Saturday 1 October 2011

လမ်းခုံးများ . . .

 ရတနာပုံနေပြည်တော်ကလာခဲ့တဲ့ တောသားဦးဟန်ကြည်တစ်ယောက် တိုင်းစွန်ပြည်နားကို ရောက်မှပဲ မမြင်ဖူးတာမြင်ရ၊ မကြားဖူးတာကြားရလို့ ဆိုရမတတ် အထူးအဆန်းတွေနဲ့ပဲ ကြုံနေရပါတော့တယ်။ မြောက်များလှစွာသော ထူးထွေတည့်အံ့ရာသော်တွေထဲက အထူးတကာ့ အထူးဆုံး၊ အဆန်းတကာ့ အဆန်းဆုံးက မြို့တွင်းလမ်းတွေပေါ်မှာ ကိုက်ငါးဆယ်ကို တစ်ခုလောက် တွေ့နေရတဲ့ ဧရာမ လမ်းခုံးမြင့်မြင့်ကြီးတွေ ( Slow down ) ပဲ ဖြစ်ပါတော့တယ်။

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjj6QeWtb9xLzAa3aG_utYTgVQt_g6fZrDpA0uDDi_0SRC26H-GAp8-Sapus2g6IBM1zZQmZ-Xcy1jpNgRAzLaPSPCTRIsBPRtKn6Oybd1kL5hQn8Yf22Ke722XH6S3gJqkHL6Ho8LwmQ8e/s1600/slow+down.jpg

မန်းရွှေပြည်မှာလည်း မြို့တွင်းလမ်းတွေမှာ အရှိန်လျှော့ လမ်းခုံးတွေကို ဦးဟန်ကြည်တစ်ယောက် တွေ့ခဲ့ဖူးပါတယ်။ အဲဒီလမ်းခုံးတစ်ခုစီရဲ့ အမြင့်ရော အကျယ်ရောက လွန်ရောကျွံရောမှ လူကြီးလက်သီးတစ်ဆုပ်စာလောက်ပဲ ရှိတာပါ။ ဖြောင့်ဖြူးညီညာနေတဲ့ ကတ္တရာလမ်းမကြီးပေါ်မှာ အဲဒီလောက်အမြင့်ရှိတဲ့ လမ်းခုံးတစ်ခုလောက် လုပ်ထားလိုက်ရင်ပဲ ကား၊ ဆိုင်ကယ်က အစထားလို့ စက်ဘီး၊ ဆိုက်ကားမကျန် အဲဒီခုံးနားမရောက်ခင် အရှိန်လျှော့ရတော့တာမို့ သတ်မှတ်မိုင်နှုန်းထက်မပိုရတဲ့ လမ်းစည်းကမ်းကိုလည်း သူ့အလိုလို လိုက်နာပြီးသားဖြစ်သွားတော့တာမို့ လမ်းသွားလမ်းလာတွေအတွက် အထိုက်အလျှောက် အန္တရာယ်ကင်းသွားပါတယ်။ ဒါတင်မကသေးဘဲ အဲဒီလမ်းခုံးတွေမရောက်ခင်မှာ “သတိ၊ ရှေ့ကိုက် ၁၀၀ တွင် လမ်းခုံးရှိသည် ”ဆိုတဲ့ ဆိုင်းဘုဒ်တပ်ပြီး သတိပေးထားပြန်တာကြောင့် လမ်းခုံးကို သတိမထားမိဘဲ ၀င်တိုက်ပြီး အန္တရာယ်ဖြစ်မယ့် အရေးကလည်း ကြိုပြီးကာကွယ်ပေးထားတာလည်း တွေ့နိုင်ပါသေးတယ်။

ဒါပေမယ့် ဒီဒေသမှာတွေ့နေရတဲ့ လမ်းခုံးတွေကတော့ တစ်ခုံးတစ်ခုံးကို ခြောက်လက်မကျော်လောက်မြင့်ပြီး တစ်ပေနီးပါး ကျယ်တော်မူကြပါတယ်။ ဘာသတိပေးစာတမ်းမှလည်း ကပ်မထားတာကြောင့် လမ်းကြောနားမလည်သေးတဲ့ ဧည့်စိမ်းတစ်ယောက် ညကြီးမင်းကြီး မှောင်မှောင်မည်းမည်းမှာ ယာဉ်တစ်မျိုးမျိုး မောင်းလာမိရင်တော့ သေချာပေါက် ဒုက္ခရောက်ပါလိမ့်မယ်။ လမ်းတွေကလည်း အင်္ဂတေလမ်းတွေဖြစ်ပြန်တာမို့ ဆယ်ဘီးကားကြီးတွေမောင်းတဲ့ဒဏ်၊ မိုးရွာတော့ ရေ၀ပ်တဲ့ဒဏ်တွေကြောင့် ပေါက်တဲ့နေရာပေါက်၊ ကျောက်တွေပေါ်တဲ့နေရာက ပေါ်နေရတဲ့ကြားမှာ အဲဒီဧရာမလမ်းခုံးကြီးတွေက တကယ့်ပြဿနာကြီးတွေ ဖြစ်လို့နေပါတော့တယ်။ ဘာပဲမောင်းမောင်း လမ်းစည်းကမ်းကိုလိုက်နာပြီး ဖြည်းဖြည်းဆေးဆေး မောင်းတတ်တဲ့ ဦးဟန်ကြည်လို လူမျိုးအတွက်တောင်မှ ဆိုင်ကယ်နဲ့သွားရင်လည်း အဆင်မပြေသလို ကားနဲ့သွားပြန်ရင်လည်း အနှောင့်အယှက်ဖြစ်လွန်းပါရဲ့။

ဒီကြားထဲမှာ  ဘယ်မဟာပညာကျော်ဖွတ်ကြားရဲ့ ရွှေဥာဏ်တော်စူးရောက်မှုကြောင့်လဲမသိရဘဲ လမ်းခုံးထားတဲ့နေရာတွေကလည်း အင်မတန်မှ မဟာဗျူဟာမြောက်ပြန်ပါတယ်။ လမ်းလေးခွအဆုံမရောက်ခင်တိုင်းမှာ လမ်းခုံးတစ်ခုစီထားတာကြောင့် တည့်တည့်ပဲမောင်းမောင်း ကွေ့ပဲကွေ့ကွေ့ လမ်းတစ်ခုံးနဲ့တစ်ခုံးက ဘီးဆယ်လှိမ့်စာလောက်ပဲ ကွာပါတော့တယ်။ တည့်တည့်မောင်းတဲ့လူအတွက် မထောင်းတာလှပေမယ့် ကွေ့မယ့်လူတွေအတွက်တော့ ပြဿနာအတော်ကြီးတဲ့ လမ်းခုံးတွေပါ။ ဆိုင်ကယ်ပဲမောင်းမောင်း၊ ကားပဲမောင်းမောင်း လမ်းကွေ့မရောက်ခင်မှာ လီဗာလျှော့၊ ဂီယာပြောင်းပြီးမှ မောင်းကြတာမို့ ပထမလမ်းခုံးက ပြောလောက်အောင် ဒုက္ခမပေးပေမယ့် လမ်းကွေ့ကျော်ရင် ဂီယာပြန်ပြောင်းပြီး လီဗာတင်ရမယ့်အချိန်မှာ ဘွားဘွားကြီးတွေ့ရတဲ့ မောင်မင်းကြီးသားလမ်းခုံးကြောင့် လေးဘီးပါတဲ့ ကားလည်း မသက်သာသလို နှစ်ဘီးပဲပါတဲ့ ဆိုင်ကယ်ခမျာမှာလည်း အခက်တွေ့ရရှာပါတော့တယ်။

လမ်းခုံးတစ်ကာ့လမ်းခုံးထဲမှာ ဦးဟန်ကြည်တို့ အိမ်ကနေ သိပ်မဝေးတဲ့ ကုန်းအဆင်းက လမ်းခုံးက ပိုလို့တောင် ဆိုးပါသေးတယ်။ စဉ်းစားကြည့်ပါ။ အရှိန်နဲ့ ပြေးတက်ရမယ့် ခပ်မတ်မတ်တောင်ကုန်းရဲ့ခြေရင်းအစပ်မှာမှ လမ်းခုံးထားတော်မူပါသတဲ့။ ဒီကြားထဲမှာ သူ့လမ်းခုံးက အကျယ်ရော၊ အမြင့်ပါ စံချိန်မီရုံတင်မကဘဲ စံချိန်လွန်နေတာမို့ ကားဗိုက်နဲ့ မလွတ်ချင်သလို ဆိုင်ကယ်အင်ဂျင်အုံနဲ့လဲ မလွတ်ပြန်တာမို့ အရှိန်ကို အဆုံးထိလျှော့ တစ်ဘီးချင်းလှိမ့်ပြီး အဲဒီလမ်းခုံးဆိုးကိုလွတ်အောင် ကျော်ရပါတော့တယ်။ လမ်းခုံးကို ကျော်ပြီးပြီးချင်း တောင်ကုန်းပေါ်ကို မော့တက်ရတော့တာမို့ ဆိုင်ကယ်ရောကားပါမကျန် မီးခိုးတွေအူပြီး အင်ဂျင်က ငယ်သံထွက်အောင် စက်ကုန်မောင်းတက်ရပါတော့တယ်။ အောက်ကနေ တက်လာရတာ မလွယ်သလို ကုန်းမြင့်ပေါ်က အရှိန်နဲ့ဆင်းလာရတဲ့ ဘယ်ယာဉ်မှလဲ မစားသာပြန်ပါ။ ကုန်းမြင့်ပေါ်ကနေ အရှိန်လေးနဲ့ စိတ်လွတ်ကိုယ်လွတ်ဆင်းလာလိုက်မိလို့ကတော့ အဆင်းလမ်းအဆုံးမှာ ပြူးပြူးကြီးစောင့်နေတဲ့ လမ်းခုံးနဲ့ နှစ်ပါးသွားပြီး ငါးပါးမှောက်မှာ သေချာလို့ နေပါတော့တယ်။ ဒီကြားထဲမှာ ဘရိတ်ပေါက်နေတာ၊ ဘရိတ်မမိတာများဖြစ်နေခဲ့ရင်တော့ ငါးပါးတင်မကဘဲ သံဃာစင်ပါ မှောက်ဖို့ ကျိန်းသေနေပါရောလား။ အဲဒီလောက် ဒုက္ခပေးလွန်းတဲ့လမ်းခုံးကို ရောက်တိုင်း ဥာဏ်ကြီးရှင် လမ်းခုံးပါရဂူ Mr.ချီးဦးဏှောက်ကို ဦးဟန်ကြည်တစ်ယောက် ဒေါအပွကြီးပွပြီး ပါးစပ်ကနေ အားပါးတရနဲ့ မေတ္တာတော်တွေ တစ်လုံးတစ်ခဲကြီး ပို့လေ့ရှိပါတယ်။

လမ်းခုံးတွေနဲ့ အဆင်မပြေလှတဲ့ ဦးဟန်ကြည်ကို လေးစားလို့ပဲ ထင်ပါရဲ့။ အိမ်ရှေ့လမ်းမပေါ်က အိမ်နဲ့မနီးမဝေးနေရာမှာ နောက်ထပ်လမ်းခုံးနှစ်ခုကို လမ်းသူလမ်းသားများက စေတနာဗလပွနဲ့ ဒီရက်ပတ်ထဲမှာပဲ တပ်ကြပြန်ပါတယ်။ နောက်လာတဲ့ မောင်ပုလဲက ဒိုင်းဝန်ထက် မကဲရရင် မနေနိုင်ကြပြန်တာမို့ အဲဒီလမ်းခုံးရောက်ရင် ဆိုင်ကယ်ပေါ်ကနေ လမ်းပေါ်ကို ခြေထောက်နှစ်ချောင်းစလုံး ထောက်ပြီး တစ်လှိမ့်ချင်းလှိမ့်တာတောင် အင်ဂျင်အုံနဲ့ လမ်းခုံးနဲ့ ဂျစ်ခနဲမြည်အောင် ပွတ်တိုက်သွားတဲ့အသံက ခုံးသုံးခါကျော်ရရင် တစ်ခါလောက်တော့ ကြားဖြစ်အောင် ကြားရစမြဲပါ။ တစ်ခါတစ်ခါများ နောက်ကထိုင်လိုက်လာတဲ့ အိမ်ရှင်မကို ဆိုင်ကယ်ပေါ်က ဆင်းခိုင်းပြီး စိတ်ပေါက်ပေါက်နဲ့ တွန်းသွားချင်စိတ်ပေါက်မိတဲ့အထိ စွမ်းတော်မူတဲ့ လမ်းခုံးဖြစ်ပါရဲ့။ Wagon တို့ Fit တို့လို ဘော်ဒီနိမ့်တဲ့ ကားမျိုးနဲ့သွားမိရင်တော့ မောင်မင်းကြီးသားလမ်းခုံးတွေ နှိပ်စက်တာနဲ့တင် ကားအောက်ပိုင်းတွေ ဖွတ်ဖွတ်ညက်ညက် ကြေမယ့်ကိန်းပါ။

ကိုယ်ထူကိုယ်ထ စနစ်နဲ့ စုပေါင်းပြီးခင်းထားကြလို့ ဖြောင့်ဖြူးနေတဲ့ အိမ်ရှေ့က အင်္ဂတေ လမ်းပေါ်မှာ နေ့နေ့ညည အရှိန်ပြင်းပြင်းနဲ့ မောင်းချင်သလိုမောင်းနေကြတဲ့လူတွေကို ဦးဟန်ကြည် စိတ်ပျက်နေခဲ့တာကြာပါပြီ။ လမ်းဖြတ်ကူးရင်း ကစားတတ်ကြတဲ့ လမ်းထဲက ကလေးတွေကိုကာကွယ်ပေးတဲ့ အနေနဲ့ ဒီလိုလူတွေကို တားဆီးဖို့ လမ်းခုံးတစ်ခုလောက်တော့ ထားချင်စိတ်ဖြစ်မိပါတယ်။ ဒါပေမယ့် ဦးဟန်ကြည် လိုချင်တဲ့ လမ်းခုံးက အခုလို လမ်းခုံးမျိုးမဟုတ်ပါ။ လမ်းပေါ်မှာ မောင်းနေတဲ့ ယာဉ်ဟူသမျှကို အနှောင့်အယှက်ပေးမယ့် လမ်းခုံးမျိုးကို ဦးဟန်ကြည် လုံးဝမလိုချင်ပါ။

ဖြောင့်ဖြူးနေတဲ့ လမ်းတွေမှာ လမ်းခုံးတွေထားဖို့၊ လမ်းခုံးတွေရှိဖို့ လိုအပ်ပါတယ်။ လမ်းခုံးတွေဟာ လမ်းစဉ်းကမ်းကိုမလိုက်နာသူတွေ၊ အရှိန်ပြင်းပြင်းမောင်းတတ်တဲ့သူတွေကို လမ်းစည်းကမ်းလိုက်နာဖို့၊ အရှိန်လျှော့မောင်းစေဖို့ လုပ်ထားတဲ့ အတားအဆီးတွေပါ။ တစ်နည်းအားဖြင့် အများပြည်သူကို ကူညီဖို့၊ ကာကွယ်ဖို့လုပ်ထားတာ ဖြစ်ပါတယ်။ လမ်းစည်းကမ်းကိုလိုက်နာတဲ့သူတွေ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းတဲ့သူတွေအတွက် အနှောင့်အယှက်ပေးဖို့ မဟုတ်ပါ။ ဒါပေမယ့် လမ်းခုံးတစ်ခုဟာ လိုအပ်တာထက် ပိုမြင့်နေခဲ့ရင်၊ လမ်းခုံးတွေ လိုတာထက်ပိုများနေခဲ့ရင်၊ သတိကြိုပေးမထားတဲ့ လမ်းခုံးတွေ ဖြစ်နေခဲ့ရင် လူကောင်းတွေကိုပါ အနှောင့်အယှက်ပေးပါတော့တယ်။ ဒါဟာ စေတနာပါတဲ့ လုပ်ရပ်မဖြစ်နိုင်တော့ပါ။ အားလုံးကို ဒုက္ခပေးထာလို့ပဲ ခေါ်ရပါတော့မယ်။

 ဒီလိုပါပဲ ဥပဒေဆိုတာ လူဆိုးတွေကို တားဆီးပြီး လူကောင်းတွေကို အကာအကွယ်ပေးဖို့ ဖြစ်ပါတယ်။ ဥပဒေတစ်ခုကြောင့် လူကောင်းတွေပါ အနေအထိုင် ကျဉ်းကျပ်သွားရတဲ့အခါမျိုးမှာ….

ဟုတ်ကဲ့…ဦးဟန်ကြည်ရဲ့ မျက်စိအောက်မှာ သတိပေးချက်ကပ်မထားတဲ့ လမ်းခုံးမြင့်မြင့်တွေ လိုတာထက် ပိုများနေပါတယ်….။        

29 comments:

blackroze said...

ဆရာအကိုရေ
ကျဉ်းထဲကျပ်ထဲနေ..နေရတာ
ဒီလောက်ဘဲကြာနေပြီဟာ..

စကားမစပ်..
ကိုရင်အနိုင်ကျင့်တယ်..ပစ်ပစ်ကို..
ဆုံးမပေးပါ..ဆရာ..
သူ့စီပုံးမှာအရုပ်လေးတွေ
စုံလို့သွားဆော့မိတာ..သူများကိုအနိုင်ကျင့်တယ်..
ပေးမဆော့ဘူး..

ဂျယ်ရီပစ်ပစ်

ကိုကိုမောင်(ပန်းရနံ့) said...

လမ်းခုံးပေါ် ဖြတ်ကျော်တဲ့ ကားစီးရတာ ခေါင်းအရမ်းမူးတယ်။ ပျို့အန်ချင်သလိုလိုကြီး။ ဘုလေးတွေ လုပ်တာတော့ ကောင်းပါတယ်။ များလွန်းရင်တော့ တစ်မျိုးပေါ့လေ။ ဘာဘဲ လုပ်လုပ် သတိပေးဆိုင်းဘုဒ်တော့ ကြိုတင်မြင်သာတဲ့ နေရာမှာ ကပ်ထားသင့်ပါတယ်။ ဘု လုပ်ထားတာက ကားသမားကော ရပ်ကွက်နေသူကော နှစ်ဦးနှစ်ဘက်လုံး ကောင်းဖို့ဖြစ်သင့်ပါတယ်။ နှစ်ဘက်လုံး နစ်နာမဲ့ဟာမျိုးကတော့ လုံးဝလုံးဝ မကောင်းပါဘူး။

ကလေးများတဲ့ ရပ်ကွက်တွင်းတော့ ဘုလေးတွေ တကယ်ရှိသင့်ပါတယ်။ ရွှေနိုင်ငံက မော်တော်ယာဉ်ပိုင်ရှင်များကလဲ ဆောင့်ကြွားကြွားနဲ့ လေဗာကို မိုင်ကုန်နင်းရမှ ဂုဏ်ရှိတာလို့ ထင်ကြလေတကား။

ကောင်းကောင်းမွန်မွန်ဘုကလေးတွေဆို ကြိုဆိုရမှာပါ။

ခင်မင်လျှက်

ညိမ်းနိုင် said...

အင်း....ဆရာရေ.....ရွှေပြည်ကြီးက အလွဲတွေကတော့
မပြောချင်တော့ပါဘူး....။လမ်းခုံးတွေက ထားသင့်ပေမယ့်
ဆရာပြောသလိုပါပဲ....လိုတာထက်ပိုတော့လည်း....အင်း..
ဆရာဘာပြောချင်သလဲဆိုတာ တွေးနေမိတယ်....။

Anonymous said...

ဆြာကြည်ရေး)
ပြောချင်တာတွေတော့အများသားဗျို့
ဆြာကြည် ရေ ပြောတော့ဖူးနော်း)
လမ်းဖောက်တာတွေ လမ်းမကြီးတွေ အဝေးပြေးလမ်းတွေ ကြည့်ပြီး လိုအပ်တာတွေ လွဲနေတာတွေမြင်မှာပေါ့နော်း)
(အင်ဂျင်နီယာတွေကိုစော်ကားသလိုဖြစ်မှာစိုးလို့ မပြောောတ့ဖူး )
ပို့စ်တခုတော့ရေးအုံးမယ် တွေးထားတယ် မရေးဖြစ်သေးဖူး အလွဲလေးတွေပေါ့ ဆြာရယ်


မောင်ဘကြိုင်

mstint said...

ဦးဟန်ကြည်ရဲ့ ပေါက်ကွဲမှုလေးကိုဖတ်ပြီး ကိုယ်ချင်းစာမိပါတယ်။ slow down တွေရဲ့ အတိုင်းအတာတွေ လွန်ကဲမှုကြောင့် ကားဝမ်းဗိုက်တွေလည်း ဒဏ်ရာတွေများနေပါပြီး)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

စံပယ်ချို said...

ဆရာရေ..စိတ်မညစ်နဲ့နောင်ဆိုရင်ဒီထက်
ဆိုးမယ်ထင်တယ်...အတုမယူသင့်တာတွေ
တော့သူတို့ကအတုယူပြီးလုပ်နေတာ
ဒီမှာက ကျောင်းရှိတဲ့နေရာ.ဆေးရုံဆေးခန်း
.လူအိုရုံ..ကစားကွင်းရှိတဲ့နေရာ လမ်းခုံးတွေရှိတယ်
လမ်းတွေကလဲ ဖြူးနေတာပဲ
ချိုင့်တွေဘာတွေဘာမှမရှိဘူးလေ.
နောင်ဒီလိုမပေါက်ကွဲရအောင် အမျိုးသမီးကိုခေါ်ပြီး
နိုင်ငံခြားကိုထွက်ခဲ့ပါတော့ဆရာရေ....
ချမ်းမြေ့စွာနဲ့ စာတွေဆက်ရေးနိုင်ပါစေ။
jasmine

San San Htun said...

"တခြမ်းပဲ ခင်းတော့ သွားရ အလွန်ခက်သည်"...အမှန်ပဲ ဦးဟန်ကြည်ကြီးရေ...၂၀၁၀ ဒီဇင်ဘာ ရန်ကုန်ပြန်တော့ မြို့ လည် ဆူးလေနားမှာ တွေ့ ခဲ့တာ..ဓာတ်ပုံရိုက်ချင်တာများ လက်ကို ယားနေတာပဲ...း)

Anonymous said...

ှဆရာ......
လမ်းပေါ်မှာ ခုံးလေးတွေတော့ရှိသင့်ပါရဲ့
သို့ပေမယ့် အရမ်းနီးတာတို့
အရမ်းမြင့်တာတို့ကြတော့ မကောင်းဘူးပေါ့
ဆရာ ပြောသလိုပါဘဲ အတိုင်းအတာထက်လွန်တော့
အန္တရာယ် များတာပေါ့ ကားတွေအောက်ပိုင်းနာသလို
ဆိုင်ကယ်တွေဆို အင်ဂျင်တောင် ပွင့်သားနိုင်တယ်
ဒါတောင် ထိမ်းစီးမှနော် နို့မို့တော့ ဆိုင်ကယ်တခြား လူတခြားဖြစ်သွားမှာ။

ကိုရင် said...

ဒါ ဂင်းနစ်စံချိန်တင်မဲ့ ဘုပဲ ဆရာရေ..
ရှာဖတ်ကြည့်အုံးမယ်..

ဒီလောက်ဆိုရင်..ကမ္ဘာ့ အမြင့်ဆုံး လမ်ခုံး ဘုများ ဆိုပြီးစာရင်းတောင် တို့ပြီး လောက်ပြီထင်တယ်...:D

အေးချမ်းပါစေ ဆရာရေ..

မအိမ်သူ said...

အဲဒီလမ်းခုံးမြင့်မြင့်တွေကို သိပ်စိတ်ညစ်တာ.. ကားဗိုက်တွေ တဒုန်းဒုန်းစောင့်ပြီးတိုက်လွန်းလို့။ ဒီခမာပြည်မှာတော့ ဟိုင်းဝေးတွေမှာ အကျယ်လက်တစ်ဝါး အမြင့် ၁လက်မခွဲသာသာလောက်ရှိတဲ့ တုံးသေးသေးလေးတွေကို တစ်တုံးနဲ့တစ်တုံး ၆လက်မလောက်စီခြားပြီး ၁၀တုံးလောက် ဆက်တိုက်ခင်းထားတတ်တယ်။ ခေါင်မိုးသွပ်ပြားလိုမျိုးပေါ့ဆရာရေ။ အဲဒီပေါ်ဖြတ်ရင် ဒုတ်ဒုတ် ဒုတ်ဒုတ်နဲ့တော့နေတယ် ဒါပေမယ့် သိပ်အရှိန်လျှော့စရာမလိုဘူး။ အတော်လေး အဆင်ပြေတယ်။ အန္တရာယ်လဲကင်းတယ်။

Angelhlaing(May everybody be happy and healthy! said...

အတွေးရော အရေးပါ ထိထိမိမိပါလားအကို :):) မရောက်တာကြာလို့ မေ့နေပြီလား....နိုလိုက်မှာနော် :P:P

မေဓာဝီ said...

ဘိလပ်မှာလဲ လမ်းခုံးတွေ ပေါပါ့ ဦးဟန်ကြည်ရေ။
ကျမဦးရီးတော်ဆို အဲဒီလမ်းတွေကို ရှောင်မောင်းတယ်။ လမ်းခုံးရှိတဲ့လမ်းက ကားမောင်းရတာ အဆင်မပြေလို့ မကြိုက်ဘူးတဲ့။
ဒီမှာ နောက်တမျိုးရှိသေးတယ်၊ ကျဉ်းလိုက် ကျယ်လိုက် လမ်းတွေ။ ကားအရှိန်လျှော့အောင် လမ်းကို တ၀က် ကျဉ်းထားတာ။ တဘက်ကလာတဲ့ကားက ရပ်စောင့်နေရတယ်။ ကျမတော့ အဲဒါမျိုးလဲ သဘောမကျပါဘူး။
ဒီမှာကတော့ ကောင်စီက ပိုက်ဆံတွေ ပိုနေရင်တို့၊ ရပ်ကွက်ကလူတွေ ကွန်ပလိမ်းတက်ရင်တို့ လျှောက်လုပ်နေကြတာပါပဲ။
ဘာပဲဖြစ်ဖြစ် လမ်းတိုင်း ဖြောင့်ဖြူးစေချင်ပါတယ်ရှင် ...

နေ၀သန် said...

အခုတလော ဆရာဦးဟန်ကြည်စိတ်ထဲမှာ ကျလိကျလိတွေ အရမ်းများနေပါ၏.. ဟိဟိ... :P..

ခင်မင်လျက်
နေ၀သန်

ချော(အစိမ်းရောင်လွင်ပြင်) said...

လမ်းခုံးလေးတစ်ခုအကြောင်းကနေ ဦးဟန်ကြည်ပေးချင်တဲ့ မက်ဆေ့ ပြောချင်တဲ့ စကားတွေ ကြားလိုက်မိသလိုပါဘဲ။
လိုတာထက်ပိုရင် ဘယ်အရာမှ မကောင်းဘူးဆိုသလိုပေါ့နော်။
သတ်မှတ်စံချိန်စံညွှန်းနဲ့အညီ လုပ်နိုင်ခဲ့ရင် စည်းကမ်းလည်းထုတ်နိုင်ပြီး အများကလည်း လိုက်နာနိုင်ပါတယ်။ မဟုတ်ရင်တော့ လမ်းခုံးလေးလို သိပ်မြင့်နေတဲ့ အခုံးလေးအတိုင်း စည်းကမ်းဥပဒေဆိုတာလည်း လိုအပ်တာထက် လိုက်နာဖို့ ခက်ခဲပါတယ်။

ဆူးသစ် said...

ကျွန်တော်နားလည်းသလောက် အဲဒီလမ်းခုံးတွေက စာသင်ကျောင်းနားနီးတဲ့နေရာတွေမှာဆို ထားလေ့ရှိပါတယ်။ ကလေးတွေကို ကာကွယ်ဖို့ပါ။ ကျွန်တော်တို့ဆီမှာတော့ လိုတာထက်ပိုလုပ်နေကြတာပါ။ ဒါကို ကိုရွှေထူး(ပြည်)တောင် သရော်ဖူးတယ်။ ကိုမောင်တင့်က သူ့အိမ်ရှေ့နား အဲဒီလိုလမ်းခုံးလာလုပ်သွားတာ ပထမတော့ ဟုတ်သလိုလိုနဲ့ နောက်တော့ ကားမောင်းတဲ့သူတွေက အရှိန်တော့ရှော့ပါရဲ့။ အိမ်နားရောက်ရင် သူ့မိန်းမကိုပါလှည့်ငမ်းသွားလို့။ တင်းတာလေ။

An Asian Tour Operator said...

ရှိသင့်တဲ့ နေရာမှာရှိတာတော့ ရှိပါစေတော့။ ခက်တာက နေရာတကာလိုလို လိုက်ဘု နေတာ ကိုး :))

KMC@ချင်းလေး said...

အင်မတန်မှစိတ်ပျက်စရာအခြေအနေတွေပါဆရာ။ဒီပုံအတိုင်းဆိုရင်
ဘယ်တော့များမှအဆင့်မှီတဲ့လမ်းပန်းဆက်သွယ်ရေးတွေဖြစ်ပေါ်လာ
ပါ့မလဲလို့သက်မမောချရင်း.....(ခင်မင်လေးစားလျက်)

Unknown said...

ဘာပဲပြောပြော ဖတ်လို့တော့ကောင်းတယ်ဆရာရေ
ကိုယ့်နဲ့မရင်းနှီုးသေးတော့ လမ်းခုံးအကြောင်း
မဝေဖန်ချင်သေးဘူးဆရာ.. မဝေဖန်ချင်ဆို
ဆရာကမှ ဆိုင်ကယ်ကြီးရှီသေးတယ် အနော်က
ဆိုင်ကယ်ကို အသာထား..
စက်ဘီးကိုမဆိုသေးနှင့် ..ဖိနပ်တောင် အပိုမရှီသေးလို့.
ဟိဟိ.. အနော် ကားကြီး စီးနိုင် ခဲ့ရင်တော့
အဲလိုလမ်းခုံးတွေအကြောင်း သမ္မတကြီးစီကို
ကွန်ပလိန်း တက်ပစ်မယ် ဆရာ ..;p;p;p

လေးစားခင်မင်လျှက်
(ဒုတိယ)

ချစ်သူမောင် said...

ဦးဟန်ကြည်ခင်ဗျာ အကြံပြုခဲ့ပါ့မယ်
ကိုယ်ကမှမတတ်နိုင်တာ ကျော်သွားအောင်လုပ်ရမှာပေါ့ဗျာ
ဆိုင်ကယ်ဆိုယင် YAMAHA DT သာဝယ်စီးပါဗျာ
ကားဆိုယင်တော့ ဟိုးအယင်ကပေါ်ခဲ့တဲ့ ခုလေလံပြန်ထွက်တဲ့ ဗောက်စ၀က်ဂွန် (UNICEF)လိုဟာမျိုး
သာစီးပါဆရာ အရှိန်လျှော့စရာမလိုတာတွေ့ရပါလိမ့်မယ်
ကျွန်တော်တိုကအယင်ကကိုယ့်နည်းကိုယ့်ဟန်နဲ့
ကျော်ခွပြီးဘလော့ရေးခဲ့ကြသလိုပေါ့ဗျာ

အစဉ်လေးစားချစ်ခင်လျှက်
ချစ်သူမောင်

ကိုဇော် said...

ဒါကြောင့်လည်း ရွှေမြန်မာပြည်ကြီးရယ်လို့ ထူးထွေသည် အံ့ရာသော် ဖြစ်နေတာပေါ့ဗျာ။

ဟန်ကြည် said...

ချစ်သူမောင်ရေ...Wagon လေးတွေကိုတော့ သဘောကျပါတယ်...ဒါပေမယ့် Yamaha ကိုတော့ သိပ်မကြိုက်ပါ...နည်းနည်း အမြင်ဆိုးတယ်လို့ စိတ်ထဲမှာ ခံစားမိလို့ပါ...အကြံပေးတာ ကျေးဇူးတင်ပါတယ်...

ဒုတိယရေ...ဦးဟန်ကြည်ကိုလည်း အဲဒီလောက်ထိ အထင်မကြီးပါနဲ့ဦး...စားစရာမရှိလို့ နှစ်ရက်လောက် ပဲလှော်ဝါးပြီး ရေသောက်နေခဲ့ရတဲ့ ကာလတွေကို မသိလို့ထင်ပါရဲ့...းးး)))

တောက်ပကြယ်စင် said...

ဆရာရေ ဘုန်းဘုန်းပြောချင်တဲ့ မက်ဆေ့ခ်ျက ပန်းရနံ့ပြောတာနဲ့ တူသွားပြီမို့။ အဲဒီအတိုင်းပဲနော်။ ဟိ။ ဘယ်အရာမှာမဆို မဇ္ဈိမပဋိပဒါထဲ အကျုံးဝင်ဖို့ ကောင်းပါတယ်။ အလယ်အလတ်ပေါ့နော်။ သူ့ဘက်ကိုယ့်ဘက်ကြည့်ပြိးတော့ပဲ ချမှတ်သင့်ပါတယ်။

Anonymous said...

ဟုတ်ပ ဆရာရေ

လမ်းခုံး တွေ ကိုမုန်းလိုက်တာ

ရွှေစင်ဦး

သံယောဇဉ် said...

စာလာဖတ်သွားပါတယ်ဆရာ

8Yar said...

မှန်ပါတယ်ခင်ဗျာ။ လမ်းညွှန်ဆိုင်းဘုတ်နဲ့ သတိပေးဆိုင်းဘုတ်က မြို့တိုင်း၊ ရွာတိုင်းမှာ ထားရှိသင့်ပါတယ်ခင်ဗျာ။ မဟုတ်ရင် ယဉ်မောင်းသူကို အလွန်ဒုက္ခရောက်စေပါတယ်ခင်ဗျာ။ အစ်ကိုကြီးတွေးသလို သူတို့လည်းတွေးမိပါစေလို့ ဆုတောင်းမိပါရဲ့။

အလွမ်းမြို့ said...

ဆရာကြည်ရေ...

Slow Down ဆိုတော့လည်း Slow Down ပေါ့ ရှင်။ သိနေသူတွေ ရှုး တိုးတိုး.....ကျယ်လာရင် ဒဏ်ငွေ ရိုက်မည်။။အဟီး...စတာနော်။။ မဒမ်လေးနဲ့ ကိုရင် ကတော့ ဘယ်နားကြည့်ကြည့်ပါတယ်နော်။ ကိုရင်ကို လည်းကျောင်းမှာဘဲ ထားခဲ့ပါ ဆရာကြည်။ပျော်ရွှင်ပါစေ ရှင့်

မြစ်ကျိုးအင်း said...

တကယ် ထိရောက်တဲ့ အတားအဆီးမျိုးမှ တန်ဖိုးရှိတာမျိုး။ အခုလို ဆင်ခြင်ဥာဏ်မရှိဘဲ မတွက်မချက်ဘဲနဲ့ လုပ်နေရင် ဒါဟာ ကိုယ့်ရဲ့ လူမှန်နေရာမှန် မရှိမှုကို ထုတ်ပြနေတာနဲ့ အတူတူပါပဲ။

မြစ်ကျိုးအင်း said...

အောက်ဆုံးစာကြောင်းလေးက ပွဲသိမ်းရိုက်ချက်ပါပဲ။ သဘောကျပါ့။

မေသိမ့်သိမ့် ကျော် said...

ဟုတ်ပါ့ဆရာရယ်။ ကြုံဖူးပေါင် ဂုဏ်ထူးဆောင်ဘွဲ့ပေးရမယ့် လမ်းခုံးတွေပါပဲ။ လိပ်ကျောကုန်းကြီးတွေထက်တောင် ဆိုးသေး။ ကားဗိုက်နဲ့ ရိုက်ရိုက်သွားတာ ကားလေးများဆို မြင်ရက်စရာတောင်မရှိဘူး။

ခရီးသွားနေလို့ ကွန်မန့်နောက်ကျတာ ခွင့်လွှတ်ပါဆရာရေ့။

ခင်တဲ့
မေသိမ့်

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger