Wednesday 22 June 2011

တရားသေ . . .

 လူငယ်နဲ့ ရသစာပေအကြောင်းကို ရေးဖို့စာမြည်းပေးထားခဲ့ပေမယ့် ဖတ်စရာ၊ လေ့လာစရာ၊ ကိုးကားစရာတွေ များနေတဲ့အပြင် ကိုယ်တွေ့အတွေ့အကြုံတွေကိုလည်း စနစ်တကျဖြစ်အောင် ပြန်စီစဉ်နေရပြန်တာကြောင့် အခုထိရေးလို့ မပြီးသေးပါ။ စာရေးမယ်လို့ စိတ်ကူးပြီး ထိုင်လိုက်ပေမယ့် ဆောင်းပါးတစ်ပုဒ်ဖြစ်မလာဘဲ ကဗျာတစ်ပုဒ်ပဲ ထွက်လာတာမို့ အမိအရ ကောက်ခြစ်ပြီး မှတ်ထားလိုက်မိပါတယ်။ ညဥ့်တော်တော်နက်မှ အခြောသတ်လို့ ပြီးသွားတာကြောင့် တင်လိုက်ပါတယ်။

စိတ်ထဲမှာ အစာမကျေတာတွေ များနေလို့ထင်ပါရဲ့။ ကဗျာမှာပါ အငွေ့အသက်တွေ ပါကုန်ပါတော့တယ်။ ဘာပဲဖြစ်ဖြစ် လူနဲ့ သူ့အတ္တအကြောင်းကို ရေးဖြစ်သွားတဲ့ ကဗျာဖြစ်တာမို့ တွေးစရာလေးတွေ ပါနေမှာတော့ သေချာပါတယ်။ စကားလုံးအသုံးအနှုန်းကိုလည်း အများနားလည်နိုင်တာပဲ ရွေးသုံးထားဖြစ်ပါတယ်။

ခံစားကြည့်ပါ...

“ တရားသေ ”
လူဟေ့နော်...
မသူတော်  စိတ်တစ်ပိုင်း
စိတ်ရိုင်းက  အသင်္ချေ
မသေခင်  ကာလတွင်း
မိုက်ရင်းနဲ့  နေ့တိုင်းပျော်...

လူဟေ့နော်...
အတ္တပေါ်  မာနကဲ
မောဟထဲ  လောဘ၀င်
ငါသာလျှင်  သခင်ဖြစ်
ငါဖြစ်ခိုက်  ငါမိုက်ရန်
ငါပြန်ချိန်  ငါမသိ...

လူဟေ့နော်...
တစ်ယောက်ပေါ် တစ်ယောက်နင်း
တစ်ယောက်ဆင်း  တစ်ယောက်တက်
တစ်ယောက်ထက်  တစ်ယောက်ကဲ
ငရဲဆို ချိုနဲ့လား
ဘေးစကားသူမယုံ
စိတ်အာရုံ  လှိုင်းကြမ်းစီး
ကိုယ့်မီးကို  ကိုယ်တိုင်မွှေး
ကိုယ့်ကိုယ်ကို  ထိုးကျွေးရင်း
သေမင်းဆီခြေလှမ်းမှန်...

လူဟေ့နော်...
တကြော်ကြော်သံကုန်ဟစ်
လှော်ရင်းနဲ့ နစ်မယ့်လှေ
သေမင်းဆီပန်းတိုင်မှတ်
ရပ်တန့်လို့ရခဲ့ရင်
သင်..ဘာတွေများ လုပ်မှာလဲ။     ။

ဟန်ကြည်
၂၁.၆.၂၀၁၁(အင်္ဂါနေ့)
၂:၃၀ နာရီ

12 comments:

ahphyulay said...

အင်း..
ရတုံးရခိုက် လူ့ ဘဝလေးမှာ ကိုယ်ထင်
သလို ကိုယ်လုပ်လာရင်း သေမင်းကို
တောင်အံတု တော့ မယ်လို့  နားလည်
ပါတယ်။ ရပ်လို့  .. ရခဲ့ ရင်တဲ့  ..။
လုပ်ချင်တာတွေ မကုန်သေးလို့  ထင်...။
အမှန်ကတော့  သေမင်းကို ရင်ဆိုင်ဘို့ 
ဆိုရင် သူ့ ကိုယှဉ်ဖို့  အခုကတဲက ကျင့် 
နေရတော့ မယ်လေ..။ လုပ်ချင်တာလုပ်ခဲ့ 
လို့  ကိုယ်ကချဉ်း ဦး နေသလိုဖြစ်ပေမယ့် 
သူ ဦးသွားတဲ့  တစ်နေ့  ....။

ကျွန်တော်လည်း “ ရသ ” တွေ ပလူပျံနေတဲ့ 
သည်ရွာကြီးထဲ ကိုယ်လည်း ရေးချင်သလို
ရေးနေမိပြီး ရသ ကို ဘေးချိတ်ထားပေမယ့် 
ဘေးမချိတ်ထားမိနေတာကတော့  ...
အဲ့ ဒီသေမင်းလေ..။ နေကွယ်တာ အကြိမ်
များရင်ဖြင့်  သေနယ်ရွာ တကြိမ်သွားရလိမ့် 
တားလို့ ဖြစ်ဖူး..။

သေသောသူ ကြာရင်မေ့ တဲ့  ..။
ကျွန်တော်တို့ လောကထဲက အစ်ကိုကြီး
ကျောက်ကိုပဲ ကြည့်...။ ကျွန်တော်တို့ က
မေ့ သလို ကျွန်တော်တို့ လည်း တစ်နေ့ 
အမေ့  ခံ ရလိမ့် အုံးမယ်..။

တစ်ခါတစ်လေ ကိုယ်တိုင်ရေး အဲ့ ဒီသဘော
တရားတွေ ရေးကြည့် မိတယ်။ ထူးထူးဆန်း
ဆန်း လိုပဲ အကြည့်ခံရတယ်ဗျာ..။
ကိုယ်တိုင်ရသမြောက်အောင်မခံစားချင်
တော့ ဘူးလေ...။

တောက်ပကြယ်စင် said...

အင့် သံဝေဂရစရာပဲ ဆရာ ကိုဟန်ကြည်ရေ။ ကျန်းမာပျော်ရွှင် ကြည်လင်ဝင်းပ အေးမြပါစေ...

မင်းဧရာ said...

သတိထားစရာလေးတွေပေါ့ ဆရာ....
သေမည့် ရက်ကို ထမင်းစားပြီးစောင့်ရတာခြင်း အတူတူ
သူတစ်လူ ငါတစ်မင်း
တစ်ယောက်ကို တစ်ယောက်နင်းလို့
လောက အတွင်းမှာ
ငြိမ်းချမ်း ခြင်းတွေပျက်လာတယ်။

မေဓာဝီ said...

ရသစာပေပို့စ် ဘယ်တော့တက်မလဲ မျှော်နေတာ ဦးဟန်ကြည်ရေ ... ။
ကဗျာလေး အရင်ရေးတော့လဲ ဖတ်ရတာပဲပေါ့။ ဒီကဗျာဖတ်ပြီး ကြက်သီးတောင် ထမိပါရဲ့။

အတ္တပေါ် မာနကဲ
မောဟထဲ လောဘ၀င်
ငါသာလျှင် သခင်ဖြစ်
....................... အဲဒီ အပိုဒ်က အတ္တတွေ မာနတွေ များလွန်းတဲ့ ကိုယ့်ကိုများ ပြောနေသလား ထင်ရတယ်။ ဆက်ဖတ်ကြည့်တော့ ....
..............................
လှော်ရင်းနဲ့ နစ်မယ့်လှေ
သေမင်းဆီ ပန်းတိုင်မှတ်
ရပ်တန့်လို့ရခဲ့ရင်
သင်..ဘာတွေများ လုပ်မှာလဲ။ ။

နောက်ဆုံးပိုဒ် ဖတ်ပြီး ဘာတွေများ လုပ်မလဲလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတယ်။ ပြီးတော့ တကယ်ပဲ ကြောက်ရွံ့ ထိတ်လန့်လာတယ်။ ဟုတ်တယ် ... ကျမတို့ဟာ လှော်ရင်းနဲ့ နစ်မယ့်လှေလိုပဲ ... ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်ကြီးထဲမှာ ... ... ... ။

mstint said...

ကိုယ့်အတွက် တန်ဖိုးရှိတဲ့အချိန်ကို အလဟသ မဖြစ်စေပဲ ကြိုတင်ပြင်ဆင်ဖို့မေ့လျာ့နေသော ပုထုဇဉ်လူသားများအတွက် သတိပေးသံဝေဂ ကဗျာကောင်းလေး တစ်ပုဒ်ဖတ်သွားပါတယ်ကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချော(အစိမ်းရောင်လွင်ပြင်) said...

လူတွေက မသေခင် ပျော်နေကြပြီး သေရတော့မယ်ဆိုရင် အူယားဖားယား ထိတ်လန့်ကြတော့တာပါဘဲ
မသေခင် ကောင်းတာလုပ်ဖို့တော့ သတိမရကြဘူး
အတ္တကြီး မာနကြီးနဲ့ နွံထဲမှာ နစ်သထက်နစ်ကြတော့တာပါဘဲ
ဟုတ်ပါရဲ့ မသေခင် ပြင်ဆင်သင့်တာပြင်ကြရမယ်...

မအိမ်သူ said...

လှော်ရင်းနစ်မှာ သိသိကြီးနဲ့ မိုက်မိုက်မဲမဲ ဆက်လှော်နေကြတာကိုး ဆရာရေ..
ရပ်လို့ရခဲ့ရင်တောင် မရပ်ဘဲ ဆက်လှော်ကြအုံးမှာကို မြင်နေသေးတယ်။

အဆင်သင့်လို့ ဆက်ရေးဖြစ်ခဲ့ရင် ရသခံစားမှုအကြောင်းလေး ဆက်ဖတ်ဖို့ မျှော်နေပါတယ်ရှင်။

နေ၀သန် said...

ဟုတ်တယ်.. ဆရာဟန်... အစာမကျေတဲ့ အနံ့တွေ ကဗျာမှာ ထင်ဟပ်နေတယ်... ကဗျာလိုမှာတော့ လူတွေက အဲဒီလိုပဲ ဖြစ်နေတာကိုး.... ဒါပေမယ့် ခုနက အစာမကျေတာနဲ့ပေါင်းလိုက်တော့ ခပ်ပြင်းပြင်းလေးဖြစ်သွားတယ်.. အရသာတစ်မျိုးပေါ့...း))


ခင်မင်လျက်
နေ၀ဿန်

မြစ်ကျိုးအင်း said...

စာသားတိုင်းက ထိထိမိမိနဲ့ ကောင်းလွန်းလှချည်လား ဆရာဟန်..။
အနှစ်ပါပါ စာသားတွေက အားရဖို့ကောင်းလွန်းတယ်။

Angelhlaing(May everybody be happy and healthy! said...

အပို့စ်တိုင်းမှာ ထိထိမိမိနဲ့ ရင်ထဲရောက်စေပါလားအကို.. ပို့စ်ကောင်းလေး ဖတ်ခွင့်ရလို့ ကျေးဇူးပါအကို..

ဟန်ကြည် said...

အားပေးတာ ကျေးဇူးတင်ပါတယ်...ထပ်ကြိုးစားပါဦးမယ်...

စံပယ်ချို said...

ဟုတ်လိုက်လေခြင်းပါ ဆရာရေ...
အသာရသူတွေကတော်တော်များများသူများ
ကိုနင်းဖို့ပဲစဉ်းစားနေကြတာလေ...
ဆရာချမ်းမြေ့ပါစေရှင်။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger