Sunday 11 September 2011

ဘလော့ဂါဆိုတာ . . . ( တက်ဂ်ပို့စ် )

သင်ရိုးညွှန်းတန်းစာအုပ်တွေပြင်ရဆင်ရ၊ လပတ်အရည်အချင်းစစ်စာမေးပွဲတွေစစ်ရနဲ့ အလုပ်တွေလက်မလည်အောင် လုပ်နေရတဲ့ကြားမှာ လုံးဝန်းပြီး ခြေထောက်နဲ့ကန်တဲ့ အရာဟူသမျှကို အပိုင်စီးထားပါတဲ့ ဖီဖာက ဘောလုံးဝါသနာအိုးတွေ အနားမရအောင် စေတနာကောင်းနဲ့ ကျင်းပပေးနေတဲ့ ကမ္ဘာ့ဖလား သဲသောင်ပြင်ဘောလုံးပွဲကို နတ်ကရာကျီးမောသလို မယောင်ရာဆီလူးရင်း အင်တိုက်အားတိုက် အားပေးနေဖြစ်တဲ့ ဦးဟန်ကြည်ကို တက်ဂ်ပို့စ်ရေးဖို့ မင်းဧရာ က အချွန်နဲ့မ.ထားတာကြာနေပါပြီ။ ဒီကြားထဲမှာ ချစ်သူမောင် နဲ့ Angelhlaing ကပါ စုပေါင်းပြီး ထုထောင်းကြပြန်သလို မဒိုးကန် ကလည်း နတ်ကိုင်မယ်၊ နတ်မအားရင် သူ့ချစ်ချစ်ကြီး ကိုရင်ပျော့ ကိုင်မယ်လို့ ဇွတ်အတင်း ခြိမ်းခြောက်ပြန်တာကြောင့် တက်ဂ်သမျှကို တာဝန်ကျေအောင် ရေးပေးရမယ့် ဘလော့ရွာရဲ့ ထုံးတမ်းစဉ်လာနဲ့အညီ ဦးဟန်ကြည်တစ်ယောက် တက်ဂ်ပို့စ်တစ်ပုဒ်ကို ဖျစ်ညှစ်ပြီး အင်တိုက်အားတိုက် ရေးထုတ်လိုက်ရပြန်ပါပြီကော ချစ်စွာသော စာရှုသူ…

တက်ဂ်လာတဲ့ခေါင်းစဉ်က “ ဘလော့ဂါဆိုတာဘာလဲ ” လို့ မည်ပါသတဲ့…

ဘလော့ရွာရဲ့ ပုံပြင်ဆရာ သူကြီးမင်း ကိုကိုမောင် ကတော့ဖြင့် ဘလော့ဂါဆိုတာ
B=ဘယ်သူတွေ ဘာပြောပြော
L=လိမ်တာညာတာချည်းဘဲ
O=အိုတယ်ပျိုတယ် ဆိုပြီးတော့
G=ဂျစ်ကန်ကန်နဲ့
G=ဂျီကျရုံလောက်သာ နားလည်ပြီး
E=အီစီကလီလုပ်ဖို့နှင့်
R=အာကြ ညာကြဖို့ဘဲ သိတဲ့သူတွေ
လို့ ခေါ်ကြောင်း ထမင်းထဲကို ထမင်းမြှုပ်စားရင်း အဖြေထုတ်ပြထားလေရဲ့။

မင်းဧရာရဲ့ပို့စ်တစ်ခုမှာ တစ်ယောက်ကပေးထားတဲ့ ကွန်မန့်ထဲမှာတော့ သူဟာ ဘလော့ဂါမဟုတ်တဲ့ “ ဘလာကော် ” ပါတဲ့။ ခေါင်းထဲမှာ ဗလာဖြစ်နေပြီး ဖတ်သမျှ၊ မှတ်သမျှကို ကော်ပီလုပ်ပြီး တင်နေတာကြောင့် ခေါင်းဗလာနဲ့ ကော်ပီလုပ်သော ပုဂ္ဂိုလ် “ ဘလာကော်” လို့ခေါ်ကြောင်း ဖွင့်ဆိုပါသတဲ့။

လူသားအားလုံးအတွက်ဆိုတဲ့ ဧရာမေ ကြွးကြော်သံကြီးနဲ့ ကမိုးယံ ကတော့ ဘလော့ဂါဆိုတာ “ ဘလာဂေါ် ” ကို ဆိုလိုပါသတဲ့။ တွဲစရာအဖော်မရှိ၊ ဗလာဖြစ်နေတာကြောင့် မြင်သမျှကို “ ဂေါ် ”ကြသူတွေမို့ အနှီနံမည် တွင်ပါသတဲ့။ အဲသဟာကြောင့် တွဲစရာမပေါ်၊ အသည်းမာတော်မူကြတဲ့ လူပြိုကြီး၊ အပြိုကြီး ( ယရစ်နဲ့ပေါင်းတာ ပိုပြီးပဏာစားသကိုးဗျ ) ဘလော့ရေးသမားတွေကိုသာ “ ဘလာဂေါ် ” ဘလော့ဂါလို့ အမည်သာတွင်ထိုက်၏လို့ သူ့ရဲ့ စူးရောက်လှတဲ့ မဟာရွှေဥာဏ်တော်နဲ့ အဖြေမှန်ပေါ်အောင် ဆင်ခြင်တွေးဆလိုက်တယ်ဆိုကိုး ဘလော့ဂါအပေါင်းတို့ရဲ့။

အနှီသို့သော် မဟာပညာကျော်များရဲ့ အနှာလို့ဖွင့်ဆိုချက်တွေကို ဖတ်ပြီးတဲ့အခါမှာတော့ ဦးဟန်ကြည်တစ်ယောက် သူ့ကိုယ်သူ ဘလော့ဂါမဖြစ်သေးမှန်း အကွင်းအကွင်းနဲ့ မုန့်တီဟင်းလို ထင်းထင်းကြီးမြင်သွားရပေသကိုး။ ဦးဟန်ကြည်တစ်ယောက်မှာတော့  G လဲမကျ၊ E စီကလီလဲ မရိုက်တတ်၊ R တာ ညာတာတွေလည်း မတတ်ပြန်တော့ သူကြီးမင်းပြောတဲ့ ဘလော့ဂါစာရင်းထဲမှာလည်း မထည့်ထိုက်ပြန်၊ ခေါင်းထဲမှာ အပြည့်မဟုတ်တောင် ဟိုနည်းနည်း၊ သည်နည်းနည်းဆိုသလို ရှာမှီး၊ သိုလှောင်ထားဖူးပါတဲ့ ပညာ၊ ဗဟုသုတလေးတွေ မဆိုစလောက်ရှိနေပြန်တော့ “ ဘလာကော် ”လည်း မခေါ်ထိုက်ပြန်၊ ဘေးနားမှာ လက်တွဲဖော်ဥက္ကဋ္ဌ “ အိမ်ရှင်မ ” ကလည်းရှိနေပြန်တာကြောင့် တွဲစရာမရှိတဲ့ “ ဘလာဂေါ် ”လည်း မခေါ်ထိုက်ပြန်တာကြောင့် မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) ပြောဖူးတဲ့ “ ကုန်းကွလူမျိုး” နဲ့ ခပ်ဆင်ဆင်တူတဲ့ တောင်မရောက်မြောက်မရောက် “ ကုန်းကွဘလော့ဂါ ” ဖြစ်နေရှာပါရောလား ချစ်စွာသော စာရှုသူ…

ကုန်းကွဘ၀ကနေ ရုန်းထဖို့ စိတ်အကြံပေါက်၊ ဓိဋ္ဌာန်မြောက်လာပြန်တဲ့ ဦးဟန်ကြည်ခမျာ အထက်က ပုဂ္ဂိုလ်ကြီးများရဲ့ ဝေါဟာရ ဖွင့်ဆိုချက်ထဲမှာ ဘေးထွက်ပစ္စည်းဖြစ်ကျန်ခဲ့ပါတဲ့ သူ့ကိုယ်သူ ဘလော့ဂါစာရင်းထဲ ဇွတ်အတင်းဆွဲသွင်းနိုင်ဖို့ ဘိလပ်စကားလုံးကို မြန်မာဇာတ်အတွင်း အတင်းကာရောသွတ်သွင်းလို့ မြန်မာမှုပြုထားတဲ့ အနှီဘလော့ဂါ Blogger ဆိုတဲ့ ဝေါဟာရဆန်းကြီးကို  ကိုယ်ကြိုက်သလိုအနက်ဖွင့်ပြီး ကိုယ်ထင်သလို တစ်ကြောင်းစွဲဘာသာပြန်လို့ ဟောသလို အဓိပ္ပာယ်ထုတ်လိုက်ပါသတဲ့…

ဘလော့ဂါဆိုတာ
ဘလော့ဂ်ပေါ်မှာ စာမရေးရမနေနိုင်တဲ့ ရောဂါရနေတဲ့ လူတန်းစားတွေပါ။
( အနှီလိုဘာသာပြန်လိုက်တော့ ဦးဟန်ကြည်လည်း ဘလော့ဂါစာရင်းဝင်သွားပြီပေါ့…မပိုင်လား)

ဘလော့ဂါရဲ့အဓိပ္ပာယ်ကို သို့ကလို ကိုယ်လိုရာဆွဲပြီး အနက်ပြန်ပြီးနောက်မှာတော့ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့လိုအပ်တဲ့ အချက်တွေကိုလည်း တက်ဂ်ပို့စ်မရှည့်ရှည်အောင် ထုံးစံကို ဗုန်းမှန်လို့ မပျက်စေဘဲ ဆွဲဆန့်တဲ့အနေနဲ့ ဟောသလို တင်ပြလိုက်ပါရစေဦး ချစ်စွာသော စာရှုသူ…

(၁) အဓိကလိုအပ်ချက်
အများသိတော်မူကြတဲ့အတိုင်း ဘလော့ဂါမည်သော ပုဂ္ဂိုလ်ထူး ( မထူးရင်လည်းရူး ) တစ်ယောက်ဖြစ်ဖို့အတွက် အလွန်တရာမက၊ အလွန်တစ်ထောင်လောက် အရေးကြီးလှပါတဲ့ လိုအပ်ချက်က စာရေးချင်တဲ့ ဆန္ဒမဟုတ်ပါလား။ အနှီဆန္ဒကလည်း သာမညောင်ည ဆန္ဒမျိုးနဲ့ မလုံလောက်သေးဘဲ အင်မတိအင်မတန်မှ ပြင်းထန်၊ စူးနစ်၊ ခိုင်မာ၊ မြဲမြံပြီး ခေါင်းထဲမှာပေါ်သမျှ ရေးချရမှကျေနပ်မယ့် မဟာအာသီသ ဆန္ဒမျိုးလည်းဖြစ်ဖို့ လိုပေသေးသကိုး။ အိမ်သာတက်ရင်းက ကဗျာတစ်ပိုင်းတစ်စ ခေါင်းထဲပေါ်လာခဲ့ရင်လည်း ပါခြင်းကိစ္စကို တစ်ဝက်တစ်ပျက်မှာ ဟပ်ဖ်တိုင်းမ် ( halftime ) ပေးလို့ အိမ်သာကနေ အပြင်ထွက်၊ စာရွက်နဲ့ခဲတံ အမြန်ရှာလို့ ပေါ်လာသမျှ ကဗျာစကို ရေးချမိတတ်တဲ့ ဧရာမ စိတ်ဆန္ဒကြီးမျိုး ရှိနေပြီဆိုမှဖြင့် သင့်မှာ ဘလော့ဂါဖြစ်ဖို့ အဓိက လိုအပ်ချက်ကြီးနဲ့ ပြည့်စုံနေပကောလို့ ယူဆနိုင်ချေပါရဲ့ ချစ်စွာသော စာရှုသူ…

(၂) အရေးကြီးလိုအပ်ချက်
အထက်မှာဖော်ပြခဲ့တဲ့ မဟာဆန္ဒမျိုးရှိလာပြီဆိုရင်ဖြင့် စာရေးဆရာတစ်ယောက်ဖြစ်ဖို့ ၀ဋ်ပါလာပြီဆိုပေမင့် ဘလော့ဂါဖြစ်ဖို့အတွက်မှာတော့ မိမိမှီတင်းနေထိုင်ရာ တိုင်းပြည်ဌာနန္တရအပေါ်မှာ လွန်စွာမှ မူတည်နေပြန်ပါရောလား စာရှုသူ။ အကယ်၍သာ သင်ကိုယ်၌က အမေဇုံတောထဲမှာနေထိုင်ကြီးပြင်းပြီး နံငယ်ပိုင်းလေးတစ်ထည်အတွက်သာ အ၀တ်အစားဒုက္ခ ကြောင့်ကြစရာလိုတဲ့ လူသားဖြစ်နေခဲ့ရင်ဖြင့် ဘလော့ဂါဖြစ်ဖို့ အရေးကြီးလိုအပ်ချက်မျိုး ပြည့်စုံဖို့အရေး ဝေလာမှဝေးတာကြောင့် သစ်ခေါက်ပေါ်မှာ သံချွန်နဲ့စာရေးလို့ အပေါင်းအဖော်တစ်စုကို နားဒုက္ခပေးရုံသာ တတ်နိုင်မယ့် စာရေးစာဖတ်သမားဘ၀နဲ့ နိဂုံးချုပ်ရမှာ ရာနှုန်းပြည့်ရုံမက ရာနှုန်းလွန်သေချာနေပြီ မဟုတ်ပါလား။ အနှီလိုမဟုတ်ဘဲ အထိုက်အလျောက် တိုးတက်မှုရှိတဲ့ တိုင်းပြည်တစ်ခုမှာ လူဖြစ်မွေးဖွားခဲ့ရင်တောင်မှ ကိုယ်ရေးသမျှစာနဲ့ သူများကို နှိပ်စက်ဖို့ အင်တာနက်သုံးခ ဖွတ်ကလိဒင်္ဂါး ရှားပါးနေပြန်ရင်လည်း ဘလော့ဂါဖြစ်ဖို့အရေးဟာ သဲထဲသေးပေါက်သလို ရှူးရှူးရှဲရှဲအသံမြည်ရုံကလွဲလို့ အကောင်အထည်ပေါ်ဖို့ ဝေးပြီးနောက် သူကြီးမင်းပြောတဲ့ အိမ်သာနက်ထဲမှာ ဖဲထိုင်ရိုက်ရုံနဲ့တင် ရသေ့စိတ်ဖြေ ကျေနပ်ရတော့မယ် မဟုတ်ပါလား ချစ်စွာသော စာရှုသူ…

(၃) အခြေခံလိုအပ်ချက်
အပေါ်က နှစ်ချက်နဲ့ ပြည့်စုံနေပြီဆိုရင်ဖြင့် ဘလော့ဂါဖြစ်ဖို့အရေး သိပ်မဝေးတော့ဘူးလို့ ယူဆရပေတော့မယ် စာရှုသူ။ သို့ပေငြားလည်း အနောက်နိုင်ငံက သကောင့်သားတွေ အားအားယားယား ထွင်တော်မူထားခဲ့တဲ့ ကွန်ပျူတာဆိုတဲ့ အနှီပစ္စည်းကြီးကို အထိုက်အလျောက်တော့ သုံးတတ်ဖို့လည်း လိုပါသေးရဲ့။ ကွန်ပျူတာကို ချောက်ခနဲဖွင့်လို့ Dota, AOE, Need for speed, PES 2011 စတဲ့ သူများထွင်သမျှ သူခိုးလက်ခံလုပ်ရင်း အလကားရတဲ့ ဂိမ်းပေါင်းများစွာကို မျက်စိညောင်းခံ၊ ဒူလာအစွဲခံလို့ ကစားတတ်ရုံလောက်သာ သုံးတတ်တယ်ဆိုရုံဖြင့် ဘလော့ဂါဖြစ်ဖို့ နီးလျက်နဲ့ဝေးနေပြန်ဦးမယ် မဟုတ်ပါလား။ ဘလော့ဂါဖြစ်ရေးမှာ လွန်ခဲ့တဲ့ သုံးလေးလလောက်က အသံကျယ်ကျယ်ထွက်ပြီး အခုကာလမှာ သူမဟုတ်သလို ငြိမ်ချက်သားကောင်းနေပါတဲ့ ယူနီကုတ်ဆိုတဲ့ မြန်မာစာလုံးလက်ကွက်ကို မသုံးတတ်ရင်တောင် အင်္ဂလိပ်လက်ကွက်ပေါ်မှာ လက်မြှောင်ကပ်ထားပါတဲ့ ဇော်ဂျီဆိုတဲ့ မြန်မာစာဖောင့်ကို ကီးဘုတ်သံ တစ်ဂျောင်းဂျောင်းမည်အောင် မျက်နှာလွှဲ မရိုက်တတ်ရင်တောင် တစ်ချောင်းထိုးနဲ့ပဲဖြစ်ဖြစ် သုံးရက်ကို စာတစ်ကြောင်းနှုန်းနဲ့ပဲဖြစ်ဖြစ် ရိုက်တတ်၊ ရေးတတ်ဖို့လည်း လိုပါသေးရဲ့ ချစ်စွာသော စာရှုသူ…

(၄) အရန်လိုအပ်ချက်
ဆန္ဒ၊ တိုင်းပြည်၊ ဇော်ဂျီတို့ကို လက်ကိုင်ပြု၊ သူများအလကားပေးသမျှ စိတ်တိုင်းကျသုံးရမှ ကျေနပ်တဲ့ ကိုယ့်ရဲ့ပါရမီထူးကို မခြွင်းမချန်အသုံးချပြီး “ ဂူးဂဲ ”ဆိုတဲ့ ခွေးမာန်ဖီသံကို ဘိလပ်ဘာသာစကားနဲ့ Google လို့စာလုံးပေါင်းထားပါတဲ့ အနှီအုပ်စုကြီးက အလကားမတ်တင်းနဲ့ သနားတော်မူတဲ့ ဘလော့စပေါ့ဆိုတဲ့ ဟို့စတင်းဆိုဒ်တစ်ခုမှာ ဖွတ်ကလိဒင်္ဂါး ပြားပြားမှမကုန်ဘဲ လုပ်ယူနိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ချက်နိုင်ပြုတ်နိုင်၊ အခွန်ဆောင်စရာမလိုဘဲ ဖွန်ကြောင်နိုင်ပါတဲ့ “ ဂျီမေးလ် ” အကောင့်တစ်ခုကို အသုံးပြုလို့ သန်ရာသန်ရာ နံမည်တစ်ခုပေးလို့ ဘလော့လေးတစ်ခုဆောက်ဖြစ်သွားပြီဆိုရင်ဖြင့် ဘလော့ဂါမည်ကာမတ္တလေးတစ်ယောက်တော့ ဖြစ်လာချေမှာ သေချာပါပကော စာရှုသူ။

 အနှီလို ဘလော့လေးတစ်ခုဆောက်ဖို့ လိုအပ်တဲ့ နည်းပညာတွေမရှိရင်လည်း စိုးစဉ်းလောက်တောင် စိတ်မပူပါနဲ့လေ။ စာရှုသူကိုယ်၌မှာ အလွန်တရာ ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိ၊ စိတ်လှုပ်ရှားစရာကောင်းလှပါတဲ့ အမေပေးတဲ့နံမည်ပဲဖြစ်ဖြစ်၊ ကိုယ့်ဖာသာ စိတ်ကူးပေါက်ရာပေးထားတဲ့ မိန်းကလေးနံမည်တစ်ခုပဲဖြစ်ဖြစ် ရှိခဲ့ရင် အနှီနည်းပညာအခက်အခဲကြီး ပြေလည်ဖို့ တစ်ဝက်လောက်သေချာပြီလို့ မှတ်သင့်ပါရဲ့။ အနှီလိုမဟုတ်ဘဲ မျက်နှာစာအုပ် ( facebook ) ပေါ်မှာ ကိုယ့်ပုံလှလှလေးတွေကို ( ဖိုတိုရှော့ပ်နဲ့ပြင်လို့ပဲဖြစ်ဖြစ်၊ ငယ်ငယ်တုန်းက ဖောင်းဖောင်းအိအိ လှလှပပ ပုံလေးတွေပဲဖြစ်ဖြစ် ) တင်ထားတဲ့ ကြည်စရာ မဒီကညာလေးဖြစ်နေရင်ဖြင့် အနှီနည်းပညာအခက်အခဲကြီးအတွက် အိပ်မက်ထဲမှာတောင် စိတ်ပူစရာ မလိုပါနဲ့တော့လေ။ မချစ်သော်လည်း အောင့်ကာနမ်း၊ မနမ်းသော်လည်း ပင့်သက်ရှူဆိုတဲ့ ကုဏ္ဍလကေသာ ရဲ့ထုံးကို နှလုံးမူလို့ နည်းပညာရှင် ကိုကိုများထံမှာ ခရာတာတာ၊ ညုတုတု စကားလုံးလေးတွေကို အသားပဲ့ပါမသွားတိုင်း ဂျီတော့မှာ တွင်တွင်သုံးပြီး အကူအညီတောင်းရင်ဖြင့် အနှီသကောင့်သားများက အလကားမတ်တင်း အိမ်ဆောက်ပေးရုံသာမက ပရိဘောဂတွေ ဆီပုံးတွေ၊ ဆန်ပုံးတွေပါ မေတ္တာတော်ဗလပွနဲ့ ထားပေးဦးမှာ သေချာနေပါရဲ့။ ကိုယ်လိုတာရရင်ဖြင့်လည်း အနှီသကောင့်သားများရဲ့ အကောင့်ကို ဘလော့လုပ်လိုက်ရင် သေခန်းပြတ်ကရော မဟုတ်ပါလားလေ။ ( အများရွှင်စေဖို့ ရေးရခြင်းဖြစ်တာမို့ ဦးဟန်ကြည် အကောင်းစားကလေးကို နည်းပညာဆရာသမားများက သနားသည်းခံတော်မူကြစေကြောင်း တောင်းပန်လိုက်ပါရဲ့ )

အကယ်၍များ သင်စာရှုသူက လေးလုံးခြောက်ဖက် ယောက်ျားရင့်မကြီးဖြစ်နေရင်ဖြင့် နံပါတ် ( ၄ ) အရန်လိုအပ်ချက်ကို ယောက်ျားကောင်းတို့ရဲ့ လုံ့လဥဿဟကို ရေကုန်ရေခမ်းသုံးပြီး ကျော်ဖြတ်ဖို့သာ ပြင်ပေရော့လို့ အသိပေးလိုက်ပါရဲ့ ချစ်စွာသော စာရှုသူ…

(၅) သာမညလိုအပ်ချက်
ကိုယ်ပိုင်ဘလော့လေးတစ်ခုကို အထက်ပါအတိုင်း နည်းပေါင်းစုံကို သန်ရာသန်ရာ အသုံးပြုလို့ ဘလော့လေးတစ်ခုပိုင်ပြီဆိုရင်ဖြင့် သာမညလိုအပ်ချက်ဖြစ်တဲ့ ရည်းစားက ငြိုငြင်တာ၊ အိမ်ထောင်ဖက်က မျက်စောင်းထိုးတာ၊ မကြားတကြားတစ်မျိုး၊ ကြားအောင်တစ်မျိုး မေတ္တာပို့တာတွေကို ပြုံးပြုံးကြီးခံရင်း အားလပ်ချိန်တိုင်းမှာ ကိုယ့်ဘလော့နဲ့ကိုယ် ကျေကျေနပ်နပ်ကြီး နေတတ်ဖို့ လေ့ကျင့်ရပါတော့မယ်။ အကယ်၍ အသင်စာရှုသူက ရုံးဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်းတစ်ယောက်ဖြစ်နေရင်လည်း အထက်လူကြီးမသိအောင် အလုပ်ချိန်မှာ ဘလော့ခိုးလည်တာ၊ မိသွားလို့ အဆူခံရရင်လည်း မချိသွားဖြဲမျက်နှာပေးနဲ့ မျက်နှာချိုသွေးတတ်တာတွေကိုလည်း ကျင့်ထားဖို့ လိုပါသေးရဲ့။ အနှာကြောင့် ဒီလိုအပ်ချက်ကို ဖြည့်နိုင်ဖို့ မျက်နှာတစ်ခုလုံးကောင်းကောင်းမြင်နိုင်တဲ့ မှန်တစ်ချပ်ဝယ်ပြီး မျက်နှာပေးကျင့်ဖို့သာ လိုအပ်တာမို့ သာမညလိုအပ်ချက်လို့ အမည်သညာ ခေါ်ပါသတဲ့။ မျက်နှာပေးကျင့်ရင်း မျက်နှာကုန်သွားရင်လည်း ဘလော့ဂါကောင်းဖြစ်ဖို့ ကိုယ့်မျက်နှာကို အရင်းအနှီးလုပ်တယ်လို့ ယူဆပြီး ကိုယ့်ဖာသာ ကျေနပ်နေပေရော့ ချစ်စွာသော စာရှုသူ…

(၆) ဖြည့်စွက်လိုအပ်ချက်
ဘလော့ဂါဖြစ်ဖို့ ထိုက်သင့်တဲ့ လိုအပ်ချက်တွေနဲ့ ပါရမီဖြည့်ပြီးရင်ဖြင့် ဖြည့်စွက်လိုအပ်ချက်အတွက် ပြင်ဆင်ရပါဦးတော့မယ် စာရှုသူ။ ဘလော့ရွာထဲကို ရောက်ခဲ့ပြီဆိုမှဖြင့် တစ်ရက်တစ်ရက်မှာု တက်သမျှ ပို့စ်အသစ်တွေကို အငမ်းမရ ဖတ်နိုင်ဖို့ နေ၀င်တာနဲ့ ခလောတတ်တဲ့ အကျင့်ကို ပြင်ဖို့ လိုလာပါပကောလား။ “ ဘလော့ဂါတို့မည်သည် သန်းခေါင်ကျော်မှ အိပ်ရာဝင်ကြ၏ ” ဆိုတဲ့ ဆိုရိုးစကားကို နှလုံးသွင်းနာယူမှတ်သားပြီး လင်းအားကြီးမှ အိပ်ရာဝင်၊ မိုးစင်စင်လင်းမှ မျက်ချေးပွတ်ပြီး အိပ်ရာထတဲ့ ဦးဟန်ကြည်တို့ရဲ့ ကောင်းမြတ်တဲ့ အကျင့်ထူးကို မလွဲမသွေ လိုက်နာကျင့်သုံးနိုင်ရင်ဖြင့်  ဘလော့ဂါအကောင်းစားတစ်ယောက်ဖြစ်ဖို့ တဖြည်းဖြည်းနီးလာချေပြီလို့ ယူဆရပါတော့မယ်။ ဘလော့ဂါတစ်ယောက်ဖြစ်ဖို့ ကိုယ့်ရဲ့အိပ်ရေးတွေပါ ထပ်ဖြည့်ရင်းနှီးရတာမို့ အနှီလိုအပ်ချက်ကိုတော့ ဖြည့်စွက်လိုအပ်ချက်လို့ ခေါ်ကြောင်း မှတ်သားထားပေရော့ ချစ်စွာသော စာရှုသူ…

(၇) နောက်ဆက်တွဲလိုအပ်ချက်
အထက်မှာဖော်ပြထားတဲ့ လိုအပ်ချက်တွေကို ကောင်းကောင်းဖြည့်ဆည်းပြီး ဘလော့ဂါတစ်ယောက်ဖြစ်သွားပြီဆိုရင်ဖြင့် နောက်ဆက်တွဲ ဒုက္ခတွေကို ရင်ဆိုင်ဖို့ ခါးတောင်းကျိုက်မဖြုတ်စတမ်း မာန်းတင်းပြီး ကီသွင်းထားရပြန်ပါဦးမယ် စာရှုသူ။ အနှီနောက်ဆက်တွဲတွေကတော့ ဘလော့ဂါရဲ့ အလုပ်အကိုင်၊ ပတ်ဝန်းကျင်၊ အမူအကျင့်ပေါ်မူတည်လို့ အမျိုးမျိုးအစားစား ကွဲပြားချင်တိုင်းကွဲပြားနိုင်ပါသေးရဲ့။ ထင်သာမြင်သာရှိတဲ့ နောက်ဆက်တွဲတွေကို ဥာဏ်မီသလောက် ရွေးထုတ်လို့ ကောက်နုတ်ပြရရင်ဖြင့်…

နောက်ဆက်တွဲ ( က )
ဘလော့ဂ်ပို့စ်အသစ်ရေးဖို့ တစ်ယောက်ထဲ ငူငူငိုင်ငိုင်နဲ့ တောင်တွေးမြောက်တွေးလုပ်ရင်း စိတ်ကူးဖဲရိုက်နေလို့ အများက ခပ်ကြောင်ကြောင် ပုဂ္ဂိုလ်ကြီးလို့ သမုတ်ခံရခြင်း။

နောက်ဆက်တွဲ ( ခ )
တစ်ယောက်ယောက်နဲ့ စကားပြောနေရင်းက ဘလော့ဂ်ပို့စ်တစ်ခုရေးဖို့ အတွေးရသွားတတ်တာကြောင့် တစ်ဖက်သားစကားကို အာရုံမရောက်တော့ဘဲ တွေးချင်ရာဆက်တွေးပြီး တစ်ဖက်သားမေးသမျှကိုလည်း အမှားမှားအယွင်းယွင်း ဖြေမိတတ်တာမို့ ပေါင်းသင်းဆက်ဆံရေး အင်မတန်အားနည်းတဲ့ ပုဂ္ဂိုလ်ကြီးလို့ နံမည်တပ်ခံရခြင်း။

နောက်ဆက်တွဲ ( ဂ )
အလုပ်ခွင်မှာ အလုပ်လုပ်နေရင်းက ပို့စ်အသစ်ရေးဖို့ အာရုံရောက်သွားတတ်ပြန်တာကြောင့် အလုပ်ထဲမှာ အမှားအယွင်းများပြီး အထက်လူကြီးရဲ့ အကြိမ်းအမောင်းကို မကြာမကြာခံရခြင်း။ အကယ်၍သာ အနှီဘလော့ဂါက ဘဏ်ဝန်ထမ်းဖြစ်ခဲ့ရင်တော့ ငွေစာရင်းအပေါင်းမှားတိုင်း လစာထဲက စိုက်လျော်ရတာနဲ့တင် လကုန်ရက်မှာ မံမံတူတူပုန်းသွားတာ ခံစားရခြင်း။

နောက်ဆက်တွဲ ( ဃ )
ဘလော့ဂ်ရေးနေရင် စားချိန်သောက်ချိန်ကို သတိမရတော့တာကြောင့် အစာအိမ်ရောဂါဖြစ်တတ်ခြင်း။ ပါဖို့ ပေါက်ဖို့လိုအပ်တဲ့ အချိန်မျိုးမှာတောင် ပို့စ်ရေးပြီးမှ အိမ်သာပြေးမယ်ဆိုတဲ့ အာဇာနည်စိတ်ဓာတ်နဲ့ ဇွဲခတ်ပြီး ကြိုးစားနေတတ်တာကြောင့် ဆီးချုပ်၊ ၀မ်းချုပ်ရောဂါ ခံစားရနိုင်ခြင်း။

နောက်ဆက်တွဲ ( င )
တစ်ညလုံး ဘလော့ဂ်ရေး၊ ဘလော့ဂ်လည်လုပ်၊ တစ်နေ့ခင်းလုံး အိပ်နေဖြစ်တာကြောင့် လူစင်စစ်က ဇီးကွက်ဘ၀ပြောင်းပြီး sleep disorder ဖြစ်သွားတာကြောင့် ပတ်ဝန်းကျင်နဲ့အဆက်ပြတ်ပြီး တစ်ချိန်လုံးလိုလို ရီဝေေ၀နဲ့ မသောက်ရဘဲ မူးနေတတ်ခြင်း။

နောက်ဆက်တွဲ ( စ )
…………………………………………… ကြောင့် ……………………………………………. ခံရခြင်း။

…စသည်စသည်ဖြင့် အမျိုးမျိုးအစားစား မရိုးနိုင်အောင် များတော်မူလိုက်ပါတဲ့ အာဝေနိက ဒုက္ခတွေကို ရဲရဲဝံ့ဝံ့ ပျော်ပျော်ကြီး ရင်ဆိုင်ရဲတဲ့ စိတ်ဓာတ်အင်အားတွေ ထုထည်ကြီးမားစွာနဲ့ ခိုင်ခိုင်ခံ့ခံ ရှိနေပြီဆိုရင်ဖြင့် အသင်စာရှုသူကို ဦးဟန်ကြည်တို့ရဲ့ ဘလော့ရွာက လှိုက်လှဲ ပျူငှာ နွေးထွေး ဖော်ရွေ ချစ်ခင် မြတ်နိုး လေးစား ခင်မင်စွာနဲ့ ဖက်လှဲတကင်း ကြိုဆိုလျှက် ရှိပါကြောင်း ဖိတ်မန္တက ပြုလိုက်ပါရစေလား။

ဘလော့ရွာထဲမှာ ပြုံးတစ်ခါ မဲ့တစ်လှည့်နဲ့ မမောနိုင်မပမ်းနိုင် ကျင်လည်ကျက်စား ( သတိထားပါ၊ ယပင့်နဲ့ ကျက်ထားပါ၏ ) နေကြတဲ့ ချစ်စွာသော ဘလော့ဂါ၊ ဘလော့ဂီ အပေါင်းတို့ကတော့ဖြင့် အထက်ဖော်ပြပါ ( အထက်စာပိုဒ်များတွင် ထည့်သွင်းဖော်ပြထားသောဟု ဆိုလိုပါ၏ ) လိုအပ်ချက်တွေ ပြည့်ရုံသာမက လျှံပင်လျှံနေကြတာမို့ ဘလော့ဂါမည်ကာမတ္တ ဘလော့ဂါပိစိကွေး ဦးဟန်ကြည်က ဦးညွှတ်အရိုအသေပေးရင်း အရပ်ရပ်နေပြည်တော် မေတ္တာမပျက်ယွင်းဖို့ တက်ဂ်ပို့စ်အခန်းဆက်ခြင်းကို ဝေရာမဏိလုပ်လို့ ဒီညကန်မဲ့ ဘရာဇီးနဲ့ ရုရှ သဲသောင်ပြင်ဘောလုံးပွဲ ဗိုလ်လုပွဲကြည့်ဖို့ အငှားနှာခေါင်းနဲ့ အနားတောင်းလိုက်ပါကြောင်း ချစ်စွာသော စာရှုသူ။                      ။

25 comments:

blackroze said...

ဆရာအကိုဟန်ကြည်ရေ..

ဘလော့ဂါဆိုတာကတော့
ဘလော့ဂါပါဘဲ အကိုရေ..
ရေးထားတာလေးကကောင်းပရှင်..

ပထမဆုံးကောမက်ရေးခွင့်ရလို့
ကျေနပ်ကြောင်းပါ..

ခင်တဲ့ jerry pigpig

San San Htun said...

ဦးဟန်ကြည်ကြီး ရေးတတ်ပါပေတယ်..သဘောကျလွန်းလို့  မပြုံးဘဲ ဝါးလုံးကွဲ ရယ်သွားပါကြောင်...

ညီရဲ said...

ဘလော့ဂါ ဆိုတာ စာတစ်ပုဒ် အတွက် အအိပ်ပျက် အစားပျက် အလုပ်ပျက်ခံ ကြတဲ့ သူတွေပေါ့...

လင့်လေး ယူသွားပါတယ်...

Angelhlaing(May everybody be happy and healthy! said...

နောက်ဆက်တွဲလေးတွေက အမှန်ပဲ အကိုရေ ..:):) အဲလို အဲလို ..ဘလော့ဂါဆိုတာ :P:P

KMC@ချင်းလေး said...

အဓိကအချက်ကိုတော့နည်းနည်းလန့်တယ်ဆရာ။ဘာပြုလို့လည်းဆိုရရင် အိမ်သာတက်ရင်းကဟက်ဖ်တိုင်းပေးရမည်မှာအကယ်မလွယ်ကူသောကိစ္စ မို့ဖြစ်ပါကြောင်း....မင်္ဂလာပါဆရာရေ.။မှတ်သားသွားပါတယ်ဗျာ....။
သားသားဘလာကော်မဖြစ်ချင်ပါ:P

တောက်ပကြယ်စင် said...

အိမ်သာထဲက နံရံမှာ ဘောလ်ပဲန်ရယ်၊ စာရွက်ကလေးရယ် ချိတ်ထားလိုက်တော့မယ်ဆရာရယ်။ တစ်ဝက်တစ်ပျက်နဲ့ ထနေရတာ အလုပ်ရှုပ်လို့။ ပါလိုက်၊ ပေါ်လာလိုက်၊ ရေးလိုက်လုပ်တော့မယ်။ မပိုင်လား။ ဟိ။

(ပြောသာပြောတာပါဆရာရယ်။ ဘလော့ဂါတစ်ယောက်လည်း မဖြစ်ချင်ပါဘူး။ အဲဒီလောက်ထိ အပင်ပန်းမခံနိုင်လို့။ တကယ်အပင်ပန်းခံနိုင်ပြီး တကယ်ကြိုးစားလိုက်မယ်ဆိုရင် ဘလော့ဂါအကြီး.....ကြီး တစ်ယောက်မဖြစ်နိုင်တောင်မှ ခပ်သေး.........သေးလေးတစ်ယောက်တော့ ဖြစ်နိုင်ကောင်းပါရဲ့နော်)

ဆရာ့စာ ရယ်လည်းရယ်ရတယ်။ ပျော်ပျော်ကြီး ဖတ်သွားကြောင်းပါ ဆရာရေ။

ကျန်းမာပျော်ရွှင်ပါစေနော့...

မေဓာဝီ said...

ရယ်လိုက်ရတာ ဦးဟန်ကြည်ရယ်။ အစအဆုံးကို ရယ်နေရတယ်။
အိမ်သာတက်တာ halftime ပေးဖို့ကတော့ မလွယ်ဘူးထင်တယ်နော်။ အပေါ်က ဘုန်းဘုန်းတောက် ပြောသလို စာရွက်နဲ့ ဘောပန်သာ ချိတ်ထားပေတော့။ တော်ကြာ ကိုယ်ရေးပြီးတဲ့ စာရွက်နဲ့ အိမ်သာသုံးစက္ကူ မှားသုံးမိရင်လဲ ဒုက္ခဆရာရေ ... ။

ဂူးဂဲဆိုတဲ့ ခွေးမာန်ဖီသံတဲ့ ဟီးး တခါမှ မတွေးမိဘူး။ ဟုတ်သားနော် ခွေးမာန်ဖီသံကြီးး :))
Google က ပုဂ္ဂိုလ်ကြီးများသာ ဒီပို့စ်ကို ဘာသာပြန်ဖတ်မိလို့က ထိုင်ငိုချင်သွားမယ်။

ဒီပို့စ်ကို အစအဆုံး ၂ ခေါက် (ကြိုက်တဲ့နေရာမှာ ၃ ခေါက်) လောက်ဖတ်ပြီး တယောက်ထဲ ထိုင်ရယ်နေရတယ်။ ဒီခေါင်းစဉ်နဲ့ ရေးသမျှ တဂ်ပို့စ်တွေထဲမှာ ဒီပို့စ်ကို သဘောအကျဆုံးပဲ။ :)

ချယ်ရီမြေ said...

ဖတ်ရတာ အတော်စိမ်ရှိတယ်လို့ပဲပြောလိုက်ချင်။ နောက်ဆက်တွဲ တင်ပြချက်တွေကို ပိုသဘောကျမိပါတယ်... ဦးဟန်ကြည်က `ဘလာဂေါ်လဲမဟုတ်ပါဘူး၊ ဘလော်ဂီလဲ မဟုတ်ပါဘူးလေ` ဘလော့ဂါပါ...

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

ကိုဇော် said...

ဟားဟားဟား . . . .
အထုပ်တွေ ဖော်ကုန်ပါရောလားဗျို့ . . .
သဘောကျသဗျာ။

သူကြီးမင်း (တုံးဖလား) said...

သဘောချင်း နှောလိုက်လေ ဦးသူတော်..အဲလေ.. ဆရာဟန်ကြည်။
သူကြီးမင်းလဲ ဘုရားရှိခိုးရင်းနဲ့ ဣတိပိ သော ဘဂ၀ါ အစား ဣတိပိ သော ဘလော့ဂါ ဆိုပြီး ဖြစ်မသွားရုံတမယ်ပါဘဲ။ ဘလော့အကြောင်း စဉ်းစားပြီး ဘုရား ဦးတိုက်နေတာကိုး။ မေတ္တသုတ်တို့ဆို အလွတ်ရပြီးသားဆိုတော့ ပါးစပ်ကတော့ အော်တို ရွတ်သွားတာဘဲ။ ဒါပေမဲ့ စိတ်က ဘယ်လိုပို့စ်မျိုးတင်ရင်ကောင်းမလား စဉ်းစားနေရတာဆိုတော့ တစ်ခါတစ်လေ ဘာတွေ ဘယ်လို ရွတ်မိမှန်းကို မသိပါဘူး။ နောက်ပြီး မင်္ဂလသုတ်၊ ဓဇဂ္ဂသုတ်၊ ဓမ္မစကြာ၊ အနတ္တလက္ခသုတ်တွေရဲ့ နိဒါန်းတွေဆို ရောကုန်ရော။

ဒါနဲ့ စကားမစပ်။ ဆရာဟန်ကြည်က ချက် တော်တော်ကြိုက်ပုံရတယ်နော့။ ချက်ကြီး ၇ချက် တွေ့ရသကိုးဗျ။

စာဖတ်ရင်းနဲ့ ကလေးဘ၀တုန်းက ဇာတ်ပွဲတွေ ကြည့်ရတာ အမှတ်ရမိသေး။ အော်ပရာတို့ ပြဇာတ်တို့ ထွက်ခါနီးဆို ဥပမာ "နဂါးလေးပြန်လာပြီဆိုတဲ့ အော်ပရာဇာတ်ထုတ်ကလေးကို ရှုစားကြပါစို့ ပွဲချစ်သူ"ဆိုပြီး လိုက်ကာ မ လိုက်၊ တစ်ခန်းပြီး လိုက်ကာကို ပြန်ချလိုက်နဲ့လေ။ အခုလဲ ဆရာဟန်ကြည့်စာ ဖတ်ရင်း စိတ်ထဲ လိုက်ကာတွေ ၇ခါကျော် ချမိတယ်။

သူကြီးမင်းတို့ကတော့ အိမ်တွင်း မင်းမဟာဂီရိ.. အဲလေ.. အိမ်တွင်းဘုရင်သခင်မဖုရား မရှိလေတော့ တော်သေးသပ။ နို့မို့ဆို အဲဒီ ရူးပေါပေါ အလုပ်တွေနဲ့ မဖုရားနဲ့ ဘယ်သူ့ကို ရွေးမလဲဆိုနေမှ အရွေးရခက်နေဦးမှာ မြင်ယောင်နေမိသေးတယ်။ ဆရာဟန်ကြည်လဲ အရိပ်အကဲကြည့်ပြီး ဟိုဘက်က ဟိတ်ငပြဲ(မျက်လုံး)ဆိုရင် ထိတ်ကနဲ ဖြစ်နေမှာ မြင်ယောင်မိသေးတော့။

မန်လည်ဆရာတော်ဘုရားကြီးကတော့ လဘက်ရည်ဘွဲ့တေးထပ် အဆုံးပိုဒ်မှာ..
"ကရားတစ်လုံးနဲ့ မခြားသုံးပါလျှင် မယားမုန်းခါ ကွာတတ်ချေရဲ့လေး"… တဲ့။
ဆရာဟန်ကြည်လဲ… "ဘလအစုပ်နဲ့… ညည အလုပ်ရှုပ်လျှင်.. နှမငုတ်တုတ် ငိုတတ်ချည်ရဲ့လေး".. တွေ ဖြစ်နေပါဦးမယ်။း))
အိပ်ရာတော့ မှန်မှန်ဝင်ဦး ဆရာရေ။
တော်ကြာ….
ဟဲ ဟဲ… အိပ်ရေးတွေ ပျက်နေပါဦးမယ်။း)))

ခင်မင်လျှက်

ကိုရင် said...

သူက သဲသောင်ပြင်ပါ မလွတ်ဘူးဆိုတော့
ငါ့ထက် ဆရာကျသွားပြီပဲ..ဒါကြောင့်လည်း ဆရာ(ဦး)ဟန်ကြည် ဖြစ်နေတာကိုး..

ဘလော့ဂါဆိုတာ စာမရေးရရင် ရောဂါတတ်နေ သူတွေ ဖြစ်တယ်..ဆိုးပါ့..ဆိုးပါ့

စကားမစပ်..
သဲသောင်ပြင်က ပြီးပြီလား..ဘယ်သူရသွားပြီလဲဆရာ..
ရုရှားပဲ ယူထားလိုက်ပြီလား.

နေကောင်းပါစေ..ဆရာရေ..

နေ၀သန် said...

ဘရာဇီးနဲ့ရှရှကို မနက်စောစော မျောက်စိနှစ်လုံးမပွင့်ခင် ဖုန်းထဲက ဖေ့စ်ဘွတ်ကိုဖွင့်လိုက်ကတည်းက ဘွားကနဲဆို ဆရာဦးဟန်ကြည်ရဲ့ ကျေကျေနပ်နပ်အသံကြီးကို မြင်လိုက်ရတာ.. :D... ဘလော့်ဂါဆိုတာ ဘာလဲတဲ့လား.. တက်စားတွေ စားနေရပြန်ပပေါ့... :D

ခင်မင်လျက်
နေ၀သန်

Anonymous said...

ဆရာ ရေ

ဆရာ ရဲ့ ဘလောဂ်ဂါ ပို့လေး ကို ပျော်ပျော်ရွှင်ရွှင် ဖတ်သွားပါတယ် ဒါနဲ့ sleeping disorder ဖြစ်နေလို့ မသောက်ရဘဲ ရီဝေဝေ ဖြစ်နေတာ မကောင်းဘူးလားဟင် (ပိုက်ပိုက် မကုန်တော့ဘူးပေါ့)

ဒါနဲ့ ဆရာက ဘလောဂ့် ထဲ မှာဘဲ ကျက်စား တယ်ဆိုတော့ အပြင်မှာ ကြက်မစားဘူး ထင်လို့ မန်းလေး လာရင် ကြက် မကျွေးတော့ဘူးနော်

မန်းလေး တခေါက်လောက် လာလည်ပါအုန်း ဆရာရဲ့ ဆေးကျောင်းဝန်းကျင် က အများကြီးပြောင်းလဲ နေပြီ

ခင်မင်စွာဖြင့်
ရွှေစင်ဦး

Cameron said...

ဘလော့ဂါထဲမှာ စာအရှည်ဆုံးရေးနိုင်တာဆရာပဲ...ချီးကျူးပါတယ်..။

Candy said...

Tag post လေးလာဖတ်တာ... ဆရာဦးဟန်ကြည်ရေးသွားတာ အရမ်းဖတ်လို့ကောင်းတယ်နော်... မြန်မာစာဆရာလားဟင်... ရေးပုံရေးဟန်တွေက သိသာလို့.. အရမ်း Pro ဆန်တယ်... :D

An Asian Tour Operator said...

ဆရာဟန့် စာကိုဖတ် လိုက်၊ ကွန်မန့် တွေဖတ်လိုက်၊ တစ်ယောက် တည်းမော်နီတာကြည့် ပြီး ပြုံးလိုက်။

ချော(အစိမ်းရောင်လွင်ပြင်) said...

လူစင်စင်စစ်က ဇီးကွက်က ဖြစ်နေတာ ကြာပေါ့ဆရာ
မှန်လို့ ပြုံးစိစိနဲ့ ဖတ်နေတာ။
ဒါနဲ့ ဆရာဟန်ရော ညနက်သန်းကောင်ဘလော့လည်နေတာ မဟေသီက ဗိုက်ကြောခနခနဆွဲမလိမ်ဘူးလား
အဆွဲခံပြီးများ ဘလောဂ့်ဂင်းနေတာလား ဆရာ
ဟိဟိ..
မသောက်ဘဲ မူးခွင့်ရတာ အတော်ကုသိုလ်ထူးတာနော် ဆရာ.. ကျွန်မလဲ မူးနေလို့ ပြန်လိုက်ပါဦးမယ်း)

Maung Myo said...

နောက်ဆက်တွဲ ခ ကို ကြိုက်တယ်း)))


တိုက်ဆိုင်လွန်းလို့ ။

ညိမ်းနိုင် said...

အဓိကလိုအပ်ချက်၊အရေးကြီးလိုအပ်ချက်၊အခြေခံလိုအပ်
ချက်၊အရန်လိုအပ်ချက်၊သာမညလိုအပ်ချက်၊ဖြည့်စွက်လို
အပ်ချက်၊နောက်ဆက်တွဲလိုအပ်ချက်...၊အနှီးလိုအပ်ချက်
အားလုံးနဲ့ပြီးပြည့်စုံနေသော ရောဂါသည်တစ်ယောက်
လာရောက်လို့ တစ်ပြုံးပြုံးနဲ့ ဖတ်သွားတယ်ဆရာကြည်ရေ၊
ဘလော့ဂါမှန်ရင် သန်းခေါင်ကျော်မှအိပ်တယ်ဆိုတာက
တော့ အမှန်တကာ့အမှန်ဆုံးပဲ....:)

ချစ်သူမောင် said...

ကျေးဇူးတင်ပါတယ်ဦးဟန်ကြည် မနက်တည်းကဖုန်းထဲမှာဖွင့်ဖတ်ပြီးအားမရလို့နောက်တစ်ခေါက်ပြန်ပြီးလာကွန်မန့်ရေးတာပါ

သူကြီးမင်းရေးထားတဲ့
" နို့မို့ဆို အဲဒီ ရူးပေါပေါ အလုပ်တွေနဲ့ မဖုရားနဲ့ ဘယ်သူ့ကို ရွေးမလဲဆိုနေမှ အရွေးရခက်နေဦးမှာ မြင်ယောင်နေမိသေးတယ်။"
အဲဒီလိုကိစ္စဆိုမခက်ဘူးမဟုတ်လားဆရာဦးဟန်ကြည်ရေ
မင်းကိုချစ်နေသမျှငါဘလော့နေဦးမယ်လို့ဖြေမယ်လေ
သဘောတူတယ်မဟုတ်လားဆရာ.....ကျွန်တော့မယားကတော့မရွေးခိုင်းပါဘူးဘလော့နဲ့သူ့ကိုဘယ်သူ့ပိုချစ်လဲသူသိပါတယ်(ဘလော့ကိုဆိုတာ)အဲတာကြောင့်ပို့စ်တင်တာညဖက်တွေများပါတယ်..........ရေးချင်တာသာရေးခဲ့ပါလို့မှာထားတော့ရေးချင်ရာတွေပါရေးသွားတယ်

ခင်မင်လေးစားလျှက်
ချစ်သူမောင်

မင်းဧရာ said...

ဆရာ့ ရဲ့ ပို့စ် တက်လာတာကို
မနက်ကတည်းက သိတယ်ဆရာ
အလုပ်ကို တန်းပြေးရတာမို့ ဖတ်ချိန်မရတာ
အလုပ်ကပြန်လာပြီးမှ ဖတ်လိုက်တော့
ရယ်လိုက်ရတာ တကယ်ပဲ ဆရာက
အမှန်တွေကြည့် ရေးသွားတာကိုး
ဘလောက်ဒ် လည်ရင်းပတ်ရင်း မျက်တွင်းတွေကလည်း
နက်နက်လာတယ် တော်တော်ဆိုးတဲ့ ရောဂါ ပေါ့ဆရာ
(၂ )အရေးကြီးလိုအပ်ချက် ကျွန်တော်တော့ ရွာပြန်မှ ခက်တော့မယ်။

Unknown said...

ဆရာရေ့..အဆင်းအနံမပါပေမယ့် ဖတ်လိုက်ရတာ
အရသာ ရှီလိုက်တာ... အောက်ဆုံးက သဲသောင်ပြင်
ဘောပွဲတွေမှ ငယ်ငယ်ကဆော့ကစားခဲ့တဲ့
ရွှံဗွက်ရည် ဘောပွဲပါသွား
သတိရလိုက်မီတယ် ..;p;p;p
..
(ဒုတိယ)

မောင်သီဟ said...

အမ်မလေးလို့သြချလောက်ရဲ့ ဆြာဟန်ရေ
ရေးပုံဆန်း ဟာသမြန်းပြီး ဘဝင်ခွေ့စေသမို့
မောင်ဘကြိုင်ရွှေရင်ရွှင်ရပါကြောင်း

တဂ်အသံကြောက် တက်ချင်တဲ့ မောင်ဘကြိုင်လည်း ဟိုမရောက်ဒီမရောက် ကုန်းကွဘလော့ဂါပေမယ့် မနေသာ တဂ်ပို့စ်တင်တော့မှာမို့ လမ်းကြုံအားရင်ရှုလှည့်ဦး ဆြာဟန်


ကုန်းကွဘလော့ဂါမောင်ဘကြိုင်

မေသိမ့်သိမ့် ကျော် said...

ဦးဟန်ကြည်ရေ

(အသင်စာရှုသူက ရုံးဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း တစ်ယောက် ဖြစ်နေရင်လည်း အထက်လူကြီး မသိအောင် အလုပ်ချိန်မှာ ဘလော့ခိုးလည်တာ၊ မိသွားလို့ အဆူခံရရင်လည်း မချိသွားဖြဲမျက်နှာပေးနဲ့ မျက်နှာချိုသွေးတတ်တာတွေကိုလည်း ကျင့်ထားဖို့ လိုပါသေးရဲ့.... )

ဒီစာသားတွေက တည့်တည့်ကြီးထိသွားတယ်။ ဟဲဟဲ
ဘလော့ဂင်နေတုန်း မိတာများလှပြီ။း)

ခင်တဲ့
မေသိမ့်

Lorem Ipsum said...

Happy Blog Day ပါဦးဟန်ကြည်ရယ်း)))

ခင်မင်လျက်
ဆုမြတ်

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger