Thursday, 26 January 2012

အိမ်ရှင်ထီး ဦးဟန်ကြည် . . .

အများသိတော်မူကြသည့်အတိုင်း
 ပြည်သူ့အချစ်တော် ဦးဟန်ကြည်၏ အိမ်သူသက်ထား ဇနီးမယားဖြစ်သော မဒမ်ဟန်ကြည်သည် ယခုလ ၇ ရက်နေ့ကတည်းက သူမ၏ မိဘများရှိရာ ဇာတိမြို့သို့ အလွမ်းပြေဟူ၍ တစ်ခါတစ်ခေါက် အလည်သွားလိုက်သည်မှာ ယနေ့ဆိုလျှင် သီတင်းနှစ်ပတ်ကျော်လွန်၍ သုံးပတ်ထဲသို့ဝင်လာလေပြီ။ ဆက်စာကြေးက ပို့မပေးနိုင်သော မီးဖိုဆောင်ပစ္စည်းများကို ရန်ကုန်အထိသွားပြီး ကားဂိတ်မှတဆင့်ပို့ပေးသော ကျေးဇူးတရားကို ထောက်ရပြန်သော ဦးဟန်ကြည်ခမျာ မဒမ်ဟန်ကြည်ကို အမြန်ပြန်လာစေချင်ပါသော်လည်း မပြောရဲရှာပြန်လေ။ သို့နှင့်ပင် ခမျာ ပျော်သလောက်နေပါစေလေဟုပင် စိတ်တုံးတုံးချ၍ တောင်းလာသမျှ ဖွတ်ကလိဒင်္ဂါးကို ဘဏ်တိုက်မှသာ တွင်တွင်လွှဲပေးရင်းနှင့် တစ်ကိုယ်ထည်းတည်းပင် အိမ်ရှင်ထီးဘ၀ကို အရှင်လတ်လတ် ရောက်ရရှာလေသတည်း။


http://homemadedad.ca/wp-content/uploads/2010/09/mr_mom.jpg
ကလေးများ ရှိခဲ့လျှင်ဖြင့် ... ဦးဟန်ကြည်ခမျာ ဤသို့သာ နေပေချိမ့် ...

မဒမ်ဟန်ကြည် အိမ်မှစ၍ထွက်သွားချေသော ၇ ရက်နေ့ မနက် ၈ နာရီခွဲမှစ၍ အိမ်ထောင့်တာဝန်ဟူသမျှတို့သည် ဦးဟန်ကြည်အပေါ်သို့ လုံးခနဲ၊ ခဲကနဲ မညှာမတာ ကျရောက်လာချေတော့ရာ ခမျာမှာ အခါတိုင်းကဲ့သို့ စိတ်ရှိလက်ရှိ ဘလော့မဂင်းနိုင်တော့သလို ဘလော့ရွာအတွင်း၌လည်း ခြေမကမြင်းနိုင်ပြန်တော့ပါချေ။ မဒမ်ဟန်ကြည် ရှိသောအခါတိုင်းကာလများတွင်မူကား ဦးဟန်ကြည်တစ်ယောက် ဘလော့ပဲဂင်းဂင်း၊ ရုပ်ရှင်ပဲကြည့်ကြည့် အချိန်တန်လျှင် ထမင်းပွဲကား ရှေ့သို့ရောက်လာပြီးသား၊ အ၀တ်ဗီရိုထဲတွင် လျှော်ဖွတ်၊မီးပူတိုက်ပြီးသား အ၀တ်အထည်များ အဆင်သင့်ဖြစ်ပြီးသား ရှိသည်ပင်။ ယခုမူကား ထိုသို့မဟုတ်ရှာတော့ချေ။ မနက် ၅ နာရီခွဲသည်နှင့်တပြိုင်နက် မွေးရာပါအားနည်းခဲ့သော ၀ီရိယဓာတ်ကို အပြင်းအထန် နှိုးဆွပြီး နှိုးစက်သံနှင့်အပြိုင် မျက်ချေးပွတ်၍ အိပ်ရာထရလေတော့သည်။ နှိုးစက်သံဆိုသည်မှာလည်း မိမိတာဝန်အရ တတီတီမြည်ရုံသာ တတ်နိုင်သည်။ မဒမ်ဟန်ကြည်ကဲ့သို့ အိပ်ရာမှမထမချင်း မြည်တွန်တောက်တီး၍ နှိုးတတ်ရှာလေသည် မဟုတ်လေရာ ဦးဟန်ကြည်ခမျာ အဆိုပါ နှိုးစက်မင်းကိုလည်း ပစ်ခတ်၍ အားမကိုးနိုင်ရှာလေ။ မနက်ခင်း ၅ နာရီခွဲ၌ အမောင်နှိုးစက်က တီခနဲမြည်သည်နှင့်တပြိုင်နက်တည်း အိပ်ရာမှ ၀ုန်းခနဲခုန်ထနိုင်ဖို့အရေး မိမိကိုယ်ကို အော်တိုဆက်ဂျက်ရှင်း အတန်တန်လုပ်ကာ ညစဉ်ညတိုင်း မိမိ၏ ဘလော့ဂါ ဗီဇဆိုးကို ဇွတ်အတင်း ချိုးနှိမ်၍ သတ်မှတ်ချိန်ရောက်တိုင်း အိပ်ရရှာလေတော့သည်။

အိပ်ရာနိုးသည်နှင့် တပြိုင်နက် မနက် ၆ နာရီထိုး စာသင်ချိန်အမီသွားနိုင်ရန်အတွက် မျက်နှာကို ကပျာကယာသစ်၊ သွားကို ပြီးစလွယ်တိုက်ပြီး အိပ်ရာကိုပင် သပ်သပ်ရပ်ရပ် မသိမ်းအားတော့ဘဲ အိမ်တံခါးကို သော့ခတ်ကာ စီးတော်ဆိုင်ကယ်ကို ဇက်ကုန်ဖွင့်ပြီး အူတကြုတ်ကြုတ်နှင့် မနက်ခင်းစာသင်ချိန်ကို ကြဲရပြန်သည်။ ရံဖန်ရံခါတွင် ကျောင်းသားမိဘများလည်း အိပ်ရာထ နောက်ကျတတ်လေရာ ဆရာဦးဟန်ကြည်အတွက် ဘရိတ်ဖတ်ကို မစီစဉ်အားပဲ ပေယျာလကန်ပြုထားသလို ဖြစ်ရပြန်သောကြောင့် ခမျာမှာ ၀မ်းထဲက ပိုးမျိုးရှစ်ဆယ် ဆန္ဒပြသမျှ ဒီမိုကရေစီ မပေးနိုင်ရှာဘဲ ဗိုက်ဆာဆာနဲ့ပင် သံကုန်ဟစ်၍ စာသင်ရရှာလေသည်။ ထိုရက်မျိုးတွင် ပထမ၀ိုင်းအပြီး ဒုတိယ၀ိုင်းမစခင် ကြားချိန်လေးတွင် တစ်ဆိုင်ဆိုင်ဝင်ကာ ၀မ်းခေါင်းထဲမှ ပိုးမျိုးရှစ်ဆယ်အတွက် လွှတ်တော်ဖြင့် ချွေးသိပ်ရန်အလို့ငှာ အလျဉ်းသင့်ရာကို ပါးစပ်ထဲထိုးသွပ်ရရှာပြန်သည်။ ထိုအချိန်မျိုးတွင် မဒမ်ဟန်ကြည်သည်ကား မိဘနှစ်ပါး ဘယ်ညာရံ၍ စားစရာအလျှံပယ်ဖြင့် မနက်စာကို ပွဲတော်နေမည်ဟု တွေးမိတိုင်း ဦးဟန်ကြည်ခမျာ လွမ်းစိတ်ကို ရှမ်းခေါက်ဆွဲဖြင့် ဖြေရရှာသည်မှာလည်း ကာလမနည်းတော့ချေ။

ဒုတိယစာသင်ချိန်ပြီး၍ ခြေကုန်လက်ပမ်းကျကာ အိမ်သို့ပြန်ရောက်လျှင် ၁၂ နာရီကျော်ပေပြီ။ မဒမ်ဟန်ကြည်ရှိသော အခါမျိုးတွင်မူ အိမ်ပြန်ရောက်လျှင်ရောက်ချင်း ပက်လက်ကုလားထိုင်ပေါ်တွင် ခန္ဓာကိုယ်ကြီးကို ၀ုန်းခနဲပစ်ချလိုက်ပြီး မဒမ်ဟန်ကြည်ပြင်ပေးမည့် ထမင်းပွဲကို အဆင်သင့်စောင့်ပြီး ဘုဉ်းပေးရုံသာ။ သို့သော် ယခုမူကား “ ကိုယ်ချက်မှ ကိုယ်စား ” ရသော ဘ၀ဖြစ်နေချေပြီတကား။ ထို့ကြောင့်ပင် အနုနည်း ဆန္ဒပြ၍မှ မရလျှင် အကြမ်းဖက်တတ်ပြန်သော ပိုးမျိုးရှစ်ဆယ်တို့၏ တဂွီဂွီ တဂွမ်ဂွမ် ဖောက်ခွဲသံတို့ကို ဥပေက္ခာပြုနိုင်စိမ့်သောဌာ ရွာစားကျော် အကယ်ဒမီ စိန်မွတ္တား၏ မဟာဂီတ လက်စွမ်းပြဆိုင်းလက်သံကို ခပ်ကျယ်ကျယ်ဖွင့်ရင်း ဆန်ဆေး၊ ထမင်းချက်ခြင်းအမှုကို အိမ်ရှင်ထီးပီပီ မရှက်တန်းလုပ်ရရှာလေတော့သည်။ ထမင်းအိုးကား လျှပ်စစ်ထမင်းအိုးဖြစ်သောကြောင့် မွှေရ ငှဲ့ရနှင့် ကရိကထ မများသည်ကိုပင် ကြံကြံဖန်ဖန် ကျေးဇူးတင်စရာကောင်းလှပြန်သည်။ ထမင်းအိုးတစ်လုံးက သူ့အလုပ်သူလုပ်နေစဉ် ရေခဲသေတ္တာထဲတွင် ရှိသမျှ စားကောင်းသမျှ အစားအစာတို့ကို ကြော်တန်ကြော်၊ လှော်တန်လှော်ဖြင့် တစ်ထွာမျှသာ ရှိသော အစာအိမ်ကို ဖြည့်တင်းရေးအတွက် ဇယ်စက်သလို အလုပ်များရလေတော့ရာ အဘယ်မှာ ဘလော့ဂင်းနိုင်ပါတော့အံ့နည်း။ ဘလော့မဂင်းနိုင်သော်လည်း အိမ်ရှင်မ၏ အမှာစကားအတိုင်း ၁ နာရီဝန်းကျင်လောက်ရောက်တိုင်း ကွန်ပျူတာဖွင့်ပြီး ဂျီတော့ခ်တွင် မီးစိမ်းပြထားရချေသေး၏။ မဒမ်ဟန်ကြည်တစ်ယောက် အင်တာနက်ဆိုင်သို့ တပင်တပန်းသွားပြီး ဦးဟန်ကြည်မီးစိမ်းပြထားသည်ကို မမြင်လျှင် အပွမ်ခံရမည်ကိုလည်း ကြောက်ရသေးသည် မဟုတ်တုံလော။

စားသောက်ပြီးပြန်လျှင်လည်း အသန့်ကြိုက်လှသော မဒမ်ဟန်ကြည့် အလိုကျ အိမ်သန့်ရှင်းရေးကို မနားမနေ လုပ်ရပြန်ချေသေးသည်။ ထိုမျှမကသေး မိမိ၏အ၀တ်အစားများကို သူတပါးအ၀တ်နှင့် အတူတကွလျှော်ခြင်း၊ ဖွပ်ခြင်းကို မသတီတတ်သော အကျင့်ဆိုးကြောင့် ရေချိုးခန်းဝင်ကာ ရိုးရာနည်းအတိုင်း လက်မောင်းအောင့်အောင် လျှော်ရဖွပ်ရပြန်လေတော့သည်။ အ၀တ်လျှော်ရင်းနှင့် ၀ယ်ကာစ တစ်လအတွင်းပင် ပျက်သွားလေသော အ၀တ်လျှော်စက်ကို မပျက်မကွက် မေတ္တာပို့ခြင်းအမှုကိုလည်း ပြုရပြန်ချေသေး၏။ အိမ်မှုကိစ္စဟူသည်ကား များမြောင်လှပါဘိတောင်း။ လျှော်ပြီး ခြောက်ပြီးသော အ၀တ်များကို မီးပူတိုက်ရပြန်သေးသည်။ ထိုမျှနှင့်ပင် မရပ်သေး။ စားပြီးသော ပန်းကန်များကိုလည်း ဆေးရပြန်သည်။ အခါတိုင်းကဲ့သို့ စားပြီး၊ လက်ဆေးရုံသာလိုသော ကာလများကို လွမ်းပါဘိတောင်း။ ယခုမူကား စားပြီးလက်ဆေးပြန်လာလိုလျှင် စားသောက်ဆိုင်များသို့ သွားစားရုံသာရှိ၏။ သို့သော် ဆိုခဲ့သည့်အတိုင်း လက်ဆေးပြန်ရေးအတွက် ထမင်းတစ်နပ်သည် ဇီဇာကြောင်သော ဦးဟန်ကြည်အတွက် ငါးထောင်နှင့် တစ်သောင်းကြားတွင် ကုန်လေမည်ဖြစ်ရာ လက်ဆေးချင်သောစိတ်ကို အသာချိုးနှိမ်ပြီး ကိုယ်တိုင်သာလျှင် ကြိတ်ရရှာလေသည်။

ဆိုခဲ့သော အာဝေနိကဒုက္ခများပြီး၍ တရေးတမော အနားယူမည်ကြံရင်းက နာရီကို ကြည့်မိလျှင် ၂ နာရီခွဲနှင့်သည်က များလေသည်။ ဦးဟန်ကြည်၏ အနားယူချိန်တို့ကား မီးဖိုဆောင်နှင့် ရေချိုးခန်းတို့စနက်ဖြင့် အငွေ့ပျံကုန်ရှာချေပြီ။ သက်ပြင်းကြီးချရင်း ကသောကမြောရေချိုး၊ အ၀တ်အစားကို လူရိုသေ၊ ရှင်ရိုသေရှိရုံ ကောက်စွပ်ကာ စာသင်ချိန်အမီ ပြေးရလေတော့သည်။ စာမေးပွဲကား ယနေ့မှ စ၍တွက်ကြည့်လျှင် ၄၅ ရက်သာ လိုတော့ရာ တပည့်များကလည်း စာသင်နှစ်အစပိုင်းနှင့် လားလားမှမတူအောင်ပင် အင်မတန်မှ စာလိုလားကြလေတော့၏။ အခါတိုင်းတွင် နားမလည်လျှင်လည်း နားလည်ယောင်ဆောင်ကာ ခပ်အေးအေးနေလေ့ရှိသော မောင်ပျင်း၊ မယ်ပျင်းများသည်ပင် အလွန်အမေးအမြန်းထူကာ မသိမည်၊ မတတ်မည်ကို အလွန်တရာ စိုးရိမ်ဟန်ရှိလေရာ ဦးဟန်ကြည်ခမျာ မြင်ပြင်းကတ်လှသော်လည်း သည်းခံရရှာလေတော့သည်။ မည်သို့ပင်ဆိုစေ စာသင်ချိန်ပြီးလျှင် ဦးဟန်ကြည်တစ်ယောက် ဖလက်ပြချေပြီ။ ရံဖန်ရံခါများတွင် ဂိမ်းဘောဆိုက်ချင်စိတ်ပင် ၀င်မိလေ၏။

လူချင်းခင်လျှင် ပိုက်ဆံချေးတတ်လေသော ဤဒေသတွင် ကိုယ့်အကြောင်းကိုယ်သိသော ဦးဟန်ကြည်ခမျာ မည်သူနှင့်မျှ အပေါင်းအသင်း မလုပ်ရဲရှာလေသောကြောင့် စာသင်ချိန်ပြီးသည်နှင့်တပြိုင်နက် မည်သည့်နေရာသို့မှ ခြေသဝေမထိုးရဲဘဲ အိမ်သို့သာ တန်း၍ပြန်ရရှာလေသည်။ အပျင်းပြေစေရန်အလို့ငှာ အိမ်ရှင်မရှိစဉ်ကကဲ့သို့ ဆိုင်ကယ်တစ်စီးနှင့် ဟိုဟိုသည်သည် မောင်းချင်ပြန်သော်လည်း တဗြူးဗြူးတဗြင်းဗြင်းနှင့် ကမြင်းကျောထကာ တရကြမ်းမောင်းကြသော ကာလသား၊ ကာလသမီးများ၏ ဆိုင်ကယ်များ၊ ကားများကြောင့် မာလကီးယားရချေလျှင် သေမင်းပြည်သို့ တစ်ယောက်တည်း မျက်စိသူငယ်သွားရမည့် အရေးကိုလည်း ကြောက်ပြန်လေရာ သက်ပြင်းအခါခါချရင်း ကြိုနှင့်မည့်သူ မရှိသော အိမ်သို့သာ တန်းတန်းမတ်မတ် မြန်းရလေ၏။

အိမ်သို့ပြန်ရောက်လျှင် ထမင်းအိုးကို အသာဖွင့်၍ကြည့်ရပြန်သည်။ ဤဒေသ၏ ရာသီဥတုကား ခန့်မှန်းရ ခက်ပါဘိတောင်း။ ဆောင်းတွင်းဖြစ်သော်လည်း မိုးရွာချင်ရွာတတ်ပြန်သည်။ မနက်ပိုင်းတွင် ခိုက်ခိုက်တုန်အောင် ချမ်းခဲ့သလောက် နေ့လည်ပိုင်းတွင် ခြစ်ခြစ်တောက်အောင် ပူတတ်ပြန်ရာ ဦးဟန်ကြည်၏ ထမင်းအိုးခမျာမှာလည်း ရာသီဥတု စီမံရာကို အမြိုင့်သား လက်ခံရရှာလေသည်။ ရာသီဥတု မျှတ၍ အိုးတွင်းရှိ ထမင်းတို့ လတ်လတ်ဆတ်ဆတ်ရှိလျှင် ဦးဟန်ကြည်တစ်ယောက် ပျော်မဆုံးတော့ပြီ။ အိုးဆေးရ၊ ဆန်ဆေးရ တစ်ချီတစ်မောင်းတော့ သက်သာပြီ မဟုတ်ပါလား။ ထမင်းများသိုးကုန်လျှင်ကား ထုံးစံမပျက်ပင် ချက်ရပြန်လေသည်။ အစားတစ်လုပ်ကား လွန်စွာမှပင် အလုပ်ရှုပ်ပေ၏။ လူက မစားဘဲ နေချင်ပြန်သော်လည်း ဗိုက်က မနေနိုင်ပြန်။ အချိန်တန်လျှင် အသံပေါင်းစုံထွက်ပြီး အချက်ပေးလေ၏။ ကိုယ့်အစာအိမ်ကို ဖနောင့်နှင့်ပေါက်ရအောင်လည်း ကိုယ့်ဗိုက်ကို ပေါက်ရမည်ဖြစ်သောကြောင့် မလုပ်ရဲလေရာ သူ့အလိုကိုလိုက်ရင်း လုံးလည်ချာလည်လိုက်နေလေတော့သည်။

တတ်သမျှ မှတ်သမျှ ချက်ပြုတ်၊ စားသောက်၊ ရှင်းလင်းပြီးချိန်တွင် ည ၉ နာရီကျော်နေလေပြီ။ ပင်ပန်းလွန်းလှလေရာ ဘလော့ဂင်းချင်စိတ်တို့လည်း ဝေးဝေးသို့ ပြေးကြရှာလေ၏။ ကွန်ပျူတာကိုဖွင့်ကာ အမောင်ကျောင်းသားများအတွက် သင်ထောက်ကူစာအုပ်စာတမ်းများကို စီရစဉ်ရသည်နှင့်ပင် အချိန်လင့်ရလေတော့သည်။ တစ်ခါတစ်ရံတွင်လည်း မောင်ကျောင်းသားတို့၏ အဖြေလွှာများကို စိတ်မပါ လက်မပါ စစ်ရပြန်လေ၏။ ပင်ပန်းလွန်းသော အခါမျိုးတွင် အလွန်တရာ နှစ်သက်စွဲလန်းသော ဆရာမြို့မငြိမ်း၏ သီချင်းများကိုပင် ဖွင့်၍နားထောင်ချင်စိတ် မရှိတော့ချေ။ ရှင်တော်ဘုရား ဟောတော်မူခဲ့သော “ ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော၊ အပိယေဟိ သမ္ပယောဂေါ ဒုက္ခော ” ( ချစ်သူနှင့်ကွေကွင်းခြင်းသည်လည်း ဒုက္ခ၊ မချစ်သူနှင့် ပေါင်းဖော်ရခြင်းသည်လည်း ဒုက္ခ ) ထိုနှစ်ပါးတွင် ပထမ ဒုက္ခသည် ပို၍ကြီးလေ၏။ အကြောင်းမှာ အိမ်မှုကိစ္စဟူသမျှတို့သည် မိမိခေါင်းပေါ်သို့သာ မညှာမတာ ကျသောကြောင့်ပင်တည်း။

ဆိုခဲ့သည့်အတိုင်း ယားလို့မှပင် မကုတ်နိုင်ရှာအောင် ချာလပတ်လည်နေရှာသော ဦးဟန်ကြည်ကို  မိတ်ဆွေတစ်ယောက်က ပွဲတစ်ပွဲတက်ရန်အတွက် ယနေ့ညနေက အားတက်သရော ဖိတ်မန္တက ပြုပြန်လေသည်။ အဘယ်ပွဲနည်းဟု ဦးဟန်ကြည်က စနည်းနာကြည့်လေရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းရန်အတွက် အလုပ်ရုံဆွေးနွေးပွဲဟု အဆိုပါမိတ်ဆွေက တက်တက်ကြွကြွပြောရှာလေ၏။ အဆိုပါပွဲသို့ တက်ရောက်အားပေးရန် ဦးဟန်ကြည်တစ်ယောက် စိတ်ပါလှသော်လည်း ကိုယ်ကားမပါနိုင်တော့ရှာလေ။ အနှီအသင်းအပင်း တာဝန်များလည်ပင်းသို့တက်လာချေသော် ဦးဟန်ကြည်၏ သင်ကြားရေးတာဝန်များ လစ်ဟင်း၍ တပည့်များ စာမေးပွဲကျရှာပေမည်။ လက်ရှိအောင်အောင်မြင်မြင် ဆောင်ရွက်နေသော ကိုယ်ပိုင် အမျိုးသားနိုင်ငံရေးကို စွန့်ပယ်၍ ပါတီနိုင်ငံရေးကို ဦးဟန်ကြည် မည်သို့လုပ်နိုင်ပါမည်နည်း။ ထိုမျှသာမကသေး မိမိတွင်ရှိသော လက်တစ်ဆုပ်စာ ကျောင်းသားများ၏ ဘ၀လမ်းကြောင်းအတွက်ပင် အကြိတ်အနယ် ခေါင်းဆောင်မှုပေးနေရသော သာမညောင်ည ဦးဟန်ကြည်တစ်ယောက် လူထုလူတန်းစားအားလုံးအတွက် ခေါင်းဆောင်မှုပေးနိုင်ရေးသည်ကား အိမ်မက်တွင်ပင် ဝေးလွန်းနေသေးပြန်သည်။

သို့ဖြစ်ပါသောကြောင့် အများလုပ်နေကြသော အလုပ်တွင် ဦးဟန်ကြည်တစ်ယောက် ရှေ့တန်းမှ မပါဝင်နိုင်ခြင်းကို စိတ်မကောင်းခြင်းကြီးစွာဖြင့် သက်ပြင်းကြီးများ အလီလီချ၍ အိမ်ရှင်ထီးဘ၀ဖြင့် နောက်ကွယ်မှသာ လက်ခုပ်တီးရင်း အိမ်ရှင်မပြန်လာမည့် နောက်လဆန်းကို မျှော်နေရှာပါကြောင်း ထမင်းအိုးတည်ရင်းကပင် ပို့စ်တစ်ပုဒ်ဖြစ်အောင် ရေးထုတ်လိုက်ရလေတော့သတည်း။         

၂၆ . ၁.၂၀၁၂
( ကြာသပတေးနေ့ )
ည ၉ နာရီ

( သိပ္ပံမောင်ဝ၏ အစမ်းစာများကို လွန်စွာမှနှစ်ခြိုက်စွဲလန်းသော ဦးဟန်ကြည်သည် အထက်က ပို့စ်ကို သိပ္ပံမောင်ဝ၏ အရေးအသားကိုမှီး၍ ဇွတ်ရော အတင်းပါ ဖျစ်ညှစ်ရေးပါသော်လည်း စာရေးသားခြင်း ပါရမီ အားနည်းရှာသောကြောင့် မဒိုးကန်၏ သရော်စာလောက်ပင် အရသာမရှိရှာလေ။ )

28 comments:

အောင်အောင် said...

စာတွေလည်းဖတ်သွားတယ်...member လည်းဝင်သွားပါတယ်...

Anonymous said...

မဒမ်ကဖတ်ပြီးရှေ့ လဆန်းအောင်တောင်မနေဘဲ ချက်ချင်းပြန်လာလိမ့်မယ် မယုံရင်ကြည့်

မိုးငွေ့...... said...

မဒမ်ဟန်ကြည်မရှိတဲ့ တစ်လတာဟာ ဆရာ့အတွက် တစ်နှစ်စာလောက်ကြာသွားမယ်ထင်တယ်...။ မဒမ်အမြန်ဆုံးပြန်ပြေးလာလိမ့်မယ် ဆရာများများသာငိုပြ...။

မိုးငွေ့...... said...

မဒမ်ဟန်ကြည်မရှိတဲ့ တစ်လတာဟာ ဆရာ့အတွက် တစ်နှစ်စာလောက်ကြာသွားမယ်ထင်တယ်...။ မဒမ်အမြန်ဆုံးပြန်ပြေးလာလိမ့်မယ် ဆရာများများသာငိုပြ...။

မေဓာဝီ said...

ဟိုရှေ့က ငူတူတူ
ဘယ်သူလဲမေး
အိပ်ရေးမ၀တာမို့
ငေးငိုင်ကာ တွေးမှိုင်ပါတဲ့
ဆရာဟန်တဲ့လေး ။

ဒီနားက ဂြီဂြီဂြမ္
ဘာသံလဲမေး
ဆရာဟန် မဒမ်မရှိတာမို့
အစာခံ ဗလာအကြံခက်တယ်
ဗိုက်ပြဿနာလေး။

ဦးဟန်ကြည်ရဲ့ ပို့စ်ဖတ်ပြီးမှပဲ လွမ်းရေးထက် ၀မ်းရေးခက်တာ သဘောပေါက် သွားပါကြောင်း ... ။ :)

တောက်ပကြယ်စင် said...

ဆရာပြာယာခတ်နေသည့်ပုံကို မြင်ယောင်နေမိပါရဲ့။ မဟေသီ မရှိတဲ့အခိုက် ကျောင်းသားနှစ်ယောက်သုံးယောက်ကို အိမ်ခေါ်ထားပြီး ကူခိုင်းလိုက်ပေါ့ဆရာရယ်။

ကိုရင် said...

ကြေးနန်း ရိုက်လိုက်ပါတော့လား..:D

မဒမ်ကိုး said...

ဟဟဟဟ ကြောက်ရင်ကြောက်တယ်ပေါ့
လွမ်းရင်လွမ်းတယ်ပေါ့ ဆြာရယ် ၀န်ခံလိုက်စမ်းဘာာား)

ကိုကိုမောင်(ပန်းရနံ့) said...

မဒမ်ကြည်လေး မြန်မြန်ပြန်လာအောင် ဓါတ်ရိုက် ဓါတ်ဆင် လုပ်ပေးရမလို ဖြစ်နေပြီ။ ဖတ်ရင်းနဲ့ ပုံထဲကအတိုင်း မြင်ယောင်လာလို့။း)

အမှန်က...
မဒမ်တစ်ယောက် သူ့တန်ဖိုးကို သူ့လင်တော်မောင် သိတတ်နားလည်တတ်အောင် ပညာပေးတဲ့အနေနဲ့ ရက်ရှည် ခွဲခွါနေပြပေးလိုက်တာ ဖြစ်ရမယ်။ ဟာ ဟ။

နေ၀သန် said...

:D.. မျက်စိထဲမြင်ယောင်နေတယ်.. .ဆရာဟန်ကြည့်ပုံကို... :D

ခင်မင်လျက်
နေ၀သန်

ahphyulay said...

အမယ်..
ငါ့ ဆရာရယ်၊ ထမင်းအိုးတည်ရင်းတောင်
တစ်ပုဒ်ရအောင်ရေးတော်မူနိုင်တယ်။
တော်ပါ့ ..။
အပေါ်ဆုံးက ပုံကို မြင်ရတော့ 
အတက် အဲ.. အသက်တောင် မနဲ ရှုခဲ့ 
ရပါတယ်။ “ ဘဝ ” ရဲ့  ချိုမြိန်ခြင်းဆိုတာ
ဒါပဲလားမသိ။ သူများပြောတာနော်..။

ခင်သော...

အဖြေးလူ။

ဆူးသစ် said...

အိမ်ထောင်ရဲ့ခံစားမှုဆိုတာ ကိုယ့်ရဲ့အဖော်မရှိရင်သိပ်သိသာတာမျိုးထင်ပါရဲ့ ကိုဟန်ကြည်။ ကျွန်တော့်မိန်းမ မြန်မာပြည်ကို ခဏပြန်တုန်းကလည်း အဲဒီလိုပဲ။ ကျွန်တော်ကတော့ ဆိုင်မှာပဲ ၀ယ်စားပစ်လိုက်တယ်ဗျာ။ တကယ်တော့ အိမ်ရှင်ထီးဖြစ်တာကို ဖွဲ့တာထက် အိမ်ထောင်ရှင်မကို လွမ်းတဲ့ အလွမ်းဖွဲ့လို့ပဲ ကျွန်တော်မြင်ပါတယ်။ အိမ်ထောင်သည်ဖြစ်လာမှ သည်လိုခံစားမှုကိုရတတ်တာမဟုတ်လား။ တကယ်တော့ သူလုပ်ခဲ့တာတွေ ကိုယ်လုပ်ရလို့၊သူ့ကိုလိုအပ်လို့ ဆိုတာမျိုးထက် သူ့ကို လွမ်းတာပါဗျာ။ ကိုဟန်ကြည် အဲဒါကို တမင် မြှုပ်ထားတယ်လို့ ထင်တာပါပဲ။ ဒါပေမဲ့ ကိုယ်ဇနီးကို လွမ်းတာတော့ ကျွန်တော်လည်း အိမ်ထောင်သည်တစ်ယောက်အနေနဲ့ ရောပြီးမျှဝေခံ စားပေးနိုင်ပါတယ်။ ကဲ-ကိုဟန်ကြည်ရဲ့ အမျိုးသမီး အမြန်ပြန်လာပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်.......ခင်တဲ့

ဆူးသစ်

kokoseinygn said...

စာဆုံးအောင်ဖတ်လိုက်တော့
ဆရာဟန်မိန်းမကိုဘယ်လောက်ချစ်သလဲဆိုတာ
အရမ်းသိသွားတယ်ဆရာ....
“လွမ်းတော်မူလို့ စာကိုစီအလွမ်းဆရာဦးဟန်ကြည်”

ညိမ်းနိုင် said...

ဟွင်း....ဟွင်း......ဒီမှဆရာ......၊မသိရင်ခက်မယ်နော်...
ဒါ ထမင်းဟင်းချက်ရတဲ့ ဒုက္ခကိုအကြောင်းပြပြီး မဒမ်ကြည်
ကို အမြန်ပြန်လာအောင် ဘလော့ကနေ ကြော်ငြာလိုက်တာ
မှတ်လား......၊ကြည့်ရတာတော့ ဆရာတစ်ယောက် ဆရာ
ကတော်ကိုအတော်လွမ်းနေပုံရတယ်........:D

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

း) မြင်ယောင်မိပါသေး၏ ဆြာရယ်း)း)

ကျန်းမာရေးဂရုစိုက်ဆြာ ဂလိုအလုပ်တွေရှုပ်ပေးနေတာကိုက လှုပ်လှုပ်ရှားရှားရှိသကိုးးး)း)

Aung Htut said...

ဦးဟန်ကြည် ပိုစ့်ကို ဖတ်ပြီးတော့ မျက်ရည်တောင် စို့သွားတယ်၊ ကိန္နရီ မောင်နှံလို ၇ ရက်ဝေးလို့ နှစ်ပေါင်း ၇၀၀ ငိုရမလို ဖြစ်နေပြီ.....

Candy said...

ဟဟဟ ခုမှ မဒမ်ဟန်ကြည်ရဲ့ တန်ဖိုးတွေ နားလည်နေတာ နားလည်နေတာ :P :P

အိမ်ရှင်ထီးကြီး ဦးဟန်ကြည် ဘာဟင်းတွေ ချက်စားလဲကျတော့ ရေးဘူး ဟိဟိ

မြစ်ကျိုးအင်း said...

တစ်ယောက် ကနေ နှစ်ယောက်ဖြစ်ပြီးမှ တစ်ယောက်ထဲ ပြန်ဖြစ်သွားတဲ့ ဒုက္ခတွေပေါ့ဆရာဟန်။

ကျနော်တို့လို လူပြိုဂျီးတွေပဲ ကောင်းတယ် :)

ကိုဇော် said...

ဆရာဟန့် စာကို ဖတ်ပြီးတော့ မန်းလေးက ဆရာဝန် စာရေးဆရာ ရေးတဲ့ ဝတ္ထုလေးကို သွားသတိရသဗျ။ ဘာပဲ ဖြစ်ဖြစ် မဒမ်ဟန်ကြည်ကလည်း သတိရနေမှာပါပဲ။ အားကျဒယ် . . . ဝေးနေရတာကိုတော့ မဟုတ် . .ဟားဟား။

blackroze said...

ဆြာရယ်
ဖစ်မှဖစ်ရလေ ဆြာရယ်..
သများဖတ်ရတာ
စိတ်မကောင်းလိုက်တာလေ...ဟီးးဟီးး
ဒါနဲ့စကားမစပ်
ဆြာ ပဲပုတ်လေးတော့မဒမ်ဟန် အတွက်
ချန်ထားပေးဦးနော်
မေ့မှာစိတ်ပူလို့ပါ

ဘိုမဲ(အပုန်းမကြီး)မလေးရှား said...

အန်ကယ်ကြည်လည်းပင်ပန်းလိုက်တာနော်
ဘိုမဲလာကူမယ်လေ

ခင်ခင်မင်မင်
ဘိုမဲ(အပုန်းမ)မလေးရှား

san htun said...

ကိုင်း..ကိုင်း..မဒမ်ကြည် အမြန်ဆုံးပြန်လာစေ...

အဖြူရောင်နတ်သမီး said...

အပေါ်က အကို အမ တို့က ဘာသိလို့တုန်း..
ဦးဟန်ကြည်ရယ်လေ..
ဟိုတနေ့က ဝက်အူချောင်းတွေတူးသွားတယ်သိလား..
မသနားနဲ့အုံး..။
အဲဒီနေ့က ဦးဟန်ကြည်ပေါ့..
မဒမ်ဟန်ကြည်နဲ့ အွန်လိုင်းမှာ အလွမ်းသယ်နေလို့ ဝက်အူချောင်းတွေ မီးသွေးဘဝရောက်သွားတာ..ဟိ
မယုံရင် ဦးဟန်ကြည်ကိုမေးကြည့်..ဟိ

Angelhlaing(May everybody be happy and healthy! said...

အတွေ့အကြုံလေးတွေ အသစ်ဆန်းရတာပေါ့ အကိုရ...:):) နောက်တစ်ခါ အိမ်ရှင်မကို ခရီးကြာကြာထွက်ဖို့ ပြောရမယ်...:P:P

mstint said...

ဦးဟန်ကြည်ရဲ့ပို့စ်ကိုမဖတ်ရသေးခင်သရုပ်ဖော်ပုံနဲ့
တင်လုံလောက်နေပါပြီး)) ပုံကိုကြည့်ပြီးရီမောတာအတော
မသတ်နိုင်ဖြစ်နေမိတယ်။
အိမ်ထောင်ရှင်မရဲ့တန်ဘိုးကို
အခုလောက်ဆို ဦးဟန်ကြည်တစ်ယောက်
သဘောပေါက်လောက်ပါပြီနော့။ ဖုန်းဆက်ခေါ်ပေးဆိုလည်းအားမနာနဲ့
တီတင့်ချက်ခြင်းခေါ်ပေးပါ့မယ်။
မကြည့်ရက်တော့လို့ပါကွယ်း))
မဒမ်ကြည်အမြန်ဆုံးပြန်လာနိုင်ပါစေလို့
(တောင်းဆုလေးပြောင်းပေးလိုက်တယ်း))

မေတ္တာဖြင့်
အန်တီတင့်

အလင်းသစ် said...

ဒါတွေ သိလို့ လူပျိုလေး လုပ်နေတာ..ဟီးးးးးးးးး။။။

sosegado said...

ကဲ မရှိရင် ဖြစ်တယ်လို့ ပြောရဲသလား

နွေတေးရှင် (မင်းဧရာ) said...

ဆရာ ပို့စ်ထဲမှာ ထည့်ထားတဲ့ပုံအတိုင်းပြေမြင်မိလို့ တွေးတွေးပြီးတော့ကိုရယ်နေရတယ်ဗျာ။
သူကြီးမင်းရဲ့ ကွန်မန့်ကလည်းတစ်မျိုး။

ဆရာ့ ရဲ့လွမ်တော့်မူလို့ စာကိုစီခြင်းကြောင့် ဆရာ့အမျိုးသမီး အပြေးရောက်လညပါလိမ့်မယ်။


ဝေါ....ဝေါ....ဝေါ.....
ဆရာ အလုပ်များတဲ့ကြားကဘဲ ဆရာ့ရဲ့ ထုံးအိုးထဲကို ကျွန်တော် ရေဖြည့်ပေးခဲ့တယ်နော် အားတဲ့အချိန်လေးကျရင် လိုက်တို့ပေးပါဦး
ဆရာ ထုံးအိုးထမ်းမလာတာကြာတော့ အိုးထဲမှာ ရေခမ်းနေသလားလို့ပါးးD။

ကြိုက်ရင်ပေါ့လေ . . .