Sunday, 8 September 2013

ဦးဟန်ကြည်နှင့် ဂျီးတော် . . .

နည်းပညာမတောက်တခေါက်ကို အရင်းပြုပြီး အလကားမတ်တင်းရသော Blogsopt ကို လက်စွဲသုံးကာ အွန်လိုင်းပေါ်တက်၍ စာတိုပေစများ ရေးလေချွတ်လေသော ဖိုးရေးချင် ဦးဟန်ကြည်၏ အထက်ပါခေါင်းစဉ်ကို အမှတ်မထင်ကြည့်လိုက်မိလျှင် ရောင်းမစွံ၊ ပုပ်သိုးလေသော သူ၏အညာသူဂျီးတော် ( ကြီးတော် ) ကို အစွံထုတ်ရန် ကြံစည်ခြင်းဖြစ်မည်ဟု အမှတ်မှားစရာ အကြောင်းရှိလေသည်။ မမှန်ရေးချ မမှန်ပါလေ။ အညာသူဂျီးတော်ကား မြင်သာမြင်ရ မကြင်လိုက်ရရှာသော သူမ၏ ငယ်ရည်းစားရဲဘော် ရှေ့တန်းတွင် တိုက်ပွဲကျပြီးကတည်းက တစ်သက်တွင် အိမ်ထောင်မပြုတော့ဟု သံန္နိဋ္ဌာန်ချထားလေတော့ရာ ဦးဟန်ကြည် ချွတ်သော်လည်း ကျွတ်တန်းဝင်ရန် လမ်းမမြင်လေ။ ဦးဟန်ကြည်၏ ဂျီးတော်ကား ဖြူဖြူသန့်သန့်ဖြင့် မေသန်းနုရုပ်မျိုးပေါက်လေရာ သူ့ခေတ်သူ့အခါက ကာလသားများမှာ ထိုသံန္နိဋ္ဌာန်ကြောင့် ခဲလေသမျှ ပဲရေပွကြရှာမည်ထင်၏။ ယခုမူ ဂျီးတော်မှာ အသက်ငါးဆယ်ကျော်တွင်းသို့ ချဉ်းနင်းဝင်ရောက်လေပြီ။ သမဆိုင်မှ အရောင်းထိုင်းပစ္စည်းကဲ့သို့ ဆပ်ပြာနှင့်တွဲထုတ်သော်လည်း ရောင်းစွံမည်မဟုတ်တော့။

 
credit to Google

ဦးဟန်ကြည် ညွှန်းလိုသော ဂျီးတော်မှာ Google Inc မှ အတိုင်းတိုင်းအပြည်ပြည်ရှိ ကျောမွဲများ မေးလ်လိပ်စာတစ်ခု အလကားမတ်တင်းရစိမ့်သောငှာ စီရင်ပေးသနားတော်မူသည့် Google talk ( Gtalk ) ကို ရည်ညွှန်းခြင်း ဖြစ်လေသည်။ ထိုမည်သော ဂျီးတော်မှာ ရွှေပြည်သားများကြားတွင် လွန်စွာမှ ပဏာစားလေရာ များမကြာမီပင် နည်းပညာမတောက်တခေါက်တတ်လေသော ရွှေပြည်သား အတော်များများမှာ ဂျီးတော်ကောင်းမှုဖြင့် မေးလ်လိပ်စာတစ်ခုစီ ပိုင်ကြလေ၏။ ဂျီးတော်ကောင်းမှုဖြင့် အွန်လိုင်းတွင် ကြူကြ၊ ကြောင်ကြရင်း အိမ်ထောင်ကျသူတွေလည်းမရှား။ ဘ၀ပျက်သူတွေလည်း ဒုနှင့်ဒေးပင်။ နည်းပညာ မူလတန်းကျောင်းသား ဦးဟန်ကြည်တစ်ယောက် ဂျီးတော်နှင့်နဖူးတွေ့ဒူးတွေ့ တွေ့ချိန်တွင် အိမ်ထောင်သက် ခြောက်နှစ်သားရှိနေလေပြီ။ ထို့ကြောင့် ဂျီးတော်ရန်ကို ကြောက်ရန်သိပ်မလို။ ထိုမျှပင်မကသေး။ လက်ပေါက်ကပ်လှသော ဦးဟန်ကြည်က ဂျီးတော်ကို ရှိသည်ဟုပင် မထင်။ အလကားမတ်တင်းရသော Blogsopt ကို သုံးနိုင်ရန်အတွက်သာ ဂျီမေးလ်ကိုဖွင့်လေသည်။ ဂျီမေးလ်နှင့်အတူပါလေသော ဂျီးတော်ကို လူရာမသွင်း။ ဂျီးတော်ထံတွင် စတင်စာရင်းတင်ခဲ့စဉ်က ဦးဟန်ကြည်၏ မိတ်ဆွေစာရင်းမှာ လက်ဆယ်ချောင်းပင် မပြည့်။ ထိုဂျီးတော်သည် ဦးဟန်ကြည်၏ ကွန်ပျူတာ Window တက်သည့်အချိန်တိုင်းတွင် အော်တိုငုတ်တုပ် အလုပ်လုပ်လေတော့ရာ ဦးဟန်ကြည်၏ ကွန်ပျူတာ အွန်လိုင်းပေါ်တက်သည်နှင့်တပြိုင်နက် ဂျီးတော်လည်း အွန်လိုင်းပေါ်ရောက်လေတော့သည်။ ဂျီးတော်ကို အော်တိုမတက်စေရန် ပိတ်ပင်နိုင်သော်လည်း ကလိရမည်ကို ပျင်းလှသော ဦးဟန်ကြည်ကား အသာပင်လွှတ်ထားသည်။ သူ့ဘာသာ အားအားလျားလျား အွန်လိုင်းပေါ် တက်ချင်လည်း တက်ပေရော့။ log in လုပ်ရခြင်းပင် သက်သာသေးသည် မဟုတ်ပါလော။

ထိုမျှပေယျာလကန်နေသော ဦးဟန်ကြည်ကို ဂျီးတော်ထံမှ ဆက်သွယ်လိုသူများကလည်း ရှိချေသေးသည်။ ထိုထိုသော ပုဂ္ဂိုလ်များကို ဧတဒဂ်ပေးရမည်ထင်၏။ မည်သို့ပင်ဆိုစေ ဦးဟန်ကြည်နှင့် ဂျီးတော်ကား တစောင်းစေးနှင့် မျက်ချေးပမာ အစေးသိပ်မကပ်။ ဦးဟန်ကြည်ထက်ပို၍ ကပ်စေးကျလေသော ညီမတော်သည်ကား ဂျီးတော်ကို အလွန်သဘောကျလေသည်။ တစ်မိနစ်လျှင် ကျပ်ငွေငါးဆယ် ပေးရသော မြန်မာပြည်ဂျီအက်စ်အမ်ကို မသုံး။ တစ်မိနစ်လျှင် နှစ်ကျပ်သာကျသင့်သော မြန်မာပြည်အင်တာနက် လှိုင်းကိုစီး၍ ဂျီးတော်မှတဆင့် ဆက်သွယ်သည်က များလေသည်။ အစ်ကိုဖြစ်သူကို ဆဲစာများပို့လိုလျှင်လည်း ဂျီးတော်မှတဆင့်ပို့သည်။ တောင်းလိုသော ပစ္စည်းစာရင်းကိုလည်း ဂျီးတော်မှတဆင့် ပို့ပြန်သည်။ မဒမ်ဟန်ကြည် ခရီးသွားပြန်လျှင်လည်း လိုသမျှကို ဂျီးတော်ထံမှတဆင့် အပူကပ်ပြန်လေ၏။ ဖုန်းဖြင့်ပြောလျှင် အတောင်းခက်လှသည် မဟုတ်လော။ ဂျီးတော်ကလည်း ဂျီးတော်ပင်။ ဦးဟန်ကြည် အွန်လိုင်းပေါ်မရှိချိန်တွင် ပို့ထားသော စာများကိုလည်း အားအားလျားလျား မှတ်ထားပြန်လေသည်။ အွန်လိုင်းပေါ်သို့ ဦးဟန်ကြည် ရောက်သည်နှင့်တပြိုင်နက် ထိုစာများကို ပြူးခနဲ ပြဲခနဲ ထုတ်ပြလေတော့ရာ သင်းကြောင့် ခေါင်းခဲရသည်မှာလည်း အကြိမ်ပေါင်းမနည်း။ သောက်မြင်ကတ်ဖွယ်ကောင်းလောက်အောင် ၀တ္တရားကျေလွန်းလှသော ထိုဂျီးတော်ကို ဖြုတ်ပစ်လိုသော်လည်း ဆယ်ရေးတစ်ရေး၊ကိုးရေးတစ်ရာ လိုရမည်ရရှိလျှင် ဆက်သွယ်နိုင်ရန်အတွက် မဖြုတ်ရက်ပြန်လေ။ ဦးဟန်ကြည်သည်ကား အပေါင်းအသင်းတထွေးကြီးကြားတွင် ကောင်းသတင်းမွှေးပြီးသား ဘလော့ဂါအကျော်ကြီး မဟုတ်ပါလား။ အကယ်တန္တု ဦးဟန်ကြည်၏ ပို့စ်များကို စုပေါင်း၍ စာအုပ်ထုတ်လိုသူများ ပေါ်လာခဲ့လေလျှင် ဂျီးတော်မရှိပါက ခက်ချေမည်။ ထို့ကြောင့် ဂျီးတော်ကို ဤသို့လျှင် အသာတကြည် ကြည့်နေရပြန်ပါ၏။

ဦးဟန်ကြည်၏ ဘလော့တွင် ကြွက်ကလစ်သွားရာလမ်းတလျှောက်တွင် ဂျီမေးလ်ကို ကြွက်မြီးတန်းလိုက်စေရန် လက်ကမြင်းမိခြင်းကလည်း အတော်ဒုက္ခပေးလေသည်။ ဘလော့ကို တစ်ခေါက်တစ်ကျင်း မျက်စိလည် လမ်းမှား၍ ရောက်လာသော သကောင့်သားများက လက်ယားကြသည်ထင့်။ ဦးဟန်ကြည်ကို ဂျီးတော်တွင် အက်ကြပြန်လေသည်။ ပုပုရွရွ သတ္တ၀ါဟူသမျှကို ချစ်ဖွယ်မက်ဖွယ်ဟု သတ်မှတ်လေသော ဦးဟန်ကြည်ကလည်း အက်သမျှကို မငြင်းတန်း လက်ခံပြန်လေသည်။ လူဦးရေ ခြောက်ဆယ့်ငါးသန်းကျော်သော ရွှေပြည်ကြီးတွင် စာဖတ်ပရိတ်သက် လက်ဆယ်ချောင်းပင် ဖျစ်ဖျစ်မည် မရှိရှာသော ဘလော့ပိုင်ရှင် ဦးဟန်ကြည်ကား သူ့ကိုယ်သူ ဆယ်လဗျစ်တီဟုများ ထင်နေရော့သလား မပြောတတ်။ အနှီသောက်ကျင့်တွေကြောင့် ခက်လှချေရဲ့ ဦးဟန်ကြည်။ လွန်ခဲ့သော ရက်အနည်းငယ်က ဦးဟန်ကြည်တစ်ယောက် ပညာရေးနှင့်ပတ်သက်သော ဆိုဒ်တစ်ခုတွင် နိုင်ငံတကာ ပညာရေးနည်းစနစ်များ၊ သင်ကြားမှု နည်းဗျူဟာများကို မစားရညှော်ခံ သွားရည်ကျနေစဉ် ဂျီးတော်ထံမှ သကောင့်သားတစ်ယောက် ပေါက်လာလေ၏။ ထိုသကောင့်သားကား ဦးဟန်ကြည်ကို မယားလုဖက်များ မှတ်နေရော့သလားမသိ။ “ ဟေ့ကောင်…မင်းနာမည် ဘယ်သူလဲ…” ဟု ခပ်တည်တည် ဟောက်လေတော့ရာ ပုပုရွရွဟူသမျှက လေးစားရသော မဟာ့မဟာ ဦးဟန်ကြည်တစ်ယောက် မျက်လုံးပြူးလေတော့သည်။ ဘုမသိဘမသိနှင့် အကြောင်ကွက်နင်းလေသော ထိုသကောင့်သားကို လူချင်းသာမြင်ရလျှင် နုပ်နုပ်စဉ်းပြီး ခွေးသားပေါက်စီလုပ်ပစ်မိမည်မှာ မုချ။ ယခုမူကား “ သားသားနာမည် ဟန်ကြည်ပါ ခညာ… ” ဟူ၍ လေပြည်ထိုးရလေမည်လော။ “ ငါ ဟန်ကြည်ကွ…မင်းက ဘာကောင်လဲ… ” ဟူ၍ပင် ဟောက်လိုက်ရလေမည်လေ။ သို့တည်းမဟုတ် “ မင်းဘာကောင်လဲ…ငါဘာကောင်လဲ…ငြင်းစရာမလို… ” ဟူ၍ ရက်ပ်သီချင်းရွတ်ပြရမည်လော။ “ ငါဘိုဘိုဟန်…နင်ဘဒူရဲ… ” ဟူ၍ပင် pop လိုက်ရလေမည်လော။ “ ကျွန်တော့်နာမည် ဟန်ကြည်ပါ မြန်မာပြည်မှာ နေပါတယ်… ” ဟူ၍ မျိုးကြော့မြိုင်လိုက်ရမည်လော မစဉ်းစားတတ်တော့။ သို့နှင့်ပင် သင်းကြောင်သမျှကို မမြင်ချင်ယောင် ဆောင်နေလိုက်ရလေတော့သည်။ ဂျီးတော်ထံတွင် ထိုထိုသော အူကြောင်ကြားများ မည်မျှ များနေပြီကို မပြောတတ်တော့။ ဂျီးတော်ထံတွင် နာမည်ကြီးတစ်ခုလုံး ပြူးနေအောင်တပ်ထားသော ဦးဟန်ကြည်ကိုမှ ကြောင်ရက်ကြရှာလေသည်။

လွန်ခဲ့သော သုံးလေးလကလည်း ဂျီးတော်ထံမှ ချာတိတ်မတစ်ကောင် ပေါက်လာပြန်လေသည်။ ဦးဟန်ကြည် မည်သည့်အခါက လက်ခံထားမိလေသည်မသိ။ ထိုချာတိတ်မကား ခပ်ဆန်းဆန်း။ ဦးဟန်ကြည်ကို How are you? ဟု ဘိုလို နှုတ်ဆက်လေသည်။ ဘိုရူးဦးဟန်ကြည်ကလည်း တပြန်တလှည့် How လွှတ်လိုက်သည်တွင် ငတိမ သဘောခွေ့သည်ထင်၏။ မီးကျိုးမောင်းပျက် ဘိုစကားများ ထပ်ထည့်လေတော့သည်။ ဘိုလိုပြောချင်လွန်းလှသော ဦးဟန်ကြည်တစ်ယောက် ရေငတ်တုန်း ရေတွင်းထဲကျသည်သို့ ရှိလေ၏။ သို့နှင့်ပင် ဘိုလိုလေးငါးလုံးမျှ အားပါးတရ လွှတ်လိုက်မိလျှင် ငတိမထံမှ “ bo lo ma pyaw par na ” ဟူသော အင်္ဂလိပ်စာထွက်လာလေတော့သည်။ ဦးဟန်ကြည် လူ့ခွစာကား ထိုအင်္ဂလိပ်စာကိုဖတ်ရင်း ခေါင်းကြီးသွားလေ၏။ သင်းရေးထားသောစာသားကို ဦးဟန်ကြည် ဘာသာပြန်ရန် အသာထား အသံထွက်ကြည့်လျှင်ပင် “ ဘိုလိုးမပျော်ပါးန ” ဟူသည့် ဆိုးရွားယုတ်ညံ့သော အသံကြီးထွက်နေသည် မဟုတ်တုံလော။ သို့နှင့်ပင် ကွန်ပျူတာတွင်းတွင် အလကားမတ်တင်းထည့်ထားသော Webster Dictionary ကြီးအတွင်းတွင် တစ်လုံးချင်း ရိုက်ထည့်ပြီး အနက်ဖွင့်လေရာ Webster ခမျာ ဒုက္ခရောက်လေတော့သည်။ ဦးဟန်ကြည် လွန်စွာမှ အားထားရသော Webster ကြီးပင် ခေါင်းခဲလေရာ ဦးဟန်ကြည် သာမညောင်ညကား ဆိုဖွယ်ရာမရှိတော့။ အတန်ကြာမှ ငတိမ၏ အင်္ဂလိပ်စာကို နီးစပ်ရာအသံတူကပ်၍ လုံးကောက် အသံထွက်ကြည့်ရာ “ ဘိုလိုမပြောပါနဲ့ ” ဟူသည့် အနက်ကို ရလေတော့သည်။ အနှီကဲ့သို့ အလုပ်မရှိ အလုပ်ရှာကာ ဒုက္ခပေးလေသော ငတိမကို “ Myanmar lo ma pyaw tat booooooooooo… ” ဟု ခပ်တင်းတင်း ကြိတ်လိုက်လေလျှင်းးးး(((( ဟူသည့် သင်္ကေတပေါင်း လေးငါးခု ဆက်တိုက်ပြပြီး လစ်လေတော့သည်။ လူချင်းမျက်နှာချင်းဆိုင်တွေ့လျှင် ပါးတက်ရိုက်မည် ထင်၏။ ခက်လှချည့် ရွှေပြည်သူ။ မယ်မင်းက ဦးဟန်ကြည်ကို သူငယ်နှပ်စား ဖွန်ကြောင်ကျားဟု မှတ်ထင်ပြီး ငါးမျှားရန် ကြံလေသည်ထင်၏။ ဦးဟန်ကြည် မည်သော ပုဂ္ဂိုလ်ကြီးသည်ကား ထိုထိုသော ကြောင်ရေချိုးသည့် အလုပ်မျိုးကို လူပျိုလူရွယ်ဘ၀ကတည်းက ဝေရာမဏိခဲ့ချေပြီ။ သနားဖွယ်ကောင်းလေစွတကား။

ဦးဟန်ကြည်နှင့် ဂျီးတော်ဇာတ်လမ်းများကား ပြောမယုံ ကြုံဖူးမှပင် သိပေရော့မည်။ ဂျီးတော်မှတစ်ဆင့်ဆက်သွယ်တော်မူကြသေ ဘော်ဒါဘော်ဂျွတ်များကား မည်သို့သော ပုဂ္ဂိုလ်များပါနည်းဟု မမြင်ရ မသိရခြင်းက ဒုက္ခပေးလွန်းသည် မဟုတ်ပါလား။ ကိုယ်ကမွေး၍ ကိုယ့်သားလောက်သာလျှင် အရွယ်ရှိသေးသော ငတိလေးများ၏ “ မင်း ” နှင့် “ ငါ ” နင့် ကိုက်ပေါက်ခြင်းကိုလည်း ဦးဟန်ကြည် မကြာခဏ ခံရလေသည်။ တစ်ရံတစ်ခါတွင်လည်း “ ဆရာ ကျွန်တော့်ကိုသိလား ” ဟု ဘလိုင်းကွက်ဖြင့် အရိုင်းနှက်သည်ကိုလည်း ကြုံရပြန်၏။ ပရိသတ်ကြီးက ကျော်ဟိန်းကို သိသော်လည်း ကျော်ဟိန်းက ပရိသတ်ကြီးကို မသိနိုင်ဟူသည့် လိုရာဆွဲမူဝါဒကို လက်ကိုင်ထားတော်မူသော ဦးဟန်ကြည်ကား ပုပုရွရွ ဟူသမျှကို “ ကျွန်တော် မေ့နေလို့ပါခညာ…ကျေးဇူးပြု၍ လူကြီးမင်းရဲ့ နာမည်ကလေးများ မစတော်မူပါ… ” ဟု မျက်နှာချိုသွေးစမြဲ။ မသွေး၍လည်းမဖြစ်။ ခေတ်ကြီးကလည်း ကြောစိမ့်လောက်အောင် ကြောက်မက်ဖွက်ကောင်းလှသည်။ မူလတန်းကျောင်းသူကလေး မတရားကျင့်ခံရသည်ကိုပင် လိပ်စာနှင့်တကွ နာမည်နှင့်တကွ ဂျာနယ်စာမျက်နှာပေါ်တွင် ပြူးပြူးပြဲပြဲ ရေးတတ်လေရာ ဘလော့ဂါစူပါစတားကြီး ဦးဟန်ကြည်က သူ၏စာဖတ်ပရိသတ်ကို မချေမငံပြောခြင်း ဟူသည့် စာလုံးမည်းကြီးများ ဂျာနယ်ပေါ်ရောက်မည်ကို ဦးဟန်ကြည် ကြက်သီးထလုမတတ် လန့်သည်မဟုတ်ပါလား။ ထို့ကြောင့်ပင် ဂျီးတော်သားများ ဘုဂလန့်ပြောသည်ကိုလည်း ဦးဟန်ကြည် သည်းခံပါ၏။ ထော်လော်ကန့်လန့် လုပ်ခြင်းကိုလည်း ၀န္ဒာမိပြန်သည်။ တစ်ခါသားတွင် ဂျီးတော်သားတစ်ယောက်က “ ဆရာကလည်း မြန်မာ့ယဉ်ကျေးမှုအကြောင်း ရေးနေပေမယ့် ဓာတ်ပုံထဲမှာကျတော့ ဘောင်းဘီရှည်ကြီးနဲ့ ” ဟု ခွပ်ဖူးလေသည်။ ကော်လာကတုံးနှင့် ရှပ်အဖြူကိုသာ ဒုံးခံဝတ်လေ့ရှိသော်လည်း လူရိုသေရှင်ရိုသေ ရှိစေရန် ရံဖန်ရံခါတွင် style pant ၀တ်လေ့ရှိသော ဦးဟန်ကြည်ခမျာ သင်းလက်ချက်ဖြင့် ရင်ဘတ်ပင် အောင့်ရှာလေတော့သည်။ ခေတ်ကာလ ဘိုးတော်များကဲ့သို့ Jeans pant များဝတ်လိုက်မိလျှင် အမောင်သကောင့်သားက ဦးဟန်ကြည်ကို တရားစွဲမည်ထင်၏။ မည်သို့ပင်ဆိုစေ အပင်မြင့်လျှင် လေတိုက်ခံရသည်မှာ သဘာဝဟူ၍ ဦးဟန်ကြည် နှလုံးသွင်းသည်။ သင်းလုပ်ပုံက မြန်မာမှုကို မြတ်နိုးသော ဦးဟန်ကြည်ခမျာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကဲ့သို့ သျှောင်ထုံးကြီးတစ်လုံး ကွမ်းအစ်ကြီးနီတာရဲနှင့် တောင်ရှည်ပုဆိုးကြီး တကားကား ၀တ်ပြရမည်သို့ ရှိချေသည်။ ထိုသို့ဝတ်ပြန်လျှင်လည်း သကောင့်သားက ဦးဟန်ကြည်ကို ၂၁ရာစု တောကြောင် ( တောသားအူကြောင်ကြောင် ) ဟု သမုတ်ဦးမည်မှာမလွဲ။ မတတ်နိုင်။ သင်းကိုလည်း ဦးဟန်ကြည်မသိ။ ဦးဟန်ကြည်ကိုလည်း ထိုသကောင့်သား အကောင်လိုက် မမြင်ဘူးလေရာ “ ကောင်းပါပြီမောင်ရင်ရယ်…လောလောဆယ်တော့ ဦးဟန်ကြည် တောင်ရှည်အ၀တ်ကျင့်နေပါသဗျား…သို့ပေမင့် တောင်ရှည်ပုဆိုးက ၀ယ်လို့မရတာကြောင့် အမောင်ဆန္ဒရှိရင်လည်း ပို့ပေးတော်မူပါ ” ဟု ညစ်တွန်းတွန်းလိုက်လျှင် ထိုသကောင့်သား နောက်တစ်ကြိမ်ပေါ်မလာတော့ချေ။ ဂျီးတော်ထံတွင် ဘေးထိုင်ဘုပြောသမားများ အလွန်များကြောင်း ဦးဟန်ကြည် ပညာတိုးခဲ့ရသည်မှာ အမြတ်ပင်။

တစ်ခါသားတွင်လည်း ဦးဟန်ကြည် ဘလော့ပတ်နေစဉ် မိတ်ဆွေ ဘလော့ဂီတစ်ယောက် ဂျီးတော်မှတစ်ဆင့် ဦးဟန်ကြည်ကို မင်္ဂလာပါဆရာဟု နှုတ်ခွန်းဆက်လေသည်။ လျှော်ချင်သည့်နေရာ လျှော်သလောက် ညံ့ချင်သည့်နေရာတွင် ညံ့ချက်ကမ်းကုန်နေသော ဦးဟန်ကြည်လည်း ထိုဘလော့ဂီ၏ ဂျီးတော်လိပ်စာမှ angle ဟူသည့်စာသားကို တစ်ချက်မျှကြည့်ပြီးလျှင် “ မင်္ဂလာပါ နတ်နတ် ” ဟု နှုတ်ခွန်းပြန်ဆက်မိလေသည်။ ထိုအခါ အတော်ခွကျသွားဟန်တူသော ထိုသလော့ဂီက လူမှားနေပြီဆရာ ဟူထောက်လေတော့သည်။ ပုပုရွရွဟူသမျှကို စိတ်ချမ်းသာစေလိုသည့် ဥဲီးဟန်ကြည်လည်း “ ဟာ မှားသွားလို့ ပစ်ပစ်ရေ…ဆောရီးပါဗျား ” ဟု အားပါးတရ တောင်းပန်လိုက်လျှင် ဘလော့ဂီထံမှ“ ဆရာကလည်း လုပ်ပြန်ပြီ…ကျွန်မက ဂျာရစ်ပါ ” ဟူသော စာတန်းတက်လာလေတော့သည်။ အားနာလိုက်သည်မှာ မျက်နှာပင် ထားစရာမရှိ။ ဂျီးတော်မိတ်လူလေးငါးဆယ်မျှကိုပင် နာမည်နှင့်လူမတွဲမိသော ဦးဟန်ကြည်ကား ဂျီးတော်နှင့် တန်သည်ဟု မဆိုနိုင်လေ။ အချို့သော ဘလော့ဂါများ၊ ဂေါ်ဆရာများကား အကောင့်တစ်ခုနှင့် အားမရဘဲ အကောင့်သုံးလေးခုဖွင့်ပြီး လူသုံးလေးငါးယောက်လောက်နှင့် တစ်ပြိုင်တည်း ချက်ကြသည်ဟု ဦးဟန်ကြည် ကြားဖူးသည်။ ဦးဟန်ကြည်တို့၏ ချစ်လှစွာသော ကွယ်လွန်သူ ဘလော့ဂါ ကိုကြီးကျောက်လည်း ထိုထိုသော စွမ်းရည်ထူးများကို ပိုင်ဆိုင်လေရာ တစ်ခါသားတွင် ငါးယောက်တစ်ယောက် အပြိုင်ချက်ဖူးသည်ဟု ဆို၏။ ချာတူးလန်လှသော ဦးဟန်ကြည်ကား ထိုကဲ့သို့မစွမ်း။ ဂျီးတော်အထာကိုလည်း သဘောမပေါက်။ တောမျောက်ဦးဟန်ကြည်ပင် မဟုတ်တုံလော။ တစ်ခါတစ်ရံတွင် တစ်ဖက်က ဂျီးတော်မိတ်က စကားတန်းလန်းဖြင့် ဆက်မပြောဘဲ ရပ်ထားလျှင် ဦးဟန်ကြည်ခမျာ ကိုးလိုးကန့်လန့်ကျန်ခဲ့တတ်လေသည်။ စိမ်းနေသော မီးကလေးကို ကြည့်ရင်း တစ်ဘက်မှ စကားဆက်နိုးနိုးဖြင့် လိုင်းပေါ်မှမဆင်းသေးဘဲ စောင့်နေမိတတ်ရှာလေသည်။ စာရေးနေရင်းမှပင် ထိုမီးစိမ်းကလေးကို မကြာမကြာဖွင့်ကြည့်နေမိတတ်သည်မှာ ဆိုးလှ၏။

ဂျီးတော်က ထိုမျှ ပြဿနာပေးသော်လည်း ဦးဟန်ကြည်ခမျာ ဂျီးတော်ကို စိတ်နာသော်လည်း မစွန့်နိုင်လေ။ သေသေချာချာ စောကြောကြည့်မိပြန်လျှင် စာတိုပေစများကို အင်တိုက်အားတိုက် ရေးချွတ်နေသည့် ဦးဟန်ကြည်တွင် ဂျီးတော်မိတ် စာပေဘော်ဒါအရေအတွက်က လက်ဆယ်ချောင်းပင်မပြည့်တတ်။ တက္ကသိုလ်ကျောင်းသားဘ၀တုန်းက သူငယ်ချင်းများသည်လည်း ပိုက်ဆံလုပ်နေရသဖြင့် ဦးဟန်ကြည်စာသမားကဲ့သို့ အချိန်အားရတိုင်း အွန်လိုင်းမတက်နိုင်၊ ဂျီးတော်မှတစ်ဆင့် မဆုံနိုင်။ ထိုထိုသော အကြောင်းများကြောင့် ခေါင်းစားလှသော ဂျီးတော်ကို ဦးဟန်ကြည် ဖြုတ်ပစ်ရန်ကြံသည်။ အွန်လိုင်းပေါ်တက်တက်ချင်း log in မဖြစ်စေရန် ကလိမည် စိတ်ကူးသည်။ သို့သော် ထိုစိတ်ကူးသည် အကောင်အထည်မပေါ်။ အဘယ်ကြောင့်ပါနည်း။ ဂျီးတော်ဖြုတ်လိုက်လျှင် ဘလော့ဂါအကျော်အမော်ကြီး ဦးဟန်ကြည်၏ ထင်ရှားလှသော ပို့စ်များကို စာမျက်နှာထက်သို့ ယူဆောင်ခွင့်ပြုရန် ခယ၀ယ တောင်းပန်ကြမည့် အယ်ဒီတာ အယ်ဒီတိုများ အခက်တွေ့ကြပေလိမ့်မည်။ ဦးဟန်ကြည်တစ်ယောက်က ဂျီးတော်ပေးသည့် ဒုက္ခသေးသေးကို မခံလိုသောကြောင့် ရွှေပြည်သူရွှေပြည်သားအများအပြားခမျာ ဦးဟန်ကြည်၏ စာကောင်းပေမွန်များကို ဖတ်ရှုခွင့်မရသည့် ဒုက္ခကြီးမားစွာ ရောက်ရှာမည့်အရေးကို မလိုလားအပ်…း)။

ထို့ကြောင့်ပင်လျှင် ပြည်သူချစ်သော ဦးဟန်ကြည်သည်ကား အွန်လိုင်းတက်သည့်အချိန်တိုင်းတွင် ဂျီးတော်မိတ်များ ပေးတော်မူသော အာဝေနိက ဒုက္ခပေါင်းစုံကို တိုင်းပြည်အတွက် စာပေအတွက်ဟု နှုတ်မှတဖွဖွရွတ်ရင်း သည်းခံ၍ နေလေသည် ဟူသတတ်…း)

  


    

15 comments:

Anonymous said...

ဟား..ဟား..ဆရာကြည်ရယ်..။
အနှီဒုက္ခလည်းမသေးလှပါလား..း)
အို်င်အိုရာ

အလွမ်းမြို့ said...

ဆရာဟန်တို့ စွံချက်ကတော့ လက်လန်တယ်။အဟီးး
တော်သေးတာပေါ့....ခင်လို့ရမလား..ခင်ချင်လို့ပါ
အဲတာလေးတွေ မပါလာတော့လို့...ခိ.ခိ.ခိ
ဂျီတော်အကြောင်းဖတ်ပြီး ပြုံးသွားတယ်ဆရာဟန်။
တစ်ဆက်တည်းနာမည်မှားမှာစိုးလို့ သေချာအောင်
တစ်ခေါက်တော့ ထပ်ပြောခွင့်ပြုပါ..
ကျမ...အလွမ်းမြို့ပါရှင်....

စံပယ်ချို said...

ဆရာတို့များ.....ဆရာလို့ကိုပြောမရဘူး....ရေးစရာမရှိ
ဂျီးတော် အပျိုကြီးလဲ ကောင်းကောင်းမနေရတဲ့ဘ၀ပါလား.....ရှိသမျှတူတွေ ဆွေမျိုးထဲစရင်းကောက်ရအုန်းမယ် ဆရာဦးဟန်ကြည်လိုတူတယောက်များပါလာနေမလားလို့ပါ....ပြုံးခဲ့ရလို့ ကျေးဇူးပါဆရာ

ကိုကိုမောင်(ပန်းရနံ့) said...

ဆရာဟန်တစ်ယောက် ဂျီးတော်နဲ့ အတော်လေး အလုပ်ဖြစ်ပုံရတယ်။း)

ဒါမျိုးတွေက မကြာခဏကြုံရတယ်ဆရာရေ။ သူကြီးမင်းဆီလဲ မင်းက ဘယ်ကလဲ ဘယ်သူလဲ အသက်ဘယ်လောက်လဲ ဒို့က ဘယ်က ဘယ်သူ အသက်က ဘယ်လောက်ဆိုပြီး မင်းနဲ့ငါတွေချည်း မွန်းထုံနေတဲ့သူတွေ တွေ့ဖူးတယ်။ သူရို့နဲ့တွေ့မှ အသက် ပိုငယ်သွားသလို ခံစားမိတယ်။း)

ဒါပေမဲ့ သူကြီးမင်းကတော့ ဂျီးတော်မိတ်ဆွေ သိပ်မရှိပါဘူး။ ကိုယ်တိုင် သွားအက်လေ့မရှိတာလဲ ပါတာပေါ့။

ဂျီးတော်ကိုတော့ လက်လွတ်လို့မရသေးတာ အမှန်ဘဲ ဆရာရော။ အားကိုးရတာကိုး။

မီးမီးငယ် said...

ဆရာဟန်နဲ ဂျီးတော်မှာ
မှာတွေ့ ချင်
တာနော်...
အင်း...skype ကမှကောင်းတာ
လူလည်းမြင်ရ...
မျက်နျာမြင်မှစကားပြောချင်တာ..
တခါမှတော့ဒီလိုမတွေ့ ဘူးသေးဘူး..
အေးလေ..ဂျီးတော်မိတ်ဆွေ
လက်ဆဖက်စာတောင်မရှိတာဘဲ
:P
လေးထောင့်ကွက်နဲ့မှန်းပီးစာရိုက်ရတာ..သီးခံဗျို့ 

ရွှေအိမ်စည် said...

ဟိ..ရယ်ရတယ်....ရေးထားတာ ..။
သာမီး ရဲ့ ဂျီးတော် ကတော့ မီးတွေ လင်းနေလည်း ဘယ်သူမှ လာမပြောပါဘူးကွယ်
ငှဲငှဲ
ကွကို တောင် မေ့ပါ :P :P

ဆုမြတ်မိုး said...

ဟီးး ဂျီးတော်...တော်တော်ဒုက္ခပေးတဲ့ဂျီးတော်...

ဦးဟန်ကြည်ဆီကိုသတိတရလာလည်ပါတယ်ရှင့်

ခင်မင်လျက်
ဆုမြတ်

မိုးငွေ့........ said...

ဒါကြောင့်မီးတော့ ဂျီးတော်ကိုကြောက်လို့ မသိသူဆိုလက်ကိုမခံတာ ကိုယ့်အသိသူငယ်ချင်းလောက်နဲ့ပဲစကားပြောတော့တယ်

ဆွေလေးမွန် said...

ဆွေလေးမွန်ဆိုရင် ဂျီးတော်ကို ဖွင့်ကို မဖွင့်တာ add လဲ လက်မခံဘူး အသိတွေကို ပြောထားတယ် နာမည်ပြောမှ ပြန်အပ်မယ်လို့
ဆရာ invisible လုပ်ပြီး သုံးကြည့်ပါလား ။

လသာည said...

ဆရာ..
ဂျီးတော်ရဲ့ အတွေ့အကြုံတွေက တကယ့် မမေ့နိုင်စရာပဲကိုး။။ :D

San Htun said...

သျှောင်ထုံးကြီးနဲ့  တောင်ရှည်ပုဆိုးဝတ် ဓာတ်ပုံရိုက်ပြီး ပရိုဖိုင် တင်ပါဗျို့ ..း)
မသိတယ့်လူကို လက်မခံတာတောင်မှ သူငယ်ချင်းရဲ့ အကောင့်ကို ဝင်သုံးပြီး
ယူက အသက်ဘယ်လောက်လဲ၊ ဘယ်ကျောင်းတက်တာလဲ၊ ဘယ်မှာနေတာလဲ
ယူ အင်္ဂလိပ်လို ရိုက်နေတာတွေ နားမလည်းဘူးနဲ့  တော့သွားသေးတယ် ဆြာဟန်ရေ...

ညီလင်းသစ် said...

တကယ့်ကို မြူးမြူးလွင်လွင်နဲ့ ဟာဒယနှလုံးမှာ ရွှင်ပြုံးရတဲ့ ပို့စ်ပါပဲ ဆရာဟန်ရေ...၊း)

ဂျီးတော်နဲ့ ပတ်သက်လာရင် ကျနော်လည်း ထိုနည်းနှင်နှင်ရယ်ဗျ..၊ စကားဟဟ ပြောဖူးတာ ဆိုလို့ ဒီနေ့အထိ ဆယ်ယောက်တောင်မှ မပြည့်ချင်ဘူး...၊း)

အင်း. ဆရာဟန်က ဂျီးတော်နဲ့ ပတ်သက်ပြီး ဘိုဘိုဟန်လို pop ရမလား၊ မျိုးကျော့မြိုင်လို့ rap ရမလားနဲ့ ဒုက္ခတွေ များနေပေမယ့် နောက်ဆုံးတော့လည်း ဗဒင်လိုပဲ ̔စိတ်နာနာနဲ့ ချစ်နေမိတယ်̕ ထင်ပါရဲ့ဗျား...။းD

မလေး said...

ဆရာဟန်ကြည် ဂျီးတော်ကိုဖတ်ပြီး ပြုံးမိတယ်။ ဂျီးတော်ရဲ့ ဒုက္ခက မသေးဘူးနော်
ခင်မင်စွာဖြင့်
မလေး

သိ င်္ဂါ ရ said...

- is available ...
- is busy ...
- is idle ...
- is offline ...

တစ်ခါတစ်လေ မှန်ပြီး ... တစ်ခါတစ်လေ မှားနေတဲ့ status တွေ ... :)

နွေတေးရှင် (မင်းဧရာ) said...

ဂျီးတော် ပုံပြင်ကို ဖတ်သွားတယ် ဆရာရေ ။

ကျနော်တော့ ကြုံဖူးဘူး သိပ် ပြီး လက္ခံ မထားတာလဲပါတယ်
အပြေးအလွှားရေ ကြည့်လို့ လူနှစ်ဆယ် ပြည့်တယ် မထင်ဘူး

သူရှိလို့တော်နေသေးတယ်
အဲလိုမှ မဟုတ်လို့တော့ လစာ ပြုတ်ကိန်း ပေါ့ ဗျာ ။

ကြိုက်ရင်ပေါ့လေ . . .