Friday 21 February 2014

“ ချင်းတွေ . . . ”


မနေ့က ဖေဖော်ဝါရီ ၂၀ ရက်နေ့ဆိုတော့ “ ချင်းအမျိုးသားနေ့ ”...


 

 ချင်းအမျိုးသားနေ့ဆိုတော့ မဒမ်ကြည်တို့နေ့ပေါ့လေ...ပြည်ထောင်စုဖွား တိုင်းရင်းသားစစ်စစ် မဒမ်ကြည်က ဗမာ တစ်မတ် ကရင် တစ်မတ် ချင်း ငါးမူး သွေးနှောထားတာဆိုတော့ ချင်းသွေးပိုများတယ်လို့ ဆိုရတော့မှာပဲ...ခက်တာက အမေကရင်နဲ့ အနေများသလို မြေပြန့်ပေါက်ဖြစ်ပြန်တော့လည်း ချင်းစကားကို ဟုတ္တိပတ္တိ မတတ်ဘူးကိုး...“ မဒမ်ရယ် မင့်ဟာက ဘယ်လိုချင်းပါလိမ့် ချင်းစကားလည်း မတတ်ပါကလား ” လို့များ စသလိုနောက်သလို ပြောမိရင် “ ချင်းပြည်ကို တစ်ခေါက်မှ မရောက်ဖူးတဲ့ စံပီးတောင် တောင်ဇလပ်မမြင်ဖူးဘဲ သီချင်းထဲမှာ ထည့်ရေးသေးတာပဲ ” လို့ ဆင်ခြေပေးလေ့ရှိပါသဗျား...ဆိုင်တာမဆိုင်တာ အပထား သူ့ဆင်ခြေနဲ့သူကတော့ ဟုတ်လို့...

ချင်းသွေးများတဲ့ မဒမ်ကြည်က သက်မွန်မြင့်ကိုလည်း ချင်းမလေးမို့ အားပေးသဗျား...အဆိုတော်ဆိုရင်လည်း စံပီးတို့ ဗွေမင်းလျန်တို့ ဆုန်သင်းပါရ်တို့မှ နားစွဲသတဲ့ဗျား...ဂစ်တာသမားတောင်မှ lazy club က ဂျင်ပိကမှ အတီးကောင်းတယ်ဆိုပဲ...သို့ပေမင့် ချင်းတွေထဲမှာ အောင်မြင်တဲ့ အနုပညာသမားကလည်း နည်းတာကိုး...တချင်းတည်းချင်းနေတဲ့ မဒမ်ကြည်ကို စချင်နောက်ချင်တဲ့ ဦးဟန်ကြည်က “ မင်းတို့ချင်းတွေကလည်းကွာ မိန်းကလေးတွေ ကြည့်လိုက်ရင် ဇမ်နူးတို့လို ရုပ်တွေချည်းပဲ...ယောက်ျားလေးတွေကို ကြည့်လိုက်ရင်လည်း ထွဏ်းခမ်တို့ ရုပ်မျိုးကြီးပဲ...ပုံကိုမလာပါဘူး ” လို့များပြောလိုက်ရင် ဒေါဖောင်းလိုက်တာမှ ဆွေ့ဆွေ့ကို ခုန်ရော...သူ့အဒေါ်က ဘယ်လောက်လှတာ သူ့ဦးလေးက ဘယ်လိုချောတာ စသည်စသည်ဖြင့် လူချောလူလှ ဋီကာချဲ့ပြီး ချင်းမလေးတွေလှတာ ရှင်မမြင်ဖူးလို့ပါဆိုတဲ့စကားနဲ့ ဦးဟန်ကြည်ကို နောက်ကောက်ချပစ်လိုက်တာချည်း...

ချင်းအချင်းချင်း ချစ်ပုံကတော့ ပြောမယုံကြုံဖူးမှ သိကြမယ်ထင်ပါရဲ့...မော်ဒယ် အိုင်းရစ်လေပြေဦးက သူ့အမျိုးသားနဲ့အတူ ဦးဟန်ကြည်တို့ဒေသမှာ လုပ်ငန်းလာလုပ်တော့ မဒမ်ကြည်နဲ့ ဘုရားကျောင်းတက်ရင်း ဆုံကြပါလေရော...အောင်မယ်လေး အခုမှတွေ့ဖူးတဲ့ ချင်းအချင်းချင်း စကားတွေ ပြောလိုက်ကြတာမှ ရွှန်းရွှန်းကိုဝေလို့...ဘေးကနေ ထိုင်ကြည့်နေရင် ငယ်ပေါင်းကြီးဖော်တွေ စကားပြောနေကြတဲ့အတိုင်း...မဒမ်ကြည့်အဖေ ဦးဟန်ကြည်ရဲ့ ယောက္ခမ တောင်ပေါ်ချင်းကြီးကတော့ သူ့သမီးကို “ သမီး ဒုက္ခတစ်ခုခုနဲ့ကြုံရင် စစ်တပ်တို့ ရဲစခန်းတို့ဝင်ပြီး ချင်းတစ်ယောက်ယောက်ကိုသာ တွေ့အောင်ရှာ...အဖေတို့ချင်းလူမျိုးတွေဆိုတာ အားလုံးအမျိုးတွေချည်းပဲ ” လို့ မှာထားပါသတဲ့...ဟုတ်တော့လည်း ဟုတ်ပါသဗျား...ချင်းတွေကြည့်လိုက်ရင် စစ်တပ်ထဲမှာချည်း...

ချင်းလူမျိုးသဘာဝကိုက ယောက်ျားမှန်ရင် စစ်သားလောင်းတွေ မုဆိုးတွေလို့ သတ်မှတ်ထားတာကိုး...တောတိုးတောင်တက် အကြမ်းပတမ်းသွားကြလာကြရတယ်ဆိုတာ သူရို့လူမျိုးအတွက် ထမင်းစားရေသောက်...ချင်းတွေ စစ်သားလုပ်တာ ဘယ်လောက်ဝါသနာသလဲတော့ မမေးလေနဲ့...ဦးဟန်ကြည်ရဲ့ ယောက်ဖလေးယောက်လုံး စစ်ထဲမှာချည်းရှိနေကြတာသာ ကြည့်ကြပေရော့...

မဒမ်ကြည်တို့အမျိုးက ရွာတည်တဲ့အမျိုးဆိုတော့ သူရို့ဒေသမှာတော့ လူကြီးတွေလို့ ခေါ်ရမယ်ထင်ပါရဲ့...သူရို့အဖေ့ရွာက အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်းရဲ့ဇာတိ လွီဗန်းရွာနဲ့ သိပ်မဝေးဘူးဆိုကိုး... “ မဒမ်ရယ် မင်းတို့ချင်းပြည်သွားပြီး လူကြီးလုပ်ရရင် အတော်နိပ်မယ် ” လို့များ စကားစလိုက်မိရင် မဒမ်ကြည်တို့ ၀မ်းသာချက်ကတော့ ဆွေ့ဆွေ့ကိုခုန်ရော...သို့ပေမင့် “ ချင်းတောင်မှာ ၀တ်စရာမရှိလို့ စောင်ပတ်နေရရင်တော့ ပြဿနာပဲ ” လို့ ဆက်ပြောလိုက်ရင် ချင်းတောင်က အိန္ဒိယနဲ့နီးတာမို့ စတီးပစ္စည်းကောင်းတွေ ဘယ်လောက်ပေါတဲ့အကြောင်း နွားနောက်တွေမွေးထားကြတော့ စားစရာပေါတဲ့အကြောင်းတွေ ထုံးစံမပျက် ထွက်လာပါလေရော...“ ကိုင်းဗျာ...ခင်ဗျားပြောတာကတော့ ဟုတ်ပါပြီ ခင်ဗျာ့ရွာရောက်အောင် တစ်ညနဲ့နှစ်ရက် ခြေလျင်ကြိတ်ရတာတော့ မနိပ်ပါကလား ” လို့ နိုင်ပေါက်ကိုဖိတွယ်မှပဲ ပါတောပိတ်တော့တာကလား...

ဟုတ်သလေဗျာ...ချင်းတောင်ဆိုတာ အင်မတန်မှ သွားရေးလာရေးခက်တာကိုး...ဟိုးအရင်ကဆိုရင် ချင်းပြည်တက်ဖို့ စစ်တပ်သုံး TE ကားကြီးတွေနဲ့ သွားကြရတာဆိုပဲ...အခုရောဘယ်လိုလည်းလို့မေးရင် ထူးမခြားနားလို့ပဲ ပြောရင်ကောင်းမယ်ထင်ပါရဲ့...မုံရွာကနေ ကျောက်ထုဘက်အထိ ကားလမ်းကြီးဖောက်ထားလိုက်တော့ အရင်ကထက်တော့ သွားလမ်းသာမှာပေါ့လေ...သို့ပေမင့် သူရို့ချင်းရွာဆိုတာက ဟိုတောင် သည်တောင်တွေပေါ်မှာ တည်ထားကြတာဆိုတော့ မြို့ပေါ်ကနေ ရွာအရောက်တော့ လျှောက်ပေဦးရော့ တညောင်းဆိုတာမျိုးချည်း...

တကယ်တွေးကြည့်ရင် ချင်းလူမျိုးတွေခမျာ သနားစရာ...သွားရေးလာရေး ခက်လိုက်ပုံများကတော့ တစ်နယ်နဲ့တစ်နယ် စကားမပေါက်တာကိုပဲကြည့်ပေရော့...မင်းတပ်ချင်းက စကားတစ်မျိုး မတူပီချင်းက တစ်ဘာသာ...ကျန်တာတွေကလည်း မူကွဲတွေဆိုတော့ ဘာသာစကားကို အမျိုးစုံနေရော...သွားရေးလာရေး ခက်ခဲတော့ ဆရာဝန်ဆိုတဲ့ သတ္တ၀ါကလည်း ချင်းတောင်ဟေ့ဆိုရင် သိပ်မသွားချင်...ကျောင်းဆရာဆိုတဲ့ ငတိကလည်း ချင်းတောင်တန်းလား နိုးနိုး ဆိုတာတွေချည်း...ကြာတော့လည်း တောင်ပေါ်သား ချင်းကလေးတွေခမျာ စာမတတ်ပေမတတ်ကလေးတွေချည်း ဖြစ်ကုန်ကြရော...အထိုက်အလျောက်ကလေး ကျောင်းနေဖူးတဲ့ ချင်းကလေးတွေလည်း အရွယ်ရောက်ရင် တပ်ထဲဝင်ကြ...ခက်တာက စစ်တပ်ဆိုတာကလည်း ပညာအရည်အချင်းက လိုပြန်တာမို့ ရာထူးရာခံကြီးကြီးရဖို့ဆိုတာကလည်း သိပ်မလွယ်...တိုက်ရည်ခိုက်ရည် ဘယ်လောက်ပဲ ပြည့်ဝပြည့်ဝ အတန်းပညာနည်းပြီဆိုမှဖြင့် တပ်ကြပ်ကြီးဘ၀လောက်နဲ့ အရိုးထုတ်ကြရတာတွေချည်း...ဦးဟန်ကြည်ရဲ့ ယောက်ဖကြီး မြေပြန့်ပေါက်ချင်းခမျာ စစ်သက် ၁၀နှစ်ကို အတော်ကြီးကျော်မှ ဒုအရာခံဗိုလ်ဆိုတာလေး ဖြစ်တာကိုပဲ ကြည့်ပေရော့...

ပြည်နယ်ပြည်မ ပြဿနာတွေ ဆွေးနွေးကြတော့ ချင်းတွေက တစ်ခုတောင်းသတဲ့...သူရို့တွေဟာ ပြည်မနဲ့ အတူနေပါ့မယ်...သူရို့ကို ကျောင်းတွေဆောက်ပေးပါ လမ်းတွေဖောက်ပေးပါလို့ တောင်းကြသတဲ့...လွတ်လပ်ရေးရပြီးတာ နှစ်ပေါင်းအတော်ကြာလာပြီဖြစ်တဲ့ သည်ဘက်ခေတ်အထိ သူရို့လိုအပ်တာတွေ ဘယ်သူကမှ ဂရုတစိုက် ဖြည့်ပေးတာ သတိမထားမိပေါင်ဗျာ...သည်တော့လည်း အခုအချိန်အထိ နတ်စားတဲ့ ချင်းတွေ ရှိနေသေးတာ အဆန်းမဟုတ်ပေဘူးပေါ့...တိုးတက်ချင်တဲ့ ချင်းလူငယ်တွေကျတော့လည်း သူရို့ဒေသမှာ တိုးတက်အောင် ကြိုးစားဖို့ မလွယ်လေတော့ ဟိုနိုင်ငံထွက် သည်နိုင်ငံထွက်နဲ့ အလုပ်လုပ်ကြရပါလေရော...တကယ်တမ်းတွက်ကြည့်မယ်ဆိုရင် မြန်မာပြည်တစ်ပြည်လုံးမှာ အငြိမ်းချမ်းဆုံးပြည်နယ်ဆိုတာ ချင်းပြည်နယ်တစ်ခုတည်း ရှိတာကလား...ခက်တာက ဘယ်လောက်ပဲငြိမ်းချမ်းတယ်ပြောပြော တိုးတက်မှုဆိုတာက သည်အတိုင်းဖြစ်လာတာမှ မဟုတ်ဘဲကိုး...တိုးတက်အောင် ကြိုးစားကြမှ ၀ိုင်းဝန်းပံ့ပိုးပေးကြမှ တိုးတက်တော့မပေါ့...

ပြည်နယ်မှ ကျန်ရစ်ခဲ့တဲ့ ချင်းတွေခမျာ နိုင်ငံခြားထွက်သွားတဲ့ ချင်းတွေပြန်လာကြရင် ပညာတွေသယ်လာနိုးနိုး ဆေးဝါးတွေ သယ်လာနိုးနိုးနဲ့ မျှော်မောကြီးတွေဖြစ်လို့...သို့ပေမင့် တောင်ပေါ်ကဆင်းပဟဲ့ဆိုတာနဲ့ တောင်ပေါ်ပြန်တက်ဖြစ်ဖို့ဆိုတာ သိပ်မလွယ်တော့ဘူးကိုး...ဟိုကြိုးနဲ့ငြိ သည်ကြိုးနဲ့တွယ်ဖြစ်ကုန်ကြပြီး ချင်းပြည်မပြန်နိုင်ကြတော့တာ ယောက္ခမကြီးက အစ...

ချင်းတိုင်းရင်းသားနေ့ကို သတိထားလိုက်မိလို့ ချင်းတွေအကြောင်း မီးခိုးကြွက်လျှောက်စဉ်းစားလိုက်ပြန်တော့လည်း အိမ်ထောင်သက် ဆယ်နှစ်ကျော်လာတဲ့အထိ မဒမ်ကြည့်ပါးစပ်ကပြောပြီး လက်တွေ့တစ်ခါမှ ချက်မကျွေးဖူးသေးတဲ့ “ ချာမူပသီး ” ဆိုတဲ့ ချင်းဟင်းတစ်မျိုးကို ကိုယ်စိတ်ထင်သလို တွေးပြီး အရသာခံနေရတာကလည်း ဖီလင်တစ်မျိုးပေါ့ဗျာ...

အင်း မဒမ်ကြည်ချက်ကျွေးမဲ့ ချာမူပသီးကလည်း ဆရာမင်းလူရဲ့ ဇာတ်လိုက်ကျော် ပတေး ချက်မယ့် “ အိလျာနိပလောင် ” ဆိုတဲ့ ဟင်းကြီးနဲ့ နင်လားငါလား ထင်ပါရဲ့...း)။ ။

13 comments:

မီးမီးငယ် said...

အိလျာနိပလောင်
ဒီနံမည်မကြားဖူးဘူး..
ဆရာမင်းလူရဲ့ဝတ္တုထဲကဟုတ်လား..
ဆြာရယ်ညွှန်းပေးစမ်းပါအုံး..ဖတ်ချင်လို့၊
(တရေးနိုးထအော်သံလို့ဘဲမှတ်လိုက်ပါ.. ဟီး)
ဒါနဲ့..ချင်းတွေက တကယ်ရိုးသားကြပါတယ်။
ကျောင်းနေတုံးက ချင်းသူငယ်ချင်းတွေအများကြီးပေါ့၊
အကိုငယ်ရဲ့ အချစ်ဆုံးသူငယ်ချင်းကချင်းလေ..။
ဒေသကောလိပ်မှာနေတုံးသိခဲ့ကြတာ၊
ကျောင်းတက်ပြီး ၄လလောက်ကြာမှ အဲ့လူကားနက်ကြီး
နဲ့လာတာမြင်တော့ အကိုကမေးတယ် မင်းအဖေက
ဝန်ကြီးကားမောင်းတာလားတဲ့။ အဲ့ခေတ်က 929 ဆိုလား၊
ကားနက်ကြီးကို ဝန်ကြီးတွေစီးတာလေ။
သူကလည်းဟုတ်တယ်လို့ဘဲဖြေတာ။
ဖိနပ်သဲကြိုးပြတ်လို့ တွယ်အပ်တွေရှာပြီး မယ်ငီးတို့၊
ကြံဖန်ပေးခဲ့ရသေးတယ်။ မုန့်ဟင်းခါးတပွဲ၁ကျပ်ဝယ်စားဖို့တောင်
အကြွေတွေလိုက်လိုက်တောင်းတဲ့သူ။
ကျမတို့မောင်နှမ ကျိုင်းတုံပြန်တော့ လေယာဉ်ကွင်း
ကိုလိုက်ပို့ပေးမယ်ပြောပြီး ကားနက်ကြီးပေါ့ဗျာ..
ခန့်ခန့်ကြီးစီးလို့၊ တားစီးတာတွေပြာပြာသလဲ၊
ဖယ်ပေးခြင်း အလေးပြုပေးခြင်း၊
ဒါမျိုးတွေခံစားလိုက်ရသေးတယ်။
နောက်မှသိတာက သူ့အဖေက နိုင်ငံတော်ကောင်စီဝင်တဲ့။
တဆွေလုံးတမျိုးလုံးတကယ်ရိုးတာပါဗျာ…။
ဟင်းဟင်း..ကိုယ်တို့မောင်နှမလည်း အားလုံးနဲနဲအူပြီးအ
ပါတယ်လေ…ဟီးဟီး…

Aunty Tint said...

ဆရာဟန်ရဲ့ အိမ်သူသက်ထား ချင်းမလေး မဒမ်က တီတင့်နဲ့လဲ သွေးနည်းနည်းစပ်ပုံရတယ် တီတင့်လဲ ကရင်သွေး ၅၀% ပါတယ်ဆရာဟန်ရဲ့ ... :)
ချင်းပြည်နယ်အကြောင်းလေး ဖတ်လိုက်ရတော့ ကျောင်းသားဘ၀တုန်းက တက္ကသိုလ်များ ခြေလျင်တောင်တက်အသင်းနဲ့ ဗစ်တိုရိယတောင်ကို မင်းတပ်ကနေ တဆင့်တက်ခဲ့တာကို သတိရမိတယ် ဆရာဟန်ပြောသလိုပဲ တစ်နေရာနဲ့ တစ်နေရာ သွားရတာ အတော်လေးခက်ခဲပင်ပန်းပါ့ ....
ချင်းမလေးကို နောက်ရင်းပြောင်ရင်း ပျော်ရွှင်နေတဲ့ ဆရာဟန်တို့ ဇနီးမောင်နှံကို သဘောကျတယ်...

မေတ္တာဖြင့်
တီတင့်

Anonymous said...

ကျမလည်းချင်းပြည်တောင်ပိုင်းကောမြောက်ပိုင်းကောကွင်းဆင်းအလုပ်လုပ်ဖူးတယ်။ ရွာစဉ်စခန်းချပြီးအလုပ်လုပ်ခဲ့ဖူးတယ်။ သူငယ်ချင်းအရင်းတစ်ယောက်ကလည်းချင်းဆိုတော့ချင်းဓလေ့နဲ့ မဝေးလှဘူး။
ဝိတိုရိယတောင်၊ ကနေဒီတောင်တွေလည်းကွင်းဆင်းအလုပ်လုပ်ခဲ့ဖူးတယ်။ တောင်ဇလပ်တွေဝေတဲ့အချိန်ဆိုဝိတိုရိယတောင်တက်ရတာမောတယ်တောင်မထင်မိဘူး။ မွှေးပြီးအေးနေတဲ့လေကလည်းအရသာ။ မြက်ရိုင်းတောထဲထိုင်အရိုင်းပန်းခင်းလေးတွေခံစားငှက်လေးကြည့်။ ချင်းပြည်သွားဖို့ ဆိုအမြဲတက်ကြွခဲ့တာ။ ချင်းပြည်ကဆရာဆရာမတွေနဲ့ လည်းအလုပ်ရုံဆွေးနွေးပွဲတွေဦးဆောင်လုပ်ခဲ့တယ်။ လမ်းပန်းဆက်သွယ်ရေးအဓိကလုပ်ပေးဖို့ လိုတယ်။ အခြေခံလမ်းကရှိပြီးသား။ အင်္ဂလိပ်ဖေါက်ခဲ့တော့ကွန်တိုလိုင်းအတိုင်းဖေါက်ထားတာ။ ကတ္တရာကောင်းကောင်းအဆင့်မှီမှီလုပ်ပေးဖို့ လိုတယ်။
မဒမ်ကြည်ကဘယ်ဖက်ကလည်း။ ချင်းမလေးတွေလှရင်ဘယ်သူမှမမှီဘူးနော့်။ သိပ်အကြည့်ခံတာ။ဒါကြောင့်ဆြာဟန်လည်းကြွေခဲ့တာပေါ့နော့်။
အိုင်အိုရာ

သူကြီးမင်း (တုံးဖလား) said...

ချင်းဆိုတာနဲ့ ချင်းဝတ်စုံလေးတွေနဲ့ ကျက်သရေရှိလှတဲ့ သက်မွန်မြင့်ကို ပြေးမြင်လိုက်တာဘဲ ဆရာဟန်။ သရုပ်ဆောင်ကောင်းတာ မကောင်းတာတော့ မသိဘူး။ သူ့ကြည့်နေရတာနဲ့တင် စိတ်ချမ်းသာဖို့ကောင်းတယ်။ ညစ်ညမ်းစိတ်နဲ့ ဖီလင်လိုမျိုးမဟုတ်ဘူး။ ကြည်လင်သန့်ရှင်းတဲ့အမြင်မျိုးနဲ့ပါ။ သူ့မျက်နှာက အေးချမ်းမှုတွေကို လူတွေကို ကူးစက်အေးချမ်းစေသလိုလို ခံစားမိတယ်။

ချင်းပြည်နယ်တို့ နာဂတောင်တန်းတို့ဆိုတာ တစ်ရွာမှာ စကားဘာသာတစ်မျိုးဆိုသလို ဖြစ်နေကြတာ။ လမ်းပန်းဆက်သွယ်ရေးကလဲ မကောင်း တစ်ရွာဝင်တစ်ရွာလည်ဓလေ့လဲ မရှိကြတော့ စကားလဲ မတူကြတော့ဘူး။

တိရစ္ဆာန်မှာ မြင်း၊ လူမှာ ချင်းတဲ့။ အလှတရားကို တင်စားပြောကြတာလေ။ ကြားဖူးတာ။

ချင်းအမျိုးသားနေ့မှစပြီး ချင်းပြည်နယ်ကြီးတိုးတက်အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ဆရာဟန်တို့ ဇနီးမောင်နှံလဲ ရာသက်ပန် ချစ်ခင်နိုင်ကြပါစေကြောင်း။

စံပယ်ချို said...

ချစ်စရာကောင်းပြီးဖြူစင်လှတဲ့ချင်းမလေးကိုဆရာအရယူတတ်သာပဲနော်.......
လှပတဲ့ချင်းတောင်တန်းတွေဆီ နောက်တခါ သွားချင်သေးတယ်ဆရာရေ....

San San Htun said...

ကျောင်းမှာတုန်းက ခင်စန်းလျံဆိုတဲ့ ချင်းလေးကို မခင်စန်းဆိုပြီး နောက်ကြတယ်...ချင်းတွေက စည်းလုံးတယ်...လမ်းပန်းဆက်သွယ်ရေး ကောင်းရင်တော့ ချင်းပြည်ကို ရောက်ဖူးချင်မိသား...

San San Htun said...

By the way..ဆရာမင်းလူရဲ့  အဲဒီစာအုပ်နာမည် ပြောပါဦး...

Anonymous said...

i want to vist Chin state. it is so beautiful!!
Exactly, some Chin are so beautiful..... i believe most of our race are simple ,honest and lovely.
I am 50%Karen,

naunggyain

MgMyo said...

ဖတ်လို့ ကောင်းတယ် ဆရာ ဒေသဗဟုသတလေးရပါ့း)

အစ်မတို့ အမျိုးချစ်ပုံလေးက ဘာပဲဖြစ်ဖြစ်ကြည်နူးစရာလေး ဖုန်းဆက်ပြီး ပြောအုံးမှ အစ်မအကြောင်း ဆရာ ဘလော့မှာ တင်ရေးထားတယ်လို့ ဘာဟင်းဆိုလား ချက်ကျွေးရင် ကျနော့်လည်းဖိတ်အုံးလို့း)))

နေ၀သန် said...

ဆြာဟန့်မဒီက ချင်းမှန်းလုံးဝမသိဘူး.. ကရင်ရုပ်လေးထွက်နေလို့လေ... :D

ခင်မင်လျက်
နေ၀သန်

blackroze said...

ချာမူပတီး ကို
အမြန်ဆုံးစားရပါစေ ဆာဟန်

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ချင်းပြည်နယ်လေးက သိပ်ပြီးရောက်ဖူးချင်တဲ့ ပြည်နယ်လေးတစ်ခုထဲမှာပါတယ်။ မနှစ်တုန်းက သွားမယ်စီစဉ်ပြီးကာမှ မသွားဖြစ်လိုက်ဘူး။ ဒီတစ်နှစ်တော့ ရောက်အောင် သွားရမယ်။ အဲဒီအခါကျရင်တော့ ချာမူပတီးဆိုတာကို ပတ်ရှာပြီး စားခဲ့ရမယ်။ ဆရာနဲ့ မြတ်.. ဘယ်သူအရင်စားဖူးသွားမလဲနော်။ ;)

မောင်သီဟ said...

ဒီရက်ပိုင်း ဟားခါးခရီးထပ်သွားအုံးမယ်ဆြား)

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger