ဦးဟန်ကြည်တို့ ရွှေပြည်ကြီး
အင်မတိ အင်မတန်မှ တိုးတက်နေလိုက်တာ အံ့ချီးပင့်သက်ရှိုက်လောက်ပါရဲ့။
ဒီမိုကရေစီစံနစ်ကို ထူထောင်ပဟေ့ဆိုကတည်းက ဗြုန်းခနဲ ဒိုင်းခနဲနေအောင် ပက်ပက်စက်စက်နဲ့ ၀က်ဝက်ကွဲအောင် တိုးတက်သွားလိုက်တာ ပြောမကုန် ကြုံဖူးမှ သိကြပါလိမ့်မယ်။ သတင်းစာတွေ၊ ဂျာနယ်တွေထဲမှာ ဖတ်ရတဲ့ တိုးတက်မှုတွေကလည်း ဟောတစ်မျိုး၊ ဟောတစ်မျိုးနဲ့ မရိုးနိုင်အောင် ဖြစ်ရပါတယ်။
ပထမဦးဆုံး သတိထားမိတာကတော့ ရန်ကုန်က မြို့ပတ်ရထားရဲ့ တိုးတက်မှုပါ။ ရန်ကုန်သားမဟုတ်တဲ့ ဦးဟန်ကြည်က မြို့ပတ်ရထား မစီးဖူးပေမယ့် အရင့်အရင် ခေတ်တွေတုန်းက ရထားစီးခက ကျပ်ငွေဆယ်ဂဏန်းဝန်းကျင်ပဲ ရှိမှန်းတော့ ကြားဖူးနားဝရှိပါတယ်။ လွှတ်ဟေ့ဆိုကတည်းက ၀ှီးခနဲမြည်အောင် ထိုးတက်သွားတဲ့ ရထားခက အခုဆိုရင် ကျပ်ငွေ၂၀၀ ကျော်သွားပါရောလား။ ဒါပေမယ့် “ မမ ” လို့ အတိုကောက်ခေါ်ကြတဲ့ မြန်မာ့မီးရထားက တာဝန်ရှိဆရာသမားများက ရှင်းပြတော့လည်း ယုတ္တိယုတ္တာရှိတာမို့ ဦးဟန်ကြည်တစ်ယောက် သဘောတွေ့ မနောခွေ့နေမိပါသေးတယ်။ သူ့အပြောက အရင်ခေတ်တွေတုန်းက အစိုးရက အရှုံးခံပြီး ရထားဆွဲပေးနေရပါသတဲ့။ ဒါကြောင့်လည်း ရထားတွေကို ဘာမှတိုးတက်အောင် လုပ်မပေးနိုင်ခဲ့တာမို့ ပြင်၊ထိန်း စရိတ်တွေရလာအောင် အခုလိုမျိုး လက်မှတ်ခ ဈေးတင်လိုက်ပါသတဲ့။ ဒါလည်း မှန်ပေသကိုး။ ဒီလောက်နှစ်ပေါင်းများစွာကြာအောင် အရှုံးခံပြီး လုပ်ကိုင်ပေးနေခဲ့မင့်ဟာ ကျေနပ်သင့်ပြီပေါ့။ သူရို့ပြောသလို ကောင်းကောင်းတောင်းပြီး ကောင်းကောင်းဝန်ဆောင်မှုပေးမယ်ဆိုရင်တော့လည်း မဆိုးပါဘူးလို့ တွေးမိပါရဲ့။ ကောင်းကောင်းတောင်းတာကတော့ သတင်းတွေထဲမှာ အကျယ်တ၀င့်ပါပြီး ကောင်းကောင်းလုပ်ပေးမပေးကတော့ ဦးဟန်ကြည်မစုံစမ်းဖြစ်သေးပါ။
လွန်ခဲ့တဲ့ လပိုင်းကပဲ တက္ကသိုလ်ကျောင်းသားတွေရဲ့ ကျောင်းလခတွေ ဈေးတက်သွားပြီဆိုတဲ့သတင်း ကြားရပြန်ပါရော။ ဒါပေမယ့်လည်း ကောင်းကောင်းလုပ်ပေးဖို့ ကောင်းကောင်းတောင်းထာပဲဆိုတဲ့ အတွေးနဲ့ ကျေနပ်နေသေးတာပါပဲ။ ဟုတ်ပါရဲ့။ ဦးဟန်ကြည်တို့ ကျောင်းသားဘ၀တစ်လျှောက်လုံးမှာ တစ်လကိုမှ ကျောင်းလခ ၈၀၀ ကျပ်ပဲသွင်းရတာကြောင့် ပညာရေးဌာနခမျာ ၀င်ငွေနည်းရှာလွန်းလို့ အဲဒီခေတ်က မြန်မာတစ်ပြည်လုံး Top 10 ၀င်တဲ့ ဆေးကျောင်းသားတွေကို တစ်လတစ်လမှာမှ ထောက်ပံ့ကြေး မြန်မာကျပ်ငွေ ၃၀၀ ကျပ်တိတိပဲ ချီးမြှင့်ပေးနိုင်တာကလား။ ခမျာများမှာ အဲဒီလောက်ပမာဏကိုတောင် မချိမဆံ့ မနိုင်ရင်ကာ ထောက်ပံ့ကြရှာတာထင်ရဲ့။ ဒါကြောင့်လည်း ဦးဟန်ကြည်တို့ခမျာ နေရေးထိုင်ရေးကအစ၊ စာအုပ်စာတမ်းအလယ်၊ ဆေးပစ္စည်းအသုံးအဆောင်အဆုံး အစစအရာရာ ကိုယ်ထူကိုယ်ထ စနစ်နဲ့ ချီတက်ခဲ့ရပါရဲ့။ အခုလို ၀င်ငွေပိုလာတော့လည်း ဒီဘက်ခေတ်ကလေးတွေ အဆင့်မီမီ ပညာသင်ကြရမှာပေါ့လို့ တွေးမိပါရဲ့။
သတင်းတွေ တောင်ရောက်မြောက်ရောက်ဖတ်ရင်း ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်နေမိတဲ့ ဦးဟန်ကြည်တစ်ယောက် မနေ့ကမှပဲ နောက်ထပ်တိုးတက်မှုတစ်ခုကို နဖူးတွေ့ဒူးတွေ့တင်မကဘဲ ပိုက်ဆံအိတ်တွေ့ပါ ကြုံရပါတော့တယ်။
ဖြစ်ကြောင်းကို နတ်သံနှောရရင်ဖြင့် လွန်ခဲ့တဲ့ နှစ်ကူးအချိန်က မဲ့ဆောက်က “ ပီမိုင် ” လို့ခေါ်တဲ့ ဈေးပွဲတော်ကို ဦးဟန်ကြည်တို့ ဇနီးမောင်နှံ အ၀ယ်တော်ထွက်ဖြစ်ကြပါသတဲ့။ မွေးကတည်းက ဒီအရွယ်အထိ ကျေးဇူးပြန်မပြုရသေးတဲ့ မိဘတွေကို နှစ်ကူးလက်ဆောင် ပေးချင်ဇောနဲ့ အထူးလျှော့ဈေးရော၊ အထူးရိုက်ဈေးပါမကျန် မည်းမည်းမြင်ရာ စွတ်ရွတ်ပြီး အသုံးလိုတာရော၊ မလိုတာပါ နွားငတ်ရေကျ ၀ယ်ဖြစ်ခဲ့ပါတယ်။ ဦးဟန်ကြည်အတွက် သိုးမွေး waist coat ကလေးတစ်ထည်နဲ့ အိမ်ရှင်မအတွက် အင်္ကျံကလေးတစ်ထည်ပဲ ၀ယ်ဖြစ်ပြီး မိဘနှစ်ပါးနဲ့ ချစ်စွာသော ညီမအတွက်ပဲ ရည်စူးပြီးဝယ်တာတောင်မှ ဘတ် ၁၀၀၀၀ ကို တော်တော်ကျော်အောင် ချောပါတော့တယ်။ ဒါပေမယ့် မိဘတွေနဲ့ လိုက်ဖက်မယ်ထင်ရတာတွေ ရွေးရင်းချယ်ရင်းနဲ့ ၀မ်းမြောက်ဝမ်းသာဖြစ်ရှာမယ့် မိဘတွေမျက်နှာကို တွေးမိနေပြီး အလိုလိုပီတိဖြစ်နေမိတာကြောင့်လည်း ကုန်သလောက် ကြည်နူးမိပါရဲ့။ အထုပ်အပိုးတွေ တပွေ့တပိုက်နဲ့ အိမ်ပြန်ရောက်၊ ဖွင့်ဖောက်ကြည့်ပြီး ဇနီးမောင်နှံနှစ်ယောက် နှစ်ထပ်ကွမ်းပီတိ ဖြစ်နေမိပါသေးတယ်။
ဒါပေမယ့် ဦးဟန်ကြည်တို့ရဲ့ ပီတိကလေးတွေခမျာ နောက်တစ်ရက် မိုးလင်းတာနဲ့ အ၀ီစိရောက်သွားရှာပါတော့တယ်။ မရောက်ဘဲ နေပါရိုးလား။ ဒီပစ္စည်းတွေကို မိဘတွေလက်ထဲထည့်ဖို့ ဘယ်လိုလမ်းကြောင်းကနေ ပို့ရမလဲဆိုတဲ့ ပြဿနာကြီးက ခေါင်းထဲကို အတုံးလိုက် အတစ်လိုက် ၀င်လာပေသကိုး။ သူများတိုင်းပြည်မှာကတော့ လမ်းပမ်းဆက်သွယ်ရေး၊ ပို့ဆောင်ရေးက အင်မတန်မှ ကောင်းလွန်း၊ အဆင်ပြေလွန်းပေမယ့် ဦးဟန်ကြည်တို့ရဲ့ တိုင်းငယ်ပြည်ငယ်ကလေးမှာတော့ အခြေအနေအရပ်ရပ်ကြောင့် ပို့ဆောင်ဆက်သွယ်ရေးက အခုအချိန်အထိ ကျောက်ခေတ်နှောင်းလောက်ကနေ မတက်သေးပဲကိုး။ သူများတွေကတော့ ကားကြုံ၊ လူကြုံတွေနဲ့ ပစ္စည်းပို့ရိုးထုံးစံရှိပေမယ့် အစိုးရ၀န်ထမ်းမိဘကမွေးပြီး ၀န်ထမ်းတောထဲမှာ လူလားမြောက်ခဲ့တဲ့ ဦးဟန်ကြည်ကတော့ “ ဆက်၊ စာ၊ ကြေး ” လို့ အတိုကောက်ခေါ်တဲ့ စာတိုက်ရုံးကနေ ပါဆယ်ထုပ်ပြီးပို့ဖို့ ရှေးရိုးနည်းအတိုင်း ဆုံးဖြတ်ချက် ချလိုက်မိပါတယ်။ ဦးဟန်ကြည်တို့ဒေသကနေ မိဘတွေဆီအရောက် တိုက်ရိုက်ကားက မရှိသလို၊ အစိုးရဌာနဆိုတာ အပြင်လူတွေထက်တော့ စိတ်ချရတယ်ဆိုတဲ့ မွေးရာပါ အသိစိတ်ကလည်း အနှီလိုလုပ်ဖို့ တိုက်တွန်းပေသကိုး။
ဒါပေမယ့် စာတိုက်ရုံးက ချောထုပ်ဌာနကို ၀င်ပြီးစုံစမ်းမိတဲ့အခါမှာတော့ အနှီ မွေးရာပါအသိစိတ်ကလေးခမျာ မျက်နှာငယ်ရပါတော့တယ်။ ဟုတ်ကဲ့။ အ၀တ်အစားနဲ့ အစားအစာတွေကိုပဲ ပါဆယ်နဲ့ ပို့လို့ရပါသတဲ့။ ကျန်ပစ္စည်းတွေကိုတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ပို့ရပါမတဲ့။ အဲဒီမှာတင် အထူးလျှော့ဈေးနဲ့ ရောင်းနေတဲ့ စတီးပစ္စည်းစက်ရုံကနေ ပီမိုင်မတိုင်ခင်တကည်းက ၀မ်းသာအားရ ၀ယ်ထားခဲ့မိတဲ့ စတီးမီးဖိုဆောင်သုံးပစ္စည်းတွေအတွက်ရော သုံးသိန်းတန် GSM ဖုန်းနဲ့ ကမ္ဘာ့ဈေးအကြီးဆုံး ဖုန်းဆက်ခကို မြည်းစမ်းကြည့်ဖို့ ကြံစည်နေတဲ့ ညီမအတွက်ဝယ်ထားတဲ့ ဖုန်း handset တွေအတွက်ပါ ခေါင်းခဲရပါတော့တယ်။ ဒါပေမယ့် ဦးဟန်ကြည်မိဘတွေက ၀န်ထမ်းတွေမဟုတ်ပါလား။ သူများနိုင်ငံတွေမှာ အိမ်သုံးပစ္စည်းအသာထား၊ Amazon ကနေ လေလံဆွဲထားတဲ့ မော်တော်ကား၊ သင်္ဘောပါမကျန် တိုင်းခြားပြည်ခြားက အိမ်အရောက်ပို့နေပေမယ့် ကိုယ့်တိုင်းပြည်မှာတော့ အိုး၊ ခွက်၊ ပန်းကန်တောင် တစ်မြို့ကနေ တစ်မြို့ပို့ဖို့ မလွယ်ပါလားဆိုတဲ့ အတွေးကြီးတွေးပြီး ကိုယ့်တိုင်းပြည်ရဲ့ မိဘတွေနဲ့ ဂိုဏ်းတူဆွေရင်းတွေဖြစ်တဲ့ ဆက်၊ စာ၊ ကြေး ကို စိတ်ကုန်နိုင်ပါရိုးလား။ အ၀တ်အစားနဲ့ အလှကုန်တွေကို ချောထုပ်နဲ့ပို့ပြီး ကျန်တဲ့မီဖိုဆောင်သုံးပစ္စည်းတွေကို နောက်ထပ်လမ်းကြောင်းတစ်ကြောင်းရှာပြီးပို့ဖို့ ပြီးလွယ်စီးလွယ် ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
အဲဒီလိုနဲ့ နောက်တစ်ရက်မှာပဲ အ၀တ်အစားတွေ တစ်ထုပ်တစ်ပိုးကြီးနဲ့ စာတိုက်ရုံးထဲဝင်သွားပြီး ဆက်၊ စာ၊ ကြေး ကို ဘယ်လောက်အားကိုးကြောင်း ရဲရဲကြီး သက်သေပြဖြစ်ကြပါတယ်။ ချောစာဌာနက မမများကလည်း ဦးဟန်ကြည်ရဲ့ အ၀တ်၊အထည်တွေကို တစ်ထည်မကျန် ဖောက်ဖွင့်၊ ဖြန့်ပြီး သွားရည်တမြားမြား ကျကုန်ပါရောလား။ ဒါပေမယ့် အဲဒီလောက်က ဦးဟန်ကြည်အတွက် ပြဿနာ မရှိလှပါ။ အ၀တ်အထည်ကောင်းကောင်း၊ အလှကုန်ပစ္စည်းကောင်းကောင်းကို သွားရည်မကျတဲ့ မိန်းကလေး ဘယ်မှာရှိပါလိမ့်မလဲ။ အနှီလို ဖွင့်ဖောက်ပြီး သွားရည်ကျတာကိုလည်း ဦးဟန်ကြည် စိတ်မကွက်တတ်ပါ။ လုံခြုံရေးက အရေးကြီးတဲ့တိုင်းပြည်ဖြစ်တာကြောင့် စေ့စပ်ရှာကြတယ်လို့ ဖြေတွေးလေးတွေးပြီး ကျေနပ်နေတာပါပဲ။ Privacy မလိုဘဲ အရှိကို အရှိအတိုင်း ရိုးသားချက်၊ ပွင့်လင်းချက် ကမ်းကုန်မှ အဆင်ပြေတဲ့ ဦးဟန်ကြည်တို့ဌာနတွေရဲ့ မူဝါဒအတိုင်း ကိုယ်ပို့သမျှပစ္စည်းကို တစ်ရုံးလုံး ငမ်းကြောထပြီးမှ ပါဆယ်ထုပ်ဖို့ ကီလိုချိန်ပါတော့တယ်။ ပစ္စည်းတွေကို အထုပ်လေးထုပ်ခွဲပြီး ချိန်လိုက်တဲ့အခါမှာတော့ တစ်ထုပ်စီရဲ့အလေးချိန်က ၃ ကီလိုစီရှိနေပါသတဲ့။ အဲဒီမှာတင် ဆက်၊ စာ၊ ကြေး ရဲ့ အံ့ခြင်းကြီး တစ်ပါးကို တွေ့ရပြန်ပါတော့တယ်။ အမျိုးအစားမတူတဲ့ ပစ္စည်းထုပ်တွေက အလေးချိန်တူတယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်တတ်ပါတယ်လို့ တွေးရင်း ကိုယ်မမြင်ရတဲ့နေရာမှာ ထိုင်ပြီးချိန်နေတာမို့ မဖြစ်နိုင်ဘူးလို့ ယောင်လို့တောင် မတွေးပါ။
ဟုတ်ကဲ့။ အနှီလို ချိန်တွယ်အပြီးမှာတော့ ကျသင့်ငွေကို တွက်ပါတော့တယ်။ ၃ ကီလိုစာ ၄ ထုပ်အတွက် ၆၄၀၀ ကျပါတယ်။ ပါဆယ်ထုပ်ခက ၃၃၀၀ ကျပ်တိတိ ကျသင့်ပြန်တာကြောင့် စုစုပေါင်း ၉၇၀၀ ကျပ်တိတိ ကျသင့်တာကို လျှော့လျှော့ပေါ့ပေါ့နဲ့ ၁၀၀၀၀ သတ်မှတ်ပေးလိုက်တာကိုလည်း ဦးဟန်ကြည် ကျေနပ်နေတုန်းပါ။ လစာနည်းနည်းနဲ့ ရပ်တည်နေကြရှာတဲ့ ကလေးမလေးတွေကို မုန့်ဖိုးပဲဖိုးပေးတယ်လို့ယူဆပြီး မုဒိတာပွားမြဲပွားလျှက်ပဲ ရှိပါရဲ့။
ဒါပေမယ့် ကျသင့်ငွေကို ထုတ်ပေးပြီး ဘောက်ချာရေးတာကို ရပ်စောင့်နေချိန်မှာတော့ စာတိုက်မှူးလားဘာလားမသိတဲ့ မိန်းမရဲ့ ကောက်ချက်စကားကြောင့် ဦးဟန်ကြည်တစ်ယောက် ရင်ဝမှာ အလုံးကြီးလာဆို့ပါတော့တယ်။ တန်ဖိုးကြီး ပစ္စည်းတွေကို ဆက်၊ စာ၊ ကြေး က လက်မခံပါဘူးတဲ့။ လက်ဆောင်ပေးဖို့ ပစ္စည်းကောင်းကောင်းလေးတွေ ရွေးဝယ်မိတဲ့ ဦးဟန်ကြည်ခမျာမှာ သူ့အတတ်နဲ့သူ စူးရှာပါတော့တယ်။ ဘာကြောင့်လက်မခံပါလိမ့်ဆိုတော့ လမ်းမှာတင်ပျောက်တတ်လို့ပါတဲ့။ ဟုတ်ကဲ့။ ဆက်၊ စာ၊ ကြေး အပေါ်မှာ အားကိုးချင်လွန်းတဲ့ ဦးဟန်ကြည်တစ်ယောက် ရင်ဝကို ဖနောင့်နဲ့ ဒိုင်းခနဲနေအောင် အပေါက်ခံလိုက်ရသလို မချိမဆန့်ခံရပါတော့တယ်။ စာပို့စာရေးမကလေးတစ်ယောက်က ဖြစ်တောင့်ဖြစ်ခဲပါဆရာရယ် တစ်ထောင်မှာ တစ်ယောက်လောက်ပဲ ပျောက်တတ်တာပါလို့ ရွှေပြည်အေးတရားဟောပေမယ့် တစ်ထောင်မြောက်လူဟာ ကိုယ်ဖြစ်နေခဲ့ရင်ဆိုတဲ့အတွေးကြီးနဲ့ ဇောချွေးပြန်ပါရောလား။ ဒီကြားထဲမှာ ကိုယ့်ပစ္စည်းကို ပို့ပေးဖို့အရေး ပစ္စည်းတွေက သိပ်ဈေးမကြီးပါဘူးလေလို့လည်း လေပြေကလေးနဲ့ အလိုက်သင့်ပြောပြီး သူရို့ပို့ပေးချင်အောင် အောက်ကြို့ရပြန်ပါရဲ့။ စိတ်ထဲမှာတော့ ဒေါသယမ်းအိုးက တ၀ုန်းဝုန်းတဒိုင်းဒိုင်းနဲ့ ပေါက်ကွဲနေပါပြီ။
နိုင်ငံတော်ပိုင် ပို့ဆောင်ဆက်သွယ်ရေးဌာနကြီးရဲ့ မှတ်ချက်စကားကို ပရိသတ်ကြီးပဲ စဉ်းစားကြည့်ပေရော့။ သက်တန်းရင့် ပို့ဆောင်ဆက်သွယ်ရေးဌာနကြီးကိုမှ ဦးဟန်ကြည်တို့ မယုံရရင် ဘယ်ဒင်းကို ယုံရပါလိမ့်မလဲ။ တရားဝင်အခွန်အခ ( ကားကြုံနဲ့တင်ပေးရင်တောင် အဲဒီလောက် ကရိကထမများသလို ပိုက်ဆံလည်း အဲဒီလောက် မကုန်ပါ ) တနင့်တပိုးပေးချေပြီး လက်ထဲကို အပ်လိုက်ကာမှပဲ ထွက်လာတဲ့ လေသံက သင်းချက်ကမ်းကုန်တော်မူရှာပါရောလား။ အနှီချောစာထုပ်တွေကို ဘယ်သကောင့်သားကများ အားအားယားယား ဖောက်ပြီး ခိုးတော်မူကြပါလိမ့်။ ဟုတ်ကဲ့။ စာအိတ်မှာကပ်ထားတဲ့ တံဆိပ်ခေါင်းမှာ နေ့စွဲတံဆိပ်ရိုက်မထားရင်တောင် ခွာယူပြီး ခိုးပါသတဲ့။ အနှီတံဆိပ်ခေါင်းကို ဘယ်သူက ခိုးပြီး ပြန်ရောင်းမယ်ဆိုတာ စဉ်းစားကြည့်တော်မူပါကုန်။ အရင်ခေတ်က စာပို့ခ တစ်စောင် ၇ ကျပ်၊ ဒီဘက်ခေတ်မှာ တစ်စောင် ၂၀၀ ကျပ်။ အမြန်ချောပို့ခ တစ်စောင်ကို ၅၀၀ ကျပ်။ ကုန်ကျစရိတ် တိုးတက်ချက်က အံ့မခမ်းရှိလှပါရဲ့။ ဒါပေမယ့် ငွေကုန်သလောက် စိတ်မချရမှဖြင့် ဦးဟန်ကြည်တစ်ယောက် သူ့ရဲ့ ဆက်၊ စာ၊ ကြေး ကို သံယောဇဉ် ပြတ်ရှာပါပြီ။ အတန်းပညာရယ်လို့ ဖြစ်မြောက်အောင် မတတ်ရှာဘဲ အသက်မွေးဝမ်းကြောင်းနေကြရတဲ့ ကားဒရိုင်ဘာ၊ စပယ်ယာတွေလောက်တောင်မှ စိတ်မချရတဲ့ ပညာတတ်ဘွဲ့ရတွေ စုစည်းထားတဲ့ ဆက်စာကြေးကို အတော်လေး ရေစက်ကုန်သွားပါပြီ။ ဒါပေမယ့် ထွက်ပြီးတဲ့ဆင်စွယ်သာ ပြန်ဝင်ရိုးထုံးစံရှိကောင်းရှိနိုင်ပေမယ့် သူများလက်ထဲရောက်သွားပြီးတဲ့ ပိုက်ဆံကို ကိုယ်ပြန်ရဖို့ဆိုတာ မဖြစ်နိုင်လွန်းတဲ့ ရွှေပြည်ကြီးမှာ ကုန်သွားတဲ့ အသပြာ ကျပ်တစ်သောင်းကို နှမြောတာကြောင့် ပို့မယ့်ပစ္စည်းလေးတွေ ဘေးမသီရန်မခစေကြောင်း သံဗုဒ္ဓေအုပ်စုံရွတ်လို့ ဒေ၀တာအပေါင်းတို့ ကူညီကာဝိုင်းလို့ မှိုင်းမစေကြောင်း ဆုအလီလီတောင်းရင်း ဆက်စာကြေးလက်ထဲမှာ ပစ္စည်းလေးတွေကို နောက်ဆံတငင်ငင်နဲ့ ၀ကွက်ပြီး အပ်ထားခဲ့ရပါသတဲ့ ပရိသတ်အပေါင်း ဘလော့မိတ်ဆွေ သူတော်ကောင်းတို့ရေ။ ။
နောက်ဆက်တွဲ . . .
၃ ရက်နေ့က ဆက်စာကြေးမှာ ပစ္စည်းတွေအပ်ထားခဲ့တဲ့အချိန်ကစလို့ ဒီနေ့၎ရက်နေ့ ( လွတ်လပ်ရေးနေ့ ) ညပိုင်းရောက်တဲ့အထိ ကိုယ့်ပစ္စည်းတွေပျောက်မယ့်အရေးကို တွေးမိတိုင်း ဦးဟန်ကြည်ခမျာမှာ စိတ်အဆင်းရဲကြီး ဆင်းရဲမိပါသတဲ့။ ဒါကြောင့် လွတ်လပ်ရေးနေ့တစ်ရက်ခံနေတာကြောင့် ချောစာထုပ်မထွက်နိုင်သေးတာကို အခွင့်အရေးယူလို့ မနက်ဖြန်မနက် ရုံးဖွင့်ဖွင့်ချင်း ကိုယ့်ချောထုပ်ကို ကိုယ်ပြန်ထုတ်ယူပြီး ( ပိုက်ဆံဆုံးချင်လည်း ဆုံးပါစေတော့ ) အိမ်ရှင်မကိုယ်တိုင် ရန်ကုန်အထိဆင်းပြီး ရန်ကုန်ကနေတစ်ဆင့် ဦးဟန်ကြည်ရဲ့မိဘတွေအိမ်အရောက် ကားကြုံနဲ့ပို့ပေးဖို့ စိတ်တုံးတုံးချပြီး ဆုံးဖြတ်လိုက်ပါတော့တယ်။ ဟုတ်ကဲ့ … အခိုးခံရလို့ ပျောက်ခြင်းမလှပျောက်ရင်လည်း ခေတ်ပညာတတ် နိုင်ငံ့ဝန်ထမ်းတွေလက်ချက်နဲ့ မဟုတ်တာကိုပဲ ဂုဏ်ယူလိုက်ဖို့ပါ။
နိုင်ငံတစ်ခု တိုးတက်လာစေဖို့ နိုင်ငံ့ဝန်ထမ်းကောင်းတွေ အမြောက်အများလိုပါတယ်။ ဦးဟန်ကြည်တို့ ချစ်တဲ့၊ မြတ်နိုးတွယ်တာရတဲ့ ရွှေပြည်ကြီး အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုးတက်စည်ပင်လာစေဖို့အတွက် တာဝန်ကျေပွန်ပြီး ကတိသစ္စာတည်ကြည်ခိုင်မြဲကြတဲ့ နိုင်ငံဝန်ထမ်းကောင်းတွေ အမြောက်အများပေါ်ထွက်ပါစေကြောင်း ဒီပို့စ်နဲ့အတူ ဆုမွန်ကောင်းများ တောင်းလိုက်မိပါတော့တယ်။ ။
24 comments:
အမလေးးလေးးး
ဆြာဟန်ရဲ့
ဒီပိုစ့်ကိုဖတ်ပြီး
ပစ်ပစ်ရင်ထဲအလုံးကြီး
ဆို့တက်လာပါရောလား....
အမလေးးလေးး
အေးဂျင့်ဂျင်ဆန်းမီရေ
တာဝန်ကိုသေချာထမ်းဆောင်ပါ လို့
ဒီနေရာကနေ လှမ်းအော်ပါရစေ....
ညမတော်လေးရဲ့
အင်းးးးးးး
နောက်ဆုံးတော့လဲ ကိုယ်တိုင် သွားပို့ဖို့ ကိန်းဆိုက်နေပါရောလားဗျာ။
တော်ပါသေးရဲ့ အီးမေးလ် အင်တာနက်တွေ ရှိနေပေလို့ နို့မို့ဆို ဆွေတော်မျိုးတော်တွေနဲ့ အဆက်အသွယ်ရဖို့ မလွယ်ကူလှပေဘူးဘဲ။ သိပ္ပံမောင်ဝခေတ်ထက် ပိုဆိုးကောင်း ဆိုးသွားနိုင်တယ်။
ဒါပေမဲ့ နားလည်ပေးလိုက်ပါဆရာ။ တစ်ထောင်မှာ တစ်ခုဘဲ ပျောက်တတ်တယ်ဆိုတော့ တစ်ထောင်မှာ တစ်ခုဘဲ ရောက်တာထက်စာရင်တော့ ကောင်းလှပါသေးတယ်။
အားလုံးအဆင်ပြေချောမွေ့စွာ ပစ္စည်းတွေ အားလုံး လိုရာကို ရောက်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
ဟုတ်ကဲ့ … အခိုးခံရလို့ ပျောက်ခြင်းမလှပျောက်ရင်လည်း ခေတ်ပညာတတ် နိုင်ငံ့ဝန်ထမ်းတွေလက်ချက်နဲ့ မဟုတ်တာကိုပဲ ဂုဏ်ယူလိုက်ဖို့ပါ။ :D
မမလည်း မစီးဘူး..ပစ္စည်းလည်း မပို့ဘူး..
မှာပဲ မှာစားတာ..
အမှန်အကန်တွေ များလာပါစေ ဆရာရေ..
အင်းး ဟင်းးဟင်းဆရာရယ် ဆရာ့အစားရင်ပူလိုက်တာ
တခါထည်းသွား ကန့်တော့လိုက်တာမှ မျက်နှာလဲမြင်ရသေး မိဘလဲတွေ့ရသေး ကုသိုလ်လဲရသေးတယ်ဆရာရယ်
ဖတ်ရတာ စိတ်မောထှာ
နောက်တစ်ခုရှိသေးတယ် မမဘဏ်တွေလေ ပြင်သင့်တဲ့အထဲမှာ အဲဒါတွေလဲပါတယ်
အစိုးရရုံးက မမတွေရဲ့လေးလေးကွေးကွေး အကျင့်တွေရော အချိန်တန်တို့ဖတ်ရိုက် အတင်းပြော ထမင်းလေးဖွင့်စား ၄ နာရီ ထပြန်ကြတဲ့အကျင့်လေးတွေလဲ ပြင်သင့်ပြီဆရာရေ
အိုးး ပြောရမယ်ဆိုရင် ဖြင့် ပြောမကုန်ပေါင်တောသုံးထောင်
ဘာဘဲဖြစ်ဖြစ် ပြန်သာယူတော့ဆရာရေ
အားပေးတယ်း)
ခင်မင်လျှက်
မဒိုးကန်
း) နိုင်ငံဝန်ထမ်းကောင်းတွေများလာဖို့ ဘာတွေလုပ်ကြမှာလဲဆြာ နိုင်ငံသားမိဘတွေနဲ့ နိုင်ငံအုပ်ချုပ်ဦးဆောင်းသူတွေ အားလုံးအားလုံးက အစကနေပြန်မြင့်တင်ဖို့ ကြိုးစားရမယ်မဟုတ်လား ဆြာ မြန်မာပြည်မှာ ခြ ဆိုတဲ့ သတ္တဝါနဲ့တူတဲ့ လူတန်းစားတရပ်က ခိုင်ခိုင်မာမာကြီးစိုးနေလေတော့ ခြစားတဲ့အဆောက်ဦးတွေက ယိုင်နဲ့နဲ့ဖြစ်ပြီပေါ့ ဆြာရယ်.....
မျှော်လင့်သလိုဖြစ်လာဖို့ ကျွန်တော်တို့လုပ်နိုင်မယ်ထင်ပါတယ်ဆြာ
မောင်ဘကြိုင်
နား..နား.. ပြီး ပြောပါ ဆရာ။း)
ပြောစရာတွေက "ပြောမဆုံးပေါင် တောသုံးထောင်" ဆိုသလို မဟုတ်လား။
ပို့မိလို့ကတော့ ဦးဟန်ကြည်တယောက် စားမ၀င်အိပ်မပျော်ဖြစ်နေမှာ မြင်ယောင်သေးတယ်... ဟိဟိ
ဒုက္ခ ဒုက္ခ... ဘာမှ အားကိုးလို့ မရပါကလား :P
ကျနော်တော့ ပစ္စည်းပို့ရင် ကားနဲ့ ဘဲပို့တော့ တယ် ဆရာ
ဆရာပို့သလိုတော့ စဉ်းကိုမစဉ်းစား တော့တာ ကြာပြီ
တံဆိပ်ခေါင်းတွေ ခွာပြီး ဘယ်မှာ ပြန်ရောင်းမလဲ ဆိုတာတော့ .. အင်း... ရွှေသမင်ဘယ်ကထွက် မင်းကြီးတာက ထွက်ဆိုတာထက်တောင် ရှင်းနေသေး။
အယောက် ၁၀၀၀ မြောက်တွေက ဘယ်နှစ်ကြိမ်မှာ တစ်ယောက်ဖြစ်မှန်း မသိမှတော့ ကိုယ်တိုင် ဒါမှမဟုတ် စိတ်ချရတဲ့ လူကြုံနဲ့ပို့တာပဲ စိတ်ချမ်းသာပါတယ်။
တိုးတော့ တိုးတက်
နေပါတယ် ဆရာ..
..တိုး....တာက တနေရာ ..ရာ
...တက်.. တာက တနေရာ ရာမှာ
ဖြစ်နေလိမ့်မယ် ဆရာရေ..
ခင်မင်လေးစားလျှက်
(ဒုတိယ)
ကီးချိန်း စာအိတ်ထဲ ထည့်ပေးရင် စာအိတ်လိုက်ပျောက်တယ်..ရန်ကုန်ကနေ ဟိုင်းကြီးကို စာပို့ ရင် တလကြာတယ်..လာပို့ ခက ၅၀၀..ဆိုင်ကယ်နဲ့  စာလာဝေတာမို့ လို့ ..စန်းထွန်းတို့ နယ်ဖက်မှာတော့ လူကြုံပဲ ပါးကြတယ်..ဆက် စာ ကြေး ထက်မြန်တယ်၊ စိတ်ချရတယ်၊ ငွေကုန်ကြေးကျသက်သာတယ်..:P
ဆက်စာကြေးက စလုံးကိုလာလေ့လာနေတယ်ကြားပါတယ်၊
ကျွန်တော့်အဖွားဆုံးတော့ အမျိုးတွေက ကျွန်တော်တို့ဆီ
ကြေးနန်းရိုက်တယ်ဆရာ...။ဆက်စာကြေးကို လည်းစိတ်
မချလို့ လိုင်းကားနဲ့ စာတစ်စောင်ထည့်ပေးလိုက်တယ်..။
လိုင်းကားကစာက အရင်ရောက်လို့ အမေသွားနှင့်ဘီ..။
နောက်ရက်မှ ကြေးနန်းကရောက်လာတယ်....:)))။
ကြာတော့ကြာခဲ့ပါပြီဆရာ...ဒီအဖြစ်တွေက..။ဖုံးဆိုတာ
ပေါပေါများများမရှိခင်ကပေါ့လေ..။အင်း....ကြာသာကြာ
အဖြစ်တွေက ထူးမခြားနားပါလားဆရာရယ်....:(
ဆရာနဲ့ထပ်တူစွာ ဆန္ဒပြုခဲ့ပါတယ်ဗျာ။
လုံလောက်တဲ့ အချိန်နဲ့ လုံလောက်တဲ့ ဥပဒေ မရှိသေးသမျှတော့ တွေ့ကြုံနေရအုံးမယ်ထင်တယ်။ ဖြေးဖြေးတော့ ရောက်မှာပါ။
ဆ၇ာေ၇့
စာတွေလာဖတ်တိုင်း....
ပြောစရာတွေကများလာတယ်ဆရာ.....
ဆရာ့ကိုယ်တွေ့တွေ..ကျနော့်ကိုယ်တွေ့
အတော်တူတယ်ဆရာ....
ဋ္ဌာန ဆိုင်ရာနဲ့ ပါတ်သက်ရင်....
လူတွေမှာလဲ ဘယ်တော့များမှ.......
ဆရာ့ပိုစ့်ဖတ်ပြီး ဆယ်တန်းအောင်တုန်းက အဖြစ်လေး ပြေးမြင်လိုက်မိတယ်။
ဆယ်တန်းအောင်စာရင်းထွက်ပြီး ဂုဏ်ထူးပါတဲ့ ဘာသာအတွက် ဆုပေးပွဲတက်ဖို့ ဖိတ်လိုက်တဲ့ ဖိတ်စာဟာ နောက်တစ်နှစ် အောင်စာရင်းထွက်ပြီးချိန်မှ ရောက်လာတာ ရှိပါရောလားဆရာ
ခုနှစ်ကို မကြည့်ဘဲ ရက်နဲ့လကိုဘဲကြည့်ပြီး သွားတက်ရတော့မယ်ဆိုပြီးဝမ်းသာလိုက်ရတာ
ဘယ်ဟုတ်မတုန်း တစ်နှစ်တိတိ နောက်ကျနေတဲ့စာ ဖြစ်နေပါသော်ကောလား
အဲဒါလေးတော့ မှတ်မှတ်ရရပါဆရာရေ။။
လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဖြစ်ခဲ့တာဆိုတော့
ခေတ်မှီတိုးတက်နေပါတယ်ဆိုတဲ့ ခုခေတ်မှာတော့ ဒီလို မဟုတ်လောက်တော့ဘူးလားလို့ ယူဆမိပါရဲ့
သို့သော်လည်း။....
အမှန်ပေါ့ဗျာ။
ဝန်ဆောင်မှု ပေးတာမှာ သိက္ခာနဲ့ စေတနာလည်း ပါအောင် အတော်ကို လုပ်ယူရဦးမယ်ဗျာ။
မမ ခိုးတယ်ခိုးတယ်(မီးခိုး)
စာတိုက် ??????????ဦးဟန်ကြည် စာတိုက်ကိုသုံးဖို့
သတိရတယ်ဟုတ်........အံ့ သြတာ.......တစ်ကယ်ပါ
ရှိတယ်လို့တောင်မှသဘောမထားမိတဲ့ဌာနဗျ အင်း....ခက်တယ်လေ ပြောတော့ပါဘူးဦးဟန်ကြည်ရယ်
နိုင်ငံဝန်ထမ်းချင်းတူတူကျန်းဦးစီးနဲ့မတူတာတွေများတယ်
စိတ်လျှော့လိုက်ပါဗျာ
ခင်မင်လျှက်
ချစ်သူမောင်
နိုင်ငံဝန်ထမ်းကောင်းတွေများလာဖို့ ဆိုတာက
တိုင်ပြည်ကိုအုပ်ချုပ်နေတဲ့သူတွေနဲ့လဲ
ဆိုင်မယ်ထင်တာပဲ ဆရာရေ
ဦးဟန်ကြည်ရေ ... ကျမလဲ ဘိလပ်ကနေ မြန်မာပြည်က ဆရာတော်ကြီးတွေကို လှူဖို့ အားဆေးတွေ စာတိုက်က ပို့လိုက်တာ ပထမ တခေါက်တော့ ၄ လ လောက်အကြာမှာ ရောက်သွားတယ်။ ဒါနဲ့ နောက်တခါ ထပ်ပို့လိုက်တော့ လုံးဝ မရောက်တော့ဘူး။
ဒါနဲ့ပဲ ကြေးစည်တီးပြီး အမျှဝေလိုက်ပါတယ်။
ကျမ အမတုန်းကတော့ စာတွေ ဓာတ်ပုံတွေပို့တာ တခါမှ မရောက်ဖူးတဲ့။ ကိုကိုမောင် (ငပိနံ့) ပြောတဲ့ သိပ္ပံမောင်ဝ ခေတ်က တော်သေးတယ် ပြောရမယ်။
ပါဆယ်ကို ပြန်ယူဖို့ စာတိုက်ကိုသွားလိုက်တာ...ပါဆယ်က ပို့လိုက်ပြီလို့ပြောတာကြောင့် ပြန်မထုတ်ခဲ့ရပါ...ဒါကြောင့် ချစ်စွာသောဆက်စာကြေးဝန်ထမ်းများ ကျန်းမာချမ်းသာစေကြောင်း ဆုမွန်တွေအလီလီတောင်းရင်း ပစ္စည်းတွေပလုံစွပ်မဖြစ်ဖို့ ငုတ်တုတ်ထိုင်ပြီး စိတ်ဆင်းရဲနေပါသည်...
ပါဆယ်မရောက်တာပဲဖြစ်ဖြစ် ပစ္စည်းပျောက်တာပဲဖြစ်ဖြစ် တစ်ခုခုဖြစ်ခဲ့ရင် ဆက်စာကြေးကို လွှတ်တော်အထိတက်တိုင်ဖို့လည်း မောင်းတင်ထားပါ၏...
ကိုယ့်ပစ္စည်းနဲ့ကိုယ်၊ ကိုယ့်ငွေနဲ့ကိုယ် ဒုက္ခတွေစီပြီးယူနေရပါလား ကိုဟန်ကြည်။ ကျွန်တော်တို့ဆီမှာစနစ်ကောင်းဖို့လိုတာတော့ ကြာခဲ့ပါပြီ။ အရင်းစစ်ရင် မြေမှာအမြစ်လို့ ဆိုရမှာပါပဲ။ စလုံးမှာတော့ ၀န်ထမ်းလုပ်ရင် လာဘ်မစားရဲအောင် လစာရတယ်လို့ဆိုကြပါတယ်။ ဒါတောင် ပီအာရ်ကို လိုင်းဝင်လို့ရတယ်ကြားလို့ ကျွန်တော်တောင် အံ့ဩမိသေးတယ်။ တကယ်လားဆိုတာကိုတော့ ကျွန်တော်မလျှောက်ရသေးလို့ သေသေချာချာမသိရသေးပါဘူး။ ကျွန်တော်ဆိုလိုချင်တာက စလုံးမှာလည်း အဲဒီလိုကိစ္စမျိုးတွေရှိပါတယ်ဆိုတာပါ။ ကျွန်တော့်အထင် တိုင်းပြည်တိုးတက်လာရင်တော့ ဒီကိစ္စမျိုးတွေပျောက်သွားမယ်လို့ မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လစာကို မျှော်မစားရဘဲရလာမယ့်အောက်ဆိုဒ်ကိုသာ ကြည့်နေရတဲ့ဝန်ထမ်းဘ၀ဆိုတာ စည်းကမ်းတို့၊ လုပ်ထုံးလုပ်နည်းတို့ကို စိတ်မ၀င်စားပါဘူး။ ကိုဟန်ကြည့်ပါဆယ်ရောက်မရောက်လည်း စိတ်မ၀င်စားပါဘူး။ ဘယ်သူဘယ်အချိန်လာအပ်မလဲ။ အဲဒီကရမယ့်ငွေကဘယ်လောက်လဲ ဆိုတာကိုပဲ စိတ်ဝင်စားတာပါ။ အဲဒါစနစ်ကြောင့်ပါ။ မြေလှန်မှရမယ်ထင်တာပါပဲ။ ဘာပဲဖြစ်ဖြစ်ကိုဟန်ကြည့်ပါဆယ်ရောက်ပါစေလို့တော့ ဆုတောင်းပေးနေမိပါတယ်ဗျာ။
စာတိုက်ကြေးနန်း ဌာန တစ်ခုနဲ့  ပိုးစိုးပက်စက် ရန်ဖြစ် ခဲ့ဖူးပါကြောင်း ဆရာရေ။ ကျန်တာတော့ ထူးထူး ထွေထွေ မပြောလို့ တော့ပါဘူး။ ကို့ယ့်ပေါင်ကိုယ် လှန်ထောင်းသလို ဖြစ်နေမှာစိုးလို့ ပါလေ။ :(
း)... ဖတ်ရင်းနဲ့ပြုံးမိတယ်... မြန်မာပြည်မှာ ဒီကိစ္စတွေက မထူးဆန်းတော့တာမို့.. အင်း..ဘာပြောရမှန်းတောင်မသိတော့ဘူး...
ခင်မင်လျက်
နေ၀သန်
Post a Comment