Saturday 26 January 2013

ချစ်သောအညာ ( ၁ ) . . .

ဦးဟန်ကြည်က အညာသား စစ်စစ်ကြီး . . .

 အညာသားစစ်လိုက်သမှ ရေငန်သောက် မြက်ခြောက်စားတဲ့ ကျေးတောသားသာသာ။ လူဖြစ်လာခဲ့တဲ့ ဒေသကိုက တကယ့်ချောင်ကလောင်က တောမြို့။ မြို့ကလည်း မြို့မည်ကာမတ္တ။ အနှီတော့ မောင်ဟန်ကြည်ကလေးလည်း လူမည်ကာမတ္တဘ၀နဲ့ လူဖြစ်လာခဲ့လေသတည်းပေါ့။ သည်ကြားထဲမှာ ဦးဟန်ကြည်ရဲ့ မေမေက မြို့ဆင်ဖြေဖုံးရွာက ဇနုပုဒ်သူဖြစ်နေပြန်တော့ တောသားသွေးကလေးက စွက်လိုက်သေး။ မေမေ့ဘက်က အဘိုး၊ အဘွားတွေက အနှီဇနပုဒ်မှာပဲ ခေါင်းချတဲ့အထိ နေသွားကြပြန်တော့ မောင်ဟန်ကြည်ပေါက်စဘ၀တုန်းက နွေရာသီ ကျောင်းပိတ်ရက်တိုင်း အဘိုးအဘွားအရိပ်ကို ခိုလှုံရင်း တင်းပြည့်ကျပ်ပြည့် ရွာသားဖြစ်ကရော။ အောင်မယ်…အနှီလို ရွာသားသွားလုပ်တော့လည်း ရွာခံတွေက မောင်ဟန်ကြည် ပုလုကွေးကို မြို့သားလို့ သတ်မှတ်ကြသဗျ။ တောင်စပ်စပ် မြောက်စပ်စပ်နဲ့ အဘိုး၊ အဘွားတွေရဲ့ လယ်တွေ၊ ကိုင်းတွေထဲကို အလည်အပတ်လိုက်သွားရင် လယ်သမားတွေ၊ လယ်သူမတွေက “ မြို့သား…အသားတွေ မည်းကုန်တော့မှာပဲ…လယ်ထဲ မဆင်းနဲ့လေ… ” လို့ ကရုဏာသက်တဲ့လေသံနဲ့ တားကြ ဆီးကြသေးတာရယ်။ ပြောမယ့်သာပြောရတယ် မောင်ဟန်ကြည်ရဲ့ အသားအရည်ကလည်း အနှီအရွယ်ကတည်းက ချောကလက်ရောင်ပေါက်ပြီးသား။

ဦးဟန်ကြည်တို့ အညာဆိုတာ တကယ့်မိုးခေါင်ရေရှားဒေသကြီး။ နေပူ၊ ဖုန်ထူဆိုတော့ သန်းထွန်းလေးရဲ့ “ ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်တာ မြင်ယောင်သေးတော့သည် ”ဆိုတဲ့ သီချင်းစာသားနဲ့ အံကိုက်။ တောသူတောင်သားအများစုက မိရိုးဖလာ ဓားမဦးချ လယ်သမား၊ ယာသမားတွေချည်း။ ဘိုးဘေးစဉ်ဆက်က နွားနဲ့ဖက်ပြီး လယ်ထဲမှာပျော်ခဲ့ကြတဲ့လူတွေဆိုတော့ သည်အလုပ်ကလွဲပြီး ကျန်တဲ့အလုပ်ကို မလုပ်တတ်တဲ့လူတွေ။ လယ်သမားဆိုတဲ့ ဘ၀ကလည်း တကယ့် နှဲသမားပါးလို ဖောင်းလိုက်ပိန်လိုက်။ စပါးလေးပေါ်လို့ ငွေကလေးရွှင်ကြရင် ရွှေလေးတွေဝယ်၊ အလှူတွေပေးကြ။ စိုက်ချိန်ပျိုးချိန်ရောက်လာရင် ရွှေလေးတွေပြန်ရောင်းကြ၊ ဟိုကသည်က ချေးကြငှားကြနဲ့ တစ်နှစ်တာ စာရင်းချုပ်လိုက်ရင် ဇယဇယပဲကိုး။ ( အနှီ ဇယဇယဆိုတာက ဦးဟန်ကြည်တို့ ဒေသသုံးစကား၊ အနက်ပြန်ရရင် ဒုံရင်းအစ်စ် ဒုံရင်းလို့ အဓိပ္ပာယ်ရသဗျား ) ပြောရရင် အညာက လယ်သမားခမျာ ဖင်ထဲကို ရွှံ့ဝင်တာကလွဲပြီး ကျန်တာကတော့ ဘာမှကို မက်လောက်စက်လောက်စရာ မရှိတဲ့ဘ၀။ လည်လည်ပတ်ပတ်ရှိတဲ့ တောသားတစ်ချို့ကတော့ လယ်တွေကိုင်းတွေ နားတဲ့အချိန်ရောက်ရင် ရှမ်းပြည်ဘက်သွားပြီး လက်ဖက်ခူးတဲ့လူကခူး၊ ကချင်ပြည်က ဖားကန့်ဘက်တက်ပြီး ကျောက်တူးတဲ့လူက တူးကြသပေါ့။ သို့ပေမင့် သူတို့ခမျာလည်း ထူးထွေပြီး ကြီးပွားသွားကြတာမဟုတ်။ ကံကောင်းထောက်မလို့ ကျောက်ကလေးဘာလေး ပွင့်ရင်တော့လည်း တိုက်ကလေးဘာလေးတည်ပြီး တောသူဌေးဘွဲ့ခံကြတာပေါ့လေ။ သို့ပေမင့် အနှီလိုလူဆိုတာကလည်း တစ်သိန်းမှ တစ်ယောက်။ ဘယ်ရွာ ဘယ်အရပ်က ဘယ်သူဘယ်ဝါကတော့ ကျောက်ပွင့်သတဲ့ဆိုတာ အညာသားတွေရဲ့ ပါးစပ်ဖျားမှာ မစားရ၀ခမန်း ပြောကြတဲ့ စကား။ သေချာတာကတော့ အညာသားဆိုတာ မသေရုံစား၊ နွားနဲ့ဖက်ရုန်းပြီး မရေရာတဲ့ အိပ်မက်တွေနဲ့ အသက်ဆက်နေကြတဲ့ လူတွေချည်းပါ့။

လယ်သမားအလုပ်ဆိုတာကလည်း အမြင်မသက်သာသလို တကယ်လုပ်ကြည့်ရင်လည်း တကယ်ပမ်းတဲ့အလုပ်မျိုး။ ထယ်ထိုး၊ လယ်ထွန်၊ ပျိုးထောင်၊ ပျိုးနှုတ်၊ ကောက်စိုက်၊ စပါးရိတ် တစ်ခုမှ သက်သာတဲ့အလုပ်ကို မပါတာ။ လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ဆိုတဲ့ ဆောင်ပုဒ်ကြီးပေါ်နေခဲ့တာသာ နှစ်ပေါင်း ၄၀ ၀န်းကျင်ရှိသွားတယ်။ လယ်သမားကတော့ နွားနဲ့ဖက်ပြီး ရုန်းကောင်းတုန်း။ သည်ကြားထဲမှာ စပါးရိတ်ရင်း ပိုးထိ ( အညာခေါ်ပေါ့လေ အမှန်တော့ မြွေကိုက်တာပါပဲ…အညာသားထုံးစံက မြွေကို မြွေလို့ မခေါ်ဝံ့ဘူးကိုး..အနှီတော့လည်း မြွေဆိုတဲ့ စကားလုံးအစား အကောင်ရှည်တို့၊ ပိုးတို့ အစားထိုးပြီး ခေါ်ကြသပေါ့…ပဲလင်းမြွေသီးကိုတောင် ဗုံလုံသီးလို့ နာမည်ပြောင်းထားရတာကိုပဲကြည့် ) ပြန်ရင်လည်း မာလကီးယားဖို့က ခပ်များများ။ စကားစပ်လို့ပြောရရင် မြွေဆိုတဲ့အကောင်မျိုးက ပူပြင်းစိုစွတ်တဲ့ အနေအထားကို အင်မတန်ကြိုက်တဲ့ သတ္တ၀ါ။ စပါးပင်ဆိုတာကလည်း ဖုံးတုံးလုံးတုံး အရွယ်ရောက်လာရင် အပေါ်မှာသာ ကိုင်းချင်းယှက်၊ ခက်ချင်းနွှယ်နေပေမယ့် အပင်ခြေရင်းမှာတော့ မြွေနေသာအောင် ရှင်းနေတာကိုး။ အနှီတော့လည်း လည်ရှည်တွတ်ပီဖိနပ်တောင် မ၀ယ်နိုင်တဲ့ ကျောမွဲလယ်သမား ပိုးထိတာ ဘယ်ဆန်းလိမ့်တုန်း။ စပါးရိတ်ပဟေ့ဆိုရင် ဘယ်သူပိုးထိလို့၊ ဘယ်ဝါပိုးထိလို့ဆိုတာ မကြားချင့်အဆုံး။ စပါးပင်ကို လက်နဲ့ဆုပ်ပြီး တံစဉ်နဲ့ ရိပ်မယ်လုပ်ရင်း စပါးဆုပ်နဲ့အတူ ပိုးကောင်ပါ ထည့်ဆုပ်လိုက်မိတဲ့အနေအထားမှာ ဘယ်လောက်ကိုက်သားကောင်းမယ်ဆိုတာ စဉ်းစားသာကြည့်ပေရော့။

ဦးဟန်ကြည်တို့ အညာမှာတော့ ကျန်တဲ့မြွေထက် မြွေပွေးပိုများတာ အမှတ်ထင်ထင်ရှိပါရဲ့။ မြွေစိမ်းတို့၊ ငန်းစောင်းတို့ရှိပေမင့် အညာသားက အနှီအကောင်တွေကို မြွေလို့တောင် မှတ်တာမဟုတ်ဘူးရယ်။ လင်းမြွေလိုအကောင်မျိုးကတော့ ဟင်းအိုးထဲရောက်တာ ခပ်များများ။ မြွေအကြောင်းပြောရင်း ဦးဟန်ကြည်တို့ အမျိုးမကင်းတဲ့ အညာသားတစ်ယောက် မြွေဖမ်းတာ သတိရမိပါရဲ့။ တစ်ရက်သားတော့ အနှီအညာသားက လယ်ထဲဆင်းဖို့သွားရင်း လမ်းမှာမြွေတစ်ကောင်တွေ့တော့ ဟင်းစားရပဟဲ့ဆိုပြီး အမြီးကို အတင်းဆွဲတာကိုး။ မြွေဆိုတဲ့ သတ္တ၀ါကလည်း ခြေထောက်သာမရှိတာ အနှီလို ဆွဲလို့ကတော့ ဘယ်ဟာနဲ့ ဘယ်လို ကုပ်ကပ်တွယ်ထားတယ်မသိဘူး နည်းနည်းမှကို ဆွဲလို့မရတဲ့အမျိုး။ အညာသားကလည်း သွားရည်တမြားမြားနဲ့ ခြေစုံကန်ပြီးဆွဲ မြွေကလည်း အသက်လုပြီး ရုန်းရင်းနဲ့ တရွေ့ရွေ့နဲ့ သွားလိုက်တာ တွင်းဝကို ရောက်ပါလေရော။ မြွေက တွင်းထဲကို တရွေ့ရွေ့နဲ့ ၀င်သွားလိုက်တာ တစ်ဝက်လောက်လဲရောက်ရော အခြေအနေမှန်ကို သဘောပေါက်သွားတဲ့ အညာသားက ခါးကြားမှာ ထိုးထားတဲ့ ဓားမတိုကို အသာထုတ်၊ တွင်းပြင်မှာတန်းလန်းကျန်နေသေးတဲ့ မြွေရဲ့ကိုယ်လုံးပိုင်းကို ဖြတ်ယူခဲ့ပြီး “ ကိုင်း…နင့်ဟာနင် ပူစပ်ပူလောင် ဘယ်လိုနေရစ်နေရစ်…ငါကတော့ တစ်နပ်ချက်ရပြီဗျား ” လို့ ကြွေးကြော်ပြီး အိမ်ပြန်လာခဲ့ပါလေရောတဲ့။ အထဲက မြွေခမျာ အတော်အခံရခက်လိုက်မယ့် ဖြစ်ခြင်း။ သို့ပေမင့် အနှီမြွေက သဘောကောင်းတဲ့ လင်းမြွေဖြစ်ပေလို့သာပေါ့။ မြွေပွေးသာဆိုရင် ဘယ်လွယ်လိမ့်တုန်း။

မြွေပွေးဆိုတဲ့ အကောင်မျိုးက တုတ်တုတ်တိုတိုနဲ့ အရုပ်က ခပ်ဆိုးဆိုး။ သွားပြန်ရင်လည်း တရွေ့ရွေ့နဲ့ လေးလေးလံလံ။ များသောအားဖြင့် ဟိုချောင်သည်ချောင်မှာ ခွေနေတာက ခပ်များများရယ်။ လူလာရင်လည်း ထမပြေးဘဲ အရိပ်အခြေကြည့်ပြီး ချောင်းနေတဲ့အကောင်ဆိုတော့ မမြင်မစမ်းနဲ့ တို့မိထိမိရင် အတွယ်ခံရဖို့ များသကိုး။ မြွေပွေးများ ဘယ်လောက်မြန်သလဲဆိုရင် ခေါင်းနားဖြတ်ပျံတဲ့ ယင်ကောင်ကိုတောင် မလွတ်တန်း ပေါက်ချနိုင်တယ်ဆိုကိုး။ လည်ပင်းကို တံဇဉ်နဲ့ ဖြတ်မိလို့ ခေါင်းပြတ်သွားရင်တောင် အနှီခေါင်းပြတ်က ကိုက်နိုင်သေးတာရယ်။ အနှီလောက် မြန်ရတဲ့ကြားထဲမှာ အဆိပ်ကလည်း ပြင်းသေးတာဆိုတော့ လယ်ထဲမှာ နေကုန်တဲ့ အညာသားနဲ့ လယ်ထဲမှာပျော်တဲ့ မြွေပွေးဆိုတာ ပဏာကို စားလို့။ ပိုးထိပဟဲ့ဆိုရင် မြွေပွေးဖြစ်ဖို့က ၇၅ရာခိုင်နှုန်းအထက် သေချာပြီးသား။

မြို့ကြီးပြကြီးမှာဆိုရင်တော့ မြွေကိုက်ရင် အထူးကုဆေးခန်းကြီးတွေ ပြေးကြမှာပေါ့။ သို့ပေမင့် ဦးဟန်ကြည်တို့ အညာမှာတော့ တိုက်နယ်ဆေးရုံလေး ပိစိကွေးမှာ ဆေးကမစုံ၊ ၀ါးကမစုံ။ သည်ကြားထဲမှာ ဆရာဝန်ဆိုတဲ့ ကိုယ်တော်မြတ်တွေကလည်း မြို့ပေါ်မှာပဲ ကျက်စားကြလေတော့ အညာသားလယ်သမားရဲ့ အားကိုးရာဟာ မြန်မာတိုင်းရင်းဆေးဆရာတွေချည်းပါ့။ ဗိန္ဓောဆရာဆိုပေမင့် အထင်မသေးလေနဲ့။ မြွေကိုက်ကုမှာတော့ အနှီဆရာတွေကို ယှဉ်နိုင်တဲ့လူ ခပ်ရှားရှား။ ဦးဟန်ကြည်တို့ မေမေရဲ့ ဇာတိရွာက ဆရာနက်ကျော်ဆိုတာ မြွေနဲ့ပတ်သက်ရင် ထန်းလုံးလောက်ကြီးတဲ့ မြွေကိုက်ရင်တောင် အဖတ်တင်အောင် ကုနိုင်သဗျား။ တစ်ခါသားမှာ လယ်သမားတစ်ယောက်ကို ပိုးထိလိုက်တာ ဖနောင့်ကြော ( ပထမကြော )ကို အားပါးတရ တွယ်ထည့်လိုက်တာမို့ သွေးချင်းချင်းနီအောင် စီးကျနေပေမင့် ဆရာနက်ကျော်ကုလိုက်တာ တစ်ညအိပ်ပြီး နောက်ရက်မှာ လူကောင်းပကတိ ဖြစ်ပါလေရော။ သူ့နည်းက ဆန်းတော့ ခပ်ဆန်းဆန်းရယ်။ မြွေကိုက်တဲ့လူနာကို ရေမသောက်ခိုင်းဘဲ ရင်ပူတိုင်း အုန်းရည်ချည်း လှိမ့်တိုက်တာကိုး။ သူ့ဆေးကလည်း အတော်ပူဟန်တူပါရဲ့။ သူ့စကားနားထောင်ပြီး တစ်ရက်နဲ့ တစ်ည ရေမသောက်ဘဲ နေရင်တော့ ကိုက်သမျှ အကုန်ရှင်တာချည့်။ အနှီလောက် ကျေးဇူးကြီးပေမင့် ဆေးဖိုးဝါးခရယ်လို့ သတ်သတ်မှတ်မှတ် မရှိပေါင်။ အညာထုံးစံ ပြောင်းဖူးဖက်ဆေးလိပ်ကလေး တစ်တွဲလောက်နဲ့ ကန်တော့လိုက်ရင်ကို ကျေနပ်ပြီးသား။ ဦးဟန်ကြည်တို့ M.B,B.S ကြီးတွေနဲ့များ ကွာချက်။

