Monday, 30 September 2013

ဦးဟန်ကြည်နှင့် ပရဟိတ . . .

ခေတ်ကြီးကား တိုးတက်လှသည်။ လူထုကလည်း သမိုင်းတစ်လျှောက်တွင် မကြုံစဖူး တက်ကြွလှပါ၏။


photo credit to Google


Civil society ဟု အမည်တွင်သည့် လူမှုအဖွဲ့အစည်းများလည်း မိုးဦးကျမှိုများကဲ့သလို့ အလျှိုအလျှိုပေါ်လာလာလိုက်ကြသည်မှာ ဟောတစ်ဖွဲ့ ဟောတစ်ဖွဲ့။ ခေါင်းစဉ်ပေါင်းစုံ လုပ်ဆောင်ချက်ပေါင်းစုံဖြင့် လူထုအကျိုးကို စွမ်းသမျှ သယ်ပိုးကြမည့် ထိုလူမှုအဖွဲ့အစည်းများကို ဦးဟန်ကြည် ချစ်သည်။ ထိုအဖွဲ့အစည်းများတွင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်လုပ်ကိုင်နေသူ လူငယ်လူကြီးမရွေးကို ဦးဟန်ကြည် လေးစားသည်။ လူထုကို ဦးဟန်ကြည် ချစ်သည် မဟုတ်ပါလား။

ဦးဟန်ကြည်ကိုယ်တိုင်လည်း ပရဟိတအလုပ်ကို နိုင်သလောက် စွမ်းသလောက် လုပ်ဖြစ်သည်။ အဖွဲ့အစည်းတစ်ခုခု၏ ခေါင်းစဉ်အောက်သို့ကား မ၀င်ဖြစ်ခဲ့။ မည်သည့်လုပ်ငန်းကိုမဆို ကိုယ်စိတ်ကိုယ်ပိုင် လွတ်လွတ်လပ်လပ် လုပ်ကိုင်လိုသော ဆန္ဒကြောင့်ပင် ၀ါသနာတူရာ မိတ်ဆွေများနှင့် ညှိုနှိုင်းပြီး လိုအပ်သောနေရာများကို ဖြည့်သည်။ သို့သော် စားဝတ်နေရေးအတွက် အလုပ်တစ်ဖက် လုပ်ရပြန်သောကြောင့် စဉ်ဆက်မပြတ်မလုပ်နိုင်။ ထို့ကြောင့် နိုင်သလောက်ကိုသာ ကျကျနန လုပ်ခြင်း ဖြစ်လေသည်။

ကိုယ်တိုင် ပရဟိတ လုပ်ရုံနှင့် အားမရသေးဘဲ တပည့်များကိုလည်း ပရဟိတစိတ်ဓာတ်ဝင်စေရန် ဟောပြောခြင်းသည် ဦးဟန်ကြည်၏ တစ်နေ့တာ လုပ်ငန်းများထဲမှ တစ်ခု။ မလိုအပ်ဘဲ မုန့်ဝယ်စားပစ်လိုက်သော ပိုက်ဆံသည် ဖြုန်းတီးခြင်းဖြစ်ကြောင်း ထိုငွေပမာဏ တစ်ထောင်နှစ်ထောင်သည် မရှိဆင်းရဲသားများအတွက် ထမင်းတစ်နပ် ဖြစ်သွားနိုင်ကြောင်း အသိပညာပေးသည်။ ငွေ လေးငါးထောင် မျှဖြင့် ဘ၀ပျက်ကြရသူများရှိကြောင်းကို သဘောပေါက်စေရန် ရှင်းပြသည်။ အထိုက်အလျောက် အောင်မြင်မှုရပါ၏။ ရာနှုန်းပြည့် အောင်မြင်မှုရစေရန်တော့ ဦးဟန်ကြည် မစွမ်း။ မုန့်ဖိုးတစ်ထောင်သုံးမည့်နေရာတွင် ငါးရာသာသုံးလျှင်ပင် ကျေနပ်ရပေပြီ။

လွန်ခဲ့သောနှစ်က ဦးဟန်ကြည်နှင့် စိတ်တူကိုယ်တူ မိတ်ဆွေများ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ကျောင်းသို့သွား၍ လိုအပ်ချက်များကို လေ့လာကြသည်။ ကျောင်းကလေးကား သပ်သပ်ရပ်ရပ်။ ကျောင်းသားအတန်ငယ်များသည်။ လေးတန်းအထိ အတန်းငါးတန်းတွင် ကျောင်းသားတစ်ရာ့ငါးဆယ်သည် ကျောင်းနှင့် မဆန့်ရင်ကာ။ ဆရာမအင်အားငါးယောက်ဖြင့် ရုန်းကြ ကန်ကြရှာသည်။ ဆရာမလေးများ၏ လစာကလည်း တစ်လမှ မြန်မာကျပ်ငွေ လေးသောင်း။ နေစရိတ်ကြီးမြင့်သော ဤဒေသတွင် ထိုငွေပမာဏဖြင့် ရပ်တည်ရန်မလွယ်။ မည်သို့ပင်ဆိုစေ လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့များက ထိုဆရာမလေးများအတွက် နေစရာ အိမ်ခန်းများ စီစဉ်ပေးထားရာ နေရေးအဆင်ပြေသည်။ စားဝတ်နေရေးအတွက် အားလပ်ချိန်များတွင် ကျူရှင်ပြကြသည်။ ပြကြပါစေ။ သူရို့ရသော လစာက စားမှမစားလောက်ပေပဲ။

ထိုကျောင်းကလေးကိုကြည့်ပြီး ဦးဟန်ကြည်တို့ မိတ်ဆွေတစ်သိုက် ခေါင်းချင်းရိုက်သည်။ ကျောင်းတွင်လိုအပ်နေသော နည်းပညာ အကူအညီများပေးရန် ဆုံးဖြတ်ကြသည်။ ကွန်ပျူတာ တစ်စုံလှူရန် မိတ်ဆွေနှစ်ယောက် ညှိလိုက်ကြသည်။ ဦးဟန်ကြည်၏ ကျောင်းသားမိဘတစ်ဦးက printer တစ်လုံး လှူသည်။ ကျောင်းသားများက လေးကြောင်းမျဉ်းစာအုပ် ဒါဇင်ငါးဆယ်ခန့် လှူကြသည်။ ဆရာမများကို ကွန်ပျူတာ အခြေခံသင်ပေးရန် ဦးဟန်ကြည် စိုင်းပြင်းသည်။ သို့သော် အချိန်က ညှိမရ။ သူမအား ကိုယ်မအားဖြင့် နွေပေါက်သွားသည်။ လာမည့်နှစ်တွင်မှ သင်ပေးရန် ဦးဟန်ကြည် တာစူရပြန်သည်။

နွေကျောင်းပိတ်ရက်တွင် အညာတစ်ခွင် ခရီးထွက်၍ ပြန်ရောက်သောအခါ ထိုဘကကျောင်းတာဝန်ခံ ဦးပဉ္ဇင်းထံသွားသည်။ တာဝန်ခံကိုယ်တော်ကား မျက်နှာမကောင်း။ ကျောင်းထိုင်ဆရာတော်နှင့် ပြဿနာဖြစ်သည်ဟု ဆို၏။ ကိုယ်တော်ကလည်း သူ့ဘကကျောင်းကို သူ့ခြေသူ့လက် စီမံလိုသည်။ ကျောင်းထိုင်ဆရာတော်ကလည်း သူ့ကိုဘေးဖယ်ထားသည်ဟု ယူဆသည်။ အပျက်အပျက်ဖြင့် နှာခေါင်းသွေးထွက်ကြရင်း တာဝန်ခံကိုယ်တော်က ဘကကျောင်းကို စွန့်ရန်ဆုံးဖြတ်သည်။ အခြားတစ်နေရာတွင် တစ်ကျောင်းထောင်မည်ဆို၏။ လက်ရှိကျောင်းသားများကတော့ ကျောင်းဟောင်းတွင် နေရစ်ကြပေလိမ့်မည်။ ဆရာမများက မည်သို့ရပ်တည်ကြမည် မသိတော့။ ဦးဟန်ကြည် စိတ်ညစ်သွားသည်။ ပရဟိတအရေးအတွင် အတ္တမာနများ ပြိုင်နေကြလျှင် မည်သို့သဘာဝကျမည်နည်း။

အဆုံးသတ် သတ္တုချလိုက်လျှင် တာဝန်ခံကိုယ်တော် လူထွက်သွားသည်။ အခြားတစ်နေရာတွင် ကျောင်းတစ်ကျောင်းထောင်၏။ ဦးဟန်ကြည်တို့ လှူထားသော ကွန်ပျူတာများလည်း ပါသွားသည်။ ထိုကျောင်းအောင်မြင်သည် မအောင်မြင်သည်ကို ဦးဟန်ကြည် စိတ်မ၀င်စားတော့။ ပရဟိတသမားများကို ဦးဟန်ကြည် ဆန်းစစ်ရပေဦးတော့မည်။ အဘယ်ကြောင့် ပရဟိတ လုပ်ကြပါသနည်း။ မိမိ၏ တစ်ကိုယ်ရည် ထင်ပေါ်မှုအတွက် ပရဟိတ လုပ်ကြလေသလော မပြောတတ်တော့။

လူသည် အတ္တဖြင့် ရှင်သန်သော သတ္တ၀ါဖြစ်ကြောင်း ဦးဟန်ကြည် သိပါသည်။ အလှူအတန်းကိစ္စတွင်ပင် အတ္တကင်းကြသည် မဟုတ်။ လှူသမျှ ဆုတောင်းလိုက်လျှင် မိမိကိုယ်ကျိုးချည်း မဟုတ်ပါလား။ အတ္တမည်မျှပင်ရှိပါစေ ပရနှင့်ကြုံလျှင် မိမိ၏ အတ္တကို စွန့်ကြရပေလိမ့်မည်။ ထိုသို့မှ မစွန့်နိုင်ကြလျှင် လုပ်သမျှ အဟောသိကံပင် မဟုတ်လား။ ကိုတာရေးသော ပရဟိတ လုပ်ငန်းများဆိုင်ရာ စာတစ်အုပ်ကို ဦးဟန်ကြည် ဖတ်မိလျှင် ပရဟိတလုပ်ငန်းများ၏ ဦးတည်ချက် လုပ်ရပ်များ တလွဲဆံပင်ကောင်းဖြစ်နေသေးသည်ကို သဘောပေါက်မိသည်။ လှူတန်းရုံတစ်ခုတည်းဖြင့် လူတို့၏ ဘ၀ကို မြင့်မားအောင် မစွမ်းနိုင်။ ရှိစေတော့။ မလုပ်ဘဲ ဘေးထိုင်ဘုပြောနေသူများထက် လုပ်နေကိုင်နေကြသူများကို ကျေးဇူးတင်ရပေလိမ့်မည်။

ပရဟိတအသင်းအဖွဲ့များထဲတွင် နာရေးကူညီမှုအသင်းများကလည်း မြို့တိုင်းတွင် အင်အားကောင်းလှသည်။ ဦးဟန်ကြည်တို့ဒေသတွင် နာရေးကူညီမှုအသင်းတစ်သင်း ဖွဲ့ထား၏။ မြို့သူမြို့သားများ အထိုက်အလျောက် အဆင်ပြေသည်။ ၀မ်းသာရပါ၏။ သို့သော် အသင်းသက်တန်း သုံးလေးနှစ်မျှကြာလျှင် လူ့ဇာတိတို့ ထကြွလာပြန်လေပြီ။ မြို့တွင်းသို့အလှူခံထွက်သောအခါတွင် ကျွန်မတို့က ကျန်တဲ့အလှူခံတွေလို မဟုတ်ဘူး။ ရှင်တို့ကို တကယ်ကူညီနေတာ။ ထည့်ချင်သလို မထည့်ချင်သလို မလုပ်ကြပါနဲ့ ဟူသောစိန်ခေါ်သံတို့ကို ဦးဟန်ကြည် နားကလောလာသည်။ အလှူငွေပမာဏနည်းလျှင် ရပါတယ် ခင်ဗျားတို့ ဘယ်လောက်ပဲ ထည့်ထည့် ခင်ဗျားတို့ အသုဘကို ကောင်းကောင်းလုပ်ပေးမှာပါ ဟူသော ခနဲ့သံများကို ကြားပြင်းကတ်လာသည်။ ဦးဟန်ကြည်တို့ အိမ်နားမှ လူတစ်ယောက် တက်စီဆွဲစားရာမှ အဆင်မပြေသဖြင့် နာရေးအသင်းထဲဝင်သည်။ တစ်လမျှ မကြာခင် တောက်ပြောင်အရောင်ထွက်ပြီး စားနိုင်သောက်နိုင် ဆူဖြိုးလာလေရာ ဦးဟန်ကြည် မျက်စိလည်လေတော့၏။ နာရေးအသင်းကားပေါ်မှ နာရေး ယူနီဖောင်းဝတ်များ၏ ထီမထင်သောမျက်နှာပေး၊ သင်းတို့သေရင် ငါတို့လက်ထဲရောက်မှာပဲ ဟူသည့် စိတ်ထားများကို ဦးဟန်ကြည် စိတ်ကုန်နေလေပြီ။

လွန်ခဲ့သော တစ်ရက်ကျော်က မိတ်ဆွေစည်ပင်ဒုဦးစီးမှူးနှင့် စကားစပ်မိလျှင် နာရေးအသင်း နောက်တစ်သင်း ထပ်ပေါ်လာသော သတင်းဆန်းကို တအံ့တသြ ကြားရပြန်လေသည်။ ရှိပြီးသား တစ်သင်းသည်ပင် လုံလောက်နေပေပြီ။ ဤမြို့တွင် အသုဘကို ရက်ဆက်ပို့ရသည်မှာ ခပ်ရှားရှား။ တစ်ရက်လျှင် အသုဘနှစ်ခုရှိဖို့ဆိုသည်မှာလည်း ဖြစ်တောင့်ဖြစ်ခဲ။ ပရဟိတ လုပ်ငန်းများ လုပ်စရာ ဒုနှင့်ဒေး ရှိပါလျှက်နှင့် အဘယ်ကြောင့် နာရေးအသင်းကိုသာ မျက်စေ့ကျနေရသနည်း မပြောတတ်တော့။ မိတ်ဆွေက မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဟူသည့် ဆိုရိုးစကားကို ထောက်ပြသည်။ အနှီလိုသာဆိုလျှင် သူရို့ပရဟိတ လုပ်ကြသည်မှာ အတ္တဟိတ ဖြစ်နေပေရော့မည်။ မိမိအတွက် အကျိုးအများဆုံး ရှိမည့် ပရဟိတမျိုးကိုသာ လုပ်လိုသည်ဆိုပါက အဘယ်မှာလျှင် ပရဟိတ ဖြစ်ပါဦးမည်နည်း။

အသစ်ထောင်သော နာရေးအသင်းကလည်း စကတည်းက ယဉ်သကိုဟု ဆိုရပေတော့မည်။ နာရေးအသင်းရုံးအတွက် မြေနေရာရွေးကြရာတွင် သစ်တောဌာနနှင့် ညှိနှိုင်းပြီး သူရို့လိုချင်သော နေရာကို လက်ညှိုးထိုးပြလိုက်သည် ဟူ၏။ အဖွဲ့အစည်းများနှင့် ပြဿနာမဖြစ်လိုသော သစ်တောကလည်း မြေပုံထုတ်ပေးပြီး ဟုတ်ကဲ့အေးပါ လုပ်လိုက်လေရာ စည်ပင်ခေါင်းပေါ်သို့ ထိုအထုပ်က အပုံလိုက်ကျလေတော့သည်။ သူရို့ရွေးထားသော မြေနေရာက သင်္ချိုင်းမြေဖြစ်နေသည်။ စည်ပင်လုပ်ထုံးလုပ်နည်းများအရ သင်္ချိုင်းမြေဟူသည်မှာ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ အရေးမပိုင်။ ၀န်ကြီးအဆင့်မှ တိုက်ရိုက်ကိုင်တွယ်သည်။ လုပ်ထုံးလုပ်နည်းက သမာသမတ်ကျသည်။ ထိုသို့မဟုတ်လျှင် မြို့ပြအုပ်ချုပ်ရေးအဖွဲ့အစည်းက သင်္ချိုင်းမြေကို အလွဲသုံးစားလုပ်ကြမည် မဟုတ်လော။ သို့သော် နောက်ခံဘက်ဂရောင်း ထုနှင့်ထည်နှင့်လာသော နာရေးအသင်းသစ်က စည်ပင်ရှင်းပြသည်ကို လက်မခံ။ သူရို့လိုသောမြေနေရာကို ပေးလျှင်ပေး မပေးလျှင် ၀န်ကြီးထံတိုင်မည်၊ လွှတ်တော်သို့တင်ပြမည်ဟု ခြိမ်းခြောက်လေတော့သည်။ ဗဟိုဦးစီးစနစ်မှ စုတေစိတ်ကျပြီး ပြည်နယ်အစိုးရအောက်တွင် ကိုးရိုးကားယားဖြစ်နေသော စည်ပင်ခမျာ နေစရာမရှိတော့။

အချုပ်ဆိုရလျှင် ၀န်ကြီးကိုတင်ပြပြီး သူရို့လိုသော မြေနေရာကို အတည်ပြုပေးလိုက်ရပါသတည်း။ အတည်မပြု၍လည်း မဖြစ်။ လူမှုရေးကိစ္စတွင် ကဖျက်ယဖျက်လုပ်သည်ဟူသော နာမည်ဆိုးကြီးထွက်လာလျှင် သတင်းနွားတို့ အကြိုက် ဖြစ်ပေလိမ့်မည်။ ထိုအသင်းသစ်ရုံးစိုက်မည့် နေရာကား ယခင်ရှိပြီးသား အသင်းဟောင်းနှင့် မျက်နှာချင်းဆိုင်။ နှစ်သင်းကြားတွင် လမ်းတစ်ခုသာ  ခြားလေရာ မည်မျှ ပြဿနာရှုပ်ကြမည်ကို စဉ်စားစရာပင် မလို။ အသင်းဟောင်းထူထောင်သူ ပုဂ္ဂိုလ်နှင့် ယခု အသင်းသစ်ထူထောင်သူ ပုဂ္ဂိုလ်တို့တွင်လည်း ကျောင်းတော်က ရန်စရှိကြသည်ဟူ၏။ သေချာသည်မှာ ယခုအသစ်ဖွင့်သော နာရေးရုံးသစ်၏ အဆောက်အဦသည် ယခင်ရုံးဟောင်းထက် အဆပေါင်းများစွာ ပိုမိုကြီးကျယ်ပေလိမ့်မည်။ နာရေးဝန်ထမ်းသစ်များကိုလည်း အသင်းဟောင်းထက် ပိုမိုထောက်ပံ့ပေလိမ့်မည်။ ကောင်းပါလေ့။

ဦးဟန်ကြည် တစ်ခုတော့ စိုးရိမ်မိသည်။ အသင်းနှစ်သင်း မသာလုနေလျှင် ခက်ရပေတော့မည်။ မသေခင် အသက်ငင်နေစဉ်က မသာလာမှတ်နေလျှင် အဆင်မပြေ။ နှစ်သင်းပြိုင် မသာချရင်း စောင်းကြမြောင်းကြလျှင် သေပြီးသားမသာ အနေခက် အထိုင်ခက်ဖြစ်ရပေလိမ့်မည်။ ပရဟိတစိတ်ဓာတ်များ ဖောင်းပွခြင်းထက် ခေါင်းဆောင်လုပ်လိုစိတ်များ ဖောင်းပွခြင်းက အန္တရာယ် များလှပါ၏။ ဘုန်းကြီးမှန်လျှင် ဘက...လူမှန်ရင် မသာချ နေကြသည်မှာ ထူးပေဆန်းပေစွ။ ဦးဟန်ကြည်တို့ တိုင်းပြည်ကြီးတွင် ပရဟိတလုပ်ငန်းလုပ်စရာကိုင်စရာများ ဒုနှင့်ဒေး။ မရှိရှိရာ ရှာကြံ၍ ပရဟိတနေစရာမလို။ နာဂစ်ဘေးသင့် ဒုက္ခသည်များပင် ယခုအချိန်အထိ ဘ၀နှင့် စိတ်ဓာတ်များ ပုံမှန်ပြန်မဖြစ်ကြသေး။ မဒမ်ဟန်ကြည် သူရို့ဒေသကို ပြန်လျှင် နာဂစ်ဒုက္ခသည်များ၏ ဆင်းရဲဒုက္ခများကို မျက်မြင်တွေ့နေကျ။ စိတ်မကောင်းခြင်းကြီးစွာဖြင့် နိုင်သလောက် ထောက်ပံ့နေကျ။ ဘကသင့်သလောက် ဘက၊ မသာချသင့်သလောက် ချပြီးလျှင် ကျန်ပရဟိတများကိုလည်း လုပ်ကြပါဦးစို့။ ဒုတိယဦးကျော်သူ ဖြစ်ချင်စိတ်၊ ဒုတိယရွှေည၀ါဆရာတော် ဖြစ်လိုစိတ်များ ဘေးဖယ်ကြပါဦးစို့။ ကိုယ်စီကိုယ်စီ အတ္တတရားများ လျှော့ကြပါဦးစို့။

အသင်းကလေး အဖွဲ့ကလေးတစ်ခု ထူထူထောင်ထောင်ဖြစ်လာလျှင် စိတ်ကြီးဝင်တတ်သော ငါတကောကောတတ်သော မြန်မာ့ စိတ်ဓာတ်ကို မပြင်နိုင်ကြလျှင် ပရဟိတလုပ်ငန်းများ အဟောသိကံ ဖြစ်ရပေလိမ့်မည်။ ပရဟိတသည် တစ်ကိုယ်ရည် ကျော်ကြားမှု မဟုတ်၊ ဂုဏ်တုဂုဏ်ပြိုင်ရမည့် အရာမဟုတ်၊ နိုင်သလောက် စွမ်းသလောက် ရိုးရိုးကုတ်ကုတ် လုပ်ကြကိုင်ကြ ပံ့ပိုးကြရမည့် လုပ်ငန်းဖြစ်ကြောင်း ရွှေပြည်သားများ အမှန်မြင်နိုင်ကြပါစေသတည်း။   ။


( photo credit to Google )

12 comments:

လသာည said...

"စိတ်ကြီးဝင်တတ်သော ငါတကောကောတတ်သော မြန်မာ့ စိတ်ဓာတ်ကို မပြင်နိုင်ကြလျှင် ပရဟိတလုပ်ငန်းများ အဟောသိကံ ဖြစ်ရပေလိမ့်မည်။"

ဟုတ်ပါတယ် ဆရာရယ်..။ .ပရဟိတအရေးအတွက် အတ္တမာနများ ပြိုင်နေကြသလိုပါပဲ..

နွေတေးရှင် (မင်းဧရာ) said...

ခက်သားလား ဆရာ....။

လုပ်ကြတော့ဖြင့် ကိုးရိုးကားရား
တောင်းတဲ့ ဆုများက
မဂ်ဖိုလ်နိဗ္ဗာန်

အင်း.... သိပ်မဟန်လှသေးဘူး ဆရာရေ.........။

Anonymous said...

သဘောကျပါတယ်။
ရေးတာကလည်းပီပြင်တော့ထင်းကနဲလင်းကနဲနဲ့ ပါဘဲ။
အိုင်အိုရာ

Adora etc. said...

" ပရဟိတသည် တစ်ကိုယ်ရည် ကျော်ကြားမှု မဟုတ်၊ ဂုဏ်တုဂုဏ်ပြိုင်ရမည့် အရာမဟုတ်၊ နိုင်သလောက် စွမ်းသလောက် ရိုးရိုးကုတ်ကုတ် လုပ်ကြကိုင်ကြ ပံ့ပိုးကြရမည့် လုပ်ငန်းဖြစ်ကြောင်း ရွှေပြည်သားများ အမှန်မြင်နိုင်ကြပါစေသတည်း။"

တကယ်မှန်ပါတယ် ဆရာ။ Adora အသိ ၁၀ယောက်မှာ အနည်းဆုံး ၃-၄ယောက်လောက်က ကိုယ်ပိုင်ပရဟိတအဖွဲ့ဖွဲ့ချင်ကြတယ် ဒါမှမဟုတ်လဲ သူများနဲ့မပေါင်းဘဲ ကိုယ့်အသင်းအဖွဲ့နာမည်နဲ့ပဲ လှူချင်ကြတယ်။အကြောင်းရင်းကိုမေးတော့ လှူချင်တဲ့နေရာကို ကူညီပြီးလုပ်ပေးမဲ့ အသင်းအဖွဲ့မရှိတာကတကြောင်း၊ ကိုယ့်နာမည်နဲ့ ကိုယ့်ဦးဆောင်မှူအောက်မှာ သိန်းပေါင်း သောင်းပေါင်းများစွာလှူလိုက်နိုင်တယ်ဆိုတာမျိုး ဂုဏ်ယူချင်တာကတကြောင်း ဆိုပြီးတွေ့ရပါတယ်။ အလှူအတွက်ဂုဏ်ယူချင်တာဆိုတော့ လုံးဝမကောင်းဘူးလို့တော့ ပြောမရဘူးပေါ့ဆရာရယ်။ လိုအပ်ချက်တွေများနေတဲ့ ရွှေပြည်ကြီးမှာ ပရဟိတအဖွဲ့တွေများလာတာလဲ တမျိုးတော့ကောင်းသားပေါ့။ ဒါပေမဲ့ ဆရာပြောသလို တခါတလေ ပရဟိတထက် အတ္တဟိတဖြစ်နေကြသလားလို့ တွေးမိပါတယ်။
ကျမတို့သိတဲ့ ပရဟိတဆိုတာ ကိုယ်ကူလိုက်တဲ့အကြောင်းအရာလေးတခုကြောင့်၊ ကိုယ်လှူလိုက်တဲ့ ငွေကြေးတစွန်းတစကြောင့် တဖက်လူမှာအကျိုးကျေးဇူးတခုခုများ ရလိုက်တယ်ဆိုရင် ကိုယ့်နာမည်လူသိသည်ဖြစ်စေ နာမည်ပါသည်ဖြစ်စေ၊မပါသည်ဖြစ်စေကျေနပ်ဝမ်းမြောက်ရမှာမဟုတ်လား။

မလေး said...

ဆရာ ဦးဟန်ကြည် ရေးတာ တကယ်ကောင်းတယ်။
ထင်သာမြင်သာလည်းရှိတယ်။ မလေးတော့ဖတ်ရင်းနဲ့ 
တောင် ကွက်ကွက်ကွင်းကွင်း မြင်လာတယ်။
ခင်မင်စွာဖြင့်
မလေးမြတ်

San Htun said...

ဆြာဟန်တို့  ရေးချက်ကတော့ ကွက်တိပဲ...း)

witch83 said...

ပရဟိတသည် တစ်ကိုယ်ရည် ကျော်ကြားမှု မဟုတ်၊ ဂုဏ်တုဂုဏ်ပြိုင်ရမည့် အရာမဟုတ်၊ နိုင်သလောက် စွမ်းသလောက် ရိုးရိုးကုတ်ကုတ် လုပ်ကြကိုင်ကြ ပံ့ပိုးကြရမည့် လုပ်ငန်းဖြစ်ကြောင်း... ဒီပို့(စ်)လေး ရှယ်ပါရစေ။

သိ င်္ဂါ ရ said...

Foundation, Volunteer, နိုင်ငံ နဲ့ လူမျိုး အတွက် ...

တိုင်းပြည်အတွက် ... ကြားလိုက်ရတဲ့ ... လူမှုရေး တွေ ...

ပရဟိတတွေ ... တကယ် စစ်မှန်တဲ့ စေတနာတွေ က

ဒီလိုပဲ ... နေ့ချင်းညချင်း ကို အလုံးလိုက် အရင်းလိုက်

ပေါ်ပေါက်လာတော့သတဲ့လား ... အံ့တော့ အံ့သြစရာ ... :)

Ma Tint said...

အတ္တခံစားချက်တွေကို ဦးစားပေးခြင်းရဲ့ ရလာဒ်က ဖြစ်သင့်တာတွေလမ်းလွဲလို့ အကျည်းတန်တဲ့ နိဂုံးပေါ့ ဆရာဟန်ရေ..စစ်မှန်တဲ့ ပရဟိတလုပ်ငန်းတွေ တွင်ကျယ်ပါစေလို့....
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မောင်ဘကြိုင်(ချဉ်ပေါင်ခြံ) said...

အတ္တဟိတကိုတော့ အားမပေးနိုင်ဖူး ဆြာဟန်ရေ
အသင်းအဖွဲ့အရမ်းများတာထက် ရှီပြီသားအသင်းဖွဲ့ကိုဝင်ပေါင်းပြီး အင်အားကြီးစေတာကိုသဘောကျတယ်
ဒါမှ အကျိုးဖြစ်ထွန်းမှုများမှာကိုး

စံပယ်ချို said...

ဆရာ
ပရဟိတအရေးအတွက် အတ္တမာနများ ပြိုင်နေကြတာတွေ့ခဲ့ဖူးတယ် ကိုယ်တိုင်လဲခံစားရဖူးတယ်....နောက်ဆုံးတော့ကိုယ်ပဲ ငရဲရမှာကြောက်လို့ တိတ်တိတ်လေးပဲနေလိုက်ရတယ်....

thu ma said...

ဆြာဟန်ကြည် နဲ့ အဖြစ်တူနေပြီ။ သူမလည်း ဘယ်အလှူခံ ပုဂ္ဂိုလ်မဆို စစ်မှန်တဲ့ဆီပဲ လှူချင်တယ်။ ခုနောက်ပိုင်း လှူတော့မယ်ဆို ရာဇဝင်တွေ ဘာတွေ မေးနေရတာ နိပ်ကို မနိပ်ဘူးရယ်။ (မဟုတ်ရင် ကိုယ်လှူတာလေး ပါသွားမှာကလည်း စိုးသေးတာလေ)

ကြိုက်ရင်ပေါ့လေ . . .