Friday, 12 August 2011

ညက်ပြီ . . .


ဒီပို့(စ်)ကတော့ အခန်းဆက်တက်(ဂ်)ပို့(စ်)ရဲ့ နောက်ဆုံးပို့(စ်)လို့ ဆိုရပါလိမ့်မယ်။
အရင်ပို့(စ်)မှာ တစ်ခါတည်း ပေါင်းရေးလိုက်ဖို့ စိတ်ကူးမိပေမယ့် လိုတာထက်ပိုရှည်သွားရင် စာဖတ်သူကို နှိပ်စက်ရာကျမှာ စိုးရိမ်တာကြောင့် ပို့(စ်)အသစ်တစ်ခုအဖြစ် မခွဲချင်ဘဲ ခွဲလိုက်ရပါကြောင်း…


( ၃ ) အ၀တ်အစား


အစားအသောက်ကို ကြေးမများတဲ့ ဦးဟန်ကြည်ဟာ အ၀တ်အစားကိုတော့ အင်မတန်မှ ကြေးများပါတယ်။ မွေးကတည်းက ပါလာတဲ့ အကျင့်ဖြစ်တာမို့ ပြင်လို့လဲ မရနိုင်သလို၊ ပြင်ဖို့လဲ လိုတယ်မထင်တာကြောင့် အခုအချိန်အထိ အ၀တ်အစားကို ကြေးများတုန်းပဲ ရှိပါရဲ့။ မလိုအပ်ဘဲ အရှက်အကြောက်ကြီးတာကြောင့် ကလေးဘ၀ကတည်းက စွပ်ကျယ်လက်ပြတ်နဲ့ မနေခဲ့ဖူးပါ။
( နံရိုးအချောင်းအချောင်းနဲ့၊ စပုတ်တံ လက်မောင်းလေးတွေကို လူမြင်မှာ စိုးရှာလို့နဲ့ တူပါတယ်… ) ကလေးဘ၀မှာတော့ မိဘ၀ယ်ပေးသမျှကိုပဲ ၀တ်ရတာမို့ ကြေးများခွင့် သိပ်မရှိပေမယ့် မကြိုက်တဲ့အ၀တ်အစားကို ချောင်ထိုးထားပြီး ကြိုက်တာလေးတွေကိုပဲ လှည့်ပတ်ဝတ်နေဖြစ်တာကြောင့် မကြာမကြာ အဆူခံရတာ မှတ်မိနေပါသေးတယ်။

မိဘများက အစစအရာရာ စည်းစံနစ်ကျလွန်းတာမို့ သုံးတန်းကျောင်းသားဘ၀တုန်းက ချုပ်ပေးထားတဲ့ အင်္ကျီဟာ ငါးတန်းရောက်တဲ့အချိန်ကျမှပဲ ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်ပါတော့တယ်။ အဲဒီလောက်ဆိုရင် လေးတန်းကျောင်းသားအရွယ်မှာ အဲဒီအင်္ကျီကြီးတွေနဲ့ ဘယ်လောက်စတိုင်ထွားမလဲဆိုတာ မြင်ယောင်ကြည့်လို့ရနိုင်ပါရဲ့။ လက်တိုအင်္ကျီဆိုပေမယ့် ငါးတန်းအထိ ၀တ်ဖို့ စီမံချက်နဲ့ ချုပ်ပေးထားတဲ့ စီမံကိန်းအင်္ကျီဖြစ်တာမို့ အင်္ကျီလက်က လက်ဖျံပေါ်ရောက်နေပြီး ဒီဘက်ခေတ်မှာတောင် မ၀တ်ကြသေးတဲ့ ခေတ်အမီဆုံး အမျိုးသားဝတ် လက်စက အင်္ကျီနဲ့ စတိုင်ထွားခဲ့ရပါတယ်။ အခုမှသာ ပြန်ကြွားနိုင်ပေမယ့် အဲဒီအရွယ်တုန်းကတော့ အင်မတန်မှ စိတ်ညစ်ခဲ့ရပါရဲ့။ စာတစ်ခါ ရေးဖို့အရေးမှာ ၀န်ကြီးအင်္ကျီကြီးရဲ့ လက်ကိုပင့်နေရတာနဲ့တင် ခရီးက မတွင်ရှာတော့ဘူးကိုး။ အင်္ကျီအောက်နားကလည်း ရှည်လွန်းနေတာမို့ ပြာဂလောင်၊ ပြာလချောင်ညီနောင်ဝတ်တဲ့ အင်္ကျီဒီဇိုင်းမျိုးနဲ့လဲ ခပ်ဆင်ဆင်ဖြစ်နေပြီး တစ်ခါတစ်ခါမှာများ အင်္ကျီကို အပြင်ထုတ်ဝတ်လိုက်ရင် ဘောင်းဘီတိုကလေးကိုတောင် မမြင်ရအောင် ဖြစ်ရတာကြောင့် သူငယ်ချင်းတွေက မကြာမကြာ စတာနောက်တာ ခံရလေ့ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ရှိတာ ကိုယ်ဝတ်တာမို့ သူများကို သိပ်ဂရုမစိုက်တဲ့ မောင်ဟန်ကြည်ကလေးကတော့ ခပ်တည်တည်ပဲ နေလေ့ရှိပါသတဲ့။

 တက္ကသိုလ်ကျောင်းသားဘ၀ရောက်တဲ့အခါမှာတော့ အင်္ကျီအဖြူလက်ရှည်နဲ့ ပုဆိုးအရောင်ရင့်ရင့်ကို ပထမနှစ်တစ်နှစ်လုံး ဒုံးခံဝတ်ဖြစ်ပါတယ်။ သူ့ထက်ငါ အပြိုင်အဆိုင် ၀တ်ကြစားကြတဲ့ တက္ကသိုလ်ကျောင်းတော်ကြီးမှာ မောင်ဟန်ကြည်ကလေးဟာ လူကြားထဲမှာ ထင်းထင်းကြီးပေါ်နေပါရောတဲ့။ ( နံမည်ကြီးချင်တဲ့လူများကြတော့ အဲသလိုကို နံမည်ကြီးရှာတာကလား… ) ဒါပေမယ့် ကျောင်းကထိန်မှာ သီချင်းတက်ဆိုရင်း ဘောင်းဘီရှည်ဝတ်ရာက အကြိုက်တွေ့သွားတော့တာမို့ နောက်ပိုင်းမှာ ဘောင်းဘီရှည်ကိုပဲ မချွတ်တမ်းနီးနီးဝတ်လာတာ ဒီနေ့အထိပါ။ စီးပွားရေးအရ တွက်ချေကိုက်တာကြောင့် ၀တ်ဖြစ်နေတာလည်း ပါပါတယ်။ ဘာကြောင့်လဲဆိုရင် ဈေးကွက်ထဲမှာ နံမည်အကြီးဆုံးဖြစ်တဲ့ ဦးဂျမ်းတံဆိပ် ပုဆိုးတစ်ထည်ကို ၈၀၀၀ လောက်ပေးပြီး လေးထည်လောက်ဝယ်ဝတ်ရင်တောင် လွန်ရောကျွံရော သုံးလေးလလောက်ပဲ ၀တ်လိုက်တာနဲ့ အရောင်ရော၊ အသွေးပါ ကျပြီး နွမ်းကုန်ပါတော့တယ်။ ဒါပေမယ့် ဘောင်းဘီရှည် အမျိုးအစား ကောင်းကောင်းတစ်ထည်ကို ၀ယ်ထားရင်တော့ အနည်းဆုံး တစ်နှစ်လောက် ဒုံးခံဝတ်နိုင်ပါတယ်။ ဒါကြောင့် စီးပွားရေးတွက်တွက်ပြီး ဘောင်းဘီကို ၀တ်နေဖြစ်တယ်ဆိုရင်လည်း မမှားပါ။ ဒါပေမယ့် Jeans ဘောင်းဘီကိုတော့ ကိုယ့်အသက်မွေးဝမ်းကြောင်းနဲ့ မကိုက်ညီဘူးလို့ ယူဆမိတာကြောင့် State ကျောင်းသားဘ၀က ၀တ်ခဲ့ဖူးပေမယ့် တက္ကသိုလ်တက်တဲ့အချိန်ကစလို့ လုံးဝမ၀တ်ဖြစ်တော့ပါ။ ဒီနှစ်နွေရာသီက ပုဂံကို အားလပ်ရက်ခရီးရှည်ထွက်တဲ့အချိန်ရောက်မှပဲ Jeans ဘောင်းဘီကို ပြန်ဝတ်ဖြစ်ပါတော့တယ်။

အင်္ကျီအကြောင်အကြားတွေကိုတော့ လူမှန်းသိတတ်ချိန်ကတည်းက တစ်ခါမှ မ၀တ်ဖူးပါ။ လက်ဆောင်ရရင်လည်း မ၀တ်ဘဲ သိမ်းထားလိုက်တာပဲ များပါတယ်။ တီရှပ်လည်း သိပ်မ၀တ်ဖြစ်ပါ။ အိမ်နေရင်း ၀တ်တာမျိုးတော့ရှိပေမယ့် အပြင်သွားရင် တစ်ခါမှ ၀တ်မသွားဖြစ်ပါ။ ပုဂံကို ခရီးသွားတုန်းကတော့ ၀တ်ဖြစ်လိုက်ပါသေးတယ်။ ဒါကတော့ အကြာဆုံးဝတ်ဖြစ်တာလို့ ဆိုရပါလိမ့်မယ်။ အများအားဖြင့်တော့ ရှပ်လက်ရှည်၊ လက်တိုတွေပဲ အ၀တ်များပါတယ်။ ဒါပေမယ့် ကိုယ်က အသားမဖြူတာမို့ အရောင် အင်မတန်ရွေးရပါရဲ့။ အနီရောင်၊ အ၀ါရောင်တွေဟာ ဦးဟန်ကြည်ရဲ့ ငချိတ်ရောင်အသားအရည်ကို သပိတ်ရောင်ပေါက်သွားစေတာမို့ အနားတောင် မသီဝံ့ပါ။ အကြိုက်ဆုံးအရောင်ဖြစ်သလို ကိုယ်နဲ့လဲ သဟဇာတဖြစ်တဲ့ အပြာနုရောင်၊ အပြာရောင်၊ အစိမ်းရောင် တွေထဲကပဲ ပတ်ပြီး ၀တ်လေ့ရှိပါတယ်။ ( တစ်ခါတစ်ခါများကျရင်လည်း ဘာရောင်မဆို ၀တ်လို့အဆင်ပြေကြတဲ့ အသားအရည်ရှိသူများကို အားကျမိတတ်တာလည်း မညာတမ်းဝန်ခံပါရစေ… ) ရှပ်အင်္ကျီ အဆင်ဆန်းဆန်းဆိုရင်လည်း ဦးဟန်ကြည်တို့ မ၀တ်ပြန်ပါ။ ရိုးနိုင်သမျှ အရိုးဆုံးအဆင်ကို ရွေးပြီးဝတ်ဖြစ်ပါတယ်။ များသောအားဖြင့်တော့ အကွက်မပါတဲ့ အင်္ကျီပြောင်တွေကိုပဲ ၀တ်လေ့ဝတ်ထရှိပါတယ်။ ကိုယ်ကိုယ်တိုင်က လူကြီးဆန်ခြင်းနဲ့ တည်ငြိမ်ရင့်ကျက်ခြင်းကို မြတ်နိုးတာကြောင့် တတ်နိုင်သမျှ အရိုးဆုံးဖြစ်အောင် ၀တ်လေ့ရှိခြင်းလို့ ဆိုရင်လည်း မှားမယ်မထင်ပါ။

တစ်ပတ်မှာ နှစ်ရက်လောက်ကိုတော့ မြန်မာလို ၀တ်ဖြစ်ပါတယ်။ လည်ကတုံးအဖြူနဲ့ ပုဆိုးအရောင်ရင့်ရင့်တစ်ထည် ကောက်စွပ်လိုက်ရုံနဲ့ သန့်သန့်ပြန့်ပြန့်ဖြစ်သွားတဲ့ မြန်မာဝတ်စုံကိုလည်း အင်မတန်မှ သဘောတွေ့ပါတယ်။ အချိန်ကုန်သက်သာသလို ဘယ်တော့မှ မရိုးနိုင်တာ မြန်မာဝတ်စုံပဲ မဟုတ်ပါလား။ ဘယ်လိုရုပ်ရည် ရူပကာမျိုးပဲ ရှိနေပါစေ လည်ကတုံးအဖြူနဲ့ ပုဆိုးအရောင်ရင့်ရင့်ကလေး ၀တ်လိုက်ရင် တည်တည်ငြိမ်ငြိမ် သန့်သန့်ပြန့်ပြန့်ဖြစ်လာတယ်လို့ ယူဆမိပါတယ်။ ဒါတင်မကဘဲ အင်္ကျီအ၀တ်အစား ရွေးရ၊ အရောင်ရွေးရတဲ့ ဒုက္ခလည်း ကင်းတာမို့ ဦးဟန်ကြည်တို့ မြန်မာအမျိုးသားနဲ့ မြန်မာအမျိုးသားဝတ်စုံဟာ လိုက်ဖက်အညီဆုံးပဲ မဟုတ်ပါလား။

အနောက်တိုင်းဝတ်စုံကိုလည်း ဦးဟန်ကြည် အင်မတန်သဘောကျပါတယ်။ Tie နဲ့ Coat ၀တ်ရတာကို အင်မတန်သဘောကျတာကြောင့် မကြာမကြာ ၀တ်ဖြစ်ပါရဲ့။ Formal Suite တွေဟာ လူကို တည်ငြိမ်ရင့်ကျက်စေတယ်လို့လဲ ကိုယ့်တရားကိုယ် စီရင်နေကျ ဦးဟန်ကြည်က ယူဆထားပါရဲ့။ အဲဒီလို ၀တ်ဖြစ်တဲ့ အခါမှာလည်း Neck Tie အရောင်ကို အင်မတန် ဂရုစိုက်ရပြန်ပါတယ်။ ဘောင်းဘီအရောင်နဲ့ အင်္ကျီအရောင် သဟဇာတဖြစ်ရမယ့်အပြင် Tie နဲ့လည်း လိုက်ဖက်ညီအောင် ရွေးရခြင်းက တကယ့်အနုပညာဆန်ပြီး ကိုယ့်ရဲ့ပန်းချီမျက်စိကိုပါ လေ့ကျင့်ပေးရာရောက်တယ်လို့ ယူဆမိပါသေးတယ်။ လူမကြီးတကြီးဖြစ်ပေမယ့် ဧရာမလူကြီးအလုပ်ကြီးကို လုပ်နေတယ်လို့ ကိုယ့်ကိုယ်ကို ခံယူထားတဲ့ ဦးဟန်ကြည်ကတော့ Tie ကိုလည်း အစင်းရိုးရိုးပဲဖြစ်ဖြစ် ပြောင်ပဲဖြစ်ဖြစ် ရွေးလေ့ရှိပြန်ပါသတဲ့။

ဒီနေ့ဒီအချိန်အထိ အ၀တ်အစားဝတ်သမျှမှာ ခေတ်မီအောင်ဆိုတဲ့ ရည်မှန်းချက်မျိုးနဲ့ မ၀တ်ခဲ့ဖူးတာကြောင့် အများဝတ်လို့လည်း လိုက်မ၀တ်ခဲ့ဖူးပါ။ ကိုယ်နဲ့လိုက်ဖက်ညီမယ့် အ၀တ်အစားမျိုးကိုပဲ ရွေးဝတ်လေ့ရှိပါတယ်။ ဒါတင်မကသေးဘဲ ကိုယ်ဝတ်တဲ့ အ၀တ်အစားဟာ ပထမဆုံးအနေနဲ့ ကိုယ်စိတ်ကျေနပ်မှုရှိအောင် ဦးစားပေးပါတယ်။ သူများအတွက် ၀တ်တာမဟုတ်ဘဲ ကိုယ့်အတွက်ကို ၀တ်တာမို့ တစ်ဖက်သားရဲ့ အမြင်ကို အာရုံခံနေဖို့ မလိုတော့ဘဲ အ၀တ်အစားနဲ့ပတ်သက်ရင် အနှောင်အဖွဲ့ကင်းကင်းနဲ့ နေတယ်လို့ ဆိုရပါဦးမယ်။ ဒါကြောင့် ပွဲလမ်းသဘင်၊ အခမ်းအနားတစ်ခုခုအတွက် ၀တ်ကြဆင်ကြတဲ့အခါမှာ ကိုယ့်သိက္ခာနဲ့ အဆင့်အတန်းကို ဖော်ပြနိုင်ပြီး ကိုယ်လည်းသဘောကျမယ့် အရောင်မျိုး၊ အဆင်မျိုး၊ အ၀တ်အစားမျိုးကို ရွေးဝတ်ဖို့ပဲ လိုတော့တာကြောင့် ခေါင်းကိုက်ခံပြီး ဘာဝတ်ရမလဲ စဉ်းစားဖို့ မလိုတော့တာလည်း အင်မတန်မှ ကောင်းတဲ့ ပါရမီ မဟုတ်ပါလား။

ခပ်ငယ်ငယ်အရွယ်မှာတော့ အ၀တ်အစားကို လှချင်စိတ်တစ်ခုထည်းနဲ့ ၀တ်ခဲ့ဆင်ခဲ့ပါတယ်။ အ၀တ်အစားကို သူ့နေရာနဲ့သူ ၀တ်ရဆင်ရခြင်းရဲ့ အဓိပ္ပာယ်ကို သဘောသိပ်မပေါက်ခဲ့ပါ။ အခုလို အရွယ်ကလေးရလာတဲ့ အချိန်မှာတော့  “ တောင်းမှာအကွပ်၊ လူမှာအ၀တ် ” ဆိုတဲ့ ဆိုရိုးစကားကို ပြည့်ပြည့်၀၀ နားလည်လက်ခံလာရပါပြီ။ ကလေးဘ၀မှာတော့  မြန်မာဘုရင်တွေလက်ထက်က ၀န်ကြီးတွေဟာ ခေါင်းပေါင်းတွေ၊ သိုရင်းအင်္ကျီတွေ၊ စလွယ်တွေနဲ့ တထီးတနန်း ၀တ်တာစားတာတွေရဲ့ အဓိပ္ပာယ်ကို စဉ်းစားလို့မရနိုင်ပါ။ မလိုအပ်ဘဲ ဇာချဲ့တယ်လို့ပဲ တွေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီအရွယ်မှာ ပြန်စဉ်းစားမိတဲ့အခါမှာတော့ ကိုယ့်ရဲ့အဆင့်အတန်းနဲ့ လိုက်လျောညီထွေဖြစ်မယ့် အဆင်အယင်၊ အဆောင်အယောင်မျိုး ၀တ်စားထားခြင်းကြောင့် တစ်ဖက်သားရဲ့ အသိအမှတ်ပြုခြင်း၊ ရိုသေခန့်ညားခြင်းကို ပါးစပ်က ထုတ်ပြောစရာမလိုဘဲ ရနိုင်အောင်လို့ ၀တ်ဆင်ခြင်းလို့ သိလာရပါတော့တယ်။ ဒါမှလည်း ကိုယ်ပြောသမျှ၊ ကိုယ်လုပ်သမျှကို တလေးတစားနဲ့ လိုက်နာကြမယ် မဟုတ်ပါလား။ အဲဒီလို သဘောပေါက်လာမှပဲ ပါးစပ်ကနေပြောပျင်းတဲ့ ဦးဟန်ကြည်လည်း ကိုယ့်အနေအထားလေးနဲ့ကိုယ် လိုက်ဖက်ညီအောင် ၀တ်မှဖြစ်မယ်လို့ ကျေကျေနပ်နပ်ကြီး ဆုံးဖြတ်ချက်ချမိပါတော့တယ်။

လူတစ်ယောက်နဲ့ တစ်ယောက် တွေ့ကြဆုံကြတဲ့အခါမှာ ခေါင်းထဲက ဦးဏှောက်တွေ၊ ပညာတွေ၊ ရင်ထဲက နှလုံးသားတွေကို နောက်မှမြင်ကြရတာမို့ ၀တ်စားဆင်ယင်မှုနဲ့ ကိုယ်ဟန်အမူအယာကို အရင်ဆုံးကြည့်ပြီး တစ်ယောက်ကို တစ်ယောက် အကဲဖြတ်ကြတဲ့အတွက် ကိုယ့်ပညာနဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေဖို့ သန့်ပြန့်အောင် ၀တ်စားဆင်ယင်ခြင်းကလည်း အရေးအင်မတန် ကြီးတယ်မဟုတ်ပါလား။ လှဖို့ပဖို့ ခေတ်မီဖို့ဆိုတာထက် အရွယ်၊ ဂုဏ်သိက္ခာနဲ့ လိုက်လျောညီထွေမရှိတဲ့ ၀တ်စားဆင်ယင်မှုကြောင့် ကိုယ့်ပညာနဲ့ သိက္ခာကို အထင်သေးမခံရဖို့ကို ဦးစားပေးပြီး ၀တ်သင့်ပါကြောင်း ဦးဟန်ကြည်ရဲ့ အ၀တ်အစားနဲ့ပတ်သက်တဲ့ အမူအကျင့်နဲ့ ခံယူချက်တွေကို တက်(ဂ်)ပို့(စ်)ရဲ့ နောက်ဆုံးပို့(စ်)အဖြစ် တင်ဆက်လိုက်ရပါတယ်။              


ကျေးဇူးတင်လွှာ။       

ကိုယ့်စိတ်ကူးနဲ့ကိုယ် ကိုယ်ယုံကြည်ရာကို ရေးနေခဲ့တဲ့ဦးဟန်ကြည်ကို တက်(ဂ်)ပို့(စ်) ရေးဖြစ်အောင် အကြောင်းဖန်ပေးလိုက်တဲ့ ညီမတော် Angelhlaing နဲ့ အဖြူရောင်နတ်သမီး တို့ကို ကျေးဇူးတင်ကြောင်း တခုတ်တရ ပြောပါရစေ။ ဒီတက်(ဂ်)ပို့(စ်)ကို ရေးရင်းကနေ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်မိသလို ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေကိုလည်း ကျကျနန ပြန်သုံးသပ်မိတာမို့ ( ထည့်ရေးသည် မရေးဖြစ်သည် အပထားလို့ ) အတော်လေးကို အကျိုးရှိသွားပါတယ်။ ဦးဟန်ကြည်ရဲ့ Personal စစ်စစ် Tag Post ကြီးကို ပြီးတဲ့အထိ မညည်းမညူ ( ညည်းချင်လည်း ညည်းကြပေမပေါ့…ကိုယ်မှ မကြားရဘဲ )  စောင့်ဖတ်ပေးကြတဲ့ ဘလော့ရွာက ညီအစ်ကို၊ မောင်နှစ်မ အပေါင်းတို့ကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးဥပကာရ အထူးတလည် တင်ရှိပါကြောင်း ထပ်လောင်းလို့ ပြောပါရစေလား။                  

13 comments:

jasmine(တောင်ကြီး) said...

ဆရာ့ပုံစံကိုတွေးပြီးမြင်ကြည့်ပါတယ်
အနောက်တိုင်းဝတ်စုံကိုသေချာစွာဝတ်တတ်တဲ့ဆရာဟာ
အတော့ကိုကြည့်ကောင်းမယ်လို့ကျွန်မထင်ပါတယ်.
ဆရာရေ...ညက်ပြီဆိုတော့
ကားရီးယိုးဇာတ်လမ်းပြီးသွားတာပေါ့ဟုတ်လား
ဆရာချမ်းမြေ့ပါစေရှင်။

ကိုကိုမောင်(ပန်းရနံ့) said...

ဆရာဟန်ကြည် အဆုံးသတ်လိုက်ပြီလား။ သူကြီးမင်းရဲ့ ကြောင်ဖမ်းဆရာတော်တောင် မပြီးသေးဘူး။ ဒါပေမဲ့ ဒီရက်ပိုင်းအတွင်းတော့ အပြီးသတ် တင်မယ်လို့ ဆုံးဖြတ်ထားပါကြောင်း။

အသားရည် ညို
ငိုပါနဲ့လား။

ဆရာဟန်ကြည်
ဝတ်ထည် ပိုမက်တယ်
ညိုညက်အသား။း)))

.

ခင်မင်လျှက်

မိုးယံ said...

ဆရာ့ရဲ့ အတွေးစတွေကို သဘောကျတယ်..
ခုလို ကိုယ့်အကြောင်းကို ရယ်ရအောင်ရေးတော့လဲ ပြုံးစိစိနဲ့ ဖတ်သွားပါ၏။

mstint said...

အဝတ်အစားနဲ့ပတ်သက်ပြီး ကိုဟန်ကြည်ရဲ့ အမူအကျင့် ခံယူချက်လေးတွေကို ဖတ်သွားပါတယ်ကွယ်။
စာအရေးအသားလေးတွေကိုလည်း မသိမသာအတုခိုးသွားမိတယ်း)) စာဖတ်သူတို့ မပြင်းအောင်ရေးတတ်လို့ပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

မအိမ်သူ said...

အခုတော့ ထောင်းတာ တကယ်ညက်ပြီနော်ဆရာ။
မြန်မာဝတ်စုံကတော့ မြန်မာလူမျိုးအားလုံးအတွက် ဘယ်အချိန်ဘယ်နေရာမှာပဲဝတ်ဝတ် ရိုးရိုးယဉ်ယဉ်နဲ့ ကျက်သရေရှိတာ အမှန်ပါပဲ။

Angelhlaing(May everybody be happy and healthy! said...

Personnal အပြည့်အစုံကို တဂ်ပို့စ် တစ်ခုနဲ့ အတိအကျအသေးစိတ်သိခွင့်ရလို့ ကျေးကျေးအကို...:) နောက်လဲ အဆက်မပြတ်တဂ်မယ်လို့ ရည်ရွယ်ထားကြောင်းပါ..လို့..:P:P:P

ကိုဇော် said...

အဝတ်အစား ချေးများတယ် ဆိုရင်တော့ အဝတ်လျှော်စက် ကောင်းကောင်းတော့ ဝယ်ဖို့ လိုပြီနော် ဆရာ ဟွင်းဟွင်း . . .

အဖြူရောင်နတ်သမီး said...

နတ်သမီးကလည်း ဦးဟန်ကြည်ကို ကျေးဇူးတွေအရမ်းကို တင်မိပါကြောင်း....(ကိုရီးယား တဂ်ပို့အတွက်)..ဟိ

အလကားစတာပါကွယ်..
စိတ်ရှည်လက်ရှည် သေသေခြာခြာရေးပေးတဲ့ ဦးဟန်ကြည်ကို
နောက်လည်း တဂ်မယ်နော်..

ချော(အစိမ်းရောင်လွင်ပြင်) said...

ဦးဟန်ကြည်ထောင်းတာ ညက်သွားလေပြီကိုးး)
ဒါနဲ့ လက်ဆောင်ရထားတဲ့ ဂျင်းတွေ ပြန်ပြီးလက်ဆောင်ပေးချင်စိတ်မရှိဘူးလားလို့
ပေးမယ်ဆို လာယူမလို့ပါ
လာရင် ထမင်းကျွေးရမယ် အပြန်စရိတ်ပေးရမယ်နော်
ဘယ်လို... မဟေသီနဲ့တိုင်ပင်လိုက်ဦးမယ် ဟုတ်လား
ဟဲဟဲ ဦးဟန်ကြည်က မဟေသီကို ဒီလောက်ချစ်တယ်ဆိုတာ သိပါတယ်း)

မင်းဧရာ said...

ဆရာထောင်းနေတာကို မျက်လုံးအားကောင်းကောင်းနဲ့ကို
ကြည့်နေတာပါဆရာ..........
ဆရာ ကိုယ့်အကြောင်း ကိုယ်ပြောသလိုနဲ့ အတုယူစေချင်တဲ့
ဆရာ့ရဲ့ ဆန္ဒ လေးတွေကိုလည်း တွေ့နေရသလိုပဲမို့
အမြဲ မပျက်သင်ယူနေလျှက်ပါ။

...အလင်းစက်များ said...

နက်တိုင် တွေကို ဆရာ ဘယ်လိုရွေးသလဲ ဆရာ.. ကျနော် အဲ့သည် အဆင်အပြင်ကို ခုထိ မရင်းနှီးသေးဘူး။

တောက်ပကြယ်စင် said...

ဆရာရေ ဘုန်းဘုန်းနဲ့ အရောင်ကြိုက်တာချင်း တူသွားပီ။ ဘုန်းဘုန်းလည်း အပြာနုရောင်၊ သို့မဟုတ် အပြာရောင်ကို အရမ်းကြိုက်တယ်။ နောက်ဆုံးပိုဒ်လေး အရမ်းသဘောကျတယ် ဆရာရေ့။ ကျေးဇူးတင်လွှာရဲ့ အထက်ကလေ။ ဆရာ့ကို ကျေးဇူးတင်ရဦးမယ်။ ဘုန်းဘုန်းမကြားဖူးသေးတဲ့ မြန်မာမီးနင်းတွေကို ကြားဖူးသွားတယ် ဆရာရေ။ ကျန်းမာပျော်ရွှင်ပါစေ...

ကိုအောင်(ပျူနိုင်ငံ) said...

ဘလော့ဒေးအမှတ်တရလေး ရေးပေးဖို့ တက်ဂ် tag ထားတယ် ကိုဟန်ကြည်ရေ ... :P

ကြိုက်ရင်ပေါ့လေ . . .