Friday 23 September 2011

ဧရာကမ်းက လွမ်းစာခွေ . . .

ဧရာကမ်းက နေ၀င်ချိန် . . .
 
“ ဧရာဝတီဟာ သမိုင်းရဲ့သက်သေပဲ… ”
ခပ်ငယ်ငယ်ကတည်းက စွဲလမ်းခဲ့တဲ့ ညီထွဋ်နဲ့ သီချင်းတစ်ပုဒ်ပါ။ ကိုခင်ဝမ်းရဲ့
“ တည်ငြိမ်တဲ့သူ့ရဲ့ရေအလျင် ရင့်ကျက်တဲ့ရေပြင် မဟာသဘာဝအရှင်…ဧရာဝတီ…ဧရာဝတီ… ”
ဆိုတဲ့သီချင်းကိုလည်း ရင်ထဲစွဲခဲ့ပြန်ပါတယ်။
“ ရာဇ၀င်များရဲ့သတို့သမီး…ဧရာဝတီ… ” လို့ ကိုငှက်ကဆိုပြန်တော့လည်း ကြည်ကြည်နူးနူးသိမ်သိမ်မွေ့မွေ့ ခံစားခဲ့ရပြန်ပါရဲ့။ မှန်ပါတယ်။

ဧရာဝတီဟာ မြန်မာပြည်ရဲ့သမိုင်းပါ။

မြန်မာပြည်ရဲ့ ပြယုဂ်ပါ။

မြန်မာပြည်ရဲ့ အသက်သွေးကြောပါ။

မြန်မာလူမျိုးတို့ရဲ့ အားထားမြတ်နိုးရာ အမွေစစ်စစ်ပါ။

မြန်မာ့သွေးကြောပါ။

မြန်မာပြည်ရဲ့ ဆန်အိုးကို အဓိက ဖြည့်ပေးနေတဲ့ ကျေးဇူးရှင်ပါ။

သမိုင်းမတင်မီ ရှေးနှစ်ပေါင်းများစွာကစလို့ မြန်မာလူမျိုးရယ်လို့ဖြစ်လာကြမယ့် လူမျိုးတွေနဲ့ ကျန်တဲ့တိုင်းရင်းသားဖြစ်လာမယ့်လူမျိုးတွေဟာ ဘ၀ရပ်တည်မှုအတွက် အာမခံချက်အကောင်းဆုံးပေးနိုင်တဲ့ ဧရာဝတီလို့ အမည်တွင်လာမယ့် မြစ်ကြီးတစ်စင်းရဲ့ မြစ်ဝှမ်းလွင်ပြင်ဒေသတွေမှာ သူ့ထက်ငါ အလုအယက် အခြေချနေထိုင်ခဲ့ကြပါတယ်။ သမိုင်းဦးဘုံမြေခေတ်ရဲ့ထုံးတမ်းစဉ်လာအရ အင်အားချင်းယှဉ်ပြိုင်ကြရင်း အားနည်းတဲ့လူမျိုးစုက တောင်တန်းတွေဘက်ကို ဆုတ်ခွာသွားကြရတာမို့ မြေပြန့်သား၊ တောင်ပေါ်သားရယ်လို့ ကွဲပြားကုန်ကြပြီး ဧရာဝတီနဲ့ ဝေးတဲ့တိုင်းရင်းသားစုက ဝေးသွားခဲ့ကြပေမယ့် လူမျိုးစုတိုင်းရဲ့ ဗီဇစတင်ရာဒေသဟာ ဧရာဝတီပဲဖြစ်ပါတယ်။ ဧရာဝတီဟာ မျိုးနွယ်စုအားလုံးရဲ့ ဇာစ်မြစ်ပါ။

“ မြန်မာအစ တကောင်းက ”ဆိုတဲ့ဆိုရိုးနဲ့ ထင်ရှားခဲ့တဲ့ မြန်မာတို့ရဲ့ ဇာတိမြေ တကောင်းမြို့ဟာလည်း ဒီဘက်ခေတ် သပိတ်ကျင်းမြို့နယ်မှာပါဝင်ပြီး ဧရာဝတီမြစ်ကမ်းပေါ်မှာ တည်ထားတဲ့မြို့ပဲဖြစ်ပါတယ်။ မြန်မာ့သမိုင်းတစ်လျှောက်ကို ပြန်ကြည့်ရင်လည်း ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ ကုန်းဘောင် စတဲ့ ခေတ်ခြောက်ခေတ်လုံးရဲ့ မြို့တော်တွေဟာ ဧရာဝတီမြစ်ကမ်းပေါ်မှာ တည်ထားခဲ့တာပါ။ ပဒေသရာဇ် သက်ဦးဆံပိုင်ဘုရင်တွေကိုယ်၌ကတောင် ဧရာဝတီရဲ့ စွမ်းဆောင်နိုင်မှုနဲ့ အင်အားကို လျစ်လျူမရှုရဲအောင် အလေးတယူပြုခဲ့ရတာလည်း သမိုင်းရဲ့သက်သေတစ်ခုပါ။

ပုဂံကမ်းက လွမ်းဧရာ . . .
 
ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းစတဲ့ မြန်မာပြည်ရဲ့ အထင်ကရ မြစ်ကြီးလေးသွယ်ထဲမှာ ဧရာဝတီဟာ သဘောထားအပြည့်ဝဆုံးနဲ့ တည်ငြိမ်မှုအရှိဆုံး နောင်တော်မြစ်ကြီးလို့ တင်စားရင်လည်း မှားမယ်မထင်ပါ။ တငြိမ့်ငြိမ့်စီးဆင်းနေတဲ့ ဧရာဝတီရဲ့ရေအလျဉ်၊ ကျယ်ပြန့်တဲ့ မြစ်ဝှမ်းလွင်ပြင်၊ မြစ်ဝတစ်လျှောက်ပို့ချထားတဲ့ မြေနုနုံးမြေတွေဟာ မြန်မာပြည်ကို အသက်ရှင်သန်ခွင့်၊ ကမ္ဘာ့မြေပုံပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ခွင့်ပေးနေတဲ့ ကျေးဇူးရှင်လည်း ဖြစ်ပါတယ်။ ဆန်ရေစပါးစိုက်ပျိုးဖို့လိုအပ်တဲ့ရေ၊ ကူးသန်းရောင်းဝယ်ရေးအတွက် လိုအပ်တဲ့ ရေကြောင်းလမ်းစတဲ့ တိုင်းပြည်ရှင်သန်ဖို့ လူမျိုးစုတွေ အသက်ဆက်ဖို့ လိုအပ်တဲ့ တိုင်းပြည့်ဝမ်းစာတွေကို မငြီးမငြူ ဖြည့်ဆည်းပေးနေခဲ့တာလည်း ဧရာဝတီပဲ ဖြစ်ပါရဲ့။ အထက်မြန်မာပြည်နဲ့ ရခိုင်ရိုးမမှာ ပေါက်ရောက်တဲ့ မြန်မာ့ရတနာ ကျွန်းသစ်တွေကို ပင်လယ်ဝအထိ သယ်ယူပို့ဆောင်ပြီး တိုင်းပြည့်ဘဏ္ဍာတိုက်ကို ဖွံ့ဖြိုးစေခဲ့တာလည်း ဧရာဝတီပဲ ဖြစ်ပါတော့တယ်။

အဲဒီလောက် အကျိုးကျေးဇူးတွေ ပေးနိုင်စွမ်းတဲ့ မြစ်ကြီးတစ်မြစ်ကို အရှည်တည်တံ့အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ “ ၀ံသာနုရက္ခိတတရား ” လို့ခေါ်တဲ့ မျိုးနွယ်စုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းလို့ မည်ပါတယ်။ ဂင်္ဂါမြစ်ကို ပူဇော်ပသကြတဲ့ သူရဿတီမြစ်ကို ကိုးကွယ်ကြတဲ့ ဟိန္ဒူလူမျိုးတွေထက် မလျော့တဲ့ ချစ်ခြင်းမေတ္တာမျိုး၊ မြတ်နိုးမှုမျိုးနဲ့ စောင့်ရှောက်ရမှာ မြန်မာပြည်သားတိုင်းရဲ့ သမိုင်းပေးတာဝန်လို့ဆိုရရင် မှားမယ်မထင်ပါ။ တကယ်တော့ မြန်မာပြည်ဟာ ဧရာဝတီကြောင့် ထမင်းနပ်မှန်အောင် စားနေရတာ မဟုတ်ပါလား။

တကယ်လို့သာ ဧရာဝတီသာ သစ္စာဖောက်ခဲ့ရင် မြန်မာပြည်ရဲ့ဆန်အိုး တစ်စစီကွဲကြေပါလိမ့်မယ်။ မြန်မာပြည်သားတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေ ပျက်စီဆုံးရှုံးရပါလိမ့်မယ်။ ဧရာဝတီကပေးနေတဲ့ ထောက်ပံ့မှုတွေသာ လုံလောက်အောင်မရတော့ရင် မြန်မာပြည်သူပြည်သားအားလုံး ဒုက္ခဆင်းရဲပေါင်းများစွာနဲ့ တွေ့ကြုံရမှာ မြေကြီးလက်ခတ်မလွဲပါ။ အထူးသဖြင့် ဧရာဝတီကို မှီခိုပြီး လုပ်ကိုင်စားသောက်နေရတဲ့ အခြေခံလူတန်းစား လယ်သမား၊ ယာသမားတွေ အငတ်ဘေးနဲ့ အရင်ကြုံရပါလိမ့်မယ်။ သူဌေးစက်လှေတစ်စင်းမှောက်ရုံနဲ့ ထမင်းစားမပျက်ပေမယ့် သူတောင်းစားခွက်ပျောက်ရင်တော့ ငတ်ဖို့သေချာနေပါပြီ။ ဧရာဝတီပျက်စီးသွားရင် အရင်ဆုံးဒုက္ခရောက်ကြမယ့် သာမန်ပြည်သူတွေရဲ့ ဘ၀တွေကို စာနာနားလည်ပေးနိုင်ကြရင် ဧရာဝတီဟာ မြန်မာပြည်ကြီးနဲ့အတူ ဆက်လက်ရှင်သန်ခွင့်ရပါလိမ့်မယ်။ ဒါကြောင့် လူသားတွေကြောင့် ပျက်စီးရတဲ့ သဘာဝပတ်ဝန်းကျင်က လူသားတွေကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်တာကို မခံကြစေဖို့ ဧရာဝတီအပေါ်မှာ မြန်မာပြည်သားအားလုံး သစ္စာရှိမှ ဖြစ်ပါလိမ့်မယ်။ ဧရာဝတီကတော့ အရင်သစ္စာဖောက်မှာမဟုတ်တာ သေချာတာထက်တောင် ပိုနေပါသေးရဲ့။

တကယ်လို့သာ ဧရာဝတီပျက်စီးတိမ်ကောသွားခဲ့ရင်…

ဧရာဝတီရဲ့ တည်ငြိမ်ညင်သာတဲ့ ရေစီးသံတွေကို မကြားရတော့ရင်…

ဧရာဝတီကရတဲ့ မြေနုကျွန်းတွေကို မမြင်ရတော့ရင်…

ဧရာဝတီကပေးတဲ့ စိုက်ပျိုးဖို့ ရေတွေမရတော့ရင်…

မြန်မာပြည်သူပြည်သားပေါင်း ၆၅ သန်းကျော်ရဲ့ မျက်ရည်စက်တွေနဲ့ သွန်းလောင်းဖြည့်သွင်းတာတောင်မှ ဧရာဝတီ ပြန်လည်နိုးထ အသက်ဝင်ပါဦးမလား။ မျက်ရည်တွေနဲ့ စီးဆင်းမယ့် မျက်ရည်မြစ်၊ ဧရာဝတီဟာ အတိတ်သမိုင်းထဲကလို လှမြဲလှနိုင်ပါဦးမလား။ ရာဇ၀င်ထဲက သတို့သမီးဟာ အနာဂတ်ရဲ့ မျက်ရည်မင်းသမီးဖြစ်သွားခဲ့ရင်…

ဖြစ်သွားခဲ့ရင်…

ဖြစ်သွားခဲ့ရင်…

“ ဓမ္မောဟဝေ၊ ရက္ခတိ၊ ဓမ္မစာရီ ”
( တရားကို စောင့်ရှောက်သူအား၊ တရားက ပြန်လည်စောင့်ရှောက်၏ )
မြန်မာပြည်အပေါ်မှာ သစ္စာရှိခဲ့တဲ့ ချစ်သောဧရာဝတီ မိမိနဲ့ထိုက်တန်တဲ့ သစ္စာတရားတွေ အတုံ့အလှည်ပြန်လည်ရရှိပြီး စီးဆင်းမြဲစီးဆင်း၊ လှမြဲလှနိုင်ပါစေသတည်း။

24 comments:

Cameron said...

မြစ်ဆုံစီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်...။

ဧရာဝတီကိုချစ်တဲ့
မိုးငွေ့

seesein said...

မြစ်ဆုံး မှာ စိုးကြောက်လို့
မြစ်ဆုံ မှာ ဆည်ဆောက်ဖို့
ထာဝရ ကန့်ကွက်ပါတယ်...
အမိဧရာ ထာဝရ ရှင်သန်စီးဆင်းဖို့
ဆရာရေ
သတို့သမီးလေးးကို မျက်ရည်မင်းသမီး မဖြစ်စေဖို့....
ပြည်သူတွေ အတိဒုက္ခရောက်စေမယ့်စီမံကိန်း ကို အကြွင်းမဲ့ ကန့်ကွက်ပါတယ်

ခင်မင်စွာဖြင့်
seesein

SHWE ZIN U said...

အမျိုးမပျောက်အောင်
ဧရာဝတီ ဆည်တည်ဆောက်ရေး ကို ကန့်ကွက်ကြစို့

ကျေးဇူးဆရာ
ရွှေစင်ဦး

Anonymous said...

မြစ်ဆုံရေကာတာ စီမံကိန်း ကိုကြွင်းမရှိ ကန့်ကွက်ပါတယ်။

ဒို့ ပြည်သူ ညီစေ
ဧရာဝတီ ကိုတည်စေ
ဧရာဝတီ ရှင်သန်နေရမည်
ဧရာဝတီ စီးဆင်းနေရမည်။

ကိုရင် said...

ရာဇ၀င်ထဲက သတို့သမီး..ရာဇ၀င်ထဲမှာပဲ မကျန်ခဲ့ပါစေနဲ့..ခေတ်အဆက်ဆက်ရဲ့ သတို့သမီးဖြစ်ပါစေ ဆရာဟန်ရေ

ကိုအောင်(ပျူနိုင်ငံ) said...

မြစ်ဆုံရေကာတာ တည်ဆောက်မှုကို ထပ်တူထပ်မျှ ကန့်ကွက်ပါတယ် ဦးဟန်ကြည်ရေ၊ ဧရာဝတီမြစ်ကြီး အဓွန့်ရှည် စီးဆင်းပါစေ ...

မအိမ်သူ said...

နဒီမဟာ မြစ်ဧရာကို မျက်ရည်မြစ်အဖြစ်တော့ မကြွင်းရစ်စေလိုပါ ဆရာရေ...

မေသိမ့်သိမ့် ကျော် said...

ဧရာဝတီ ပျက်သုန်းမယ့် ဘယ်အဖြစ်အပျက်ကိုမှ မလိုလားပါ။

nandasara.ashin said...

ရင်နှင့်အမျှ ခံစားရပါတယ် ဆရာရေ့။ မလုပ်ကြပါနဲ့၊ မလုပ်ကြပါစေနဲ့။ ဧရာဝတီမြစ်ကြီး လှပမြဲ လှပပါစေ၊ စီးဆင်းမြဲ စီးဆင်းပါစေဗျာ။

PhyoPhyo said...

မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။
ဧရာဝတီ အမြဲ ရှင်သန်ပါစေ။

blackroze said...

ဆရာအကိုဟန်ကြည်ရေ
ထပ်တူထပ်မျှပါဘဲရှင်..

“ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝကန့်ကွက်ပါသည်။”

စံပယ်ချို said...

ဆရာရေးတာအားလုံးမှန်နေလို့ထောက်ခံပါတယ်
ပြောဖို့တောင်မလိုတော့သလိုပါပဲ...
ဧရာဝတီကိုကာကွယ်ဖို့ပြည်သူအားလုံးမှာ
တာဝန်ရှိကြပါတယ်....
မြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါတယ်။

သူကြီးမင်း (တုံးဖလား) said...

အနာဂါတ်အရေးမို့ ကန့်ကွက်ပါသည်။ ဆရာဟန်ကြည်နည်းတူ ဧရာဝတီကို ချစ်ပါသည်။ အားလုံးလဲ ချစ်ကြမည်ဟု ယုံကြည်ပါသည်။

သူကြီးမင်း

ချော(အစိမ်းရောင်လွင်ပြင်) said...

မြစ်ဆုံစီမံကိန်းကိုကြည့်ပြီး ပိုက်ဆံသက်သက်အတွက် ကိုယ့်နှလုံး၊ ကျောက်ကပ်ကို ပြန်ရောင်းစားနေကြသူတွေနဲ့ တူနေပြီလို့တွေးမိတယ်။
တစ်ချိန်မှာ ကိုယ့်အတွက် အန္တရာယ်ရှိနိုင်မှန်းသိပေမဲ့ ငွေကိုသာ အာသာငမ်းငမ်းလိုချင်နေတော့ အတင်းကို ထိုးရောင်းနေသလိုပါဘဲ။ တိုင်းပြည်ဆင်းရဲပုံများ ကိုယ့်မြေကိုယ့်ရေကိုတောင် ဖဲ့ပြီးရောင်းစားနေရတယ်။ သူများနိုင်ငံတွေကြားမှာေ ဒီအကြောင်းပြောကြရင် ရှက်မိတယ်။ ဝမ်းနည်းမိတယ်။

အဖြူရောင်နတ်သမီး said...

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို အကြွင်းမဲ့ ကန့်ကွက်ပါသည်။

San San Htun said...

မြစ်ဆုံစီမံကိန်းကို အကြွင်းမဲ့ ကန့် ကွက်ပါသည်။ ဧရာဝတီ အဓွန့် ရှည် တည်တံ့ပါစေ။

mstint said...

နိုင်ငံသားများအားလုံး ချစ်ခင်မြတ်နိုး တွယ်တာတဲ့ 'မြစ်ဧရာ' ထာဝရအေးချမ်းစွာဖြင့်စီးဆင်းနိုင်ပါစေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်သူမောင် said...

သူတောင်းစားခွက်ပျောက်တာကစတာဦးဟန်ကြည်ရဲ့
ကျွန်တော်တို့နိုင်ငံမှာအားလုံးပါတ်သက်ယှက်နွယ်နေတယ်
လေ...ဥပမာ- ဧရာဝတီတိုင်းစီးပွားရေးမကောင်းယင် ရန်ကုန်တိုင်းလည်းစီးပွားမကောင်းတော့တာပဲချက်ချင်း
မသိသာပေမယ့် တဖြည်းဖြည်းမှသိသာလာတယ်
နာဂစ်ဖြစ်ညပီးစအခြေနေကိုသာကြည့်ပါဗျာ ရန်ကုန်
တဖြည်းဖြည်းနဲ့စီးပွားရေးယုတ်လျော့လာတဲ့အဖြေ
ကိုတွေ့ရမယ်
ဘာပြဲဖစ်ဖြစ်ပါဧရာဝတီထာဝရအဓွန့်ရှည်တည်တံခိုင်မြဲ
ပါစေလို့စိတ်ရည်သန်လျှက်

ခင်မင်တဲ့
ချစ်သူမောင်

rose of sharon said...

ဧရာဝတီမြစ်ဆုံဆည်စီမံကိန်းကို အကြွင်းမဲ့ကန့်ကွက်ပါသည်

ညိမ်းနိုင် said...

မှန်ပါ့ဆရာရာ......ကိုယ့်အမျိုးအနွယ်စုများ ရှင်သန်ရာဟော
ဒီဧရာဝတီကို သူရို့ ဖျက်ဆီားကတော့မယ်လေ...။
ကျွန်တော်တို့တတ်နိုင်သလောက် တားဆီးကြပါစို့
ဆရာရေ....။

မောင်သီဟ said...

သာဂရဘက်ရောက်နေလို့ အခုမှလာဖတ်ဖြစ်တယ်ဆြာကြည်း)
ကျွန်တော်မောင်ဘကြိုင်လည်း လုံးဝကန့်ကွက်ပါတယ်ဗျာ

ahphyulay said...

အင်း..
ခက်နေတာက ကျွန်တော်တို့ ကသာ
လူလူသူသူ ခံစားပြီးတော့  ရေးနေ ဖွဲ့ နေ
ရတာပါ၊ သူတို့ က လူလို သူလိုမှ ခံစား
တတ်ရဲ့ လားမသိ။
အော်တော့  အော်ကြရတာပေါ့ ဗျာ၊
အမျိုးသားရေးဆိုတော့ လဲ..။
ဒီကိစ္စမှာ သူတို့ ထဲက အကျိုးအမြတ်
ရာခိုင်နှုန်း ခံစားပြီးတဲ့ သူတွေလည်း
ရှိနေတော့  ...။
ဆုတောင်းတယ်ဗျာ..။
အရေးတော်ပုံ ...
အောင်ပါစေလို့  ..။

မြစ်ကျိုးအင်း said...

မြန်မာတနိင်ငံလုံးရဲ့ ဂုဏ်ယူဖွယ် မြစ်ကြီးတစ်စင်း အရေးအတွက် ပြည်သူပြည်သားတွေအားလုံး ရတက်မအေးကြပါဘူး။

ဧရာဝတီ မြစ်ဆုံဆည် စီမံကိန်းကို လုံးဝ ကန့်ကွက်ပါတယ်။

new.theory said...

သက်ရှီသတ္တ၀ါတွေအတွက် သနားဂရုနာသက်မိလို့
မျက်ရည်ဝဲခဲ့တာ..ရှီကြပေမယ့်..
အခုတော့ သက်မဲ့အရာ တစ်ခုအတွက်..
မျက်ရည်လည်ခဲ့ရပြီ ဆရာ..
ဧရာဝတီ..ထာဝရ စီးစင်းနိုင်ပါစေ..

ခင်မင်လေးစားလျှက်
(ဒုတိယ)

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger