Monday 19 September 2011

save U Han Kyi . . .

နည်းပညာနဲ့ပတ်သက်ရင် ကြီးကောင်ကြီးမား အရွယ်ရောက်မှ အင်တာနက်ဆိုတဲ့ ပုဂ္ဂိုလ်ထူးကြီးနဲ့ နဖူးတွေ့၊ ဒူးတွေ့ တွေ့ရပါတဲ့ ဦးဟန်ကြည်ခမျာ တစ်ခါတစ်ခါမှာ နှစ်ဆယ့်တစ်ရာစုတောသားဖြစ်နေရှာတဲ့ သူ့ကိုယ်သူ မကြာခဏဆိုသလို အားမလိုအားမရ ဖြစ်ရရှာပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ကလည်း တိုးတက်ချင်စိတ် ပြင်းပြင်းထန်ထန်ရှိသလို ကိုယ့်တပည့်တွေကိုလည်း တိုးတက်စေချင်စိတ်တွေ အနန္တရှိနေပြန်တာကြောင့် တတ်သလောက်၊ မှတ်သလောက် နည်းပညာအကူအညီနဲ့ သင်ကြားမှု၊ သင်ယူမှုတွေကို အဆင်ပြေပြေနဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေမိပြန်ပါတော့တယ်။ ပတ်ဝန်းကျင်ကလည်း နည်းပညာပစ္စည်းတွေ ပေါပေါများများ ရနိုင်တဲ့ ဒေသဖြစ်ပေမယ့် ပညာရှင်အင်မတန်ရှားပါးနေပြန်တာကြောင့် ဘယ်အရာမဆို ကိုယ်ထူကိုယ်ထစနစ်နဲ့ တပင်တပန်းကြိုးစားရ၊ ရှာရဖွေရပြန်တာကြောင့် တစ်ခါတစ်ရံမှာ မလိုအပ်ဘဲ အချိန်ကုန်၊ လူပင်ပန်းဖြစ်ပြီး ရည်ရွယ်ချက် မအောင်မမြင် ဖြစ်ရရှာပါရဲ့။

ကျောင်းသားတွေအတွက် သင်ထောက်ကူ စာအုပ်တွေ၊ သင်ရိုးညွှန်းတန်းစာအုပ်တွေ၊ မေးခွန်ဟောင်းစာအုပ်တွေကို ကျကျနနနဲ့ လှလှပပ ထုတ်ပေးနိုင်ဖို့ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံကမှ မက်မက်စက်စက် မသုံးတော့သလို ထုတ်လုပ်တဲ့ကုမ္ပဏီကိုယ်၌ကပါ လျစ်လျူရှုလိုက်ပြီဖြစ်တဲ့ Page maker ဆော့ဖ်ဝဲကို ကျွမ်းကျင်ပိုင်နိုင်အောင် ကိုယ်ထူကိုယ်ထစံနစ်နဲ့ လေ့ကျင့်ခဲ့တာမို့ အဆင်ပြေပေမယ့် coral draw, illustrator စတာတွေနဲ့ မနီးစပ်သေးတာကြောင့် သိပ္ပံစမ်းသပ်ချက်တွေအတွက် ပုံတွေကို ဦးဟန်ကြည်တစ်ယောက် မဆွဲတတ်ရှာတော့ပါ။ အဲဒီအခါမျိုးမှာတော့ ပြဌာန်းစာအုပ်ထဲက ပုံတွေကို scan ဖတ်ပြီး page maker ထဲမှာ ကူးထည့်လို့ မဖြစ်ဖြစ်အောင် ဖန်တီးယူရတော့တာမို့ လိုအပ်တာထက် ပိုအချိန်ကုန်၊ ပိုပင်ပန်းရရှာပါတော့တယ်။ သင်ခန်းစာတွေကို ရှင်းပြရာမှာ word diagram တွေသုံးပြီး projector နဲ့ရှင်းပြချင်ပေမယ့်လည်း power point ကို အခုထိ ကောင်းကောင်းမကျွမ်းကျင်သေးတာကြောင့် အကောင်အထည်မဖော်နိုင်သေးဘဲ ပညာရေးသမိုင်းအစကတည်းက ကျင့်သုံးခဲ့ရတဲ့ ရိုးရာနည်းအတိုင်း white board ပေါ်မှာ marker နဲ့ဆွဲပြီးရှင်းပြရင်း အဖိုးတန်လှတဲ့ စာသင်ချိန်တွေကို ဖြုန်းတီးပစ်နေရရှာပါတော့တယ်။

လွန်ခဲ့တဲ့ တစ်လကျော်လောက်က science teacher helper ဆိုတဲ့ ဆော့ဖ်ဝဲလေးတစ်ခု အင်တာနက်ကနေ အချောင်ရလာတာမို့ သိပ္ပံပုံတွေကို အဆင်ပြေပြေဆွဲလို့ ရသွားပြီး အပျော်ကြီးပျော်နေခဲ့တဲ့ ဦးဟန်ကြည်ကို ကံကြမ္မာက မျက်နှာသာ မပေးတာကြောင့် တကယ်လိုအပ်လို့ သုံးမယ့်အချိန်မှာ Trial limit ပြည့်သွားပြီး မြင်သာမြင်ရ၊ မကြင်ရမောင့်မှာ ဘ၀နဲ့ ယူကြုံးမရ၊ အပူလုံးကြွရရှာပါလေရောလား။

ဘာပဲလိုလို အင်တာနက်ပေါ်မှာ အားလုံးရှိတယ်လို့ ခံယူထားမိတာမို့ ကိုယ့်ဒုက္ခနဲ့ကိုယ် ဗျာများပြီး  လွန်ခဲ့တဲ့ တစ်ပတ်လုံးလုံး ပညာရေးနဲ့ပတ်သက်တဲ့ သင်ထောက်ကူ ဆော့ဖ်ဝဲတွေကို လိုတရအင်တာနက်ရွာထဲမှာ ခေါင်းအနောက်ခံ၊ မျက်စိအညောင်းခံပြီး မတတ်တတတ်နဲ့ မွှေနှောက်ရှာဖွေနေမိတာကြောင့် ဘလော့ပေါ်မှာလည်းစာမရေးဖြစ်သလို မိတ်ဆွေတွေရေးတဲ့ ပို့စ်အသစ်တိုင်းကိုလည်း မဖတ်ဖြစ်ဘဲ ရှိနေခဲ့ပါတော့တယ်။ ရှိစုမဲ့စု ကွန်နက်ရှင်လေးကို အကောင်းဆုံးအသုံးချပြီး “ စိတ်ရှည်သည်းခံ၊ နည်းလမ်းမှန်၊ သုံးရန်အင်တာနက် ” ဆိုတဲ့ ဆောင်ပုဒ်ကို အပြည့်အ၀လိုက်နာရင်း ဆော့ဖ်ဝဲပေါင်းများစွာကို တပင်တပန်းရှာခဲ့ဖွေခဲ့ပေမယ့် အထက်မှာပြောခဲ့သလို နှစ်ဆယ့်တစ်ရာစုတောသားဖြစ်နေခြင်းကြောင့် စိတ်တိုင်းကျဆော့ဖ်ဝဲကို စိတ်ကြိုက်သုံးခွင့်မရရှာသေးပါ။

အင်တာနက်ပေါ်မှာ ဘာဆော့ဖ်ဝဲကိုပဲရှာရှာ Google မှာ free ဆိုတဲ့ စာလုံးတစ်လုံးကို လက်စွဲသုံးပြီး ရှာလေ့ရှိတဲ့ လူမွဲတိုင်းပြည်က လူမမွဲတမွဲပညာတတ်တစ်ယောက်ဖြစ်တာမို့ ဆော့ဖ်ဝဲတော်တော်များများကိုတော့ ဖရိတ်ကြီး၊ ဖရီးကြိတ်ခွင့်ရပေမယ့် နည်းပညာဆရာသမားများကလည်း သူရို့ရဲ့ပညာကို ကြော်ငြာရုံရည်ရွယ်ချက်နဲ့ သူရို့ပစ္စည်းကို ရက်အကန့်အသတ်နဲ့ပဲ သုံးခွင့်ပေးတာကြောင့် ဦးဟန်ကြည်ခမျာမှာ ဆော့ဖ်ဝဲကောင်းတွေကို မ၀ရေစာ မြည်းရုံစမ်းရုံနဲ့တင် အာသာမပြေ့ပြေဖြစ်ရရှာတာကို နည်းနည်းလေးမှ မကျေနပ်နိုင်ပါ။ ပညာရှင်တွေရဲ့ ဦးဏှောက်အရင်းအမြစ်တွေကို လေးစားသမှုနဲ့ သူရို့ထွင်ထားတဲ့ ဆော့ဖ်ဝဲတွေကို ၀ယ်သုံးချင်ပေမယ့် e Government ဆိုတဲ့စံနစ်ကြီးကို ဒီဘက်ကာလပိုင်းရောက်မှ အပူတပြင်းအကောင်အထည်ဖို့ကြိုးစားနေတဲ့ တိုင်းပြည်သားတစ်ယောက်ဖြစ်တာမို့ pay pal တို့ Visa တို့နဲ့ငွေရှင်းပြီးမှ ၀ယ်လို့ရမယ့် ဆော့ဖ်ဝဲတွေကို ၀ယ်ရေးခက်နေပါတော့တယ်။

အဲဒီလို အခက်အခဲပေါင်းများစွာ ရှိနေခဲ့တာမို့ ပညာရှင်တွေ ရက်အကန့်အသတ်နဲ့ ပေးထားတဲ့ ဆော့ဖ်ဝဲတွေကို ရက်အကန့်အသက်မဲ့သုံးခွင့်ရနိုင်ဖို့အရေး အဲဒီဆော့ဖ်ဝဲတွေရဲ့ crack တွေ serial number တွေကို crack site, serial site ပေါင်းများစွာမှာ ခေါင်းမူးအောင် ရှာရဖွေရပါတော့တယ်။ ဒါပေမယ့် ကိုယ့်မှာရှိတဲ့ ဆော့ဖ်ဝဲ version နဲ့ အဲဒီဆိုဒ်တွေကရနိုင်တဲ့ version နဲ့ မတူတဲ့အခါမှာတော့ ဒုက္ခနဲ့လှလှတွေ့ရပြန်ပါရောလား။ တစ်ခါတစ်ရံမှာ အဲဒီလို ရှာရဖွေရတာနဲ့တင် အချိန်တစ်ပတ်လောက်ကုန်သွားတာမို့ လုပ်ရမယ့်လုပ်ငန်းတာဝန်တွေ လစ်ဟင်းကုန်ပါတော့တယ်။

ဒါကြောင့် သင်ထောက်ကူ ဆော့ဖ်ဝဲတွေကို ဘယ်ဆိုဒ်တွေမှာ အလွယ်တကူ မေတ္တာလက်ဆောင် ရနိုင်သလဲဆိုတာနဲ့ သူတို့အတွက် serial တွေ crack တွေ keygen တွေကို ဘယ်နေရာမှာ သက်တောင့်သက်သာရနိုင်သလဲဆိုတာကို သနားသောအားဖြင့် လမ်းညွှန်ပေးကြဖို့ အွန်လိုင်းပေါ်မှာ ဦးဟန်ကြည်ထက် ကျင်လည်သက် ပိုပြီးရင့်ကြတဲ့ ချစ်စွာသော စာရှုသူအပေါင်းတို့ကို လေးစားသမှုနဲ့ အကူအညီတစ်ခုတောင်းပါရစေတော့။ တကယ်လို့များ easy grade-book, science teacher helper စတဲ့သင်ထောက်ကူ ဆော့ဖ်ဝဲတွေရဲ့ full version  တွေကို စရိတ်စကမကုန်ဘဲ ရနိုင်ခဲ့ရင်လည်း ကျောင်းသားတွေအတွက် အကောင်းဆုံးတွေပေးချင်ပါတဲ့ ဦးဟန်ကြည်အတွက် အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကားဖြစ်ပါလိမ့်မယ်ဆိုတဲ့အကြောင်း “ ပညာရှာရာတွင် အရှက်အကြောက်ကို ဘေးဖယ်ထားရမည် ” ဆိုတဲ့ လယ်တီပဏ္ဍိတဦးမောင်ကြီးရဲ့ ဆိုဆုံးမစကားကို အပြည့်အ၀လိုက်နာရင်း လေးစားအားနာစွာနဲ့  Save U Han Kyi လို့ မေတ္တာရပ်ခံလိုက်ပါရစေလား…။                      

19 comments:

KMC@ချင်းလေး said...

မင်္ဂလာပါဆရာ...။ကျနော်ကသိပ်နားမလည်ပေမယ့်ဆရာ့ကို Crackပြီးသားတွေရောတခြားဆော့ဝဲတွေပါအစုံတင်ပြပေးတတ် တဲ့ဆိုဒ်http://www.nayminmaung.info/ကိုညွှန်ပြ
ချင်ပါတယ်။ကိုယ်တိုင်Crackမယ်ဆိုရင်ရှာရ၊ဖွေရ၊ပြန်စီစစ်ရဆိုတော့
ဆရာ့အချိန်တွေပုပ်တာပေါ့ဆရာ။ဆရာနဲ့အသုံးသိပ်တည့်မယ့်ဆိုဒ်
ဟုတ်မဟုတ်တော့မသိဘူး။ကျနော်တို့နဲ့တော့အဆင်ပြေတဲ့ဆိုဒ်
ကောင်းလေးမို့လမ်းညွှန်မိတာပါ။လိုတာချက်ချင်းမရှာတွေ့ရင်လည်း
မှာခဲ့လို့ရပါတယ်ဆရာ။စုံတာတော့တော်တော်လေးစုံပါတယ်ဗျာ။
မှားတာရှိရင်ခွင့်လွှတ်ပါ။လေးစားစွာဖြင့်(KMC)

မအိမ်သူ said...

ဆရာရေ အွန်လိုင်းမှာတော့ ပညာရေးနဲ့ပတ်သက်တာ ဖရီးရတဲ့ဟာတွေ အတော်များများရှိပါတယ်။ ဒါပေမယ့် မအိမ်သူသိတာက Cambridge IGCSE British Curriculum နဲ့ဆိုင်တာတွေပဲ သိတာများတယ်။ အဲဒါတွေကျတော့ အင်္ဂလန်ဆိုက် အတော်များများက create လုပ်ပြီးသား free worksheet တွေရတတ်တယ်။ နောက်ထပ် ဖရီးရနိုင်တဲ့ဆိုက်တွေကတော့ သြစတေးလျဆိုက်တွေရှိတယ်။ လိုချင်တဲ့ ဘာသာရပ်အလိုက်ပေါ့။ မြန်မာလိုကျတော့ ကိုယ့်ဟာကိုယ်ပြန် create လုပ်ရတာဆိုတော့ ဆရာလိုချင်တာနဲ့ ကိုက်မယ်လို့မထင်ဘူး။ ရှာတော့ရှာကြည့်ပေးမယ်ဆရာရေ။ ဆရာ့ requirements တွေကို အသေအချာသိရရင် ရှာလို့ပိုအဆင်ပြေမယ်ထင်တယ်။ ဘာသာရပ်အလိုက်ပေါ့။ သချာင်္မှာ ဘာလုပ်ချင်တာ သိပ္ပံမှာ ဘယ်ပုံဆွဲချင်တာဆိုတာမျိုးပေါ့။ အဲလို တခုချင်းစီ ဘာသာရပ်တွေနဲ့ရှာရင် ဖရီးရနိုင်တဲ့ ဆော့ဖ်ဝဲအသေးလေးတွေရှိတတ်တယ်။

PhyoPhyo said...

ဆရာရေ
ဆရာ့မေးလ်ကိုတော့ ကျွန်မရှာတွေ့တဲ့ဖိုင်လေးတွေ ပို့ထားတယ်။ send6 ကနေပို့ထားတယ်ဆရာ။
ဆရာတို့ ဘယ်ကနေ ဖိုင်ဆိုက်ကြီးတာဆွဲချလို့ရလည်းပြောပြပါဦးရှင့်။
medirefire ရလားလည်း သေချာမသိလို့ပါ။
ဆရာ့နဲ့ ကလေးတွေအစဉ်ပြေပါစေ။

blackroze said...

ဆရာအကိုရေ
ပစ်ပစ်ကိုယ်တိုင်ကလည်း
အဲလိုနည်းပညာရှင်မဟုတ်တော့
ဘယ်လိုကူညီပေးရမှန်းကိုမသိတော့ဘူး
အရင်ကသိခဲ့တဲ့ နည်းပညာကျွမ်းတဲ့
ခင်ရတဲ့သူငယ်ချင်းတွေကလည်း
မာစတာတွေပြီးလို့သီးစစ်ဖတ်ပြီး
ပြည်တော်ပြန်ကုန်ကြပြီ..
ကဲ..ဘိုလုပ်ရပါ့မလဲနော်
ဆရာရဲ့ကျောင်းသားတွေအပေါ်ထားတဲ့
စေတနာကြောင့်အမြန်ဆုံးအဆင်ပြေမှာပါနော်..

ခင်တဲ့ jerry pigpig

နေ၀သန် said...

အမြန်ဆုံးရပါစေဗျာ...း))

ခင်မင်လျက်
နေ၀သန်

မဒမ်ကိုး said...

မဒိုးကန်ကတော့ဆေ့တတ်ဘူး ဆြာကြည်..
ဆွဲပဲဆွဲတတ်တယ်
ခုတောင် ထမင်းဆွဲနေတယ် ဆွဲပါဦးခင်ညား)

(အလဂါးချတာ ..လိုက်ရှာပေးပါ့မယ် ကိုရင့်ကိုပြောမယ်နော် )

မဒိုးကန်

Unknown said...

ဆရာရေ ကျွန်တော်လည်း ထနည်း၎င်းကောင်း ပါပဲ
ရွာမှာနွားကြိမ်လုံးကိုလာတဲ့ကောင်က အခုမှ
ကီးဘုတ်ကိုင်နေရတာဆိုတော့..ဟီးး.
ဒါပေမယ့်ဆရာ..ကျွန်တော် တွေ့ဘူးခဲ့တဲ့ဟာလေးတော့
ရှီတယ်..ဆရာအသုံးတည့်မလားတော့မသိဘူး..
အများကြီးပဲမို့ မေလ်းကပဲ ပို့လိုက်ပါ့မယ်.

လေးစား ခင်မင် လျှက်
(ဒုတိယ)

ညိမ်းနိုင် said...

တိဝူး....ပြောတတ်ဘူး...၊ဒါပေမယ့် သယ်ရင်းတစ်ယောက်
ရှိတယ်..ဂနေ့ညမေးကြည့်ပေးမယ်နော် ဆရာ....။

တောက်ပကြယ်စင် said...

အင့် ဆရာရေ ကူညီချင်ပါတယ်။ တကယ်ပါ။ အဲဒါတွေ မသိ၊ လုပ်လည်း မလုပ်တတ်လေတော့ ဘယ်လိုကူညီရမှန်းတောင် သိဘူး။ ပစ်ပစ်ဂျယ်ရီပြောသလိုပါပဲ ကျောင်းသားအပေါ်မှာ ထားရှိတဲ့ ဆရာ့ရဲ့ဖြူစင်သန့်ရှင်းတဲ့ သံယောဇဉ်တွေ၊ ချည်နှောင်မှုတွေကြောင့် အချိန်တိုအတောအတွင်းမှာ အဆင်ပြေမှာပါ ဆရာရေ။ ဆရာနဲ့တကွ ဆရာ့ကျောင်းသားများအားလုံး ကျန်းမာပျော်ရွှင်လျက် အနာဂတ်ခရီးကို ဆက်နိုင်ကြပါစေသတည်း။

Anonymous said...

ဆရာ ရေ

သိပ္ပံပုံ တွေ အတွက်တော့ Microsoft Word ထဲက drawing tool bar ကတော်တော် ကောင်းတယ် ဆရာ

တခြား drawing software တွေ အများကြီး ရှိပေမဲ့ Power point နဲ့ ဆက်သွယ် ပြီး presentation လုပ်ဖို့ ရာ ပုံ ထဲ့ ဘို့ ဘာဘို့က word နဲ့ ဘဲဆွဲ တာ တော်တော် အဆင်ပြေတယ်
ဆရာ လွယ် လည်း လွယ်တယ်

word ပြောင်းသုံးကြည့် ပါလား အဲဒီထဲမှာဘဲ drawing tool bar နဲ့ဘဲ ဆွဲကြည့်ပါအုန်း

ခင်မင်စွာဖြင့်
ရွှေစင်ဦး

စံပယ်ချို said...

ဆရာရေ
ကူညီချင်ပေမယ့် ဘာမှမသိတဲ့လူကဆရာတစ်ယောက်ကို
ဆရာပြန်လုပ်သလိုဖြစ်နေမှာပေါ့....
jas ကိုတော့အိမ်က လူလေးကလုပ်ပေးတာပါ
သူလဲဟိုဟာရှာဖတ်ဒီဟာရှာဖတ်ပါပဲ.....
သိပ္ပံနဲ့ပတ်သက်တာကတော့အမရွှေစင်ပြောသလိုပါပဲ
Microsoft Word ထဲက drawing tool bar က ကောင်းတယ် ဆရာ၊
jas computer စာရင်းကိုင်တက်တော့ဆရာတစ်ယောက်ပြောပြထားလို့ပါ
ခင်မင်တဲ့ jasmine

San San Htun said...

တပည့်တွေအပေါ်ထားရှိတဲ့ ဆရာကြည့်  စေတနာကို လေးစားမိပါတယ်...

မင်းဧရာ said...

ဆရာ့ စေတနာကို လေးစားလွန်းလို့ ကူညီချင်ပေမယ့်
ကျွန်တော် ကိုယ်တိုင်ကလည်း ဆရာ သိတဲ့အတိုင်းပဲဗျာ
ကို နေ၀သန် ပြောသလို အမြန်ရပါစေ လို့သာ ဆုတောင်းလိုက်ပါရစေ။

ချစ်သူမောင် said...

ရေးရယင်တော့ဦးဟန်ကြည်ရေ
power point သုံးနည်းစာအုပ်သာရှာဖတ်ပါဗျာ
ပရိုဂျက်တာနဲ့သင်ပိုမိုရှင်းလင်းလွယ်ကူအောင်
ဆိုယင်မြန်မာပြန်ထားတဲ့စာအုပ်ဝယ်ပို့ပေးပါ့မယ်
လိပ်စာသာပေးဗျာ (ဆရာလုပ်မိပြီလားမသိ)
တစ်ကယ်ပြောတာမှာချင်ယင်ကျွန်တောကဖေ့ဘွတ်ကနေလိပ်စာသာပို့လိုက်ဗျာဝယ်ပို့ပေးလိုက်မယ်

ခင်မင်လျှက်
ချစ်သူမောင်

သူကြီးမင်း (တုံးဖလား) said...

ဆရာဟန်ကြည်ရယ်..
သူကြီးမင်းကို ရင်ပတ် လက်သီးဆုပ်နဲ့ ထုပြီး အားကိုးစမ်းပါ။ ဟာ ဟ။း))

ဆရာဟန်ကြည်သုံးနေတဲ့ ဆော့ဖ်ဝဲ ထရိုင်ရယ်နဲ့က ယူ့စ်တူ ဖြစ်နေပြီ မဟုတ်လား။ အဲဒီဆော့ဖ်ဝဲလေးနဲ့ အဆင်ပြေမယ်ဆိုရင် အဲဒီဆော့ဖ်ဝဲရှိတဲ့ လင့်ခ်ကိုသာ ပေးခဲ့ပါဗျာ။ သူကြီးမင်း အင်အားနဲ့ မျှရင် ရှာကြံပြီး ပေးပယ် (သို့) ဗီဇာနဲ့ ဖြိုခွင်းပေးလိုက်ပါ့မယ်။ ဒါပေမဲ့ သူကြီးမင်းက သိပ္ပံပညာနဲ့ ပတ်သက်ရင်တော့ မင်္ဂလသုတ်ထဲက ဗဟုဿစ္စဉ္စ သိပ္ပဉ္စ နှင့် လောကနီတိထဲက အလသဿ ကုတော သိပ္ပံ ဆိုတဲ့ စာလုံးလေးတွေနဲ့သာ ရင်းနှီးကျွမ်းဝင်ရှိလေယောင်တကား။း))

သို့ကလိုကြောင့် ဆရာဟန်ကြည်တို့ ဆရာတပည့်အဆင်ပြေပြီး ပြုံးရွှင်နေတာကို မြင်ချင်စမ်းပါဘိ။

အရေးကြီးတာကတော့ ဆရာဟန်ကြည့် ဘလော့ပေါ် ပို့်စ် မပြတ်စေရေးပေါ့။း))))

ခင်မင်လျှက်
တုံးဖလားသူကြီးမင်း

ချော(အစိမ်းရောင်လွင်ပြင်) said...

ကျောင်းသားတွေအတွက်စေတနာထားတဲ့ ဆရာ့စိတ်ဓာတ်ကိုလေးစားပါတယ်။
ကိုယ်တိုင်က ဘာမှ မသိပေမဲ့ အမြန်ဆုံး အဆင်ပြေပါစေလို့လည်း ဆုတောင်းပါတယ်နော်။

Anonymous said...

ကဲ ကူနိုင်သူ ကူကြပါကုန်လော့
မနိုင်သူမကြပါကုန်လော့
မောင်ဘကြိုင်ကတော့ အဖြစ်မရှိသူမို့
ဘဝတူပါ ဆြာဟန်ကြည်ရယ်လို့ပဲ ပြောခဲ့ပြီဗျားး)
အဆင်ပြေလာမှာပါ


မောင်ဘကြိုင်

ဟန်ကြည် said...

ကိုယ်ပိုင်အလုပ်ချိန်တွေနဲ့ မအားလပ်ကြတဲ့ကြားက အခုလို တကူးတက ကူညီကြတဲ့ မိတ်ဆွေတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်...ကျောင်းသားတွေရဲ့ ပညာရေးနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်ဖို့အတွက် သဲတစ်ပွင့်ဖြစ်တဲ့ ဦးဟန်ကြည်ဘက်က အတတ်နိုင်ဆုံး ကြိုးစားသွားမယ်လို့ လေးလေးနက်နက် ကတိပေးပါရစေ...

ZawMyintHtoo said...

First of all, my information may be late because I read your post now but I would like to tell you about your post what you want.
www.nyinaymin.org website can help you for your problem and you can download any software.

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger