Saturday 11 February 2012

နှင်းသွန်းတဲ့မိုး . . .

ဦးဟန်ကြည်တစ်ယောက် အလုပ်တွေပိနေတာမို့ အရင်ကလောက် ဘလော့မဂင်းနိုင်သေးပါ။ ဒါပေမယ့် စာတွေတော့ အားရင်အားသလို ရေးနေဖြစ်ပါတယ်။ ညီမဖြစ်သူကတော့ စာရေးလေ့လွန်းလှတဲ့ သူ့အစ်ကို ဦးဟန်ကြည်ကို “ အစ်ကိုက စာမရေးရရင် ထမင်းစားမ၀င်တဲ့ လူစား ”လို့ ခပ်ပြောင်ပြောင်ပဲ ကင်ပွန်းတပ်ထားပါရဲ့။ ဒီရက်ပတ်အတွင်းမှာ အားရင်အားသလို ရေးဖြစ်တဲ့ ပို့စ်တွေ ရှိပေမယ့် စိတ်တိုင်းမကျတာကြောင့် မတင်ဖြစ်သေးပါ။ ဒါပေမယ့် ပို့စ်မတင်တာ ကြာနေပြီမို့ အလျင်ပြတ်မသွားအောင် လွန်ခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဆောင်းတွင်းကြီး ခိုက်ခိုက်တုန်အောင် ချမ်းရတဲ့အထဲမှာ မိုးတွေဗြုန်းဗြုန်းဒိုင်းဒိုင်း ရွာချုတာကို ပြန်သတိရမိရင်း ရေးဖြစ်တဲ့ကဗျာကို အရင် တင်ဖြစ်လိုက်ပါတယ်။

လေးချိုးပုံစံနဲ့ ရေးထားတာပါ။ အားပေးပါဦး . . .

“ နှင်းသွန်းတဲ့မိုး ”

ရှစ်ခွင်တိုင်း
မှိုင်းမှိုင်းငယ်မှုန်ဝေသီ
အသူရာသိကြားမင်းတို့
စစ်ခင်းပြန်ပြီ…

ဂျိုးဂြိမ်းသံမည်
အာကာဆီပြာရီမှိုင်းပါလို့
ရာသီရိုင်းခွန်းချိုကြည်…

စီရရီ
ဝဠာဆီတိမ်ယံထက်က
ငွေမြားစက်ဆင်းသက်ပြီ
စည်ရွာလို့ဖြိုး…

မိုးငွေ့တို့ ဟန်မပီ
နှင်းငွေရည်ဆတူစွက်ပါလို့
ဒီဇင်ဘာရာသီဆိုးတယ်
နှင်းသွန်းတဲ့မိုး…။   ။

၇.၂.၂၀၁၂
( အင်္ဂါနေ့ )

15 comments:

Anonymous said...

ဆရာရေ

ကဗျာလေး က ကောင်းပါတယ် အညာသူ တွေ အဖို့ တော့ ခိုက်ခိုက်တုန် တဲ့ ဒီဇင်ဘာ မှာ ရွာတဲ့ မိုးကို ကြောက်တယ်

ခင်တဲ့
ရွှေစင်ဦး

Sofar Away Fromu said...

အားပေးပါတယ်...

မေဓာဝီ said...

မဟေသီ ပြန်ရောက်မှ အလုပ်တွေပိလို့ ဘလော့မဂင်းနိုင်တော့ဘူးပေါ့လေ ဆရာဟန်။ ချက်ပြုတ် လျှော်ဖွပ် တကိုယ်တည်း ကြဲနေရတုန်းကမှ ဘလော့ဂင်းနိုင်သေးတယ်။ မဟေသီက ဘာတွေခိုင်းထားပါလိမ့်နော် ....

ဦးဟန်ကြည်
မဟေသီ ရောက်လာတော့
ဘလော့နဲ့ဝေး။

အိမ်အပြန်
မဒမ်ကို သူခစားတယ်
အနားမှလေး။
:))

သတိုး said...

ရွှေညာမှာ ညိုတဲ့မိုးကြောင့် စာမရေးရ မနေနိုင်တဲ့ ဆရာ ကဗျာတစ်ပုဒ် အမြတ်ထွက်သွားပြီ။ ၀မ်းသာတယ်ဗျို့။ နှင်းသွန်းတဲ့မိုး ဆိုတဲ့ နာမည်လည်း ကြိုက်တယ်။
ခင်မင်လေးစားလျှက်......
သတိုး

စံပယ်ချို said...

မိုးငွေ့တို့ ဟန်မပီ
နှင်ငွေရည် ဆတူစွက်ပါလို့
ဒီဇင်ဘာရာသီဆိုးတယ်
နှင်းသွန်းတဲ့ မိုး ။
နှင်နဲ့မိုးရောပြီးချမ်းနေပုံကို ဆရာက
ကဗျာနဲ့ပုံဖော်ပေးတာ အလွန်ဖတ်လို့ကောင်းပါတယ်
မရောက်တာကြာလို့စာလုံးပေါင်းလဲပြင်ပေးသူမရှိပါဘူး
ဆရာနှင့်ဇနီးချမ်းမြေ့ပါစေ

AH said...

ဒီမှာလည်း မိုးတွေ ရွာ၊ ခိုက်ခိုက်တုန်နေလို့ ဆရာ့ ကဗျာလေးကို ဖတ်ရတာ ပိုပြီး အသက်ပါတယ်.. တစ်ထပ်ထည်း တစ်ထပ်ထည်း

Angelhlaing(May everybody be happy and healthy! said...

ဆောင်းမှာ ရွာတဲ့ မိုးကို နာမည်ပေးပုံလေးလည်းလှ ကဗျာလေးလဲကောင်း အေးချက် ချမ်းချက်ကတော့ ပြောမနေပါနဲ့အကို..:):) အရိုးထဲထိအောင် စိမ့်နေတက်လို့..

နွေးတေးရှင်(မင်းဧရာ) said...

ဖတ်လိုက်ရမှဖြင့် အရသာရှိလိုက်တာ ဆရာ..။

မိုးငွေ့တို့ ဟန်မပီ
ငွေနှင်းရည်ဆတူစွက်ပါလို့
ဒီဇင်ဘာရာသီဆိုးတယ်
နှင်းသွန်းတဲ့မိုး..။

အဲဒီစာချိုးလေး တော်တော်လှတယ် ဆရာ။

San San Htun said...

ဆယ်တန်းတုန်းက သင်ခဲ့ရတဲ့ ကဗျာလေးတွေ သတိရသွားတယ်..ကဗျာလေးက တကယ်ကောင်းတယ် ဆရာဟန်

မောင်သီဟ said...

ဒီလိုမြန်မာဆန်တဲ့ ကဗျာလေးတွေကို အရမ်းရေးချင် ဖတ်ချင်မိတယ်ဆြာရေ
ဒီရက်ပိုင်းတွေးနေတာ ပျောက်နေတယ်လို့လေ
အလုပ်ရှုပ်နေသကိုး

မအိမ်သူ said...

ဆရာရေ မရောက်တာ အတော်ကြီးကြာသွားလို့ ဖတ်စရာ အကြွေးတွေတင်နေတဲ့ ပို့စ်အဟောင်းတွေ တစ်ပြုံတစ်ခေါင်းကို ဒီနေ့မှ အကုန်ဖတ်ရတော့တယ်။
ကဗျာလေးကို အရမ်းသဘောကျတာပဲ။ ဆရာဟန်ရဲ့ ကဗျာအဖွဲ့အနွဲ့နဲ့ စကားလုံးရွေးချယ်မှုကိုတော့ အလွန်မှအားကျပါတယ်ရှင်။ မန္တလေးမှာနေတုံးက ဒီဇင်ဘာရဲ့ နှင်းမိုးကို ခံစားဖူးခဲ့ပါတယ်။ ကျောရိုးထဲထိကို စိမ့်နေအောင် အေးတော့တာကိုး...း))

နေ၀သန် said...

ကဗျာလေးနဲ့ ဖုန်လာသုတ်သွားတာလား.... ဆရာဟန်ကြည်...း)... ဟုတ်တယ်နော်.. ဒီဇင်ဘာအေးပါတယ်ဆိုမှ... အဲမှာတော့ နှင်းမိုးပေါ့.. ဒီမှာတော့ နှင်းတလှည့်..မိုးတလှည့်.. :D

ခင်မင်လျက်
နေ၀သန်

ဟန်ကြည် said...

ဟုတ်ပ နေ၀သန်ရေ...

အလုပ်များလွန်းလို့ အခုမှရေးဖြစ်တာ ဖုန်လာသုတ်သလို ဖြစ်နေပါရောလား...ဖုန်သုတ်တယ်ဆိုတဲ့ အသုံးအနှုန်းကို သဘောကျလိုက်လေ...

မဒမ်ကိုး said...

ဖုန်သုတ်တာဒီဘက်ကိုလာမခါနဲ့း)
အဲလိုရာသီလေးမှာကိုယ့်အိမ်မှာကိုယ်ကွေးချင်လိုက်တာဆရာရယ် ( မြန်မာပြည်အိမ်ပြောပါတယ်း)

ခင်မင်လျှက်

မဒိုးကန်

ဆူးသစ် said...

ကိုဟန်ကြည်နဲ့ ကျွန်တော်နဲ့ကတော့ အားနာစရာမရှိဘူးထင်လို့ ပြောချင်ပါတယ်။ ဒီကဗျာမှာ အသံနည်းနည်းထောက်နေသလားလို့ပါ။ ဥပမာဗျာ။ ပ ပိုဒ်နဲ့ ဒုပိုဒ် အချတွေ။ ဒုပိုဒ်မှာ အသံမကျဘူးလို့ ကျွန်တော်ထင်တယ်။ အဲဒါကြောင့် ခွာထောက်မှာလည်း အသံက နည်းနည်း တင်နေသလိုခံစားရတယ်။ ကျွန်တော်လည်း ဆရာကြီးမဟုတ်ပါဘူး ကိုဟန်ကြည်။ ကျွန်တော့်ကဗျာတွေမှာလည်း အဲဒီလိုဖြစ်နေတာတွေ ရှိတယ်။ အာရုံလာတဲ့အချိန်ချရေးလိုက်တာကိုး။ သိပ်တော့ စိတ်ပျက်စရာမရှိပါဘူး။ ဆရာမောင်စိန်ဝင်း( ပုတီးကုန်း)ကိုတောင် တစ်ခါတစ်ခါ အသံလွတ်နေလို့ ဆရာအောင်သင်း ထောက်ပြခဲ့တာတွေ ရှိတယ်။ ကာရန်မိပေမယ့် အသံပါညိရင် ပိုလှမယ်ထင်တယ်ဗျ။ နှင်းသွန်းတဲ့မိုး ဆိုတာကိုတော့ သဘောကျမိပါရဲ့။

ကြိုက်ရင်ပေါ့လေ . . .

Powered By Blogger