 တိုင်းရင်းဆေးဆရာတွေနဲ့ ပတ်သက်ပြီး စကားစပ်မိလို့ ပြောရရင် ဦးဟန်ကြည်တို့ အနောက်တိုင်းဆေးပညာပေတံနဲ့ တိုင်းကြည့်လို့ မရတာတွေချည့် တွေ့ရမယ် ထင်ရဲ့။ မောင်ဟန်ကြည် နှစ်တန်းကျောင်းသားလောက်အရွယ်က နွေရာသီကျောင်းပိတ်ရက်မှာ ထုံးစံမပျက် အဘွားတို့ရွာက ဘုန်းကြီးကျောင်းမှာ သင်္ကန်းစည်းပြီး စာဝါလေးဘာလေး လိုက်ရတာကိုး။ အနှီရွာမှာက ကဆုန်ညောင်ရေသွန်းပွဲဆိုတာက တကယ့်အထင်ကရ။ ရဟန်းရောလူပါ အမျှော်ကြီးမျှော်ကြရတဲ့ ပွဲကြီး။ ဖြစ်ချင်တော့ ညောင်ရေသွန်းပွဲမတိုင်ခင် တစ်ပတ်လောက်မှာ ကိုရင်ဟန်ကြည်ခမျာ ပလောင်ရုပ်ပေါက်ပြီး ပါးလုပ်ရောင်ပါလေရော။ ပါးနှစ်ဖက်လုံး ဖိုးဝရုပ်လိုဖောင်းကားပြီး မျက်လုံးပါပိတ်လုပိတ်ခင်ဖြစ်လာတော့ ဖိုးလှချင် ကိုရင်ဟန်ကြည် မျက်လုံးပြူးပြီပေါ့လေ။ အနှီတော့ မြို့ပေါ်က ဟိုဆေးခန်းပြေး၊ သည်ဆေးခန်းပြေးနဲ့ လေးငါးရက်လည်းကြာရော ဖင်ကျိန်းတာကလွဲပြီး ပလောင်ရုပ်က မပျောက်။ ရေသွန်းပွဲမတိုင်ခင် တစ်ရက်အလိုမှာတော့ ကိုင်းမဖြစ်ဘူးဆိုပြီး ရွာထဲက ဓားမန်းဆရာတစ်ယောက်ဆီကို ဆေးလိပ်လေးတစ်တွဲနဲ့ ကယ်ပါယူပါ သွားလုပ်ရတော့တာကိုး။ အနှီဆရာကတစ်မျိုး။ ကျန်တဲ့ရောဂါတွေ ဘာတစ်ခုမှ မကုနိုင်ပေမယ့် ပလောင်ရုပ်ကိုတော့ အပီနိုင်သဗျား။ ကိုရင်ဟန်ကြည်ရဲ့ ပါးဖောင်းဖောင်းနှစ်ဖက်ကို သင်တုန်းဓားနဲ့ စတိသဘောခြစ်ခြစ်ပြီး ဥုံတွေ သြောင်းတွေစုံတောင် မန်းမှုတ်ပေးလိုက်တာ တစ်ညအိပ်ပြီး နောက်ရက်မနက်လည်းလင်းရော ပါးနှစ်ဖက်စလုံး အရေခွံခွာချလိုက်သလို အကောင်းပကတိဖြစ်နေပါလေရော။

ပြောရရင်တော့ ဦးဟန်ကြည်တို့ အညာသားဆိုတာ အနှီတိုင်းရင်းဆေးဆရာတွေ အားကိုးနဲ့ မြွေမကြောက် ကင်းမကြောက် နေကြထိုင်ကြသူတွေချည်းပေါ့။ ဇက်ကြောထိုး၊ ခေါင်းအုံပြီး ကိုယ်လက် မအီမသာဖြစ်ရင် ဆေးဆရာအိမ်သွားပြီး နှာကလေးတစ်တို့လောက် ရှူလိုက်ရုံနဲ့တင် အိုခေမှာ စိုပြေနေရော။ “ နှာ ” လို့ ပြီးလွယ်ပိုင်လွယ်ခေါ်ကြတဲ့ နှာရှူဆေးကလည်း အမျိုးမျိုး ရှိသေးတာရယ်။ တစ်ခါသားမှာ မောင်ဟန်ကြည်ကလေး ခေါင်းကိုက်နေလို့ ဆေးဆရာအိမ်ချီတက်သွားတော့ ဆေးဆရာက သူ့သားတော်မောင်ကို အိမ်အပေါ်ထပ်ကနေ နှာတစ်မျိုးယူလာဖို့ လှမ်းမှာပါလေရော။ သူ့သားတော်မောင် ယူလာတဲ့ နှာရှူဆေးအမှုန့်တွေကို မောင်ဟန်ကြည်လက်ဝါးထဲ ထည့်ပေးပြီး အဘထကြော်ငြာထဲကလို ခပ်ပြင်းပြင်းသာ ရှူထည့်လိုက်လို့ ညွှန်ကြားချက်ပေးတော့ မောင်ဟန်ကြည်လည်း ရှူးခနဲမြည်အောင် တစ်ချက်တည်း အသားကုန်ရှူထည့်လိုက်တာ “ အောင်မလေးဗျ ” လို့ တစ်ချက်ပဲ အော်နိုင်ပြီး ထိုင်နေတဲ့ မြင်းခုံ ( အကာမပါ၊ လက်တန်းမရှိတဲ့ ခြေလေးချောင်းတပ် ခုံတန်းရှည် )ပေါ်ကနေ နောက်ကိုပက်လက်လန်ကျသွားပါလေရော။ သောက်ကျိုးနည်း ပြင်းလိုက်တဲ့ နှာ။ နှာခေါင်းထဲမှာ အပ်နဲ့ဆွနေသလားအောက်မေ့ရသကိုး။ နှာရည်တွေ တတွေတွေစီးကျပြီး မသက်မသာခံစားနေရတဲ့ မောင်ဟန်ကြည် မြေကြီးပေါ်မှာ လေးဘက်ထောက်နေတာကိုမြင်မှ ဆေးဆရာလည်း မျက်လုံးပြူးမျက်ဆံပြုးနဲ့ သူ့နှာဗူးကို ပြန်ကြည့်လိုက်ပြီး မျက်လုံးပြူးသွားပါလေရော။ မပြူးနေရိုးလား။ သားတော်မောင်ယူလာတဲ့ နှာက အပြင်းတကာ့ အပြင်းဆုံးနှာဖြစ်နေတာကိုး။ အနှီတော့မှ မောင်ဟန်ကြည်လည်း နှာဆိုသည်မှာ အမျိုးမျိုးရှိပေ၏ ဆိုတဲ့ နီတိကို နှာခေါင်းနဲ့ ရင်းပြီး ရင်ထဲအထိရောက်သွားတာ သည်နေ့အထိ။

ဆေးဆရာတွေနဲ့ ပတ်သက်တဲ့ အညာသားတွေရဲ့ အဖြစ်သနစ်တွေကလည်း စုံပါ့ဗျား။ ကြုံတုန်း ဆက်ပြောလိုက်ဦးမှ။ တစ်ညသားမှာ မေမေ့ရွာက မိန်းမတစ်ယောက် သူ့အခါလည်သားကလေးက ညကြီးသန်းခေါင်မှာ တဗြဲဗြဲထငိုတယ်ဆိုကိုး။ အမေလုပ်တဲ့လူက မှောင်ကြီးမည်းမည်းမှာ အနှီးထုပ်ကို ဆွဲယူပြီး ကလေးကို နို့တိုက်တော့ ကလေးက မစို့ဘူးတဲ့ဗျား။ အနှီမှာတင် ပျာယာခတ်သွားတဲ့ ကလေးအမေလည်း အိပ်ရာကနေ ရုပ်ခနဲထပြီး ဆေးဆရာအိမ်ဘက်ကို သုတ်ချေတင်ပါလေရော။ ဆေးဆရာအိမ်ရောက်တော့ ဆေးဆရာ ဆရာကျားကို ငိုကြီးချက်မနဲ့ နှိုးပြီး သူ့ကလေးက တစ်ငိုတည်းငိုနေပေမယ့် နို့မစို့တဲ့အကြောင်းပြောသတဲ့။ စဉ်းစားရကြပ်သွားတဲ့ ဆရာကျားလည်း အနှီးထုပ်ကို အသာလှပ်ကြည့်လိုက်ပြီး “ ဟဲ့ မသာမရယ် နင့်ကလေးကို ခေါင်းကနေနို့မတိုက်ဘဲ ဖင်ကနေ နို့တိုက်မှတော့ ကလေးက ဘယ်လိုလုပ်စို့မလဲဟဲ့ ” လို့ ငေါက်တော့မှ ကလေးအမေလည်း ရှက်ကိုးရှက်ကန်းနဲ့ ပြန်ပြေးပါလေရောတဲ့။ ဦးဟန်ကြည်တို့ အညာသားများ တစ်ခုခု ဖြစ်လိုက်ပဟဲ့ဆိုရင် ရာဇ၀င်ကိုတွင်ရော။      ။

ဒုတိယပိုင်း ဆက်ပါဦးမယ် . . .


တောင်းပန်ခြင်း . . .
စာမေးပွဲရက် နီးလာတာနဲ့အမျှ တပည့်တွေအတွက် ပြင်ဆင်ပေးစရာတွေနဲ့ အလုပ်များနေရတဲ့ကြားမှာ ရှိစုမဲ့စု ကွန်ပျူတာတွေအကုန် အင်တာနက်ပြဿနာပေါ်နေတာမို့ သည်ရက်ပတ်တွေအတွင်းမှာ မိတ်ဆွေတွေရဲ့ ဘလော့တွေဆီကို အရောက်အပေါက်နည်းနေတာကို အနူးအညွတ်တောင်းပန်ပါရစေ။ အချိန်ရရင်ရသလို စာကြွေးတွေ လိုက်ဆပ်ဖို့လည်း ဆုံးဖြတ်ချက်ချထားပေမယ့် အခုထိ အကောင်အထည် မဖော်နိုင်သေးတာကိုလည်း ၀န္ဒာမိပါ။ “ ပေါက်ကြီး ” အခန်းဆက်တွေကို ရေးထားပြီးပေမယ့် စိတ်တိုင်းမကျသေးတာကြောင့် ဆက်မတင်ဖြစ်သေးတာကိုလည်း ခွင့်လွှတ်ကြပါဦး။ ဘလော့ဂါတွေရဲ့ ဘလော့ပို့စ်တွေဆီ အရင်ကလောက် မရောက်နိုင်၊ မရောက်အားပေမယ့် စိတ်ကတော့ အမြဲရောက်ဖြစ်နေသလို ဘလော့ဂါတွေအားလုံးကိုလည်း လေးလေးစားစား၊ ခင်ခင်မင်မင်နဲ့ ထာဝစဉ် သတိတရရှိနေပါကြောင်း ထပ်လောင်းပြီး ပြောပါရစေဗျား . . . ။             ။

12 comments:

ညိမ်းနိုင် said...

ဖင်ကနေ နို့တိုက်တာကို တဟားဟားနဲ့ရီသွားတယ်ဆြာ
ကြည်ရေ.....၊မြန်မာ့ဆေးပညာကတော့ အတော်ကို အံသြ
ဖို့ကောင်းတာတော့အသေအချာပဲ၊ကျွန်တော်တို့မြို့မှာ
လည်း ဆေးဆရာတစ်ယောက်ရှိသဗျ၊သူက ခွေးရူးကိုက်
တာကို ကုတဲ့ဆရာ၊အဲ့တစ်ခုပဲကုတယ်၊ကျန်တာလည်း
မကုတတ်၊ခွေးရူးကိုက်ခံရသူကို ဖင်ဆေးတစ်ချက်မထိုး
ပဲ ရေမန်းတစ်ခွက်နဲ့ ကုတာ...၊ဒါပေမယ့် အဲ့လူက သှူု
တစ်သက်လုံး ဘုန်းကြီးပျံ၊မယ်တော်ပျံပွဲတွေတော့ သွား
လို့မရတော့ဘူးတဲ့၊သွားမိရင် ခွေးရူးပြန်ရောတဲ့ဗျ....၊
စာမေးပွဲနားနီးလို့ ဆြာကြည်အလုပ်ရှုပ်နေမှာကိုတော့
မျှော်လင့်ပီးသားပါဗျာ...၊ဂလိုပဲ အားတော့လည်း လည်
လည်ထွက်ပေါ့၊မအားတော့လည်း မအားသလိုပေါ့နော့
ဆြာရာ......။

AH said...

ကျေလက်ရဲ့ ငွေ့အသက်အပြည့်ကို ဆရာဟန့် ဖတ်ရင်း မျက်စေ့ထဲကို တန်းမြင်နေတာပဲဗျာ.... မရယ်ဘဲလဲ မနေနိုင်ဘူး၊ ရယ်နေပေမယ့် ဂရုဏာသက်မိပြန်ရော...

San San Htun said...

ငယ်ငယ်တုန်းက ပေါင်မှာအကြိတ်ပေါက်တာ..မန်းဆရာက အနာပေါ်မှာ ဆနွင်းနဲ့  လေးထောင့်ဇယားကွက်ရေးပြီး မန်းတာ..၂ ရက်လောက်ဆို ပျောက်သွားတယ်..အညာသားတွေ အကြောင်းကိုတော့ တပြုံးပြုံးနဲ့  သဘောကျစွာ ဖတ်သွားတယ် ဆြာဟန်ရေ..

ချော(အစိမ်းရောင်လွင်ပြ said...

အညာအကြောင်းကလည်း ဖတ်လို့ကောင်းပါ့ ဦးဟန်ကြည်...
ဒေါက်တာရှားတဲ့အရပ်မှာတော့ အရပ်ထဲက ဆရာတွေလည်း သူ့နည်းသူ့ဟန် အသုံးဝင်ပေတာဘဲလေနော့
ငယ်တုန်းကတော့ အဲလိုဆရာတွေနဲ့ဘဲ ကြီးလာရတာပါဘဲ။ သူ့အရပ်နဲ့ သူ့ဇာတ် အံဝင်ခွင်ကျပါဘဲဆရာရေ။

Aunty Tint said...

ဦးဟန်ကြည်ရဲ့ ပို့စ်ကိုအနှီအန်တီတင့် ဖတ်ရလေတိုင်း အသက်တစ်ရက်ရှည်မှာ အသေအချား) မြေလတ်သားနဲ့ ရေစက်ပါခဲ့တဲ့ တီတင့်လည်း ခင်ပွန်းသည်ရဲ့ ယောက်ဖတော်စပ်သူ 'ပိုးထိလို့ သေသွားတယ်' ဆိုတဲ့စကားကို ကြားဘူးခါစက 'ဟယ်... ပိုးလေးထိတာ သေလောက်အောင်ပါလား'လို့ အံ့သြမိဘူးတယ်း)
အလုပ်များလို့ မရေးဖြစ်လည်း အားတဲ့အခါရေးမှာကို စောင့်မျှော်ရင်းဖတ်ပါ့မယ်ကွယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။

မေတ္တာဖြင့်
အန်တီတင့်

Anonymous said...

ကိုဝင်းကြိုင်ရယ် ဟိုဘက်ရွာတုန်းကလည်း သည်လိုပြောတာဘဲ ဆက်မရေးဘဲ ဖြတ်ထားသောပိုစ့်တွေ များပြီး))။

ဆရာတို့ကတော့ တစ်ခေါက်ဆို ဆိုသလောက်ပဲ
ဗဟုသုတ တွေကို ရယ်စရာတွေနဲ့ ရေးပြတော့ ဖတ်တဲ့သူလည်း မပျင်းတော့ဘူး။

အညာဆိုတာကတော့ သိပ်မကွာလှဘူး
ကျွန်တော်တို့ဆီမှာလည်း သည်အတိုင်းဘဲ ဆရာရေ့
အခေါ်အဝေါ် အပြောအဆိုတွေပါ တူကြလေရဲ့။


( မင်းဧရာ )

မေဓာဝီ said...

အနှီအန်တီတင့်ပြောသလိုပဲ အနှီမေဓာဝီလဲ အနှီဦးဟန်ကြည်ရဲ့ အနှီအညာသားပို့စ်ကို ဖတ်ရင်း တပြုံးပြုံးနဲ့ပေါ့။

တချို့အမ်ဘီဘီအက်စ် ဆြာဝန်များ ဆေးမြီးတိုတို့ မန်းမှုတ်တာတို့ကို တယ်လဲ အထင်သေးကြတာကလား .. ဦးဟန်ကြည်ရဲ့။ ဒါကြောင့် အမ်ဘီဘီအက်စ် ဦးဟန်ကြည်ကိုယ်တိုင် ခုလိုတွေ ရေးပြထားတော့ အလွန်ကို နှစ်သက်မိပါတယ်ရှင် ... ။

ဟန်ကြည် said...

ပညာရှင်တစ်ယောက်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်သလိုတစ်ဖက်သားကိုလည်း လေးစားရမှာပေါ့ မမေရေ...လူနာကို ရှေ့တန်းတင်တဲ့ ဆရာဝန်စစ်စစ်သာဖြစ်ရင် ဘာနဲ့ပဲကုကု လူနာရဲ့ရောဂါပျောက်သွားတာကို ၀မ်းသာရမှာပေါ့...လူနာကို ရှေ့တန်းမတင်ဘဲ ကိုယ့်အတ္တကို ရှေ့တန်းတင်နေရင်တော့ ငါနှင့်ငါသာ နှိုင်းစရာဆိုပြီး မာနတံခွန်ထူနေမိမှာ အသေအချာပေါ့ဗျာ...

blackroze said...

ဒုတိယပိုင်းမြန်မြန်လေးတင်ပါဗျို့

သူကြီးမင်း (တုံးဖလား) said...

ဟို.. ဖင်ကနေ နို့တိုက်တဲ့ ဆရာဟန့်အမျိုးတစ်ယောက် မျက်စိမှုန်ရုံမကဘူး နားလဲ နဲနဲလေးတယ်ထင်ပါရဲ့။ ဘယ့်နှယ် ကလေးငိုသံကြားတဲ့ ဘက်ကို နို့ထိုးပေးလိုက် ပြီးရော။ ဟုတ်ဖူးလား။း)

ဘုန်း ၂ တောက် said...

တဂျင်းမီးပြောတာလေးလည်း ရယ်ရတယ်။ ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတွေဟာ တစ်ယောက်တစ်မျိုးစီပဲနော်။ ယင်ကောင်တောင် ဖမ်းမိတယ်ဆိုတော့ တော်တော့်ကို မြန်တဲ့မြွေပဲ။

ဆူးသစ် said...

မြွေတွေအကြောင်းဖတ်ရတာဗဟုသုတရတယ်ကိုဟန်ကြည်။ဟိုကလေးအမေနို့တိုက်တာတော့ရယ်လိုက်ရတာဗျာ။အညာသားဖြစ်လည်းဘာဖြစ်တုန်းဗျာ။ဂုဏ်ယူရတာပေါ့။မြန်မာပြည်သားစစ်စစ်ကြီးကိုး။ကျွန်တော်ကရန်ကုန်မှာမွေးတယ်။ဒါပေမဲ့မိဘတွေနယ်ကိုတော့ပိုတွယ်တာမိတာပါပဲ။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger