Friday 2 September 2011

လူငယ်များကို စာစီစာကုံးသင်ကြားခြင်း . . .


ဦးဟန်ကြည်က သူ့တပည့်တွေကို ပင်ကိုအရေးအသား တိုးတက်အောင် လေ့ကျင့်ပေးတဲ့အနေနဲ့ တစ်ပတ်မှာ စာစီစာကုံးခေါင်းစဉ်တစ်ခုချပေးပြီး အရေးခိုင်းလေ့ရှိပါတယ်။ ကျောင်းသားဘ၀တစ်လျှောက်လုံးမှာ ကိုယ်ပိုင်ဥာဏ်ရည်ဥာဏ်သွေးနဲ့ ဘာစာကိုမှ ဖြစ်မြောက်အောင်မရေးခဲ့ကြဖူးတဲ့ကလေးတွေဖြစ်တာမို့ အခြေခံပညာရဲ့ အမြင့်ဆုံးအတန်းဖြစ်တဲ့ တက္ကသိုလ်ဝင်တန်း 
( ဒီဘက်ခေတ်အခေါ် Grade 11 ) ရောက်နေကြပေမယ့် စာစီစာကုံးကို ဖြစ်ဖြစ်မြောက်မြောက်မရေးတတ်ကြသေးတဲ့အတွက် ကိုယ့်လက်ထဲရောက်လာတဲ့ ကျောင်းသားတွေကို နောက်ဆုံးကြိုးစားပေးခြင်းအဖြစ် စာစီစာကုံးတွေရေးခိုင်းတာ၊ ဗဟုသုတဖြစ်ဖွယ်ရာ စာအုပ်တွေကို ဖတ်တတ်လာအောင်၊ ဖတ်ဖြစ်လာအောင် လေ့ကျင့်ပေးတာတွေကို တတ်နိုင်သလောက်လုပ်ပေးနေရပါရဲ့။ အဲဒီလိုမှ လုပ်မပေးဘဲ ဆယ်တန်းအောင်ရင်ပြီးစတမ်းဆိုတဲ့ ဆူလွယ်နပ်လွယ် ရည်မှန်းချက်တစ်ခုတည်းနဲ့ သင်လွှတ်လိုက်မိရင် ဘွဲ့လက်မှတ်ကို တိုင်မှာချိတ်ပြီး လူမြင်ကောင်းအောင်ကြွားရုံလောက်ပဲ အဆင့်ရှိတဲ့ ပညာတတ်တွေဖြစ်ကုန်ကြမှာ သေချာလွန်းနေတယ် မဟုတ်ပါလား။
 
ကလေးတွေကို စာစီစာကုံးရေးခိုင်းတဲ့နေရာမှာ သူတို့ဖတ်နေ၊ ကူးချနေကြတဲ့ နံမည်ကျော်စာစီစာကုံးစာအုပ်တွေထဲက ခေါင်းစဉ်မျိုးတွေကို တတ်နိုင်သမျှ ရှောင်ရပါသေးတယ်။ စာစီစာကုံးအရေးကောင်းဖို့၊ စကားပြေအရေးညက်ဖို့ “ စု၊ တု၊ ပြု ” ဆိုတဲ့ အဆင့်အတိုင်း လေ့ကျင့်ရတယ်လို့ ပညာရှင်တွေက လမ်းညွှန်ကြသလို ကိုယ်တိုင်လည်း အဲဒီနည်းစနစ်အတိုင်း လေ့ကျင့်ခဲ့တာမှန်ပေမယ့် ဒီဘက်ခေတ် ကလေးတွေကိုတော့ အဲဒီနည်းစနစ်နဲ့ လေ့ကျင့်ပေးလို့ မဖြစ်ပြန်ပါ။ ဘာကြောင့်လဲဆိုရင် ပညာရေးကို ကိုင်းညွှတ်အားသန်မှုနည်းလာ၊ အားထုတ်မှု လျော့နည်းလာနေတဲ့ ဒီဘက်ခေတ်ကလေးတွေဟာ “ စု ” တဲ့အဆင့်ကိုတောင် ဖြစ်ဖြစ်မြောက်မြောက် မလုပ်ချင်၊ မလုပ်နိုင်ကြတော့ဘဲ “ ကူး ” တဲ့အလုပ်ကိုပဲ တွင်တွင်ကြီးလုပ်နေကြတာကြောင့် လူမိုက်အားပေးဖြစ်မှာကိုလည်း စိုးရိမ်ရပါသေးရဲ့။ ဒါပေမယ့် တခြားနည်းလမ်း ရွေးစရာလမ်းစမရှိအောင် ပျင်းချက်ကမ်းကုန်လွန်းနေတဲ့ ကျောင်းသားတွေကိုတော့ ကူးချရင်းနဲ့ပဲ စာတစ်လုံးတစ်လေလောက်ဖတ်မိသွားရင်လည်း အကျိုးမနည်းဘူးဆိုတဲ့ထုံးကို နှလုံးမူပြီး ကူးချခွင့်ကို ကျေကျေနပ်နပ်ကြီး ခွင့်ပြုပေးရမှာ သေချာနေပါတော့တယ်။

အဲဒီလို အခြေခံအကြောင်းတရားပေါင်းများစွာကြောင့် ဦးဟန်ကြည်တို့ ဆရာတွေဟာ ကျောင်းသားတွေကို စာစီစာကုံးအရေးသင်ပေးရာမှာ လိုအပ်တဲ့ အခြေခံအဆင့် ဖြစ်တဲ့ “ စု ” တတ်တဲ့အခြေအနေကိုရောက်လာစေဖို့ နည်းစနစ်ပေါင်းများစွာကို မြန်မာ့နည်းမြန်မာ့ဟန်အတိုင်း ခေတ်စနစ်နဲ့အညီ မကျင့်သုံးလို့ မဖြစ်တော့ပါ။ အဲဒီအချက်ကို သတိမမူမိဘဲ “ တို့ငယ်ငယ်တုန်းကလို… ” ဆိုတဲ့ စကားတစ်ခွန်းကို ရေလဲသုံးပြီး လမ်းရိုးအတိုင်း လျှောက်နေမိရင် တို့ငယ်ငယ်တုန်းကခေတ်၊ တို့ငယ်ငယ်တုန်းက အခြေအနေမျိုးမှာ လူဖြစ်လာတာ မဟုတ်တဲ့ ၂၁ ရာစုရဲ့ မျိုးဆက်သစ်ကျောင်းသားလူငယ်တွေက ယောင်လို့တောင် နောက်ကလိုက်လာမှာ မဟုတ်ပါ။ အရေးအကြီးဆုံးအချက်က အစစအရာရာ အဆင်သင့်ရနေတဲ့ ဒီနေ့ခေတ်ကျောင်းသားလူငယ်တွေကို ကိုယ့်အားကိုယ် ကိုးတတ်လာအောင် အရင်ဆုံးကျင့်ပေးဖို့ လိုအပ်လာပါတော့တယ်။

ကလေးတွေကို ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ ဦးဟန်ကြည်ကတော့ သူ့တပည့်တွေကို စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိအောင် နေ့ရှိသ၍ တွန်းအားပေးနေခဲ့တာကြောင့် ကလေးအများစုမှာ ကူးချချင်တဲ့စိတ် အထိုက်အလျောက် နည်းသွားကြတာလဲ ဆရာတစ်ယောက်ရနိုင်တဲ့ မင်္ဂလာတရားထဲက တစ်ပါးဖြစ်နေပါတော့တယ်။ စိတ်ပိုင်းဆိုင်ရာ အထိုက်အလျောက် ရင့်ကျက်စပြုလာတဲ့ကလေးတွေကို ယုံကြည်မှု ဘယ်လောက်ပဲ ရှိနေပါစေ သူတို့ရဲ့ လမ်းစဉ်ဟောင်းကို ပြန်သွားကြဖို့ နည်းပေးလမ်းပြမလုပ်မိအောင် သတိထားနေမှ တော်ရာကျမှာမို့ သူတို့ကို ဦးဟန်ကြည် ပေးလေ့ရှိတဲ့ခေါင်းစဉ်တွေက ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားရတဲ့ခေါင်းစဉ်တွေပဲ ဖြစ်လေ့ရှိပါတယ်။ စာစီစာကုံးစရေးခိုင်းကာစ ခေါင်းစဉ်တွေကို သူတို့ပတ်ဝန်းကျင်၊ သူတို့မြင်နေကျ၊ တွေ့နေကျဖြစ်တဲ့ မြင်ကွင်းတွေကိုချရေးတတ်စေဖို့ ဦးစားပေးတဲ့    “ ကျွန်တော်တို့ကျောင်း ”“ ကျွန်တော်တို့မေမေ ” “ ကျွန်တော်၏ခွေးကလေး ” စတဲ့ခေါင်းစဉ်တွေကို ပေးဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ ကလေးတွေကို ကိုယ့်ဥာဏ်နဲ့ကိုယ် စာစရေးဖို့ လေ့ကျင့်ပေးနေတဲ့အဆင့်ဖြစ်တာကြောင့် ရေးနည်းလမ်းညွှန်ချက်တွေ၊ outline တွေ ချမပေးတော့ဘဲ အလွတ်သဘောနဲ့ ရေးချင်ရာကို ရေးချင်သလိုရေးဖို့ ခွင့်ပြုထားရပါတယ်။

အဲဒီလို ပထမဆုံးအကြိမ်ရေးကြတဲ့အခါမှာတော့ ထုံးစံအတိုင်း မြန်မာစာ မီးကျိုးမောင်းပျက်တွေကို ဆရာဖြစ်သူက သည်းခံနိုင်သမျှ သည်းခံရပါတော့တယ်။ ပြောစကားနဲ့စာ မကွဲတာတွေကိုလည်း ခွင့်လွှတ်နိုင်သမျှခွင့်လွှတ်၊ ပြုပြင်နိုင်သမျှ ပြုပြင်ပေးရပါသေးတယ်။ စာစီစာကုံးရဲ့ အင်္ဂါရပ်ဖြစ်တဲ့ နိဒါန်း၊ စာကိုယ်၊ နိဂုံးမပီပြင်တာတွေကိုလည်း နားလည်အောင် ပြန်ရှင်းပြဖို့ ၀န်လေးနေလို့ မဖြစ်ပြန်ပါ။  တစ်ယောက်ချင်းစီရဲ့ စာစီစာကုံးမဖြစ်တဖြစ်တွေကို အရသာရှိခြင်း၊ မရှိခြင်းကို ဘေးဖယ်လို့ သည်းခံပြီးဖတ်ရရုံသာမက တစ်ပုဒ်ချင်းစီအတွက် မှတ်ချက်တွေရေးပေးရပါတယ်။ ဒါတင်မကသေးဘဲ ကျောင်းသားတစ်ယောက်ချင်းစီကို သူ့ရဲ့အရေးအသား တိုးတက်လာဖို့ လိုအပ်တဲ့အကြံဥာဏ်တွေလည်း ပေးဖို့လိုအပ်ပါသေးရဲ့။ အဲဒီလို မှတ်ချက်ပေး၊ အကြံပြုရာမှာလည်း အပြုသဘောဆောင်တဲ့ မှတ်ချက်၊ အကြံပြုချက်တွေဖြစ်ဖို့လည်း အရေးကြီးသလို အပြစ်တင်တာမျိုးမဖြစ်စေဖို့လည်း သတိထားရပါသေးတယ်။ နောက်တစ်ပုဒ်မှာ ပိုပြီးအားထည့်ရေးစေဖို့ သူ့အရေးအသားထဲက ကောင်းကွက်လေးတွေကို မရှိရှိရာ ရှာကြံပြီး ထောက်ပြပေးဖို့ကလည်း အင်မတန်မှ အရေပါးပြီး၊ အသားနုလှတဲ့ ဦးဟန်ကြည်တို့ တိုင်းပြည်က ကျောင်းသားလေးတွေအတွက် အလွန့်အလွန် အရေးကြီးလှပါသေးတယ်။

ကိုယ့်ပတ်ဝန်းကျင်အကြောင်း သုံးလေးပုဒ်လောက်ရေးခိုင်းပြီးလို့ ရေးသားကျသွားတဲ့အခါမှာတော့ သရုပ်ဖော်စာစီစာကုံးတွေကို ဆက်ပြီးလေ့ကျင့်ပေးရပါတယ်။ စာစီစာကုံးအမျိုးအစားမှာ သုတနဲ့ ရသ နှစ်မျိုးရှိပေမယ့် စာဖတ်တတ်ကာစအရွယ်ကတည်းက အပြင်စာ မဖတ်ခဲ့လေတဲ့ ဦးဟန်ကြည်ရဲ့ ကျောင်းသားတွေအတွက် သုတစာစီစာကုံး၊ ဖွင့်ဆိုရှင်းပြစာစီစာကုံး၊ ကျိုးကြောင်းပြ စာစီစာကုံးတွေဟာ “ ဘုန်းကြီးနဲ့ ဘီး ” လို လားလားမှ မအပ်စပ်တာကြောင့် စာဖတ်နည်းပေမယ့် စိတ်ခံစားချက်ကို ပီပြင်အောင် သရုပ်ဖော်နိုင်ရင် အဆင်ပြေနိုင်တဲ့ ရသစာစီစာကုံးတွေကိုပဲ ဦးစားပေးပြီး လေ့ကျင့်ပေးရပါရဲ့။ ပညာရေးနည်းစနစ်နဲ့ ပတ်သက်ရင် အင်မတန်မှ ခေတ်မီချင်လွန်းလှတဲ့ ဦးဟန်ကြည်က Student centered education စနစ်ကို လက်လှမ်းမီသလောက် စမ်းသပ်နေတာမို့ ကိုယ်ဖြစ်စေချင်တာထက် ကလေးတွေရဲ့ ပင်ကိုဗီဇနဲ့ လိုက်လျောညီထွေဖြစ်တာကို သင်ပေးနိုင်မှပဲ ပိုအကျိုးရှိမယ် မဟုတ်ပါလား။

အဲဒီလို ဒုတ်ယအဆင့်ကို ရောက်လာတဲ့အခါမှာတော့ နိဒါန်းကိုဘယ်လိုပျိုး၊ စာကိုယ်ကို ဘယ်လိုပုံစံရေး၊ နိဂုံးကို ဘယ်လိုချုပ် စသည်ဖြင့် စာစီစာကုံးတစ်ပုဒ် ပီပီပြင်ပြင် ဖြစ်လာဖို့ လိုအပ်တဲ့ အခြေခံ အချက်အလက်တွေကို စပြီးလေ့ကျင့်ပေးရပါတယ်။ အဲဒီလိုလေ့ကျင့်ပေးရာမှာလည်း ကိုယ်ဖြစ်စေချင်တဲ့ပုံစံခွက်ထဲမှာ အတင်းရိုက်မထည့်မိစေဖို့ သတိထားရပြန်ပါသေးတယ်။ ကိုယ့်စိတ်ကြိုက်ဖြစ်ဖို့ထက် သူတို့ရဲ့ပင်ကို ဖန်တီးမှုဖြစ်ဖို့ကိုပဲ ရှေးရှုပြီး ဂရုတစိုက် ပံ့ပိုးဖို့ဟာ အင်မတန်မှ အရေးကြီးလှပါရဲ့။ အဲဒီလိုမဟုတ်ဘဲ ကိုယ်လိုချင်တဲ့ပုံစံဖြစ်ဖို့ ဦးစားပေးပြီးလေ့ကျင့်ပေးမိရင် ကလေးတွေရဲ့ ဘ၀တစ်လျှောက်လုံးမှာ အရေးအသားပိုင်းနဲ့ပတ်သက်လို့ “ ဒုတိယ ဦးဟန်ကြည် ” အနေအထားက တက်လာတော့မှာ မဟုတ်ဘဲ လူညွန့်တုံးသွားမှာ သေချာနေပါတော့တယ်။

ပုံစံကျ စာစီစာကုံးဖြစ်လာအောင် ရေးတတ်တာတဲ့ ကျောင်းသူကျောင်းသားတွေကိုတော့ အချက်အလက်ရှာတတ်ဖို့၊ ရလာတဲ့အချက်အလက်တွေကို စနစ်တကျ နေရာချတတ်ဖို့၊ အစီအစဉ်တကျ ရေးတတ်ဖို့ ထပ်ပြီးကျင့်ပေးရပါဦးမယ်။ ဒီအဆင့်ကိုရောက်လာရင် လိုအပ်တဲ့ အချက်အလက်တွေကို ကိုယ်တိုင် မရှာနိုင်ကြသေးတဲ့၊ မရှာတတ်ကြသေးတဲ့၊ ရှာဖို့ပျင်းနေသေးတဲ့ ကျောင်းသားတွေအတွက် စာစီစာကုံးတစ်ပုဒ်ချင်းစီမှာ သုံးနိုင်တဲ့ ကဗျာ၊ အဆိုအမိန့်၊ သာဓက စတာတွေကို အဆင်သင့်ချပေးဖို့ ဦးဟန်ကြည်တို့ ဆရာတွေက ပျင်းနေလို့ မဖြစ်ပြန်ပါ။ ကလေးတို့သဘာဝအရ ဆရာကြိုးစားသလောက် လိုက်ကြိုးစားဖို့ မသေချာပေမယ့်၊ ဆရာပျင်းရင်တော့ ဆရာ့ထက်ပိုပျင်းဖို့ အာမခံချက်အပြည့်ရှိပြီးသား မဟုတ်ပါလား။ အထိုက်အလျောက် ရေးတတ်၊ ချွတ်တတ်လာတဲ့ ကလေးတွေ စာစီစာကုံးရေးရတာ ပျော်စပြုလာတဲ့ ဒီအချိန်မျိုးမှာ သူတို့လိုအပ်တဲ့ အချက်အလက်တွေကို လွယ်လွယ်ကူကူ သုံးနိုင်အောင် အဆင်သင့်ပြင်ပေးခြင်းအားဖြင့် စာရေးတတ်ကာစမို့ ရင်ထဲမှာ ပေါ်လာနေတဲ့ သူတို့လေးတွေရဲ့ စာရေးချင်စိတ်ကို ပံ့ပိုးပေးရာ ရောက်ပါတယ်။

အချက်အလက်တွေ တော်တော်များများ ချပေးထားပြီး သူတို့ကိုယ်တိုင် အချက်အလက် ရှာတတ်တဲ့အချိန်ရောက်လာပြီး၊ ကိုယ်တိုင်လည်း အချက်အလက်တွေကို ရှာဖွေ၊ စုဆောင်းပြီး ရေးတတ်လာတဲ့ အဆင့်ရောက်တဲ့အခါမှာတော့ ဦးဟန်ကြည်တို့ ခပ်ငယ်ငယ်ကတည်းက လိုက်နာခဲ့တဲ့ “ စု၊ တု၊ ပြု ” အဆင့်သုံးဆင့်ထဲက ပထမအဆင့်ကို ကျောင်းသားတွေ လက်လှမ်းမီလာပါပြီ။ အဲဒီ “ စု ”တဲ့အဆင့်ကနေ နောက်သိပ်မကြာခင်မှာပဲ “ တု ” ပြီး ကိုယ်တိုင် “ ပြု ” နိုင်ကြပါတော့မယ်။ အဲဒီလို “ ပြု ” နိုင်လာတဲ့ အချိန်ဟာ ကျောင်းသားရဲ့ ဥာဏ်ရည်၊ ပင်ကိုဗီဇကို မူတည်ပြီး စာမေးပွဲဖြေဖို့ သုံးလေးလ အလိုလောက် ဖြစ်သွားနိုင်သလို၊ စာမေးပွဲဖြေဖို့ တစ်လအလိုလောက်မှလည်း ဖြစ်ကောင်းဖြစ်သွားနိုင်ပါတယ်။ တစ်ချို့ကျောင်းသားတွေကတော့ စာမေးပွဲဖြေတဲ့အချိန်အထိ “ တု ” တဲ့အဆင့်တောင် ရောက်ကြမှာ မဟုတ်ပါ။ ဒါပေမယ့် အဲဒီအဆင့်ကို ရောက်မသွားခဲ့ပေမယ့် စာမေးပွဲအောင်ဖို့က စိုးရိမ်စရာ မလိုလှပါ။

ဘာကြောင့်လဲဆိုရင် တပည့်တွေကို စာစီစာကုံးရေးနည်း သင်ပေးနေတဲ့ ဦးဟန်ကြည်က Exam point of view နဲ့ သင်ပေးနေတာ မဟုတ်လို့ပါ။ တစ်သက်နဲ့တစ်ကိုယ် စာစီစာကုံးဆိုတဲ့ အရာကို ဒီအချိန်၊ ဒီအသက်၊ ဒီအတန်းရောက်မှ အရှင်လတ်လတ် မြင်ကြ၊ တွေ့ကြ၊ ရေးကြရတဲ့ ကျောင်းသားတွေအတွက် စာစီစာကုံးအမှတ် ၂၀ ဖိုးမှာ ဂုဏ်ထူးမှတ် ၁၆ မှတ်ရဖို့ဆိုတဲ့ ကိစ္စဟာ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်တာ မြေကြီးလက်ခတ်မလွဲသေချာသလို စာလုံးပေါင်းသတ်ပုံကိုတောင် မှန်အောင်မပေါင်းတတ်ကြသေးတဲ့ ဒီဘက်ခေတ် မောင်ပျင်း၊ မယ်ပျင်းလေးတွေဆီမှာလည်း မြန်မာစာကို မြတ်နိုးစိတ်၊ ချစ်မြတ်နိုးစိတ်၊ သိသိသာသာ နည်းနေတာကြောင့် သူတို့လေးတွေနဲ့ မြန်မာစာ ဂုဏ်ထူးနဲ့လဲ မတန်ကြသေးပါ။ တကယ်ဆိုရင် စာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့အတွက် အရေးကြီးတဲ့ သင်ခန်းစာတွေကို ကျကျနန တိတိကျကျသင်ကြားပေးဖို့ပဲ ပိုအရေးကြီးပါတယ်။ စာစီစာကုံးအရေးအသား ကောင်းရုံတစ်ခုတည်းနဲ့တော့ မြန်မာစာ အောင်မှတ်ရဖို့ မဖြစ်နိုင်သလို အမှတ်ကောင်းကောင်းရဖို့လည်း မဖြစ်နိုင်သေးတာ သေချာပါရဲ့။

ဒါပေမယ့် မြန်မာပြည်မှာနေ၊ မြန်မာစကားကို ပြောနေကြသူတွေဖြစ်တာကြောင့် တက္ကသိုလ်ဝင်တန်းအဆင့်ကို ကျော်လွန်လာတဲ့ ကျောင်းသားတစ်ယောက်ဟာ မြန်မာစာကိုတော့ ကျကျနနနဲ့ အများနားလည်အောင် ရေးတတ်ဖို့ အရေးကြီးလှပါတယ်။ မြန်မာစာကို ပီပီပြင်ပြင် ကျကျနနရေးသားတတ်ခြင်းဟာ မြန်မာနိုင်ငံသားတစ်ယောက်အတွက် အမြင့်ဆုံးဂုဏ်သိက္ခာလည်း ဖြစ်ပါသေးရဲ့။
ဘွဲ့လက်မှတ်ကြီးကို မှန်ပေါင်သွင်းလို့ ကျကျနန ချိတ်ထားပြီး စာတစ်ကြောင်းကိုတောင် အများနားလည်အောင် မရေးတတ်တဲ့ အဖြစ်မျိုး ကလေးတွေကို မရောက်စေချင်ပါ။ ပညာတတ်တစ်ယောက်နဲ့ ထိုက်သင့်တဲ့ အရည်အချင်းမျိုး ဒီနေ့ခေတ်ကလေးတွေ ရှိစေချင်တာလည်း ဦးဟန်ကြည်ရဲ့ ဆန္ဒဖြစ်ပါတယ်။ ဒါကြောင့် အမှတ်ကောင်းရေး၊ ဂုဏ်ထူးထွက်ရေးဆိုတဲ့ ရည်မှန်းချက်တွေကို အသာဘေးချိတ်လို့ career point of view, cultural point of view ကနေ ရှုမြင်ပြီး စာစီစာကုံးကောင်းကောင်းရေးတတ်ဖို့၊ ကဗျာတွေ၊ စကားပြေတွေကို အရသာခံတတ်ဖို့ စိတ်ရှည်လက်ရှည်သင်ပေးနေမိပါတော့တယ်။ နောက်ဆုံးအနေနဲ့ပြောရရင် လူငယ်တစ်ယောက်အနေနဲ့  မြန်မာစကားပြေကို ကျကျနန၊လှလှပပ ရေးတတ်ဖွဲ့တတ်ရင် လူငယ်တို့ ဘာဝ နှလုံးသားကျမ်းစာ၊ ချစ်သ၀ဏ်လွှာကို ဖွဲ့ဖွဲ့နွဲ့နွဲ့ ရေးသားတတ်မှာမို့ ရည်းစားတစ်ယောက်ရဖို့အရေးမှာ တက္ကသိုလ်ကျောင်းသားဘ၀က ရည်းစားစာ ရှဲဒိုးရေးစားခဲ့တဲ့ ဦးဟန်ကြည်တို့လို ပုဂ္ဂိုလ်တွေဆီမှာ မျက်နှာအောက်ချလို့ အသနားခံ၊ တောင်းပန်နေစရာ မလိုတော့မှာ မြေကြီးလက်ခတ်မလွဲအောင် သေချာနေပြီ မဟုတ်ပါလားလေ။           

တောင်းပန်လွှာ။   
လူငယ်ရေးရာကဏ္ဍလို့ ကဏ္ဍတစ်ခုဖွင့်ပြီး ရေးနေပေမယ့် ဦးဟန်ကြည်နဲ့ ပတ်သက်နေတဲ့ လူငယ်အများစုက ကျောင်းသားပတ်ဝန်းကျင်ပဲ ဖြစ်နေတာကြောင့် ရံဖန်ရံခါမှာ ခေါင်းစဉ်နဲ့ပို့စ် မအပ်စပ်သလို ဖြစ်သွားခဲ့ရင် သည်းခံဖို့ တောင်းပန်ပါရစေ။

31 comments:

မိုးယံ said...

ကျွန်တော်တို့တုန်းကတော့ စာစီစာကုံး စာအုပ်တွေ တစ်ပုံတစ်ပင် ဖတ်ပြီးလေ့လာ ခဲ့ရပေမယ့် အနီးကပ် မေးမြန်းဆွေးနွေးမယ့် ဆရာမရှိဘူး...စာသင်ချိန်ကျတော့လည်း ကိုယ်တစ်ယောက်တည်း အမေးအမြန်းထူလို့ မသင့်လျော်တာကြောင့်ပါ (အူကြောင်ကြောင်မို့ ကိုယ့်မေးခွန်းတွေက သူများတွေအတွက် မှတ်သားစရာ မပါ၊ မရှိ ဖြစ်လွန်းလို့)

ကိုးတန်းဆယ်တန်းမှာသာ ဒီလို အင်တာနက် နဲ့ အဆင်ပြေရင် ဆရာဟန် လဲ ခေါင်းစားခံ လွတ်မှာ မှုတ်ဘူး..။ အခု အချိန်မှ ကျွန်တော်တို့ ရင်းနှီးတာ ကံကောင်းတယ်မှတ်...ဟီးဟီး။

ဆရာ့အိုင်ဒီယာနဲ့ တပည့်တွေ အပေါ်ထားတဲ့ စေတနာကို လေးစားပါတယ် ဆရာ။

ကိုအောင်(ပျူနိုင်ငံ) said...

ဦးဟန်ကြည်ရဲ့အတွေး အရမ်း သဘောကျတယ်၊ ရည်းစားစာတောင် ရှယ်ဒိုး ရေးခဲ့ဘူးတယ်ဆိုတာ ယုံသွားပြီ၊ ခေတ်တွေ ပြောင်းတော့ ဒီပို့စ်ကို ဖတ်ပြီးပြီချင်း အကြံတော့ ချက်ချင်း ထွက်မလာလို့ စာပဲ ဖတ်သွားတယ် ဦးဟန်ကြည်ရေ၊ နောင်ကျမှ ထပ်ဆွေးနွေးပါရစေ ...

Angelhlaing(May everybody be happy and healthy! said...

ဟုတ်တယ်အကို..အရေးနဲ့အပြော သီးသန့်စီမဟုတ်တောင် သူ့နေရာနဲ့သူ အဆင်ပြေပြေ ဖြစ်ဖို့ဆိုတာ တစ်ကယ်ပဲ မလွယ်ဘူးဆိုတာ ကိုယ်တွေ့ဆိုတော့.. ငယ်ဘဝမှာ အကိုလိုမျိုး ဆရာတွေနဲ့ တွေ့ကြုံဖို့ လိုအပ်တာ အမှန်ပဲနော် ....တစ်ကယ် တန်ဖိုးရှိတဲ့ ပို့စ်လေးပဲအကို.....

မေဓာဝီ said...

ဒီပို့စ်လေး မအိပ်ခင် ဖတ်မိပြီး သဘောကျလို့ ကွန်မန့်လာရေးတာ ဦးဟန်ကြည်ရေ။

ဒါပေမယ့် မြန်မာပြည်မှာနေ၊ မြန်မာစကားကို ပြောနေကြသူတွေဖြစ်တာကြောင့် တက္ကသိုလ်ဝင်တန်းအဆင့်ကို ကျော်လွန်လာတဲ့ ကျောင်းသားတစ်ယောက်ဟာ မြန်မာစာကိုတော့ ကျကျနနနဲ့ အများနားလည်အောင် ရေးတတ်ဖို့ အရေးကြီးလှပါတယ်။ မြန်မာစာကို ပီပီပြင်ပြင် ကျကျနနရေးသားတတ်ခြင်းဟာ မြန်မာနိုင်ငံသားတစ်ယောက်အတွက် အမြင့်ဆုံးဂုဏ်သိက္ခာလည်း ဖြစ်ပါသေးရဲ့။

အဲဒီစာပိုဒ်လေးကို သဘောအကျဆုံးပဲ။

ခက်တာက မြန်မာပြည်ရဲ့ ပညာရေးစနစ်ကိုက အကုန် အလွတ်ကျက်ပြီး ဖြေနေကြတော့ ကျောင်းသားအများစုက ကိုယ်ပိုင်ဥာဏ်ကို ထုတ်မသုံးတတ်ကြတော့ဘူး။ ဦးဟန်ကြည်တို့လို ဆရာတွေ များများရှိဖို့ လိုအပ်ပါတယ်။ ဦးဟန်ကြည် ဆရာဖြစ်သင်တန်းလဲ ဖွင့်ရင် ကောင်းမယ်နော်။

ဒါနဲ့ လူငယ်နဲ့ ရသစာပေရော ဆက်မရေးတော့ဘူးလား။ ပြီးသွားတာလား။ ကျမပဲ မတွေ့လိုက်လို့လားတော့ မသိဘူး။ အဲဒီပို့စ် စောင့်နေတာ ... ခုထိ မတွေ့လို့။

ကိုကိုမောင်(ပန်းရနံ့) said...

အခုခေတ်ကလေးတွေ မြန်မာစာအရေအသားတော်စေဖို့ကတော့ ဆရာဟန်ကြည်တို့လို စေတနာပြည့်ဝတဲ့ ဆရာတွေက လက်ပူးလက်ကြပ်သင်ပေးမှဘဲ အဆင်ပြေမယ်ထင်ပါတယ်။

ပြီးတော့ စာအရေးအသား ပြေပြစ်တဲ့ အက်ဆေး ဆောင်းပါး ၀တ္ထုတိုလေးတွေကို ပေးဖတ်ရင်လဲ သူတို့အတွက် မဆိုးလောက်ဘူးထင်ပါတယ်။ ဒါပေမဲ့ ပျင်းတဲ့သူက ပျင်းကိုပျင်းတာဆိုတော့လဲ ကန့်ကူလက်လှည့် သင်ပေးရမလိုလို ခေတ်ကြီးကိုးဗျ။
..

ကျောင်းအားလုံး ဘလော့စပေါ့ တစ်ခုစီ ဖွင့်ပေးပြီး အင်တာနက်ပေါ် လက်ကမြင်းခိုင်းလိုက်တာကမှ အားပေးတဲ့သူတွေရှိလို့ ဟုတ်သယောင်ယောင်။ ဥပမာ။ သူကြီးမင်းလို။း))))


ခင်မင်လျှက်

San San Htun said...

ဆရာက တပတ်တခါ စာစီစာကုံး တပုဒ်ရေးခိုင်းတယ်... စု..တု..ပြု..လုပ်ခဲ့ရပါတယ်..ဂုဏ်ထူးရကျောင်းသားတွေရဲ့ စာစီစာကုံးတွေကိုဖတ်ပြီး ဘယ်လိုရေးလဲလေ့လာ ခဲ့ရပါတယ်..Practice makes perfect ပါ...

မင်းဧရာ said...

ဆရာ....
အကြွေးထားခဲ့တယ်
အလုပ်ကိုသွားတော့မှာမို့
အပြန်မှ............

နေ၀သန် said...

ဆရာတော့ အတော်စိတ်ညစ်မယ်နော်.... ဒီနေ့ခေတ် (ကျွန်တော်တို့ခေတ်အပါအ၀င်ပေါ့) ကျောင်းသားတွေက အားရကျေနပ်စရာ တစ်ခုမှ မရှိဘူးလေ... မြန်မာစာစီစာကုံးဆိုတာ ဝေးပေါ့.... အားလုံးကို အလွတ်ကျက်မယ်ဆိုတာပဲ... ဒီလိုသာ ရှေ့ဆက်တိုးကြမယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံရှေ့ရေးတော့ မလွယ်ဘူးဆရာရေ... တကယ်တော့ ပညာရေးရဲ့ အဓိကအရင်းခံရည်ရွယ်ချက်က စဉ်းစားတွေးခေါ်ချင့်ချိန်တတ်စေဖို့ ဆိုပေမယ့်... ဒီအဓိကရည်ရွယ်ချက်က မြန်မာပြည်မှာ ပျောက်နေတယ်ရယ်... ဒီတော့ကာ.. ဒီကနေ ဆက်ပြိးဆင့်ပွားလာမယ့် အတွေးအခေါ်ပညာ၊ သိပ္ပံပညာရပ်တွေ တိုးတက်ထွန်းကားလာဖို့ဆိုတာ ရွှေပြည်တော်မျှော်တိုင်းဝေးပါပဲ ဆရာရယ်... ဒီလို ကျောင်းသားပို့စ်တွေ ဖတ်တိုင်း.. တစ်ခါက ကျွန်တော့်ကျောင်းသားလေး.. ဆယ်တန်းဖြေခါနီးတစ်ရက်မှာ သုံးသုံးလီ ခြောက်ဆိုတာကိုပဲ အမြဲပြန်မြင်ယောင်နေမိတော့တယ်...


ခင်မင်လျက
နေ၀သန်

Cameron said...

ငယ်ငယ်တုန်းက စာစီစာကုံးရေးရတာအရမ်းပျော်တယ်....။ စာအုပ်ဖတ်ပြီးအလွတ်ကျက်တဲ့သူတွေရှိပေမယ့် အဲလိုကူးချတာမျိုးမကြိုက်ဘူး...။ ကိုယ်ဖတ်ထားတာလေးကို ကိုယ့်အတွေးကိုယ့်အရေးနဲ့ လွတ်လပ်စွာ ရေးရတာကို ပိုကြိုက်တယ်...။ ပြိုင်ပွဲတော့မ၀င်ခဲ့ဖူးပါဘူး...။

မအိမ်သူ said...

ဆရာ့စာဖတ်ပြီး ရင်ထဲဖြစ်လာတဲ့ခံစားချက်ကို ဘယ်လိုရေးပြရမှန်းတောင်မသိတော့ဘူး။ အဲဒီအလွတ်ကျက်ဖြေ ကိစ္စကို အစာမကျေ ဘ၀င်မကျဖြစ်နေတာ နှစ်တွေအတော်ကြာခဲ့ပြီ။ သချာင်္ကိုတောင် ပုစ္ဆာကော အဖြေကော အလွတ်ကျက်ဖြေကြသတဲ့။ အဲတော့ သူတို့ကျက်ထားတဲ့ မေးခွန်းကိုပဲ စာသားလေးနဲနဲ ပြောင်းလိုက်ရင်ကို သချာင်္က unseen တွေမေးတယ်ဆိုတာမျိုး ဖြစ်ကုန်ကြပါလေရော။ မအိမ်သူလဲ ကျောင်းသူကျောင်းသားများနဲ့ မကင်းနိုင်တဲ့ အချိန်ပိုင်းစာသင်တဲ့ အလုပ်ကိုလုပ်ပါတယ်။ ဒီခေတ်ကလေးတွေ ကျောင်းစာကိုလုပ်ဖို့ အလွန်အင်မတန် အပျင်းကြီးပြီး ကျောင်းသူကျောင်းသားနဲ့ မအပ်စပ်တဲ့အရာ တော်တော်များများမှာ ပျော်မွေ့နေကြတာကို တွေ့နေရတာ အတော်ကိုရင်လေးမိတယ်ဆရာရေ။ နေရာတကာမှာပါပဲ။ ဆရာ့ကိုတော့ တကယ်ကိုလေးစားပါတယ်။ ဆရာ့လို စေတနာအပြည့်ထားပြီး နှမ်းတစ်စေ့နဲ့ ဆီဖြစ်ဖို့ ကြိုးစားတဲ့ အခြားသော ဆရာ/ဆရာမ နှမ်းစေ့ငယ်လေးတွေ မြန်မာပြည်မှာ အများကြီးပေါ်လာဖို့လည်း ဆုတောင်းမိပါတယ်ဆရာရယ်။

မေသိမ့်သိမ့်ကျော် said...

မြန်မာစာကို ဒါမေးဒါဖြေတွေလုပ်မယ့်အစား ၊ ကျက်ပြီးဖြေမယ့်အစား Open Book စနစ်လုပ်ပြီး စာအုပ်ထဲကနဲ့ မတူအောင်ရေးနိုင်မှ အမှတ်ပေးရင် ပိုကောင်းနော်။ (အချွန်နဲ့ကို မ'သွားပြီ။)

ကျွန်မတို့ ရွှေပြည်ကြီးမှာ မြန်မာစာကို အသွေးအသား နှလုံးသားထဲက တကယ်နှစ်နှစ်ကာကာ ချစ်မြတ်နိုးလာအောင် ၊ စိတ်မပါတဲ့သူများလည်း စိတ်ဝင်စားလာအောင်သင်ပေးမယ့် ဆရာ များများလိုအပ်ပါတယ်ရှင်။

ခင်တဲ့
မေသိမ့်

An Asian Tour Operator said...

စု၊တု၊ပြု လုပ်ပြီး များများဖတ်၊ များများရေး ရင်တိုးတက် မှုရှိမှာ သေချာပါတယ်။

စံပယ်ချို said...

ကျွန်မ အလည်တန်းကျောင်းသူဘ၀မှာသာ
ဆရာလိုလူမျိုးနဲ့သာသိခွင့်ရခဲ့ရင်အခုဆို
အောင်မြင်တဲ့ ကဗျာဆရာမဖြစ်နေမှာ သေချာတယ်ရှင့်။

ဆရာချမ်းမြေ့ပါစေရှင်။
လေးစားစွာဖြင့် jas

ချော(အစိမ်းရောင်လွင်ပြင်) said...

ငယ်တုန်းက စာစီစာကုံးကိုတောင် ကျက်ပြီး ဖြေကြသူတွေကို တွေ့တိုင်း စာစီစာကုံးကို ကောင်းကောင်းကြီး အလေ့အကျင့်လုပ်ပေးခဲ့တဲ့ ငယ်တုန်းက ဆရာဆရာမတွေကို ကျေးဇူးတင်မိတယ်။
ကျိုးကြောင်းပြ စာစီစာကုံးထက် သရုပ်ဖော်ရတဲ့ စာစီစာကုံးလေးတွေ ပိုနှစ်သက်မိတယ်
ဥပမာ ရာသီဘွဲ့ စာစီစာကုံးလေးတွေပေါ့ဆရာ
မိုးရာသီအကြောင်းများ ၁၃မျက်နှာရေးလို့ ဆရာက အံ့သြယူရတယ် စာစီစာကုံးရေးတာ သိပ်သဘောကျခဲ့တာ ငယ်ကတည်းကဘဲ။ သူများတွေရေးတဲ့ စာစီစာကုံးတွေဆိုလည်း အချိန်ရတိုင်း ဖတ်ဖြစ်တာကိုး
ကိုယ်နှစ်သက်တဲ့ စာကြောင်းလေးတွေ ပါရင်လည်း မျဉ်းသားပြီး ကူးယူ၊ ပြီးတော့ ကိုယ်ရေးတဲ့အခါ် ပြန်သုံး၊
ဆရာပြောသလို စုတုပြု ပေါ့ ။
ဆရာဟန်ရဲ့ ကျောင်းသားလူငယ်တွေအပေါ်ထားတဲ့ သဘောထားကို လေးစားမိပါတယ် ဆရာ။

မင်းဧရာ said...

စာစီ စာကုံး.....
ကျွန်တော့်အတွက်တော့ ကြားဘူးယုံ
လောက်ပါပဲ ဆရာ............
အခွင့်အရေးလေးများ ရခဲ့ရင်
ဝယ်ဖတ်ချင်သေးတယ်ဗျာ။

ဒီ ဘ၀ မှာများ အသေစောခဲ့ရင်
ဆရာ့ ရဲ့ တပည့်ဖြစ်လိုက်ချင်သေးတယ်။

အလင်းသစ် said...

ခေတ်ကြီးကပဲပြောင်းလာလေသလား..ခုနောက်ပိုင်းတွေ ကြည့်လိုက်ရင် တက္ကသိုလ်မှာ မြန်မာစာမေဂျာ ယူထားတဲ့သူဆို မျက်လုံးလေး မှေးပြီးကြည့်ကုန်ကြပြီ (အထင်သေးကြတာနဲ့ တူပါရဲ့..).. တကယ်ဆို သူတို့ကို လေးစားရမှာပါ .. မြန်မာလူမျိုးတွေက မြန်မာစာကို အလေးနက်မထားတော့တာ စိတ်ထဲမကောင်းဘူး... ရှေးစာတွေထဲကလို "သဒ္ဒါမပိုင်၊ စာမကိုင်နဲ့" ဆိုတဲ့စကားအတိုင်းဆို ကျွန်တော်ထင်တယ် ကျွန်တော် မြန်မာစာကို မတတ်သေးဘူးဆရာ။။ အခွင့်သာခဲ့ရင် ဆရာတို့လို ဆရာကောင်းတွေဆီမှာ ဗဟုသုတတွေ ဆည်းပူးလိုပါသေးတယ်။။။
လေးစားလျက်
အလင်းသစ်

မဒမ်ကိုး said...

စု တု ပြုကိုမှတ်သွားပြီးချိန်မှာ
ရှေ့ကအကိုတွေအမတွေရေးသလိုပဲပြောချင်တာမို့ ရှေ့ကအတိုင်းပဲဆရာရေ ..

ရည်းစားစာရှဲဒိုးရေးနည်းကိုတော့
ကိုရင့်ကိုတွေ့ရင်မသင်ပါနဲ့ဆရား)

ခင်မင်လေးစားလျှက်
မဒိုးကန်

ညိမ်းနိုင် said...

အင်း...ကျွန်တော်တို့တုန်းကလည်း ကျက်ဖြေစနစ်နဲ့မကင်း
ခဲ့ဘူးဆရာရေ..သို့ပေမယ့်ကျွန်တော်တို့မြန်မာဆရာတစ်ဦး
က စု၊တု၊ပြုလေးတွေ အပြင်စာဖတ်တာလေးတွေ အားပေး
လို့ နဲနဲတော်သေးရဲ..၊ဒါတောင် မြန်မာစာမှာ ဂလောက်ပဲ
ရှိတာ ကျွန်တော့်စာတွေကြည့်သိနိုင်ပါရဲ့....:(
ရည်းစားစာရှဲဒိုးရေးတယ်လား....စောစောကမသိတာနာ
တာပဲဗျာ.....:)))))

တောက်ပကြယ်စင် said...

ဒီနေ့ British Council မှာ စာအုပ်သွားပို့ပြီး ညနေ အပြန်တွင် ဘူတာမှာ ထိုင်ခုံလေးတွေ လွတ်တာတွေ့တာနဲ့ လေကလည်း တ၀ူးဝူးတိုက်နေတာဆိုတော့ ထိုင်လိုက်ပါတယ်။ ထိုင်ပြီး မကြာမီမှာပဲ ဒီနေ့ ဆရာဟန်ကြည်တို့၊ ဒေါ်ချောတို့၊ အံဋီတင့်တို့ပိုစ်အသစ်တင်တယ်ကွဆိုပြီး သတိရလာတော့ ချက်ချင်းထပြန်လာပါတယ်။

ဒေါ်ချောက ငယ်ငယ်ကတည်းက အဲဒီလို သင်လာခဲ့ရလို့လား မသိ။ အခု စာတွေအရေးကောင်းနေတယ် ဆရာ။

ဒီပိုစ်ကို အစအဆုံး သဘောကျနှစ်သက်မိတယ် ဆရာရေ။ ဘုန်းဘုန်းလည်း ငယ်ငယ်က အဲဒီလို မသင်ခဲ့ရတာ ရင်နာမိတယ် ဆရာ။ သိပ်မကြာတော့သောအချိန်မှာ မြန်မာပြည်မှာ ကလေးတွေကို ဆန်းဒေးစကူးလ် ပြန်သင်ပေးရတော့မယ်။ အဲကျရင် ဆရာ့နည်း ဆရာ့ဟန်တွေကိုလည်း ယူသုံးရမယ်လေ။ နော်။ ဆရာရေ အလုပ်ရှုပ်နေတဲ့ မေဓာဝီတောင် ထလာမန့်တယ်ဆိုတော့ ဒီပိုစ်က တကယ်တန်ဖိုးရှိလို့ ဆရာရေ့။

(ဆရာရေ ဆရာသင်ပြနေတဲ့ပုံလေးတွေနဲ့ဆိုရင် ပိုပြီး ဟိုဝါဖြစ်မလား မသိဘူးနော်။ အိမ်ကနေ ကျောင်းကို ကင်မရာမသယ်သွားချင်လည်း ဆရာ့ဖုံးလေးနဲ့ပဲ ရိုက်ခဲ့လေ ဆရာ။ ဆရာက ပုံတွေနဲ့ မနှစ်သက်ဘူးဆိုရင်လည်း ဒီအတိုင်းပေါ့ ဆရာရဲ့။ နော်။ ဟိ )

ကျန်းမာပျော်ရွှင်ပါစေ ဆရာ...

ဟန်ကြည် said...

အစ်မမေရေ...
“လူငယ်နှင့် ရသစာပေ”ပို့စ်ရဲ့ နောက်ဆက်တွဲကို တင်ဖို့ပြင်နေပါပြီ...လောလောဆယ်မှာ ရေးဖြစ်နေတဲ့ ပို့စ်တွေကို အရင်တင်ဖြစ်နေတာကြောင့်ပါ...မှတ်မှတ်သားသားရှိတဲ့ အစ်မမေကို ကျေးဇူးတင်ပါတယ်...

ဟန်ကြည် said...

မေသိမ့်သိမ့်ကျော်ပြောတဲ့
open book ကို သဘောကျမိတယ်...တစ်ချိန်ချိန်မှာတော့ စမ်းသပ်ကြည့်ဖို့ စိတ်ထဲမှာ တေးထားဖြစ်ပါတယ်...ကိုယ့်ကမ္ဘာလေးထဲမှာ ကိုယ်ဘုရင်ဖြစ်လာတဲ့ အချိန်ရောက်ရင်တော့ စိတ်သွားတိုင်း ကိုယ်ပါလာမယ်ထင်ပါရဲ့...အကြံပေးတဲ့အတွက် အင်မတန်မှ ကျေးဇူးတင်ပါတယ်...

blackroze said...

သူများလည်းငယ်ငယ်ကစာစီစာကုံးကောင်းကောင်း
မရေးတတ်ဘူး..အဲ..ကြီးလာတော့
ဘယ်လိုလုပ်ပြီး..Blogger ဖြစ်သွားလဲ
မသိပါဘူးအကိုဟန်ကြည်ရာ...

...အလင်းစက်များ said...

ဆရာရေ..... ကျနော်တို့  မျိုးဆက် လူငယ်တွေ တောက်ပလာဖို့  ရာ လူတိုင်းမှာ တာဝန်ရှိပါတယ်။ အထူးသဖြင့်တော့ ဆရာလို အမြင်ကျယ်တဲ့ ဆရာကောင်းတွေ ပိုပိုပြီး လိုအပ်ပါတယ်။ ကျနော်တို့  ကိုယ်တိုင် စု၊ တု၊ ပြု ဆိုတဲ့ ခေတ်နဲ့  လျောက်လှမ်းခြင်း မပြုခဲ့တာ ၀န်ခံရပါမယ်။ အများစု သောက်တဲ့ မိုးခါးရေကို သောက်ပြီး စု၊ တု၊ ပြီး ကူးကြတဲ့ ခေတ်ကြီးထဲ မျှောပါ စီးဝင် ခဲ့ကြတာ နောင် လာ နောင်သား မျိုးဆက်တွေ အတွက် ရင်လေးစရာပါပဲဗျာ။ အဲ... အမြင်ကျယ်သူ မိဘတွေလက်ထဲက ထွက်လာတဲ့ သားသမီးများကျ ထွန်းပေါက်အောင် ကိုယ်တိုင်သင်ယူလေ့လာ မှတ်သားနိုင်ခြင်းများရှိအောင် တွန်းအားပေးနိုင်ကြပါတယ်။ အများစု အတွက်တော့ ရင်လေးစရာပါပဲဗျာ။

လေးစားစွာဖြင့်

ကိုရင် said...

ဘုန်းကြီးနဲ့ဘီး ဆိုတဲ့ ခေါင်းစဉ်ပေးကြည့်ပါလားဆရာ..

နည်နည်းများ ထူးခြားလာမလားလို့ပါ..:P

မြစ်ကျိုးအင်း said...

ကိုဟန် ရဲ့ စာဖတ်ပြီး ကျောင်းသားဘဝကို သတိရမိသွားတယ်။ ကျနော် ကျောင်းသားဘဝတုန်းက စာစီစာကုံးရေးရမှာ အင်မတန်ပျင်းတာ။ စာစီစာကုံး မဖြစ်မနေရေးဖို့ အတင်းအကျပ်တိုက်တွန်းတဲ့ ဆရာတွေနဲ့လည်း မကြုံခဲ့တာပါမယ်။ စာမေးပွဲနီးမှာ စာစီစာကုံးကို စာကျက်သလို ဖတ်တာတော့ ကောင်းကောင်း မှတ်မိနေတယ်။

၁၀ တန်းတုန်းက မြန်မာစာဆရာမနဲ့ ပြန်ဆုံလို့ ကျနော် အွန်လိုင်းပေါ်မှာ စာတွေရေးဖြစ်တာကို ပြောပြမိရင် ဆရာမတော့ ရင်ဘတ်ပဲ ဖိမလားမသိဘူး အကိုရေ။

Maung Myo said...

ကျနော် သာ စကားပြောကောင်းမရှက်တတ်တဲ့သူဆို ဆြာ့ တပည့်လေးတွေကို စာစီစာကုံးလေးတွေ မျှချင်စမ်းပါဘိ ခုတော့ကြောက်တယ်ဗျ ခလေးတွေကိုတောင်ကြောက်တယ်း)))

ကျနော်တို့တုန်းကလည်း ဒီလိုပါပဲ ခလေးတွေ စာဖတ်နည်းတာကြောင့်လည်းပါမယ်ထင်တယ် ။

ချစ်သူမောင် said...

ဦးဟန်ကြည် ကျွန်တော်တက်(ဂ) TAG ပို့စ်ပေးမယ်ဗျာ
နတ်ဆိုးကစတဲ့ဇတ်လမ်း ဦးဟန်ကြည်နဲ့ကျွန်တော်ကအိပ်မက်မှာတည်းကနာမည်ရင်းနှီးနေတော့ တက်(ဂ)ပါတယ်"ဘလော့ဂါဆိုတာဘာလဲ"
ပို့စ်ကိုအမြန်ဆုံးရေးပြီးတင်ပါ
စာစီစာကုံပုံစံရေးရန်မလို
နောက်ကျောင်းသားတွေကိုစါစီစာကုံးခေါင်းစဉ်ပေးမယ်ဆိုယင်"ကျွန်တော်ချစ်သူအကြောင်း"ဆိုတဲ့ခေါင်းစဉ်လောက်အနည်းဆုံးပေးကြည့်ပါလားဗျာ
ခင်လို့စတာပါTag post ကတစ်ကယ်နော်
အင်းဦးဟန်ကြည်ရေးမှပကျြွန်တောကတူမလေးရဲ့စာစီစာကုံးကိုသတိရတယ်သင်္ကြန်မတိုင်မီကသင်္ကြန်အကြောင်းစာစီစာု့းထဲမှာသိကြားမင်းကိုအတာအိုးထဲထည့်ပူဇော်တယ်လို့ရေးထားတာဖတ်၇တော့တော်တော်ပြင်ယူသင်ယူရဦးမယ့်သဘောဆိုတာတွေ့လာရတော့တာဗျာ

ခင်မင်လေးစားလျှက်
ချစ်သူမောင်

ဟန်ကြည် said...

ချစ်သူမောင်ရေ...
ကောင်းလိုက်တဲ့ စာစီစာကုံးခေါင်းစဉ်ပါလား...တပည့်တွေ၊ တပည့်မတွေ အင်တိုက်အားတိုက် ရေးလိုက်ကြမှာ မြင်ယောင်သေးတော့တယ်...အဲဒီစာစီစာကုံးတွေကိုများ ပေါင်းချုပ်လုပ်ပြီး ထုတ်ဝေလိုက်ရလို့ကတော့ ဦးဟန်ကြည်တော့ နံမည်ကြီးချင်ကြီး၊ မကြီးရင် ထမင်းအိုးကွဲမဲ့ကိန်းဆိုက်မယ်ထင်ရဲ့...း)))

အင်း မင်းဧရာကတဂ်လိုက်လို့ ရေးဖို့ပြင်တုန်း နောက်တစ်ယောက်က ထပ်တက်ဂ်ပြန်တော့လည်း ရေးရချေသေးပေါ့ဗျား...

Anonymous said...

မှတ်မှတ်ရရ ခြောက်တန်းလောက်တုန်းက ကိုယ်ရေးခဲ့တဲ့ စာစီစာကုံးကို မြန်မာစာဆရာက အတန်းရှေ့မှာ ဖတ်ပြချီးကျူးခဲ့ဖူးတယ်ဆရာ။ လိုအပ်တာလေးတွေလည်း ပြင်ပေးခဲ့တယ်။ အဲဒီမှာ ဆရာတွေဆီက ချီးကျူးစကားကို ငြိသွားလိုက်တာ။ ဆယ်တန်းအထိ စာစီစာကုံး တစ်ခုပဲ ချွန်ထွက်လာခဲ့တယ်။ ဒါပေမယ့် မြန်မာစာ၊ ဘာသာစကားကို စိတ်ဝင်စားတတ်တဲ့ကလေးဟာ အကင်းပါးတယ်နော်ဆရာ။ တခြားဘာသာတွေမှာလည်း မချွန်ရင်သာရှိမယ်။ အညံ့ကြီးတော့ မဖြစ်ဘူး။ ဆရာ့ အတွေ့အကြုံ၊ ဆရာ့ ကြိုးစားအားစိုက်မှုတွေအကြောင်း အမြဲလာဖတ်ပြီး အားကျနေကြောင်းပါ ဆရာ။ ဆရာကြည် နှင့် သူ့ချစ်တပည့်များ ပျော်ရွှင်ကြစေသား..။

မောင်သီဟ said...

တိုင်တန်းသလိုများဖြစ်ပေမလားသိပါဖူး ဆြာဟန်ရေ
ငယ်ငယ် ကျောင်းသားဘဝမှာ အာဇာနည်နေ့ အမျိုးသားနေ့ စတဲ့ အထိမ်းမှတ်နေ့မြတ်စာစီစာကုံးပြိုင်ပွဲတွေမှာ အမြဲလက်စွမ်းပြတတ်တဲ့မောင်ဘကြိုင် ဆုတွေရပါတယ်
အားကိုးရာလေ့လာရာကတော့ ပြန်ဆက်စာကြည့်တိုက်ပေါ့ဗျာ (ငှားဖတ်ရတယ်)
ပြိုင်ပွဲတွေမှာ မောင်ဘကြိုင်ဆုချိတ်တာ ဒုတိယနဲ့တတိယပါခင်ဗျာ့
ပထမဆိုတဲ့နေရာကို အတန်းစားတခုရဲ့ သားသမီးတွေက (ဥပမာ-အရာရှိတဦးဦးရဲ့ မျိုးဆက်ကဝင်ပြိုင်ရင်)ဆုပ်ကိုင်ထားတတ်ကြတယ်း)
တခါတခါ နိဂုံးမရေးတတ်တော့တဲ့ ပြိုင်ဘက်ကို ဘယ်သို့ဘယ်ပုံရေးချေ တိုးတိတ်ပြောမိလို့ သူကဒုတိယ ကိုယ်ကတတိယနဲ့ကျေကျေနပ်ခဲ့ရတယ်
အမှတ်တရနေ့တွေထဲမှာ စာစီစာကုံးပြိုင်ပွဲကရတဲ့ဆုယူတဲ့နေ့ပါ .... မိဘနှစ်ပါးကတော့ စာတော်လို့ရတဲ့ဆုမဟုတ်လို့ပါတဲ့ ဆုပေးပွဲမလိုက်ကြပါဖူး မောင်ဘကြိုင်ကလည်း မောင်ဘကြိုင်ပါ လပတ်စမ်းတောင်ကျချင်ကျနေတတ်တာမျိုး စာစီစာကုံးဆိုရင်တော့ ရှေ့ဆုံးကစာရင်းပေးပြိုင်တတ်တာမျိုး ဒါပေမယ့်တခုတော့ရှောင်တယ် ပေါ်လစီခေါင်းစီးနဲ့ပြိုင်ပွဲတွေကို ငယ်ငယ်ကတည်းက မပြိုင်တတ်ပါ (ဥပမာ- တပ်မတော်နေ့အထိမ်းမှတ်ပွဲမျိုး)

ဆြာဟန်ကိုနောက်မှပို့စ်ရေးပြီး တိုင်ချင်ပါတယ် ဆရာသမားတွေအကြောင်းပေါ့း)း)


မောင်ဘကြိုင်

ငွေလမင်း said...

တကယ့်စေတနာပါပါနဲ့ ရေးပြထားတာ ဖတ်ရင်း ဆရာရဲ့ စေတနာ ၀ါသနာ အနစ်နာ တွေကို မြင်မှိပါတယ်

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger