credit to Google |
ခေတ်သည် တန့်ရပ်မနေ။ နာရီသံတစ်ချက်ချက်ကြားတွင်
တစ်ရက်ပြီးတစ်ရက် ပြောင်းလဲနေသည်။ ကုန်ဆုံးသွားသော နေ့ရက်နာရီတို့ကို ပြန်လည်ရှာဖွေ၍
မတွေ့နိုင်တော့သလို ကုန်လွန်ဖြတ်သန်းခဲ့သည့် လွန်လေပြီးသော ခေတ်ကာလများကိုလည်း ပြန်လည်ရနိုင်ရန်
မဖြစ်နိုင်။ မည်သို့ပင်ဆိုစေကာမူ ရိုးသားဖြူစင်မှုများ သစ္စာရှိမှုများ တာဝန်ယူမှု တာဝန်သိမှုများဖြင့်
အထိုက်အလျောက် လူနံ့သင်းခဲ့သည့် အတိတ်ခေတ်များကို ဦးဟန်ကြည် လွမ်းမောသည်။ ခေတ်ဟောင်းခေတ်ဆွေးတို့ကို
နောက်သို့ချန်ထား၍ ခေတ်သစ်ကိုသာ ရှေးရှုကြခြင်းသည် ဖြစ်သင့်သော သဘာဝမဟုတ်လော။ သို့သော်
ကုန်လွန်ဖြတ်သန်းခဲ့ရသော မည်သည့်ခေတ်တွင်မဆို ဆိုးမွေချည်း ချန်ရစ်ခဲ့သည်မဟုတ်။ အကောင်းနှင့်အဆိုး
ဒွန်တွဲနေသည့် လောကနိယာမအရ ကောင်းမွေများလည်း ရှိပေဦးမည်။ ဦးဟန်ကြည်ကား ထိုကောင်းမွေများကို
မျက်မှောက်ခေတ်အထိ ယူဆောင်လာစေလိုသော Conservative သမားပင် ဖြစ်လေသည်။
အတွင်းစိတ်အခံက ရှေးမွေကို ထိုကဲ့သို့
မြတ်နိုးသည့်ကြားတွင် ၀ါသနာဘာဂီအရ စာပေတို့ကို ဖတ်ရှုလေ့လာဖြစ်သောအခါမျိုး၌ အတိတ်၏
လွမ်းမောဖွယ်တို့က ဦးဟန်ကြည်ကို ကလူ၏သို့ မြှူ၏သို့ ရှိပြန်၏။ မြကေတု၏ နှောင်းခေတ်တက္ကသိုလ်မှတ်တမ်း၊
သိပ္ပံမောင်ဝ၏ အောက်စဖို့တက္ကသိုလ်နေ့စဉ်မှတ်တမ်းတို့ကို ဖတ်ရှုသောအခါတိုင်းတွင် တက္ကသိုလ်ပီသသော
ပညာရပ်ဝန်းတွင် ကျင်လည်ခွင့်ရခဲ့သူတို့ကို လေးစားအားကျစိတ်သည် တဖွားဖွား။ တက္ကသိုလ်ခေတ်ပျက်တွင်
လူဖြစ်လာရသော ကိုယ့်ကိုယ်ကိုလည်း အားမလိုအားမရ။ ၁၉၈၇ ခုနှစ်တွင် ပထမအကြိမ်ထုတ်ဝေပြီး
၂၀၁၁ စက်တင်ဘာတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေထားသော ဦးချမ်းသာ၏ “ ကျွန်တော်အိုင်စီအက် ” မှတ်တမ်းကို ၀မ်းသာအားရဖြင့် ဖတ်မိသောအခါတွင်ကား
ဝမ်းနည်းမှုမှာ သာ၍ပင် ကဲလေတော့သည်။ ရန်ကုန်တက္ကသိုလ်ခေတ်ဦးတွင် ကျောင်းသားဖြစ်ခဲ့သော၊
အောက်စဖို့တက္ကသိုလ်တွင် အိုင်စီအက်စ်အစမ်းခန့်အဖြစ်ကျင်လည်ခဲ့သော ဦးချမ်းသာကြီးကို
အားကျစိတ်သည်လည်း ထိန်းမနိုင်သိမ်းမရ။ မည်မျှပင် အားကျစေကာမူ တိုင်းပြည်၏ အနေအထားနှင့်
အလားအလာတို့အရ ဦးချမ်းသာလို အခွင့်အရေးမျိုးကို ဦးဟန်ကြည်ရနိုင်ရန် ယခုဘ၀တွင် မလွယ်တော့ပြီ။
အရွယ်တော်ကလည်း တစ်ဆိတ်ဟိုင်းပြီ မဟုတ်ပါလား။ သားကျွေးမှု မယားကျွေးမှုအတွက် ရုန်းကန်နေရသည့်
သာမန်လူသားဘ၀တွင် နေသားကျခဲ့ပြီ မဟုတ်ပါလား။ အနောက်နိုင်ငံသား လူဝင့်ကြွားတို့ကြားဝယ်
မြန်မာလူမျိုး ဦးဟန်ကြည်လည်း စံမီတန်းဝင်ကြောင်း ပြသနိုင်ခွင့်သည် လေနှင်ရာသို့ မျောပါပျောက်ပျက်သွားသည့်
တိမ်မျှင်သဖွယ် ခပ်ရေးရေး။ စံမီပေမီ ပညာရှင်ဖြစ်နိုင်ခွင့်သည် ဆောင်းအိပ်မက်ပမာ။
မည်သို့ပင်ဆိုစေ လတ်တလောအသက်မွေးဝမ်းကျောင်းအရ
ပညာရေးနှင့် လက်ပွန်းတတီးရှိနေရခြင်းကို ဦးဟန်ကြည်တစ်ယောက် ရသေ့စိတ်ဖြေကျေနပ်မိသည်။
မိမိမရခဲ့သော အခွင့်အရေးမျိုးကို တပည့်များအား ရစေချင်လှပါ၏။ သို့သော် ပညာရေးအခြေအနေသည်
တက်လမ်းမမြင်။ ဦးဟန်ကြည်ထံသို့ရောက်လာကြသော ကျောင်းသားများတွင် စိတ်ဓာတ်ခွန်အား၊ တာဝန်သိစိတ်၊
တာဝန်ကျေပွန်မှု၊ အခြေခံကျွမ်းကျင်မှုတို့က တစ်နှစ်ထက်တစ်နှစ် ပို၍ပို၍ ဆုတ်ယုတ်လာနေသည်။
မည်သည့်အရာကိုမျှ တိတိကျကျ မကျွမ်းကျင်ခြင်းသည် ခေတ်ကျောင်းသားများ၏ ဂုဏ်ပုဒ်ဖြစ်နေလေပြီ။
သို့သော် တစ်ချိန်ချိန်တွင်လာလတ္တံ့သော အဆင့်မီတက္ကသိုလ်၊ အဆင့်မီပညာရေးအတွက် သင်းကလေးတို့ကို
အဆင့်မီကျောင်းသားများ ဖြစ်စေရန် ဦးဟန်ကြည် ရည်သန်သည်။ အားသွန်သည်။ ပညာရှင်တို့ ကွန်းခိုရာ၊
ပညာတတ်လူမွန်တို့ မွေးထုတ်ပေးရာ မြကျွန်းသာသို့ သင်းကလေးတို့ ရောက်ကြလေလျှင် ပညာတတ်အသိုင်းအ၀ိုင်းကြား၌
လူရည်မွန်ကလေးများ ဖြစ်လာကြမည်မှာမလွဲ။ ရွှေပင်နားလျှင် ရွှေကျေးဖြစ်ရမည် မဟုတ်ပါလား။
သို့သော် အရိုးစွဲနေသော အကျင့်စရိုက်ဆိုးများ၊ အသည်းနှလုံးတွင် ကျွဲပခုံးထနေသော ဗီဇဆိုးများကို
စာသင်နှစ် တစ်နှစ်မျှဖြင့် နတ်ရေကန်တွင်း ပစ်ချလိုက်သလို ဥုံဖွမန်းလိုက်သလို ပြုပြင်ပေးနိုင်ရန်
မလွယ်ကူ။ သို့သော် ခေါင်းမာလှသော ဦးဟန်ကြည်ကား အလွယ်တကူနှင့် ဇွဲလျှော့တတ်သူမဟုတ်။
ချော့တစ်ခါ၊ ခြောက်တစ်လှည့်ဖြင့် သင်းကလေးတို့ကို ပြုပြင်သည်၊ လမ်းကြောင်းတည့်စေရန်
အားထုတ်သည်။ တည့်သည်လည်းရှိသလို ချော်သည်လည်း ရှိ၏။ တည့်သွားသောအခါ ပျော်ရသည်။ ချော်သွားသောအခါတွင်
ကိုယ့်အားနည်းချက်ကို ပြန်ပြင်ရန် နည်းလမ်းပေးသလိုရှိသောကြောင့် ၀မ်းသာရပြန်၏။ အမှိုက်ပုံတွင်းမှ
ရွှေရှာသူ မိုက်ထုတ်သမား ဦးဟန်ကြည်ပင် မဟုတ်ပါလား။ လူဆိုးကလေးများ၊ လူပျင်းကလေးများ
ဆယ်တန်းကို ချောချောမောမောအောင်မြင်၍ တက္ကသီလာမြကျွန်းညိုသို့ ကွန်းခိုခွင့်ရကြလျှင်
ဦးဟန်ကြည် တစ်ကိုယ်တော်ဝမ်းမြောက်လေတော့သည်။ “ မင်းရင်ထဲမှာ
မင်းဆင်နွှဲတာ မင်းပဲသိတဲ့ မင်းရဲ့အောင်ပွဲပါ . . . ” ဟူသည့် အဆိုတော် ကိုင်ဇာ၏
သီချင်းစာသားက ဦးဟန်ကြည်၏ တစ်ကိုယ်ရည်အောင်မြင်မှုများကို အားပေးအားမြှောက်ပြုသည့်
ဘက်တော်သားဖြစ်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့လေပြီ။
သို့သော် ဦးဟန်ကြည်၏ ပီတိသည် မှိုလောက်မျှပင်
အသက်မရှည်ရှာ။ အမိတက္ကသိုလ်ရင်ခွင်သို့ တပည့်ကျော်များခိုလှုံ၍ တစ်လမပြည့်သေးခင် သင်းကလေးတို့၏
မိဘများ မျက်ကလူးဆန်ပြာဖြင့် ဦးဟန်ကြည်ထံလာ၍ အကြံဥာဏ်တောင်းကြလေပြီ။ ဆရာ့တပည့် ဘယ်သူက
ဆိုင်ကယ်ပေါင်ပြီး ဖဲရိုက်ပစ်လို့။ ဘယ်ဝါက ကျောင်းမတက်ဘဲ အရက်ချည်းသောက်နေလို့။ ဘယ်ဒင်းက
ရည်းစားနဲ့ချိန်းပြီး တည်းခိုခန်းမှာ သွားသွားအိပ်လို့။ ဘယ်သတ္တ၀ါက မူးယစ်ဆေးစွဲနေလို့…စသည်
စသည်ဖြင့် ကောင်းသတင်းတစ်ကွက်မျှမပါ။ မိဘအသီးသီး၏ အားကိုးတကြီး တိုင်သံတောသံများကြားတွင်
ဆရာဦးဟန်ကြည်ခမျာ နေမထိထိုင်မသာ။ ခွေးမြီးကောက်ကလေးများကိုလည်း အပြစ်မဆိုချင်တော့။
ခွေးမြီးကောက်ကို ဖြောင့်ရန်လည်း မဖြစ်နိုင်။ အကောက်အတိုင်း ပစ်ထားပြန်လျှင်လည်း သဘာဝမကျ။
ဦးဟန်ကြည် စွပ်ပေးထားသော ကျည်တောက်ကို ဖြုတ်ပစ်သူများကိုသာ ဆဲလိုတော့သည်။ ခွေးမြီးကောက်ကလေးများကို
ကျည်တောက်စွပ်ရသည်မှာ ထင်သလောက်မလွယ်။ အကိုက်အခဲခံနိုင်မှ အငြူစူခံနိုင်မှ ဖြစ်ပေလိမ့်မည်။
တစ်နှစ်တာပတ်လုံး “ သုတ်၊ ၀ိနည်း၊ ပိဋကတ်နှင့် လျှာပြတ်အောင် ဟောတော်မူ ”၍ တပင်တပန်း
လူယောင်ဖန်ဆင်းပေးထားရသော ဦးဟန်ကြည်၏ အလုပ်အားလုံး သဲထဲရေသွန်ဖြစ်ရခြင်းသည် ကျေနပ်ဖွယ်ကောင်းသော
ရလာဒ်မဟုတ်။ တပည့်များ လူဆိုးကလေးများကို တက္ကသိုလ်ပညာသင်ယူရန် ဦးဟန်ကြည် တိုက်တွန်းပြီး
အရောက်ပို့ပေးခြင်းသည် ကျည်တောက်ကို ဖြုတ်ခိုင်းရန်မဟုတ်။ ထိုကျည်တောက်ကို ပိုမိုခိုင်ခံ့မြဲမြံစေရန်၊
ပိုမိုကောင်းမွန်သော စာရိတ္တကျည်တောက် ပညာကျည်တောက်များဖြင့် တစ်သက်တာ ကျင့်သားရစေရန်
အားကိုးတကြီးဖြင့် တက္ကသီလာသို့ ပို့ခြင်းမဟုတ်ပါလော။ ဦးဟန်ကြည်မှအစထား၍ လူတိုင်းလူတိုင်းတွင်
ခွေးမြီးကောက်နှင့်တူသော ဗီဇဆိုး စရိုက်ဆိုးများ ရှိကြသည်သာ။ ထိုစရိုက်ခွေးမြီးများကို
ပညာကျည်တောက် စာရိတ္တကျည်တောက်များဖြင့် ထိန်းသိမ်းထားကြရသည် မဟုတ်လော။ တက္ကသီလာမြကျွန်းသာသည် ကျည်တောက်စွပ်ပေးရာ၊
ကျည်တောက်ကျင့်ပေးရာ ဘူမိနက်သန် နေရာမှန် မဟုတ်တော့ပြီထင်၏။ ၀မ်းနည်းစရာကောင်းလှသည်။
လူရှော်ကလေးများကို ထိန်းကျောင်းပဲ့ပြင်ပြီး
ဆယ်တန်းအောင်စေရန် သင်ကြားပေးခဲ့စဉ်က ကျောင်းသားမိဘများအိမ်သို့ အ၀င်လှခဲ့ပြီး တပည့်များ၏
အောင်မြင်မှုပီတိကို မြိန်မြိန်ကြီးခံစားခဲ့ရလေသမျှ သင်းကလေးတို့ တက္ကသိုလ်ရောက်လျှင်
သင်းကလေးတို့၏ မိဘများနှင့် ဦးဟန်ကြည် မတွေ့လိုတော့ပြီ။ သင်းကလေးတို့ အိမ်များသို့
အလည်မသွားလိုတော့ပြီ။ တပင်တပန်း ရေလောင်းပေါင်းသင်ထားရသော ပန်းကလေးများ ငုံကာစအရွယ်တွင်
ပိုးကိုက်ပျက်စီးခြင်းကို မည်သည့်ဥယျာဉ်မှူး ခံစားနိုင်ပါမည်နည်း။ သို့သော် သင့်ရာအပ်ပို့ရမည်က
ဆရာတို့တာဝန်မဟုတ်လော။ ထို့ကြောင့် မိဘများကို သားသမီးသွန်သင်လမ်းညွှန်နည်း အကြံပြုရသည်ကတစ်မျိုး၊
တက္ကသိုလ်ရောက် မောင်ကျောင်းသားများ မြို့ပြန်ရောက်လာကြလျှင် ခေါ်ယူဆုံးမသည်ကတစ်ဖုံဖြင့်
ဆေးမြီးတိုပေါင်းစုံသုံးရပြန်သည်။ ပြုတ်သွားသော ကျည်တောက်ကို ပြန်စွပ်နိုင်ရန်ကား မလွယ်တော့။
ဦးဟန်ကြည် မျက်စိရှေ့တွင်ပင် တက္ကသိုလ်ကျောင်းသား တပည့်များ ဟောတစ်ယောက် ဟောတစ်ယောက်
စာမေးပွဲတဖုံးဖုံးကျ၊ ဆေးသမားဖြစ်၊ အရက်သမားဖြစ်၍ ဘ၀ပျက် ကျောင်းထွက်ကုန်ကြသည်မှာ ရင်ထုမနာ။
ပညာဖြင့် လောကကို အလှဆင်လိုသည့် ဦးဟန်ကြည်၏ ဆုတောင်းပြည့်စေရန် လမ်းကြောင်းဖြောင့်ဖြောင့်သွားသည့်
တက္ကသိုလ်ကျောင်းသားမှာ တစ်နှစ်နေ၍ သုံးလေးယောက်ပင် မပြည့်တတ်တော့။ ကျောင်းသားအများစုမှာ
တက္ကသိုလ်ရောက်သည်နှင့် အဆင်းကို ဘီးတပ်ပြီး ဖြစ်သွားလေပြီ။
credit to Google |
တက္ကသိုလ်တက်၍ အပျက်ကြီးပျက်လာကြသော
ကျောင်းတော်သားဟောင်းများကို မျက်ဝါးထင်ထင် မြင်ကြရလျှင် နှစ်သစ်ဆယ်တန်းအောင် ကျောင်းသားတို့၏
မိဘများသည် ဦးဟန်ကြည်ဟောနေကျ တက္ကသိုလ်ကျေးဇူးတရားတို့ကို သံသယဖြစ်လာကြလေပြီ။ သူရို့သားသမီးများကို
တက္ကသိုလ်ပို့လိုက်လျှင် ပျက်စီးမည်ဟုသာ တစ်ထစ်ချ တွေးကြကုန်၏။ ရင်နာဖွယ်ပင်။ မည်သို့ပင်ဆိုစေ
တစ်ကြောင်းစွဲ ဦးဟန်ကြည်ကား သူ၏ချစ်တပည့်များ တက္ကသီလာရင်ငွေ့ခိုလှုံခွင့် ရစိမ့်သောငှာ
“ တက္ကသိုလ်ပို့တာ ပျက်စီးတယ်ဆိုရင် ဒီနေ့ကမ္ဘာပေါ်က နိုင်ငံတိုင်းမှာ
တက္ကသိုလ်တွေ ဘယ်မှာထားကြတော့မလဲ…ပျက်တယ်ဆိုတာကတော့ အိမ်မှာထားလည်း ပျက်ချင်တဲ့ကလေး
ပျက်မှာပဲ…တက္ကသိုလ်မှာ ပျက်တယ်ဆိုတာက ပညာတတ်ပျက်ပျက်ကြတာဆိုတော့ ပျက်တာချင်းတူဦးတောင်
အဖတ်ဆယ်လို့ ရသေးတယ်… ” ဟူသည့် ရွှေပြည်အေးတရားဖြင့် ကျောင်းသားမိဘများကို သွေးဆောင်မြဲပင်။
စာမတတ်ပေမတတ် ကျောင်းသားမိဘများကား ဆရာဦးဟန်ကြည်၏ စကားကို မြေ၀ယ်မကျ နားထောင်ကြစမြဲ။
ဦးဟန်ကြည်ကလည်း တက္ကသိုလ်တက်လတ္တံ့သော ကျောင်းသားများကို ကျောင်းသားကျင့်ဝတ်များ တိုးတက်အောင်ကြိုးစားနေထိုင်နည်းများကို
ထုံးစံမပျက် သွန်သင်မြဲ။ ကျောင်းသားများကလည်း တက္ကသိုလ်တက်၍ နှစ်လမပြည့်ချင် ပျက်စမြဲ။
ထိုဖြစ်စဉ်ကြီး ခေါက်ရိုးကျိုးလာလေလျှင် တက္ကသီလာကို မြတ်နိုးနှစ်လိုသော မြကျွန်းသာဘက်တော်သားကြီး
ဦးဟန်ကြည်တစ်ယောက် ချစ်သောတက္ကသီလာကို သံသယ၀င်လာရလေပြီ။ ငါးတန်းကျောင်းသူတစ်ယောက်က
အခြားတစ်ယောက်ကို “ ငါတို့ဆယ်တန်းအောင်အောင် ဖြေရအောင်…ဒါမှ
တက္ကသိုလ်ရောက်ရင် ကဲလို့ရမှာ ” ဟု တိုက်တွန်းနေသံကို လွန်ခဲ့သော သီတင်းပတ်က
ကြားရလျှင် တက္ကသီလာသံသယဖြင့် လေးလံနေသော ဦးဟန်ကြည်၏ရင်ဝကို ဆယ်ပေါင်တူနှင့်ထုသလို
နာလေတော့သည်။ တက္ကသီလာသည် ကဲစရာ ဖြဲစရာ ရွဲစရာ
နေရာဖြစ်နေပြီလော။ တက္ကသိုလ်သည် လင်ရွေးပွဲ၊ မယားရွေးပွဲခံရာ ဒေသကြီးလော။ ဖဲ အရက် မူးယစ်ဆေး
ရောင်းဝယ်ဖောက်ကားရာ ကုန်စည်ဒိုင်ကြီးလော။ “ ခုံနံပါတ်ထိုး သုံးဆယ့်ကိုး…ကျန်တာကူးချ
ဂုဏ်ထူးရ ” ဟု တွင်တွင်ကြီး ကြွေးကြော်နေကြသော တက္ကသိုလ်ကျောင်းတော်သူ ကျောင်းတော်သားများကို
ဦးဟန်ကြည် ဒေါလည်းပွ သနားလည်းသနားပါ၏။ B.A ဆိုက်ကား၊ B.Sc ကွမ်းယာဟူသော ဂုဏ်ပုဒ်များ
မျက်စိရှေ့တွင် မြင်မကောင်းရှုမလှဖြစ်နေရခြင်းမှာ ကြေကွဲဖွယ်အတိ။
တက္ကသိုလ်ပညာသင်ယူပြီးမြောက်ခဲ့သော ကျောင်းသားများ
အလုပ်လက်မဲ့ဖြစ်နေရခြင်းကို ဦးဟန်ကြည် ၀မ်းမနည်း။ တိုင်းပြည်၏ ဆင်းရဲနုံချာသော အဖြစ်ကို
ဦးဟန်ကြည် နားလည်သည်။ သို့သော် တက္ကသီလာတွင် လေးနှစ်တာ ပညာသင်ယူခဲ့ပါလျှက် စိတ်ဓာတ်
အသိဥာဏ် စာရိတ္တတို့ ထူးခြားကောင်းမွန်မလာသည့်အပြင် ယိုယွင်းပျက်စီးသွားရခြင်းကိုသာ
ကြေကွဲ၏။ တက္ကသိုလ်တွင် မည်သည့်စာများကို မည်ကဲ့သို့ သင်ကြားပေးနေပါသနည်း။ အင်္ဂလိပ်စာ
အထူးပြုဖြင့် ဘွဲ့ရလာခဲ့သော တပည့်မတစ်ယောက် အင်္ဂလိပ်စာကို အမြီးအမောက်တည့်အောင် မရေးနိုင်သောအခါ
ဆရာဖြစ်သူ ဦးဟန်ကြည်က ဒေါသတကြီးဖြင့် မြည်တွန်တောက်တီးဖူးသည်။ ထိုတပည့်ကျော်က “ ဆရာကလည်း
တက္ကသိုလ်ဆရာတွေက ဆရာလိုမှ မသင်ဘဲ သမီးတို့ ဘယ်တတ်မှာလဲ ” ဟု ဆင်ခြေပေးလေသည်။ ဦးဟန်ကြည်
လက်မခံနိုင်။ အဆင့်မြင့်ပညာမှ ဆရာများသည် အခြေခံပညာ ကျောင်းဆရာ ဦးဟန်ကြည်ထက် ပို၍ပင်
ကျွမ်းကျင်ကြလိမ့်မည်ဟု တစ်ထစ်ချယုံကြည်လျှက်ပင်။ ထိုထိုသော တက္ကသီလာ ဆရာတို့၏ အမည်နောက်မှ
M.A, M.Sc, Phd ဟူသည့် ကြွက်မြီးတန်းကြီးများကို ဦးဟန်ကြည် လေးစားသည် မဟုတ်ပါလား။
GTC နှစ်နှစ်တက်ခဲ့ပြီး B.tech မ၀င်သဖြင့် တန်းလန်းကောင်ဘ၀နှင့် ကျောင်းထွက်လာရသော တပည့်ကျော်တစ်ယောက်က
“ ဘာတွေသင်မှန်း မသိပါဘူးဆရာရယ် ” ဟု မြည်ကြွေးပြန်လေသည်။ “ မင်းသေချာ နားမထောင်လို့
ဖြစ်မှာပေါ့ ” ဟု ဦးဟန်ကြည်က ထိုကျောင်းသားကို အပြစ်တင်၏။ သို့သော် ထိုကဲ့သို့သော
တိုင်သံတောသံ ဆင်ခြေကန်သံများ ကြားရဖန်များလျှင် ရှိရင်းစွဲသံသယစိတ်ကား ပို၍ခိုင်မြဲလာလေပြီ။
ထို့ကြောင့် တက္ကသိုလ် ပထမနှစ်ပြီး၍ ပြည်တော်ပြန်ဝင်လာကြသော ကျောင်းသားကျောင်းသူများ
ဆရာရင်း ဦးဟန်ကြည်ထံလာ၍ နှုတ်ဆက်ကြလျှင် သင်းကလေးတို့ကို ဦးဟန်ကြည် အကဲခတ်သည်။ မည်သည့်
ပညာအလင်းမျိုးကိုမှ သင်းကလေးတို့ထံတွင် မတွေ့ရ။ တိုးတက်သည့် မည်သည့်အတွေးအခေါ်မျိုးမှ
သင်းကလေးတို့ ခေါင်းအတွင်းတွင် ပါမလာ။ သေချာသည်က သင်းကလေးတို့ ခေါင်းများ သံချေးကိုက်လာသလို
စိတ်ဓာတ်များလည်း အချောင်ခို အလေလိုက်ခြင်းတို့ဖြင့် ကြေး(ဂျီး)တက်၍ နေကြလေပြီ။
ငါ့တပည့်တို့ တက္ကသိုလ်မှာ စာကြည့်တိုက်ရှိသလားဟု
ဦးဟန်ကြည်မေးမိလျှင် သင်းကလေးတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြလေတော့သည်။ ထိုမျှဆိုလျှင်
ဦးဟန်ကြည် သဘောပေါက်ပေပြီ။ ရွှေမန်းမြို့တွင် မန်းတက္ကသိုလ်အနီး၌ နှစ်ပေါင်းများစွာ
နေထိုင်လာခဲ့သော ဦးဟန်ကြည်ပင် မဟုတ်ပါလား။ အဝေးသင်သွားမည့် ကျောင်းသားတစ်ယောက် လွန်ခဲ့သော
သုံးရက်က ဦးဟန်ကြည်ထံလာ၍ နှုတ်ဆက်သည်။ assignment တွေ ဘယ်လိုဖြေသလဲဟု ဦးဟန်ကြည် စပ်စုမိပါ၏။
သူများကို အဖြေခိုင်းလိုက်တယ်ဆရာဟု ၀မ်းသာအားရ ဖြေလေသည်။ ကောင်းပါလေ့။ အဝေးသင်ပထမနှစ်အတွက်
ဘယ်လောက်ကုန်သလဲဟု ဦးဟန်ကြည် အမေးဆက်လျှင် နှစ်သိန်းခွဲလောက်တော့ ကုန်မယ်ဆရာဟု ဖြေပြန်လေသည်။
များလှချေလားဟု ဦးဟန်ကြည် တအံ့တသြစကားအစ်လျှင် အဆောင်လခက နှစ်သောင်း၊ ထမင်းလခက ငါးသောင်း
ကျူရှင်လခက ကိုးသောင်းလေဆရာရဲ့ဟု ဖြေလေတော့သည်။ နိုင်ငံတော်အစိုးရက တက္ကသိုလ်ကျောင်းလခများကို
ဈေးမြှင့်လိုက်စဉ်က မိဘများ ပူညံပူညံလုပ်ခဲ့ကြသည်။ မည်မျှပင်ဈေးမြှင့်စေကာမူ ထိုကျောင်းလခသည်
ကလေးမုန့်ဖိုးသာသာပင် ရှိသည်မဟုတ်ပါလား။ နိုင်ငံတော်ထက် ပို၍လောဘဇောကပ်လေသော အဆင့်မြင့်ပညာမှ
ဆရာတို့လက်တွင်း ပူဇော်ရသော ထိုငွေပမာဏကိုမူ မည်သူမှ စောဒက မတက်ကြ။ စာမေးပွဲအပြီးတွင်
ပူဇော်ပသရသော မသထာရေစာများကို မည်သူမျှ မမြင်။ ရွှေပြည်သားများ သဒ္ဓါတရား ထက်သန်လှချည့်။
မည်သည့်အရာမှ အလကားမတ်တင်းမရနိုင်သော လောက၏ နိယာမကို ဦးဟန်ကြည် နားလည်သည်။ ကျူရှင်လခ
ကိုးသောင်းမကဘဲ သိန်းတစ်ရာဖြစ်လျှင်လည်း ဦးဟန်ကြည် စေဒက မတက်လို။ ငွေယူထားသော်လည်း
တာဝန်ကျေအောင် မကြိုးစားသော ထိုဆရာများကိုသာ မေတ္တာတွင်တွင် ပို့လိုတော့သည်။ ဆရာဖြစ်သူများက
တာဝန်ယူမှုနှင့် သစ္စာရှိမှုတို့ကို နမူနာကောင်းမပြလျှင် ကျောင်းသားများ မည်သို့ထွန်းပေါက်ပါတော့မည်နည်း။
နိုင်ငံ့သားကောင်းများ မည်သို့ဖြစ်ပါတော့မည်နည်း။
ပညာရေးကောလိပ်တွင် နှစ်ဝက်သင်တန်းပြီးဆုံး၍
မြို့ပြန်ကာ တန်းပြဆင်းနေသော တပည့်မတစ်ယောက်က “ သမီးတို့ တက္ကသိုလ်က တစ်ချို့ဆရာမတွေ
ဒေါသအတော်ကြီးတယ်ဆရာ…ဘာမှမမေးရဲဘူး…သူသင်တာလည်း ဘာမှနားမလည်ဘူး…” ဟု ဆရာရင်းဦးဟန်ကြည်ကို
အားကိုးတကြီးတိုင်လေသည်။ သူတန်းပြဆင်းသောမူလတန်းကျောင်းမှ ဆရာမတစ်ယောက် နားနေခန်းအတွင်းတွင်
ရည်းစားနှင့်ပလူးနေခြင်းကိုလည်း မကျေမနပ်ဖြင့် ရင်ဖွင့်လေသည်။ ဦးဟန်ကြည်ကား ရင်နာရုံမှလွဲ၍
ဘာမျှ မတတ်နိုင်။ သမီးတို့ကျောင်းမှာ တန်းပြလာဆင်းတဲ့ ဆရာမလေးတွေ အတော်ကြမ်းတယ်ဆရာ…တစ်ချိန်လုံး
အော်ငေါက်နေတာပဲဟု ရင်ဖွင့်လေသော နှစ်တက်တပည့်များ၏ စကားသံကိုသာလျှင် ပြန်လည်ကြားယောင်မိလေသည်။
ဆရာမလောင်းများကို သင်ကြားပေးနေသော ဆရာများသည်ပင် ဆရာမပီသလျှင် ကျန်ဆရာများ မည်သို့ရှိလေမည်နည်း။
ထိုဆရာမလောင်းများ ဆရာအဖြစ်သို့ရောက်ကြလျှင် သူရို့ကောလိပ်မှ ဆရာမများ၏ အတုကိုယူ၍ ကြမ်းကြ
ရမ်းကြဦးမည်မှာ မြေကြီးလက်ခတ်မလွဲ။ မျက်နှာတွင် မိတ်ကပ်အဖွေးသား ခွာမြင့်ဖိနပ်တစ်တောင်လောက်နှင့်
နားနေခန်းတွင် ရည်းစားနှင့် ပလူးသောဆရာများကိုသာလျှင် မွေးထုတ်နိုင်ပေလိမ့်မည်။ တက္ကသီလာမှ
ပြဌာန်းချက်များကို လက်လှမ်းမီသလောက် ဦးဟန်ကြည်ဖတ်ကြည့်သည်။ အားလုံးအဆင့်မီပါ၏။ ထိုစာများကို
ကျကျနန လေ့လာ၍ နိုင်ငံရပ်ခြားတွင် ပညာဆက်လက်သင်ယူကြသော မိတ်ဆွေများကိုလည်း စုံစမ်းကြည့်သည်။
နိုင်ငံခြားတက္ကသိုလ်များတွင်လည်း အထစ်အငေါ့မရှိ စာလိုက်နိုင်ကြပါ၏။ သို့သော် ထိုထိုသော
ကျောင်းသားများကား လူလွန်မသားများပင်။ ကိုယ့်ကိုယ်ကို ကောင်းစွာ ထိန်းချုပ်နိုင်ကြသော
ဇာနည်ဘွားများပင်။ ကျန်ကျောင်းသားအများစုမှာ ဘွဲ့ရ၍ အလုပ်ဝင်လျှင် ဘွဲ့ရလူရမ်းကားများချည်း
ဖြစ်ကုန်ကြသည် မဟုတ်ပါလော။
ဦးဟန်ကြည် မည်မျှပင် ကြိတ်မနိုင်ခဲမရ
ဒေါပွနေသော်လည်း မည်သို့မျှ မတတ်နိုင်။ အရေးလည်းမပါ အရာလည်း မရောက်သော သာမန်ဆရာတစ်ယောက်၏
ဘ၀သည် ဒေါသကို အဖော်လုပ်ရင်း အသက်တိုရသည်သာလျှင် အဖတ်တင်ပါ၏။ တိုင်းပြည်ကို ချစ်မြတ်နိုးကြသော
ကျန်မိတ်ဆွေများလည်း ထိုနည်းနှင်နှင်ပင် ခံစားကြရမည်မှာ သေချာလှသည်။ စိတ်ပျက်ဖွယ်ပင်။
တက္ကသိုလ်ကြီးများကို အဆောက်အဦများ ပရိဝုဏ်များ မည်မျှအဆင့်မီအောင် မွမ်းမံသည်ဖြစ်စေ၊
ပြဌာန်းချက်များကို မည်မျှကောင်းမွန်အောင် ပြုပြင်သည်ဖြစ်စေ တက္ကသီလာဆရာတို့၏ စိတ်ဓာတ်နှင့်
တာဝန်ယူမှုအပိုင်းကို တိုးတက်အောင် မမြှင့်တင်နိုင်လျှင် တိုင်းပြည့်ဘဏ္ဍာများ အဟောသိကံဖြစ်ရုံကလွဲ၍
ဒုံရင်းအစ်စ် ဒုံရင်း ဖြစ်နေဦးမည်မှာ မြေကြီးလက်ခတ်မလွဲ။ သို့သော် ရွှေပြည်ကြီးကား
မျက်စိကျဉ်း၍ ဖင်ခေါင်းကျယ်သော စရိုက်ဆိုးကြီးဖြင့် ခေါက်ရိုးကျိုးနေလေပြီ။ အပေါ်ယံရွှေမှုန်ကြဲရသည်ကိုပင်
အဟုတ်ကြီးထင်နေကြလေပြီ။ ကောင်းပါလေ့။
တစ်မနက်ခင်းတွင် ဆယ်တန်းကျောင်းသားများက
ဦးဟန်ကြည်ကို မေးခွန်းထုတ်လေသည်။ သင်းကလေးတို့၏ မေးခွန်းမှာ ဆရာ…သားတို့တက္ကသိုလ်ရောက်ရင်
ဘာဖြစ်မလဲဆရာ…ဟူ၏။ မြင်မြင်သမျှ ဘ၀င်မကျသော ဦးဟန်ကြည်က “ တက္ကသိုလ်ရောက်သွားရင် F4 ဖြစ်တာပေါ့ကွာ . . . ” ဟု ဘုနှိပ်လိုက်လေသည်။ F4 ဆိုတော့ ကိုရီးယားမင်းသားဖြစ်တာလားဟု
အလိုက်မသိသော မောင်ကျောင်းသားတစ်ယောက်က အထွန့်တက်လေလျှင်..
“ တက္ကသိုလ်ရောက်ရင်
ဖဲရိုက်
ဖိုးရှူ
ဖာလိုက်
ဖွန်ကြောင်
ဆိုတဲ့ ဖဦးထုပ်လေးလုံး F လေးလုံးနဲ့
ပြည့်စုံသွားလို့ F4 ဖြစ်သွားတာဟေ့ ” ဟူ၍ ခပ်ပြင်းပြင်း
ပြောချလိုက်မိပါလေသတည်း။ ။
( တိုင်းပြည်၏
အနာဂတ်အညွန့်အဖူးများဖြစ်ကြသော လူငယ်မောင်ကျောင်းသားများ တက္ကသိုလ် F4 ဘ၀မှ အမြန်ဆုံး
ကင်းလွတ်နိုင်ကြပါစေ။ တိုင်းပြည်ကို ပညာဖြင့် အလုပ်အကြွေးပြုနိုင်သော ပြုလိုသော တာဝန်ကျေပွန်သည့်
လူရည်မွန်များ ဖြစ်ကြပါစေဟု ဆုမွန်ခြွေလိုက်ပါကြောင်း )
16 comments:
ဆရာဦးဟန်ကြည်ရေးတာ အရမ်းကြိုက်လို့ ရှဲခွင့်ပြုပါနော် ဆရာ... :)
သဘောရှိ စိတ်ကြိုက် ရှဲနိုင်ကြောင်းပါဗျား...း)
ပြောစရာတွေအများကြီးဖြစ်သွားလို့ တစ်ခွန်းမှ ပြောမထွက်နိုင်ဖြစ်သွားခဲ့တယ် လေးလေး..။
သူသူက ခုနှစ်နှစ် စာသင်ခဲ့တဲ့သူပါ..။
ထပ်တူ ခံစားနိုင်တယ်.....။
ဘာကြောင့် အခုလက်ရှိလူမှုရေးအဖွဲ့အစည်းထဲ ခြေစုံပစ်ဝင်ခဲ့လည်း ဆိုတဲ့ ဒဏ်ရာတွေပါ ပြန်ပေါ်လာသလိုပဲ...။
တိုက်ဆိုက်နေတာက လတ်တလောမှာ စာသင်ခဲ့စဉ်က အဖြစ်အပျက်တွေနဲ့ “မနက်ဖြန်” ဆိုတဲ့ အက်ဆေးတစ်ပုဒ်ရေးနေပါတယ်..။
အဲလို ရေးနေချိန်မှာ ဒီဆောင်းပါးဖတ်ရတာ အတွေးတွေနဲ့ ဝေ့သီငေးမောမိတယ်...။
သမီး
သူသူ
တိုက်ဆိုင်*
( စာလုံးပေါင်း ပြင်ခဲ့ပါတယ်)
ကောင်းလိုက်တဲ့ ဆောင်းပါး ဆရာဟန်ရေ့.....၊ ပြောသွားတဲ့ အချက်တိုင်းဟာ တစ်ကြောင်းရေး၊ တစ်ခါထိပဲဗျို့...၊ အဆုံးလည်း သတ်ရော.. သက်ပြင်းတွေချ၊ လေပူကြီးတွေ မှုတ်ထုတ်ပြီး ကျန်ခဲ့ ရတော့တယ်...၊
ဒီဆောင်းပါးလေးကို ဂျာနယ်တစ်စောင်စောင်၊ ဒါမှမဟုတ် ပုဂ္ဂလိက သတင်းစာ တစ်စောင်စောင်မှာ ဖော်ပြပေးနိုင်ရင် ကောင်းမယ်ဗျာ..။
ဆရာဟန်ကြည်ရဲ့  F4 ကတော်တော်ကိုကောင်းတဲ့ ဆောင်ပါးတပုဒ်ပါ။
မလေးတို့ ကိုယ်တိုင်တောင် ဒီအကြောင်းတွေ မြင်နေကြားရတာ နောင်အနာဂတ်ကလေးတွေအတွက်ရင်
လေးမိတယ်။ ဆရာဒီလိုဆောင်းပါးလေးတွေများများရေးပါနော်။
ခင်မင်စွာဖြင့် 
မလေး
ဟင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။
အိုင်အိုရာ
ဆရာကလည်း F4 ဆိုလို့ ကိုးရီးယားမင်းသားအကြောင်းရေးတယ်မှတ်တာ...တကယ်လဲ ခုခေတ်ကျောင်းသားတွေအကုန်နီးပါးအဲလိုဖြစ်နေကြတာ ဆရာ့ဆောင်းပါးလေးနဲ့ နှက်လိုက်တာ ကြိုက်တယ်ဗျာ
ပတ်ဝန်းကျင် ရဲ့ လွှမ်းမိုးမှု ဆိုတာတော့ တကယ်ပဲ ရှိပါတယ် ... ခင်ဗျာ ... ။ မြန်မာနိုင်ငံ ပညာရေး စံနစ်ကြီး ကိုလည်း ပြုပြင်ဖို့ သင့်နေပါပြီ ... ။ နောက်ပြီး ... စံနစ် ကို ချည်း လက်ညှိုးထိုးနေမယ့် အစား ... တစ်ဦးချင်း တစ်ယောက်ချင်း က လည်း ... ဒီလို ၀ါဒမှိုင်း ၊ မှားယွင်းတဲ့ လူ့တန်ဖိုး ကျဆင်းစေမယ့် ... ဖိအားတွေ စေ့ဆော်မှုတွေ ထက် ... ကိုယ့် လမ်းကြောင်း နဲ့ ကိုယ့် ပန်းတိုင် ကို ပီပီပြင်ပြင် တစိုက်မတ်မတ် လျှောက်တတ်ဖို့ ပြုပြင်ကြရလိမ့်မယ် ထင်မိတာပါပဲ ခင်ဗျာ ... ။
ကောင်းလိုက်တဲ့၊ထိလိုက်မိလိုက်တဲ့ ပို့စ်ပါလားဆရာရေ့။
ဆိုးရွားညံ့ဖျင်းလှတဲ့ ပညာရေးစနစ်ကြီးကို တာဝန်ရှိသူ
များက ခုထိပြင်ဖို့၊ဆင်ဖို့၊အဖက်ဆယ်ဖို့မကြိုးစားကြ
သေးတာကိုတော့ အံသြလို့မဆုံးနိုင်အောင်ဖြစ်ရပါရဲ့။
F4 ဆိုလို့  ဆြာဟန်တယောက်ကတော့ ကိုရီးယားကားအကြောင်း ရေးမှာမဟုတ်လောက်ပါဘူးလေဆိုပြီး ပြေးလာတာ ထင်တယ့်အတိုင်း...တက္ကသိုလ်ရောက်မှ အရက်သမား၊ ဖဲသမား၊ ဆေးသမား ဖြစ်သွားတာကို မြင်ရတိုင်း စိတ်မချမ်းသာလွန်းလို့ ...မြန်မာပြည်က ကလေးတွေကို နိုင်ငံခြားတက္ကသိုလ်က ပညာရေးလိုမျိုး ရစေချင်လိုက်တာ...နိုင်ငံခြားကျောင်းတွေမှာ ဆရာက နည်းနည်းသင် ကျောင်းသားက လက်တွေ့ များများလုပ်၊ လိုက်ဘရီထဲ စာဖတ်၊ သင်ထားတယ့်ဘာသာနဲ့ အသက်မွေးဝမ်းကျောင်းပြု ...မြန်မာပြည်မှာတော့ မျိုးဆက်သစ်တွေအသစ် ရင်လေးတယ်...
ဆရာ.. တကယ်ကို ခံစားရတဲ့ ပိုစ်ပါပဲ။
"တက္ကသီလာတွင် လေးနှစ်တာ ပညာသင်ယူခဲ့ပါလျှက် စိတ်ဓာတ် အသိဥာဏ် စာရိတ္တတို့ ထူးခြားကောင်းမွန်မလာသည့်အပြင် ယိုယွင်းပျက်စီးသွားရခြင်းကိုသာ ကြေကွဲ၏။"
အဲလို ကလေးတွေကို တွေ့တိုင်း အမြဲစိတ်မကောင်းဖြစ်ရတာ အမြဲပါပဲ။..
