူးဗျာ..။

တောက်ပကြယ်စင် said...

"မင်္ဂလာပါဆရာ၊ ကျေးဇူးတင်ပါတယ်ဆရာ" ငယ်ငယ်တုန်းကလေ ဆရာအတန်းထဲဝင်လာရင် မတ်တပ်ရပ်ပြီး လက်ပိုက်ကာ တစ်ပြိုင်ထဲ ဆိုရတယ်လေ။ အခုလည်း မင်္ဂလာပါဆရာလို့ ဦးစွာပြောလိုက်ပါရစေ။

အပေါ်က အနီရောင်နဲ့ စာနှစ်ပိုက်က မှတ်သားစရာကောင်းလှပါတယ်ဆရာ။ ဘုန်းဘုန်းက အဲဒီလိုတောင် မတွေးမိတာ အမှန်ပါ။

By names နဲ့ဆိုတော့ ဘုန်းဘုန်းလည်း ခပ်ဖြန်းဖြန်းလေး တစ်ခေါက်ကြည့်လိုက်တယ်။ ကိုယ့်နာမည်ကို အရင်ရှာကြည့်လိုက်တာပေါ့။ တွေ့လည်းတွေ့ရော I was very glad and happy when I had seen my name လို့ ပြောရတော့မယ်ဆရာ။ ပြီးမှ လုံးစေ့ပါဌ်စေ့ သေသေချာချာ ပြန်ဖတ်လိုက်တယ်။ ရက်စွဲမပါလို့။ ရက်စွဲပါလည်း သေချာဖတ်မလို့။ ဘာဖြစ်လို့လည်းဆိုတော့ ပုဂံပိုစ်လို ဖြစ်မှာစိုးလို့ လေးလပိုင်းတုန်းက သွားထားမှန်းမသိ။ အခုမှ သွားမှန်းမသိနဲ့။

နာမည်ပါသွားပြီဆိုတော့ ဒီညတော့ Sleep well ပြီထင်ပါ့။

ဆရာရေ အိန္ဒိယပညာရေးအတွေ့အကြုံကို ဘယ်လို စရမှန်းမသိတာနဲ့ ခုထိ မရေးဖြစ်သေးတာပါ။ ဆရာတိုက်တွန်းထားတာကိုလည်း နှလုံးသားတစ်ဒေါင့်တစ်နေရာမှာ လုံခြုံစွာ သိမ်းထားမိပါရဲ့။

စင်္ကာပူမှာတုန်းက ခနက်ရှင်အရမ်းကောင်း၊ အရမ်းမြန်လို့ ဓာတ်ပုံတွေကို စိတ်ကြိုက်တင်နိုင်ခဲ့တယ်။ ကျန်တဲ့မလေး၊ ထိုင်း၊ ကမ္ဘောဒီးယား၊ အိန္ဒိယတွေမှာတော့ သူမသာ ကိုယ်မသာပါပဲ။ (အတူတူပဲလို့ ဆိုလိုတာနော်)

သူများတွေ ခရီးသွားဓာတ်ပုံတွေ တင်ထားတာတွေ့ရင် အရမ်းစိတ်ဝင်စားတယ်။ ဥပမာ အခု ဆရာတင်ထားတဲ့ ပုဂံကပုံလေးတွေဆိုရင် ထပ်ခါထပ်ခါ ကြည့်ဖြစ်တယ်။ အဲဒါကြောင့် ဘုန်းဘုန်းလည်း ဘုန်းဘုန်းရဲ့ခရီးသွားဓာတ်ပုံတွေကို တစ်ယောက်တစ်လေတော့ နှစ်သက်မိနေလောက်ပါရဲ့ဆိုပြီး တင်လိုက်တာ။

အင့် စာရှည်သွားပီ။ တော်ဦးမှ။ အဆက်ကို မျှော်နေမယ်နော်။ ကျန်းမာပျော်ရွှင်ကြပါစေ...

Angelhlaing(May everybody be happy and healthy! said...

အမှတ်တရ နာမည်လေးပါလို့ ပျော်ထှာနော်... ဘယ်ရမလဲ မပါလို့ကတော့ တဂ်ပို့စ်တွေ တအားကိုတဂ်ပစ်မှာ...:):) အကိုရေ စောင့်မျှော်အားပေးလျှက်ပါလို့..

blackroze said...

ဆရာရေ..

မီးမီး ကျန်သေးတယ်နော်..
အပိုင်းဘယ်လောက်ဘဲရှည်ရှည်..
မီးကတော့လာအားပေးမှာဘဲ...

ကိုကိုမောင်(ပန်းရနံ့) said...

အတိတ်ကို ဆောင်ရချေသော်...

ဆရာဟန်ကြည်ဟူသော သူကို သတိထားမိသည်မှာ ကြာခဲ့လေပြီ။ ဟိုနားသွားတွေ့ ဒီနားသွားတွေ့နဲ့ သူ့ခြေရာချည်း ထပ်နေသည်မို့ ဒီလူက အတော် စာဖတ်ဝါသနာပါသားဟု စိတ်တွင်း မှတ်ရုံသာ မှတ်ခဲ့၏။

အမှတ်မထင် ဘကျောက်၏ ခြေထောက်ကိုဆွဲ တွဲလွဲပို့စ်နှိုက် နှာတစ်ဖျား အသာဖြင့် ပထမကွန်မင့် နေရာယူခဲ့မိသည့်အတွက် ကြံဖန်ပြီး သူ့အား အားနာမိလိုက်သေး၏။

ထိုမှ နောက်တွင်တော့ သူကြီးမင်း၏ ပို့စ်အောက်နှိုက် ဘလော့လင့်ခ် မပါသည့် ဟန်ကြည်ဟူသော ကွန်မင့်လေးများ မကြာမကြာ တွေ့လာရလေရာ ဒီလူ ဘလော့တစ်ခုခုများ ရှိလေမလားဟူသော အသိဖြင့် ဟန်ကြည်ဟု ဂူးဂဲလ်အတွင်းနှိုက် ရိုက်ရှာကြည့်လိုက်ရာ ဆရာဟန်ကြည်၏ နေကာမျက်မှန်တပ်ထားပြီး လွယ်အိတ်ကို စလွယ်သိုင်း လွယ်ထားသည့် ဂိုက်ပေး ဆိုက်ပေးကာ ရိုက်ထားသော ဓါတ်ပုံကြီးကို ဘွားကနဲ မြင်လိုက်ရသည့်ခဏ ... အိမ်းးးးး ငါလို တောသားဂိုက်မျိုးတစ်ယောက်တော့ ဘလော့လောကထဲ ၀င်ရောက်လာချေပြီကော... ကောင်းလေစွ.. ကောင်းလေစွ။ ငါဘဲ တောပိုကျမလား သူဘဲ တောပိုကျမလား ဟူရွေ့ စိတ်တွင်း တေးမှတ်ထားမိလေတော့၏။

ထိုမှနောက်တွင်တော့ သူ့ဘလော့ကိုယ်လည် ကိုယ့်ဘလော့ သူလည်ဖြင့် အပေးအယူမျှတ သွားကြကာ ဘလော့လောကပေါ်နှိုက် တောသားလတ်လတ်ဆတ်ဆတ်ကြီး နှစ်ယောက် မီးကုန်ယမ်းကုန် သောင်းကျန်းနေကြလေတော့သတည်းပေါ့။း))))

သတင်းအမှန်အကန် ကြားရသည်မှာ ဆရာဟန်ကြည်သည် သူ၏ မဟေသီကို ချစ်လွန်လွန်းရွေ့ ကြောက်ချင်ယောင် ဆောင်လာရာမှ ဟန်ဆောင်လွန်လာပြီး အမှန်တကယ် ကြောက်သွားတော့သည် ဟူသတ်။

သူကြီးမင်း ချီးမြှင့်သည့် ဒုတိယဆုကြီးကို ယူဆောင်လာပြီး အိမ်က မဟေသီအား ပြုံးပြုံးမိန့်မိန့်ကြီးဖြင့်.. မဒမ်ရေ.... ငါ ဒုတိယ ရလာတယ်ဟ ဟူရွေ့ မျက်နှာ လုပ်ကြည့်လိုက်ရာ....
မဟေသီက... ဟင်းးးးး ဒုတိယဘဲ ရခဲ့သလား။ မဒမ်တို့က ပထမမှ ကြိုက်တာ။ ပထမမရရင် အိမ်ပြန်မလာခဲ့နဲ့လို့ ပြောထားတာ မမှတ်မိဘူးလား.... သွား.. သွား.. ဒီည အိမ်မှာ လာမအိပ်နဲ့ဟူရွေ့ နှင်ထုတ်လိုက်လေရာ... မျက်နှာ ငယ်ငယ်ဖြင့် သူငယ်ချင်းတစ်ယောက်၏ အိမ်နှိုက် သွားအိပ်ရလေသတ်။

သူငယ်ချင်းက မဒမ်နဲ့ အဆင်မပြေလို့ ဒီမှာ လာအိပ်တာလားဟု မေးလေရာ ... ဟာ မဟုတ်ပါဘူး။ မဒမ်က ငါပြီးရင် ပြီးတာပါဘဲ။ ကိစ်စမရှိပါဘူး။ ဒီည အိမ်မှာ ကွန်နက်ရှင် သိပ်မကောင်းလို့ မင့်အိမ်မှာ အင်တာနက် သုံးရင်း မင်းနဲ့လဲ စကားပြောရင်း အေးအေးလူလူနေရအောင်လို့ ဒီမှာ လာအိပ်တာပါ ဟု မုသားမပါ လင်္ကာ မချော ညာပြောလိုက်ရလေသတတ်။

ပိုပြီး ခိုင်မာသည့် သတင်းမှာ ယခု ဘလော့ဒေး အမှတ် ၂ ကို ထို သူငယ်ချင်းအိမ်နှိုက် နေထိုင်ရင်း သူ့စကားနဲ့ ညီအောင် ရေးလိုက်ရသော ဟူ၏။

ထိုအဖြစ်အပျက်တို့အား ကအစ အ အဆုံး သိရှိသည့် မိုးယံသည် ဆရာဟန်ကြည်အား သနားသွားကာ.. ဆရာရယ်... အားမငယ်ပါနဲ့။ ပထမဆုရလဲ ဘာမှ မထူးပါဘူး။ အဲဒီ သူကြီးမင်း စုချတာကို.. အဲလေ.. ဆုချတာကို ပထမဆု အနေနဲ့ ကျနော် ရရှိခဲ့ပေမဲ့ ရေတောင် တိုက်ဖော်မရပါဘူး။ ဖြစ်နိုင်ရင် ပထမဆုကို ဆရာ့ကို ပေးလိုက်ချင်ပါတယ်။ ဘာမှ သုံးစားလို့လဲ မရဘူး။ ဒီလိုလုပ်ဆရာ.. အခု ပြိုင်ပွဲက ဆုတံဆိပ်တွေက သုံးစားမရလို့ ပထမဆုကို မယူခဲ့တာပါ၊ နောက်ဆိုရင် ပထမဆုယူပြီး မဒမ့်လက်ထဲ ဂွက်ကနဲ အပ်ပါ့မယ် ဆိုပြီး ဆရာ့ မဟေသီလေးကို နားသွားချချေဆရာ.. ဟူရွေ့ ဖျောင်းဖြလိုက်ရသော ဟူသတည်း။ ဟီး ဟီး ဟီး။

ကဲ... ဆရာဟန်ကြည်ရေ...
စိတ်တော်တော့ မရှိလိုက်ပါနဲ့နော်။
သူကြီးမင်းကတော့...
သိပ်ပျော်နေတယ်။ ဟာ ဟ။

ခင်မင်လျှက်

jasmine(တောင်ကြီး) said...

မသိသေးတဲ့
ဘလော့ဂါတွေသိလိုက်တယ်
ဖိတ်ဖိတ် မဖိတ်ဖိတ် သွားလိုက်ဦးမယ်
ဆရာရဲ့ အပိုင်း ၂ကတော့အရမ်းဖတ်ကောင်း
တာပါပဲ...တတိယပိုင်းကိုမျှော်လျှက်ပါရှင်။

ဟန်ကြည် said...

ကိုမောင်မျိုးရယ်...ဆန္ဒစောသကိုး...လာဖတ်မှာမှန်းသိလို့ နောက်တစ်ပုဒ်စောင့်ဖတ်အောင် သေချာချန်ထားတာကို စိတ်ကောက်တော်မူရသလား...ဒါမို့ မစွံတာ...ဟား ဟား...

သူကြီး -
ဟုတ်တာတွေ တော်တော်ပြောတတ်နေပါကလား...အိမ်ရှင်မနဲ့ကို ပြန်တိုင်မှပဲ ဖြစ်တော့မယ်နဲ့တူတယ်...တောဘယ်သူပိုကျသလဲလို့တော့ မပြိုင်ပေါင်ဗျာ...ဦးဟန်ကြည်တို့က ပြိုင်လာရင် အရှုံးပေးပြီးသား...ဒါမျိုးဆို သူကြီးက ပထမ...ဟား ဟား...

KMC@ချင်းလေး said...

အသစ်လေးတွေကိုလည်းမခွဲမခြားတတ်၊မာနမကြီးတတ်တဲ့ ဆရာတို့လိုစီနီယာကြီးတွေကြောင့်ကျနော်တို့အားတက်နေခဲ့ တာပါဗျာ။အမြဲတမ်းဒီလိုချစ်ချစ်ခင်ခင်နဲ့နေသွားနိုင်ကြပါစေ လို့ဘလော့ဂါဒေးမှာတိုင်တည်ဆုတောင်းလိုက်ပါတယ်ဆရာ။
ပြောမှားဆိုမှားရှိခဲ့ရင်ခွင့်လွှတ်ပေးဖို့မေတ္တာရပ်ခံပါတယ်ဗျာ။ (လေးစားစွာဖြင့်..KMC)

မေဓာဝီ said...

ဦးဟန်ကြည်ရေ ...
တကူးတက ဖိတ်မန္တက ပြုမှ လာဖတ်တာ မဟုတ်ပါဘူး။ ဘလော့တွေပေါ် မရောက်အားပေမဲ့ ရီဒါထဲကနေ တိတ်တခိုး ဖတ်နေကြောင်းပါ။ အလုပ်ဘယ်လောက် ပင်ပန်းပင်ပန်း မအိပ်ခင် ပို့စ်အသစ်တက်လာတာလေးတွေ ဖတ်လိုက်ရမှ အပမ်းပြေ အနွမ်းပြေ သွားပြီး နောက်တနေ့အတွက် အားတွေရှိသွားတော့တာပဲ။

မအားလို့ ကွန်မန့်မရေးနိုင်တာကိုတော့ ခွင့်လွှတ်ပါရှင်။
ကျမကတော့ ခုချိန်မှာ ကဗျာဥာဏ် စာဥာဏ်တွေလဲ ဝေးနေသလို ဖြစ်နေပါပြီ။ ရေးနိုင်တဲ့သူတွေကိုသာ အားကျရင်းးးးး လက်ထဲရောက်လာတဲ့ ကပြောင်တပုဒ်တော့ ချရေးလိုက်ပါရစေအုံး ...

ဦးဟန်ကြည် ...
မြူးဟန်ချီ အပီစာဖွဲ့ပုံက
ထူးပြန်ပြီ ဋီကာချဲ့ပါလို့
ဇာတ်လမ်းပမာ ခန်းဆက်များစွာနဲ့
တဂ်ကျမ်းမဟာကို
လက်တန်းကာ စာစီကုံးတယ်
ဆုံးနိုင်မှပဲ ... ။ ... ။

ကိုဇော် said...

ပျော်ပျော်ရွှင်ရွှင် လာဖတ်သွားပါတယ် ဆရာရေ. . .
ဆက်ပါဦး။

မြစ်ကျိုးအင်း said...

ဆရာဟန်တို့ကတော့ တွဲ အဲ... အတွဲလေးတွေ အခန်းဆက်လေးတွေနဲ့ စိတ်ရှည်ရှည် ရေးနိင်တာပဲ။
ကိုယ်သိနေတဲ့သူတွေအကြောင်းဆိုတော့ ဖတ်ရင်းနဲ့ သတိရမိ ပြုံးမိတယ်။ ကိုကြီးကျောက်ကတော့ ဘယ်သူမှ မမေ့နိင်သေးကြပါဘူး။ မမေ့နိင်လောက်အောင်လည်း နေ ထိုင် ခဲ့တာကိုး။

ချော(အစိမ်းရောင်လွင်ပြင်) said...

Blog တွေလည်း များလာသလို အားလုံးကလည်း သူ့နည်းသူ့ဟန်လေးနဲ့ ဖတ်လို့ကောင်းနေတာပါဘဲနော်
အသစ်တွေအဟောင်းတွေ အားလုံးကို စာလိုက်ဖတ်ရတာ အားလပ်ချိန်ကို အသုံးချခြင်း တစ်မျိုးပါဘဲ။ ဘာလဲဖြစ်ဖြစ် ဘလော့လောကက ပျော်စရာကောင်းပါတယ်နော် ဆရာ

နေ၀သန် said...

သြော်.. .ဆရာဦးဟန်ကြည်က အသေးစိတ်ကို ဖြည်းဖြည်းနဲ့ ညှင်းညှင်းပြီး ရေးသကိုး... ဟိုမှာ မောင်မျိုးတော့ စိတ်ကောက်သွားလေရဲ့... :D.. အိပ်တော့မယ်ဆိုပဲ... ဟားဟား.. ကျေးဇူးပါ ဆရာရေ... ကျွန်တော့်စာတွေကို အချိန်ကုန်ခံဖတ်ပေးတဲ့အတွက်..း))

ခင်မင်လျက်
နေ၀သန်

ကိုအောင်(ပျူနိုင်ငံ) said...

ဦးဟန်ကြည်ရေ၊ အခုလို ကျကျနနနဲ့ စီကာပတ်ကုံး ရေးပေးတာ ကျေးဇူးဗျို့၊ နောက်ကျရင် ကိုအောင်(သရဲနိုင်ငံ)လို့ ကျနော် နာမည်ပြောင်းရင် ကောင်းမယ် .... :P
ဆက်ရန်ကို မျှော်နေမယ် ....

မင်းဧရာ said...

ဆရာ......
ကျွန်တော် ရောက်တာတော်တော်လေးနောက်ကြသွားတယ်
သတိတရ ဆုတောင်းပေးတဲ့အတွက် ကျေးဇူးပါ ဆရာ။
ဘလောက်ဒ်ဒေးပို့စ် နှစ်ပိုင်း လုံးကိုဖတ်သွားပါတယ်
ကျံနေသေးတဲ့ပိုစ့် တွေကိုတော့ အကြွေးမှတ်ထားပေးအုံးနော် နောက်နေ့တွေမှပဲ
လာပြီးဖတ်တော့မယ်ဗျာ ဆရာကျန်မာပျော်ရွှင်ပါစေ။

အလင်းသစ် said...

ပြန်ရောက်ရောက်ချင်း ဖတ်ဖို့စာတွေက တဂ်ပို့စ်တွေချည်းပါပဲလား။။။
တဂ်ပို့တွေကို တစ်ခါတစ်လေ ပြုံးပြီး၊ တစ်ခါတလေ တခွိခွိ၊တဟိဟိနဲ့ လိုက်ဖတ်နေပါသည်။။
ဆရာ ကျန်းမာပါစေ။။။

သဒ္ဓါလှိုင်း said...

ဘလော့ဒေးအမှတ်တရပိုစ့်လေးကို ကြည်နူးစွာ ဖတ်ခဲ့ပါတယ်။ ဘလော့စာမျက်နှာလေးတခုပေါ်မှာ ရင်းနှီးစွာနဲ့ ဆက်လက်ရှင်သန်ကြဖို့ မျှော်လင့်မိပါတယ်။
ခင်မင်လေးစားလျက်
သဒ္ဓါလှိုင်း

မိုးငွေ့...... said...

အော်....အဆက်ကျန်သေးတာလားးး

မြသွေးနီ said...

ဤနေ့ ဤရက် ဤဘလော့ဒေးမှသည် ဆက်လက်၍ စိတ်ကျန်းမာ၊ ကိုယ်ချမ်းသာစွာဖြင့် ဘလော့ဂ်ဂင် နိုင်ပါစေကြောင်း ဆုမွန်ချွေခဲ့ပါ၏။

မအိမ်သူ said...

ဆရာ့ဘလော့ဂ်ကို ကိုကြီးကျောက်ဘလော့ဂ်ကနေ ရှာတွေ့ခဲ့တာ။ အဲဒီမှာ ဘာကြောင့်ရယ်တော့မသိ စစချင်းမှာ ဦးဟန်ကြည် ဆိုတဲ့နာမည်ကိုကြည့်ပြီး စဉ်းစားမိတာက အသားဖြူဖြူဖွေးဖွေး တရုတ်ကြီးလို့ ထင်မိတာပါ။းP ။ နောက်မှတလွဲစီဖြစ်နေတော့တယ်။ ကိုယ့်ဟာကိုယ် စဉ်းစားပြီး ရယ်လိုက်ရတာ… :P ။ ဆရာ့ဘလော့ဂ်ကို ဟိုးအရင်ကတည်းက ဖတ်ဖူးပါတယ်။ တိတ်တိတ်ကလေးဖတ် တိတ်တိတ်ကလေးပဲ ပြန်ဖြစ်နေခဲ့တာပါ။ ဆရာရေးခိုင်းထားတာ မမေ့ပါဘူးဆရာရေ။ ခမာပြည်အကြောင်းရေးစရာတွေ အများကြီးရှိပါသေးတယ်။ ရည်ရွယ်ထားတာတွေ ရှိပေမယ့် အချက်အလက်လေးတွေ သေချာအောင် စုဆောင်းချင်လို့ပါ။ သူများနိုင်ငံအကြောင်းရေးတာဆိုတော့ တခုခုလွဲချော်သွားရင် မကောင်းဘူးမဟုတ်လား။ ဖြည်းဖြည်းတော့ လာပါမယ်ဆရာ။

အဖြူရောင်နတ်သမီး said...

နာမည်မပါရင် စိတ်ကောက်မှာနော်..
ကြိုပြောထားတယ်..
လာထား..အဖြူရောင်နတ်သမီး နာမည် အခါ၁၀၀လောက်..း)

ကြိုက်ရင်ပေါ့လေ . . .