Saturday, 21 January 2012

အထင်နဲ့ အမြင် . . .

ဦးဟန်ကြည်တစ်ယောက် 
လွန်ခဲ့တဲ့ ဇန်န၀ါရီလ သုံးရက်နေ့က မိဘတွေအတွက် ကန်တော့ပစ္စည်းတွေ၊ လက်ဆောင်ပစ္စည်းတွေကို အများသိတော်မူကြတဲ့အတိုင်းပဲ ဆက်စာကြေးကနေ ပါဆယ်ထုပ်ပြီး ပို့လိုက်ပါတယ်။ ပို့ပြီးတဲ့နေ့မှာတင် စိတ်ဆင်းရဲခြင်းကြီးစွာဖြစ်ပြီး တစ်ရက်မှ စားမ၀င်အိပ်မပျော်ရှာပါ။ လမ်းမှာများပျောက်ခဲ့ရင် ငါးပါးမှောက်ရချေရဲ့ဆိုတဲ့ အတွေးဆိုးတွေ မီးခိုးမဆုံး၊ မိုးမဆုံးတွေးနေဖြစ်ပြီး နေ့ရှိသရွေ့ ပူပူပန်ပန်ဖြစ်နေခဲ့ပါသတဲ့။ အိမ်ရှင်မကိုယ်တိုင် ရန်ကုန်ဆင်းပြီး ခရီးသည်တင်ကားကြုံနဲ့ ၉ ရက်နေ့က ပို့လိုက်တဲ့ မီးဖိုဆောင်သုံးပစ္စည်းတွေက ၁၀ ရက်နေ့မနက်မှာ အိမ်ကို ချောချောမောမော ရောက်သွားတဲ့သတင်း ကြားရတာကလည်း ဆက်စာကြေးကနေ ပို့လိုက်မိတာ မှားလေခြင်းဆိုတဲ့ အတွေးဆိုးကြီးကို မီးထိုးပေးပြန်ပါသေးတယ်။

ပစ္စည်းတွေပို့ရင်းနဲ့ သူ့မိဘတွေဆီကို အလည်အပတ်ပြန်သွားတဲ့ အိမ်ရှင်မခမျာလည်း ဦးဟန်ကြည်ဆီကို ဖုန်းဆက်တိုင်းမှာ ပစ္စည်းတွေ ရောက်မရောက်ကို တပူပူတပင်ပင်နဲ့ မေးရှာပါတယ်။ အိမ်ကိုဖုန်းဆက်ပြီး မေးပြန်တော့လည်း ပစ္စည်းတွေက မရောက်သေးပြန်တာကြောင့် ဦးဟန်ကြည်ခမျာ ငပိကိုင်မိထားတဲ့ မျောက်လို နေမထိ၊ ထိုင်မသာနဲ့ ပူစပ်ပူလောင်ကြီး ခံစားရပါရောလား။ အိမ်ရှင်မနဲ့ စကားပြောဖို့ ဂျီတော့ခ်ပေါ်ကို တက်ပြန်ရင်လည်း လိုင်းပေါ်က မိတ်ဆွေများက “ ဆရာ့အထုပ်ကြီး ရောက်သွားပြီလား ” လို့ တမေးတည်း မေးကြပြန်ပါတယ်။ ဖဘကို ၀င်မိပြန်ရင်လည်း မိတ်ဆွေတွေက မေးကြပြန်ပါသေးတယ်။ စိုးရိမ်ခင်မင်စိတ်နဲ့ မေးကြမြန်းကြတာဖြစ်ပေမယ့် သူရို့မေးမှပဲ ဦးဟန်ကြည်ခမျာမှာ စိုးရိမ်မှု ဒီဂရီက ပိုပိုတက်လာပါလေရော။

