Wednesday, 10 August 2011

ထောင်းရင်းနဲ့ပဲ ညက်လုချိန် . . .

Anglehlaing က တက်(ဂ်)လိုက်တဲ့ ပို့(စ်) ကို ဦးဟန်ကြည် တမေ့တမော ရေးနေလိုက်တာ သုံးခုမြောက်ပါပြီ။ ခေါင်းစဉ်သုံးခုပဲ တက်(ဂ်)လိုက်တာကို ရေးရင်းနဲ့ စိတ်ပါသွားတာကြောင့် ပို့(စ်)တော်တော်များများ ဖြစ်ကုန်ပါတော့တယ်။ ကိုင်း…ကိုရီးယားစတိုင် တက်(ဂ်)ပို့(စ်)အတွဲရဲ့ နောက်ဆက်တွဲ လာပါပြီ…

( ခ) လူကြီးမဖြစ်တဖြစ်

ကျောင်းတွေပြီးလို့ လက်တွေ့ဘ၀ထဲကို သွားရော့လဟယ်ဆိုပြီး ပလုံခနဲမြည်အောင် ပစ်ချခံလိုက်ရတဲ့ အခုအရွယ်ကိုတော့ ကိုယ့်ကိုယ်ကို ညှာတာသောအားဖြင့် လူကြီးမဖြစ်တဖြစ်လို့ ခေါင်းစဉ်ခွဲတပ်လိုက်ရပါတယ်။

ဒီအရွယ်မှာလည်း မွေးသန္ဓေ၊ သေမှဖျောက်မယ့် ဦးဟန်ကြည်ကတော့ မွေးရာပါ အကျင့်တော်တော်များများကို ငယ်ရည်းစားအမှတ်နဲ့ မြတ်မြတ်နိုးနိုး ရှိနေဆဲပါ။ ဒါပေမယ့် လုပ်ငန်းသဘာဝအရ လူပေါင်းစုံနဲ့ ပေါင်းသင်းဆက်ဆံရတော့တာမို့ ကိုယ့်ဗီဇဆိုးလေးကို လူမမြင်အောင် ထိန်းသိမ်းတတ်တဲ့ အကျင့်ကောင်းလေးတော့ ရနေပါပြီ။ ဘယ်လောက်ပဲ စိတ်ဆိုး၊ ဒေါသထွက်နေပါစေ တစ်ဖက်သား နားဝင်ချိုအောင်လည်း ပြောတတ်ဆိုတတ်လေတော့ သဘောကောင်းတဲ့ ဦးဟန်ကြည်လို့လည်း နံမည်ကြီးလှပါပေရဲ့။ ( ဒါတောင် သဘောကောင်းချင်ယောင်ဆောင်ရင်း တကယ်သဘောကောင်းမိသွားတာကြောင့် အနိုင်ကျင့်ခံရတာတွေ ထည့်မရေးသေးပါ…) ပညာတွေ သင်ထားခဲ့မိတာကြောင့် လူနဲ့လူ့ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေဖြစ်အောင်လည်း နေတတ်လာပါပြီ။ ( တစ်ခါတစ်ခါကျရင်တော့ ပညာရှိအမျက်၊ အပြင်မထွက် လို့ ဆိုရိုးစကားထားခဲ့တဲ့ ရှေးလူကြီးတွေကို အမြင်ကတ်ချင်ပါသေးတယ်။ သူတို့ကြောင့်ပဲ ဦးဟန်ကြည်တို့မှာ ဒေါသထွက်ချင်ပါလျက်နဲ့ မထွက်ဖြစ်အောင် ထိန်းနေရရှာတယ် မဟုတ်ပါလား…)

အခုအရွယ်မှာလည်း ဘာကိုပဲလုပ်လုပ် ကောင်းကောင်းလေးလုပ်ချင်တဲ့ စိတ်ကလေးကတော့ ရှိနေဆဲပါ။ ကိုယ်လုပ်တဲ့အလုပ်ဟာ သူများထက်တော့ သာစေချင်တဲ့ စိတ်ကလေး
( ကောင်းသလားဆိုးသလားတော့ မဝေဖန်ချင်တော့ပါ…ပင်ပန်းတာတော့ သေချာပါရဲ့…) က ပိုလို့တောင် ခေါင်းထောင်လာပါသေးတယ်။ သူများကို ကူညီရင်လည်း စိတ်ရောကိုယ်ပါ အင်တိုက်အားတိုက် ကူညီရမှ ကျေနပ်ပါတယ်။ အဲဒီစိတ်ကြောင့်လည်း သူများအနိုင်ကျင့်တာ မကြာမကြာခံရပါရဲ့။ ဒီကြားထဲမှာ အားနာလွန်းတဲ့စိတ်ကလည်း ထင်သာမြင်သာ ရှိလွန်းပါသေးတယ်။
( ရုပ်နဲ့မလိုက်လေခြင်း…) ကိုယ့်ပိုက်ဆံပေးပြီးဝယ်စားတဲ့ စားသောက်ဆိုင်ကိုတောင် ရှာကြံပြီး အားနာတတ်တာကြောင့် လာချသမျှ အစားအစာကို ဘယ်လောက်ပဲညံ့ညံ့ အတင်းဇွတ်မှိတ်ပြီး မြိုလေ့ရှိပါသေးတယ်။ စိတ်ထဲက မအီမလည်ကြီးခံစားရပေမယ့် မျက်နှာကလေးပြုံးရင်း စားလို့ကောင်းလိုက်တာနော်ဆိုတဲ့ စကားလုံးလှလှလေးလည်း သုံးတတ်ပါသေးတယ်။ ( အဲဒါကိုက လူကြီးလူကောင်းတွေရဲ့ အမူအကျင့်လို့ အနောက်တိုင်းသားတွေရဲ့ကျင့်ဝတ်စာအုပ်ထဲမှာ ဖတ်ဖူးပေသကိုး…)

လူရယ်လို့ဖြစ်လာခဲ့တာကြောင့် ဖြစ်တဲ့ဘ၀မှာ အောင်မြင်အောင် အကောင်းဆုံးကြိုးစားမယ်လို့ ဆုံးဖြတ်ထားပြန်တာကြောင့် အချိန်ရရင်ရသလို ကိုယ်ရည်ကိုယ်သွေးတိုးတက်အောင် လေ့ကျင့်နေတတ်ပါသေးတယ်။ အင်္ဂလိပ်စာ လက်ရေးလှကျင့်တာ၊ မီးနင်းကျက်တာတွေလည်း အခုအချိန်အထိ လုပ်ဖြစ်နေတုန်းပါ။ တစ်ရက်ကို ရုပ်ရှင်နှစ်ကား ပုံမှန်ကြည့်ရင်း အင်္ဂလိပ်စကားပြော တိုးတက်အောင်လည်း လေ့ကျင့်နေတုန်းပါ။ ဒါပေမယ့် အထင်မကြီးဖို့ ကြိုပြီး တားထားရပါဦးမယ်။ ဘယ်လောက်ပဲကျင့်ကျင့် ရိုးရာဖြစ်တဲ့ ငါးပိသံက ပျောက်ကို မပျောက်နိုင်သေးတာကြောင့် ကိုယ့်ဖာသာကိုယ်တောင် အသံတိတ်ပြောယူရတာ ကိုယ်ပဲသိတာမို့ပါ။ ကိုယ့်လုပ်ငန်းဖြစ်တဲ့ ပညာရေးလုပ်ငန်းကိုလည်း အကောင်းတကာ့ အကောင်းဆုံးဖြစ်ချင်လွန်းတာကြောင့် ပညာရေးဆိုဒ်တွေသွား၊ ပညာရေးစာအုပ်တွေဖတ်ရင်း ကိုယ့်ကိုယ်ကို စိတ်ရှိလက်ရှိ နှိပ်စက်လေ့ရှိပါသေးတယ်။

တစ်လောကလုံးမှာ ရှိသမျှကို ကောင်းစေချင်တာကလည်း လူမကြီးတကြီး ဦးဟန်ကြည်ရဲ့ များပြားလှသော ဆန္ဒတွေထဲက ဆန္ဒတစ်ခုဖြစ်ပါသေးတယ်။ ကိုယ်တိုင်မလုပ်ဘဲ ဘေးထိုင်ဘုပြောလုပ်တဲ့သူတွေကို ကျည်ပွေ့နဲ့ နားရင်းကို ခပ်ပြင်းပြင်းလေး ကပ္ပိချင်အောင် ကြည်ညိုတာကလည်း ဦးဟန်ကြည်ပါပဲ။ ဘယ်အလုပ်မဆို စိတ်ရောကိုယ်ပါ နှစ်ပြီးကြိုးစားတဲ့လူတိုင်းကို လေးစားတတ်တာကြောင့် တစ်ခါတစ်ခါမှာ မနက်စောစော လာတောင်းတဲ့ သူတောင်းစားကိုတောင် လေးစားမိနေလွန်းတာကြောင့် အိမ်ရှင်မက မျက်စောင်းထိုးတာကိုလည်း မကြာမကြာခံရရှာပါရဲ့။ မခိုး၊ မ၀ှက်၊ မလိမ်၊ မညာဘဲ ကိုယ့်အလုပ်ကို အရိုးသားဆုံးနဲ့ ကြိုးစားတဲ့လူကိုပဲ ခင်မင်ရင်းနှီးတတ်တဲ့ စိတ်ရင်းရှိတာကြောင့် လောလောဆယ်မှာ ဆိုက်ကားသမားဘ၀ကနေ တပင်တပန်းကြိုးစားပြီး အောင်မြင်လာတဲ့ မိတ်ဆွေတစ်ယောက်၊ လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ မိတ်ဆွေတစ်ယောက်ကလွဲရင် တစ်ခြားမိတ်ဆွေရင်းချာ မရှိရှာပါ။ ဒါပေမယ့် အဲဒီမိတ်ဆွေတွေနဲ့ မဆုံဖြစ်တာတောင် နှစ်ပေါက်နေပြန်ပါပြီ။ ( ကောင်းလိုက်တဲ့ ပေါင်းသင်းဆက်ဆံရေး…) အရေအတွက်ထက် အရည်အချင်းကိုပဲ ဦးစားပေးချင်တဲ့ စိတ်ရင်းကြောင့် မိတ်ဆွေသင်္ဂဟတွေ ပေါပေါများများ မရှိတာကိုလည်း တစ်ခါမှ စိတ်မကောင်းမဖြစ်ခဲ့ရိုး အမှန်ပါ။ ဒါပေမယ့် ဒီနေ့ဒီအချိန်အထိ ဦးဟန်ကြည်ကို တူးတူးခါးခါး မုန်းတီးသူသိပ်မရှိတာကိုတော့ ဂုဏ်ယူမိပါတယ်။

Mother Teresa ကတော့ ပြောဖူးပါတယ်။ “ လူတွေကို မဝေဖန်ပါနဲ့၊ ဝေဖန်ရင် သူတို့ကိုချစ်ဖို့ အချိန် ရှိမှာမဟုတ်တော့ဘူး ” တဲ့။  လူတွေကို ဝေဖန်ဖို့ သုံးသပ်ဖို့ အင်မတန်မှ ပျင်းလွန်းတဲ့ ဦးဟန်ကြည်ကတော့ သူတို့ကို ချစ်ဖို့ထက် လူ့တာဝန်ကျေဖို့ကိုပဲ ခေါင်းထဲမှာ ထားတဲ့သူဖြစ်တာကြောင့် Mother Teresa ရဲ့လမ်းစဉ်ကို တ၀က်ပဲ လိုက်နာတဲ့သူလို့ ဆိုရင်လည်း မှားမယ်မထင်ပါ။ ( ဒါကြောင့်လဲ ဟိုတစ်ယောက်က Nobel ဆုရပြီး ဒီတစ်ယောက်ကတော့ စာသင်စားနေရတာပေါ့လေ… )

ကိုယ့်ပတ်ဝန်းကျင်မှာ ဖြစ်သမျှကိစ္စတိုင်းကို အရေးတယူပြုတတ်သူမဟုတ်ပေမယ့် ကိုယ်ချစ်ခင်မြတ်နိုးတဲ့ သူတွေ လမ်းကြောင်းမှားနေရင် အမုန်းခံပြီး ပြုပြင်ပေးတတ်တာလည်း ဦးဟန်ကြည်ရဲ့ Trade Mark ပါ။ အဲဒီစိတ်ကြောင့်ပဲ ဒုတိယအသက်မွေးဝမ်းကြောင်းဖြစ်တဲ့ ပညာရေးနယ်ပယ်မှာ အထိုက်အလျောက် အောင်မြင်နေတာ ဖြစ်ပါလိမ့်မယ်။ ကိုယ့်တပည့်တွေ ကောင်းဖို့အတွက်ဆိုရင် ဘာပဲရင်းရရင်းရ နည်းနည်းမှနောက်မတွံ့တတ်တဲ့ ကိုယ့်စိတ်ဓာတ်ကို အခုအချိန်အထိ ဂုဏ်ယူနေပါရဲ့။ ဒါပေမယ့် ဘယ်လိုမှ ပြုပြင်လို့မရနိုင်တဲ့လူစားမျိုးတွေကို တင်းတင်းပြတ်ပြတ် ဥပေက္ခာပြုလေ့ရှိတာကိုတော့ အားနည်းချက်လို့ဆိုရင်ဆိုလို့ ရနိုင်ပေမယ့် အချိန်ရှားပါးလှတဲ့ သက်တန်းတိုတိုလေးမှာ ဘယ်လိုမှ မပေါက်နိုင်တော့တဲ့အပင်ကို ရေကုန်ခံပြီး မလောင်းချင်တဲ့ ဦးဟန်ကြည်ရဲ့ စိတ်ကိုတော့ နားလည်နိုင်မယ်ထင်ပါရဲ့။ ( နားမလည်လည်း အရေးမကြီးပါဘူးလေ…မှန်တယ်ထင်လို့ကတော့ ကိုယ့်တရားကိုယ်စီရင်တာကို ကျင့်သားရနေတဲ့ ဦးဟန်ကြည်ကတော့ ဆက်လုပ်နေဦးမှာပဲ…)

ကိုယ့်ထက်အသက်ကြီးရုံတစ်ချက်နဲ့ ကိုယ့်အပေါ်မှာ အပေါ်စီးကနေ အသားယူချင်တဲ့ လူများကိုတော့ ဦးဟန်ကြည် အင်မတန်မှ မြင်ပြင်းကတ်ပါတယ်။ ဘာမှ အားမစိုက်ရဘဲ တစ်ရက်တစ်ရက်၊ စားလိုက်၊ သောက်လိုက်၊ အိမ်သာတက်လိုက်လုပ်ရုံနဲ့ သူ့အလိုလို ကြီးလာတဲ့ အသက်အရွယ်ကလေး အားကိုးနဲ့ ငယ်ငယ်ကတည်းက တပင်တပန်းကြိုးစားပြီး ပညာတတ်ဖြစ်အောင် လုပ်ခဲ့ရတဲ့ ကိုယ့်အပေါ် နိုင့်ထက်စီးနင်းလုပ်ပြီး၊ ကိုယ်မွေးရင် ကိုယ့်သားလောက်ပဲ ရှိမှာပါ ဆိုတဲ့ အချိုးမျိုး ချိုးလာသူများကိုတော့ အားနာတတ်တဲ့စိတ်ကို အသာဘေးချိတ်ပြီး “ ၀ယ၀ုဒ္ဓိ” နဲ့ အနိုင်ယူချင်တဲ့လူတွေကို “ဂုဏ၀ုဒ္ဓိ” အားကိုးနဲ့ ရင်ဆိုင်တတ်ပါသေးရဲ့။ လူငယ်တွေမှားသမျှ ခွင့်လွှတ်တတ်ပေမယ့် လူကြီးတွေ အသုံးမကျရင် အင်မတန်မှလည်း စိတ်ဆိုးတတ်ပါသေးတယ်။ အမှားနဲံ့မကင်းတဲ့လူသားသဘာဝကို နားလည်တာမို့ ခွင့်လွှတ်ပေမယ့် ပုံစံတူထပ်ပြီး မှားတာမျိုးကိုတော့ အင်မတန်ဒေါပွတာလည်း ဦးဟန်ကြည်ပါ။ နေသေးသပ၊ ခြုံထဲက၊ ချိုကျိုးကာ၊ သုံးမရတဲ့ဘ၀မှာကျေနပ်ပြီး ဖြစ်သမျှဘ၀ကို ကံတစ်ခုအပေါ်ပုံချပြီး “လေလာရာဖင်ပေး၊ အေးအေးနေ” တတ်တဲ့လူမျိုးတွေနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ဆိုတာ ဦးဟန်ကြည်ရဲ့ အိပ်မက်မှာတောင် ထည့်မမက်တဲ့ အရာတစ်ခု ဖြစ်ပါတော့တယ်။

လူများများနဲ့ ပေါင်းရသင်းရမှာကို စိတ်မ၀င်စားပေမယ့် ကိုယ့်မှာရှိတဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေကိုတော့ အင်မတန်မှ တန်ဖိုးထားပါတယ်။ မိတ်ကောင်းတွေကောင်းဆိုတာ ဘ၀ခရီးမှာ မရှိမဖြစ်လိုအပ်တဲ့ အိုအေစစ်လို့လည်း ယုံကြည်ထားပါရဲ့။ ကိုယ်နဲ့အတွေးအခေါ်မတူတဲ့ လူငါးယောက်နဲ့ တစ်နေကုန်စကားထိုင်ပြောမယ့်အစား ကိုယ်နဲ့စိတ်တူကိုယ်တူ၊ ခံယူချက်တူတဲ့ လူတစ်ယောက်နဲ့ ငါးမိနစ်စာလောက် စကားပြောရတာကိုပဲ ပိုတန်ဖိုးထားချင်တာ ဦးဟန်ကြည်ပါ။ ဒါကြောင့်လဲ ငယ်သူငယ်ချင်းဖြစ်တဲ့ မေ့ဆေးပါရဂူသူငယ်ချင်းနဲ့ သုံးလေးလကို တစ်ခါလောက် ဆုံဖြစ်ကြရင် လေး၊ငါးနာရီလောက်ကြာအောင် ထမင်းမေ့၊ ဟင်းမေ့ စကားပြောဖြစ်ကြပါရဲ့။ သူကလည်း ဦးဟန်ကြည်လို တည့်တည့်မသွားတတ်တဲ့ ဂဏန်းမျိုး ဖြစ်နေတဲ့အပြင် စိတ်ဓာတ်ကအစထားလို့ အစစအရာရာမှာ တူလွန်းနေပြန်သကိုး။

အဲဒီအချက်တွေအပြင် အကောင်းကြိုက်လွန်းတာလည်း ဦးဟန်ကြည်ရဲ့ အမူအကျင့်တွေထဲက တစ်ခုလို့ ဆိုရပါဦးမယ်။ ကိုးတန်းကျောင်းသားဘ၀မှာ သင်ခဲ့ရတဲ့ အိုင်ချင်းတစ်ပုဒ်မှာ ပါသလို
“ ပန်ပါရလို၊ ပန်ရလျှင်လည်း၊ ပန်းများသခင်၊ ဂေါ်သဇင်မှ ” ဆိုတဲ့ စာသားဟာ ဦးဟန်ကြည်ကို စောင်းဆိုတာ မဟုတ်ဘဲ တည့်တည့်ပဲ ဆိုထားဟန်တူပါတယ်။ အကောင်းကိုမှ မရရင်တော့လည်း မယူတာပဲ ကောင်းတယ်ဆိုတဲ့ စိတ်မျိုးလည်း ရှိနေပါသေးရဲ့။ အရွယ်ကလေး နည်းနည်းရလာတဲ့ အခုအချိန်မှာတော့  Something is better than nothing ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး ကိုယ့်ကိုယ်ကို ပြုပြင်နေရပေမယ့် စိတ်တိုင်းကျလှတယ် မရှိပါ။ ကိုယ့်မိတ်ဆွေအပေါင်းအသင်းတွေကို သူများထက် ပိုကြိုးစား၊ ပိုအောင်မြင်၊ ပိုထူးချွန်တဲ့လူတွေ ဖြစ်စေချင်ရုံသာမကသေးဘဲ ခွေးချင်းကိုက်ရင်တောင် ကိုယ်မွေးထားတဲ့ခွေးပဲ နိုင်စေချင်တာ ဦးဟန်ကြည်ရဲ့ Prominence feature လို့ခေါ်နိုင်ပါတယ်။ ဒါကြောင့် ပညာရေးလောကသားဘ၀ကို ရောက်လာတဲ့ ဒီဘက်ကာလတွေမှာလည်း ကိုယ့်ကျောင်းသားတွေကို စိတ်ဓာတ်၊ စည်းကမ်း၊ စာရိတ္တကစလို့ အထွေထွေဗဟုသုတ၊ ဘာသာရေးဆိုင်ရာပါမကျန် သူများထက် ရှေ့တန်းမှာရောက်အောင် အင်တိုက်အားတိုက် ကြိုးစားပေးနေဖြစ်ပါတယ်။ အပြင်လူတွေမြင်ရင် ပင်ပန်းစရာကောင်းတယ်လို့ ထင်နိုင်ပေမယ့် အဲဒီလိုမှ မလုပ်ရရင် ဖျားချင်တာလည်း ရှာမှရှားတဲ့ ဦးဟန်ကြည်ပဲ ဖြစ်ပါသတဲ့။

ဦးဟန်ကြည်ရဲ့ အပြုအမူတွေကို အတိုဆုံးနဲ့ အရှင်းဆုံးပြောရရင် “ မာနမကြီးပေမယ့် ဖင်ခေါင်းကျယ်တဲ့သူ ”  လို့ ပြောလိုက်ရင် ပြည့်စုံပါလိမ့်မယ်။ မာနမရှိတာကြောင့် ဘယ်သူနဲ့မဆို လိုက်လျောညီထွေရှိအောင် ( စိတ်ပါသည်၊ မပါသည် အပထားလို့ ) ပေါင်းသင်းဆက်ဆံလေ့ရှိပါတယ်။ လူတန်းစားခွဲခြားဆက်ဆံလေ့မရှိပေမယ့် စိတ်ဓာတ်အတန်းအစားကိုတော့ ကျကျနနခွဲခြားဆက်ဆံချင်ပါရဲ့။ ဘယ်အရာမဆို ကိုယ်ကြိုးစားရင် ရနိုင်၊ ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆနဲ့ ကိုယ့်စိတ်ကို အထက်ဆုံး  ဗြဟ္မာ့ပြည်က အမြင့်ဆုံး ဘုံဗိမ္မာန်ထိပ်ဖျားမှာ တက်ချိပ်ထားတာကြောင့် ဖင်ခေါင်းကတော့ နည်းနည်းကျယ်ပါတယ်။ အကောင်းဆုံး၊ အမြင့်ဆုံးဆိုတဲ့ နေရာတွေဟာ ဦးဟန်ကြည် ပိုင်ဆိုင်ရမယ့်အရာတွေလို့ပဲ ခပ်ပြတ်ပြတ်တွေးထားပါရဲ့။ တကယ်ဖြစ်တာ မဖြစ်တာ အပထား၊ ကိုယ်ပိုင်တဲ့ ကိုယ့်စိတ်ကူးထဲမှာတော့ ကိုယ့်ကိုယ်ကို အမြင့်ဆုံးမှာ တင်ထားတာပဲ ကောင်းပါတယ်။ စိတ်ကူးထဲမှာတောင် လူဖြစ်ရှုံး၊ လူညွန့်တုံးနေတဲ့ ဘ၀မျိုးကို အိပ်မက်ထဲမှာတောင်မှ ယောင်လို့မမက်ချင်တာလည်း ဦးဟန်ကြည်ပဲ ဖြစ်ပါတော့တယ်။


 

( ၂ )အစားအသောက်

အစားအသောက်နဲ့ပတ်သက်လာရင်တော့ ကုန်းမှာကုတင်၊ ရေမှာသင်္ဘော၊ လေမှာ လေယာဉ် ကလွဲရင် ကျန်တာအားလုံးစားပါတယ်။အသီးထဲမှာ ဂေါက်သီး၊ မီးသီး။ အရွက်ထဲမှာ စာရွက် ။ အသားထဲမှာ လူသားနဲ့ သစ်သား ကလွဲလို့ ကျန်တာအားလုံး စားလို့ရသမျှ စားပါတယ်။ အစားနဲ့ပတ်သက်ရင် ကလေးဘ၀ကတည်းက ဘာမဆို စားတတ်အောင် မိဘများက ကျင့်ပေးလိုက်တာကြောင့် ( လာဘ်စားနည်း မပါဝင်ပါ ) အရွယ်ရောက်လာတဲ့ အချိန်မှာ အင်မတန် အဆင်ပြေလှပါတယ်။ ဘာမဆို စားလို့ရတာကြောင့် ဘယ်ကိုပဲသွားသွား၊ ဘယ်မှာပဲ ဧည့်သည်လုပ်ရလုပ်ရ ပြဿနာမရှိပါ။ ဘာပဲချက်ကျွေးကျွေး မညည်းမညူ စားလေ့ရှိတာကြောင့် ဦးဟန်ကြည်ရဲ့ အိမ်ရှင်မလည်း အတော်စိတ်သက်သာရာရပါတယ်။

အစားအစာထဲမှာတော့ စားလို့မ၀င်အောင် မကြိုက်တဲ့ အစားအစာ တစ်ခုမှကို မရှိပါ။ ဒါကြောင့် လုံးဝမကြိုက်တဲ့ အစားအစာလည်း မရှိပါ။ ထမင်းဖိတ်ကျွေးမယ်ဆိုရင်လည်း ဘာနဲ့ကျွေးကျွေး( ဟင်းကောင်းရင် ) အဆင်ပြေကြောင်း ကြော်ငြာလိုက်ခြင်းပါ။ ဘိုစာဆိုရင်လည်း စားသလို၊ ကုလားစာ၊ တရုတ်စာဆိုရင်လည်း ငြင်းရိုးထုံးစံမရှိပါ။ တစ်ခါတစ်လေမှာ လက်ဖက်သုပ်ကလေးနဲ့လဲ ထမင်းစားလို့ဝင်သလို ခပ်ငယ်ငယ်ကဆိုရင်လည်း ထမင်းကြမ်းခဲနဲ့ ထန်းလျက်တစ်ခဲနဲ့လဲ ဖြစ်အောင် စားခဲ့ပါတယ်။ အခုအချိန်အထိ ဘယ်အစားအစာကို စားချင်တယ်ဆိုတဲ့ ချဉ်ခြင်းတပ်တာမျိုးလဲ တစ်ခါမှ မရှိခဲ့ဖူးတာကြောင့် အင်မတန်မှ ကျေနပ်စရာ ကောင်းတယ်လို့ ကိုယ့်ကိုယ်ကို ယူဆပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဟိုဟာစားချင်၊ သည်ဟာစားချင်ဆိုတဲ့ ရသတဏှာနောက်ကို လိုက်ရင်း စိတ်ပင်ပန်း၊ လူပင်ပန်း ဖြစ်နေရရှာတဲ့ ပုဂ္ဂိုလ်များကိုတွေ့ရင် အင်မတန် သနားပါတယ်။ အစားအစာဆိုတာ လျှာဖျားတစ်ထောက်ပဲ အရသာခံရတာပါ။ လျှာကိုကျော်သွားတဲ့ နောက်မှာတော့ အော့အော့တစ်ပိုင်းဖြစ်သွားတာချင်း အတူတူမို့ လျှာကိုဖြတ်သွားရုံ ခရီးတစ်ထောက်စာလေးအတွက် တပင်တပန်း ဒုက္ခခံရတဲ့ အိမ်ရှင်မတွေကိုလည်း အင်မတန်မှ ကရုဏာသက်မိပါသေးရဲ့။

ဦးဟန်ကြည်တစ်ယောက် အခုလို အစားအသောက် ပြဿနာကင်းကင်း နေနိုင်အောင် အဓိက ကျေးဇူးရှိသူတွေက ဦးဟန်ကြည်ရဲ့ မိဘတွေပါ။ ခပ်ငယ်ငယ် ကလေးဘ၀ကတည်းက ဘာအစားအစာကိုမှ ရွေးချယ်ခွင့်မရှိဘဲ စားအောင် ကျွေးခဲ့ပါတယ်။ ဦးဟန်ကြည်ရဲ့ဖေဖေပြောလေ့ရှိတဲ့ “ ငါ့သား…အလုပ်ကို ရွေးလုပ်ချင်လုပ်….အစားကိုတော့ ရွေးမစားနဲ့၊ မိဘအိမ်မှာနေရင်တော့ မိဘကျွေးတာပဲ စားရမယ်၊ ကိုယ့်အိမ်မှာကိုယ်နေရင်တော့ ကိုယ်ကြိုက်တာ ကိုယ်စား ” ဆိုတဲ့ စကားတစ်ခွန်းကိုလည်း ဒီအချိန်အထိ မှတ်မိနေပါသေးတယ်။ အိမ်မှာကလည်း အဲဒီမူအတိုင်းပဲ ကျင့်သုံးတာမို့ ငယ်ဘ၀တစ်လျှောက်လုံး ဟင်းကြေးများခွင့် မရှိခဲ့ပါ။ ချက်သမျှကို ထည့်မစားရင် ဒဏ်ပေးခံရလေ့ ရှိတာမို့ ဘာပဲဖြစ်ဖြစ် မျိုချပစ်လိုက်တဲ့ အကျင့်ကောင်းက ကြီးတဲ့အရွယ်အထိ စွဲလို့နေပါတော့တယ်။ ခပ်ငယ်ငယ်က ကြက်ဟင်းခါးသီး၊ ကြောင်လျှာသီး၊ ကင်းပုံသီးစတဲ့ ခါးတဲ့ဟင်းတွေဆိုရင် သိပ်မကြိုက်လှတာမို့ မေမေ့ကို တစ်ခါက ပြောပြမိလိုက်ရာမှာ တစ်ပတ်လုံးလုံး ကြက်ဟင်းခါးသီးဟင်းချက်ကျွေးပြီး ပညာပေးခံလိုက်ရတာကြောင့် နောက်များဆိုရင် ကိုယ်မကြိုက်တာလေးများရှိရင် ပါးစပ်ကတောင် ယောင်လို့မဟရဲတော့ပါ။

ဒီအရွယ်အထိ အစားအသောက်နဲ့ပတ်သက်လို့ စွဲနေတဲ့ အကျင့်ကတော့ သိပ်မကြိုက်တဲ့ ဟင်းကို အရင်ကုန်အောင် စားပစ်လိုက်ခြင်းပါပဲ။ ကလေးဘ၀ကတည်းက ကိုယ့်ပန်းကန်ထဲထည့်ပေးသမျှကို ကုန်အောင် စားရတာမို့ မစားချင်တဲ့ဟင်းပါလာရင် မျက်စိစုံမှိတ်ပြီး “ သွားရော့လဟယ် ” လို့ ကြွေးကြော်လို့ အဲဒီဟင်းကို အရင်ဆုံး မြိုချပစ်လိုက်ပါတယ်။ အဲဒီလိုမှမလုပ်ရင်လည်ဲး မစားချင်တဲ့ဟင်းကို ပန်းကန်ထဲမှာ မြင်နေရတာကြောင့် စိတ်အနှောင့်အယှက်ဖြစ်လွန်းတာကြောင့်ပါ။ ဒါကြောင့် သူ့ကိုအရင် ရှင်းပစ်လိုက်လေတော့ ကျန်တဲ့ဟင်းကို အရသာရှိရှိ စားနိုင်သွားပါတော့တယ်။ ဒီအရွယ်မှာလည်း ပန်းကန်ထဲမှာ အိမ်ရှင်မ ထည့်ပေးသမျှဟင်းကို မငြီးမငြူ စားလေ့ရှိပေမယ့် သိပ်မကြိုက်ရင် အရင်ကုန်အောင် စားပစ်လိုက်တာမို့ အထာပေါက်လာတဲ့ အီမ်ရှင်မက မကြိုက်ရင်လည်း စောစေကမပြောဘူးဆိုတဲ့ အကြည့်မျိုးနဲ့ ကြည့်လေ့ရှိပါတော့တယ်။ တစ်ခါတစ်ခါမှာ အိမ်ရှင်မက ဦးဟန်ကြည် စားချင်တဲ့ဟင်းလေးဘာလေးရှိရင် ပြောဖို့ လွတ်လပ်ရေးပေးပေမယ့် ကိုယ်ဘာစားချင်တယ်ဆိုတာကို ထိုင်စဉ်းစားရမှာတောင် ပျင်းလွန်လွန်းတဲ့ ဦးဟန်ကြည်ကတော့ “ ချက်ချင်ရာသာချက်ပါကွာ…ချက်သမျှ စားပါတယ် ” လို့ လေပြည်လေးထိုးရင်း လက်ထဲရောက်လာတဲ့ လွတ်လပ်ရေးကို အိမ်ရှင်မလက်ထဲ ပြန်ထည့်ပေးလိုက်တာပဲ များပါရဲ့။

စားသောက်ဆိုင်တွေမှာ သွားစားဖြစ်ရင်လည်း ခံတွင်းလိုက်ခြင်း၊ မလိုက်ခြင်းကို ဘေးချိတ်ပြီး လာချသမျှကို ဗိုက်ထဲရောက်အောင် စားပစ်တတ်တာကြောင့် တစ်ခါတစ်ခါမှာ အိမ်ရှင်မ မစားနိုင်လို့ ချန်ထားတဲ့ လက်ကျန်ပါမရှောင် ထိုးထည့်ပစ်တတ်ပါသေးတယ်။ စားစားမစားစား၊ ကိုယ့်ပိုက်ဆံကတော့ ပေးရတော့မှာမို့ အလဟဿဖြစ်ခံမယ့်အစား ဗိုက်ထဲထိုးထည့်လိုက်တာကမှ အစာအိမ်ပြည့်ဦးမယ်လို့ ခံယူထားသူဖြစ်တာမို့ ဦးဟန်ကြည်နဲ့အတူ စားသောက်ဆိုင်မှာ စားဖြစ်တဲ့လူတွေက ဦးဟန်ကြည်ကို အင်မတန် သဘောကျကျပါသတဲ့။ ( သဘောကျဆို ဘာမှ အလေအလွင့် မဖြစ်ပဲကိုး…)

တောကြိုအုံကြားမှာ ဆေးအိတ်တစ်လုံးနဲ့ ရွှံ့တွေဗွက်တွေကြားမှာ ရုန်းရင်း ဆရာဝန်အလုပ်ကို ယာယီလုပ်ခဲ့စဉ်ကဆိုရင် အစားအသောက်နဲ့ပတ်သက်လို့ ကြေးမများတတ်တဲ့ ဦးဟန်ကြည်အတွက် ပိုလို့အဆင်ပြေခဲ့ပါသေးတယ်။ ဘာကြွေးကြွေး ပါးစပ်ထဲထိုးသွတ်လိုက်တဲ့ ဦးဟန်ကြည်ကို လူနာများက အင်မတန်မှ ချစ်ကြပါသတဲ့။ ( မယုံရင် ပုံပြင်လို့မှတ်ပေတော့…) တစ်ခါတစ်လေမှာများ ညစ်ပတ်ပေကျံနေတဲ့ လက်အစုံနဲ့ ဆရာစားဖို့မုန့်ကို ကိုင်လာပေးရင်တောင် မျက်စိစုံမှိတ်ပြီး မြိုချပစ်လိုက်တာများပါတယ်။ ( စိတ်ထဲမှာ မသိုးမသန့်ဖြစ်လာရင်လည်း လူနာတွေ မမြင်ကွယ်ရာရောက်မှ ကိုယ့်ပါးစပ်ထဲကိုယ် လက်ထိုးထည့်ပြီး အန်ထုတ်လိုက်တာပေါ့လေ…။ အဓိကကျတာကတော့ သူ့စေတနာကို အသိအမှတ်ပြုရာရောက်ပြီး သူကျေနပ်ဖို့ အရေးကြီးတယ် မဟုတ်ပါလား….) ကွမ်းကြိုက်တဲ့ ဦးဟန်ကြည်အတွက် သူ့လူနာတွေက “ ကွမ်းရွက်က ကွမ်းရွက်ပေါင်း၊ ထုံးက နီနီ၊ ကွမ်းသီးက ကွမ်းသီးအစို၊ ကွမ်းစားဆေးက ကွမ်းသီးဖက်ဆေးလိပ်ထဲက ထုတ်ထားတဲ့ဆေး ” နဲ့ ယာထားတဲ့ ကွမ်းယာကို ပါးစပ်ထဲလာထည့်ပေးရင်လည်း ၀ါးပစ်လိုက်လေ့ ရှိပါတယ်။ ( ကျန်းမာရေးအသိ တော်တော်ရှိတဲ့ ဆရာဝန်ပဲနော်… )

အစားအသောက်နဲ့ပတ်သက်လို့ မက်မက်စက်စက် မရှိလှပေမယ့် အစားအသောက် ပြင်ဆင်ချက်ပြုတ်တာကိုလည်း မဆီမဆိုင် ၀ါသနာ ပါပြန်ပါသေးတယ်။ ခပ်ငယ်ငယ် အရွယ်ကတည်းက ဦးကြီးပုချက်နည်းပြုတ်နည်း ၅၀၀ လို စာအုပ်မျိုးတွေကို အားတိုင်းထိုင်ဖတ်ပြီး ဟင်းချက်နည်းတွေကို ထိုင်တွေးရင်း သွားရည်ကျတတ်ရုံသာမက တစ်ခါတစ်ခါမှာ လက်စွမ်းပါ ပြတတ်ပါသေးတယ်။ ကိုယ်ချက်တဲ့ အစားအစာကို သူများတွေ အားပါးတရ စားနေရင် ကျေနပ်ပေမယ့် ကိုယ့်ဖာသာကိုယ်တော့ တစ်ခါမှ မြိန်ရည်ရှက်ရည် ပြန်မစားဖြစ်ပါ။ ( တော်တော်ကောင်းတဲ့ စာဖိုမှူးဟဲ့… ) ခပ်ငယ်ငယ်အရွယ်ကတည်းက ဟင်းမရှိရင် ရှိတဲ့ အရွက်ကို ခူးပြီး အသုပ်ဖြစ်အောင် သုပ်လို့ ထမင်းနဲ့ စားရုံသာမက နောက်ဆုံးမှာ ကြံရာမရရင် ထမင်းကိုပဲ သုပ်စားဖြစ်ပါသေးတယ်။ အခုလည်း တစ်ခါတစ်ခါမှာ စိတ်လိုလက်ရရှိရင် မီးဖိုချောင်ဝင်ပြီး လက်စွမ်းပြလေ့ရှိပါသေးတယ်။ ( အထင်လည်း သိပ်မကြီးစေချင်ပါ။ စိတ်လိုလက်ရဆိုတာ တစ်နှစ်ကိုမှ သုံးလေးခါလောက် စိတ်လိုလက်ရ ရှိရှာတာပါ…)  

အစားအစာနဲ့ ပတ်သက်လို့ အဲဒီလောက်အထိ အာဝေနိကဒုက္ခ ကင်းလွန်လွန်းတဲ့ ဦးဟန်ကြည်ကို အားကျကုန်ကြရင်လည်း မတတ်နိုင်တော့ပါ။ ထောင်းလက်စကို ပြီးအောင်ထောင်း၊ ဖော်လက်စကို ပြီးအောင်ဖော်လို့ တာဝန်ကျေရမှာ ဘလော့ဂါ ကျင့်ဝတ် နံပါတ်တစ် ဖြစ်တယ် မဟုတ်ပါလားလေ။


တက်(ဂ်)ပို့(စ်) အခန်းဆက်ကို ရေးနေတာ ဒီတစ်ပို့(စ်)နဲ့ပါဆိုရင် သုံးပုဒ်တောင် ရှိသွားပါပြီ။
ဒီပို့(စ်)ကို နောက်ဆုံးထားပြီး ရေးလိုက်ပေမယ့် ရေးရင်းနဲ့ အတော်ရှည်သွားပြန်ပါတယ်။ ဒါကြောင့် အ၀တ်အစားနဲ့ ပတ်သက်တဲ့ တက်(ဂ်)ပို့(စ်) နောက်ဆက်တွဲကို နောက်တစ်ပိုင်းကျမှပဲ ဆက်ရေးရတော့မှာမို့ ချစ်စွာသော ညီတော်၊ နောင်တော်၊ ညီမတော်၊ အစ်မတော် ဘလော့ဂါ၊ ဘလော့ဂီ အပေါင်းတို့ကို အကြောင်းခံနဲ့ တောင်းပန်သမှု ထပ်ပြုလိုက်ရပါကြောင်း။


စာကြွင်း။          ။

( ညီမတော် Angelhlaing ကတော့ နောက်တစ်ခါဆိုရင် ဦးဟန်ကြည်ကို ယောင်လို့တောင်မှ တက်(ဂ်)ရဲမှာ မဟုတ်တော့ဘူး ထင်ပါ့။ ကိုင်း ဘလော့ဂါ၊ ဘလော့ဂီအပေါင်းတို့ရေ ဖတ်ပျော်တဲ့ တက်(ဂ်)ပို့(စ်)ဖြစ်ခဲ့ရင်လည်း ရေးသူဦးဟန်ကြည်ကို ချီးကျူးကြကုန်ပြီး၊ ပျင်းရိငြီးငွေ့ဖွယ်ရာ အင်မတန်ကောင်းပေထသော တက်(ဂ်)ပို့(စ်) ဖြစ်သွားခဲ့ရင်လည်း ပရိသတ်ကြားမှာ အေးအေးလူလူ ဘေးထိုင်နေပါတဲ့ ဦးဟန်ကြည်ကို တက်(ဂ်)လိုက်ပါတဲ့ Anglehlaing နဲ့ ဇာတ်လမ်းစသူ အဖြူရောင်နတ်သမီး တို့ကို မေတ္တာပို့တော်မူကြပါကုန်…)

15 comments:

kokoseinygn said...

ဆရာအကြောင်းတွေ မျက်လုံးညောင်းအောင်ဖတ်သွားပါတယ်။
စာေ၇းအတော်ကောင်းတယ်ဗျာ....

မအိမ်သူ said...

တက်ဂ်ပို့စ် အခန်းဆက်
ရီရချက်က အူတက်မတတ်ပါပဲကလား...
ကျောင်းဆရာ အာဝဇ္ဇန်းက ကောင်းပါလေ့... ဒါကြောင့်လဲ ဆရာဦးဟန်ကြည် စာသင်ကောင်း နာမည်ကြီးတာ ထင်ပါရဲ့။ အဲဒီလို အာဝဇ္ဇန်းမျိုး အားကျလိုက်တာ...
အစားအသောက်နဲ့ပတ်သက်တဲ့ အလေ့အကျင့်ကတော့ အိမ်ကလူကြီးတွေလဲ အဲဒီလိုပဲ ငယ်ငယ်ထဲက ဘာပဲဖြစ်ဖြစ် စားတတ်အောင် လေ့ကျင့်ပေးထားတယ်။
ဘာလုပ်လုပ် ကိုယ်တတ်နိုင်သလောက် အကောင်းဆုံးဖြစ်အောင် လုပ်ချင်တတ်တဲ့စိတ်ရှိတာလဲ မအိမ်သူနဲ့ ဆရာနဲ့တူတယ်။

ဟန်ကြည် said...

မျက်လုံးညောင်းသွားအောင် ဖတ်သွားလို့ ကျေးဇူးပါ kokosein ရေ...တက်(ဂ်)ပို့(စ်)ရေးနေတာကလည်း သုံးပုဒ်ဆက်တိုက် ဖြစ်နေတော့ မြန်မြန်ဖြတ်ရအောင်လို့ ရေးရင်းနဲ့ ရှည်သွားတာ အားနာမိပါရဲ့...ဒါတောင် ကိုယ့်ဂုဏ်ပုပ်တွေကို အကုန်မဖော်ရသေးပါဘူးတဲ့ဗျား...

မင်းဧရာ said...

ှဆရာ........
လူကြီးမဖြစ်တဖြစ် ကိုဖတ်လိုက်မိတော့
တော်တော်များများက ထောက်ပြထားဒါကိုတွေ့ရတယ်
လေ့လာသင်ယူစရာလေးတွေကိုလည်းမြင်ခဲ့ရတယ်
လူတော်တော်များများကတော့ ဆရာ့ရဲ့ စရိုက်လေးတွေနဲ့
ကွဲလွဲနေအုံးမယ်ဗျာ........
ကျွန်တော်ကိုယ်တိုင်လည်း ထို့အတူပါပဲ ကိုယ့်ရှေ့မှာ ဒုက္ခရောက်နေရင် ကူညီတတ်ပေမယ့် သတ်သတ်မှတ်မှတ်
လည်းပင်းဖက်ပြီးပေါင်းတယ်လို့ တစ်ယောက်မှကိုမတွေ့ဘူး သေးဘူး လူ့အဆင့်အတန်းမခွဲပေမယ့် စိတ်ရဲ့ အဆင့်အတန်းကိုတော့
ခွဲတယ်သဘောပေါ့ဆရာရေ ။

မေသိမ့်သိမ့်ကျော် said...

တဂ်ပို့စ်တစ်ပိုင်းဖတ်တိုင်း အသက်တစ်နှစ်လောက်ပိုရှည်သွားလောက်တယ်။ ရယ်ရပြုံးရလွန်းလို့ပါ။ ဦးဟန်ကြည့်အရေးအသားကို တကယ်ကို နှစ်သက်သဘောကျမိပါတယ်။


ခင်တဲ့

မင်းဧရာ said...

ှဆရာ.....ကျွန်တော့်ကဗျာရဲ့ comment မှာလာပြီး
ပြောပြပေးစေချင်တယ် ကျွန်တော်ဆိုလိုချင်တဲ့
အဓိပ္ပယ်ကိုလည်း ရေးပေးထားတယ်.......
ဖြစ်နိုင်ရင်တော့ ဆရာ့ရဲ့ ဘလောက်မှာ စီဘောက်လေး
ထားပေးစေချင်တယ် ဆရာ အကူညီလိုတဲ့အခါ အလွယ်တကူရေးနိုင်အောင်လို့ပါ။

jasmine(တောင်ကြီး) said...

ဆရာကဆက်ရေးနေရင်လဲဖတ်မှာပါပဲ
ကြိုက်တာကိုး..အရေးအသားတွေကကောင်းနေတော့
ဖတ်ရတာဘယ်မှာပျင်းမလဲ....
အစားအသောက်ကိုတော့ဆရာရေးထားတာတော်တော့်ကိုသဘောကျမိပါတယ်။ ဆရာချမ်းမြေ့ပါစေရှင်။

တောက်ပကြယ်စင် said...

ဆရာရေ ဖတ်ရင်းနဲ့ တစ်ခါရယ်ပြီး ပါးစပ်ကို ပြန်စေ့ထားလိုက်တယ်။ တွေ့ပြန်ပြီ ရယ်စရာ၊ တွေ့ပြန်ပြီ ရယ်စရာဆိုတော့ တစ်ခါတည်း ပါးစပ်ကို ဖတ်လို့မပြီးမချင်း ဟသာထားလိုက်တော့တယ်။ ဆရာ့အဖေ ပြောလေ့ရှိတဲ့စကားကလည်း မှတ်သားစရာကောင်းလှပါတယ်နော်။ ကျောင်းထိုင်ရင်တော့ တပည့်တွေကို အဲဒီလို ပြောဦးမှ ထင်တယ်။ ဟိ။ ကျန်းမာပျော်ရွှင်ပါစေ ဆရာရေ။

ကိုကိုမောင်(ပန်းရနံ့) said...

ဆရာ...
သူကြီးမင်းလဲ အားနာတတ်လွန်းလို့ အိမ်ထောင်ရေးတွေ သိပ်စိတ်မ၀င်စားဘူး။ တော်ကြာ မချစ်ပါဘဲနဲ့ အားနာလွန်းလို့ ချစ်ပါတယ်ဆိုပြီး ဖြေမရ ဖြုတ်မရမှာ စိုးရိမ်လွန်းလို့။း))
ဒါနဲ့ ဆရာကကော ဆရာ့အိမ်သူသက်ထားလေးကို အားနာလို့များးးးးးးးးးးးးးးးးးးးးးးးးးးးးးး။ ဟာ ဟ။

ခင်မင်လျက်

Angelhlaing(May everybody be happy and healthy! said...

ဘယ်ရမလဲအကိုရယ် ..ဒီလောက်အရေးကောင်းမှတော့ နောက်တစ်ခါဆို ဘလော့ထဲမှာ တိုင်ပင်ထားရမယ် အကိုကိုယ်အရင်းဆုံး ဦးစားပေးအစီစဉ်နဲ့ကို တဂ်လုပ်ကြပါလို့....:):)
အဟီးးးး ဘာပဲဖြစ်ဖြစ် စိတ်ရှည်လက်ရှည် ရေးပေးလို့ ကျေးဇူးပါလို့သြော်....မမေ့နဲ့နော်အကို နောက်တစ်ခါဆို ဦးစားပေးနဲ့ တဂ်လုပ်မှာ..:P

နေ၀သန် said...

ချသာချ.. ဆရာ... ၀တ္ထုရှည်တစ်ပုဒ်တော့ ရလောက်ရဲ့... :P


ခင်မင်လျက်
နေ၀သန်

sosegado said...

အစိမ်းထဲကအနီတွေမို့ အနီတွေကိုပဲမြင်နေမိပါတယ်၊
အပြာမပါလို့တော်သေးတယ်းD
ကျနော်ကတော့ ချက်သမျှမစားဘူး၊ အလုပ်လဲရွေးလုပ်တယ်၊

မေဓာဝီ said...

တဂ်ပို့စ် စီးရီးက ဖတ်လို့လဲ ကောင်း၊ မှတ်သားစရာတွေလဲပါ၊ ရယ်လဲရယ်ရ ... အလွန်ဗဟုသုတကြွယ်ဝသော ဦးဟန်ကြည်ပါကလားလို့ မှတ်ချက်ချမိ။

အလုပ်မသွားခင် အပြေးအလွှားဖတ်ကာ မန့်သွားပါ၏။

အလင်းသစ် said...

အဟဲ ..အဝတ်အစား(ဇာတ်သိမ်း) ကို စောင့်မျှော်
နေပါဦးမယ်ဗျာ။။။။။။။။။။

အဖြူရောင်နတ်သမီး said...

မှားပြီထင်တယ်.. ညီမလေးအိန်ဂျယ်ရေ...
ဆက်ရန်....တဲ့..ဟင့်
ကိုယ့်ဒေါသနဲ့ကိုယ်ဆိုတော့လည်း...အင်းးးး

ကြိုက်ရင်ပေါ့လေ . . .