Wednesday, 22 February 2012

စနစ်ကျတဲ့ စနစ်ကောင်း . . .

ဒီရက်ပတ်အတွင်းမှာ 
ဟိုနားကြည့်လည်း ဒီမိုကရေစီ၊ သည်နားကြည့်လည်း ဒီမိုကရေစီနဲ့ အသံတွေညံလို့ စည်လို့နေပါရဲ့။ အနှီ ဒီမိုကရေစီဆိုတဲ့ အရာကြီးကလည်း ပြောရဆိုရတာ ပါးစပ်အပြည့်ကိုး။ ဒါကြီးရရင် တိုင်းပြည်တိုးတက်မယ်လို့ ဆိုပြန်တော့လည်း လူတိုင်းက မက်မက်စက်စက် ရှိကြတာပ။ အနောက်နိုင်ငံတွေမှာဆိုရင်လည်း ဒီစနစ်ကြီးနဲ့ တိုးတက်ကြီးထွားနေကြတယ် ဆိုပြန်တော့လည်း ဒီလောက်ကောင်းတဲ့ စနစ်ကြီးကို ကိုယ့်နိုင်ငံမှာ မကျင့်သုံးလိုက်ရရင်ဖြင့် နိုင်ငံဖြစ်ရှုံးရချေရဲ့။ ကိုင်း…ဟုတ်ပါပြီဗျာ။ အနှီဒီမိုကရေစီဆိုတာကြီးကို အလုံးလား၊ အပြားလား ခွဲခွဲခြားခြား သိတဲ့လူကရော ဦးဟန်ကြည်တို့ ရွှေပြည်ကြီးမှာ ဘယ်နှစ်ရာခိုင်နှုန်းများ ရှိနေပါပြီလဲ။ ဘုမသိ၊ ဘမသိဘဲ သူများတောင်းလို့ လိုက်တောင်းနေတာမျိုးတော့ဖြင့် မဖြစ်သင့်ဘူး ထင်ပါရဲ့။

ဦးဟန်ကြည်ရဲ့ တပည့်တစ်ယောက်ကတော့ သူ့ဆရာကို အးကိုးတကြီး မေးဖူးပါတယ်။ ဆရာ…တဲ့ ဒီမိုကရေစီရရင် လူသတ်ချင်လည်း သတ်လို့ရတယ်ဆို…တဲ့။ ဆရာလုပ်တဲ့ ဦးဟန်ကြည်ခမျာ ခေါင်းကိုဆင်နင်းခံလိုက်ရတယ်တောင် ထင်မိပါရဲ့။ ဒါနဲ့ မင့်ကို ဘယ်သူပြောလဲဆိုတော့ အရပ်ထဲကလူတွေ ပြောကြတာပဲ ဆရာ…တဲ့။  ဦးဟန်ကြည်လည်း စိတ်ပေါက်ပေါက်နဲ့ ဖြေထည့်လိုက်ပါတယ်။ အေး…မင်းပြောတဲ့ ဒီမိုကရေစီကြီးသာရောက်လာရင် ငါတော့မြန်မာပြည်မှာ မနေတော့ဘူးဟေ့…လို့။ ကိုင်း…ဦးဟန်ကြည်တို့ ပတ်ဝန်းကျင်မှာ သူများယောင်လို့ လိုက်ယောင်နေတဲ့လူတွေ ဘယ်လောက်များ များနေသလဲဆိုတာ စဉ်းစားသာကြည့်ပေတော့။ ခက်တာက ကိုယ့်လူမျိုးကလည်း ဘာမှန်းမသိဘဲ မျက်စိမှိတ်စွတ်တောင်းတဲ့ အကျင့်ကလေးကလည်း မွေးကတည်းက တစ်ခါတည်းပါခဲ့ပြီးသားမဟုတ်လား။ ကျန်တာမပြောနဲ့ ကိုယ်ရွတ်နေတဲ့ ဘုရားရှိခိုးကိုပဲ ပြန်စဉ်းစားပေရော့။ ဗုဒ္ဓဘာသာဝင်တိုင်း ဘုရားရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး ညတိုင်းရွတ်နေတဲ့ သြကာသဘုရားရှိခိုးထဲက “ ရပ်ပြစ်ရှစ်ပါး ” “ ၀ိပ္ပတ္တိတရားလေးပါး” “ ဗျဿနတရားငါးပါး ” “ ကပ်ကြီးသုံးပါး ” ဆိုတဲ့ ဆုတောင်းတွေကိုတောင် ဘာမှန်းမှ မသိကြဘဲကိုး။ ဆုတောင်းတဲ့လူက အနှီလို ဘာမှမသိဘဲ ထိုင်တောင်းနေတော့ ဆုပေးတဲ့လူက ဘာများပေးရမှာပါလိမ့်။ ပေးတော့ရော ပေးမှန်းသိပါဦးမလား။ စဉ်းစားမိရင် အတော်ခွကျတဲ့ ဦးဟန်ကြည်တို့ တစ်တွေပါ။ ကိုင်း…အခုလည်း လုပ်ကြပြန်ပါပြီ။ ဒီမိုကရေစီပါတဲ့။ ဟိုးလွန်ခဲ့တဲ့ ၁၉၇၀ ၀န်းကျင်နှစ်တွေတုန်းက အမေရိကန်နိုင်ငံက သံရုံးရှေ့မှာ တရုတ်ပြည်က ကျောင်းသားတွေက သူရို့တရုတ်ပြည်ကြီး ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒတွေပြကြပါသတဲ့။ အနှီအုပ်ထဲက ကျောင်းသားတစ်ယောက်ကို သတင်းထောက်တစ်ယောက်က “ ဒီမိုကရေစီဆိုတာ ဘာလို့ခေါ်သလဲ ” လို့ မေးတော့ သကောင့်သားက “ ဒီမိုကရေစီဆိုတာ ဘာမှန်းတော့ ကျုပ်မသိဘူးဗျာ…ဒါပေမယ့် အဲဒါကြီးကို ကျုပ်တို့လိုချင်တာပဲ သိတယ် ” လို့ ဖြေပါသတဲ့။ အင်မတန် မှတ်သားဖွယ်ကောင်းတဲ့ အဖြေကတော့ ကမ္ဘာကို ကျော်ပါလေရော။ အင်း…အဲဒီသတင်းထောက် ဦးဟန်ကြည်တို့ဆီ ရောက်မလာပါစေနဲ့လို့ ထိုင်ဆုတောင်းရတော့မှာပါပဲ။

တိုင်းပြည်တစ်ခုမှာ ခေါင်းဆောင်ကောင်းရှိဖို့ကတော့ အင်မတန့်အင်မတန် အရေးကြီးမှန်း ဦးဟန်ကြည်တို့လည်း နားလည်ပါရဲ့။ ဒါပေမယ့် ခေါင်းဆောင်ကောင်းတစ်ယောက်ရှိယုံနဲ့တော့ ထင်တိုင်းပေါက်ဖို့ လွယ်မယ်မထင်ပေါင်ဗျား။ မိဘကောင်းတိုင်း သားသမီးကောင်းဖြစ်တာမှ မဟုတ်တာကလား။ ဘောလုံးသင်းတစ်သင်းနဲ့ပဲ စဉ်းစားကြည့်ကြစို့လား။ ဘောလုံးသင်းတစ်သင်း ရှုံးကြပြီဆိုရင် နည်းပြအသုံးမကျဘူးလို့ ဝေဖန်ကြတာ သဘာဝပေါ့။ ကိုင်း…အဲသလိုဆိုရင် နည်းပြကောင်းတိုင်းရော ဒီဘောလုံးအသင်း ပွဲတိုင်းနိုင်ရောလား။ မန်ယူအသင်းက နာမည်ကျော်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်ကို မြန်မာအသင်းနည်းပြအဖြစ် တိုင်းပြည်ကိုပေါင်ပြီးရတဲ့ငွေနဲ့ငှားလိုက်တော့ရော ဦးဟန်ကြည်တို့ မြန်မာအသင်း ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်ရောလား။ ဝေးပါသေးရဲ့။ ဂိုးသွင်းရမှာက ကစားသမားအလုပ်ကိုး။ သူမှဂိုးမသွင်းရင် ကွင်းဘေးမှာ ငုတ်တုတ်ထိုင်နေတဲ့ နည်းပြက ဘာတတ်နိုင်သေးလို့လဲ။ ဦးဟန်ကြည်တို့ စာသင်နေတဲ့ လုပ်ငန်းကိုပဲကြည့်။ ဆရာညံ့ရင် ကျောင်းသားညံ့တာတော့ သေချာသပ။ ဆရာတော်တိုင်း ကျောင်းသားတွေ တော်ဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်ဘဲ။ ဦးဟန်ကြည် စာတွေဘယ်လောက်တတ်နေနေ၊ ဘယ်လောက်ပဲ ကြုံးသင်နေနေ ကျတဲ့ကျောင်းသားကတော့ ကျကိုကျတာပါပဲ။ စကားလုံးကြီးကြီးပြောရရင် သုံးလောကထွဋ်ထား ရှင်တော်ဘုရားက အကျွတ်တရားဟောတော်မူတာတောင် တရားနာပုဂ္ဂိုလ်က ကျွတ်ထိုက်တဲ့ ပါရမီလေး ရှိနေဦးမှ ကျွတ်တာကလား။ ဆိုလိုတာက ကလေးအပြင်ထွက်လာဖို့ လက်သည်ချည်း အားမကိုးဘဲ ကိုယ်တိုင်လည်း ညှစ်အားကလေးတော့ ကူဦးမှလို့ ပြောချင်တာပါ။ ထစ်ခနဲရှိရင် သူများကို လက်ညှိုးထိုင်ထိုးနေတာလေးတွေလျှော့ပြီး ကိုယ်တိုင်ကလည်း ကြိုးစားကြဖို့ တိုက်တွန်းချင်တာပါ။

ဒါကြောင့်လည်း “ မသိတာကို သိအောင်ပြောပြပေးလို့ရတယ်…
မတတ်တာကို တတ်အောင်သင်ပေးလို့ရတယ်…
မရှိတာကို ရှိအောင်လုပ်ပေးလို့ရတယ်…
မလုပ်တာကိုတော့ လုပ်အောင်မတတ်နိုင်ဘူး…” လို့
 ဆိုကြတာပေါ့လေ။ ခက်နေတာက ဦးဟန်ကြည်တို့ လူမျိုးအများစုက မသိတာနဲ့ မတတ်တာကို ဘေးဖယ်ပြီး မရှိတာကိုပဲ ရှိအောင်လုပ်ဖို့ အားသန်နေကြသကိုး။ အနှီလိုဖြင့် ဘာမှန်းမသိကြတဲ့ ဒီမိုကရေစီဆိုတာကြီးကို ဘာမှနားမတည်တဲ့ လူတွေရဲ့လက်ထဲ ထည့်ပေးလိုက်ရင်တော့ မျောက်လက်ထဲကို မီးခြစ်ထည့်ပေးသလိုဖြစ်ကုန်မှာ တွေးပြီး ကြောက်မိပါသဗျား။ စကားစပ်မိလို့ ဆရာကြီးရွှေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းထဲက အကြောင်းကလေးတစ်ခုကို ဥဒါဟရုဏ်ဆောင်ချင်ပါရဲ့။ ဆရာကြီးတို့ စာပေအဖွဲ့ တရုတ်ပြည်ကို လေ့လာရေးသွားကြတော့ အနှီပြည်မှာ လယ်သမားတွေကို လယ်ယာမြေဝေခြမ်းရေးတွေ လုပ်ပေးထားတာ တစ်တိုင်းပြည်လုံးက လယ်သမားတွေ အိုခေမှာစိုပြည်နေကြသတဲ့။ မြန်မာပြည်ကြီးမှာ အစိုးရက လယ်ယာမြေဝေခြမ်းရေးဆိုပြီး မြေရှင်ကြီးတွေဆီက လယ်တွေကို သိမ်းပြီး လယ်သူရင်းငှားတို့ လယ်ကူလီတို့လက်ထဲ ထည့်ပေးလိုက်တာ တစ်နှစ်လောက်တော့ အဆင်ချောပါရဲ့။ ဒါပေမယ့် သူရင်းငှားကနေ လယ်ပိုင်ဖြစ်လာတဲ့ သကောင့်သားများက သူရို့ကိုယ်သူရို့ သူဌေးစိတ်ဝင်ပြီး သောက်လိုက်၊ စားလိုက်နဲ့ ဖြုန်းလိုက်ကြတာ တစ်နှစ်ကျော်လောက်လဲကြာရော သူရို့လက်ထဲကလယ်တွေလည်း မူလပိုင်ရှင်ဖြစ်တဲ့ မြေရှင်ကြီးတွေရဲ့ လက်ထဲကို ပြန်ရောက်ကုန်တော့တာကိုး။

ဒါနဲ့ မြန်မာပြည်မှာလို မဟုတ်ဘဲ ဝေခြမ်းရေးနဲ့ အောင်မြင်သွားတဲ့ ပေါက်ဖော်ကြီးတွေအကြောင်းကို ဆရာကြီးက စပ်စုတာပေါ့လေ။ အဲဒီတော့ တာဝန်ရှိတဲ့ ပေါက်ဖော်ကြီးတွေက မိန့်မိန့်ကြီးပြုံးပြီး ကျွန်တော်တို့က လယ်မဲ့ယာမဲ့တွေလက်ထဲကို လယ်တွေထည့်မပေးခင်မှာ သူရို့သဘောပေါက်အောင်၊ အရင်အတိုင်း ဆက်ကြိုးစားအောင် ပညာအရင်ပေးထားတာကိုး…လို့ ဖြေသတဲ့။ အသိဥာဏ် ရှိသွားတဲ့ တရုတ်လယ်မဲ့ယာမဲ့တွေက သူရို့လက်ထဲရောက်လာတဲ့ လယ်တွေ၊ ယာတွေကို အလဟဿဖြုန်းတီးမဖြစ်ဘဲ ကြိုးကြိုးကုတ်ကုတ်နဲ့ အလုပ်လုပ်ကြတော့တာပေါ့။ အနှီမှာတင် ဆရာကြီးလည်း ကိုယ့်တိုင်းပြည် မအောင်မြင်တာ စနစ်မကောင်းလို့ မဟုတ်ဘဲ စနစ်မကျလို့ ဆိုတာကို သဘောပေါက်ပါလေရော။ ကိုင်း…အခုလည်း လာပြန်ပါပြီ ဒီမိုကရေစီ ဆိုပါလား။ ဒီမိုကရေစီ အခြေခံအသိမရှိဘဲ ဒီမိုကရေစီသာ ပေးထည့်လိုက်ရင်တော့ လယ်ယာမြေဝေခြမ်းရေးထက်တောင် ပိုဆိုးဖို့ များနေသကိုး။

http://2.bp.blogspot.com/-LNWjz0vnsM4/TnNNJjXijjI/AAAAAAAABII/BNtoTGc7ZSU/s320/Democracy.jpg

ဒီမိုကရေစီနဲ့ အခြေခံမူက Majority rule ( အများသဘောတူချက်ဖြင့် စည်းကြပ်ခြင်း ) ပါတဲ့။ ကိုင်း…အနှီလိုဆိုရင် အများညီတိုင်း တိုးတက်ရောလား။ ဦးဟန်ကြည်တော့ မထင်ရေးချ မထင်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ “ အခု ညီညွတ်ရေး…ညီညွတ်ရေးနဲ့ လုပ်နေကြတယ်…ဒါပေမယ့် စားဖားတွေ ညီညွတ်တာမျိုးကတော့ အလကားပဲ ” လို့ သူ့ဝသီအတိုင်း ခပ်ပြတ်ပြတ်ပြောဖူးပါရဲ့။ အနှီလို တလွဲဆံပင်ကောင်းညီညွတ်တဲ့ အများသဘောနဲ့ စည်းကြပ်ရင်တော့ ငါးပါးတင်မကဘဲ သံဃာစင်ပါ မှောက်ပါလိမ့်မဗျား။ ဆိုကြပါစို့ သူငယ်ချင်းဆယ်ယောက်ရှိတယ်ပေါ့။ အနှီမှာတင် တစ်ယောက်က ဒီမိုကရေစီထုံးစံအရ အနှိပ်ခန်းသွားကြဖို့ အဆိုတင်သွင်းတယ် ဆိုကြပါစို့။ ထုံးတမ်းစဉ်လာနဲ့အညီ ဒီမိုကရေစီနည်းလမ်းကျကျ မဲခွဲဆုံးဖြတ်လိုက်ကြတော့ ထောက်ခံမဲ ၇ မဲ၊ ကန့်ကွက်မဲ ၃ မဲနဲ့ သွားရေးဘက်က နိုင်သွားတယ်ဆိုကြပါစို့။ အနှီလိုသာဖြင့် မခက်ကြပေဘူးလား။ အများညီတိုင်းသာ “ ဤ ” ကို “ ကျွဲ ” လို့ ဖတ်နေရရင် တိုင်းပြည်ကတော့ အဖတ်တင်မကဘဲ အရည်ပါ ဆယ်လို့ရမှာ မဟုတ်ပေဘူး။ အများညီကြရင်တော့ စိတ်ချမ်းသာရတာ ဦးဟန်ကြည်သိသပ။ ဒါပေမယ့် ခဏတာ စိတ်ချမ်းသာပြီး ရေရှည်မှာ ထမင်းအိုးကွဲမယ့်အရေးကိုတော့ ဘယ်လိုချင်ပါလိမ့်မလဲ။

အများရဲ့ ရွေးချယ်မှုဆိုပေမယ့် ငတုံးဆယ်ယောက်ရဲ့ ရွေးချယ်မှုနဲ့ ပညာရှိဆယ်ယောက်ရဲ့ ရွေးချယ်မှုက အဆပေါင်းများစွာ ကွာပေမပေါ့။ အများသဘောတူညီမှုနဲ့ ရွေးကောက်တင်မြှောက်ရင်လည်း တတ်သိနားလည်တဲ့ အများရဲ့တင်မြှောက်မှုကပဲ အမှန်တရားနဲ့ ပိုနီးစပ်မှာ မဟုတ်ပါလား။ သူများပြောလို့ ဟုတ်နိုးနိုးနဲ့ ခေါင်းညိတ်ကြတာထက်စာရင် ကိုယ်တိုင်နားလည်ယုံကြည်ပြီး ခေါင်းညိတ်ထာမျိုးကို ဦးဟန်ကြည်ကတော့ ပိုပြီးလေးစားပါရဲ့။ အနှီလိုလူတွေက တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်မျိုးကိုပဲ ပိုပြီးအားကိုးချင်ပါရဲ့။

အနှီတော့ အများညီတဲ့ ဒီမိုကရေစီကို မကျင့်သုံးခင် အများစုကို နိုင်ငံသားကျင့်ဝတ် နားလည်အောင် အရင်ဆုံးပညာပေးသင့်တယ်လို့ ဦးဟန်ကြည်က ဆိုလိုချင်တာပါ။ ဒီလောက်ကောင်းတဲ့ ဒီမိုကရေစီကိုတော့ ဦးဟန်ကြည်တို့ မလိုချင်ဘဲ ဘယ်နေလိမ့်မတုန်း။ လိုချင်တာမှ တစ်ပိုင်းကို သေနေသပေါ့။ ဒါပေမယ့် ဒါကြီးရမှ ဒုက္ခများမှာကိုတော့ ဘယ်ဖြစ်ချင်မလဲ။ စဉ်းစားကြည့်ရင် ကြေးအထပ်ထပ်နဲ့ ညစ်ပတ်ပေတူးနေတဲ့ အထည်တစ်ခုကို ဆေးမဆိုးခင် အနှီအထည်ညစ်ကြီးကို အရင်လျှော်ရပေမပေါ့။ လိုအပ်ရင်လည်း ပြုတ်လျှော်သင့်ရင် လျှော်ရပေမပေါ့။ အနှီလိုမလုပ်ဘဲ အထည်ညစ်ကို ဆေးဆိုးမိရင်ဖြင့် ဆိုးမိတဲ့ဆေးတွေ အလဟဿဖြစ်ကုန်မှာ နှမြောစရာမဟုတ်လား။ ဒါကြောင့် ဦးဟန်ကြည်တို့ တိုင်းသူပြည်သားတွေကို ဒီမိုကရေစီရဲ့ အခြေခံစိတ်ထားတွေ အရင်ရိုက်သွင်း၊ ဒီမိုကရေစီဆိုတာ ဘာကိုခေါ်သလည်းဆိုတာကို နားလည်အောင်ပညာပေးပြီးမှ အနှီစနစ်ကောင်းကြီးကို စနစ်တကျ အကောင်အထည်ဖော်ကြရင် အတိုင်းထက်အလွန်၊ တံခွန်နဲ့ ကုက္ကားဖြစ်မယ်ဆိုတဲ့အကြောင်း မီးမောင်းထိုးလိုက်ပါရဲ့ဗျား။              ။

စာကြွင်း။              ။
ဒီမိုကရေစီအခြေခံ အုတ်မြစ်ကို ဘယ်လိုချသင့်တယ်ဆိုတာကို ပညာရေးလောကသားဖြစ်တဲ့ ဦးဟန်ကြည်က ပညာရေးရှုထောင့်ကနေ ဆက်သုံးသပ်ပြီး နောက်ပို့စ်မှာ ဆက်တင်ဖြစ်ပါလိမ့်မယ်။ ဘယ်အရာမဆို လွတ်လပ်စွာကွဲလွဲခွင့်ရှိတာမို့ ဦးဟန်ကြည်တစ်ယောက်တည်းရဲ့ ပုဂ္ဂလိကအမြင်နဲ့ သုံးသပ်ချက်ကို စိတ်ကြိုက်သာ ကွဲလွဲကြဖို့ တိုက်တွန်းချင်ပါတယ်။ စိတ်ကြိုက်ကွဲလွဲလို့အားရရင် ၁၉၄၀ ကျော်နှစ်တွေအတွင်းက သံအမတ်ကြီးဦးထွန်းတင်ရေးထားခဲ့တဲ့ ဒီမိုကရေစီစိတ်ထား ဆိုတဲ့စာအုပ်ပါးကလေးကို ဖတ်ဖြစ်အောင်ဖတ်ဖို့ တိုက်တွန်းလိုက်ပါရဲ့။ အနှီစာအုပ်ကို ရှာရပြုရတာ ခက်ခဲသပ၊ ဖတ်လည်းဖတ်ချင်လှသပဆိုရင်လည်း အလျှင်းသင့်တဲ့အခါမှာ ကောင်းနိုးရာရာ ကောက်နုတ်ပြီး ဖတ်ညွှန်းကဏ္ဍမှာ တင်ပေးပါ့မဗျား။   ။

Sunday, 19 February 2012

ပါးလေးလား . . . အိုးလေးလား . . .

သင်္ကြန်ကျဖို့ တစ်လခွဲလောက်ပဲ လိုတော့တာမို့ 
ခါတော်မီရေခပ်ဆင်းကြတဲ့ သင်္ကြန်သီချင်းတွေ ဟိုတစ်စ သည်တစ်စ ကြားစပြုလာရပါပြီ။

 ဒါပေမယ့် အနှီသီချင်းတွေထဲမှာ သင်္ကြန်ရဲ့ရိုးသားမှု၊ အနှစ်သာရ၊ မြန်မာ့ဓလေ့ တစ်ကွက်မှ မပါရှာပါ။ “ ကဲမယ် ” “ ဆွဲမယ် ” 
“ ဖြဲမယ် ” ဆိုတာတွေ မိုးမွှန်ပြီး တစ်ချို့သီချင်းများဆိုရင် ခြင်ထောင်နံ့တောင် ထွက်နေပါသေးတယ်။ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကို ဦးဟန်ကြည်လည်း အထိုက်အလျောက် သဘောပေါက်ပါတယ်။ ခေတ်ပေါ်ဂီတကို မြတ်နိုးကြတဲ့ လူငယ်တွေကိုလည်း ဦးဟန်ကြည် နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီအနောက်တိုင်းတေးဂီတမှာ ရိုင်းစိုင်းရမယ်၊ မြန်မာ့ယဉ်ကျေးမှုကို ပယ်နိုင်သမျှပယ်ရမယ်လို့ ဘယ်သူမှသတ်မှတ်မထားပါ။ ဒီဂီတနဲ့ပဲ ခရစ်ယာန် ဓမ္မတေးတွေ ဆိုကြတာပါပဲ။  “ ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ ” ဆိုတော့လည်း ဦးဟန်ကြည်တို့ ရင်ခုန်လို့ ရသေးတာပါပဲ။ “ လှပါတယ်ဆိုနေမှ ဒီထက်ပိုလှချင်သူလေး…ကိုယ်ဟာမင်းကို လှလို့ချစ်တာမဟုတ်…ချစ်လို့လှတာပါ ” လို့ဆိုတော့လည်း သဘောကျတာပါပဲ။ ဒါပေမယ့် မကြားဝံ့မနာသာ ရိုင်းစိုင်းတာကိုတော့ ဦးဟန်ကြည် သည်းမခံနိုင်ပါ။ သင်္ကြန်သီချင်းကို ဆိုင်းတွေ၊ ၀ိုင်းတွေ၊ ပတ္တလား၊ ဗုံထောက်တွေနဲ့ဆိုရမယ်လို့ မဆိုလိုပါ။ ဘယ်တူရိယာကိုသုံးသုံး၊ Blues, Jazz, Reggae, Tango, Pop, Punk, Hip-hop, Rap, Techno, Country ဘယ်ဂီတပုံစံနဲ့ပဲ ဖန်တီးဖန်တီး ကိုယ့်ရိုးရာ၊ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ့်အဆင့်အတန်းလေးကိုတော့ ထိန်းသိမ်းသင့်တယ်လို့ ဆိုချင်တာပါ။

မနှစ်က ထွက်လာတဲ့ သင်္ကြန်သီချင်းတစ်ပုဒ်ထဲမှာ အဆိုတော် ဘရိတ်ကီက သီချင်းအဆုံးမှာ “ ပါးလေးလား…အိုးလေးလား ” လို့ ထပ်ခါထပ်ခါ ဆိုပါတယ်။ သူဆိုတာက ခေတ်သီချင်းတွေမှာ ပါလေ့ရှိတဲ့ “ ၀ို ၀ူး ၀ို ၀ူး ရေ … ” တို့ “ ရှားလားလား ... ” တို့ကို ဆိုသလို ဆိုတာဖြစ်လို့ အမှတ်မထင်နားထောင်ရင်တော့ ပြဿနာမရှိပါ။ ဒါပေမယ့် ဒါကိုပဲ အခါပေါင်းများစွာ ထပ်ခါထပ်ခါ ဆိုနေတဲ့အခါမှာတော့ မောင်မင်းကြီးသား ဆိုနေတဲ့ အဓိပ္ပာယ်ကို ကွက်ကွက်ကွင်းကွင်း မြင်လာပါတော့တယ်။ မိုက်ရိုင်းလွန်းတဲ့ အဆိုတော်နဲ့၊ တေးရေးသမားရော၊ ထုတ်ဝေသူကိုပါ ပစ်ပစ်နှစ်နှစ် မေတ္တာပို့မိပါတော့တယ်။ ဟုတ်ကဲ့ … ပါးလေးလား…အိုးလေးလားပါတဲ့…

မန္တလေးက စာရေးဆရာ ဆရာဆူးငှက် ရေးထားတဲ့ “ သင်္ကြန်လေ . . . တိမ်ခိုးပျို၊ ဆောင်းခိုရွက်ကြွေနှင်း ” ရသစာစုများ ထဲက
စာတစ်ပုဒ်ကို ဖတ်ညွှန်းအဖြစ် တင်ပေးလိုက်ပါတယ်။ ပါးလေးလား…အိုးလေးလားနဲ့ နှိုင်းယှဉ်ခံစားဖို့ပါ…


“ သော့၊ မခို့တရို့နှင့်
ခင့်မျက်နှာရေဥကလေးတွေ . . . ”

“ ခါသင်္ကြန်လေနုအေးရယ် . . .
သွေးကာ သူနော့ . . . နော့တာ။
ပိတောက်ရွှေ မာလာဝတ်မှုန် . . . ၀င့်ကာ သူကြော့ . . . ကြော့တာ။
ပက်ဖျန်းကာ ရေစင်လောင်းတယ်
သင်္ကြန်မယ် ပျိုဖြူများမှာ
က တယ်နော် . . . သော့ကို သော့တာ . . . ”
မြို့မငြိမ်း၏ “ သော့ ” ဆိုသော သင်္ကြန်သီချင်းလေးကို ဆိုညည်းရင်း သင်္ကြန်ကို လွမ်းဆွတ်နေမိ၏။ “ လေနုအေးကား နော့နေဆဲကို . . . ” ဟူသော ဆရာဒဂုဏ်တာရာ၏ နာမည်ကျော် “ မေ ” ၀ထ္ထုမှ အဖွင့်စာကြောင်းကား ဆရာငြိမ်း၏ သင်္ကြန်သီချင်းနှင့် ထင်ဟပ်ယှဉ်ပြိုင်နေ၏။ ဆရာငြိမ်းက “ နော့ ” ကိုပင် ထပ်မံကာ ကွန့်လိုက်သည်။ ဘာတဲ့ . . . ပိတောက်ရွှေ မာလာဝတ်မှုန်က “ ကြော့ ” သတဲ့ . . .။ လတ်ဆတ်သော . . .၊ ၀င့်ကြွားသော၊ တောက်ပသော၊ ငွားစွင့်သော ပိတောက်ပန်း၏ အလှကို “ ကြော့ ” ဟူသည့် စာတစ်လုံးတည်းဖြင့်ပင် ပိုင်းဖြတ်ပေးလိုက်ခြင်း ဖြစ်သည်။

အလှတွင် အယဉ်ဆင့်သလို လှခြင်း၏ထိပ်ခေါင်က ယဉ်ခြင်းဖြစ်၏။ အယဉ်တကာ့ထိပ်ခေါင်က အကြော့တွင် စုလေသောကြောင့် “ ကြော့ ”ခြင်းသည်ကား လှမျိုးစုံ၊ ယဉ်မျိုးစုပင် ဖြစ်သည်။

သင်္ကြန်လေနုအေးလေးက တနော့နော့ . . .။

ပိတောက်ခက်လေးက ခပ်ကြော့ကြော့ . . .။ သည်ရာသီ၊ သည်မြင်ကွင်းလေးမှာ သွက်လက်မြူးကြွသော ဒိုးဆစ်၊ ဒိုးချက်များတွင် သင်္ကြန်မယ်ကလေး က နေပုံမှာ “ သော့ ” လို့ တဲ့။

နုပျိုခြင်း၊ တက်ကြွခြင်း၊ ဖျတ်လတ်ခြင်း၊ ပျော်ရွှင်ခြင်း၏ လက္ခဏာများကို မြို့မငြိမ်းက “ သော့ ” ဟူသော စကားလုံးကလေး တစ်လုံးနှင့်ပင် ဖော်ပြလိုက်၏။ လှလိုက်သည့်ဖြစ်ခြင်း . . .။

ထိုသီချင်းလေးအား အမှတ်ထင်ထင် ရွတ်ဆိုမိလေတိုင်း မထိတထိ ကလူကျီစယ်သော နွေဦးလေညင်းတွင် လတ်ဆတ်မှု၊ တောက်ပမှု၊ ၀င့်ကြွားမှုများနှင့်အတူ နုပျိုခြင်း၊ တက်ကြွခြင်း၊ ဖျတ်လတ်ခြင်း၊ ပျော်ရွှင်ခြင်း သရုပ်များဖြစ်သည့် “ တာသင်္ကြန် ”၏ အတိတ်ပုံရိပ်ကို နင့်နေအောင် ခံစားလိုက်ရသည်။

“ သြော် . . . မခို့တရို့နဲ့ပင် သိင်္ဂီဝင် ပိတောက်ရွှင်မြူးကြ
ခါတော်ရေသဘင် . . . ” တဲ့ . . .
ဆရာဦးဘသိန်းကလည်း သင်္ကြန်သီချင်းလေးတစ်ပုဒ်ကို “ မခို့တရို့ ” ဟူသော စကားလုံးဖြင့် စပ်ဆိုထား၏။ “ မခို့တရို့ ” တဲ့၊ ယခု မသုံးတော့သလောက် ရှားပါးသော စကားလုံးဖြစ်သည်။

မြန်မာမိန်းကလေးတစ်ယောက်၏ ဣနြေ္ဒ၊ ချစ်စဖွယ် အမူအရာ၊ ထိန်းချုပ်သော အပြုံး၊ လှစ်ခနဲ ပြလိုက်သည့် ကြည်နူးမှု 
 ( သို့မဟုတ် ) အချစ် . . .။

စင်ပေါ်မှ က နေသည့် သင်္ကြန်မယ်ကလေးဆီက ရလိုက်သော “ မခို့တရို့ ” အမူအရာသည် အဘယ်မှာ မေ့နိုင်တော့ပါမည်နည်း . . .။ “ မခို့တရို့ ” ဟူသည် ယဉ်ကျေးလွန်း၊ နူးညံ့လွန်းသော တုံ့ပြန်မှုလေးမို့ အဘယ်သူသည် ရင်တဖိုဖို အသည်းတလှပ်လှပ်နှင့် မကြည်နူးဘဲ နေနိုင်ပါအံ့နည်း . . .။

“ ပန်းအိရောင်သွင် ပြုံးလို့ချိုရွှင်၊
ခင့်မျက်နှာ ရေဥလေးတွေ၊ ဖွေးနုနုတင် ” တဲ့
မြို့မကိုပေါကလည်း သူ၏ “ ဖြူပြာမူရာ ” သင်္ကြန်သီချင်းမှာ စပ်ဆိုခဲ့သည်။ ပြုံးချိုရွှင်နေသော ပန်းအိရောင် ခင့်မျက်နှာမှာ “ ရေဥ ” လေးတွေ ဖွေးနုတင်သတဲ့။ အင်မတန် အသက်ပါလှသော သင်္ကြန်မယ် ပေါ့ထရိတ် “ Portrait ” ဓာတ်ပုံ တစ်ပုံပင်ဖြစ်သည်။ အလင်းအမှောင်အနေအထား၊ အဖြတ်အတောက်၊ ဆေးသားအနုအရင့် ဘာမှ ပြောစရာမလို . . .။ ဒိုင်အားလုံးက တစ်ပြိုင်နက် ခလုတ်နှိပ် အမှတ်ပေးကြမည့် ပုံကောင်းတစ်ပုံ . . .။ ဘာတဲ့ . . . ။ “ ခင့်မျက်နှာ ရေဥလေးတွေ ဖွေးနုနုတင် ” တဲ့။ သင်္ကြန်မယ်လေး မျက်နှာပေါ်က သင်္ကြန်ရေဥလေးကိုတော့ မေ့မရနိုင်။ သြော် . . . ချစ်သော သင်္ကြန်ကိုမှ တစ်ချိန်က သင်္ကြန်သီချင်းလေးတွေထဲမှာပဲ ရင်ခုန်စွာ ခံစားပေတော့။                  ။

ဆူးငှက်
“ သင်္ကြန်လေ . . . တိမ်ခိုးပျို၊ ဆောင်းခိုရွက်ကြွေနှင်း ” ရသစာစုများ

Thursday, 16 February 2012

ကောက်သင်းကောက် . . .

ဒီရက်ပတ်ထဲမှာ 
အလုပ်များရတဲ့ကြားမှာမှ ဦးဟန်ကြည်ရဲ့ ကဗျာအာရုံတွေ ထူးထူးဆန်းဆန်းပဲ နိုးကြားနေပြန်ပါတယ်။ ကဗျာရေးဖို့ အကြည်ဓာတ်ခမ်းနေခဲ့တာ လေးငါးခြောက်လလောက်ကြာခဲ့ပြီးမှ အလည်ပြန်လာတဲ့ ကဗျာဝိညာဉ်က နိုးမယ့်နိုးထတော့လည်း ကွန်မန့်ပေးတာတောင် ကဗျာတွေထွက်နေတဲ့ အထိပါ။ ဘယ်အချိန်အထိ ကဗျာအကြည်ဓာတ်တွေ စိမ့်ထွက်နေမယ်ဆိုတာ မခန့်မှန်းနိုင်တာကြောင့် အာရုံဝင်စားတုန်းမှာ ကဗျာတွေတော်တော်များများ ကောက်သင်းကောက်ထားမိပါတယ်။

ဒီကဗျာကို လေးချိုး ပုံစံနဲ့ ရေးထားတာပါ။

 လေးချိုးရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို “ တက်သံခေါ် ပကတိသံဖြင့် ချရသော အချိုးနှစ်ခုနှင့် အောက်မြစ်သံ ၀ိသဇ္ဖနီသံတို့ဖြင့် ချရသော အချိုးနှစ်ခု ပေါင်းအချိုးလေးခုပါဝင်သော ကဗျာအမျိုးအစား ” လို့ ဖွင့်ထားပါတယ်။

လေးချိုးကဗျာ တစ်ပုဒ်ရဲ့ စာတစ်ကြောင်း၊ ပါဒတစ်ခုနဲ့ နောက်ပါဒ တစ်ခုကြားမှာ ကာရန်နဲ့ ချိတ်ရပါတယ်။ အဲဒီကာရန်ကိုတော့ ပိုဒ်တွင်းကာရန်လို့ခေါ်ပါတယ်။ အခုရေးထားတဲ့ကဗျာမှာ ပထမပါဒ အဆုံးဖြစ်တဲ့ “ က ” နဲ့ ဒုတိယပါဒမှာ သုံးထားတဲ့ “ ပြ ” ကို ပိုဒ်တွင်းကာရန် ယူထားပါတယ်။ စာလုံးတိုင်း နဘေထပ်ပြန်ယူတဲ့ မန်ကျည်းရွက်သတ် နဘေကိုလည်း သုံးလို့ရပါသေးတယ်။ မန်ကျည်းရွက်သတ်နဘေကိုတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းရေးတဲ့ မဟာလေးချိုးကြီးတွေမှာ အများဆုံးတွေ့နိုင်ပါတယ်။ ဆရာကြီးရဲ့ “ အညာမင်္ဂလာဆောင် ” လေးချိုးကြီးမှာ
“ ကျုပ်တို့အညာမှာ မင်္ဂလာတစ်မျိုးပေပ
အဟုတ်ဗျို့ဓမ္မတာ အစဉ်အလာမညှိုးခဲ့ပါဘု ”
-ဆိုတာ မန်ကျည်းရွက်သတ်ပါ။

အချိုးလေးချိုးမှာ ပထမအချိုး(စာပိုဒ်)နဲ့ ဒုတိယအချိုး၊ တတိယအချိုးနဲ့ နောက်ဆုံးအချိုးမှာ နှစ်တွဲစီ အဆုံးသတ်အချိုးကာရန် ညီအောင် ယူရပါတယ်။ ပထမအချိုးကာရန် “ လွယ် ” ဒုတိယ အချိုးကာရန် “ တယ် ”၊ တတိယအချိုးကာရန် “ ရဲ့ ” နောက်ဆုံးအချိုးကာရန် “ ခဲ့ ” ဆိုတာတွေ အတွဲလိုက် ညီအောင်ယူထားတာ တွေ့နိုင်ပါတယ်။

ဒုတိယအချိုးနဲ့ တတိယအချိုးကို ခွာထောက်ကာရန်ယူရပါတယ်။ အဲဒီလိုမယူမိရင် နောက်ဆုံးအချိုးနှစ်ချိုးက သီးသန့်ဖြစ်သွားပြီး ကဗျာပုံစံ ပျက်သွားပါတယ်။ လေးချိုးမဟုတ်တော့ဘဲ ဒွေးချိုးနှစ်ပုဒ်ဆင့် ဖြစ်သွားပါလိမ့်မယ်။ ဦးဟန်ကြည်ရေးထားတဲ့ ကဗျာမှာ ပထမ အချိုးကာရန်က “ လွယ် ” ဖြစ်ပြီး ဒုတိယ အချိုးကာရန်က “ တယ် ” ဖြစ်ပါတယ်။ အဲဒီ “ အယ် ” ကာရန်ကို တတိယအချိုးရဲ့ ပထမပါဒ(စာကြောင်း)မှာ ပြန်ထည့်ပြီး “ ဖယ် ”ဆိုတဲ့ စာလုံးကို သုံးထားတာ ခွာထောက်ကာရန်လို့ ခေါ်ပါတယ်။

ကဗျာဆိုတာ ဘာသာစကားရဲ့ အညွန့်အဖူးဖြစ်တာမို့ စာပေကို မြတ်နိုးသူတစ်ယောက်အနေနဲ့ ကဗျာတွေကိုလည်း အထိုက်အလျောက် လေ့လာသင့်လှပါတယ်။ ကဗျာချစ်သူတစ်ယောက်အနေနဲ့လည်း ခေတ်ပေါ်ကဗျာတွေကို ခံစားသလို ရှေးရိုးဖွဲ့ထုံးတွေကိုလည်း အထိုက်အလျောက် နားလည်ထားရင် ကဗျာရဲ့ နုညံ့သိမ်မွေ့တဲ့ ရသနဲ့ အလှအပကို ပြည့်ပြည့်၀၀ ခံစားနိုင်ပြီး ကိုယ်တိုင်ဖန်တီးတဲ့အခါမှာ အရည်အသွေးပိုပြည့်လာပါလိမ့်မယ်။

ဒါကြောင့် ကဗျာတစ်ပုဒ်ရေးဖြစ်တိုင်းမှာ ရေးထားတဲ့ကဗျာဖွဲ့ထုံးကို အထိုက်အလျောက်ရှင်းပြဖို့ စိတ်ကူးမိပါတယ်။ ငါသိ၊ ငါတတ်ဆိုတဲ့ စိတ်မျိုးမွေးပြီး ဆရာလုပ်ချင်စိတ်နဲ့မဟုတ်ဘဲ မြန်မာကဗျာဖွဲ့ထုံးကို စိတ်ဝင်စားရင် လေ့လာနိုင်အောင်ဆိုတဲ့ ဆန္ဒနဲ့ပါ။ ကဗျာရဲ့ ဆိုလိုရင်းကိုတော့ ခံစားမှု အနုအရင့်အလျောက် ကိုယ်တိုင်ခံစားကြဖို့ ဒီအတိုင်းပဲ ထားလိုက်ပါတယ်…

“ နွယ် ”

လောက
ပြောပြတော့ တယ်မလွယ်…။

သံယောဇဉ် သည်တရားရယ်ကြောင့်
ခါးချိလှတယ်…။

တိမ်းရှောင်ဖယ်
အဆွေးနယ် တစ်ကိုယ်ချဉ်းပါလို့
ငိုရင်းသာ ဖာသာနေချင်ရဲ့…။

ငြိတွယ်လာ သည်နှောင်ကြိုးတွေကြောင့်
သည်ကိုယ်မှာ ဒဏ်ရာဆိုးပါရဲ့
သံသရာ ဖန်ခါခါနစ်ချင်ဘု
မြန်မကြာလွတ်နိုင်ကြောင်းကိုကွယ်
တောင်းဆုပန်ခဲ့…။    

ဟန်ကြည်
၇.၂.၂၀၁၂ ( အင်္ဂါနေ့ )

Sunday, 12 February 2012

ဗယ်-လင်မှလည်း မတိုင်းချင် . . .

“ ဖေဖော်ဝါရီ ၁၃ မှာ
ဗိုလ်ချုပ်မွေးနေ့ပါ . . . ”


ခပ်ငယ်ငယ်ကတည်းက ရင်ထဲမှာစွဲနေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းကဗျာကို ဦးဟန်ကြည် ခပ်တိုးတိုး ရွတ်မိပါတယ်။ ဒီနေ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ပါကလား။ မြန်မာပြည်ကို အင်္ဂလိပ်၊ ဂျပန်တွေလက်အောက်ကလွတ်မြောက်ပြီး ကိုယ့်မင်းကိုယ့်ချင်းနဲ့ နေနိုင်ဖို့ သက်စွန့်ကြိုးပမ်းဆောင်ရွက်သွားခဲ့တဲ့ အာဇာနည်ကြီးရဲ့ မွေးနေ့မှာ ပတ်ဝန်းကျင်ကို ဦးဟန်ကြည် စနည်းနာလိုက်မိတော့ သိတောင်သိကြပုံမရတော့။ သြော်…သနားလိုက်ပါဘိတော့တယ် ဗိုလ်ချုပ်ရယ်။ အိမ်ခန်းနံရံမှာ ဓာတ်ပုံချိတ်ခံရတဲ့ဘ၀နဲ့တင် ဗိုလ်ချုပ်ခမျာ ကျိန်းကျေနေရှာပြီပေါ့။

ဦးဟန်ကြည်တို့ရဲ့ မျိုးဆက်သစ်ကလေးတွေ၊ တစ်ချိန်မှာ တိုင်းပြည်ကို ခေါင်းဆောင်ကြမယ့် လူငယ်လေးတွေ ဗိုလ်ချုပ်မွေးနေ့မှာ ဘာတွေများ အင်တိုက်အားတိုက် လှုပ်ရှားနေကြပါလိမ့်လို့ စောကြောလိုက်မိတော့ အမေ့နို့နံ့မစင်သေးတဲ့ ကလေးစုံတွဲလေးတွေ အလုပ်တွေတော့ ရှုပ်နေကြပါရဲ့။ အလုပ်တွေရှုပ်ပြီး ဘာတွေများ အရှုပ်တွေလုပ်နေကြပါလိမ့်။ မနက်ဖြန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ဘယ်နိုင်ငံက စပြီးပေါ်လာမှန်းမသိတဲ့ ဗယ်လင်တိုင်းနေ့ ( မြန်မာအခေါ် ချစ်သူများနေ့ )အတွက် အပီအပြင် ပြင်ဆင်နေကြပါကလား။ ကောင်းပါလေ့… ။ တို့ဗိုလ်ချုပ်ကလည်း ဗယ်လင်တိုင်းမတိုင်ခင် တစ်ရက်မှာမှ လူဖြစ်လာခဲ့ရှာသကိုး။ နှလုံးသားအရေးကို တိုင်းပြည်နဲ့လူမျိုးအရေးထက် ရှေ့တန်းတင်ကြတဲ့ ဒီခေတ်မှာ ဗိုလ်ချုပ်မွေးနေ့ခမျာ မထင်မရှားဖြစ်ရှာပြီပေါ့။ အိမ်း…ဘုရားကအောက် မျောက်က အထက်ပါကလား အရပ်ကတို့ရယ်…

လူမှန်းသူမှန်းသိကတည်းက ပေါ်ပင်အလုပ်တွေကို ဖီလင်မ၀င်ဘဲ စက်ဆုပ်ပါတဲ့ ဦးဟန်ကြည်ရဲ့ ဘ၀တလျှောက်မှာ အနှီဗယ်လင်တိုင်းနေ့ဆိုတာကြီးကို တစ်ခါသားမှ စိတ်ဝင်တစားမရှိခဲ့ရိုးအမှန်ပေါ့။ တက္ကသိုလ်ကျောင်းသားဘ၀၊ လူငယ်ဘ၀ကို ဖြတ်သန်းခဲ့ပေမယ့်လည်း ပါရမီနည်းရှာခဲ့တာမို့ ရည်းစားဆိုလို့ မူးလို့တောင်ရှူစရာ မရှိခဲ့လေပြန်တော့ အနှီမောင်မင်းကြီးသား ဗယ်လင်တိုင်းဆိုတာ ကိုယ်နဲ့လားလားမှမဆိုင်တဲ့ အရာကြီး ဖြစ်လို့နေခဲ့ပါလေရော။ ( သူကြီးမင်းတို့နဲ့များ ကွာချက် )။  ကြံသကာ၊ ထန်းလျက်ခဲနဲ့ လူဖြစ်လာခဲ့တဲ့ တောသားပီပီ ချောကလက်ဆိုတာ ကိုယ်တိုင်တောင် အရသာမခံတတ်တာမို့ သူများကို ပေးဖို့နေနေသာသာ ကိုယ့်ဖာသာတောင် ၀ယ်မစားဖြစ်တဲ့အထိ။ ပန်းစည်းကြီးကိုင်ပြီး လျှောက်သွားရအောင်လည်း မိန်းမအလုပ်ဖြစ်နေပြန်တော့ အင်မတန်မှ ကျားကျားလျားလျား ဖြစ်ချင်ခဲ့ပါတဲ့ မောင်ဟန်ကြည်နဲ့ လားလားမှမဆိုင်။ အင်းပေါ့လေ…အနှီလောက် ဒိုက်ဖတ်ကျမှတော့ ဘယ်မဒီကညာက ရင်ခုန်ပါဦးမလဲ။

ဘယ်လိုပဲဖြစ်ဖြစ် ဒီနေ့မျိုးမှာ သူများတွေက ဗယ်လင်တိုင်းနေ့အမှတ်တရတွေကို တခုတ်တရ ရေးကြပြောကြတော့ ဦးဟန်ကြည်တစ်ယောက်လည်း အားကျမခံ ရှိစုမဲ့စုအမှတ်တရလေးတွေကို ခေါင်းမီးတောက်အောင် စဉ်းစားမိပြန်ပေသပေါ့။ စတိတ်ကျောင်းသားဘ၀…အိမ်း…ကိုယ့်ကျောင်းစာနဲ့ကိုယ် ချာလပတ်ရမ်းနေခဲ့တာမို့ ဗယ်လင်မှကို မတိုင်းဖြစ်ခဲ့တာ အမှန်။ တက္ကသိုလ်ကျောင်းသားဘ၀…မောင်ဟန်ကြည် အူကြောင်ကြားကို ရင်ခုန်မဲ့သူမှ မရှိတာကလား။ သို့ပေမင့် 3rd MB နောက်ဆုံးစာမေးပွဲပြီးတဲ့ရက်နဲ့ တိုက်ဆိုင်နေတဲ့ ဗယ်လင်တိုင်းမှာတော့ အမှတ်တရလေးတွေတင်မဟုတ်ဘဲ၊ အမှတ်တရကြီးတွေတောင် ရှိခဲ့ပါသဗျား။ ကိုင်း…အများညီရင် “ဤ” ကို “ကျွဲ” လို့ဖတ်ကြတဲ့ ဒီဘက်ကာလကြီးမှာ ခေတ်နောက်မကျရလေအောင် မရှိရှိရာ ရှာကြံပြီး ဦးဟန်ကြည်ရဲ့ဗယ်လင်တိုင်း အမှတ်တရတွေကို အမှတ်ဟောင်းတွေပြန်ကြည့်လို့ ဇာတ်ကြောင်းကို လှန်မိပါရဲ့ဗျား…

http://icondrawer.com/img/free_img/valentine_prev.jpg

ဦးဟန်ကြည်တို့ ဆေးတက္ကသိုလ်ဆိုတာကြီးက စာတွေ အင်မတန်မှ များတာကလား။ တကတည်း နှစ်ပတ်တစ်ခါဆိုသလို ဖြေလိုက်ရတဲ့ စာမေးပွဲ၊ လူတွေတောင် လူရုပ်ပျောက်မတတ်ပေါ့။ အနှီလိုနဲ့ ဇန်န၀ါရီလထဲမှာ နောက်ဆုံးအတန်းတင်စာမေးပွဲကြီး စဖြေရော ဆိုကြပါစို့။ စာတွေ့တွေဖြေရ၊ လက်တွေ့တွေဖြေရ၊ ဆေးရုံသွားပြီး bed side လို့ခေါ်တဲ့ လူနာစမ်းသပ်စစ်ဆေးတာတွေဖြေရဆိုတော့ စာမေးပွဲလည်းပြီးရော နဂိုကတည်းက ပေါင် ၁၀၀ စွန်းရုံပဲရှိတဲ့ မောင်ဟန်ကြည်ခမျာ ခပ်လှီလှီ၊ ခပ်ပါးပါးပဲ ကျန်ပေသပေါ့။ ဖြစ်ချင်တော့ အဲဒီစာမေးပွဲကလည်း ဖေဖော်ဝါရီ ၁၄ မှာ ချိန်ကိုက်ထားသလို ပြီးသွားပါလေရော။ ဒီတော့လည်း စာမေးပွဲတွင်းတစ်လျှောက်လုံး ပင်ပန်းခဲ့သမျှ ချစ်သူ့ရင်ငွေ့လှုံကြမယ့် မောင်တွေ၊ မယ်တွေ ပျော်ကြမြူးကြလေသတည်းပေါ့လေ။ အဲဒီနေ့မှာ ခါတော်မီဖွင့်ရောင်းတဲ့ နှင်းဆီပန်းဆိုင်၊ ချောကလက်ဆိုင်၊ လက်ဆောင်ပစ္စည်းဆိုင်တွေမှာလည်း အလကားဝေကြသလား အောက်မေ့ယူရလောက်အောင် စုံတွဲတွေ၊ စုံတွဲတွေကြိတ်ကြိတ်ကိုခဲလို့ပေါ့။ ဒါပေမယ့် မောင်ဟန်ကြည် သစ်ငုတ်တိုခမျာမှာတော့ ပေးရမယ့်လူမရှိ၊ ပေးမယ့်လူနတ္တိမို့ ဆေးတက္ကသိုလ်ပရ၀ုဏ်ကြီးရှေ့မှာ လင်းတမှိုင် မှိုင်နေရှာရသကိုး။ စာမေးပွဲပြီးပြီမို့ စာကလည်း ကျက်စရာမရှိ၊ သူငယ်ချင်းတွေနဲ့ အလည်အပတ်သွားရအောင်ကလည်း အုပ်စုထဲမှာ သူငယ်ချင်းအားလုံးက ဒွိယံ၊ ဒွိယံ အတွဲကိုယ်စီနဲ့မို့ ယောက်ျားချင်း ခပ်ပါးပါးမူနဲ့ ခမျာမှာ အပယ်ခံဖြစ်ပြီပေါ့။

ဒါနဲ့ပဲ ညနေစောင်းလောက်ရောက်တော့ စိတ်ထွေထွေနဲ့ သူငယ်ချင်း တကောင်းသားနေတဲ့ အဆောင်ကို တစ်ယောက်တည်း ချီတက်သွားပါလေရော။ ကံများကောင်းချင်တော့ အဲဒီမောင်မင်းကြီးသားကလည်း သူ့ရည်းစားက ရွာမှာကျန်ခဲ့တာမို့ သူများလို မကဲနိုင်၊ မတွဲနိုင်ရှာလို့ အသည်းမခိုင်ဘဲ ပေါက်ကွဲချင်နေသကိုး။ ဘုန်းကြီးရူးနဲ့ လှေလူးတော့ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ကြပြီမို့ တိုင်းပြီးရက်တဲ့ ပက္ကလာ၊ မိုးရွာတာနဲ့ အခန့်သင့်ကို ဖြစ်ကရော ဆိုကြပါစို့ရဲ့။ အဲဒါနဲ့ သူ့အဆောင်က 1st MB ချာတိတ်တစ်ကောင်ကို အပါခေါ်ပြီး သစ်ငုတ်တိုတို့ရဲ့ လားရာလမ်းအတိုင်း ဘီယာဆိုင်ကို မြန်းကြလေသတည်းပေါ့။ ဆေးကျောင်းအလွန်မှာရှိတဲ့ လမ်း ၃၀ ပေါ်က ဘီယာဆိုင်ရောက်တော့ မောင်ဟန်ကြည်တို့ သုံးယောက် ဘီယာတစ်ယောက်တစ်ခွက်စီကိုင်ပြီး လောကကြီးကို ပေါက်ကွဲကြပါလေရော။ သူငယ်ချင်းကတော့ သူ့ရည်းစားကို ဘယ်လိုလွမ်းကြောင်းတွေ ရင်ဖွင့်တော့တာပေါ့လေ။ မောင်ဟန်ကြည်ခမျာမှာတော့ ကြွားစရာမရှိရှာတော့ ဗလာချီပြီး ခံရပြီပေါ့။ တစ်ယောက် နှစ်ခွက်စီလောက်လည်း နှိပ်ပြီးရော မောင်မင်းကြီးသားက ဘီယာက မမူးဘူးကွာ အပြင်းချကြစို့ဆိုတဲ့ အဆိုတင်သွင်းပါလေရော။ စိန်ခေါ်ရင် အိမ်ပေါ်ထိ လိုက်ကိုက်မဲ့ မောင်ဟန်ကြည်ပေပဲ ချဲလင်ခ်ျခေါ်ရင် အဲဗားဝဲလ်ကမ်းပေါ့။ ဒီလိုနဲ့ ရှိစုမဲ့စု ဖွတ်ကလိဒင်္ဂါးလေးတွေ ညှစ်ညှက်ပြီး ရမ်တစ်ပြားထောင်ကြတာပေါ့လေ။ တစ်ယောက် တစ်ပက်စီလောက်လည်း သောက်ပြီးရော မောင်ဟန်ကြည်နဲ့ သူငယ်ချင်းပါးစပ်က ဗမာစကားတွေလည်း ပျောက်ကုန်ပါလေရော။ နှစ်ကောင်လုံးကလည်း ဘိုရူးတွေဖြစ်ပြန်တော့ မြန်မာလိုမပြောကြေး ဘိုလိုပြောကြေးတွေ ဘာတွေ လုပ်ကြပြီပေါ့။ မောင်ဟန်ကြည်တို့နှစ်ယောက် နာရီဝက်သာသာလောက်ကြာအောင် ဘိုလိုလည်းမှုတ်ထည့်လိုက်ရော အတူသောက်နေတဲ့ 1st MB သမားက အစ်ကိုကြီး ကျွန်တော်တော့ မူးပြီလို့ လုပ်ပါလေရော။ ဟ… မင်းဟာက နှစ်ပက်လောက်နဲ့ မူးစရာလား၊ သွေးနည်းလှချေလား ဘာလားနဲ့ မောင်ဟန်ကြည်တို့နှစ်ယောက်က ချာတိတ်ကို ၀ိုင်းကြပ်ကြတော့ ကိုယ်တော်လေးက  ကျွန်တော် သောက်လို့မူးတာဟုတ်ဘူးတဲ့… အစ်ကိုတို့ပြောတာတွေနားထောင်ရင်းနဲ့ ကျွန်တော်မူးသွားတာတဲ့…ကောင်းရော။

အဲဒီလို သောက်ပွဲကျင်းကြပြီးတော့ နဲနဲထွေလာရင် သီချင်းကလေးဟဲချင်လာတဲ့ တောသားထုံးစံအတိုင်း မန်းလေးတက္ကသိုလ်နားက ကာရာအိုကေဆိုင်ကို သုံးယောက်သား ချီတက်ကြပါလေရော။ အဲဒီခေတ်က ကာရာအိုကေဆိုတာကလည်း အရှားသားကလား။ ဒီဘက်ခေတ်လို အိမ်တိုင်းလိုလိုမှာ ကာရာအိုကေစက်တွေ ဖောဖာသီသီမရှိလေတော့ ငွေကုန်ကြေးကျခံပြီး ဆိုင်မှာသွားသွားဟဲရသပေါ့။ ကာရာကို လူနဲ့တွဲပြီး အိုကေရတဲ့ ဆိုင်တွေလည်း ရှိပေမယ့် အဲဒီဆိုင်ကတော့ စားဖို့ သောက်ဖို့နဲ့ သီချင်းဆိုဖို့ပဲ သီးသန့်လုပ်ထားတာမို့ မောင်ဟန်ကြည်တို့ ဓာတ်ကျတဲ့ ဆိုင်ပေါ့လေ။ ကာရာအိုကေဆိုင်လည်းရောက်ရော ကိုယ်လိုလူစားတွေချည်းတန်းစီနေတာမို့ သီချင်းကလေးတစ်ပုဒ်ဆိုဖို့အရေးမယ် တစ်နာရီလောက်ကြာအောင် စောင့်နေရပါရော။ အဲဒီဆိုင်က တစ်ဝိုင်းကို သီချင်းသုံးပုဒ်ပဲ ဆိုခွင့်ပေးတာကိုး။ ဘယ်လောက်ပဲဆိုချင်ဆိုချင် ကိုယ့်အလှည့်သုံးပုဒ်ပြီးရင် တခြားဝိုင်းကို အလှည့်ပေးပေတော့။ တစ်နာရီလောက်ကြာအောင် စောင့်ပြီးတော့ တစ်ယောက်တစ်ပုဒ်စီပဲ ဟဲရတော့ အာခေါင်တောင် မနွေးလိုက်ကြရှာဘူး၊ နောက်တစ်ဝိုင်းကို လက်ပြောင်းပေးလိုက်ရရော။ ထုံးစံအတိုင်း အဲဒီဆိုင်မှာ နောက်တစ်ပြား ထပ်ကစ်ကြပြန်တာပေါ့လေ။ နောက်တစ်ကျော့ဆိုဖို့အရေးမှာ တစ်နာရီသာသာလောက်ထိုင်စောင့်ရပြန်တော့ ခပ်ထွေထွေ မောင်ဟန်ကြည်တို့ ဘယ်စိတ်ရှည်တော့မလဲ။ ဆိုင်ကနေထွက်ပြီး ရွှေမန်းသားတို့ သူရာဝင်ရင် လုပ်လေ့လုပ်ထရှိတဲ့ လမ်းစဉ်အတိုင်း မန်းလေးကျုံးကြီးကို ဆိုင်ကယ်နဲ့ ပတ်ကြတော့တာပေါ့။

သုံးယောက်သား ခပ်ဝါးဝါးနဲ့ ကျုံးပတ်နေကြတုန်း သူငယ်ချင်းက အမူးသမားတို့ထုံးစံအတိုင်း မောင်ဟန်ကြည်တို့နှစ်ယောက်ကို မင်းတို့က သိပ်မသောက်ဘူး…ငါချည်းပဲ သောက်ရတယ်တွေ ဘာတွေနဲ့ ရစ်ပါလေရော။ ဒါမျိုးလာရစ်လို့ကတော့ မောင်ဟန်ကြည်တို့က ဘယ်သည်းခံလိမ့်မတုန်း။ ထပ်ချမယ်ပေါ့။ ဒီလိုနဲ့ လမ်း ၃၀ ပေါ်က နောက်တစ်ဆိုင်ကို သွားပြီး နောက်ထပ် တစ်လုံးထောင်ကြတာပေါ့လေ။ ဒီလောက်တောင် ကြွက်တွင်းထဲရေလောင်းသလို မော့မှတော့ သုံးယောက်သား ဘာပြောကောင်းမလဲ လူလုံးတောင်မကွဲအောင် မူးလိုက်ကြတာ၊ ချာလပတ်ကို ရမ်းနေပါလေရော။ ဒါပေမယ့် ဆေးကျောင်းသား ရင့်မကြီးတွေဆိုတော့ ဟန်ကတော့ တယ်ကောင်းကြသကိုး။ ထိုင်နေလို့ကတော့ ရုပ်ကို မပျက်တာ။ ရမ်တစ်လုံးလည်းကုန်ရော၊ အချိန်လည်း သန်းကောင်ကျော်ပါလေရော။ ဒါနဲ့ ပြန်ကြမယ်ဆိုပြီး သုံးယောက်သား ဆိုင်ကယ်ပေါ်တက်ခွကြတာပေါ့လေ။ အဲဒီကျမှပဲ ထိုင်နေအကောင်းသား ထသွားမှ မူးမှန်းသိတော့တာပဲ။ စူပါကပ်ဆိုင်ကယ်ဆိုတာမျိုးက အင်ဂျင်သော့နဲ့ ဇက်သော့က တခြားစီမဟုတ်လား။ ဇက်သော့ကို အရင်ဖွင့်ပြီးမှ အင်ဂျင်သော့ဖွင့်ပြီး မောင်းရတဲ့ အမျိုး။ ဒါပေမယ့် မောင်ဟန်ကြည့်သူငယ်ချင်းက ဇက်သော့ဖွင့်ဖို့ သတိမေ့နေတာမို့ အင်ဂျင်သော့ကို တစ်ခါတည်းဖွင့်ပြီး ဂီယာသွင်း၊ လီဗာလည်း ဗျင်းခနဲဆွဲလိုက်ရော ဇက်ခေါက်ထားတဲ့ဆိုင်ကယ်က ဆန်ကောဝိုင်းသလို ၀ိုင်းကြီးပတ်ပတ်လည်ပြီး သုံးယောက်သား ဆိုင်ကယ်ပေါ်ကနေ ကားခနဲနေအောင် ကျတာမှ ဘာပြောကောင်းမလဲ ဆိုင်ရှေ့မှာတင် ခွေခွေလေးတွေကို ဖြစ်လို့။

နည်းနည်းပဲ သောက်ရှာတဲ့ 1st MB သမားခမျာ မောင်ဟန်ကြည်တို့ကို သွေးလန့်သွားရှာတာကြောင့် ဆိုင်ကယ်သော့ကို အတင်းလုပြီး သူငယ်ချင်းအဆောင်အရောက် မောင်းပို့ရှာတယ်။ အဆောင်ရောက်လို့ ဆိုင်ကယ်ရပ်တဲ့နေရာမှာ ဆိုင်ကယ်သွားတားမယ်လုပ်တော့ မောင်ဟန်ကြည်တို့နှစ်ယောက်ကို ဘယ်နားမှာထားခဲ့ရမယ်ဆိုတဲ့ ပြဿနာပေါ်ပါလေရော။ ဒီမှာတင် အမူးပါး မောင်ဟန်ကြည်က အဆောင်ဘေးမှာပေါက်နေတဲ့သစ်ပင်ကြီးနှစ်ပင်ကို လက်ညှိုးထိုးပြပြီး သူငယ်ချင်းနှစ်ယောက် တစ်ယောက်တစ်ပင်စီဖက်လို့ ဟန်မပျက် ရပ်နေရစ်ကြတာပေါ့လေ။ ဒီကြားထဲမှာ သူ့အဆောင်က မီးရထားဝန်ထမ်းအိမ်ရာက လေးထပ်တိုက်မှာ ထိပ်ဆုံးအထပ်ဖြစ်နေပါလေရော။ ဒီလောက် အမြင့်ကြီးကို တစ်ယောက်ချင်းသာတက်ရရင်ဖြင့် သုံးယောက်သား ကျိုးကန်းကုန်လို့ ကိုယ့်ဒဏ်ရာ ကိုယ်ထိုင်ကုနေရမယ့်အရေးကို ကြိုမြင်တဲ့ လူပါးတွေပီပီ တစ်ယောက်ပခုံး တစ်ယောက်ဖက်ပြီး ခပ်ယိုင်ယိုင်ပဲ တက်သွားလိုက်ကြတာ အပေါ်ကို ဘယ်လိုကနေ ဘယ်လိုရောက်သွားမှန်းတောင် မသိတဲ့အထိ။

အဆောင်လည်းပြန်ရောက်ရော တစ်ယောက်တစ်ခုတင်စီ နေရာယူပြီး ခလောကြပြီပေါ့။ မနက်လင်းအားကြီးလောက်မှာ တကောင်းသားအိပ်တဲ့ဘက်က ဒုန်းခနဲအသံကြီးထွက်လာတာမို့ အအိပ်ဆတ်တဲ့ မောင်ဟန်ကြည်က ခေါင်းထောင်ပြီး ကြည့်လိုက်မိတော့ လား လား…မောင်မင်းကြီးသား ခုတင်ပေါ်က ပြုတ်ကျတာကိုး။ ကာလနဂါးသေလို့ ၀င်စားတဲ့ ကိုယ်တော်မြတ်ကတော့ အအိပ်မပျက်ရုံသာမက တဂူးဂူးမြည်အောင် ဟောက်များတောင် ဟောက်နေသေးရဲ့။ ဟောက်ရင်းနဲ့ လှိမ့်သွားလိုက်တာ ခုတင်အောက်ထဲ ၀င်သွားတဲ့အထိ။ ကိုယ့်ခေါင်းတောင် ကိုယ်အနိုင်နိုင်ထူနေရတဲ့ မောင်ဟန်ကြည်လည်း ကိုယ့်လူကို မနှိုးတော့ဘဲ အသာလေး ပြန်နှပ်နေလိုက်တာ မနက်မိုးလည်းလင်းရော တကောင်းသားက “ ဟေ့ကောင်ဟန်ကြည် ငါ့ခြင်ထောင်ကြီး ဘယ်လိုဖြစ်သွားတာလဲဟ ” လို့ ထအော်မှပဲ နိုးပါလေရော။ ဒါနဲ့ အသာထကြည့်တော့ ခုတင်အောက်ရောက်နေတဲ့ ကိုယ်တော်ချောက မျက်စိမဖွင့်ဘဲ သူ့အပေါ်က ခုတင်ကြီးကို စမ်းပြီး စွတ်အော်နေတာကိုး။ ခြင်ထောင်ရှိမယ့်နေရာမှာ ခုတင်ရောက်နေမှတော့ မာမာကြီးဖြစ်နေပြီပေါ့။ ခြင်ထောင်မှန်း ခုတင်မှန်းတောင် မခွဲနိုင်အောင် ချာချာလည်နေတဲ့ မောင်မင်းကြီးသားလည်း မျက်စိမဖွင့်ပဲ ကုန်းအထ၊ ခေါင်းကို ကုတင်နဲ့ ဒိန်းခနဲနေအောင် ကပ္ပိလိုက်မိမှပဲ မျက်စိနှစ်လုံး ပြူးသွားပြီး အသာထိုင်ကြည့်နေတဲ့ မောင်ဟန်ကြည်ကို မိုးမွှန်အောင်ဆဲပါလေရော။
အဲဒီလိုနဲ့ပဲ မောင်ဟန်ကြည်တို့ရဲ့ ဂန္ထ၀င်ဗယ်လင်တိုင်းကြီးလည်း ပြီးပါလေရော ဆိုကြပါစို့ဗျား…

http://www.clipartoday.com/_thumbs/049/0070_royalty_free_rf_clipart_illustration_tnb.png

အဲဒီလောက် ဗယ်လင်တိုင်းအတွေ့အကြုံတွေ များပြီး ရင်ခုန်စရာ ကဗျာတွေရေးသလောက် ကိုယ်တိုင်က နည်းနည်းမှ ရင်ခုန်စရာမကောင်းတဲ့ ဦးဟန်ကြည်ကို ဒီနှစ်ဗယ်လင်တိုင်းမှာလုပ်မဲ့ ချစ်သူများနေ့ အခမ်းအနားကို ဖိတ်တဲ့လူက တလေးတစားနဲ့ အထင်တကြီး ဖိတ်ရှာပါတယ်။ ခ.ယ.က ဥက္ကဋ္ဌတွေဘာတွေလည်းပါ ကြီးမိုက်ကြီးတွေလည်း လာမဲ့ပွဲဆိုတော့ ခမျာများမှာလည်း အားကိုးတကြီး ဖိတ်ကြဟန်တူပါရဲ့။ အံမယ်…စုံတွဲတက်ရမယ်ဆိုပဲ။ တူညီဝတ်စုံပါ ၀တ်ရဦးမတဲ့။ နဂိုကမှ ဒီပွဲကို မြင်ပြင်းကတ်ရတဲ့ကြားထဲမှာ လူကိုယ်တိုင်သာ အရောက်သွားမိလို့ကတော့ဖြင့် ယားနေတဲ့ ပါးစပ်ကြောင့် ဦးဟန်ကြည်တစ်ယောက် ပြည်သူ့မေတ္တာ ခံရမယ့်အရေးကို ကြိုတွေးပြီး မြင်နေမိတာမို့ ခေါင်းရော လက်ပါရမ်းပြီး အကြောက်အကန် ငြင်းယူခဲ့ရပါကြောင်း သတင်းကောင်းပါးရင်း ဗယ်လင်တိုင်းကဗျာတစ်ပုဒ်ကို ဟောသလို ရေးထုတ်လိုက်မိပါသတဲ့…

ကိုယ်ထင်ရင် ခုတင်ရွှေနန်းဆိုတဲ့ စကားပုံကို အင်မတန်သဘောကျတာမို့ ကဗျာခေါင်းစဉ်ကို “ ခုတင်ရွှေနန်း ” လို့ ပေးလိုက်ပါတယ်။ သံပေါက်ဖွဲ့ထုံးအတိုင်း ၇ - ၅ ပုံစံနဲ့ ဖတ်ရရွတ်ရ အသံသာအောင်လည်း အင်တိုက်အားတိုက် ရေးထားပါသဗျား…

“ ခုတင်ရွှေနန်း ”

ဖေဖော်ဝါရီ ၁၄ဟာ
ဗယ်လင်တိုင်းနေ့ပါ။

ချီးမြှင့်ဖို့ရာ ဖိတ်သော်ငြား
ဦးဟန်ကြည်မသွား။

ဗယ်-လင်မှလညှ်း မတိုင်းချင်
စိတ်ရှုပ်စရာထင်။

တစ်ယောက်တည်းသာ ဘလော့ပတ်
နိဗ္ဗာန်ရယ်လို့မှတ်။

ဟန်ကြည်
၁၃.၂.၂၀၁၂
( တနင်္လာနေ့ )


စာကြွင်း။              ။
ဦးဟန်ကြည်တစ်ယောက်တည်းရဲ့ ပုဂ္ဂလဓိဋ္ဌာန်အရ ဗယ်လင်တိုင်းဆိုတာကြီးကို စိတ်မပါလှပေမယ့် ချစ်လှစွာသော အိမ်ရှင်မ စိတ်ချမ်းသာအောင်တော့ ဗယ်လင်တိုင်းအထိမ်းအမှတ်အနေနဲ့ လက်ဆောင်တွေဝယ်ပြီး မျက်နှာလုပ်ရပါသေးရဲ့။ “ မရှိဒုက္ခ၊ ရှိဒုက္ခ ” မဟုတ်လား ဘလော့ဂါ၊ ဘလော့ဂီ အပေါင်းတို့ရေး)။              ။

Saturday, 11 February 2012

နှင်းသွန်းတဲ့မိုး . . .

ဦးဟန်ကြည်တစ်ယောက် အလုပ်တွေပိနေတာမို့ အရင်ကလောက် ဘလော့မဂင်းနိုင်သေးပါ။ ဒါပေမယ့် စာတွေတော့ အားရင်အားသလို ရေးနေဖြစ်ပါတယ်။ ညီမဖြစ်သူကတော့ စာရေးလေ့လွန်းလှတဲ့ သူ့အစ်ကို ဦးဟန်ကြည်ကို “ အစ်ကိုက စာမရေးရရင် ထမင်းစားမ၀င်တဲ့ လူစား ”လို့ ခပ်ပြောင်ပြောင်ပဲ ကင်ပွန်းတပ်ထားပါရဲ့။ ဒီရက်ပတ်အတွင်းမှာ အားရင်အားသလို ရေးဖြစ်တဲ့ ပို့စ်တွေ ရှိပေမယ့် စိတ်တိုင်းမကျတာကြောင့် မတင်ဖြစ်သေးပါ။ ဒါပေမယ့် ပို့စ်မတင်တာ ကြာနေပြီမို့ အလျင်ပြတ်မသွားအောင် လွန်ခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဆောင်းတွင်းကြီး ခိုက်ခိုက်တုန်အောင် ချမ်းရတဲ့အထဲမှာ မိုးတွေဗြုန်းဗြုန်းဒိုင်းဒိုင်း ရွာချုတာကို ပြန်သတိရမိရင်း ရေးဖြစ်တဲ့ကဗျာကို အရင် တင်ဖြစ်လိုက်ပါတယ်။

လေးချိုးပုံစံနဲ့ ရေးထားတာပါ။ အားပေးပါဦး . . .

“ နှင်းသွန်းတဲ့မိုး ”

ရှစ်ခွင်တိုင်း
မှိုင်းမှိုင်းငယ်မှုန်ဝေသီ
အသူရာသိကြားမင်းတို့
စစ်ခင်းပြန်ပြီ…

ဂျိုးဂြိမ်းသံမည်
အာကာဆီပြာရီမှိုင်းပါလို့
ရာသီရိုင်းခွန်းချိုကြည်…

စီရရီ
ဝဠာဆီတိမ်ယံထက်က
ငွေမြားစက်ဆင်းသက်ပြီ
စည်ရွာလို့ဖြိုး…

မိုးငွေ့တို့ ဟန်မပီ
နှင်းငွေရည်ဆတူစွက်ပါလို့
ဒီဇင်ဘာရာသီဆိုးတယ်
နှင်းသွန်းတဲ့မိုး…။   ။

၇.၂.၂၀၁၂
( အင်္ဂါနေ့ )

ကြိုက်ရင်ပေါ့လေ . . .