ဒီကြားထဲမှာ အိမ်ရှင်မ ခရီးသွားနေတာကြောင့် ချက်ရေးပြုတ်ရေးကိုပါ ကိုယ်တိုင်ကြဲနေရပြန်တာကြောင့် အလုပ်တစ်ဖက်နဲ့ ချာလပတ်က ရမ်းနေပြန်ပါသေးတယ်။ မိဘတွေကျေးဇူးနဲ့ ခပ်ငယ်ငယ်ကတည်းက ထမင်းဟင်း ကောင်းကောင်းချက်တတ်ပေမယ့် လက်တွေ့နဲ့ကင်းကွာနေတာ ဆယ်စုနှစ်တစ်နှစ်ကျော်ခဲ့ပြီမို့ နဖူးတွေ့ဒူးတွေ့ ပြန်ချက်တဲ့အခါမှာတော့ ဒုက္ခနဲ့ လှလှ ကောင်းကောင်းတွေ့ကြပြီး လှလှတောင် အိမ်ပြန်ပြေးရပါလေရောလား။ ဆန်တစ်ဗူးကို ရေတစ်ဗူးခွဲနှုန်းဆိုတဲ့ စာအုပ်ကြီးထဲက အချိုးအစားအတိုင်း ချက်ထည့်လိုက်တဲ့ ပထမဆုံးထမင်းအိုးက မီးခြစ်ကျောက်ဖြစ်သွားပါတယ်။ ရေနည်းနည်း ပိုထည့်မိတဲ့ ဒုတိယမြောက်လက်ရာက ကော်ဖြစ်သွားပြန်ပါလေရော။ ဦးဟန်ကြည်တို့ ထင်တိုင်းကြဲပြီး လက်စွမ်းပြနေတာကို ဆန်တစ်မျိုးတည်းကနေ ထမင်း၊ ယာဂု၊ မုန့်ကြွပ် သုံးမျိုးရအောင် ချက်နိုင်စွမ်းတဲ့ အမရာတောင် ငိုလောက်ပါပေရဲ့။ ခေတ်မီတိုးတက်လာတဲ့ ဒီဘက်ခေတ်ကြီးကျေးဇူးကြောင့် လျှပ်စစ်ထမင်းပေါင်းအိုးနဲ့ ချက်ရပေလို့သာ တစ်ခါချက်ရင် တစ်မျိုးထွက်လာတာ ၀မ်းသာရပါဦးမယ်။ တကယ်လို့သာ ထင်း၊ မီးသွေးတွေနဲ့သာ ချက်ရရင်ဖြင့် ပသေနဒီကောသလမင်းရဲ့ အိပ်မက် ၁၆ ချက်ထဲကလို ထမင်းတစ်အိုးကနေ ပျော့၊ မာ၊ ပုံမှန် သုံးမျိုးလုံးများ ထွက်နေမလား မသိတော့ပါ။

ထမင်းအိုးကလေး တစ်အိုးကို မဖြစ်ညစ်ကျယ် နေ့တိုင်းချက်ပြီး အိမ်ကနေ ကားကြုံနဲ့လှမ်းပို့လိုက်တဲ့ ၀ါဝါ၀င်းဝင်းပဲငါးပိကို အနပ်တိုင်းချက်၊ ၀က်အူချောင်းကို အနပ်တိုင်းကြော်၊ မုန်ညင်းချဉ်ကို အနပ်တိုင်းသုပ်ပြီး ပဲရေပွကြော်တစ်လှည့် ပဲခြမ်းကြော်တစ်လှည့်နဲ့ နေ့တိုင်းလွေးနေပါတဲ့ ဦးဟန်ကြည်ကို ချစ်လှစွာသော အိမ်ရှင်မက စိုးရိမ်တကြီးနဲ့ တခြားဟင်းပြောင်းချက်ပါဦးလားလို့ မကြာမကြာ သတိပေးရှာပါတယ်။ အမှန်တော့ လူကို စိုးရိမ်တာ ဟုတ်မယ်မထင်ပါ။ သူ့အတွက် ပဲငါးပိ မကျန်တော့မှာ စိုးရိမ်ဟန်တူပါရဲ့။ ( ဒီပို့စ်ကို အိမ်ရှင်မ မဖတ်မိပါစေနဲ့လို့ ဆုတောင်းရတော့မှာပဲ … ရေးရင်းနဲ့ ဗိုက်ခေါက်ယားပါဘိတော့တယ် ) မိန်းမရိုသေ အသက်ရှည်ဆိုတဲ့ ရှေးထုံးဟောင်းကို ခေါင်းထက်မှာ ရွက်ထားပါတဲ့ ဦးဟန်ကြည်ခမျာလည်း ပဲငါးပိပြားအခြောက်ထုပ်နှစ်ထုပ်ကို လက်ဖျားနဲ့တောင် မတို့ရဲဘဲ အိမ်ရှင်မအတွက် ဦးဖယ်ထားရပါသတဲ့။ ဒါပေမယ့် ပဲငါးပိအစိုတွေ ကုန်ရင်တော့လည်း ဦးဖယ်ထားတဲ့ ပဲငါးပိပြားခြောက် ပမာဏက တဖြည်းဖြည်း နည်းလိုက်လာမှာတော့ မြင်ယောင်ပါသေးတယ်။
 
မိဘတွေ ကောင်းမှုနဲ့ အနှီလို ဒေသထွက် အစာအာဟာရကောင်းတွေကို ဦးဟန်ကြည်တစ်ယောက် နေ့စဉ်နဲ့အမျှ မှီဝဲနေရလေလေ မိဘတွေအတွက် ရည်စူးထားတဲ့ ပစ္စည်းထုပ်ကြီး လမ်းမှာပျောက်မှာ စိုးရိမ်လာလေလေ ဖြစ်လာပါတော့တယ်။ စိုးရိမ်ရင်း စိုးရိမ်ရင်းကနေ ရေခဲသေတ္တာဖွင့်လိုက်လို့ ပဲငါးပိတွေ၊ ခရမ်းသီးခြောက်တွေမြင်တိုင်း ကျေးဇူးရှင် ဆက်စာကြေးကို ရိုးရိုးတစ်မျိုး၊ ဆန်းဆန်းတစ်ဖုံ နေ့စဉ်နဲ့အမျှ မေတ္တာတွေ အလီလီပွားမိတဲ့အထိ ဖြစ်ပါလေရော။ ရိုးရိုးမေတ္တာပို့နည်းကတော့ ရှင်တော်ဘုရားဟောတော်မူခဲ့တဲ့အတိုင်း -
“ သဗ္ဗေသတ္တာ
 အဝေရာ ဟောန္တု၊
အဗျာပဇ္ဈာ ဟောန္တု၊
အနီဃာ ဟောန္တု၊
သုခိအတ္တာနံ၊ ပရိဟရန္တု ”
လို့ ပို့ပေမယ့် မေတ္တာဆန်းဆန်းပို့နည်းကတော့ စိတ်ထဲမှာ ကြိတ်မနိုင်ခဲမရနဲ့ ဒေါသတွေ အတောင့်လိုက်၊ အချောင်းလိုက် လုံးခနဲ၊ ခဲကနဲ ထွက်လာတိုင်းမှာ ပါးစပ်က အော်တိုထွက်လာတဲ့ ဝေါဟာရဆန်းတွေနဲ့ အားပါးတရ ကြုံးကြုံးပြီးပို့တဲ့ မေတ္တာပို့နည်း ဖြစ်ပါသတဲ့။ ( အနှီ မေတ္တာဆန်းဆန်းပို့နည်းမှာ ကျကျနန သုံးစွဲတဲ့ စကားလုံး ဝေါဟာရတွေကို ဒီပို့စ်ထဲမှာ ထည့်ရေးရင် ဂမ္မဒေါသ သင့်မှာစိုးရတာကြောင့် ထည့်မရေးတော့တာ နားလည်ခွင့်လွှတ်တော်မူကြကုန် )

အဲဒီလို မေတ္တာပို့ရုံတင်မကသေးဘဲ ဆက်စာကြေးက ရေးပေးလိုက်တဲ့ ပစ္စည်းလက်ခံစာရင်းစာရွက်ကို သတိရတိုင်း ထုတ်ထုတ်ကြည့်ပြီး ကိုယ်တိုင်ပြုစုထားတဲ့ ပစ္စည်းစာရင်းစာရွက်ကို တကိုင်ကိုင်နဲ့ လကုန်လို့မှ ပစ္စည်းတွေ မရောက်ရင် လွှတ်တော်အထိ တက်တိုင်ဖို့လည်း နေ့ရှိသရွေ့ မောင်းတင်ထားပြန်ပါသေးတယ်။ ( ဆက်စာကြေးခမျာ ဗြဟ္မာမင်း ဦးခေါင်းတော့ ကိုင်မိရှာလေပြီ ) ဒီကြားထဲမှာ ပေသီးအခေါက်လွန်ပြီး တစ်အိမ်လုံးပေါင်းမှ တစ်လုံးပဲဝယ်ထားမိတဲ့ ကမ္ဘာ့ဈေးအကြီးဆုံး မြန်မာ့ စီဒီအမ်အေမိုဘိုင်းဖုန်းကိုလည်း အိမ်ရှင်မ ခရီးသွားတဲ့နောက် တစ်ပါတည်း ထည့်ပေးလိုက်ရတာကြောင့် ဦးဟန်ကြည်ခမျာ အိမ်ကိုလည်း ဖုန်းနေ့တိုင်း မဆက်ရဲရှာပါ။ ကျောင်းပြီးလို့ ဆရာဝန်ဖြစ်ခါစ ညီမတော်နဲ့ တစ်ခါတစ်ခါ လေပေးဖြောင့်မိရင် တစ်နာရီ နှစ်နာရီ အသာကလေး ကုန်တာမို့ တစ်မိနစ်ကို ၁၀၀ နှုန်းနဲ့ ကျကျနန တောင်းတတ်ပါတဲ့ လမ်းဘေးဖုန်းဆိုင်ကို လှူရတဲ့ ဖွတ်ကလိဒင်္ဂါးကိုလည်း နှမြောရပါသေးတယ်။ မိဘနဲ့ ညီမဆိုတာမျိုးကလည်း အင်မတန် သဘောကောင်းကြတာကလား။ သုံးလေးငါးရက်ကြာမှ ဖုန်းတစ်ခါဆက်ရင်လည်း စိတ်မဆိုးကြပေပဲကိုး။ ဒါပေမယ့် ခရီးသွားနေတဲ့ အိမ်ရှင်မကိုတော့ နေ့စဉ်နေ့တိုင်း ဖုန်းဆက်ပြီး အခြေအနေ ငြိမ်ဝပ်ပိပြားပါကြောင်း၊ ဦးဟန်ကြည်တစ်ယောက် လိမ်လိမ်မာမာနဲ့ အိမ်ထောင့်တာဝန်၊ တိုင်းပြည်တာဝန်များကို အင်တိုက်အားတိုက် ထမ်းဆောင်နေပါကြောင်းကိုတော့ တာဝန်ကျေကျေပွန်ပွန် သတင်းပို့ရပါရဲ့။

http://farm2.static.flickr.com/1357/922959564_dd43b7803f.jpg
အထင်နဲ့ အမြင် . . .
 
အဲဒီလိုနဲ့ သုံးလေးရက်လောက်ကြာအောင် အိမ်ကို ဖုန်းမဆက်ဘဲ ငုတ်တုတ်ထိုင်ပြီး ပူပွဲဆင်နေတဲ့ ဦးဟန်ကြည်တစ်ယောက် ဒီနေ့ နေ့လည်ခင်းမှာ အိမ်ကို ဖုန်းခေါ်ကြည့်မှပဲ ပစ္စည်းတွေအားလုံး ၁၆ ရက်နေ့ကတည်းက  ဘေးမသီရန်မခ ရောက်ကြောင်းကို သိရပါတော့တယ်။ သောကြာနေ့ ၁၃ ရက်နေ့လောက်ကတည်းက ရောက်သွားဟန်တူတာမို့ စုစုပေါင်း ၈ ရက်လောက်ပဲ အချိန်ကြာတာ သိရတော့ ဦးဟန်ကြည်တစ်ယောက် ထူးထွေတည့်အံ့ရာသော် ဖြစ်ရပါတော့တယ်။ ဟုတ်ပါရဲ့။ ဒီချောထုပ်ရဲ့ ခရီးစဉ်ဟာ ဦးဟန်ကြည်တို့ ဒေသကနေ ရန်ကုန်စာတိုက်ကြီးထိ တစ်ဆင့်၊ စာတိုက်ကြီးကနေ ဦးဟန်ကြည်ရဲ့ မိဘများအိမ်အရောက် နောက်တစ်ဆင့်ဆိုတော့ နှစ်ဆင့်ကြီးများတောင် ရှိပေသကိုး။ စာတိုက်သုံးခုလုံး တိတိကျကျလုပ်လိုက်ကြတဲ့ အလုပ်ဟာ မြန်မာ့သမိုင်းနဲ့ ဆက်စာကြေးရာဇ၀င်မှာ စာတင်လောက်အောင် မြန်လှပါရဲ့။ ပစ္စည်းအားလုံး အထိအခိုက် အနာအဆာမရှိ ပကတိ ဘေးရန်ကင်းပါကြောင်း ကြားလိုက်ရတဲ့ အခိုက်အတန့်ဟာ တကယ့်ကို မင်္ဂလာအပေါင်း ခညောင်းတဲ့ အချိန်ပိုင်းပဲ ဖြစ်ပါတော့တယ်။

ညီမဖြစ်သူ ပြောမှပဲ ဦးဟန်ကြည်တို့ ဆက်စာကြေးရဲ့ အံမခန်း တိုးတက်ဖွံ့ဖြိုးမှုကို သိရပါတော့တယ်။ ချောထုပ်ကို ကျကျနန နှစ်ထပ်ထုပ်တားပါသတဲ့။ ပစ္စည်းတွေကို ဂုန်အိပ်နဲ့ တစ်ထပ်ထည့်ပြီး အပေါ်ကနေ အ၀တ်စကောင်းကောင်းနဲ့ တစ်ထပ်ထပ်ချုပ်ထားပါသတဲ့။ အ၀တ်အိတ်ကို ကြိုးနဲ့ပတ်ပြီး ကြိုးကို ချိတ်ပါပိတ်ထားလိုက်သေးတယ်ဆိုပဲ။ ကြိုးအပေါ်မှာမှ လိပ်စာစာရွက်အုပ်ပြီး ချိပ်နဲ့ကပ်ပေးလိုက်တာမို့ ဒီချိပ်တွေမခွာဘဲ၊ စာရွက်မပြဲဘဲ အထဲက ပစ္စည်းကို နှိုက်ယူဖို့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါ။ အနှီလို ကျကျနနနဲ့ သပ်သပ်ရပ်ရပ် လုပ်ပေးပြန်တော့လည်း အထုပ်တစ်ထုပ်ကို ငွေ ၂၅၀၀ ပေးရကျိုး နပ်တယ်လို့ ဦးဟန်ကြည်တစ်ယောက် ကျေကျေနပ်နပ်ကြီး တွေးမိပြန်ပါပြီ။ အကြောင်းစုံကို သိရတဲ့နောက်မှာ ဆက်စာကြေးကို မေတ္တာထိုင်ပို့နေခဲ့မိတာကို အားနာမိပြန်ပါရောလား။ ခမျာတို့မှာလည်း ထစ်ခနဲရှိ ပြုတ်နေတဲ့ ဒီဘက်ခေတ်သစ်ကြီးကို ကြောက်ရှာရပေတာကိုး။ ဘယ်လိုအကြောင်းနဲ့ပဲဖြစ်ဖြစ် အရင်ကလို မဟုတ်တော့ဘဲ ပြောင်းလဲလာတဲ့ ဦးဟန်ကြည်တို့ရဲ့ မြန်မာ့ဆက်စာကြေးကို လှိုက်လှိုက်လှဲလှဲ ချီးကျူးလိုက်မိပါပြီ။

ဒါကြောင့် ခေတ်ဆိုးခေတ်ကျပ်ကြီးမှာ ကိုယ်ကကျူး ကိုယ့်ဒူးတောင်မယုံရဲခဲ့ဘဲ ထွက်ပြီးတဲ့ဆင်စွယ် ၀င်တယ်မရှိသလို ကိုယ့်လက်ကထွက်သွားတဲ့ပစ္စည်း နည်းမှန်လမ်းမှန် နေရာမှန်ကို ရောက်လေ့ရောက်ထ မရှိခဲ့တာကို အကျင့်ရပြီး မည်းမည်းမြင်သမျှကို မယုံသင်္ကာစိတ်တွေနဲ့ ကြည့်လေ့ကြည့်ထ ရှိနေခဲ့တဲ့ ဦးဟန်ကြည်တစ်ယောက် တိုင်းကျော်ပြည်ကျော်မဟုတ်ပေမယ့် ဘလော့ကျော်အောင် ဆက်စာကြေးကို ဟောဒီပို့စ်နဲ့ ကောင်းချီးပေးခဲ့မိတာကို အမှားမြင် အမှန်ပြင်ပြီး တောင်းပန်လိုက်ပါပြီ။ ရွှေပြည်ရဲ့ အနာဂတ်ကိုလည်း အပြောမဟုတ်၊ အလုပ်နဲ့ သက်သေပြကြပြီး ဆက်စာကြေးလို တာဝန်ကျေဖို့ကြိုးစားကြရင်ဖြင့် ရွှေပြည်မှာ ပျော်ပျော်ကြီးနေကြတဲ့ ဦးဟန်ကြည်တို့ တိုင်းသူပြည်သား ကျောမွဲများအတွက် မြိုနေကျ ထမင်းကြမ်းခဲမှာ ထောပတ်ဆမ်းပေးလိုက်သလို အင်မတန်မှ အရသာရှိသွားမှာဖြစ်ပါကြောင်း စေတနာအကောင်းနဲ့ ကြေညာမောင်း ခတ်ရင်း လွန်တာတွေရှိခဲ့တာမို့ အထင်နဲ့အမြင်လွဲခဲ့သမျှကို ၀န္ဒာမိလုပ်လိုက်ရပါကြောင်း ချစ်ဆွေများတို့ရေ။             

22 comments:

မြစ်ကျိုးအင်း said...

ပြန်ကြည်ဖြူသွားကြပြီပေါ့လေ :P

ဌာနတိုင်း ဒီလိုပဲ စနစ်တကျနဲ့ တန်ဖိုးထား လုပ်ကိုင်လာကြမယ့်နေ့တွေ ရောက်တော့မယ်လို့ မျှော်လင့်တယ် ဆရာဟန်ရေ။
မီဒီယာလွတ်လပ်ခွင့်တွေရလာရင် အမှားအယွင်းဖြစ်တိုင်း မီဒီယာတွေကတဆင့် ဖွင့်ချကြတာနဲ့ပဲ ဌာနဆိုင်ရာတိုင်း အမှားနည်းသထက် နည်းကုန်မှာပါ။ တနွယ်ငင်စဉ်းစားလိုက်တော့ လူတိုင်းအတွက် လူ့အခွင့်အရေးအပြည့်အဝ ရှိတဲ့ ဒီမိုကရေစီစနစ်စစ်စစ် ဖြစ်လာဖို့ အရေးကြီးပါတယ်။

Anonymous said...

စာတိုက်တွေမှာ.ချောပို့ရင်
နည်းနည်းကြာတာကလွဲလို့
စနစ်ကျပါတယ်ဆရား)
နောက်တစ်ခါပို့ဖြစ်ရင်
ချောမပို့ပဲ..ရိုးရိုးပဲပို့ကြည့်ပါလားဆရား)
(ကိုယ်ဘယ်လောက်စိတ်ရှည်တတ်လဲ
မှန်းလို့ရတာပေါ့း)

လေးစားလျှက်
မိစံ

AH said...

သြော်...ဆရာဟန်ရယ် ဖြစ်မှဖြစ်ရလေဗျာ... အန်တီတင့်တို့၊ သက်နဒ္ဒါ မိသားစုတို့၊ မကျူတီတို့ဆီ သွားလည်လိုက်လေ ဒါမှ ဟင်းချက်နည်းမျိုးစုံကို စမ်းသပ်လို့ရမှာ ဟီး ဟီး ဟီး။ ချောပို့ကြီး မြန်လာလို့ ထပ်တူထပ်မျှ ၀မ်းမြောက်ဝမ်းသာ ဖြစ်မိကြောင်းပါ ခင်ဗျား.....

Anonymous said...

ခုချမှပဲသက်မချနိုင်တော့တယ်ဆြာရယ်
ကြာတဲ့အချိန်ရက်လေးတွေကိုတော့ နားလည်ပေးလိုက်ပါနော်း)
တော်သေးတာပေါ့ ကျွန်တော်ကတော့ ပလုံပြီလားသိဖူး တွေးနေထှာာား)း)


မောင်ဘကြိုင်

ကိုကိုမောင်(ပန်းရနံ့) said...

ရွှေပြည်ကြီးအတွက် ဂုဏ်ယူလိုက်ပါပြီ။ သို့ပေသည့် ပြည်ပက ပို့တဲ့ အထုပ်အပိုးများကိုတော့ စောင့်ကြည့်ရဦးမည်လား မသိသေးချေ။
ပို့စမ်းကြည့်ရအောင်ကလဲ ဤဘိလပ်ပြည်ကြီးနှိုက် စာပို့ခ အမြန်ချောပို့ခသည် ပစ္စည်းတန်ဖိုးထက် ကြီးမြှင့်နေတတ်သည့်အတွက်ကြောင့် မစမ်းသပ်လိုချေ။
လမ်းမှာ ပလုံသွားရင် မဟာဒုက်ခကြီး မဟုတ်ပါလား။

အမှန်ဆိုရသော် ဤပြည်ကြီးသို့ ရောက်နေသည်မှာ လေးနှ်းတင်းတင်း ရှိခဲ့ပြီ ဖြစ်သော်လည်း ရွှေမြန်မာသို့ စာလေးတစ်စောင်မှပင် ယောင်မှား၍ မပို့ခဲ့ဖူးသေးချေ။

ပြည်တွင်းပြည်ပ ပေးစာပြန်စာများ ချောထုပ်များကို ၀န်ဆောင်မှုကောင်းရင်တော့ ပေးပို့ကြည့်ဦးမည်ဟု စဉ်းစားနိုင်ပေပြီ။း)

မဒမ်ကိုး said...

ဝမ်းသာပါသည် သို့သော်လဲ စမ်းသပ်လောက်အောင်သတ္တိမရှိပါချေတကားးးးး)

ခင်မင်လျှက်

မဒိုးကန်

Cameron said...

မဒမ်ဟန်ကြည်မရှိတော့ ကွကိုယ်ချက်ရပြုတ်ရနဲ့ ဆရာ သနားပါတယ်...။

San San Htun said...

ပစ္စည်းတွေ ဘေးမသီရန်မခ ရောက်သည်ဆို၍ ဝမ်းသာမိသည်..

စံပယ်ချို said...

အခုတော့အားလုံး ကောင်းနေပြီပေါ့
အရင်ကဆိုရင်ပြောက်နေတာအားလုံးပါပဲ
လုံးဝကို မပို့ရဲအောင်ဖြစ်ရပါတယ်

Angelhlaing(May everybody be happy and healthy! said...

အတွေ့ကြုံလေးတွေပေါ့ အကို...:):)

မေဓာဝီ said...

မီးခြစ်ကျောက်တွေ ရမယ် ...
ကော်တွေ ရမယ် ... :))
ခက်ရန်ကော ဦးဟန်ကြည်ရယ် ...
မဟေသီ ပြန်မလာမချင်း အပြင်မှာ ၀ယ်စားလိုက်ပေါ့ ... ပြီးတာပဲ ဟာကို။

mstint said...

ဦးဟန်ကြည်ရေ မောင်အောင်ထွဋ်ပြောသလို
တီတင့်ရဲ့ အစားအသောက် ပို့စ်တွေမှာ
အလည်သွားပြီးစားချင်တာလေးတွေရွေးချက်ပါလား။
အိမ်သူသက်ထားပြန်မလာခင်အထိပေါ့း)
ပစ္စည်းတွေအခုလိုစာတိုက် ၃-ခုကနေ အဆင့်ဆင့်
စနစ်တကျရောက်တဲ့ ပြောင်းလဲလာမှုအတွက် ဝမ်းသာချီးကျူးပါတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေသား။

မေတ္တာဖြင့်
အန်တီတင့်

နေ၀သန် said...

:)... ကျွန်တော်ပြောသားပဲ... ရွှေပြည်ကြီးပြောင်းလဲနေပါပြီလို့.. (အဟိ.. ဘယ်တုန်းကပြောလိုက်လဲမသိ...) ဒီလိုပါပဲ.. အခုတလော ချော်လဲရောထိုင်နေတာတွေမြင်နေရတော့ ကိုယ့်ဆီပါ ဓါတ်ကကူးလာသကိုး... ဟဟ...

ခင်မင်လျက်
နေ၀သန်

ချယ်ရီမြေ said...

ဦးဟန်ကြည်ပြောသလိုပဲ အထင်နဲ့အမြင် မတူတော့ဘူး.. ပြောင်းလဲနေပါပြီ..

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

ဆူးသစ် said...

တော်သေးတာပေါ့ ကိုဟန်ကြည်။ ကျွန်တော်တောင် အခုမှ ရောယောက်ပြီးသက်ပြင်းချမိပါတယ်။ ၀မ်းသာမိပါတယ်ဗျာ။ တိုင်းပြည်ကောင်းစားမယ့် လက္ခဏာတွေပဲ ထင်ပါရဲ့။ မိဘများဆီပို့တယ်ဆိုတော့လည်း လမ်းဖြောင့်ပါတယ်ဗျာ။ ကုသိုလ်တော့ရမှာပါ။ နည်းနည်းတော့ မောသွားတာပေါ့။

ရေနွေး said...

တော်သေးတာပေါ့ ဦးဟန်ကြည်ရယ်..။ရောက်သွားလို့ပေါ့..။ကျနော်တုန်းက ရန်ကုန်ကနေ တာချီလိတ်ကို ဆေးတွေပို့တာ အကုန် မရလို့လေ.....။

blackroze said...

ရောက်သွားတယ်ဆိုလို့
ဆြာဟန်နဲ့ထပ်တူဝမ်းသာ၏

ဘုန်းဘုန်းတောက် said...

ငပိကိုင်မိထားတဲ့မြောက်လို နေမထိ၊ ထိုင်မသာပုံစံကို မျက်စိထဲ မြင်ယောင်နေမိပါရဲ့။ ဆရာကပ်တဲ့ ဆွမ်းတစ်နပ်ကို ဘုဉ်းပေးချင်မိပါသေးရဲ့။ ကော်တစ်လှည့်၊ ကျောက်တစ်ခါတဲ့။ ဟိ။
ဆရာရေ ပြောင်းလဲခြင်းဆီသို့ ဦးတည်နေပြီဆိုတော့ အစစအရာရာ ပြောင်းလဲလာတော့မယ်လို့ မျှော်လင့်ပါတယ်။

Anonymous said...

ဝမ်းသာလှတယ် ဆရာ....
ဆရာ ပို့လိုက်တဲ့ပစ္စည်းတွေရောက်တာရော
မြန်မာပြည်ကြီး တိုးတက်လာတာတွေ အတွက်ရောပေါ့။

နေ့ရှိသ၍ ကြားနေရသမျှ နားတွေလည်းခါးလှပါပြီ
လူတကာရဲ့ တံတွေးခွက်ထဲမှာ မျောနေတဲ့ ကျွန်တော်တို့တိုင်းပြည်လေး တဖြေးဖြေးနဲ့ ဖွေးလာပါပြီ။


(မင်းဧရာ)

ညိမ်းနိုင် said...

ကောင်းပါလေ့ဆရာရယ်....ကောင်းပါလေ့.....၊နှစ်ပေါင်း
များစွာက ခံထားခဲ့ရလေတော့ ဆရာမှမဟုတ်...မည်သူမဆို
သံသယနဲ့အဆိုးမြင်မှုတွေက ရှိနေသေးတာပဲမဟုတ်ပါ
လားဗျာ...။ခုလို စနစ်တကျရှိလာတာတွေကြားရတာ
မင်္ဂလာတစ်ပါးပါပဲဗျာ...၊ထို့ပြင်တစ်ဝ ကိုယ့်စာကိုယ်တာ
ဝန်ယူကာ တိတ်တိတ်လေးနေလို့ရရဲ့သားနဲ့ လွန်တာရှိ
တာ ဝန်တာမိတဲ့ ဆရာကြည့်ကိုလည်း လေးစားရပါတယ်
ဗျိုး.............။

ကိုဇော် said...

ကဲ . .တွေ့ပြီ မဟုတ်လား။ ဒို့ရဲ့ မြန်မာနိုင်ငံတော်ကြီး တိုးတတ်လာပါပြီ ဆိုနေမှဖဲ . . . ။

Anonymous said...

သြော်…ငါ့ နှယ် ဝေးပါ့…
ဆက်စာကြေး ဆိုလို့ ဘာများ မှတ်တယ်…
ဆက်သွယ်ရေး၊ စာတိုက်နဲ့ ကြေးနန်းကို အတိုကောက် ခေါ်နေတာကိုး… =P
-m

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger