၂၀၁၂ ရဲ့ ပထမဆုံး တဂ်စာဆိုပြီး
ဂျယ်ရီပစ်ပစ်မေးထားတဲ့ မေးခွန်းတွေကို သူများရဲ့ နောက်ဆုံးမှပဲ ဦးဟန်ကြည်ဖြေဖြစ်ပါတော့တယ်။ သူများပို့စ်တွေဖတ်ပြီး အတွေးလွန်နေရာက ကိုယ့်ပို့စ်ကျမှ အရေးကျွံသွားမှာလည်း စိုးရိမ်ပါသေးရဲ့။ ဘလော့ဂါအသိုင်းအ၀ိုင်းမှာ ပစ်ပစ်ကို CIA ပစ်ပစ်လို့ ခေါ်ကြပေသကိုး။ ဦးဟန်ကြည်က ရွှေပြည်ကြီးမှာ နေမင့်ဟာ။ အနှီ CIA ပုဂ္ဂိုလ်တွေကို ဘယ်ကြောက်လိမ့်တုန်း။ ဒါပေမယ့် သူ့တိုတိုနဲ့ ဖုန်းဆက်ရင်းနဲ့ ဂျယ်လီတွေကို သူ့ဗိုက်ထဲထိုးထိုးသွတ်တတ်တဲ့ ဂျယ်ရီပစ်ပစ်ဟာ “ စသုံးလုံး ” ဖြစ်နေမှာကိုတော့ ဦးဟန်ကြည်တစ်ယောက် ကြက်သီးရော ဘဲသီးပါမကျန်ထပြီး ကျောရောရင်ပတ်ပါစိမ့်အောင် လန့်ပါသတဲ့။
ဟုတ်သလေ…
“ စသုံးလုံး ” ဆိုတာက “ စပ်စုစိန် ” ကိုခေါ်တယ် မဟုတ်ပါလား။
“ စသုံးလုံး ” တင်အားမရသေးဘဲ “ စငါးလုံး ” ဖြစ်ခဲ့ရင်တော့ သတိသာထားပေရော့ ဘလော့ဂါအပေါင်း သူတော်ကောင်းတို့ရေ။
“ စငါးလုံး ” ဆိုတာတော့ “ စပ်စုစွာစိစိန် ” ပါတဲ့။
ကိုင်း “ သုံးလုံး ” လား “ ငါးလုံးလား ” မသဲကွဲတဲ့ ဒေါ်ဂျယ်ရီပစ်ပစ်ရေ မေးသမျှဖြေမည် ဦးဟန်ကြည်တစ်ယောက် မေးကြည့်ဖြေကြည့် ပဟေဠိကို အောက်မှာပဲ အဖြေညှိလိုက်ပါပြီတဲ့ဗျား…
အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ…
၆ နာရီထိုးရင် စာသင်ချိန်စမှာမို့ ၅ နာရီခွဲလောက်မှာ တဂွမ်ဂွမ်ထမြည်တဲ့ ဖုန်းနှိုးစက်ကို ၅ မိနစ် snooze လေးခါလောက်လုပ်ပါတယ်။ ပြီးရင် မျက်စိကို ခြွေတာရေးအဖြစ် မြင်နိုင်ရုံလောက်ပဲဖွင့်ပြီး ရေခဲသေတ္တာထဲက ရေအေးအေးကြီးကို တဂွပ်ဂွပ်သောက်ပါတယ်။ ပြီးရင် အိမ်ထက်သာရမယ့်နေရာကို သွားပြီး အိပ်မက်လိုလို ဘာလိုလို ၀ိုးတို့ဝါးတားမှေးရင်း ပါတော်မူပါတယ်။ ပါတော်မူရင်း ငိုက်ရတဲ့ စည်းစိမ်ကလည်း ဦးဟန်ကြည်အတွက် မနက်ခင်းရဲ့ ကျက်သရေတစ်ခု ဖြစ်ပါကြောင်း ဒေါ်ပစ်ပစ်ရေ။
မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ…
အစားက လူနဲ့တည့်တယ်မဟုတ်လား ဒေါ်ပစ်ပစ်ရယ်။ မေးမှမေးရက်ပလေ။ မနက်စာပဲဖြစ်ဖြစ် နေ့လည်စာပဲဖြစ်ဖြစ် ညစာပဲဖြစ်ဖြစ် စားလို့ကောင်းတာဟူသမျှကို စားရတာ ကြိုက်ပါသတဲ့။ အသားထဲမှာ “ လူသား၊ သစ်သား ”၊ အရွက်ထဲမှာ “ စာရွက် ”၊ အသီးထဲမှာ “ ပဒိုင်းသီး၊ မီးသီး၊ ဂေါက်သီး ” စတာတွေကိုတော့ ဦးဟန်ကြည် ဝေရာမဏိလုပ်ပါရဲ့။ ဖြစ်များဖြစ်နိုင်ခဲ့မယ်ဆိုရင်တော့ ဟိုးအရင် ကလေးဘ၀ကလို ထမင်းပူပူလေးကို ဆီဆမ်းပြီး မတ်ပဲဘယာကြော်ကလေးကို တစ်ဖဲ့ဖဲ့၊ ကြက်သွန်ဖြူကလေးတစ်ကိုက်ကိုက်၊ နံနံပင်ကလေးကို ထမင်းထဲမှာမြှုပ်ပြီး စားချင်ပေသပေါ့။ ဒါမှမဟုတ်ရင်လည်း ထမင်းရည်ပူပူလေးထဲမှာ ကြက်သွန်ခြောက်ကြော်ကလေးထည့်၊ ကြက်သွန်ဖြူဆီချက်ကလေး ပါလေရုံ တစ်ချက်ဝေ့၊ မတ်ပဲဘယာကြော်ကလေးတွေ ချေပြီးထည့်၊ နံနံပင်ကလေးတွေထည့် ဆားကလေးအနေတော်ခပ်ပြီး သောက်ချင်တာပါပဲ။
လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့ မနက်စာ...
မနက်လင်းပြီဆိုကတည်းက အာပြဲပြီး တံတွေးတစ်ပိဿာလောက်ကုန်အောင် ဟစ်ဟစ်အော်ရင်း စာသင်နေရတဲ့ ဦးဟန်ကြည်ရဲ့ မနက်စာကိုတော့ ကျောင်းသားမိဘများက အလျဉ်းသင့်ရာကို စီစဉ်ပေးကြတာမို့ လောလောဆယ်မှာတော့ ဘရိတ်ဖတ်အဖြစ် ပို့ဆွမ်း၊ သဒ္ဓါဆွမ်းပဲ မနက်ခင်းတိုင်း ဘုဉ်းပေးနေရပါကြောင်း။
နေ့လည်စာကို ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ…
ကြယ်ငါးပွင့်အဆင့်ရှိတဲ့ Hilton Hotel ပေါ်မှာ ကာဗီးယားငါးဥလေးတစ်ကိုက်ကိုက်လိုက် Hennessy လေးတစ်ငုံငုံလိုက်နဲ့ စိတ်အေးလက်အေးလေး ဒင်နာတီးချင်ပေသပေါ့။ အဲသလို ဒင်နာတီးဖို့အရေးက အပြင်မှာမနီးပေလို့ ရင်နာပြီးဖြေရရင်တော့ ဖင်မှာချီးပေ (ဟုတ်ပေါင်…ကာရန်နောက်လိုက်ရင်း ဘေးချော်ကုန်ပြီ..) အကြင်နာအသီးတွေနဲ့ အစဉ်သာအငြီးပြေစေတဲ့ ဇနီးမေကိုလက်ဝဲမှာထားပြီး ပွဲတော်တည်ရတာကို ကြိုက်နှစ်သက်ပါကြောင်း။
အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ......
အိမ်ကနေ လှမ်းပို့ပေးလို့ နောက်နှစ်ရက်ဆိုရင် ရောက်လာမယ့် ပါဆယ်ထဲက ပဲငါးပိပြားကြော်ကလေးရယ်၊ အညာဝက်အူချောင်း အဆစ်ကလေးတွေရယ်ကို အခုစာရေးနေရင်းတောင် မျက်စိထဲမှာ မြင်ယောင်နေပါသတဲ့။ ရွှေရောင်ဝင်းအိနေတဲ့ ဦးဟန်ကြည်တို့ဒေသထွက် နံမည်ကျော်ပဲငါးပိကို မစားရတာကလည်း ၁၀ နှစ်နီးပါးရှိသွားပြီ မဟုတ်ပါလား။ ကြုံတုန်းမှာ ကြော်ငြာဝင်ရရင်ဖြင့် ကျန်တဲ့ဒေသက ပဲငါးပိတွေက အစေ့ကြီးကြီး၊ အရောင်ညစ်ညစ်နဲ့ ငံလွန်းပေမယ့် ဦးဟန်ကြည်တို့ရဲ့ ပဲငါးပိက ရွှေဝါရောင်ပြေပြေနဲ့ မငန်လွန်းဘဲ အင်မတန်အရသာရှိပါတယ်။ သူ့ချည်းပဲ ချက်စားရင်တောင် အရောင်အဆင်းက မက်စရာကောင်းလောက်အောင် စိုပြည်လွန်းပါရဲ့။ အနှီပဲငါးပိကို ၀က်သားလေးနဲ့သာ ရောပြီးချက်လိုက်ရင်ဖြင့် ၀က်သားအဆီနဲ့ ပဲငါးပိအငံ သမူဟဖြစ်သွားတာမို့ အနှီဟင်းကို ထမင်းလေးနဲ့သာ နယ်ဖတ်ပြီး အုပ်လိုက်ရရင် ( အင်း…တွေးရင်းနဲ့တောင် သွားရည်ကျလာပြီ ) အနီးအနားက ဇနီးမယားကိုတောင် ယာယီမေ့လောက်ပါရဲ့။
ပဲငါးပိကို အစိုအတိုင်းမစားဘဲ ကြက်သွန်နီဓားပြားရိုက်ကလေး ပါလေရုံရော၊ လက်နှစ်သစ်ပတ်လည် အပြားဝိုင်းကလေးတွေလုပ်၊ တစ်နေနှစ်နေလောက်ပြပြီး အခြောက်လှမ်းသိမ်းထား။ စားချင်တဲ့ အချိန်ကျရင် မီးကင်ပြီးဖြစ်ဖြစ်၊ ကြော်ပြီးတော့ပဲဖြစ်ဖြစ် ထမင်းဆီဆမ်းကလေးနဲ့ လွေးလိုက်ရရင် ( သွားရည် ထပ်ကျလာပြန်ပြီ ) အင်မတန်မှ နိပ်ပါသတဲ့။ သူ့ချည်းပဲ ကြော်မစားချင်ရင်လည်း ပဲငါးပိပြားခြောက်တွေကို ချိုးချေ၊ ကြက်သွန်နီ ငရုတ်သီးနဲ့ ရောကြော်ပြီး ပုလင်းထဲထည့်ပိတ်ထား ဗိုက်ဆာတိုင်းလည်း နှိုက်စားလို့ရပါသေးသတဲ့။
ဝက်အူချောင်းရဲ့ ကောင်းခြင်းတွေကိုတော့ ကိုယ့်သွားရည်ကို နှမြောတာက တစ်ကြောင်း ၀က်အူချောင်းမြင်တာနဲ့တင် လေပျို့တတ်တဲ့ မိတ်ဆွေများကို အားနာတာတစ်ကြောင်းကြောင့်
( ၀က်အူချောင်းကို ယမကာနဲ့ မြည်းတဲ့ပစ္စည်းလို့ မြင်တဲ့လူက မြင်ကြပေသကိုး ) ပလီပလာဖွဲ့နွဲ့လို့ ဋီကာမချဲ့တော့ပါကြောင်း။
အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက် သောက်ပါသလဲ.....
သူများတကာတွေ တကော်ထဲကော် တဖီထဲဖီနေပေမယ့် ရေငန်သောက်၊ မြက်ခြောက်စားတဲ့ အညာသားဦးဟန်ကြည်ခမျာ ကော်ဖီသောက်ရင် ရင်တုန်လွန်းတာကြောင့် ဝေရာမဏိလုပ်ထားရတာ နှစ်နှစ်ရှိပါပြီ။ ကလေးပီပီ အားရှိမယ့် အိုဗာတင်းကိုပဲ တစ်နေ့တစ်ခွက် ဖျော်သောက်ပါကြောင်း။
ညနေစာကိုဘယ်မှာစားတတ်ပါလဲ.....
အများအားဖြင့်တော့ အိမ်မှာပဲ စားရပေသပေါ့။ စိတ်လိုလက်ရရှိတဲ့ အခါမျိုးမှာတော့ အပြင်ထွက်ပြီး စားဖြစ်ပါရဲ့။ တစ်ခါတစ်လေကျပြန်ရင်လည်း ဆိုင်ကနေ ဟင်းဝယ်လာပြီး အိမ်မှာပဲ စားဖြစ်ပါတယ်။
ညနေစာစားရင်းနဲ့ အများဆုံးစဉ်းစားဖြစ်တတ်တဲ့ အကြောင်းအရာ......
စာအုပ်ဖတ်ရင်း ထမင်းစားကျင့်ရှိတာမို့ စာအုပ်ထဲက အကြောင်းအရာကိုပဲ စဉ်းစားဖြစ်တာ များပါတယ်။ တစ်ခါတစ်လေကျရင် ရုပ်ရှင်ကြည့်ရင်း စားဖြစ်တာမို့ ရုပ်ရှင်ဇာတ်ကားထဲမှာ စိတ်ရောက်သွားပြီး စားနေတဲ့ ထမင်းအရသာတောင် မသိလိုက်တဲ့ အကြိမ်ပေါင်းက ခပ်များများပါ။
အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်.....
တစ်နေ့စာသင်လိုက်တဲ့ သင်ခန်းစာတွေကို ပြန်စဉ်းစားရင်း၊ ချစ်ဖွယ်မက်ဖွယ်ကောင်းလှပေထသော တပည့်ဖွတ်ကြားလေးတွေကို လူဖြစ်အောင် ဘယ်နည်းဗျူဟာ၊ ဘယ်မဟာဗျူဟာတွေနဲ့ သင်ရမယ်ဆိုတာတွေကို စိတ်ကူးရင်း စိတ်က အလုပ်ထဲမှာပဲ ကျန်နေရစ်တတ်တာမို့ အလုပ်ဆင်းချိန်နဲ့ အလုပ်ချိန်ဟာ လေကုန်သက်သာတာတစ်ခုကလွဲလို့ စိတ်ခံစားချက်ချင်းက ထူးမခြားနားပဲ ရှိတတ်ပါတယ်။
အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ......
ဦးဟန်ကြည်ရဲ့ အိမ်ပြန်ချိန်က တစ်ရက်မှာ နှစ်ခါရှိပါတယ်။ နေ့လည် ၁၂ နာရီထိုးလို့ အိမ်ပြန်လာရင် ပက်လက်ကုလားထိုင်ပေါ် ပစ်ထိုင်ချပြီး မျက်စိတွေအသာမှိတ်လို့ ပူလောင်နေတဲ့ စိတ်တွေကို ခဏလောက် ငြိမ်းချမ်းရေးရအောင် ကြိုးစားပါတယ်။ ည ၇ နာရီထိုးလို့ အိမ်ပြန်ရောက်တဲ့ အချိန်မှာတော့ အိမ်ရှင်မနဲ့အတူ အပြင်ပြန်ထွက်ပြီး လေကောင်းလေသန့်ရှူကြဖို့ စိုင်းပြင်းရပါသတဲ့။
ဒုတိယလုပ်မိတာလေး....
နားပြီးရင်တော့ မလုပ်ချင်ဘဲ လုပ်နေရတဲ့ ထမင်းစားခြင်း အလုပ်ကို လုပ်ရပါလေရော။
ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား....
ကော်ဖီ…သားသားကြောက်ကြောက်…
ညအိပ်ယာထဲဝင်ဝင်ချင်းအချိန်မှာ ဘာအရင်ဆုံးလုပ်ပါသလဲ.....
မျက်စိမှိတ်လိုက်ပါရော။
အိပ်မပျော်တဲ့ညတွေမှာ ဘာလုပ်သလဲ......
စာကြည့်မီးဖွင့်ပြီး အိပ်ရာဘေးမှာ ပုံနေတဲ့ စာအုပ်ပုံထဲက လက်သင့်တဲ့တစ်အုပ်ကို ဆွဲယူပြီးဖတ်ပါတယ်။ တစ်ခါတစ်ခါမှာ အဲဒီလိုဖတ်ရင်းနဲ့ပဲ မိုးလင်းသွားတတ်ပါသေးရဲ့။
တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး စိတ်အားငယ်တဲ့အခါမျိုးတွေမှာ ဘာလုပ်တတ်သလဲ.......
ဆေးကုတဲ့အချိန်တုန်းက လူ့အသက်တွေကို တာဝန်ယူခဲ့ရပြီး၊ စာသင်တဲ့အချိန်မှာ လူ့ဘ၀တွေကို တာဝန်ယူထားရတာမို့ နေ့စဉ်နဲ့အမျှ ဖိစီးမှုတွေ ခံစားရပါရဲ့။ ကြာလာတော့လည်း ထုလေမာလေ ငါးဖယ်တေ ဖြစ်ပြီး ဖိအားတွေအောက်မှာ နေသားကျသွားတာမို့ ဖိအားမရှိရင် ပေါ့ရွှတ်ရွှတ် ဟာတာတာနဲ့ နေလို့ထိုင်လို့ မကောင်းချင်ပါ။ စိတ်ဓာတ်ဘုန်းဘုန်းကျတာမျိုး ဖြစ်ခဲပေမယ့် အထိုက်အလျှောက် စိတ်ဓာတ်ကျတဲ့ အခါမျိုးမှာတော့ ဟာသစာအုပ်တွေဖတ်၊ ဟာသကားတွေကြည့်ပြီး အာရုံပြောင်းပါတယ်။ စနေ၊ တနင်္ဂနွေလို နေ့မျိုးမှာ စိတ်ဓာတ်ကျရင်တော့ ဘောလုံးပွဲရှေ့မှာထိုင်ပြီး တီဗီထဲကနေ ကိုယ့်ကိုဘာမှပြန်မလုပ်နိုင်တဲ့ ကမ္ဘာကျော်ဘောလုံးသမားတွေကို ကြိမ်းလိုက်မောင်းလိုက် လုပ်ပါတယ်။
အပြင်သွားတဲ့အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း........
မျက်မှန်။
လှချင်လို့ တပ်တာတော့ မဟုတ်ရပါ။ ပူလွန်းလောင်လွန်းတဲ့ နေရောင်ခြည်ကြောင့် မျက်လုံးထိခိုက်မှာစိုးတာကြောင့် ဒါလေးနဲ့လုပ်စားရမယ့် အဖိုးတန်ဘတ်သီးလေးနှစ်လုံးကို ကောင်းကောင်းမွန်မွန် ကာဗာပေးရခြင်း ဖြစ်ပါသတဲ့။
မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသူ......
ဦးဟန်ကြည်တို့ မိသားစုမှာ ပြေးကြည့်မှ လင်ကိုယ်မယား နှစ်ယောက်တည်း ရှိတာရယ်။ သူ့မှမချစ်ရင် ဘယ်သူ့သွားချစ်လို့ ရပါလိမ့်တုန်းဗျာ။
သူစိမ်းတွေအထဲမှာ မိမိအယုံကြည်ရဆုံးသူ......
ကိုယ်ကကြူး၊ ကိုယ့်ဒူးတောင်မယုံရတဲ့ ဟောဒီဒွန္တယာကြီးမှာ သူများကို အကြွင်းမဲ့ ယုံဖို့ဆိုတာတော့ မိုက်မဲလွန်းတယ်လို့ ယူဆပါရဲ့။
အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ.......
ခင်ရုံတင်ဘယ်ကမလဲ၊ ချစ်ရပေသပေါ့။ တစ်ယောက်တောင်မကဘူး၊ တစ်ပုံကြီးရှိပါရဲ့။ အနှီကျောင်းသားတွေကို ချစ်လွန်းလို့ အနှီအလုပ်ကြီးကို ဦးဟန်ကြည် အနှီလောက်တောင် ခင်တွယ်နေတာရယ်။
ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု....
တော်လှန်ရေးကာလ၊ ဘ၀အစတုန်းက ၀ယ်ထားတဲ့ စက်ဘီးအိုကလေးတစ်စီးပါ။ အဲဒီစက်ဘီးကလေးကို အိပ်ရာဘေးမှာ ထောင်ထားပြီး ဘ၀င်မြင့်၊ ဘ၀မေ့မယ်ကြံတိုင်း၊ စိတ်ကြီးဝင်မယ်ကြံတိုင်းမှာ စက်ဘီးကလေးကို ကိုင်ကြည့်ပြီး ကိုယ့်ကိုယ်ကို ပြန်ပြန်ဆုံးမဖြစ်ပါတယ်။
လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု.....
ကော်တရာ ကပ်စေးနှဲ ၊ အင်မတန်မှ လက်ပေါက်ကပ်လွန်းတဲ့ အဘိုးဖြစ်သူ ပေးခဲ့တဲ့ ဖလံထည် flannel အနွေးအင်္ကျံကလေးပါ။ ဦးဟန်ကြည် ဆယ်တန်းကျောင်းသားဘ၀က ပေးခဲ့တာမို့ အခုဆိုရင် နှစ်ပေါင်းများစွာ ကြာနေပါပြီ။ အဘိုးရဲ့ဘ၀သက်တန်းတစ်လျှောက်လုံးမှာ သားဖြစ်တဲ့ ဦးဟန်ကြည်ရဲ့ဖေဖေကို ဘာတစ်ခုမှ ၀ယ်မပေးခဲ့ဖူးတဲ့အကြောင်း သိကြရင် အနှီဈေးပေါပေါ၊ ခပ်ချာချာ အနွေးထည်ကလေးကို ဦးဟန်ကြည်တစ်ယောက် ဘာကြောင့်များ အင်မတန်တန်ဖိုးထားရတယ်ဆိုတာ သိနိုင်ကောင်းပါရဲ့။
ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ......
ဦးဟန်ကြည်ရဲ့ မေမေနဲ့ ဖေဖေပါ။ ဦးဟန်ကြည်အပေါ်မှာ ယုံကြည်စိတ်ချမှုလည်း အပြည့်ရှိသူတွေ ဖြစ်ပါရဲ့။
အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ......
အခုလေးတင်ပဲ ခရီးထွက်သွားတဲ့ အိမ်ရှင်မ လမ်းခရီးမှာ အစစအရာရာ အဆင်ပြေချောမွေ့စေချင်တာပါပဲ။
ဒါတင်မကသေးဘဲ လွန်ခဲ့တဲ့ ၃ ရက်နေ့က စာတိုက်ကနေ ပို့ထားတဲ့ မိဘတွေအတွက် ကန်တော့ပစ္စည်း၊ လက်ဆောင်ပစ္စည်းတွေကိုလည်း မိဘတွေလက်ထဲကို ဘေးမသီရန်မခ ရောက်စေချင်ပါသေးရဲ့။
မြ၀တီရုပ်သံမှာ တစ်ပတ်တစ်ခါ ပြနေတဲ့ အနုပညာရှင်၏ တစ်နေ့တာကို အားကျတာကြောင့် ဒီတဂ်ပို့စ်ကို “ အကြမ်းပညာရှင်ရဲ့ တစ်နေ့တာ ” လို့ ခေါင်းစဉ်ပေးလိုက်ပါတယ်။ မနက်မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်ကတည်းက ကျောင်းသားတွေနဲ့ နပမ်းလုံးနေရတာမို့ ချော့လိုက်၊ ခြောက်လိုက်၊ ငေါက်လိုက်၊ ငမ်းလိုက်၊ ဆူလိုက်၊ ရိုက်လိုက် လုပ်နေရပါတဲ့ ကိုယ့်ကိုယ်ကို အကြမ်းပညာရှင်လို့ ဦးဟန်ကြည်က ယူဆထားပါသတတ်။ အနှီတော့လည်း ဦးဟန်ကြည်ရဲ့ တစ်နေ့တာဟာ အကြမ်းပညာရှင်ရဲ့ တစ်နေ့တာ ဖြစ်ခြင်းမလှ ဖြစ်ပါလေရော စာချစ်သူ။ ။
12 January 2012 05:08
ကလေးပီပီ အိုဗာတင်းသောက်လိုက် လူကြီးပီပီ ဘီယာလေးငုံလိုက် လုပ်ပြီး "နေ့လည်စာ"ကို ဟီလ်တန်ဟိုတယ်မှာ "ဒင်နာ" အဖြစ်တီးချင်တဲ့ ဦးဟန်ကြည်ရဲ့ တက်ဂ်ပို့စ်က ဖတ်လို့ဖြင့် အင်မတန် ကောင်းလှပါကြောင်း။
ဒေသထွက် ပဲငပိကြော်ငြာကောင်းလို့ မြည်းချင်စိတ်များ တဖွားဖွား ပေါ်နေပါကြောင်း။