တက္ကသိုလ် ကျောင်းသားတိုင်းတော့ မပျက်စီးပေမယ့် အတိုင်းအတာ တစ်ခုထိတော့ အရင်ခေတ်တွေကထက် ပျက်စီးနေတာကတော့ ဆရာ ပြောသလို မမြင်ချင်မှအဆုံး၊ မကြားချင်မှ အဆုံး ဆိုတော့လည်း ခံစားရ ရင်ဝ မသက်သာပေါ့ဆရာရယ်။
ပညာရေးစနစ် သို့မဟုတ် ဆရာ(တချို့)တွေရဲ့ မှားယွင်းမှုတွေကြောင့်လို့ဆိုနိုင်သလို
ပတ်ဝန်းကျင် ပြောင်းလဲမှုကြောင့်လည်း ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။
စိတ်ပညာအရ.. အဲဒီအရွယ်လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကြောင့် အနည်းနဲ့အများ တက္ကသိုလ်ရောက်ရင် ပျက်စီးတတ်ကြပါတယ်။
ဆယ်တန်းကျောင်းသားဘ၀မှာတော့ မိဘအုပ်ထိန်းသူ သို့မဟုတ် ဘော်ဒါအုပ်ထိန်းသူ စသည်ဖြင့် အထိန်းအကွက်နဲ့ နေနေရာက ကိုယ့်ဘာသာကိုယ် self control နဲ့ နေရတဲ့ လွတ်လပ်တဲ့ ကျောင်းသားဘ၀မှာ လူငယ်သဘာဝ ရုတ်တရက် ခြေလွတ်လက်လွတ်ဖြစ်သွားတာကြောင့် တချို့ လူငယ်လေးတွေ တက္ကသိုလ်မှာ ပျက်စီးသွားကြတဲ့ ဇာတ်လမ်းမျိုးတွေက ခေတ်အဆက်ဆက်.. ကျွန်မတို့ နောင်တော် အစ်ကိုအစ်မတွေခေတ်ထဲက ကြားဖူးခဲ့သလို ကျွန်မတို့ ကျောင်းတက်တုန်းကလည်း တွေ့ဖူးခဲ့တော့၊ နောင်လည်း အနည်းနဲ့အများတော့ ရှိနေဦးမယ် ထင်ပါတယ်။
ဆရာ၊ ဆရာမတချို့ရဲ့ အကျင့်စာရိတ္တ ပျက်ပြားမှုကတော့ တကယ့်ကို နားမချမ်းသာ ရှိစရာပါ.။ (မနက်ကတောင် ဆရာမက စာလာဖတ် ဘာသာပြန်ပဲ ဖြစ်နေတယ်ဆိုတဲ့ အင်တာနက် သတင်းတစ်ခု ဖတ်ရသေးတယ်)
ဒါပေမယ့်လည်း..
ခေတ်စနစ်မကောင်းပေမယ့် ကိုယ့်အသိနဲ့ကိုယ် ကိုယ်ဘာသာ ထိန်းချူ့ပ်ပြီး ကိုယ်လမ်းကို ဖောက် ကြိုးစားတဲ့လူငယ်တွေလည်း အများကြီး ရှိပါသေးတယ်။ မိဘက မရှိတဲ့ကြားက ချို့ငဲ့စွာ ကျောင်းတက်ခဲ့ရပြီး၊ စကော်လာအဆင့်ဆင့်လျှောက်ပြီး ကျောင်းတက်နေတဲ့လူငယ်တွေ ရှိပါသေးတယ်။ တချို့ဆို အဆင့်ဆင့် ကြိုးစားလို့ နိုင်ငံခြားမှာတောင် ပညာသင်ကြားနေကြပြီ။ တချို့ဘလော့ဂါတွေက အဲလို ပညာသင်ကျောင်းသားတွေဆိုတာ သတိထားမိလို့ပါ။
ကိုယ့်ပြုပြင်လို့မရတဲ့ ခေတ်ကြီးကိုတော့ မတတ်နိုင်လို့ သည်းခံချင်းမျိုးနဲ့ သည်းခံပြီး (:D) လူငယ်ပီပီ ကိုယ့်အနာဂတ်အတွက် ဘာလိုပဲဖြစ်ဖြစ် ကျားကုတ်ကျားခဲ့ အစွမ်းကုန်ရှိသ၍ ကြိုးစား
ဖို့ပဲ တိုက်တွန်းရတော့မှာပေါ့ ဆရာရယ် :))
တိုင်းပြည်၏ အနာဂတ်အညွန့်အဖူးများဖြစ်ကြသော လူငယ်မောင်ကျောင်းသားများ တက္ကသိုလ် F4 ဘ၀မှ အမြန်ဆုံး ကင်းလွတ်နိုင်ကြပါစေ။ တိုင်းပြည်ကို ပညာဖြင့် အလုပ်အကြွေးပြုနိုင်သော ပြုလိုသော တာဝန်ကျေပွန်သည့် လူရည်မွန်များ ဖြစ်ကြပါစေဟု..
ဆရာလို့ပဲ ဆုမွန်ခြွေလိုက်ပါကြောင်း..။
ဖတ်ရင်း နဲ့ မော
မောနေရင်းဆက်ဖတ်
နောက်ဆုံး ပင့်သက်ကြီး ကျန်သွားတယ် ။
ဆရာ့ ဆုတောင်းလေး အမြန်ပြည့်ပါစေ ဆရာ ။
F4 ဆိုတော့ ဘာပြောချင်တာပါလိမ့်လို့ဟာ အဆုံးထိအောင် ဖတ်ပြီးမှပဲ သဘောပေါက်တော့တယ်။ ဆောင်းပါးလေးက အရမ်းကို ကောင်းပါတယ်ရှင်။
ကွင်းစကွင်းပိတ်လေးထဲက ဆုတောင်းလေးတွေလည်း အမြန်ဆုံးပြည့်ဝပါစေလို့ ဆုမွန်ကောင်း ထပ်တောင်းသွားပါတယ်။
F4 ဗုဒ္ဓေါ
ဆရာ့လက်စွမ်းတွေ သိပ်ထက်နေတာပဲ။
ဆရာ့ဟန်ကြည့်ဆုတောင်းပြည့်ပါစေ။
F4 ကိုအခြေခံပြီး ဆရာဟန်ကြည်တစ်ယောက် ပညာတွေပေးတော့မယ်လို့ ထင်တဲ့အတိုင်းပဲ ကောင်းလိုက်တဲ့ဆောင်းပါးလေးပဲ တစ်ပုဒ်ဆိုရင်တစ်ပုဒ် ထိတယ်မိတယ် ဆရာရေ..း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment