Monday, 30 September 2013

ဦးဟန်ကြည်နှင့် ပရဟိတ . . .

ခေတ်ကြီးကား တိုးတက်လှသည်။ လူထုကလည်း သမိုင်းတစ်လျှောက်တွင် မကြုံစဖူး တက်ကြွလှပါ၏။


photo credit to Google


Civil society ဟု အမည်တွင်သည့် လူမှုအဖွဲ့အစည်းများလည်း မိုးဦးကျမှိုများကဲ့သလို့ အလျှိုအလျှိုပေါ်လာလာလိုက်ကြသည်မှာ ဟောတစ်ဖွဲ့ ဟောတစ်ဖွဲ့။ ခေါင်းစဉ်ပေါင်းစုံ လုပ်ဆောင်ချက်ပေါင်းစုံဖြင့် လူထုအကျိုးကို စွမ်းသမျှ သယ်ပိုးကြမည့် ထိုလူမှုအဖွဲ့အစည်းများကို ဦးဟန်ကြည် ချစ်သည်။ ထိုအဖွဲ့အစည်းများတွင် စိတ်ရောကိုယ်ပါ နှစ်မြှုပ်လုပ်ကိုင်နေသူ လူငယ်လူကြီးမရွေးကို ဦးဟန်ကြည် လေးစားသည်။ လူထုကို ဦးဟန်ကြည် ချစ်သည် မဟုတ်ပါလား။

ဦးဟန်ကြည်ကိုယ်တိုင်လည်း ပရဟိတအလုပ်ကို နိုင်သလောက် စွမ်းသလောက် လုပ်ဖြစ်သည်။ အဖွဲ့အစည်းတစ်ခုခု၏ ခေါင်းစဉ်အောက်သို့ကား မ၀င်ဖြစ်ခဲ့။ မည်သည့်လုပ်ငန်းကိုမဆို ကိုယ်စိတ်ကိုယ်ပိုင် လွတ်လွတ်လပ်လပ် လုပ်ကိုင်လိုသော ဆန္ဒကြောင့်ပင် ၀ါသနာတူရာ မိတ်ဆွေများနှင့် ညှိုနှိုင်းပြီး လိုအပ်သောနေရာများကို ဖြည့်သည်။ သို့သော် စားဝတ်နေရေးအတွက် အလုပ်တစ်ဖက် လုပ်ရပြန်သောကြောင့် စဉ်ဆက်မပြတ်မလုပ်နိုင်။ ထို့ကြောင့် နိုင်သလောက်ကိုသာ ကျကျနန လုပ်ခြင်း ဖြစ်လေသည်။

ကိုယ်တိုင် ပရဟိတ လုပ်ရုံနှင့် အားမရသေးဘဲ တပည့်များကိုလည်း ပရဟိတစိတ်ဓာတ်ဝင်စေရန် ဟောပြောခြင်းသည် ဦးဟန်ကြည်၏ တစ်နေ့တာ လုပ်ငန်းများထဲမှ တစ်ခု။ မလိုအပ်ဘဲ မုန့်ဝယ်စားပစ်လိုက်သော ပိုက်ဆံသည် ဖြုန်းတီးခြင်းဖြစ်ကြောင်း ထိုငွေပမာဏ တစ်ထောင်နှစ်ထောင်သည် မရှိဆင်းရဲသားများအတွက် ထမင်းတစ်နပ် ဖြစ်သွားနိုင်ကြောင်း အသိပညာပေးသည်။ ငွေ လေးငါးထောင် မျှဖြင့် ဘ၀ပျက်ကြရသူများရှိကြောင်းကို သဘောပေါက်စေရန် ရှင်းပြသည်။ အထိုက်အလျောက် အောင်မြင်မှုရပါ၏။ ရာနှုန်းပြည့် အောင်မြင်မှုရစေရန်တော့ ဦးဟန်ကြည် မစွမ်း။ မုန့်ဖိုးတစ်ထောင်သုံးမည့်နေရာတွင် ငါးရာသာသုံးလျှင်ပင် ကျေနပ်ရပေပြီ။

လွန်ခဲ့သောနှစ်က ဦးဟန်ကြည်နှင့် စိတ်တူကိုယ်တူ မိတ်ဆွေများ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတစ်ကျောင်းသို့သွား၍ လိုအပ်ချက်များကို လေ့လာကြသည်။ ကျောင်းကလေးကား သပ်သပ်ရပ်ရပ်။ ကျောင်းသားအတန်ငယ်များသည်။ လေးတန်းအထိ အတန်းငါးတန်းတွင် ကျောင်းသားတစ်ရာ့ငါးဆယ်သည် ကျောင်းနှင့် မဆန့်ရင်ကာ။ ဆရာမအင်အားငါးယောက်ဖြင့် ရုန်းကြ ကန်ကြရှာသည်။ ဆရာမလေးများ၏ လစာကလည်း တစ်လမှ မြန်မာကျပ်ငွေ လေးသောင်း။ နေစရိတ်ကြီးမြင့်သော ဤဒေသတွင် ထိုငွေပမာဏဖြင့် ရပ်တည်ရန်မလွယ်။ မည်သို့ပင်ဆိုစေ လက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့များက ထိုဆရာမလေးများအတွက် နေစရာ အိမ်ခန်းများ စီစဉ်ပေးထားရာ နေရေးအဆင်ပြေသည်။ စားဝတ်နေရေးအတွက် အားလပ်ချိန်များတွင် ကျူရှင်ပြကြသည်။ ပြကြပါစေ။ သူရို့ရသော လစာက စားမှမစားလောက်ပေပဲ။

ထိုကျောင်းကလေးကိုကြည့်ပြီး ဦးဟန်ကြည်တို့ မိတ်ဆွေတစ်သိုက် ခေါင်းချင်းရိုက်သည်။ ကျောင်းတွင်လိုအပ်နေသော နည်းပညာ အကူအညီများပေးရန် ဆုံးဖြတ်ကြသည်။ ကွန်ပျူတာ တစ်စုံလှူရန် မိတ်ဆွေနှစ်ယောက် ညှိလိုက်ကြသည်။ ဦးဟန်ကြည်၏ ကျောင်းသားမိဘတစ်ဦးက printer တစ်လုံး လှူသည်။ ကျောင်းသားများက လေးကြောင်းမျဉ်းစာအုပ် ဒါဇင်ငါးဆယ်ခန့် လှူကြသည်။ ဆရာမများကို ကွန်ပျူတာ အခြေခံသင်ပေးရန် ဦးဟန်ကြည် စိုင်းပြင်းသည်။ သို့သော် အချိန်က ညှိမရ။ သူမအား ကိုယ်မအားဖြင့် နွေပေါက်သွားသည်။ လာမည့်နှစ်တွင်မှ သင်ပေးရန် ဦးဟန်ကြည် တာစူရပြန်သည်။

နွေကျောင်းပိတ်ရက်တွင် အညာတစ်ခွင် ခရီးထွက်၍ ပြန်ရောက်သောအခါ ထိုဘကကျောင်းတာဝန်ခံ ဦးပဉ္ဇင်းထံသွားသည်။ တာဝန်ခံကိုယ်တော်ကား မျက်နှာမကောင်း။ ကျောင်းထိုင်ဆရာတော်နှင့် ပြဿနာဖြစ်သည်ဟု ဆို၏။ ကိုယ်တော်ကလည်း သူ့ဘကကျောင်းကို သူ့ခြေသူ့လက် စီမံလိုသည်။ ကျောင်းထိုင်ဆရာတော်ကလည်း သူ့ကိုဘေးဖယ်ထားသည်ဟု ယူဆသည်။ အပျက်အပျက်ဖြင့် နှာခေါင်းသွေးထွက်ကြရင်း တာဝန်ခံကိုယ်တော်က ဘကကျောင်းကို စွန့်ရန်ဆုံးဖြတ်သည်။ အခြားတစ်နေရာတွင် တစ်ကျောင်းထောင်မည်ဆို၏။ လက်ရှိကျောင်းသားများကတော့ ကျောင်းဟောင်းတွင် နေရစ်ကြပေလိမ့်မည်။ ဆရာမများက မည်သို့ရပ်တည်ကြမည် မသိတော့။ ဦးဟန်ကြည် စိတ်ညစ်သွားသည်။ ပရဟိတအရေးအတွင် အတ္တမာနများ ပြိုင်နေကြလျှင် မည်သို့သဘာဝကျမည်နည်း။

အဆုံးသတ် သတ္တုချလိုက်လျှင် တာဝန်ခံကိုယ်တော် လူထွက်သွားသည်။ အခြားတစ်နေရာတွင် ကျောင်းတစ်ကျောင်းထောင်၏။ ဦးဟန်ကြည်တို့ လှူထားသော ကွန်ပျူတာများလည်း ပါသွားသည်။ ထိုကျောင်းအောင်မြင်သည် မအောင်မြင်သည်ကို ဦးဟန်ကြည် စိတ်မ၀င်စားတော့။ ပရဟိတသမားများကို ဦးဟန်ကြည် ဆန်းစစ်ရပေဦးတော့မည်။ အဘယ်ကြောင့် ပရဟိတ လုပ်ကြပါသနည်း။ မိမိ၏ တစ်ကိုယ်ရည် ထင်ပေါ်မှုအတွက် ပရဟိတ လုပ်ကြလေသလော မပြောတတ်တော့။

လူသည် အတ္တဖြင့် ရှင်သန်သော သတ္တ၀ါဖြစ်ကြောင်း ဦးဟန်ကြည် သိပါသည်။ အလှူအတန်းကိစ္စတွင်ပင် အတ္တကင်းကြသည် မဟုတ်။ လှူသမျှ ဆုတောင်းလိုက်လျှင် မိမိကိုယ်ကျိုးချည်း မဟုတ်ပါလား။ အတ္တမည်မျှပင်ရှိပါစေ ပရနှင့်ကြုံလျှင် မိမိ၏ အတ္တကို စွန့်ကြရပေလိမ့်မည်။ ထိုသို့မှ မစွန့်နိုင်ကြလျှင် လုပ်သမျှ အဟောသိကံပင် မဟုတ်လား။ ကိုတာရေးသော ပရဟိတ လုပ်ငန်းများဆိုင်ရာ စာတစ်အုပ်ကို ဦးဟန်ကြည် ဖတ်မိလျှင် ပရဟိတလုပ်ငန်းများ၏ ဦးတည်ချက် လုပ်ရပ်များ တလွဲဆံပင်ကောင်းဖြစ်နေသေးသည်ကို သဘောပေါက်မိသည်။ လှူတန်းရုံတစ်ခုတည်းဖြင့် လူတို့၏ ဘ၀ကို မြင့်မားအောင် မစွမ်းနိုင်။ ရှိစေတော့။ မလုပ်ဘဲ ဘေးထိုင်ဘုပြောနေသူများထက် လုပ်နေကိုင်နေကြသူများကို ကျေးဇူးတင်ရပေလိမ့်မည်။

ပရဟိတအသင်းအဖွဲ့များထဲတွင် နာရေးကူညီမှုအသင်းများကလည်း မြို့တိုင်းတွင် အင်အားကောင်းလှသည်။ ဦးဟန်ကြည်တို့ဒေသတွင် နာရေးကူညီမှုအသင်းတစ်သင်း ဖွဲ့ထား၏။ မြို့သူမြို့သားများ အထိုက်အလျောက် အဆင်ပြေသည်။ ၀မ်းသာရပါ၏။ သို့သော် အသင်းသက်တန်း သုံးလေးနှစ်မျှကြာလျှင် လူ့ဇာတိတို့ ထကြွလာပြန်လေပြီ။ မြို့တွင်းသို့အလှူခံထွက်သောအခါတွင် ကျွန်မတို့က ကျန်တဲ့အလှူခံတွေလို မဟုတ်ဘူး။ ရှင်တို့ကို တကယ်ကူညီနေတာ။ ထည့်ချင်သလို မထည့်ချင်သလို မလုပ်ကြပါနဲ့ ဟူသောစိန်ခေါ်သံတို့ကို ဦးဟန်ကြည် နားကလောလာသည်။ အလှူငွေပမာဏနည်းလျှင် ရပါတယ် ခင်ဗျားတို့ ဘယ်လောက်ပဲ ထည့်ထည့် ခင်ဗျားတို့ အသုဘကို ကောင်းကောင်းလုပ်ပေးမှာပါ ဟူသော ခနဲ့သံများကို ကြားပြင်းကတ်လာသည်။ ဦးဟန်ကြည်တို့ အိမ်နားမှ လူတစ်ယောက် တက်စီဆွဲစားရာမှ အဆင်မပြေသဖြင့် နာရေးအသင်းထဲဝင်သည်။ တစ်လမျှ မကြာခင် တောက်ပြောင်အရောင်ထွက်ပြီး စားနိုင်သောက်နိုင် ဆူဖြိုးလာလေရာ ဦးဟန်ကြည် မျက်စိလည်လေတော့၏။ နာရေးအသင်းကားပေါ်မှ နာရေး ယူနီဖောင်းဝတ်များ၏ ထီမထင်သောမျက်နှာပေး၊ သင်းတို့သေရင် ငါတို့လက်ထဲရောက်မှာပဲ ဟူသည့် စိတ်ထားများကို ဦးဟန်ကြည် စိတ်ကုန်နေလေပြီ။

လွန်ခဲ့သော တစ်ရက်ကျော်က မိတ်ဆွေစည်ပင်ဒုဦးစီးမှူးနှင့် စကားစပ်မိလျှင် နာရေးအသင်း နောက်တစ်သင်း ထပ်ပေါ်လာသော သတင်းဆန်းကို တအံ့တသြ ကြားရပြန်လေသည်။ ရှိပြီးသား တစ်သင်းသည်ပင် လုံလောက်နေပေပြီ။ ဤမြို့တွင် အသုဘကို ရက်ဆက်ပို့ရသည်မှာ ခပ်ရှားရှား။ တစ်ရက်လျှင် အသုဘနှစ်ခုရှိဖို့ဆိုသည်မှာလည်း ဖြစ်တောင့်ဖြစ်ခဲ။ ပရဟိတ လုပ်ငန်းများ လုပ်စရာ ဒုနှင့်ဒေး ရှိပါလျှက်နှင့် အဘယ်ကြောင့် နာရေးအသင်းကိုသာ မျက်စေ့ကျနေရသနည်း မပြောတတ်တော့။ မိတ်ဆွေက မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဟူသည့် ဆိုရိုးစကားကို ထောက်ပြသည်။ အနှီလိုသာဆိုလျှင် သူရို့ပရဟိတ လုပ်ကြသည်မှာ အတ္တဟိတ ဖြစ်နေပေရော့မည်။ မိမိအတွက် အကျိုးအများဆုံး ရှိမည့် ပရဟိတမျိုးကိုသာ လုပ်လိုသည်ဆိုပါက အဘယ်မှာလျှင် ပရဟိတ ဖြစ်ပါဦးမည်နည်း။

အသစ်ထောင်သော နာရေးအသင်းကလည်း စကတည်းက ယဉ်သကိုဟု ဆိုရပေတော့မည်။ နာရေးအသင်းရုံးအတွက် မြေနေရာရွေးကြရာတွင် သစ်တောဌာနနှင့် ညှိနှိုင်းပြီး သူရို့လိုချင်သော နေရာကို လက်ညှိုးထိုးပြလိုက်သည် ဟူ၏။ အဖွဲ့အစည်းများနှင့် ပြဿနာမဖြစ်လိုသော သစ်တောကလည်း မြေပုံထုတ်ပေးပြီး ဟုတ်ကဲ့အေးပါ လုပ်လိုက်လေရာ စည်ပင်ခေါင်းပေါ်သို့ ထိုအထုပ်က အပုံလိုက်ကျလေတော့သည်။ သူရို့ရွေးထားသော မြေနေရာက သင်္ချိုင်းမြေဖြစ်နေသည်။ စည်ပင်လုပ်ထုံးလုပ်နည်းများအရ သင်္ချိုင်းမြေဟူသည်မှာ ဒေသန္တရ အုပ်ချုပ်ရေးအဖွဲ့ အရေးမပိုင်။ ၀န်ကြီးအဆင့်မှ တိုက်ရိုက်ကိုင်တွယ်သည်။ လုပ်ထုံးလုပ်နည်းက သမာသမတ်ကျသည်။ ထိုသို့မဟုတ်လျှင် မြို့ပြအုပ်ချုပ်ရေးအဖွဲ့အစည်းက သင်္ချိုင်းမြေကို အလွဲသုံးစားလုပ်ကြမည် မဟုတ်လော။ သို့သော် နောက်ခံဘက်ဂရောင်း ထုနှင့်ထည်နှင့်လာသော နာရေးအသင်းသစ်က စည်ပင်ရှင်းပြသည်ကို လက်မခံ။ သူရို့လိုသောမြေနေရာကို ပေးလျှင်ပေး မပေးလျှင် ၀န်ကြီးထံတိုင်မည်၊ လွှတ်တော်သို့တင်ပြမည်ဟု ခြိမ်းခြောက်လေတော့သည်။ ဗဟိုဦးစီးစနစ်မှ စုတေစိတ်ကျပြီး ပြည်နယ်အစိုးရအောက်တွင် ကိုးရိုးကားယားဖြစ်နေသော စည်ပင်ခမျာ နေစရာမရှိတော့။

အချုပ်ဆိုရလျှင် ၀န်ကြီးကိုတင်ပြပြီး သူရို့လိုသော မြေနေရာကို အတည်ပြုပေးလိုက်ရပါသတည်း။ အတည်မပြု၍လည်း မဖြစ်။ လူမှုရေးကိစ္စတွင် ကဖျက်ယဖျက်လုပ်သည်ဟူသော နာမည်ဆိုးကြီးထွက်လာလျှင် သတင်းနွားတို့ အကြိုက် ဖြစ်ပေလိမ့်မည်။ ထိုအသင်းသစ်ရုံးစိုက်မည့် နေရာကား ယခင်ရှိပြီးသား အသင်းဟောင်းနှင့် မျက်နှာချင်းဆိုင်။ နှစ်သင်းကြားတွင် လမ်းတစ်ခုသာ  ခြားလေရာ မည်မျှ ပြဿနာရှုပ်ကြမည်ကို စဉ်စားစရာပင် မလို။ အသင်းဟောင်းထူထောင်သူ ပုဂ္ဂိုလ်နှင့် ယခု အသင်းသစ်ထူထောင်သူ ပုဂ္ဂိုလ်တို့တွင်လည်း ကျောင်းတော်က ရန်စရှိကြသည်ဟူ၏။ သေချာသည်မှာ ယခုအသစ်ဖွင့်သော နာရေးရုံးသစ်၏ အဆောက်အဦသည် ယခင်ရုံးဟောင်းထက် အဆပေါင်းများစွာ ပိုမိုကြီးကျယ်ပေလိမ့်မည်။ နာရေးဝန်ထမ်းသစ်များကိုလည်း အသင်းဟောင်းထက် ပိုမိုထောက်ပံ့ပေလိမ့်မည်။ ကောင်းပါလေ့။

ဦးဟန်ကြည် တစ်ခုတော့ စိုးရိမ်မိသည်။ အသင်းနှစ်သင်း မသာလုနေလျှင် ခက်ရပေတော့မည်။ မသေခင် အသက်ငင်နေစဉ်က မသာလာမှတ်နေလျှင် အဆင်မပြေ။ နှစ်သင်းပြိုင် မသာချရင်း စောင်းကြမြောင်းကြလျှင် သေပြီးသားမသာ အနေခက် အထိုင်ခက်ဖြစ်ရပေလိမ့်မည်။ ပရဟိတစိတ်ဓာတ်များ ဖောင်းပွခြင်းထက် ခေါင်းဆောင်လုပ်လိုစိတ်များ ဖောင်းပွခြင်းက အန္တရာယ် များလှပါ၏။ ဘုန်းကြီးမှန်လျှင် ဘက...လူမှန်ရင် မသာချ နေကြသည်မှာ ထူးပေဆန်းပေစွ။ ဦးဟန်ကြည်တို့ တိုင်းပြည်ကြီးတွင် ပရဟိတလုပ်ငန်းလုပ်စရာကိုင်စရာများ ဒုနှင့်ဒေး။ မရှိရှိရာ ရှာကြံ၍ ပရဟိတနေစရာမလို။ နာဂစ်ဘေးသင့် ဒုက္ခသည်များပင် ယခုအချိန်အထိ ဘ၀နှင့် စိတ်ဓာတ်များ ပုံမှန်ပြန်မဖြစ်ကြသေး။ မဒမ်ဟန်ကြည် သူရို့ဒေသကို ပြန်လျှင် နာဂစ်ဒုက္ခသည်များ၏ ဆင်းရဲဒုက္ခများကို မျက်မြင်တွေ့နေကျ။ စိတ်မကောင်းခြင်းကြီးစွာဖြင့် နိုင်သလောက် ထောက်ပံ့နေကျ။ ဘကသင့်သလောက် ဘက၊ မသာချသင့်သလောက် ချပြီးလျှင် ကျန်ပရဟိတများကိုလည်း လုပ်ကြပါဦးစို့။ ဒုတိယဦးကျော်သူ ဖြစ်ချင်စိတ်၊ ဒုတိယရွှေည၀ါဆရာတော် ဖြစ်လိုစိတ်များ ဘေးဖယ်ကြပါဦးစို့။ ကိုယ်စီကိုယ်စီ အတ္တတရားများ လျှော့ကြပါဦးစို့။

အသင်းကလေး အဖွဲ့ကလေးတစ်ခု ထူထူထောင်ထောင်ဖြစ်လာလျှင် စိတ်ကြီးဝင်တတ်သော ငါတကောကောတတ်သော မြန်မာ့ စိတ်ဓာတ်ကို မပြင်နိုင်ကြလျှင် ပရဟိတလုပ်ငန်းများ အဟောသိကံ ဖြစ်ရပေလိမ့်မည်။ ပရဟိတသည် တစ်ကိုယ်ရည် ကျော်ကြားမှု မဟုတ်၊ ဂုဏ်တုဂုဏ်ပြိုင်ရမည့် အရာမဟုတ်၊ နိုင်သလောက် စွမ်းသလောက် ရိုးရိုးကုတ်ကုတ် လုပ်ကြကိုင်ကြ ပံ့ပိုးကြရမည့် လုပ်ငန်းဖြစ်ကြောင်း ရွှေပြည်သားများ အမှန်မြင်နိုင်ကြပါစေသတည်း။   ။


( photo credit to Google )

Thursday, 19 September 2013

“ နွံ ”




 
 မလာနဲ့ခင်
နွေရင်ခွင်ထဲ  ပူလောင်ဆဲမို့...

မလွမ်းနဲ့ခင်
မေ့တတ်ရင်လည်း  ကျေနပ်ဆဲမို့...

မငိုနဲ့ခင်
နှောင်တွယ်ငင်ခြင်း  ကင်းကြစို့...

ခင်ထားရာနေ  ခင်စေရာသွား
ခင့်အနားတွင်  ခစားဝပ်စင်း
ချစ်ခြင်း၏ကျွန်  သောက၀န်ထမ်း
မောင်ပင်ပန်းပြီ...

မျက်နှာတော်ဦး မော်မဖူးချင်
ကြည်ချိုရွှင်ပြ  စကားလှတို့
တမ်းတတတ်ခြင်း  နှောင်တွယ်ကင်းစွာ
နေလိုပါလည်း...

ရစ်ချည်နှောင်ဖွဲ့  ငြိ မိခဲ့သော
ထိုသံယောဇဉ်  နွယ်တစ်မျှင်ကြောင့်
ခင်စေသမျှ  လိုတရသော
မှော်ရုံတောဝယ်  မျက်စိလည်ရင်း
ချစ်ခြင်းများကြောင့် ရူးခဲ့ပြီ...။     ။


ဟန်ကြည်
၁၉.၉.၂၀၁၃ ( ကြာသပတေးနေ့ )

သမုဒယကဗျာတွေ မရေးဖြစ်တာ အတော်ကြာနေပါပြီ။ ဒီနေ့တော့ အမှတ်မထင် ကဗျာတစ်ပုဒ် စိမ့်ထွက်လာတာမို့ အမိအရ ဖမ်းထားလိုက်မိပါတယ်။ လူကြမ်းကြီးဦးဟန်ကြည်ရဲ့ အနုသယနှောတဲ့ ရှားပါးကဗျာလို့ ဆိုနိုင်ကောင်းပါရဲ့။



image credit to
Nude Descending a Staircase, No.2 - Marcel Duchamp - WikiPaintings.
wikipaintings.org
http://uploads4.wikipaintings.org/images/marcel-duchamp/nude-descending-a-staircase-no-2-1912.jpg


Thursday, 12 September 2013

ဦးဟန်ကြည်နှင့် F 4 . . .


credit to Google


ခေတ်သည် တန့်ရပ်မနေ။ နာရီသံတစ်ချက်ချက်ကြားတွင် တစ်ရက်ပြီးတစ်ရက် ပြောင်းလဲနေသည်။ ကုန်ဆုံးသွားသော နေ့ရက်နာရီတို့ကို ပြန်လည်ရှာဖွေ၍ မတွေ့နိုင်တော့သလို ကုန်လွန်ဖြတ်သန်းခဲ့သည့် လွန်လေပြီးသော ခေတ်ကာလများကိုလည်း ပြန်လည်ရနိုင်ရန် မဖြစ်နိုင်။ မည်သို့ပင်ဆိုစေကာမူ ရိုးသားဖြူစင်မှုများ သစ္စာရှိမှုများ တာဝန်ယူမှု တာဝန်သိမှုများဖြင့် အထိုက်အလျောက် လူနံ့သင်းခဲ့သည့် အတိတ်ခေတ်များကို ဦးဟန်ကြည် လွမ်းမောသည်။ ခေတ်ဟောင်းခေတ်ဆွေးတို့ကို နောက်သို့ချန်ထား၍ ခေတ်သစ်ကိုသာ ရှေးရှုကြခြင်းသည် ဖြစ်သင့်သော သဘာဝမဟုတ်လော။ သို့သော် ကုန်လွန်ဖြတ်သန်းခဲ့ရသော မည်သည့်ခေတ်တွင်မဆို ဆိုးမွေချည်း ချန်ရစ်ခဲ့သည်မဟုတ်။ အကောင်းနှင့်အဆိုး ဒွန်တွဲနေသည့် လောကနိယာမအရ ကောင်းမွေများလည်း ရှိပေဦးမည်။ ဦးဟန်ကြည်ကား ထိုကောင်းမွေများကို မျက်မှောက်ခေတ်အထိ ယူဆောင်လာစေလိုသော Conservative သမားပင် ဖြစ်လေသည်။
အတွင်းစိတ်အခံက ရှေးမွေကို ထိုကဲ့သို့ မြတ်နိုးသည့်ကြားတွင် ၀ါသနာဘာဂီအရ စာပေတို့ကို ဖတ်ရှုလေ့လာဖြစ်သောအခါမျိုး၌ အတိတ်၏ လွမ်းမောဖွယ်တို့က ဦးဟန်ကြည်ကို ကလူ၏သို့ မြှူ၏သို့ ရှိပြန်၏။ မြကေတု၏ နှောင်းခေတ်တက္ကသိုလ်မှတ်တမ်း၊ သိပ္ပံမောင်ဝ၏ အောက်စဖို့တက္ကသိုလ်နေ့စဉ်မှတ်တမ်းတို့ကို ဖတ်ရှုသောအခါတိုင်းတွင် တက္ကသိုလ်ပီသသော ပညာရပ်ဝန်းတွင် ကျင်လည်ခွင့်ရခဲ့သူတို့ကို လေးစားအားကျစိတ်သည် တဖွားဖွား။ တက္ကသိုလ်ခေတ်ပျက်တွင် လူဖြစ်လာရသော ကိုယ့်ကိုယ်ကိုလည်း အားမလိုအားမရ။ ၁၉၈၇ ခုနှစ်တွင် ပထမအကြိမ်ထုတ်ဝေပြီး ၂၀၁၁ စက်တင်ဘာတွင် ဒုတိယအကြိမ် ပြန်လည်ထုတ်ဝေထားသော ဦးချမ်းသာ၏ “ ကျွန်တော်အိုင်စီအက် ” မှတ်တမ်းကို ၀မ်းသာအားရဖြင့် ဖတ်မိသောအခါတွင်ကား ၀မ်းနည်းမှုမှာ သာ၍ပင် ကဲလေတော့သည်။ ရန်ကုန်တက္ကသိုလ်ခေတ်ဦးတွင် ကျောင်းသားဖြစ်ခဲ့သော၊ အောက်စဖို့တက္ကသိုလ်တွင် အိုင်စီအက်စ်အစမ်းခန့်အဖြစ်ကျင်လည်ခဲ့သော ဦးချမ်းသာကြီးကို အားကျစိတ်သည်လည်း ထိန်းမနိုင်သိမ်းမရ။ မည်မျှပင် အားကျစေကာမူ တိုင်းပြည်၏ အနေအထားနှင့် အလားအလာတို့အရ ဦးချမ်းသာလို အခွင့်အရေးမျိုးကို ဦးဟန်ကြည်ရနိုင်ရန် ယခုဘ၀တွင် မလွယ်တော့ပြီ။ အရွယ်တော်ကလည်း တစ်ဆိတ်ဟိုင်းပြီ မဟုတ်ပါလား။ သားကျွေးမှု မယားကျွေးမှုအတွက် ရုန်းကန်နေရသည့် သာမန်လူသားဘ၀တွင် နေသားကျခဲ့ပြီ မဟုတ်ပါလား။ အနောက်နိုင်ငံသား လူဝင့်ကြွားတို့ကြားဝယ် မြန်မာလူမျိုး ဦးဟန်ကြည်လည်း စံမီတန်းဝင်ကြောင်း ပြသနိုင်ခွင့်သည် လေနှင်ရာသို့ မျောပါပျောက်ပျက်သွားသည့် တိမ်မျှင်သဖွယ် ခပ်ရေးရေး။ စံမီပေမီ ပညာရှင်ဖြစ်နိုင်ခွင့်သည် ဆောင်းအိပ်မက်ပမာ။

မည်သို့ပင်ဆိုစေ လတ်တလောအသက်မွေးဝမ်းကျောင်းအရ ပညာရေးနှင့် လက်ပွန်းတတီးရှိနေရခြင်းကို ဦးဟန်ကြည်တစ်ယောက် ရသေ့စိတ်ဖြေကျေနပ်မိသည်။ မိမိမရခဲ့သော အခွင့်အရေးမျိုးကို တပည့်များအား ရစေချင်လှပါ၏။ သို့သော် ပညာရေးအခြေအနေသည် တက်လမ်းမမြင်။ ဦးဟန်ကြည်ထံသို့ရောက်လာကြသော ကျောင်းသားများတွင် စိတ်ဓာတ်ခွန်အား၊ တာဝန်သိစိတ်၊ တာဝန်ကျေပွန်မှု၊ အခြေခံကျွမ်းကျင်မှုတို့က တစ်နှစ်ထက်တစ်နှစ် ပို၍ပို၍ ဆုတ်ယုတ်လာနေသည်။ မည်သည့်အရာကိုမျှ တိတိကျကျ မကျွမ်းကျင်ခြင်းသည် ခေတ်ကျောင်းသားများ၏ ဂုဏ်ပုဒ်ဖြစ်နေလေပြီ။ သို့သော် တစ်ချိန်ချိန်တွင်လာလတ္တံ့သော အဆင့်မီတက္ကသိုလ်၊ အဆင့်မီပညာရေးအတွက် သင်းကလေးတို့ကို အဆင့်မီကျောင်းသားများ ဖြစ်စေရန် ဦးဟန်ကြည် ရည်သန်သည်။ အားသွန်သည်။ ပညာရှင်တို့ ကွန်းခိုရာ၊ ပညာတတ်လူမွန်တို့ မွေးထုတ်ပေးရာ မြကျွန်းသာသို့ သင်းကလေးတို့ ရောက်ကြလေလျှင် ပညာတတ်အသိုင်းအ၀ိုင်းကြား၌ လူရည်မွန်ကလေးများ ဖြစ်လာကြမည်မှာမလွဲ။ ရွှေပင်နားလျှင် ရွှေကျေးဖြစ်ရမည် မဟုတ်ပါလား။ သို့သော် အရိုးစွဲနေသော အကျင့်စရိုက်ဆိုးများ၊ အသည်းနှလုံးတွင် ကျွဲပခုံးထနေသော ဗီဇဆိုးများကို စာသင်နှစ် တစ်နှစ်မျှဖြင့် နတ်ရေကန်တွင်း ပစ်ချလိုက်သလို ဥုံဖွမန်းလိုက်သလို ပြုပြင်ပေးနိုင်ရန် မလွယ်ကူ။ သို့သော် ခေါင်းမာလှသော ဦးဟန်ကြည်ကား အလွယ်တကူနှင့် ဇွဲလျှော့တတ်သူမဟုတ်။ ချော့တစ်ခါ၊ ခြောက်တစ်လှည့်ဖြင့် သင်းကလေးတို့ကို ပြုပြင်သည်၊ လမ်းကြောင်းတည့်စေရန် အားထုတ်သည်။ တည့်သည်လည်းရှိသလို ချော်သည်လည်း ရှိ၏။ တည့်သွားသောအခါ ပျော်ရသည်။ ချော်သွားသောအခါတွင် ကိုယ့်အားနည်းချက်ကို ပြန်ပြင်ရန် နည်းလမ်းပေးသလိုရှိသောကြောင့် ၀မ်းသာရပြန်၏။ အမှိုက်ပုံတွင်းမှ ရွှေရှာသူ မိုက်ထုတ်သမား ဦးဟန်ကြည်ပင် မဟုတ်ပါလား။ လူဆိုးကလေးများ၊ လူပျင်းကလေးများ ဆယ်တန်းကို ချောချောမောမောအောင်မြင်၍ တက္ကသီလာမြကျွန်းညိုသို့ ကွန်းခိုခွင့်ရကြလျှင် ဦးဟန်ကြည် တစ်ကိုယ်တော်ဝမ်းမြောက်လေတော့သည်။ “ မင်းရင်ထဲမှာ မင်းဆင်နွှဲတာ မင်းပဲသိတဲ့ မင်းရဲ့အောင်ပွဲပါ . . . ” ဟူသည့် အဆိုတော် ကိုင်ဇာ၏ သီချင်းစာသားက ဦးဟန်ကြည်၏ တစ်ကိုယ်ရည်အောင်မြင်မှုများကို အားပေးအားမြှောက်ပြုသည့် ဘက်တော်သားဖြစ်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့လေပြီ။

သို့သော် ဦးဟန်ကြည်၏ ပီတိသည် မှိုလောက်မျှပင် အသက်မရှည်ရှာ။ အမိတက္ကသိုလ်ရင်ခွင်သို့ တပည့်ကျော်များခိုလှုံ၍ တစ်လမပြည့်သေးခင် သင်းကလေးတို့၏ မိဘများ မျက်ကလူးဆန်ပြာဖြင့် ဦးဟန်ကြည်ထံလာ၍ အကြံဥာဏ်တောင်းကြလေပြီ။ ဆရာ့တပည့် ဘယ်သူက ဆိုင်ကယ်ပေါင်ပြီး ဖဲရိုက်ပစ်လို့။ ဘယ်ဝါက ကျောင်းမတက်ဘဲ အရက်ချည်းသောက်နေလို့။ ဘယ်ဒင်းက ရည်းစားနဲ့ချိန်းပြီး တည်းခိုခန်းမှာ သွားသွားအိပ်လို့။ ဘယ်သတ္တ၀ါက မူးယစ်ဆေးစွဲနေလို့…စသည် စသည်ဖြင့် ကောင်းသတင်းတစ်ကွက်မျှမပါ။ မိဘအသီးသီး၏ အားကိုးတကြီး တိုင်သံတောသံများကြားတွင် ဆရာဦးဟန်ကြည်ခမျာ နေမထိထိုင်မသာ။ ခွေးမြီးကောက်ကလေးများကိုလည်း အပြစ်မဆိုချင်တော့။ ခွေးမြီးကောက်ကို ဖြောင့်ရန်လည်း မဖြစ်နိုင်။ အကောက်အတိုင်း ပစ်ထားပြန်လျှင်လည်း သဘာဝမကျ။ ဦးဟန်ကြည် စွပ်ပေးထားသော ကျည်တောက်ကို ဖြုတ်ပစ်သူများကိုသာ ဆဲလိုတော့သည်။ ခွေးမြီးကောက်ကလေးများကို ကျည်တောက်စွပ်ရသည်မှာ ထင်သလောက်မလွယ်။ အကိုက်အခဲခံနိုင်မှ အငြူစူခံနိုင်မှ ဖြစ်ပေလိမ့်မည်။ တစ်နှစ်တာပတ်လုံး “ သုတ်၊ ၀ိနည်း၊ ပိဋကတ်နှင့် လျှာပြတ်အောင် ဟောတော်မူ ”၍ တပင်တပန်း လူယောင်ဖန်ဆင်းပေးထားရသော ဦးဟန်ကြည်၏ အလုပ်အားလုံး သဲထဲရေသွန်ဖြစ်ရခြင်းသည် ကျေနပ်ဖွယ်ကောင်းသော ရလာဒ်မဟုတ်။ တပည့်များ လူဆိုးကလေးများကို တက္ကသိုလ်ပညာသင်ယူရန် ဦးဟန်ကြည် တိုက်တွန်းပြီး အရောက်ပို့ပေးခြင်းသည် ကျည်တောက်ကို ဖြုတ်ခိုင်းရန်မဟုတ်။ ထိုကျည်တောက်ကို ပိုမိုခိုင်ခံ့မြဲမြံစေရန်၊ ပိုမိုကောင်းမွန်သော စာရိတ္တကျည်တောက် ပညာကျည်တောက်များဖြင့် တစ်သက်တာ ကျင့်သားရစေရန် အားကိုးတကြီးဖြင့် တက္ကသီလာသို့ ပို့ခြင်းမဟုတ်ပါလော။ ဦးဟန်ကြည်မှအစထား၍ လူတိုင်းလူတိုင်းတွင် ခွေးမြီးကောက်နှင့်တူသော ဗီဇဆိုး စရိုက်ဆိုးများ ရှိကြသည်သာ။ ထိုစရိုက်ခွေးမြီးများကို ပညာကျည်တောက် စာရိတ္တကျည်တောက်များဖြင့် ထိန်းသိမ်းထားကြရသည် မဟုတ်လော။ တက္ကသီလာမြကျွန်းသာသည် ကျည်တောက်စွပ်ပေးရာ၊ ကျည်တောက်ကျင့်ပေးရာ ဘူမိနက်သန် နေရာမှန် မဟုတ်တော့ပြီထင်၏။ ၀မ်းနည်းစရာကောင်းလှသည်။

လူရှော်ကလေးများကို ထိန်းကျောင်းပဲ့ပြင်ပြီး ဆယ်တန်းအောင်စေရန် သင်ကြားပေးခဲ့စဉ်က ကျောင်းသားမိဘများအိမ်သို့ အ၀င်လှခဲ့ပြီး တပည့်များ၏ အောင်မြင်မှုပီတိကို မြိန်မြိန်ကြီးခံစားခဲ့ရလေသမျှ သင်းကလေးတို့ တက္ကသိုလ်ရောက်လျှင် သင်းကလေးတို့၏ မိဘများနှင့် ဦးဟန်ကြည် မတွေ့လိုတော့ပြီ။ သင်းကလေးတို့ အိမ်များသို့ အလည်မသွားလိုတော့ပြီ။ တပင်တပန်း ရေလောင်းပေါင်းသင်ထားရသော ပန်းကလေးများ ငုံကာစအရွယ်တွင် ပိုးကိုက်ပျက်စီးခြင်းကို မည်သည့်ဥယျာဉ်မှူး ခံစားနိုင်ပါမည်နည်း။ သို့သော် သင့်ရာအပ်ပို့ရမည်က ဆရာတို့တာဝန်မဟုတ်လော။ ထို့ကြောင့် မိဘများကို သားသမီးသွန်သင်လမ်းညွှန်နည်း အကြံပြုရသည်ကတစ်မျိုး၊ တက္ကသိုလ်ရောက် မောင်ကျောင်းသားများ မြို့ပြန်ရောက်လာကြလျှင် ခေါ်ယူဆုံးမသည်ကတစ်ဖုံဖြင့် ဆေးမြီးတိုပေါင်းစုံသုံးရပြန်သည်။ ပြုတ်သွားသော ကျည်တောက်ကို ပြန်စွပ်နိုင်ရန်ကား မလွယ်တော့။ ဦးဟန်ကြည် မျက်စိရှေ့တွင်ပင် တက္ကသိုလ်ကျောင်းသား တပည့်များ ဟောတစ်ယောက် ဟောတစ်ယောက် စာမေးပွဲတဖုံးဖုံးကျ၊ ဆေးသမားဖြစ်၊ အရက်သမားဖြစ်၍ ဘ၀ပျက် ကျောင်းထွက်ကုန်ကြသည်မှာ ရင်ထုမနာ။ ပညာဖြင့် လောကကို အလှဆင်လိုသည့် ဦးဟန်ကြည်၏ ဆုတောင်းပြည့်စေရန် လမ်းကြောင်းဖြောင့်ဖြောင့်သွားသည့် တက္ကသိုလ်ကျောင်းသားမှာ တစ်နှစ်နေ၍ သုံးလေးယောက်ပင် မပြည့်တတ်တော့။ ကျောင်းသားအများစုမှာ တက္ကသိုလ်ရောက်သည်နှင့် အဆင်းကို ဘီးတပ်ပြီး ဖြစ်သွားလေပြီ။

credit to Google


တက္ကသိုလ်တက်၍ အပျက်ကြီးပျက်လာကြသော ကျောင်းတော်သားဟောင်းများကို မျက်ဝါးထင်ထင် မြင်ကြရလျှင် နှစ်သစ်ဆယ်တန်းအောင် ကျောင်းသားတို့၏ မိဘများသည် ဦးဟန်ကြည်ဟောနေကျ တက္ကသိုလ်ကျေးဇူးတရားတို့ကို သံသယဖြစ်လာကြလေပြီ။ သူရို့သားသမီးများကို တက္ကသိုလ်ပို့လိုက်လျှင် ပျက်စီးမည်ဟုသာ တစ်ထစ်ချ တွေးကြကုန်၏။ ရင်နာဖွယ်ပင်။ မည်သို့ပင်ဆိုစေ တစ်ကြောင်းစွဲ ဦးဟန်ကြည်ကား သူ၏ချစ်တပည့်များ တက္ကသီလာရင်ငွေ့ခိုလှုံခွင့် ရစိမ့်သောငှာ “ တက္ကသိုလ်ပို့တာ ပျက်စီးတယ်ဆိုရင် ဒီနေ့ကမ္ဘာပေါ်က နိုင်ငံတိုင်းမှာ တက္ကသိုလ်တွေ ဘယ်မှာထားကြတော့မလဲ…ပျက်တယ်ဆိုတာကတော့ အိမ်မှာထားလည်း ပျက်ချင်တဲ့ကလေး ပျက်မှာပဲ…တက္ကသိုလ်မှာ ပျက်တယ်ဆိုတာက ပညာတတ်ပျက်ပျက်ကြတာဆိုတော့ ပျက်တာချင်းတူဦးတောင် အဖတ်ဆယ်လို့ ရသေးတယ်… ” ဟူသည့် ရွှေပြည်အေးတရားဖြင့် ကျောင်းသားမိဘများကို သွေးဆောင်မြဲပင်။ စာမတတ်ပေမတတ် ကျောင်းသားမိဘများကား ဆရာဦးဟန်ကြည်၏ စကားကို မြေ၀ယ်မကျ နားထောင်ကြစမြဲ။ ဦးဟန်ကြည်ကလည်း တက္ကသိုလ်တက်လတ္တံ့သော ကျောင်းသားများကို ကျောင်းသားကျင့်ဝတ်များ တိုးတက်အောင်ကြိုးစားနေထိုင်နည်းများကို ထုံးစံမပျက် သွန်သင်မြဲ။ ကျောင်းသားများကလည်း တက္ကသိုလ်တက်၍ နှစ်လမပြည့်ချင် ပျက်စမြဲ။ ထိုဖြစ်စဉ်ကြီး ခေါက်ရိုးကျိုးလာလေလျှင် တက္ကသီလာကို မြတ်နိုးနှစ်လိုသော မြကျွန်းသာဘက်တော်သားကြီး ဦးဟန်ကြည်တစ်ယောက် ချစ်သောတက္ကသီလာကို သံသယ၀င်လာရလေပြီ။ ငါးတန်းကျောင်းသူတစ်ယောက်က အခြားတစ်ယောက်ကို “ ငါတို့ဆယ်တန်းအောင်အောင် ဖြေရအောင်…ဒါမှ တက္ကသိုလ်ရောက်ရင် ကဲလို့ရမှာ ” ဟု တိုက်တွန်းနေသံကို လွန်ခဲ့သော သီတင်းပတ်က ကြားရလျှင် တက္ကသီလာသံသယဖြင့် လေးလံနေသော ဦးဟန်ကြည်၏ရင်ဝကို ဆယ်ပေါင်တူနှင့်ထုသလို နာလေတော့သည်။ တက္ကသီလာသည် ကဲစရာ ဖြဲစရာ ရွဲစရာ နေရာဖြစ်နေပြီလော။ တက္ကသိုလ်သည် လင်ရွေးပွဲ၊ မယားရွေးပွဲခံရာ ဒေသကြီးလော။ ဖဲ အရက် မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားရာ ကုန်စည်ဒိုင်ကြီးလော။ “ ခုံနံပါတ်ထိုး သုံးဆယ့်ကိုး…ကျန်တာကူးချ ဂုဏ်ထူးရ ” ဟု တွင်တွင်ကြီး ကြွေးကြော်နေကြသော တက္ကသိုလ်ကျောင်းတော်သူ ကျောင်းတော်သားများကို ဦးဟန်ကြည် ဒေါလည်းပွ သနားလည်းသနားပါ၏။ B.A ဆိုက်ကား၊ B.Sc ကွမ်းယာဟူသော ဂုဏ်ပုဒ်များ မျက်စိရှေ့တွင် မြင်မကောင်းရှုမလှဖြစ်နေရခြင်းမှာ ကြေကွဲဖွယ်အတိ။

တက္ကသိုလ်ပညာသင်ယူပြီးမြောက်ခဲ့သော ကျောင်းသားများ အလုပ်လက်မဲ့ဖြစ်နေရခြင်းကို ဦးဟန်ကြည် ၀မ်းမနည်း။ တိုင်းပြည်၏ ဆင်းရဲနုံချာသော အဖြစ်ကို ဦးဟန်ကြည် နားလည်သည်။ သို့သော် တက္ကသီလာတွင် လေးနှစ်တာ ပညာသင်ယူခဲ့ပါလျှက် စိတ်ဓာတ် အသိဥာဏ် စာရိတ္တတို့ ထူးခြားကောင်းမွန်မလာသည့်အပြင် ယိုယွင်းပျက်စီးသွားရခြင်းကိုသာ ကြေကွဲ၏။ တက္ကသိုလ်တွင် မည်သည့်စာများကို မည်ကဲ့သို့ သင်ကြားပေးနေပါသနည်း။ အင်္ဂလိပ်စာ အထူးပြုဖြင့် ဘွဲ့ရလာခဲ့သော တပည့်မတစ်ယောက် အင်္ဂလိပ်စာကို အမြီးအမောက်တည့်အောင် မရေးနိုင်သောအခါ ဆရာဖြစ်သူ ဦးဟန်ကြည်က ဒေါသတကြီးဖြင့် မြည်တွန်တောက်တီးဖူးသည်။ ထိုတပည့်ကျော်က “ ဆရာကလည်း တက္ကသိုလ်ဆရာတွေက ဆရာလိုမှ မသင်ဘဲ သမီးတို့ ဘယ်တတ်မှာလဲ ” ဟု ဆင်ခြေပေးလေသည်။ ဦးဟန်ကြည် လက်မခံနိုင်။ အဆင့်မြင့်ပညာမှ ဆရာများသည် အခြေခံပညာ ကျောင်းဆရာ ဦးဟန်ကြည်ထက် ပို၍ပင် ကျွမ်းကျင်ကြလိမ့်မည်ဟု တစ်ထစ်ချယုံကြည်လျှက်ပင်။ ထိုထိုသော တက္ကသီလာ ဆရာတို့၏ အမည်နောက်မှ M.A, M.Sc, Phd ဟူသည့် ကြွက်မြီးတန်းကြီးများကို ဦးဟန်ကြည် လေးစားသည် မဟုတ်ပါလား။ GTC နှစ်နှစ်တက်ခဲ့ပြီး B.tech မ၀င်သဖြင့် တန်းလန်းကောင်ဘ၀နှင့် ကျောင်းထွက်လာရသော တပည့်ကျော်တစ်ယောက်က “ ဘာတွေသင်မှန်း မသိပါဘူးဆရာရယ် ” ဟု မြည်ကြွေးပြန်လေသည်။ “ မင်းသေချာ နားမထောင်လို့ ဖြစ်မှာပေါ့ ” ဟု ဦးဟန်ကြည်က ထိုကျောင်းသားကို အပြစ်တင်၏။ သို့သော် ထိုကဲ့သို့သော တိုင်သံတောသံ ဆင်ခြေကန်သံများ ကြားရဖန်များလျှင် ရှိရင်းစွဲသံသယစိတ်ကား ပို၍ခိုင်မြဲလာလေပြီ။ ထို့ကြောင့် တက္ကသိုလ် ပထမနှစ်ပြီး၍ ပြည်တော်ပြန်ဝင်လာကြသော ကျောင်းသားကျောင်းသူများ ဆရာရင်း ဦးဟန်ကြည်ထံလာ၍ နှုတ်ဆက်ကြလျှင် သင်းကလေးတို့ကို ဦးဟန်ကြည် အကဲခတ်သည်။ မည်သည့် ပညာအလင်းမျိုးကိုမှ သင်းကလေးတို့ထံတွင် မတွေ့ရ။ တိုးတက်သည့် မည်သည့်အတွေးအခေါ်မျိုးမှ သင်းကလေးတို့ ခေါင်းအတွင်းတွင် ပါမလာ။ သေချာသည်က သင်းကလေးတို့ ခေါင်းများ သံချေးကိုက်လာသလို စိတ်ဓာတ်များလည်း အချောင်ခို အလေလိုက်ခြင်းတို့ဖြင့် ကြေး(ဂျီး)တက်၍ နေကြလေပြီ။

ငါ့တပည့်တို့ တက္ကသိုလ်မှာ စာကြည့်တိုက်ရှိသလားဟု ဦးဟန်ကြည်မေးမိလျှင် သင်းကလေးတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကြလေတော့သည်။ ထိုမျှဆိုလျှင် ဦးဟန်ကြည် သဘောပေါက်ပေပြီ။ ရွှေမန်းမြို့တွင် မန်းတက္ကသိုလ်အနီး၌ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့သော ဦးဟန်ကြည်ပင် မဟုတ်ပါလား။ အဝေးသင်သွားမည့် ကျောင်းသားတစ်ယောက် လွန်ခဲ့သော သုံးရက်က ဦးဟန်ကြည်ထံလာ၍ နှုတ်ဆက်သည်။ assignment တွေ ဘယ်လိုဖြေသလဲဟု ဦးဟန်ကြည် စပ်စုမိပါ၏။ သူများကို အဖြေခိုင်းလိုက်တယ်ဆရာဟု ၀မ်းသာအားရ ဖြေလေသည်။ ကောင်းပါလေ့။ အဝေးသင်ပထမနှစ်အတွက် ဘယ်လောက်ကုန်သလဲဟု ဦးဟန်ကြည် အမေးဆက်လျှင် နှစ်သိန်းခွဲလောက်တော့ ကုန်မယ်ဆရာဟု ဖြေပြန်လေသည်။ များလှချေလားဟု ဦးဟန်ကြည် တအံ့တသြစကားအစ်လျှင် အဆောင်လခက နှစ်သောင်း၊ ထမင်းလခက ငါးသောင်း ကျူရှင်လခက ကိုးသောင်းလေဆရာရဲ့ဟု ဖြေလေတော့သည်။ နိုင်ငံတော်အစိုးရက တက္ကသိုလ်ကျောင်းလခများကို ဈေးမြှင့်လိုက်စဉ်က မိဘများ ပူညံပူညံလုပ်ခဲ့ကြသည်။ မည်မျှပင်ဈေးမြှင့်စေကာမူ ထိုကျောင်းလခသည် ကလေးမုန့်ဖိုးသာသာပင် ရှိသည်မဟုတ်ပါလား။ နိုင်ငံတော်ထက် ပို၍လောဘဇောကပ်လေသော အဆင့်မြင့်ပညာမှ ဆရာတို့လက်တွင်း ပူဇော်ရသော ထိုငွေပမာဏကိုမူ မည်သူမှ စောဒက မတက်ကြ။ စာမေးပွဲအပြီးတွင် ပူဇော်ပသရသော မသထာရေစာများကို မည်သူမျှ မမြင်။ ရွှေပြည်သားများ သဒ္ဓါတရား ထက်သန်လှချည့်။ မည်သည့်အရာမှ အလကားမတ်တင်းမရနိုင်သော လောက၏ နိယာမကို ဦးဟန်ကြည် နားလည်သည်။ ကျူရှင်လခ ကိုးသောင်းမကဘဲ သိန်းတစ်ရာဖြစ်လျှင်လည်း ဦးဟန်ကြည် စေဒက မတက်လို။ ငွေယူထားသော်လည်း တာဝန်ကျေအောင် မကြိုးစားသော ထိုဆရာများကိုသာ မေတ္တာတွင်တွင် ပို့လိုတော့သည်။ ဆရာဖြစ်သူများက တာဝန်ယူမှုနှင့် သစ္စာရှိမှုတို့ကို နမူနာကောင်းမပြလျှင် ကျောင်းသားများ မည်သို့ထွန်းပေါက်ပါတော့မည်နည်း။ နိုင်ငံ့သားကောင်းများ မည်သို့ဖြစ်ပါတော့မည်နည်း။

ပညာရေးကောလိပ်တွင် နှစ်ဝက်သင်တန်းပြီးဆုံး၍ မြို့ပြန်ကာ တန်းပြဆင်းနေသော တပည့်မတစ်ယောက်က “ သမီးတို့ တက္ကသိုလ်က တစ်ချို့ဆရာမတွေ ဒေါသအတော်ကြီးတယ်ဆရာ…ဘာမှမမေးရဲဘူး…သူသင်တာလည်း ဘာမှနားမလည်ဘူး…” ဟု ဆရာရင်းဦးဟန်ကြည်ကို အားကိုးတကြီးတိုင်လေသည်။ သူတန်းပြဆင်းသောမူလတန်းကျောင်းမှ ဆရာမတစ်ယောက် နားနေခန်းအတွင်းတွင် ရည်းစားနှင့်ပလူးနေခြင်းကိုလည်း မကျေမနပ်ဖြင့် ရင်ဖွင့်လေသည်။ ဦးဟန်ကြည်ကား ရင်နာရုံမှလွဲ၍ ဘာမျှ မတတ်နိုင်။ သမီးတို့ကျောင်းမှာ တန်းပြလာဆင်းတဲ့ ဆရာမလေးတွေ အတော်ကြမ်းတယ်ဆရာ…တစ်ချိန်လုံး အော်ငေါက်နေတာပဲဟု ရင်ဖွင့်လေသော နှစ်တက်တပည့်များ၏ စကားသံကိုသာလျှင် ပြန်လည်ကြားယောင်မိလေသည်။ ဆရာမလောင်းများကို သင်ကြားပေးနေသော ဆရာများသည်ပင် ဆရာမပီသလျှင် ကျန်ဆရာများ မည်သို့ရှိလေမည်နည်း။ ထိုဆရာမလောင်းများ ဆရာအဖြစ်သို့ရောက်ကြလျှင် သူရို့ကောလိပ်မှ ဆရာမများ၏ အတုကိုယူ၍ ကြမ်းကြ ရမ်းကြဦးမည်မှာ မြေကြီးလက်ခတ်မလွဲ။ မျက်နှာတွင် မိတ်ကပ်အဖွေးသား ခွာမြင့်ဖိနပ်တစ်တောင်လောက်နှင့် နားနေခန်းတွင် ရည်းစားနှင့် ပလူးသောဆရာများကိုသာလျှင် မွေးထုတ်နိုင်ပေလိမ့်မည်။ တက္ကသီလာမှ ပြဌာန်းချက်များကို လက်လှမ်းမီသလောက် ဦးဟန်ကြည်ဖတ်ကြည့်သည်။ အားလုံးအဆင့်မီပါ၏။ ထိုစာများကို ကျကျနန လေ့လာ၍ နိုင်ငံရပ်ခြားတွင် ပညာဆက်လက်သင်ယူကြသော မိတ်ဆွေများကိုလည်း စုံစမ်းကြည့်သည်။ နိုင်ငံခြားတက္ကသိုလ်များတွင်လည်း အထစ်အငေါ့မရှိ စာလိုက်နိုင်ကြပါ၏။ သို့သော် ထိုထိုသော ကျောင်းသားများကား လူလွန်မသားများပင်။ ကိုယ့်ကိုယ်ကို ကောင်းစွာ ထိန်းချုပ်နိုင်ကြသော ဇာနည်ဘွားများပင်။ ကျန်ကျောင်းသားအများစုမှာ ဘွဲ့ရ၍ အလုပ်ဝင်လျှင် ဘွဲ့ရလူရမ်းကားများချည်း ဖြစ်ကုန်ကြသည် မဟုတ်ပါလော။

ဦးဟန်ကြည် မည်မျှပင် ကြိတ်မနိုင်ခဲမရ ဒေါပွနေသော်လည်း မည်သို့မျှ မတတ်နိုင်။ အရေးလည်းမပါ အရာလည်း မရောက်သော သာမန်ဆရာတစ်ယောက်၏ ဘ၀သည် ဒေါသကို အဖော်လုပ်ရင်း အသက်တိုရသည်သာလျှင် အဖတ်တင်ပါ၏။ တိုင်းပြည်ကို ချစ်မြတ်နိုးကြသော ကျန်မိတ်ဆွေများလည်း ထိုနည်းနှင်နှင်ပင် ခံစားကြရမည်မှာ သေချာလှသည်။ စိတ်ပျက်ဖွယ်ပင်။ တက္ကသိုလ်ကြီးများကို အဆောက်အဦများ ပရိဝုဏ်များ မည်မျှအဆင့်မီအောင် မွမ်းမံသည်ဖြစ်စေ၊ ပြဌာန်းချက်များကို မည်မျှကောင်းမွန်အောင် ပြုပြင်သည်ဖြစ်စေ တက္ကသီလာဆရာတို့၏ စိတ်ဓာတ်နှင့် တာဝန်ယူမှုအပိုင်းကို တိုးတက်အောင် မမြှင့်တင်နိုင်လျှင် တိုင်းပြည့်ဘဏ္ဍာများ အဟောသိကံဖြစ်ရုံကလွဲ၍ ဒုံရင်းအစ်စ် ဒုံရင်း ဖြစ်နေဦးမည်မှာ မြေကြီးလက်ခတ်မလွဲ။ သို့သော် ရွှေပြည်ကြီးကား မျက်စိကျဉ်း၍ ဖင်ခေါင်းကျယ်သော စရိုက်ဆိုးကြီးဖြင့် ခေါက်ရိုးကျိုးနေလေပြီ။ အပေါ်ယံရွှေမှုန်ကြဲရသည်ကိုပင် အဟုတ်ကြီးထင်နေကြလေပြီ။ ကောင်းပါလေ့။

တစ်မနက်ခင်းတွင် ဆယ်တန်းကျောင်းသားများက ဦးဟန်ကြည်ကို မေးခွန်းထုတ်လေသည်။ သင်းကလေးတို့၏ မေးခွန်းမှာ ဆရာ…သားတို့တက္ကသိုလ်ရောက်ရင် ဘာဖြစ်မလဲဆရာ…ဟူ၏။ မြင်မြင်သမျှ ဘ၀င်မကျသော ဦးဟန်ကြည်က “ တက္ကသိုလ်ရောက်သွားရင် F4 ဖြစ်တာပေါ့ကွာ . . . ” ဟု ဘုနှိပ်လိုက်လေသည်။ F4 ဆိုတော့ ကိုရီးယားမင်းသားဖြစ်တာလားဟု အလိုက်မသိသော မောင်ကျောင်းသားတစ်ယောက်က အထွန့်တက်လေလျှင်..
တက္ကသိုလ်ရောက်ရင်
ဖဲရိုက်
ဖိုးရှူ
ဖာလိုက်
ဖွန်ကြောင်
ဆိုတဲ့ ဖဦးထုပ်လေးလုံး F လေးလုံးနဲ့ ပြည့်စုံသွားလို့ F4 ဖြစ်သွားတာဟေ့ ” ဟူ၍ ခပ်ပြင်းပြင်း ပြောချလိုက်မိပါလေသတည်း။   

( တိုင်းပြည်၏ အနာဂတ်အညွန့်အဖူးများဖြစ်ကြသော လူငယ်မောင်ကျောင်းသားများ တက္ကသိုလ် F4 ဘ၀မှ အမြန်ဆုံး ကင်းလွတ်နိုင်ကြပါစေ။ တိုင်းပြည်ကို ပညာဖြင့် အလုပ်အကြွေးပြုနိုင်သော ပြုလိုသော တာဝန်ကျေပွန်သည့် လူရည်မွန်များ ဖြစ်ကြပါစေဟု ဆုမွန်ခြွေလိုက်ပါကြောင်း )

ကြိုက်ရင်ပေါ့လေ . . .