Sunday 19 February 2012

ပါးလေးလား . . . အိုးလေးလား . . .

သင်္ကြန်ကျဖို့ တစ်လခွဲလောက်ပဲ လိုတော့တာမို့ 
ခါတော်မီရေခပ်ဆင်းကြတဲ့ သင်္ကြန်သီချင်းတွေ ဟိုတစ်စ သည်တစ်စ ကြားစပြုလာရပါပြီ။

 ဒါပေမယ့် အနှီသီချင်းတွေထဲမှာ သင်္ကြန်ရဲ့ရိုးသားမှု၊ အနှစ်သာရ၊ မြန်မာ့ဓလေ့ တစ်ကွက်မှ မပါရှာပါ။ “ ကဲမယ် ” “ ဆွဲမယ် ” 
“ ဖြဲမယ် ” ဆိုတာတွေ မိုးမွှန်ပြီး တစ်ချို့သီချင်းများဆိုရင် ခြင်ထောင်နံ့တောင် ထွက်နေပါသေးတယ်။ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကို ဦးဟန်ကြည်လည်း အထိုက်အလျောက် သဘောပေါက်ပါတယ်။ ခေတ်ပေါ်ဂီတကို မြတ်နိုးကြတဲ့ လူငယ်တွေကိုလည်း ဦးဟန်ကြည် နားလည်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီအနောက်တိုင်းတေးဂီတမှာ ရိုင်းစိုင်းရမယ်၊ မြန်မာ့ယဉ်ကျေးမှုကို ပယ်နိုင်သမျှပယ်ရမယ်လို့ ဘယ်သူမှသတ်မှတ်မထားပါ။ ဒီဂီတနဲ့ပဲ ခရစ်ယာန် ဓမ္မတေးတွေ ဆိုကြတာပါပဲ။  “ ပါးပြင်မှာ သနပ်ခါးလေးနဲ့ ချစ်စရာကောင်းလိုက်တာကွာ ” ဆိုတော့လည်း ဦးဟန်ကြည်တို့ ရင်ခုန်လို့ ရသေးတာပါပဲ။ “ လှပါတယ်ဆိုနေမှ ဒီထက်ပိုလှချင်သူလေး…ကိုယ်ဟာမင်းကို လှလို့ချစ်တာမဟုတ်…ချစ်လို့လှတာပါ ” လို့ဆိုတော့လည်း သဘောကျတာပါပဲ။ ဒါပေမယ့် မကြားဝံ့မနာသာ ရိုင်းစိုင်းတာကိုတော့ ဦးဟန်ကြည် သည်းမခံနိုင်ပါ။ သင်္ကြန်သီချင်းကို ဆိုင်းတွေ၊ ၀ိုင်းတွေ၊ ပတ္တလား၊ ဗုံထောက်တွေနဲ့ဆိုရမယ်လို့ မဆိုလိုပါ။ ဘယ်တူရိယာကိုသုံးသုံး၊ Blues, Jazz, Reggae, Tango, Pop, Punk, Hip-hop, Rap, Techno, Country ဘယ်ဂီတပုံစံနဲ့ပဲ ဖန်တီးဖန်တီး ကိုယ့်ရိုးရာ၊ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုယ့်အဆင့်အတန်းလေးကိုတော့ ထိန်းသိမ်းသင့်တယ်လို့ ဆိုချင်တာပါ။

မနှစ်က ထွက်လာတဲ့ သင်္ကြန်သီချင်းတစ်ပုဒ်ထဲမှာ အဆိုတော် ဘရိတ်ကီက သီချင်းအဆုံးမှာ “ ပါးလေးလား…အိုးလေးလား ” လို့ ထပ်ခါထပ်ခါ ဆိုပါတယ်။ သူဆိုတာက ခေတ်သီချင်းတွေမှာ ပါလေ့ရှိတဲ့ “ ၀ို ၀ူး ၀ို ၀ူး ရေ … ” တို့ “ ရှားလားလား ... ” တို့ကို ဆိုသလို ဆိုတာဖြစ်လို့ အမှတ်မထင်နားထောင်ရင်တော့ ပြဿနာမရှိပါ။ ဒါပေမယ့် ဒါကိုပဲ အခါပေါင်းများစွာ ထပ်ခါထပ်ခါ ဆိုနေတဲ့အခါမှာတော့ မောင်မင်းကြီးသား ဆိုနေတဲ့ အဓိပ္ပာယ်ကို ကွက်ကွက်ကွင်းကွင်း မြင်လာပါတော့တယ်။ မိုက်ရိုင်းလွန်းတဲ့ အဆိုတော်နဲ့၊ တေးရေးသမားရော၊ ထုတ်ဝေသူကိုပါ ပစ်ပစ်နှစ်နှစ် မေတ္တာပို့မိပါတော့တယ်။ ဟုတ်ကဲ့ … ပါးလေးလား…အိုးလေးလားပါတဲ့…

မန္တလေးက စာရေးဆရာ ဆရာဆူးငှက် ရေးထားတဲ့ “ သင်္ကြန်လေ . . . တိမ်ခိုးပျို၊ ဆောင်းခိုရွက်ကြွေနှင်း ” ရသစာစုများ ထဲက
စာတစ်ပုဒ်ကို ဖတ်ညွှန်းအဖြစ် တင်ပေးလိုက်ပါတယ်။ ပါးလေးလား…အိုးလေးလားနဲ့ နှိုင်းယှဉ်ခံစားဖို့ပါ…


“ သော့၊ မခို့တရို့နှင့်
ခင့်မျက်နှာရေဥကလေးတွေ . . . ”

“ ခါသင်္ကြန်လေနုအေးရယ် . . .
သွေးကာ သူနော့ . . . နော့တာ။
ပိတောက်ရွှေ မာလာဝတ်မှုန် . . . ၀င့်ကာ သူကြော့ . . . ကြော့တာ။
ပက်ဖျန်းကာ ရေစင်လောင်းတယ်
သင်္ကြန်မယ် ပျိုဖြူများမှာ
က တယ်နော် . . . သော့ကို သော့တာ . . . ”
မြို့မငြိမ်း၏ “ သော့ ” ဆိုသော သင်္ကြန်သီချင်းလေးကို ဆိုညည်းရင်း သင်္ကြန်ကို လွမ်းဆွတ်နေမိ၏။ “ လေနုအေးကား နော့နေဆဲကို . . . ” ဟူသော ဆရာဒဂုဏ်တာရာ၏ နာမည်ကျော် “ မေ ” ၀ထ္ထုမှ အဖွင့်စာကြောင်းကား ဆရာငြိမ်း၏ သင်္ကြန်သီချင်းနှင့် ထင်ဟပ်ယှဉ်ပြိုင်နေ၏။ ဆရာငြိမ်းက “ နော့ ” ကိုပင် ထပ်မံကာ ကွန့်လိုက်သည်။ ဘာတဲ့ . . . ပိတောက်ရွှေ မာလာဝတ်မှုန်က “ ကြော့ ” သတဲ့ . . .။ လတ်ဆတ်သော . . .၊ ၀င့်ကြွားသော၊ တောက်ပသော၊ ငွားစွင့်သော ပိတောက်ပန်း၏ အလှကို “ ကြော့ ” ဟူသည့် စာတစ်လုံးတည်းဖြင့်ပင် ပိုင်းဖြတ်ပေးလိုက်ခြင်း ဖြစ်သည်။

အလှတွင် အယဉ်ဆင့်သလို လှခြင်း၏ထိပ်ခေါင်က ယဉ်ခြင်းဖြစ်၏။ အယဉ်တကာ့ထိပ်ခေါင်က အကြော့တွင် စုလေသောကြောင့် “ ကြော့ ”ခြင်းသည်ကား လှမျိုးစုံ၊ ယဉ်မျိုးစုပင် ဖြစ်သည်။

သင်္ကြန်လေနုအေးလေးက တနော့နော့ . . .။

ပိတောက်ခက်လေးက ခပ်ကြော့ကြော့ . . .။ သည်ရာသီ၊ သည်မြင်ကွင်းလေးမှာ သွက်လက်မြူးကြွသော ဒိုးဆစ်၊ ဒိုးချက်များတွင် သင်္ကြန်မယ်ကလေး က နေပုံမှာ “ သော့ ” လို့ တဲ့။

နုပျိုခြင်း၊ တက်ကြွခြင်း၊ ဖျတ်လတ်ခြင်း၊ ပျော်ရွှင်ခြင်း၏ လက္ခဏာများကို မြို့မငြိမ်းက “ သော့ ” ဟူသော စကားလုံးကလေး တစ်လုံးနှင့်ပင် ဖော်ပြလိုက်၏။ လှလိုက်သည့်ဖြစ်ခြင်း . . .။

ထိုသီချင်းလေးအား အမှတ်ထင်ထင် ရွတ်ဆိုမိလေတိုင်း မထိတထိ ကလူကျီစယ်သော နွေဦးလေညင်းတွင် လတ်ဆတ်မှု၊ တောက်ပမှု၊ ၀င့်ကြွားမှုများနှင့်အတူ နုပျိုခြင်း၊ တက်ကြွခြင်း၊ ဖျတ်လတ်ခြင်း၊ ပျော်ရွှင်ခြင်း သရုပ်များဖြစ်သည့် “ တာသင်္ကြန် ”၏ အတိတ်ပုံရိပ်ကို နင့်နေအောင် ခံစားလိုက်ရသည်။

“ သြော် . . . မခို့တရို့နဲ့ပင် သိင်္ဂီဝင် ပိတောက်ရွှင်မြူးကြ
ခါတော်ရေသဘင် . . . ” တဲ့ . . .
ဆရာဦးဘသိန်းကလည်း သင်္ကြန်သီချင်းလေးတစ်ပုဒ်ကို “ မခို့တရို့ ” ဟူသော စကားလုံးဖြင့် စပ်ဆိုထား၏။ “ မခို့တရို့ ” တဲ့၊ ယခု မသုံးတော့သလောက် ရှားပါးသော စကားလုံးဖြစ်သည်။

မြန်မာမိန်းကလေးတစ်ယောက်၏ ဣနြေ္ဒ၊ ချစ်စဖွယ် အမူအရာ၊ ထိန်းချုပ်သော အပြုံး၊ လှစ်ခနဲ ပြလိုက်သည့် ကြည်နူးမှု 
 ( သို့မဟုတ် ) အချစ် . . .။

စင်ပေါ်မှ က နေသည့် သင်္ကြန်မယ်ကလေးဆီက ရလိုက်သော “ မခို့တရို့ ” အမူအရာသည် အဘယ်မှာ မေ့နိုင်တော့ပါမည်နည်း . . .။ “ မခို့တရို့ ” ဟူသည် ယဉ်ကျေးလွန်း၊ နူးညံ့လွန်းသော တုံ့ပြန်မှုလေးမို့ အဘယ်သူသည် ရင်တဖိုဖို အသည်းတလှပ်လှပ်နှင့် မကြည်နူးဘဲ နေနိုင်ပါအံ့နည်း . . .။

“ ပန်းအိရောင်သွင် ပြုံးလို့ချိုရွှင်၊
ခင့်မျက်နှာ ရေဥလေးတွေ၊ ဖွေးနုနုတင် ” တဲ့
မြို့မကိုပေါကလည်း သူ၏ “ ဖြူပြာမူရာ ” သင်္ကြန်သီချင်းမှာ စပ်ဆိုခဲ့သည်။ ပြုံးချိုရွှင်နေသော ပန်းအိရောင် ခင့်မျက်နှာမှာ “ ရေဥ ” လေးတွေ ဖွေးနုတင်သတဲ့။ အင်မတန် အသက်ပါလှသော သင်္ကြန်မယ် ပေါ့ထရိတ် “ Portrait ” ဓာတ်ပုံ တစ်ပုံပင်ဖြစ်သည်။ အလင်းအမှောင်အနေအထား၊ အဖြတ်အတောက်၊ ဆေးသားအနုအရင့် ဘာမှ ပြောစရာမလို . . .။ ဒိုင်အားလုံးက တစ်ပြိုင်နက် ခလုတ်နှိပ် အမှတ်ပေးကြမည့် ပုံကောင်းတစ်ပုံ . . .။ ဘာတဲ့ . . . ။ “ ခင့်မျက်နှာ ရေဥလေးတွေ ဖွေးနုနုတင် ” တဲ့။ သင်္ကြန်မယ်လေး မျက်နှာပေါ်က သင်္ကြန်ရေဥလေးကိုတော့ မေ့မရနိုင်။ သြော် . . . ချစ်သော သင်္ကြန်ကိုမှ တစ်ချိန်က သင်္ကြန်သီချင်းလေးတွေထဲမှာပဲ ရင်ခုန်စွာ ခံစားပေတော့။                  ။

ဆူးငှက်
“ သင်္ကြန်လေ . . . တိမ်ခိုးပျို၊ ဆောင်းခိုရွက်ကြွေနှင်း ” ရသစာစုများ

23 comments:

Angelhlaing(May everybody be happy and healthy! said...

ဘာတွေ ဘယ်လိုပဲ ဆိုဆို သင်္ကြန်အသံကြားတာနဲ့တောင် ကြိုတင် ရင်ခုန်လှိုက်မောနေရပြီ အကိုရေ...

kokoseinygn said...

ဆရာ ပြောလိုက်လို့
သင်္ကြန်ကို သတိရသွားပြီ..ဆရာေ၇့
မရိုးနိုင်တဲ့သင်္ကြန်သီချင်းဟောင်းတွေနဲ့
အတူ ဒီတနှစ်လဲအဝေးကနေလွမ်းရအုံးမယ်။

AH said...

သြော်... ဆရာဟန်ပြောမှ သင်္ကြန်သီချင်းတွေ ဖြစ်ချင်တိုင်းဖြစ်နေတာကို သတိထားမိတော့တယ်... သင်္ကြန်မကျဖြစ်တာ ၄ နှစ်လောက် ရှိရော့မယ်.... လွမ်းလှပါဘိနော်...

သမီးစံ said...

ဒီနှစ်တော့..သီလရှင်ဝတ်မလားလို့
စိတ်ကူးထားတယ်ဆရား)
(မ၀တ်ဖြစ်ရင်လည်းအိမ်မှာဘဲနေမှာပါး)

Candy said...

ဟိုနေ့က အိမ်နဲ့ဖုန်းပြောတော့ အဲ့ဘက်က သင်္ကြန်သီချင်းသံတွေ ကြားနေလို့ စိတ်က ယိုင်ချင်ချင်ရယ်.. ဦးဟန်ကြည်ရေးလိုက်မှ သင်္ကြန်ကို ပိုလွမ်းသွားပြီ :(

ဟုတ်တယ်.. ခုခေတ်ပေါ်သင်္ကြန်သီချင်းတွေ ဘယ်လိုမှ ခံစားလို့မရဘူး.. တေးရေးဆရာတွေကလည်း အရင်သင်္ကြန်သီချင်းတွေကို ဘယ်လိုမှ မှီအောင် မရေးနိုင်ကြဘူး... စိတ်မကောင်းစရာ :(

စံပယ်ချို said...

ဆရာရေ
ဂျက်တို့လဲ ဒီလောက်တော့ မထူပါဘူး
ခေတ်ဆန်တယ်ဆိုပေမယ့် Hip-hot,Rap
ဆိုတာကို နားထောင်လို့မရဘူးဆရာရေ
country,jazz,rock ဆိုတာတောင်အပျော့လေးပဲနော်
သိပ်ပြီးအော်လာရင် ကိုယ်ပါလိုက်ပြီးမောနေတယ်ခံစားရလို့ပါ
မြန်မာပြည်က ပြည်သူတွေတွေ့ရတော့မယ် မကြာခင်ပေါ့
သင်္ကြန်မိုး ရုပ်ရှင်ထဲကသီချင်းလေးတွေအကုန်ကြိုက်တယ်
ခင်မင်သော jasmine

အလင်းသစ် said...

ဟုတ်ပဆရာရယ်.. T-Home ဆိုတဲ့ သင်္ကြန်ခွေလည်း နားထောင်ပြီးပြီ.. ခေါင်းစဉ်က သင်္ကြန်သီချင်းများဆိုလို့သာ သြော်..သင်္ကြန်သီချင်းပါလားလို့ သိလိုက်ရတယ်.. တကယ်ဆိုးပါ့။။ ဟိုးတုန်းက မြို့မသီချင်းတွေကိုတော့ ခြေဖျားမပြောနဲ့ အင်းးး ပြောမနေတော့ပါဘူးဆရာရယ်...။။ :P

San San Htun said...

ကဗျာလေး ကောင်းရုံတင်မက ဆရာဟန်ကပါ ရှင်းပြပေးတော့ အနက်အဓိပ္ပာယ် သိပ်ရှိတာပဲ..သင်္ကြန်ကို လွမ်းသွားပြီ ဆရာဟန်ရေ...

သူကြီးမင်း (တုံးဖလား) said...

ချမ်းလိုက်တာ ဆရာရယ်။
ဆောင်းတွင်း အေးလို့ ကွေးနေရပါတယ်ဆိုမှ သင်္ကြန်အကြောင်း လာဖတ်မိတယ်။

ခေတ်ကာလ ကလေးကို သင်္ကြန်ဆို တော်တော် ဆိုးကြတာကလား။ သီချင်းတွေက အပြိုင် ခပ်ဟော့ဟော့တွေချည်း။ ခပ်ဟော့ဟော့ မကြည့်ချင်ဘူးဗျာ။ ကြည့်မိရင် မျက်စိညောင်းသွားရော။း)

ပန်းချီ said...

သင်္ကြန်သီချင်းဆို မြို့မငြိမ်းကိုဘယ်သူမှ မီနိုင်မယ်မထင်တော့ပါဘူး အစ်ကိုရယ်။ စကားမစပ် ဆယ်တန်းတုန်းက မြန်မာစာဂုဏ်ထူးထွက်ခဲ့မယ်ထင်ပါ့း)) အစ်ကို့အရေးအသားတွေထဲက လှတပတ အညွန့်၊ အဖူးကလေးတွေကြောင့်ပါး)

မဒမ်ကိုး said...

သင်္ကြန်ဆိုတာကို စိတ်ကူးယုံကလွဲလို့ ၁၂ နှစ်သမီးမှာကတည်းကမဆော့တော့တာ
သားပြောမယားပြောတွေပြော မူးရူးနေကြတာ ရိုင်းလွန်းလို့ ဘယ်မှမထွက်ဘူး အိမ်မှာစာအုပ်တွေငှားထား လာသမျှလူတွေကျွေးတာ ထိုင်စားဇိမ်ပဲ ကိစ္စရှိလို့အပြင်ထွက်ရင်တော့ ကားမှန်အလုံပိတ် ညနေမှထွက်
ဒါတောင်ရွှေတောင်ကြားဖက်ကဖြတ်ထွက်ရင် မမြင်ချင်တာတွေမူးရူးပြီးစင်ပေါ်မှာ လုံးထွေးမှောင်ရိပ်ကွယ်နေတာတွေ မမြင်ချင်မှအဆုံး .သီချင်းတွေကလဲ ကော့လန်ပြန်ထိုးပြီး သက်ြန်လဲပီးရော ဘာလဲဟဲ့လို့တောင်ပြန်မေးရတော့မယ်
ဒါကြောင့်သင်္ကြန်ဆိုတာအထူးတလည်မခံစားရဘူး ဆြာရေ .
ရေစိုစိစိနဲ့ ဘယ်မှသွားမရလာမရ .
အဲတခုတော့ရှိတယ် ဗေထိနဲ့တော့အိမ်မှာကွေးနေအောင်ကသဗျိုးးးး

ဂျာရစ် ဒိုးကန်

မောင်သီဟ said...

အရင်သင်္ကြန်သီချင်းတွေကိုပဲ ဆိုဖြစ်ညဉ်းဖြစ်တယ်ဆြာ
နောက်ပိုင်း သီချင်းတွေကိုတော့ ဆြာပြောသလိုပဲ
မိုက်ရိုက်တဲ့စာသားတွေပါလို့
သိပ်နားမထောင်ဖြစ်ဖူး ကောင်းတဲ့သီချင်းကောင်းကြပါတယ်
အပျိုကြီးလင်မရလို့ ဆိုတဲ့သီချင်းတို့ဆိုရင်တော်တော်သဘောမကျဖြစ်မိတာ
လွတ်လွတ်လပ်လပ်ရေးနိုင်ဆိုနိုင်တယ်ဆိုပေမယ့်လေ တချို့သီချင်းတွေက အနှစ်မရှိတာထက် မိုက်ရိုင်းလာတယ်

မောင်သီဟ said...

အရင်သင်္ကြန်သီချင်းတွေကိုပဲ ဆိုဖြစ်ညဉ်းဖြစ်တယ်ဆြာ
နောက်ပိုင်း သီချင်းတွေကိုတော့ ဆြာပြောသလိုပဲ
မိုက်ရိုက်တဲ့စာသားတွေပါလို့
သိပ်နားမထောင်ဖြစ်ဖူး ကောင်းတဲ့သီချင်းကောင်းကြပါတယ်
အပျိုကြီးလင်မရလို့ ဆိုတဲ့သီချင်းတို့ဆိုရင်တော်တော်သဘောမကျဖြစ်မိတာ
လွတ်လွတ်လပ်လပ်ရေးနိုင်ဆိုနိုင်တယ်ဆိုပေမယ့်လေ တချို့သီချင်းတွေက အနှစ်မရှိတာထက် မိုက်ရိုင်းလာတယ်

နေ၀သန် said...

ဆရာဟန်.. ဖြစ်ချင်တာဖြစ်နေတာ သင်္ကြန်သီချင်းတင်မကဘူးလေ.. ဟိုနေ့က လှုပ်ခတ်သွားတဲ့ သီချင်းလေး.. မြင်လိုက်ကြားလိုက်လား.. `ကောင်းလားအစ်ကို ကောင်းတယ်... ကောင်းရင်ကောင်းတယ်မှတ်.. `တဲ့.. :D.. မြန်မာပြည်ကတော့ မလွယ်တတော့ပါဘူး..

ခင်မင်လျက်
နေ၀သန်

ဖြိုးဇာနည် said...

ဟန်ပါပါလေး ဆိုညည်းရင်း
ဟန်ပါပါလေး လိုက်ကမိသွားတယ်
စိတ်ထဲမှာသင်္ကြန်တောင်ရောက်သွားသလိုပဲ

sosegado said...

ဆရာဟန်က သင်္ကြန်ကျချင်နေပြီလား
ဒီနှစ်သင်္ကြန်ကထူးခြားမယ် အေပယ်ဖူးအပြီး အပြောင်းအလဲလေးနှင့်
ဒိုးထိုးကြမယ်ထင်ပါတယ်။

ချစ်သူမောင် said...

မုးမိုးမိုးလားမောင်တို့.............လေလေလေလားမောင်တို့
တို့မြန်ပြည်ကြီးပြောင်းပြီဆို.......ယဉ်ကျေးမှုတွေပျက်တာခက်သဗျို့
တို့မြန်ပြည်ကြီးလွတ်လပ်ပြီ....ယဉ်ကျေးမှုတွေကောင်းအောင်ပြင်ကြ
တို့မြန်ပြည်ကြီးကောင်းပြီဆို.....ယဉ်ကျေးမှုတွေပျက်အစဉ်ဗျ
ပြင်ကြမယ်ကွယ့်အတူတူခေါ်......သူငယ်ချင်းတို့ရေလိုက်ကြမလား
ဒါနဲ့ဆရာ ပျက်အစဉ်ပြင်ခဏခဏခဏပါဗျာ..အရှိန်ရလို့သံချပ်လာတိုင်သွားတာပါ

ခင်မင်လေးစားလျှက်
ချစ်သူမောင်

ချော(အစိမ်းရောင်လွင်ပြင်) said...

မြန်မာဆန်တဲ့ သင်္ကြန်ဆိုတာ ရှားပါးပစ္စည်းဖြစ်သွားပြီထင်တယ် ဆရာဟန်ရေ
သူ့ထက်သူ ကဲမဲ့သူ လန်းမဲ့သူ ဆန်းကြမဲ့သူတွေချည်းဘဲ
စိတ်ချမ်းသားတာကတော့ သင်္ကြန်ဆို အိမ်တွင်းအောင်းချင်အောင်း တရားစခန်းဝင်ချင်ရင်
အဲလိုဖြစ်နေပြီ။ မြင်ရတာတွေ စိတ်ညစ်စရာကောင်းတယ်

ဆင်တဲကဖေး said...

ပေါ်ချင်တဲ့ သင်္ကြန် သီချင်းသာပေါ် နောက်ဆုံးတော့လည်း သင်္ကြန်မိုး နဲ့ ပဲ သင်္ကြန်ကျ လိုက်တာ ပါပဲ..ခုပေါ်နေတဲ့ သင်္ကြန် သီချင်းတွေက ခံစားလို့မှ မရတာပဲ...။

နွေးတေးရှင်(မင်းဧရာ) said...

မနေ့ညကမှ ကျွန်တော်နှင့်အတူနေတဲ့ ကလေးတွေက
(ဆရာစာလုံးပေါင်း အဆင်မပြေလို့)(သင်းကြန်)အခွေဝယ်လာတယ်တဲ့ အဲဒါနဲ့ ကျွန်တော်လည်း တီဗီ ရှေ့မှာ မျက်နှာအပ်လိုက်တယ် ထွက်လာတဲ့ အသံလာလိုက်တဲ့ အသံတွေက ဆရာ ပြောသလို ဘယ်လိုမှကို နားမခံသာဘူးဗျာ။

ဒါနဲ့ ကျွန်တော်လည်း ဘယ်မှာတုန်း မင်းဝယ်လာတဲ့ သင်းကြန်သီချင်း ဆိုတော့ သူကပြန်ပြောပါတယ် အဲဒါ သင်းကြန် သီချင်းပဲတဲ့။

ကိုင်းဘယ့်နှယ်လုပ်မတုန်း ဆရာ..
အညာသားပီပီ (မြူမှောင်ဝေကင်း)လေးနဲ့မှ သင်းကြန်ကြလိုက်ချင်တာ့ဗျ။

မြစ်ကျိုးအင်း said...

ခေတ်အလျောက် တော်သင့်ရုံပဲ ကောင်းပါတယ်။ ခုက အညှီအဟောက်စာသားတွေတောင် ထည့်လို့မရလို့ အကုန်မပါသလို ဖြစ်နေတာ။ ခုခေတ်အရ လူငယ်တွေ ကြိုက်တဲ့ beat လေးတွေနဲ့ မြူးမြူးကြွကြွ ဖွဲ့တာမျိုး အပြစ်မပြောချင်ပေမယ့် မလိုအပ်ဘဲ သင်္ကြန်ကို လိင်ပွဲတော်ဖြစ်အောင် တွန်းပို့နေတဲ့ စာသားတွေကိုတော့ ရှုံ့ချပါတယ်။

8Yar said...

ဆရာဟန်ပြောမယ် ဆိုရင်လည်းပြောချင်စရာပဲ။ သီချင်းတွေကို နားထောင်ရတာ သင်္ကြန် အရသာပျက်တယ်ဗျာ။ ကျွန်တော့အတွက်တော့ တဖြည်းဖြည်းနဲ့ ချစ်စရာသင်္ကြန် ကနေ။ စိတ်ပျက်စရာသင်္ကြန် ဖြစ်လာစေပါတယ်ခင်ဗျာ။

ဆူးသစ် said...

အမှန်အတိုင်းပြောရရင် သင်္ကြန်ပျက်နေတာကြာခဲ့ပါပြီ ကိုဟန်ကြည်။ သီချင်းတွေရော၊ ပျော်တာတွေရောပါ။ ကျွန်တော်ဆောင်းပါးရေးခဲ့ဖူးပါတယ်။ အခွင့်သင့်ရင်တော့ ပြန်တင်ပါဦးမယ်။ သင်္ကြန်ရောက်ရင် မြို့မငြိမ်းတို့၊ဦးဘသိန်းတို့ သီချင်းတွေကို ကျော်နိုင်တဲ့သီချင်းထွက်ကိုမလာနိုင်တော့ ပါဘူး။ ဒီဘက်ခေတ်မှာ ဂန္ထ၀င်မြောက်တဲ့ဂီတတွေကို ဖန်တီးနိုင်တဲ့လူ မရှိသလောက်ရှားသွားသလို ပေါ်ပင်လိုက်ပြီး ငါးပွက်ရာငါးစာချသူတွေလည်း များလာခဲ့ပြီကိုး။ ကျွန်တော်ကတော့ သင်္ကြန်နဲ့ဝေးနေတာ ကြာပြီဆိုတော့ သင်္ကြန်သီချင်းတွေလည်း နားမထောင်ဖြစ်တော့ပါဘူး။ စိတ်ကူးပေါက်မှာ ဟိုးတုန်းက သင်္ကြန်သီချင်းအဟောင်းတွေပြန်နားထောင်တော့တယ်။ အဲဒါတွေကပဲ ရင်ကိုထိတာကိုးဗျ။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger