Sunday, 25 March 2012

တောင်ရောက်မြောက်ရောက် စာကိုစီ . . .

ကလေးတွေစာမေးပွဲပြီးသွားကတည်းက ဦးဟန်ကြည်တို့ လွတ်လပ်ရေးရနေလိုက်တာ စာတောင်မရေးဖြစ်တဲ့အထိ။ စည်းကမ်းပျက်နေတဲ့ ကလေးများလို ညဘက်လည်း ညဥ့်နက်သန်းခေါင်ရောက်တဲ့အထိ ဂိမ်းကစားလိုက်၊ ရုပ်ရှင်ကြည့်လိုက်၊ မနက်လည်း ထချင်တဲ့အချိန်ထလိုက်နဲ့ နေချင်သလိုနေ၊ စားချင်သလိုစားပြီး လွတ်လပ်ခြင်းရဲ့ အရသာကို ပြည့်ရုံတင်မကဘဲ လျှံပါလျှံထွက်အောင် ခံစားနေမိပါရဲ့။ အနှီလောက်လွတ်လပ်ရေးရနေပြန်ရင်လည်း ကြာလာရင် ကျန်းမာရေးတောင် ထိခိုက်ဖို့များနေပါရောလား။ သူများတကာကတော့ အားချိန်၊ နားချိန်ရပဟေ့ ဆိုတာနဲ့ သွားစရာ၊ လည်စရာ၊ ပတ်စရာတွေ ဖောချင်းသောချင်းရှိပေမယ့် လူအများနဲ့ ပေါင်းရသင်းရတာကို စိတ်မပါလှတဲ့ ဦးဟန်ကြည်မှာတော့ သွားစရာ၊ လည်စရာကလည်း မရှိသလောက် ရှားတယ်မဟုတ်လားလေ။ စိတ်လိုလက်ရရှိရင်တော့လည်း ကွန်ပျူတာဆိုင်က မိတ်ဆွေတစ်ယောက်နဲ့ စစ်တုရင်ကစားဖြစ်ပေသပေါ့။ ဒါကလည်း ဆယ်ခါ့တစ်ခါ။

ဒါကြောင့်လဲ အအုပ်အထိမ်း၊ အကွပ်အညပ် မရှိခြင်းဆိုတာ ကောင်းကျိုးရော၊ ဆိုးပြစ်ပါ ရှိတယ်လို့ ဆိုကြပေတာကိုး။ အကွပ်မဲ့ကြမ်း၊ ပရမ်းပတာလို့တောင် စကားပုံရှိသေးရဲ့ မဟုတ်လား။ လူဆိုတဲ့ သတ္တ၀ါမျိုးကလည်း ပုံမှန်လည်ပတ် လှုပ်ရှားနေရမှပဲ နေသာထိုင်သာရှိတာကလား။ လုပ်ရိုးလုပ်စဉ်ကနေ သွေဖဉ်ရပြီဆိုတာနဲ့ ကပေါက်တိ ကပေါက်ချာ ဖြစ်ကုန်တာမျိုး။ စာသင်နှစ်တစ်နှစ်လုံး မနက် ၆ နာရီအိပ်ရာထ စာသင်၊ နေ့လည် ၁၂ ထိုးရင် အိမ်ပြန်လာ၊ ထမင်းစား။ ညနေ ၃ နာရီလောက် တစ်ခါ စာပြန်သင်၊ ည ၉ နာရီလောက်ကို အိမ်ပြန်ရောက်ဆိုတဲ့ အချိန်ဇယားကြီးအတိုင်း လည်ပတ်နေခဲ့ရာက အခုလို ဘာမှလုပ်စရာ၊ ကိုင်စရာ သတ်သတ်မှတ်မှတ်မရှိတဲ့ အနေအထားကို ဗြုန်းခနဲ ဒိုင်းခနဲလဲ ရလာရော ဘာလုပ်လို့ ဘာကိုင်ရမှန်းကို မသိတော့တာရယ်။ ကျောင်းပိတ်ရင် ဖတ်မယ်လို့ အားခဲထားတဲ့ စာအုပ်တွေကလည်း စာအုပ်ဗီရိုထဲကနေ အပြင်ကို မထုတ်ရသေး။ သင်ရိုးညွှန်းတန်းတွေ ကြိုတင်ပြင်ဆင်မယ်ဆိုတဲ့ စိတ်ကူကလည်း အကောင်အထည် မဖော်ရသေး။ နွေရာသီ အင်္ဂလိပ်စာ သင်တန်းအတွက် စာအုပ်တွေ စီစဉ်ဖို့ဆိုတာကလည်း အခုအချိန်အထိ စာသုံးလေးမျက်နှာကနေ မတက်သေး။ တစ်ခါတစ်ခါ ငါ…ဘာတွေများလုပ်နေမိပါလိမ့်လို့တောင် ကိုယ့်ကိုယ်ကို စဉ်းစားယူမိရတဲ့အထိ။

ဒီနေ့မနက်ကတော့ ညီမဆီက ဖုန်းလာပါလေရော။ ရွှေပြည်ကြီးမှာ နှစ်သိန်းတန် GSM တွေ ချပေးနေတော့ ပေသီးခေါက်ပါရဂူ ညီမလည်း ဖုန်းတွေဘာတွေနဲ့ ဖြစ်လာမှကိုး။ ပြောရရင် နောက်ဆုံးကျတော့ ကုလားတောင်မှ လှည်းနဲ့ နွားနဲ့ ဖြစ်သွားပြီပေါ့လေ။ လက်ကိုင်ဖုန်း စကိုင်ရတဲ့သူတွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဖုန်းဆက်စရာ မရှိရှိရာ ဇွတ်ရောအတင်းပါ ရှာပြီးဆက်လေတော့ အစ်ကိုလုပ်သူကို သတိရပါလေရော။ ဒါတောင်မှ နောက်ဆိုရင် တစ်မိနစ်ကို ၂၅ ကျပ်နဲ့ ပြောလို့ရတဲ့ ညသန်းခေါင်လောက်ကျမှပဲ အစ်ကို့ဆီကို ဖုန်းဆက်တော့မယ်လို့ ပေသီးဆက်ခေါက်သေးလို့ မယ်မင်းကြီးမရယ် တော်ရုံသင့်ရုံလောက်ပဲ လုပ်ပါလို့ တောင်းပန်ရပါသေး။ သူဖုန်းဆက်တော့မှပဲ အိမ်သတင်း၊ ရပ်သတင်း၊ ရွာသတင်းတွေကို စုံတကာစေ့နေအောင် ရပါရဲ့။ ပြောမယ့်သာပြောရတယ် ဦးဟန်ကြည်က သူ့ဒေသမှာ သူ့မိဘလောက်ပဲ ခင်တွယ်စရာ ကျန်ခဲ့တာကလား။ ဘာပဲဖြစ်ဖြစ် ညီမဖြစ်သူက သတင်းစုံပို့နေပြန်တော့လည်း ဟုတ်ကဲ့…အေးပါ လုပ်ရတာပါပဲလေ။

ညီမနဲ့ ဖုန်းပြောနေရင်း စားပွဲပေါ်မှာ တွေ့တဲ့ကွမ်းဗူးထဲက ကွမ်းတစ်ယာကို ပါးစပ်ထဲထိုးသွပ်ပြီး စကားပြောမိမှပဲ ပြဿနာ စပါလေရော။ အသံပြောင်းသွားတာကို ရိပ်မိတဲ့ညီမက အစ်ကို…ကွမ်းငုံလိုက်တာလားလို့ မေးတော့ အေး..ပေါ့။ အနှီမှာတင် ညီမဘေးနားမှာ ရှိနေတဲ့ ဦးဟန်ကြည်ရဲ့ မေမေက ချစ်စွာသော သားတော်မောင် ကွမ်းမဖြတ်သေးတာ သိသွားပြီပေါ့။ အတော် ချစ်ဖို့ကောင်းတဲ့ ညီမး(။ ဒါနဲ့ပဲ အခုမှ တစ်ခေါင်းလုံး ကြာဆံဖြစ်အောင် ဖြူကာစပဲရှိသေးတဲ့ ကလေးပေါက်စ သားသားဟန်ကြည်ခမျာ မွေးသမိခင်ရဲ့ အဆူခံရပြီပေါ့။ ဟုတ်ပါရဲ့ ကိုယ်ကလည်းကိုယ်။ အနှီကွမ်းယာရဲ့ ဆိုးကျိုးဟူသမျှကို အူမချေးခါးမကျန် သိပါလျှက်နဲ့ ၀ါးနေဖြစ်သကိုး။ မ၀ါးဘဲနေလို့ရသလားဆိုတော့လည်း ရပေသပေါ့။ ဘာရယ်မဟုတ်ဘဲ ပါးစပ်အလုပ်မရှိ အလုပ်ရှာတာပါပဲ။ ဒါတောင်မှ တစ်နေကုန်တစ်နေခမ်း ပါးစပ်တစ်ပေါက်က စာသင်နေရတာနဲ့တောင် နားချိန်ရယ်လို့ မရှိပေလို့။ ပြောရရင်တော့ တစ်ခုခုကို မကျေမနပ်ဖြစ်စရာရှိရင် ပါးစပ်ထဲမှာ ငုံထားတဲ့ ကွမ်းတံတွေးကို ဖွီကနဲ ထွေးထုတ်ပစ်ပြီး ကိုယ်အစာမကြေတဲ့အကြောင်း လောကကြီးကို ပြရတဲ့ အရသာက အတော်ကောင်းတယ်မဟုတ်လား။ မနှစ်က မွေးနေ့တုန်းကတော့ ကွမ်းဖြတ်လိုက်ပါသေးရဲ့။ မှတ်မှတ်ရရ နေ့တ၀က်ကြီးများတောင်။ အရင်နှစ်ကတပည့်တွေကလည်း ဦးဟန်ကြည်ကို ကွမ်းဖြတ်ခိုင်းနေတာကြာပေါ့။ မွေးနေ့ရောက်ရင် ဖြတ်မယ်လို့ ကတိပေးထားပြီး ဘာလိုလိုနဲ့ ဧပြီ ၁၁ ဆိုရင် နောက်ထပ်မွေးနေ့တစ်ခုတောင် ရောက်တော့မှာပါကလား။ တပည့်တွေက ဆရာကွမ်းမဖြတ်သေးဘူးလားမေးရင် အင်း…ဒီနှစ်မွေးနေ့ပေါ့လို့ ယောင်ဝါးဝါး ဖြေရပြန်ရော။

ဘာပဲဖြစ်ဖြစ် ဒီနှစ်တော့ ကွမ်းဖြတ်ဖြစ်အောင် ဖြတ်ရတော့မှာပ။ ခက်တာက မွေးနေ့မှာ ကွမ်းဖြတ်ရအောင်လည်း ဦးဟန်ကြည်ရဲ့ မွေးနေ့က သင်္ကြန်နားနီးပေသကိုး။ အနှီတော့လည်း သင်္ကြန်တွင်း လည်ရင်းပတ်ရင်း ကွမ်းကလေးတမြုံ့မြုံ့နဲ့ နေရတဲ့ဖီလင်ကလေးက မက်စရာဖြစ်နေပြန်ရော။ ဘာပဲဖြစ်ဖြစ် ယောက်ျားဇာနည် ဦးဟန်ကြည်ကတော့ ၀ါးချင်ထွေးချင်တဲ့ ကိုယ့်စိတ်ကို ချွန်းနိုင်အောင် အုပ်ရဦးတော့မှာပေါ့လေ။ အများကောင်းကျိုး၊ ကိုယ့်ကောင်းကျိုးမဟုတ်လား။ ကိုယ့်အတွက်ဆိုတာထက် ကိုယ့်မိဘစိတ်ချမ်းသာဖို့ကို ရှေ့တန်းတင်ရပေမပေါ့။ အင်း…ဘုရားမကြိုက်၊ နတ်မကြိုက်တာမလုပ်ဘဲ ကိုယ်ကြိုက်တာပဲကိုယ်လုပ်တဲ့ ဦးဟန်ကြည်တစ်ယောက် ကျွတ်တန်းဝင်ခြင်းလို့ပဲ ခေါင်းစဉ်တပ်ရမယ်ထင်ရဲ့။

မေမေနဲ့ ဖုန်းပြောဖြစ်မှပဲ ဒီဧပြီဘတ်ဂျက်ဖွင့်မှာ ၀န်ထမ်းတွေကို လစာတိုးပေးဖို့ စီစဉ်ထားတာ သိရပါရဲ့။ တစ်ယောက်ချင်းစီရဲ့ လစာကို ၅၀ရာနှုန်းလောက် တိုးပေးမယ်ဆိုပါကလား။ ဘာပဲဖြစ်ဖြစ် မင်္ဂလာသတင်းပေါ့လေ။ ဦးဟန်ကြည်တို့ နိုင်ငံ့ဝန်ထမ်းတွေခမျာမှာလည်း မ၀ရေစာ လစာလေး နှစ်ပဲခြောက်ပြားနဲ့ ဖတ်သီလိုက်နေခဲ့ရတဲ့ ကာလတွေ နည်းမှမနည်းခဲ့တာကလား။ အနှီလိုလေး လစာတိုးပေးလိုက်တော့ အထိုက်အလျောက်တော့လည်း စားလောက်၊ သောက်လောက်ဖြစ်သွားရဲ့ မဟုတ်လား။ ကုန်ဈေးနှုန်းတွေ ထိုးတက်မသွားဖို့ကိုတော့ ဆုတောင်းရသေးသပ။ ခက်တာက ကိုယ့်တိုင်းပြည်မှာကလည်း တစ်ဖက်သားဝင်ငွေပိုရလာတယ်လို့ သိရတာနဲ့ လှီးဖို့ဖြတ်ဖို့ကိုပဲ တာစူကြတာမျိုး။ ၀န်ထမ်းတွေတောင် လစာတိုးပဟဲ့ ငါတို့လည်း ပစ္စည်းတွေ ဈေးတင်ရောင်းလိုက်မယ်ဆိုတဲ့ ကုန်သည်ပွဲစားတွေကလည်း ရှိသေးသကိုး။ အနှီတော့လည်း လစာတိုးပေးလည်း ဒုံရင်းဒုံရင်းဘ၀နဲ့ ကြပ်မြဲကြပ်လျှက်ဆိုတာတွေကလည်း သမိုင်းတလျှောက်လုံး ဒုနဲ့ဒေး။ ၀န်ထမ်းတွေကို လစာတိုးပေးရုံကလွဲပြီး ကျန်တဲ့နည်းနဲ့ ချောင်လည်အောင် မစီမံတတ်တဲ့ ဦးဟန်ကြည်တို့ အစိုးရခမျာလည်း သူရို့လုပ်သမျှအလုပ်က သမင်မွေးရင်း ကျားစားရင်းဖြစ်တာနဲ့တင် နံမည်ဆိုးဆိုင်းဘုဒ်ကြီး တစ်ခုပြီးတစ်ခုတိုးလာတာပဲ အဖတ်တင်ရဲ့။

ဦးဟန်ကြည်ရဲ့ မိဘနှစ်ပါးကတော့ လစာတိုးမှာကို မျှော်ကြရှာတဲ့ ၀န်ထမ်းတွေပီပီ နှစ်ယောက်ပေါင်းလို့ ရလာမယ့် လစာကို ကြိုတွေးရင်း ပျော်နေကြသကိုး။ မေမေရယ်…ဈေးတွေတက်ကုန်ရင် ဘာထူးဦးမှာလဲလို့ ဦးဟန်ကြည်က အထွန့်တက်မိတော့ ငါ့သားရယ်…မတက်ပါဘူးကွဲ့လို့ ဖြေရော။ အနှီတော့မှပဲ ဟယ်…ငါ့ဟာ အဆိုးမြင်စိတ်များ များလွန်းနေသလားလို့ ကိုယ့်ကိုယ်ကို တွေးယူရပါလေရော။ မတတ်နိုင်ဘူးလေ။ အခုတစ်မျိုး၊ တော်ကြာတစ်မျိုး ဖြစ်လေ့၊ လုပ်လေ့ရှိတဲ့ ရွှေပြည်ကြီးမှာ လူလားမြောက်၊ ကြီးပြင်းပြီး လက်ရှိမှီတင်းနေထိုင်ရလေတော့လည်း ဟိုလူ့လည်းမယုံ၊ သည်လူ့လည်းမယုံ၊ တစ်ခုခုမဖြစ်ခင် ပျက်မှာကို ကြိုတွေးနေမိတတ်တဲ့ မကောင်းတဲ့ ဗီဇဆိုးကြီးတွေက ဦးဏှောက်ထဲမှာ သံမှိုစွဲထားပြီးသားမဟုတ်လား။ မရှိရှိရာ ကောင်းကွက်ရှာတွေးယူရရင်တော့ ရှင်တော်ဘုရားဟောတော်မူခဲ့တဲ့ -
“ အတ္တာဟိ၊ အတ္တနော၊ နာထော ”
( မိမိကိုယ်သာ ကိုးကွယ်ရာ )
ဆိုတဲ့ တရားတော်ကို ရွှေပြည်သားဖြစ်ယုံနဲ့တင် အပြည့်အ၀ လိုက်နာပြီးသား ဖြစ်သွားတာပေါ့လေ။ အစစအရာရာ ကိုယ့်အားကိုယ်ကိုး၊ ကိုယ့်ကိုယ်ကို ကိုးကွယ်ရလွန်းအားကြီးလို့လည်း ဘုရားစင်က မြတ်စွာဘုရားရုပ်ပွားတော် အောက်နားမှာ ကိုယ့်ဓာတ်ပုံလေးပါ တင်ထားပြီး ဘုရားနဲ့အတူရောပြီး ရှိခိုးရတော့မယ်ထင်ရဲ့။

တစ်နေ့နေ့တစ်ချိန်ချိန်ရောက်ရင်တော့ ဘုရားစင်ပေါ်မှာ တင်ဖို့စိတ်ကူးနေတဲ့ ဦးဟန်ကြည်တို့ရဲ့ ဓာတ်ပုံလေးတွေလည်း အယ်လ်ဘမ်ထဲမှာ နေသားတကျ စိတ်အေးချမ်းသာစွာ ရှိနေဖို့ မျှော်လင့်မိတာပ။ အင်း…ပြောမယ့်သာ ပြောရတယ် ဦးဟန်ကြည်ရဲ့ အဘိုးလက်ထက်ကလည်း ဦးဟန်ကြည်တို့ မေမေကို သမီးရေ ငါတို့တော့ အသက်ကြီးပြီ ခေတ်ကောင်းမမီတော့ဘူး…ညည်းတို့လက်ထက်ရောက်မှပဲ ခေတ်ကောင်းမီတော့မယ်လို့ ပြောခဲ့သပ။ ဦးဟန်ကြည်တို့ မေမေလည်း သားရယ်…အမေတို့ အသက်တွေကြီးလာပြီ သားတို့လက်ထက်ရောက်မှပဲ ခေတ်ကောင်းမီတော့မယ်လို့ ပြောပြန်တာပါပဲ။ အခုဦးဟန်ကြည်လည်း တပည့်တွေကို အင်း…ဆရာတို့ အသက်ကြီးလာပြီကွယ်…မင်းတို့လက်ထက်ရောက်မှပဲ ခေတ်ကောင်းမီတော့မပလို့ ပြောနေရပြန်ပြီကော။ အနှာကိုက တိုးတက်ရစ်မယ့် မျိုးဆက်သစ်တွေအတွက် ဦးဟန်ကြည်တို့ မျိုးဆက်ဟောင်းတွေက ချန်ထားပေးရစ်ခဲ့တဲ့ ကောင်းမြတ်သော မျှော်လင့်ချက်အမွေလို့ပဲ ကောင်းကွက်လေးရှာတွေးပြီး ပြောရတော့မယ်ထင်ပါရဲ့လေ။ ဘ၀ပေးပါရမီအရ ကျန်တာတွေ လက်ဆင့်မကမ်းနိုင်တော့လည်း မျှော်လင့်ချက်လေးတွေ လက်ဆင့်ကမ်းပေးနေရတာကိုက ရွှေပြည်ရဲ့ သရုပ်မှန်…အင်း….မောပ။            ။

Monday, 19 March 2012

ကွဲရှုံး . . .


ကလေးတွေ စာမေးပွဲဖြေနေမှပဲ 
ဦးဟန်ကြည်တစ်ယောက် စာတွေရေးလို့ကောင်းနေလိုက်တာမှ လက်ကိုစက်တပ်ထားသလား မှတ်ရပါရဲ့။ နုစဉ်ကာလတွေတုန်းကတော့ ကလေးတွေ စာမေးပွဲဖြေနေကြပြီဆိုရင်ပဲ စိတ်တွေအပူကြီးပူပြီး စားမ၀င်၊ သောက်မ၀င်နဲ့ နေမထိထိုင်မသာ ဖြစ်ခဲ့ဖူးသပေါ့လေ။ တဖြည်းဖြည်းနဲ့ ပညာရေးလုပ်သက်ကလည်း ဆယ်စုနှစ်တစ်ခု ကျော်လာခဲ့ပြီမို့ လုပ်သင့်လုပ်ထိုက်တာတွေကို ကိုယ့်ဘက်က တာဝန်အကျေဆုံး၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားပေးခဲ့ပြီး ဘယ်လိုရလာဒ်မျိုးပဲ ထွက်လာထွက်လာ ကိုယ့်စိတ်ကို သက်တောင့်သက်သာဖြစ်အောင် ထားနိုင်လာပြီပေါ့။ အနှီလိုမှ မထားနိုင်ရင်လည်း စိတ်ဖိစီးမှုတွေ ငယ်ထိပ်တက်ပြီး သက်တန်းမစေ့ခင်ဘဲ လူ့ပြည်ညည်းလို့ နတ်ထီးစံရမယ့်ကိန်း မဟုတ်လား။

ပညာရေးလောကထဲမ၀င်ခင် ဆေးလောကထဲမှာ ကျင်လည်နေတုန်းကတော့လည်း အခုအချိန်လို စိတ်မျိုး ဘယ်ဟုတ်လိမ့်မလဲလေ။ အရွယ်ကလည်း ငယ်လွန်း၊ နုလွန်းနေတဲ့အပြင် ပညာမာန်တွေကလည်း ဖြိုးဖြိုးမောက်နေပြန်တော့ အခက်အခဲအကျပ်အတည်းနဲ့တွေ့တိုင်းကြုံတိုင်းမှာ စိတ်ဖိစီးမှုဒဏ်ကို တနင့်တပိုးကြီး ခံစားခဲ့ရတာပ။ ဘယ်လောက်ကြီးတဲ့ရောဂါကိုမဆို ငါကုရင်ပျောက်ရမယ် ဆိုတဲ့ ထင်တစ်လုံးကလည်း အင်မတန်မှ ပြဿနာပေးတာကလား။ သတ်မှတ်ထားတဲ့ ဆေးပတ်လည်လို့မှ ရောဂါအခြေအနေ ထူးခြားမလာသေးရင် ဦးဟန်ကြည်တို့ ခေါင်းမီးတောက်ရပါလေရော။ ဒီကြားထဲမှာ ထစ်ခနဲရှိရင် ကိုယ့်ကိုယ်ကို ပြဿနာရှာချင်တဲ့ မွေးရာပါ သန္ဓေကလည်း မြွေပူရာကင်းမှောင့် လုပ်တတ်ပါသေးရဲ့။ ငါညံ့လှချေလား၊ ဒီလောက်ကလေးတောင် ငါမကုနိုင်ဘူးလားဆိုတဲ့ အတွေးဆိုးတွေကလည်း နလံမထူအောင် နှိပ်စက်လွန်းတာမို့ တခြားရောဂါတွေကို ပျောက်အောင်ကုပေးနိုင်လို့ ရတဲ့ပီတိလေးတွေတောင် ကြာရှည်မခံစားရဘဲ အချိန်တော်တော်များများ စိတ်ညစ်ခဲ့ရဖူးတာကိုး။

မှတ်မိပါသေးတယ်။ လွန်ခဲ့တဲ့ နှစ်တွေတော်တော်များများကပေါ့။ အဲဒီအချိန်က တစ်နေ့ခင်းလုံး စာသင်ရ၊ လူနာကြည့်ရနဲ့ ပင်ပန်းခဲ့သမျှ အတိုးချပြီး ကောင်းကောင်းအိပ်နေတဲ့ ဦးဟန်ကြည်ကို ဆောင်းညသန်းခေါင် အချိန်ကြီးမှာ လူနာကြည့်ပေးဖို့ လာပင့်ပါလေရော။ ကိုယ်ကိုယ်တိုင် ဘယ်လောက်ပဲ ပင်ပန်းလို့ မတ်တပ်ကနေလဲပါစေ လူနာဟေ့ဆိုရင် တက်ကြွပြီးသား ဦးဟန်ကြည်လည်း လူနာလာပင့်တဲ့လူရဲ့ ဆရာဆိုတဲ့ခေါ်သံတစ်ခွန်းအဆုံးမှာတင် အိပ်နေရာကနေ ငေါက်ခနဲထထိုင်၊ အသင့်ရှိပြီးသားဆေးအိတ်ထဲမှာ လိုမယ်ထင်တဲ့ဆေးတွေကောက်ထည့်ပြီး ထလိုက်လာခဲ့တာပေါ့။ အမှန်တကယ်ဆို ဦးဟန်ကြည်ရဲ့ မွေးရာပါ ဗီဇက အင်မတန်မှ အပျင်းကြီးတာကလား။ အိပ်ရေးကလည်း ဘာမက်သလည်း မမေးနဲ့။ ဒေါသကလည်း ငယ်ထိပ်ကိုတက်နေတဲ့ လူစားဖြစ်တာမို့ အိပ်ပျော်နေပြီဆိုမှဖြင့် အိမ်ရှင်မကတောင် မနှိုးရဲတဲ့အထိ။ ဒါပေမယ့် လူနာလာပင့်လို့ကတော့ ကြိုက်တဲ့အချိန်နှိုး ဦးဟန်ကြည်တို့ မနိုးဘူးဆိုတာ သက်တန်းတလျှောက် တစ်ခါမှကို မရှိခဲ့ဖူးတာ။

လက်နှိပ်ဓာတ်မီးလေး မှိတ်တုတ်မှိတ်တုတ်နဲ့ မှောင်ကြီးမည်းမည်းမှာ မြွေမကြောက်ကင်းမကြောက်နဲ့ ရမ်းသမ်းသွားပြီး လူနာရှိတဲ့အိမ်ကိုရောက်လို့ လူနာကိုလည်း ကြည့်လိုက်မိရော ဆရာဝန်ပေါက်စ ဦးဟန်ကြည်လည်း ခေါင်းကြီးသွားလိုက်တာမှ စပါးထည့်တဲ့ပုတ်လောက်ဖြစ်သွားတယ် ထင်မိပါရဲ့။ အသက် ၇၀ ကျော် ဆီးချိုသမားလူနာက အိပ်ရာပေါ်မှာ ပက်လက်ကလေး။ vital sign တွေကို စစ်ဆေးကြည့်ပြန်တော့လည်း အခြေအနေက မကောင်း။ BP ယူလိုက်ပြန်တော့လည်း အောက်သွေးက သုညနားမှာ။ နှလုံးခုန်နှုန်းကလည်း မကြားတစ်ချက် ကြားတစ်ချက်။ ဒီအနေအထားကြီးရောက်မှ ဆေးရုံပို့ပြန်ရင်လည်း လမ်းမှာတင် အသက်ကုန်မယ့် အခြေအနေ။ ၀ါရင့်ဆရာဝန်ကြီးတွေဆိုရင်တော့ ရုပ်ရှင်တွေထဲကလို လူနာရှင်ကို ခေါင်းကလေး တစ်ချက်ရမ်းပြပြီး ဆေးအိပ်အသာဆွဲပြီး ပြန်လာခဲ့ရုံပေါ့။ ဒါပေမယ့် ပညာမာန်က ငယ်ထိပ်တက်နေတဲ့ ဦးဟန်ကြည်ပေပဲ။ လူနာရှင်ကို အကျိုးအကြောင်းရှင်းပြပြီး သေမင်းနိုင်ငံကို ခြေနှစ်ချောင်းလုံး ရောက်လုနီးနေတဲ့ လူနာကို ကယ်နိုင်ဖို့ အကြိတ်အနယ် ကြိုးစားပါလေရော။ ရှင်တော်ဘုရားတောင်မှ မလွန်ဆန်နိုင်တဲ့ နောက်ဆုံးလားရာဂတိကို ဦးဟန်ကြည်က ဘယ်လိုတားပေးနိုင်ပါ့မလဲလေ။ နာရီဝက်သာသာလောက်လည်း ကြိုးစားကြည့်ပြီးရော လူနာလည်း အသက်ကုန်ပါလေရော။ တစ်ခုရှိတာက သက်တောင့်သက်သာ အသက်ကုန်သွားတာပဲပေါ့။ တကယ်ဆို သေခါနီးလူနာကို ကုရတဲ့ ကံဆိုးသူ ဆရာဝန်က ဦးဟန်ကြည်။ ဆရာမ ၀င်းဝင်းမြင့်ရဲ့ “ အချစ်ရဲ့ နောက်ဆက်တွဲစာမျက်နှာများမှာ ” ဆိုတဲ့ ၀ထ္ထုထဲက စာသားကို အငှားသုံးပြီးပြောရရင်တော့ ကြွေလုဆဲဆဲ ထန်းသီးပုပ်ကြီးပေါ်မှာမှ နားလိုက်မိတဲ့ ကျီးပေါ့လေ။ ကိုယ့်ကိုယ်ကို ဖြေပြီးတွေးရင် တွေးစရာအကွက်တွေမှ တပုံတပင်ကြီး။

ဒါပေမယ့် အပါးမ၀တဲ့ ဆရာဝန်ပေါက်စ ဦးဟန်ကြည်ခမျာမှာတော့ ကိုယ့်ကိုယ်ကို အပြစ်တွေတင်လို့ မဆုံးတော့ဘဲ ကိုယ့်ပညာအပေါ်မှာ ကိုယ်တိုင်ပဲ သံသယတွေ ၀င်လာပါလေရော။ အရွယ်ကလည်း ငယ်လွန်းနေပြန်တော့လည်း စိတ်မဖြေနိုင်ဘူးပေါ့လေ။ ဒါပေမယ့် ဒီအချိန်ရောက်လို့ ခေါင်းအေးအေးထားပြီး ပြန်စဉ်းစားမိမှပဲ အနှီဖြစ်စဉ်မှာ ဦးဟန်ကြည်မရှုံးခဲ့တာကို သတိထားမိသပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် အသက်ကုန်တော့မယ့်လူနာကို သက်တောင့်သက်သာ ၀ိညာဉ်ချုပ်သွားအောင် ကူညီနိုင်ခဲ့သေးတာကိုး။ ရှင်တော်ဘုရားတောင် မကယ်နိုင်တဲ့ လူ့အသက်ကို ဆွဲဆန့်လို့ မအောင်မြင်ခဲ့တဲ့အတွက် ကိုယ့်ကိုယ်ကို အပြစ်တင်နေခဲ့မိတာ မှားလိုက်လေခြင်းလို့ သဘောပေါက်လာတဲ့ အချိန်ရောက်တော့မှပဲ နေရထိုင်ရ သက်တောင့်သက်သာ ရှိသွားတော့တာပ။

ပညာရေးလောကထဲကို စ၀င်ကာစတုန်းကလည်း ဦးဟန်ကြည်တို့ မာနကြီးတုန်းပါပဲ။ ငါသင်ရင်အောင်ရမယ်၊ ငါ့တပည့်ဟူသမျှ အတော်ဆုံးဖြစ်ရမယ် ဆိုတဲ့ မာန်တွေဟာ အင်မတန် ဖိစီးတာကလား။  ခက်တာက ပညာရေးလောကမှာ ဆရာဆိုတဲ့ လူတန်းစားက ပံ့ပိုးသူ၊ ဖြည့်ဆည်းသူ၊ လမ်းညွှန်သူ အဆင့်ပဲ ရှိတာကိုး။ ကိုယ်က ဘယ်လောက်ပဲ ပံ့ပိုးနေပါစေ၊ ခံယူသူက မခံယူပြန်တော့လည်း ဦးဟန်ကြည်တို့ စိတ်ညစ်ရပြန်ရော။ ဦးဟန်ကြည်တို့ အထက်တန်းကျောင်းသားဘ၀တုန်းက ဆရာတစ်ယောက် ပြောဖူးခဲ့တဲ့ -
“ အိုးစောင်း၊ အိုးမှောက်၊ အိုးဖင်ပေါက်
ဆရာအလွန်ကြောက် ”
ဆိုတဲ့ ဆောင်ပုဒ်လေးကိုပဲ မကြာမကြာ သတိရမိတာပ။ ထိုက်သင့်တဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေကို တတ်အားသမျှ ဖြည့်ပေးထားတဲ့ ဦးဟန်ကြည်ရဲ့ တပည့်တွေထဲမှာ အိုးမှောက်နဲ့တူတဲ့ တပည့်ကတော့ မရှိသလောက်ရှားပါရဲ့။ ဒါပေမယ့် အနှီအိုးမှောက်မျိုးကိုတော့ ပေယျာလကန်ပြုလိုက်ရင် ကိုယ်သက်သာနိုင်သေးသကိုး။ ဘယ်လောက်သင်သင် အပြည့်မတတ်တဲ့ အိုးစောင်းတပည့်၊ ဒီနေ့သင် မနက်ဖြန်မေ့ကုန်တဲ့ အိုးဖင်ပေါက်တပည့်တွေ ပတ်လည်ဝိုင်းနေတဲ့ ဦးဟန်ကြည်ခမျာမှာတော့ ပစ်ထားလို့လည်းမရ၊ ဖြည့်လို့လည်း မပြည့်တဲ့ ပညာရေးပါရမီကြီးကို အင်တိုက်အားတိုက် ဖြည့်နေရင်းက တစ်ခါတစ်ခါများ ကိုယ့်ကိုယ်ကို သနားစိတ်ဝင်မိတဲ့အထိ။ တစ်ချို့တပည့်တွေကလည်း စလေဦးပုညရဲ့ စာထဲကလို- “ သုတ်၊ ၀ိနည်း၊ ပိဋကတ်နဲ့။ လျှာပြတ်အောင်ဟောသော်လည်း။ ဟောရင်းသာ ပြန်တော်မူသွားမယ် ” နည်းနည်းမှကို မကြိုးစား ဆိုတဲ့ ကျောင်းသားမျိုးတွေကိုး။ စိတ်ပေါက်ပေါက်နဲ့ ရွှေမန်းဦးတင်မောင်ရဲ့ သီချင်းတစ်ပုဒ်လို -
“ မင်း…တို့ကိုလည်း အပြစ်မတင်…
မောင်တင်…
ကိုယ့်ကိုယ်ကိုသာ သနားမိပါရဲ့… ”
လို့ပဲ ခုနစ်သံချီပြီး အော်ချင်စိတ်ကတော့ မကြာမကြာ ပေါက်မိပါရဲ့။ ပြောမယ့်သာ ပြောရတယ် ဦးဟန်ကြည်တို့ ပညာရေးလောကသားတွေကို စာနာနားလည်နိုင်မယ့်သူဆိုတာကလည်း ကိုယ့်တပည့်ထဲက အနည်းအကျဉ်းလောက်သာ ရှိတာကလား။ အနှီတော့ အော်ငိုနေပြန်ရင်လည်း ကိုယ်ပဲ ငပေါဖြစ်ပေတော့မပေါ့။

တဖြည်းဖြည်းနဲ့ လုပ်သက်လေးလည်းရလာ၊ ဟဲလေးသီချင်းလို Old service တစ်ပိုင်းလည်း ဖြစ်လာတဲ့ ဒီအချိန်ရောက်တော့ ဦးဟန်ကြည်ရဲ့ တလူလူလွင့်နေတဲ့ မာနတံခွန်တွေလည်း ပိတ်ပိတ်ပျောက်ကုန်ပါလေရော။ ဟုတ်ပါရဲ့…။ ကိုယ်ကသာ ကိုယ့်ကိုယ်ကို စွတ်တင်နေမိတာ။ ရှင်တော်ဘုရားတောင်မှ သတ္တ၀ါတိုင်းကို ကျွတ်တမ်းဝင်အောင် မစွမ်းဆောင်နိုင်ခဲ့ပဲကိုး။ ရှင်တော်ဘုရားက မနက်မိုးသောက်ယံမှာ ဒီနေ့ကျွတ်ထိုက်သူ ဘယ်သူရှိသလဲလို့ ရွှေဥာဏ်တော်ကွန်ယက်ဖြန့်ပြီး ကျွတ်ထိုက်သူကိုပဲ ကျွတ်တမ်းဝင်အောင် ဟောတော်မူပါရဲ့။ ဒီအတွေး၊ ဒီအသိလေးလည်း နှလုံးသားထဲမှာ ကိန်းအောင်းလာရော ဦးဟန်ကြည်ရဲ့ မာနတွေလည်း ကွာပါလေရောပေါ့လေ။ ဒါပေမယ့် ဆရာဆိုတဲ့ လူစားမျိုးက တပည့်ရွေးခွင့်မရှိဘဲ လာသမျှ၊ အပ်သမျှ ဖြူသော၊ မည်းသော မခွဲဘဲ ရနိုင်သမျှ အောင်မြင်မှုရသွားစေဖို့ တတ်နိုင်သလောက် ပံ့ပိုးရတာမဟုတ်လား။ အနှီတော့လည်း ဒီငနဲကတော့ ဒီနှစ်မအောင်နိုင်ဘူးလို့ ကောက်ချက်ချပြီး ပေယျာလကန်ပြုလို့ ဘယ်ဖြစ်နိုင်ပါ့မလဲလေ။ နောက်ဆုံးတော့လည်း သင်းဖာသာ ဥာဏ်မီတာမမီတာ အပထား လွယ်နိုင်သမျှ အလွယ်ဆုံး၊ ခေါင်းထဲကို အရောက်နိုင်ဆုံးဖြစ်မယ့် နည်းစနစ်ကို တွင်တွင်သုံးပြီး ဒီနှစ်မအောင်နိုင်သေးရင်တောင် နောက်တစ်နှစ်အတွက် အခြေခံကောင်းတွေရသွားဖို့ ရေရှည်ပစ်မှတ်ထားပေးရတော့တာပ။

အနှီလို ကျောင်းသားတွေချည်း ပတ်လည်ဝိုင်းနေတဲ့ နှစ်မျိုးနဲ့ကြုံရင်တော့ ဦးဟန်ကြည်တို့ ကွဲပြီပေါ့လေ။ ခက်တာက ဆရာတစ်ယောက် ဘယ်လိုသင်တယ်၊ ဘယ်လို စေတနာကောင်းထားတယ်ဆိုတာ သူ့တပည့်တွေပဲ သိတာကလား။ မိဘတွေနဲ့ ပတ်ဝန်းကျင်ကတော့ ကလေးတွေအောင်ရင် ဆရာတော်လို့၊ ကလေးတွေကျရင် ဆရာညံ့လို့လို့ပဲ ခပ်လွယ်လွယ် ကောက်ချက်ချလိုက်ကြတာချည်းပ။ ကိုယ့်သိက္ခာကို ကလေးတွေလက်ထဲမှာ ၀-ကွက်ပြီး အပ်ထားရတာက ဦးဟန်ကြည်တို့ရဲ့ အသက်မွေးဝမ်းကြောင်းကိုး။ ရှိစေတော့။

လက်ဝှေ့လောကမှာ အရှုံးသုံးမျိုးရှိပါသတဲ့။ ကြောက်ရှုံး၊ လဲရှုံး၊ ကွဲရှုံး လို့ခေါ်ပါသတဲ့။ မထိုးရဲလို့ အရှုံးပေးလိုက်ရင် “ ကြောက်ရှုံး ”။ အလဲထိုးချခံလိုက်ရလို့ ပြန်မထနိုင်ရင် “ လဲရှုံး ”။ တစ်ဖက်သားရဲ့ လက်သီးချက်ကြောင့် မျက်ခုံးတွေ နားတွေ ကွဲပြဲကုန်လို့ ဆက်မထိုးနိုင်ရင် “ ကွဲရှုံး ” ပေါ့လေ။ ဘယ်လိုနည်းနဲ့ပဲ ရှုံးရှုံး၊ ရှုံးတာချင်းတော့ တူပေသပေါ့။ ဒါပေမယ့် အနှီအရှုံးထဲမှာ သူတင်ကိုယ်တင် ထိုးရင်းရှုံးသွားတဲ့ ကွဲရှုံးမျိုးကိုပဲ ဦးဟန်ကြည် လိုချင်သပ။ တစ်ဖက်သားက ကိုယ့်ထက် ဘယ်လောက်ပဲ အင်အားကြီးကြီး နိုင်တာမနိုင်တာကို ခေါင်းထဲက ထုတ်ပြီး စွန့်စွန့်စားစား ယှဉ်ပြိုင်ရင်း မယှဉ်သာလို့ ရှုံးသွားတာမျိုးကိုပဲ မြတ်နိုးသပ။ ဒါကြောင့်လဲ ဘယ်လောက်ညံ့တဲ့ တပည့်မျိုးပဲ လာအပ်ပါစေ ဦးဟန်ကြည်က ever welcome လုပ်ရင်း တတ်နိုင်သမျှ စွမ်းအားရှိသမျှ ပံ့ပိုးပေးနေမိတာပေါ့လေ။ ပညာရေးလောကကို ရွေးချယ်လိုက်မိတာကိုက တိုင်းပြည်မှာ လိုအပ်နေတဲ့ တစ်ထောင့်တစ်နေရာကနေ အလုပ်အကြွေးပြုဖို့ဆိုတဲ့ ရည်မှန်းချက်ကြီးနဲ့ ရွေးခဲ့တာကိုး။

ဦးဟန်ကြည်တို့ တိုင်းပြည်မှာ အထူးကု ဆရာဝန်ကြီးတွေ ထောင်သောင်းချီပြီးရှိပေမယ့် စွမ်းရည်ပြည့်ဝ၊ နှလုံးလှတဲ့ ပညာရေးလောကသားကျတော့ အင်မတန်မှ အရေအတွက် နည်းနေသေးတာကိုး။ ဒါ့အပြင် ဆရာဝန်တစ်ယောက်ကို တန်ဖိုးထားလေးစားမှုနဲ့ ကျောင်းဆရာတစ်ယောက်ကို တန်ဖိုးထားလေးစားမှုကလည်း နံ့သာဆီနဲ့ အီးနံ့လောက်နီးနီး ကွာလွန်းပါရဲ့။ ဘာပဲဖြစ်ဖြစ် ဆရာဝန်ရော၊ ကျောင်းဆရာရော သူများတွေ အလိုရှိမှ တောင့်တခံရတဲ့ ဘ၀တွေချည်းပဲမို့ ဗိုက်နာတဲ့အချိန်ရောက်မှ လူတွေစဉ်းစားမိတတ်ကြတဲ့ အိမ်သာလို ဘ၀မျိုးတွေချည်းပဲမို့ ဦးဟန်ကြည်ကတော့ အနေအထားတူလို့ သတ်မှတ်ပြီး မတုန်လှုပ်ဘူးပေါ့လေ။

အနှီတော့လည်း ဖြစ်ချင်ရာဖြစ် မောင်ဘချစ်ဆိုတဲ့ ဆောင်ပုဒ်ကို ခေါင်းထဲမှာ အသေရိုက်ထည့်ပြီး ဖွတ်ကြားကလေးတွေကို လူဖြစ်လာအောင် ကြိုးစားပေးနေလိုက်တာ အခုဆိုရင် သကောင့်သားလေးတွေ စာမေးပွဲတောင် ဖြေလို့ပြီးတော့မှာပါလား။ အများတကာစိတ်မ၀င်စားတဲ့၊ အစိုးရကျောင်းကဆရာတွေက လူညံ့လို့ သတ်မှတ်ထားခံရတဲ့ အနှိမ်ခံဖွတ်ကြားလေးတွေက ဒီစာမေးပွဲမှာ လူလုံးကြွပြီး မျက်နှာပန်းလှအောင် ဖြေပြခဲ့ကြတာမို့ ဦးဟန်ကြည်တစ်ယောက် ပီတိတွေတရွှင်ရွှင်နဲ့ ဘ၀င်ကို လေဟပ်နေပါရဲ့။ တကယ်လို့ ခြေချော်လက်ချော်တဲ့ ကျောင်းသားတွေ စာမေးပွဲ ကျသွားခဲ့ရင်လည်း ဦးဟန်ကြည်ဘက်က စွမ်းနိုင်သလောက် ကြိုးစားပေးခဲ့တာမို့ ကျေကျေနပ်နပ်ကြီးနဲ့ပဲ ကွဲရှုံးကို လက်ခံဖို့ အသင့်ပါတဲ့ဗျား။  

Thursday, 15 March 2012

ဆန္ဒမစောကြပါနဲ့ . . . ( Tag post )


ဘာမှမရေးခင်မှာပဲ ဒီ Tag ကို စ-ပေးလိုက်တဲ့ ကိုချစ်သူမောင်ကို ကျေးဇူးတင်တဲ့အကြောင်း အရင်ပြောရမှာပါပဲ။
 ဘာကြောင့်လဲဆိုတော့ သူချပေးလိုက်တဲ့ Tag post ကကျန်တဲ့ Tag တွေလို Personal သိပ်မဆန်ဘဲ တိုင်းပြုပြည်ပြုဆန်တဲ့ Tag တစ်ခု ဖြစ်နေတာက တစ်ကြောင်း၊ ဘောင်ကန့်သတ်ထားတဲ့ Tag မဟုတ်ဘဲ ကိုယ်ကျွမ်းကျင်ရာ၊ ၀င်ဆန့်ရာ နယ်ပယ်အသီးသီး၊ ရှုထောင့်အမျိုးမျိုးကနေ ကိုယ့်အမြင်၊ ကိုယ့်အတွေးကို အထိုက်အလျောက် ထုတ်ဖော်ပြောခွင့်ရတာရယ်ကြောင့်က တစ်သွယ်၊ ဒီရက်ပတ်အတွင်းမှာ သွေးအေးနေတဲ့ ဘလော့ရွာကို စည်စည်ဝေေ၀ဖြစ်အောင် လှုံ့ဆော်ပေးလိုက်နိုင်တာက တစ်ကဏ္ဍ၊ ဘလော့ဂါတွေရဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်း တိုးတက်လာအောင် ပံ့ပိုးပေးနိုင်တာက တစ်ချက်၊ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်း ဖလှယ်နိုင်တာက တစ်လီ…စသည် စသည့် အကျိုးကျေးဇူးပေါင်းမြောက်များစွာ ပေးနိုင်စွမ်းတဲ့ Tag တစ်ခု ဖြစ်နေတာကြောင့်ပါ။
ဒါကြောင့်လည်း ပြောချင်ရက် လက်တို့သလို ဖြစ်သွားတဲ့ ဦးဟန်ကြည်တစ်ယောက် စာမေးပွဲရက်ပတ်ဖြစ်တာကြောင့် စိတ်ရောကိုယ်ပါ ဖလက်ပြနေတဲ့ကြားကပဲ အိပ်ချိန်တွေကို စတေးပြီး အင်တိုက်အားတိုက် ရေးလိုက်ပါကြောင်း။

 “ ဆန္ဒမစောကြပါနဲ့ ” လို့ မပြောခင်မှာ ကြားဖူးနားဝရှိထားတဲ့ ပေါက်ဖော်တို့ရဲ့ ဟာသတစ်ပုဒ်ကို အရင်ပြောချင်ပါရဲ့။ အီးစံကွားတို့ရဲ့ ဟာသပုံပြင်လေးတွေက ရယ်လည်းရယ်ရ၊ ပညာလည်းရသမို့ ရွှေပြည်က ဖွတ်ကလိဒင်္ဂါးဟူသမျှကို မရရတဲ့နည်းနဲ့ သိမ်းကြုံးယူနေတဲ့ စူတို့လူမျိုးရဲ့ ကတုံးပေါ်ထိပ်ကွက် စီးပွားရေးနည်းဗျူဟာကြီးကို မကြည်ပေမယ့်လည်း ဖတ်ကောင်းရဲ့ မဟုတ်ပါလား။ သူ့ပုံပြင်က အနှီလို ဆိုပါသတဲ့…

အတီတေ ရှေးအတိတ်ကာရီက ( အဟမ်း…ထီးသံ၊ နန်းသံ ပေါက်သွားပါရောလား ) လုတို့ ၀-တို့ အီးစံကွား ရွာတစ်ရွာမှာ အင်မတန့်၊ အင်မတန်မှ စိတ်မြန်လှတဲ့ ပေါက်ဖော်ကာလသားတစ်ယောက် ရှိတယ်ဆိုပဲ။ ပုံပြင်ပြောလို့ အဆင်ပြေအောင် အနှီပေါက်ဖော်နာမည်ကို “ အာဖျံကွီး ” လို့ မှတ်ကြပါစို့ရဲ့။ အနှီအာဖျံကွီးက ဘယ်ကလောက်များ စိတ်မြန်သလဲဆိုတော့ တစ်ခါသားမှာ ရွာထဲက စားသောက်ဆိုင်တစ်ဆိုင်မှာ မောင်မင်းကြီးသား တစ်ယောက်တည်း ခေါက်ဆွဲပြုတ်သွားစားပါသတဲ့။ “ ခေါက်ဆွဲပြုတ်တစ်ပွဲ ” လို့ ပေါက်ဖော်တို့ ဘာသာစကားနဲ့ မှာပြီး စားပွဲမှာ ထိုင်ချလိုက်လို့ ဖင်နဲ့ထိုင်ခုံထိကာစပဲ ရှိသေးတယ် “ ဟေ့…ဆိုင်ရှင် မင့်ခေါက်ဆွဲပြုတ်က ကြာလှချေလား၊ ဒီနေ့စားရမှာလား ” ဘာလား…ညာလားနဲ့ ဆိုင်ရှင်ကို နားပူနားဆာ တိုက်ပါလေရော။ အနှီမှာတင် ဆိုင်ထဲမှာ ထိုင်နေတဲ့ ကျန်တဲ့လူတွေကလည်း အနှီသကောင့်သား ပေါက်ဖော်ကို ၀ိုင်းကြည့်ကြတာပေါ့။ သည်အကောင်တော့ ဆိုင်ရှင်ပေါက်ဖော်ရဲ့ ၀က်ခုတ်ဓားဖျားမှာ ကားခနဲပဲ နေမလား၊ ပေါက်ဖော်မရဲ့ ငရုတ်ကျည်ပွေ့လက်နက်ပုန်းကပဲ ငယ်ထိပ်ကို ဒေါင်ခနဲနေအောင် မှန်သွားလေမလား စဉ်းစားနေကြမှာပေါ့လေ။ ဒါပေမယ့် ဦးဟန်ကြည်ပြောမယ့် ပုံပြင်ထဲက ပေါက်ဖော်လင်မယားကတော့ အင်မတန် စိတ်သဘောကောင်းကြတယ်ဆိုပဲ။ ပေါက်ဖော်ချင်းချင်း၊ သတင်းလွေ့လွေ့၊ ပေါင်းဖက်တွေ့ဆိုတဲ့ ဆိုရိုးအတိုင်းပဲ နေမှာပ။ ကိုင်း…ထား။

သကောင့်သားအာဖျံကွီးတစ်ယောက် ဆူဆူပူပူလုပ်လို့ ငါးမိနစ်သာသာလောက်လဲရှိရော သူထိုင်နေတဲ့ စားပွဲဆီကို ခေါက်ဆွဲပြုတ်ပန်းကန်ကိုင်ထားတဲ့ ဆိုင်ရှင်ပေါက်ဖော် ရောက်လာပါသတဲ့။
 “ သွေ့ပုချိ…သွေ့ပုချိ ” လို့လည်း ပြောချင်ပြောမှာပေါ့လေ။ ဦးဟန်ကြည်ကတော့ ပေါက်ဖော်စကား မတတ်လို့ ခပ်ငယ်ငယ်က ကြည့်ဖူးတဲ့ ဒေးဗစ်ချန်းတို့ တီလုံးတို့ ဇာတ်ကားထဲက မှတ်မိသမျှ မီးကျိုးမောင်းပျက် စကားလုံး တစ်လုံးစ၊ နှစ်လုံးစ ထုတ်သုံးကြည့်ရသပ။ တောင်းပန်ပါတယ်လို့ ပေါက်ဖော်လို ဘယ်လိုပြောရမယ်ဆိုတာ သိချင်ကြရင်တော့ ပေါက်ဖော်တွေနေတဲ့ ထိုင်ဝမ်ကျွန်းက ဂျယ်ရီပစ်ပစ်ကို မေးကြပေရော့။ အနှီဆိုင်ရှင်က စားပွဲဘေးလည်း ရပ်မိရော လက်ထဲမှာကိုင်လာတဲ့ ခေါက်ဆွဲပြုတ်ပန်းကန်ထဲက ခေါက်ဆွဲတွေကို စားပွဲပေါ်သွန်ချလိုက်ပါသတဲ့။ “ ဟေ့လူ ဒါဘာလုပ်တာလဲ ” လို့ အာဖျံကွီးက ပြန်မေးတော့ ဆိုင်ရှင်က ငါးသလောက်ပြုံး ပြုံးပြပြီး “ စိတ်မရှိပါနဲ့ဗျာ…ကျုပ်က ဒီပန်းကန်ကို ဆေးဖို့ အလျင်လိုနေလို့ပါ ” လို့ ဖြေသတဲ့။ စူ့ထက်စူ စိတ်မြန်တဲ့ ဆိုင်ရှင်ကို အာဖျံကွီးလည်း လက်လန်သွားပြီးတော့ စားသောက်ဆိုင်ကနေ ဒေါနဲ့မောနဲ့ အောင်ဖျာလိပ်ပြီး ပြန်လာခဲ့ရပါလေရော။

အနှီလိုနဲ့ ဒေါသအိုး အာဖျံကွီးတစ်ယောက် တစ်လမ်းလုံး တစ်ဖျစ်တောက်တောက်နဲ့ ရေရွတ်ပြီး အိမ်ပြန်သွားလိုက်တာ လမ်းခုလတ်မှာ ပေါက်ဖော်မလေး တစ်ယောက်နဲ့ ဆုံပါရောလား။ အနှီပေါက်ဖော်မလေးကလည်း ဒီနေ့ခေတ်က ဂုံလီတို့ ရှုကြည်တို့လောက် ချောချင်လည်း ချောပေမပေါ့လေ။ ဦးဟန်ကြည်တို့ ကြိုက်တဲ့ပေါက်ဖော်မင်းသမီး အစားထိုးပြီး စိတ်ကူးကြည့်ကြတာပေါ့။ တစ်ကိုယ်တည်း တစ်ပွားတည်းပွားနေတဲ့ အာဖျံကွီးကို ပေါက်ဖော်မလေးက “ ဘာတွေဖြစ်လာတာလဲ ကွီးတကော ” လို့ မေးပါလေရော။ အနှီမှာတင် အာဖျံကွီးကလည်း အကြောင်းစုံကို ပြောတော့တာပေါ့။ ခေါက်ဆွဲအမြန်စားချင်လို့ မှာပါတယ်ဆိုမှ ဆိုင်ရှင်က ခေါက်ဆွဲပန်းကန်ကို အမြန်ဆေးချင်လို့ ခေါက်ဆွဲငတ်တဲ့အကြောင်းတွေကို ပေါက်ဖော်သံနှောပြီး ကောင်မလေး မကျ-ကျအောင် ပြောမှာပေါ့လေ။ အနှီတော့ ပေါက်ဖော်မလေးက “ ကွီးတကောရယ် မိန်းမတစ်ယောက် ယူထားလိုက်ရင် အခုလို ခေါက်ဆွဲဆိုင်သွားပြီး စိတ်ညစ်စရာ မလိုတော့ဘူးပေါ့ ” လို့ ရေလာမြောင်းပေး၊ ရေမလာလည်း ရေစုပ်စက်နဲ့ စုပ်တင်တဲ့ စကားလမ်းလည်း ကြောင်းလိုက်ရော စိတ်မြန်ကိုယ်မြန် အာဖျံကွီးက “ အေး…ကောင်းသားပဲ၊ အခုပဲ နင့်ကို ငါယူမယ်၊ အိမ်လိုက်ခဲ့ ” ဆိုပြီး လက်ဆွဲခေါ်သွားပါလေရော။ အာဖျံကွီးတို့က အနှီလို စိတ်မြန်တာကိုး…။ လက်မြန်မမြန်ကိုတော့ သူ့ပေါက်ဖော်မလေးကို မေးကြည့်မှပဲ သိရမှာပ။

သည်ယုန်ကိုမြင်လို့ သည်ခြုံကို ထွင်မယ်ကြံတဲ့ ပေါက်ဖော်မကလေးလည်း ခြုံမဖျက်ရသေးခင် ယုန်ထွက်လာတာနဲ့တင် အိုခေမှာ စိုပြည်ပါလေရောတဲ့။ ဒါပေမယ့် လင်မယား အရာမြောက်လို့ တစ်ပတ်လောက်လည်းကြာရော မောင်မင်းကြီးသား အာဖျံကွီးက မိန်းမလုပ်သူကို ပြဿနာရှာပါလေရော။ ဘာဖြစ်လို့လည်းဆိုတော့ သူ့အတွက် ကလေးမွေးမပေးသေးလို့တဲ့။ ၇ ရက်နဲ့ ကလေးမွေးဖို့ဆိုတာ ဘယ်ဖြစ်နိုင်လိမ့်မတုန်း အရပ်ကတို့ရယ်။ ဒါပေမယ့် အာဖျံကွီးကတော့ ဒါမျိုးလာမစမ်းနဲ့ ဆိုပဲ။ သူ invest လုပ်ထားတာ အမြန်ဆုံးနည်းနဲ့ profit ပြန်ထွက်ရမယ်ဆိုတဲ့ လူစားမျိုး မဟုတ်လား။ အာဖျံကွီးကို ဘယ်လိုမှ ရှင်းပြလို့ သဘောမပေါက်၊ တောင်းပန်လို့မရတဲ့ အဆုံးမှာ ပေါက်ဖော်မလေးလဲ ချုံးပွဲချပြီး ငိုပါလေရော။ အမှန်ကတော့ ငိုတယ်ဆိုတာ အရှုံးပေးတာ ဘယ်ဟုတ်လိမ့်တုန်း။ တန်ပြန်တိုက်စစ် ပြန်ဆင်တာကိုး။ နုနုနွဲ့နွဲ့ မိန်းမသားလေး မျက်ရည်ကျပြလိုက်ရင် လေးလုံးခြောက်ဖက်ဆိုတဲ့ ယောက်ျားကြီးတွေ ပြားပြားမှောက်ရမယ် မဟုတ်လား။ ပေါက်ဖော်မကလေးက အနှီလိုမျိုး ခံစစ်ကနေ ပြန်ကစ်လိုက်တော့ အာဖျံကွီးခမျာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ပါလေရော။ ဘယ်သွားကိုင်မိတယ်ဆိုတာတော့ ပုံပြင်ထဲမှာ ပြောမထားပေါင်ဗျာ။

အနှီလိုနဲ့ အာဖျံကွီးတစ်ယောက် သူယူထားမိတဲ့ အရင်းနှီးဆုံးသူစိမ်း ပေါက်ဖော်မလေးကို စိတ်လိုလက်ရ ထိုင်ချော့လိုက်တာ ကွမ်းတစ်ယာညက်လောက် ကြာသွားတယ်ဆိုပဲ။ ဒါပေမယ့် ဟိုသတ္တ၀ါမလေးကလည်း နိုင်တုန်းဖိထောင်းမယ်ဆိုတဲ့ စိတ်ကူးနဲ့ ဇွဲခတ်ပြီး မျက်ရည်တွေ မထွက်ထွက်အောင် ညှစ်ညှက်ထုတ်ပြီး ထိုင်ငိုနေလေတော့ မောင်မင်းကြီးသား အာဖျံကွီးလည်း စိတ်ပျက်လာပါလေရော။ စိတ်ညစ်ညစ်နဲ့ “ ဟေ့…နင်မတိတ်သေးဘူးလား၊ ငါလည်း မချော့တတ်တော့ဘူး..အင်း…သေသာသေလိုက်ချင်တော့တာပဲ ” လို့လည်း ညည်းလိုက်မိရော တဗြဲဗြဲငိုနေတဲ့ ပေါက်ဖော်ကလေးက တစ်ခါတည်း အငိုတိတ်သွားပြီး လင်တောင်မောင် အာဖျံကွီးကို မျက်လုံးရွဲကြီးတွေနဲ့ တွေတွေကြီး စိုက်ကြည့်ပါသတဲ့။ ပုံပြင်မို့သာ ပြောရတယ် ပေါက်ဖော်မလေးမျက်လုံးက ပွေးမျက်လုံးလို ခပ်မှေးမှေးရယ်။ ဒါပေမယ့် သူက ရွဲတယ်ဆိုလည်း ရွဲလိုက်ရုံပေါ့လေ။ ပုံပြင်ကိုး။

အာဖျံကွီးမျက်နှာကို အနှီလိုစိုက်ကြည့်လို့လည်း အားရရော ပေါက်ဖော်မကလေးက စကားတစ်ခွန်းမှ မပြောဘဲ ထိုင်ရာကထပြီး အိမ်အပြင်ကို ဆောင့်ဆောင့်၊ ဆောင့်ဆောင့်နဲ့ ထွက်သွားပါသတဲ့။ ကိုယ့်လူကြီး ဦးစိတ်မြန် အာဖျံကွီးလည်း ပါးစပ်ကြီးအဟောင်းသားနဲ့ ကြက်သေသေပြီး အိမ်ထဲမှာ ကျန်နေရစ်ရှာတာပေါ့။ တစ်အောင့်လောက်လဲကြာရော ငနဲမကလေးက ပေါက်ဖော်ထီးတစ်ကောင် လက်ဆွဲပြီး အိမ်ထဲကို ပြန်ဝင်လာပါသတဲ့။ သူရို့ကိုကြည့်မိမှ ကြက်သေသေရာကနေ၊ ၀က်ရှင်ပြန်ရှင်လာတဲ့ အာဖျံကွီးလည်း “ ဟ…နင်ဘယ်သူ့ကို ခေါ်လာတာလည်း ” လို့ သူ့ချစ်ချစ်ကို အလန့်တကြား မေးရပြီပေါ့။ အနှီတော့မှ ပေါက်ဖော်မလေးက အာဖျံကွီးကို သနားတယ်ဆိုတဲ့ အပြုံးမျိုး တစ်ချက်ပြုံးပြပြီးတော့ “ စောစောက ပြောတော့ ရှင်သေမယ်ဆို…ရှင်သေရင် ကျွန်မတစ်ယောက်တည်း မနေရဲလို့ နောက်ယောက်ျားတစ်ယောက် သွားယူလာတာ…ရှင်သေချင်လည်း သေလို့ရပြီပေါ့ ” လို့ ပြောပါလေရော။ စူ့ထက်ပိုပြီး စိတ်မြန်လှတဲ့ မဒမ်ကွီးကို ငေးကြည့်ရင်း ဆန္ဒစောမိရှာတဲ့ အာဖျံကွီးခမျာ အခုချက်ချင်းပဲ ငုပ်တုပ်ကနေ လဲသေရအခက်၊ မဒမ်ကွီးကတော် လက်သစ်ကို ပြုံးပြရအခက်နဲ့ ဟပ်ကော့ကြီး ဖြစ်ပါလေရောတဲ့ အရပ်ကတို့ရယ်။

http://www.paephuhlwarmagazine.asia/images/photos/dec_09/happy05.jpg

ဦးဟန်ကြည်ကတော့ ရွှေပြည်သူ၊ ရွှေပြည်သားတွေ စိတ်မြန်ပုံ၊ ဆန္ဒစောပုံတွေကို မြင်ပြင်းကတ်တိုင်း အနှီအာဖျံကွီးကိုပဲ သွားသွားသတိရမိတာပ။ ဘယ့်နှာ ခုရေတွင်းတူး၊ ခုရေကြည်သောက်လို့ ဘယ်ရလိမ့်တုန်း။ ရွှေပြည်ကြီးဆိုတာက လွန်ခဲ့တဲ့ လေးငါးဆယ်နှစ်လောက်အထိ ဖွတ်ကြောပြာစု၊ အမွဲတကာ့ထွဋ်ခေါင် ဖွတ်မင်းနောင်တိုင်းပြည် မဟုတ်လား။ တကတည်း သူများနိုင်ငံတွေနဲ့ သွားသွားပြီး နှိုင်းနေလို့ကတော့ဖြင့် ဖားတုလို့ ခရုခုန်ရင် ဖင်ကျိန်းတာပဲ အဖတ်တင်ရုံပ။ ကိုယ့်မှာက ဆွမ်းတော်အသာထားလို့ ၀မ်းတော်မှ အနိုင်နိုင်ရယ်။ အခုတော့ဖြင့် ဖုန်းဆိုလည်း ဖုန်းမို့၊ အင်တာနက်ဆိုလည်း အင်တာနက်မို့၊ ပညာရေးဆိုလည်း ပညာရေးမို့၊ ကားဆိုလည်း ကားမို့ နေ့ချင်းညချင်းကို စံချိန်မီချင်လွန်းနေကြပြန်တော့ မြင်ပြင်းလေးကတော့ဖြင့် ကတ်ချင်ချင်ဖြစ်လာမှကိုး။

ဒီရက်ပတ် ဟိုနားကြည့်လည်း ငါးထောင်တန်ဖုန်းရရှိရေး၊ သည်နားသွားချောင်းလည်း မော်တော်ကားလိုင်စင်တွေ ဈေးပေါပေါနဲ့ ရရှိရေးနဲ့ မြင်ပြင်းတင်မကဘဲ ကြားပြင်းပါ ကတ်ချင်လာပါရော။ ဦးဟန်ကြည်လည်း ရွှေပြည်သား စစ်စစ်ကြီးမဟုတ်လား။ အများသူငါ ရွှေပြည်သားတွေကြားမှာ ဒွေးရောယှက်တင် နေပြီး မံမံတူတူမပုန်းအောင် တတ်သလောက်၊ မှတ်သလောက် လုပ်ကိုင်စားနေရတဲ့သူပီပီ သူများနိုင်ငံတွေမှာ လမ်းဘေးဆိုင်တွေမှာတောင် ၀ယ်လို့ရတဲ့ ဖုန်းကဒ်တွေကို သွားရည်မယိုဘဲ ဘယ်နေလိမ့်တုန်း။ ယိုသမှ ဟိုဘက်တောင်လွန်သေး။ ကလေးများလို လည်ပင်းမှာ သွားရည်ခံ တပ်မထားရုံတမည်။ ဒါပေမယ့် အနှီငါးထောင်ဖုန်းဆိုတာကြီး မသုံးခင် လတ်တလော သုံးနေရတဲ့ ငါးသိန်းတန်ဖုန်းပဲ ကြည့်ကြပါဦး။ ရွှေပြည်ကြီးတစ်ခုလုံးမှာ ဖုန်းအလုံးရေပေါင်း သိန်းဂဏန်းသာသာပဲ ရှိသေးတာကိုပဲ ဘယ်ဘက်နားမှာ ကပ်ထားတဲ့ ဖုန်းကို လက်မှာကိုင်ထားတဲ့ ဖုန်းနဲ့လှမ်းခေါ်တာတောင် ဆက်သွယ်မှုဧရိယာပြင်ပ ရောက်ရတာနဲ့၊ ဟဲလို တစ်ခွန်းပြော ဖုန်းတစ်ခါကျရတာနဲ့၊ ကြိုးဖုန်းကို လှမ်းခေါ်ရင် ကိုယ်ပြောတဲ့အသံ ကိုယ်ပြန်ကြားနေရတာနဲ့ ပြဿနာပေါင်းက သောင်းခြောက်ထောင်တောင် မကချင်ဘူး။ ဒီကြားထဲမှာ စကားပြောရင်း ဖုန်းလိုင်းပျောက်ပျောက်သွားတတ်လွန်းလို့ လိုင်းမိတဲ့နေရာကို သွားသွားပြောရတဲ့ ဒုက္ခ၊ ထိုင်ပြောရင် လိုင်းမမိလို့ လမ်းလျှောက်နေရတဲ့ ဒုက္ခ၊ လျှို့ဝှက်သတင်းကို တစ်ဖက်လူတင်မကဘဲ တစ်ရပ်ကွက်လုံးကြားအောင် မိုင်ကုန်တင်ပြီး အော်နေရတဲ့ဒုက္ခတွေကလည်း ဒုနဲ့ဒေး။

ဒါတင်ဘယ်ကလိမ့်တုန်း။ သူများတိုင်းပြည်မှာ တစ်မိနစ်စာ ဖုန်းပြောရင် ၁၅ ကျပ်လောက်ပဲ ကုန်ပေမယ့် ကိုယ့်ဆီမှာက ဟယ်လိုတစ်ခွန်းကို ၆၀ ပေးရသေး။ ယပက်လက်တိုင်းပြည်မှာ ဖုန်း Prepaid Top up card တစ်ကဒ်ကို ဘတ် ၆၀ ( မြန်မာငွေ ၁၅၀၀ ) ဆိုရင် အိုခေပေမယ့် ကိုယ့်ဆီမှာတော့ တစ်ကဒ်ဝယ်ရင် အနည်းဆုံး တစ်သောင်း ပလုံစွပ်။ သူများဆီမှာ ဖုန်းပြောရင်း ပိုက်ဆံကုန်သွားရင် အကြွေးမှတ်ပေးထားတာနဲ့၊ အရေးပေါ်အခြေအနေမှာ ပိုက်ဆံချေးပေးတာနဲ့ စိုပြည်သလောက် ကိုယ့်ဖုန်းကတော့ ဖုန်းထဲမှာ ပိုက်ဆံ ၁၀၀၀ အောက် နည်းသွားတာနဲ့တင် အထွက် call ကတော့ နိုးဖြစ်ပါလေရော။

ဖုန်းအရေအတွက်ကလေး လက်တစ်ဆုပ်စာကိုတောင် လူချင်းတူ၊ သူချင်းမျှအောင် ၀န်ဆောင်မှုမပေးနိုင်သေးတဲ့ ရွှေပြည်ကြီးမှာ နှပ်ချေးတွဲလောင်းကလေးကအစ ၀ယ်ကိုင်နိုင်မယ့် ငါးထောင်တန်ဖုန်းသာ ဖြစ်လာခဲ့ရင်တော့ အနှီဖုန်းဆိုတာ အင်တာနက်သုံးဖို့၊ You Tube ကြည့်ဖို့၊ Mail စစ်ဖို့ အသာထား၊ စကားတောင် ပြောလို့ရမှာမဟုတ်လို့ ခါးချိတ်အလှပြ ပစ္စည်းတောင် ဖြစ်သွားနိုင်ပါရဲ့။ နောက် ဖုန်းကဒ်တစ်ကဒ်ကို ငါးထောင်နဲ့မို့ ဆင်းရဲသားကျောမွဲကအစ ၀ယ်နိုင်ကြတယ်ထားဦး ဖုန်းပြောခက အနှီလောက် ခေါင်ခိုက်နေမှဖြင့် ရသမျှဖွတ်ကလိဒင်္ဂါးကို ကိုယ်မစားဘဲ အနှီအီလက်ထရွန်းနစ် အလှူခံပုံးထဲချည်း ထည့်နေရတာနဲ့တင် ဖွတ်သထက်ညစ်ရချေရဲ့။

ဘယ်အရာမဆို အလှမ်းကျယ်ရင် အလယ်လပ်သွားတတ်တာ လောကနိယာမတရားပ။ ဖြစ်ကတတ်ဆန်း၊ ရေတိုတစ်ဖြတ်ပဲ မျက်ခုံးမွေးတစ်ဆုံးကြည့်ပြီး ၀ုန်းဝုန်းဒိုင်းဒိုင်း အကောင်အထည် ဖော်လိုက်မိရင်တော့ ကောင်းကျိုးထက်၊ ဆိုးကျိုးပိုများရမှာ သေချာနေသကိုး။ အနှီတော့ ကောင်းကျိုးမရလို့ အရောင်မထွက်တာထက် ဆိုးကျိုးရပြီး ရင်းစားလေးပြုတ်ကုန်မယ့် အဖြစ်မျိုးကိုတော့ ဥာဏ်ကြီးသူများ ဆင်ခြင်သင့်လှပါရဲ့။ တိုက်တစ်လုံးဆောက်တဲ့အခါ မြေအနေအထား၊ မြေအမျိုးအစား၊ ရာသီဥတုအခြေအနေ၊ ၀န်နဲ့အား၊ စတာတွေကို စနစ်တကျ အချိန်ယူ တွက်ချက်ပြီး ကျကျနန မဆောက်ဘဲ သူများနည်းတူ တိုက်တစ်လုံးဖြစ်ပြီးစတမ်း နေ့မီးညမီးဆက်ပြီး အမြန်ဆောက်ထည့်လိုက်ရင်တော့ ပြီးလည်းပြီး၊ ပြိုလည်းပြို ဖြစ်သွားဖို့ များနေပေသကိုး။ တဲကလေးနဲ့ အေးအေးလူလူ အိပ်နေရတဲ့ဘ၀က ဆင်းရဲပေမယ့် ပြိုကျမှာစိုးရိမ်ရတဲ့ တိုက်သစ်ကြီးပေါ်မှာ တထိတ်ထိတ်တလန့်လန့် နေရတာထက်တော့ ပိုပြီး ငြိမ်းချမ်းတယ်လို့ ဦးဟန်ကြည် ထင်မိပါရဲ့။

အနှီတော့ ငါးထောင်၊ ငါးထောင်ဆိုတာကြီးကို အသာထားပြီး လောလောဆယ်ရှိနေတဲ့ အနေအထားလေးတွေကို ပိုပြီးတိုးတက်ကောင်းမွန်လာအောင်ပဲ ပထမဦးစားပေးသင့်လှပါရဲ့။ ဗြုန်းခနဲ၊ ဒိုင်းခနဲ အုတ်အော်သောင်းသည်း တိုးတက်သွားတာမျိုးထက် တစ်ရစ်ချင်း၊ တစ်ဆင့်ချင်းလေး စနစ်တကျ တိုးတက်စည်ပင်လာတာမျိုးက ပိုလို့တောင်မှ ရေရှည်တည်တံ့နိုင်မယ် မဟုတ်ပါလား။ ချေးယိုချင်မှ အိမ်သာတွင်းတူးနေရတဲ့ ဦးဟန်ကြည်တို့ ရွှေပြည်ကြီးမှာ မနိုင်မနင်းနဲ့ ရှိရင်းစွဲအနေအထားကနေ ယိုင်ဆင်းမသွားဖို့အတွက် “ ဆန္ဒမစောကြပါနဲ့ ” လို့ တိုက်တွန်းလိုက်ပါရဲ့။ အနှီလို ထိုက်သင့်တဲ့ နားလည်မှုလေးတွေပေးပြီး သင့်တင့်လျောက်ပတ်တဲ့ အချိန်ကာလအတိုင်အတာတစ်ခုအထိ စိတ်ရှည်ရှည်ထားပေးတာကိုမှ တိုးတက်ဖွံ့ဖြိုးလာအောင် စွမ်းဆောင်မပေးကြရင်လည်း အမောင်တို့စိတ်ကြိုက် ပြုချင်ရာသာ ပြုကြပေရော့လို့ အချွန်နဲ့ မ-လိုက်ပါရစေဗျား။   


တောင်းပန်ခြင်း…

လတ်တလေအနေအထားအရ ပညာရေးလောကထဲမှာ ကျင်လည်နေတဲ့ ဦးဟန်ကြည်က ဆန္ဒမစောကြပါနဲ့ဆိုတဲ့ Tag post အတွက် ပညာရေးလောကမှာ တစ်ဆင့်ချင်းလေး ဖွံ့ဖြိုးစည်ပင်အောင် လုပ်သင့်တဲ့ အခန်းကဏ္ဍတွေကို မီးမောင်းထိုးပြဖို့ အားသန်ထားပေမယ့် ပို့စ်အနေအထားအရ ရှည်လျားပေများပြီး လိုရင်းကို မျက်စိလျှမ်းကုန်မှာ စိုးရိမ်တာကြောင့် အနှီကိစ္စတွေကို သာမန်ပို့စ်တစ်ခုအဖြစ်ပဲရေးဖို့ စိတ်ကူးပြီး အာဖျံကွီးကိုပဲ ဥဒါဟရုဏ်တင်လွှတ်လိုက်ပါကြောင်း . . .

Sunday, 11 March 2012

အသီးတင်မယ့် မနက်ဖြန် . . .

အင်း…စာသင်နှစ်တစ်နှစ်တစ်နှစ် အကုန်မြန်ချက်ကတော့ 
၅ လပိုင်းကတည်းက စပြီးသင်ပေးထားတဲ့ တပည့်ကလေးတွေ မနက်ဖြန်ဆိုရင် စာမေးပွဲဖြေကြတော့မှာပါကလား။

ဒီရက်ပတ်များကတော့ ဦးဟန်ကြည်တို့ ပညာရေးလောကသားတွေ ယားလို့တောင်မှ မကုတ်အားတဲ့ ကာလလို့ပဲ ပြောလို့ရနိုင်ကောင်းရဲ့။ ကျောင်းသူကျောင်းသားတွေအတွက်လည်း စိတ်ဖိစီးမှုတွေနဲ့ နေရထိုင်ရ သက်တောင့်သက်သာမရှိလှတဲ့ ကာလကြီးပါပဲ။ ဒီကာလတိုလေးတစ်ခုတည်းနဲ့ ကျောင်းသားတစ်ယောက်ရဲ့ ဘ၀လားရာကို ဆုံးဖြတ်ပေးနိုင်တော့လည်း ပညာရေးနဲ့ အသက်မွေးဝမ်းကြောင်းပြုကြမယ့် ပုပုရွရွဟူသမျှ နေမထိထိုင်မသာ ဖြစ်ကြရတာလည်း ဆန်းတော့မဆန်းပေပဲကိုး။

စာမေးပွဲဆိုတာကြီးကို ကလေးတွေ ကြောက်မကြောက်တော့ မပြောတတ်ဘူး ဒီနေ့မနက်ခင်း စာသင်ချိန်မှာ ကျောင်းသားတွေကို ၁၂ ရက်နေ့( မနက်ဖြန် )မှာ စဖြေရမယ့် မြန်မာစာတွေ ပြန်နွှေးပေးနေတုန်းမှာ တပည့်မတစ်ယောက်က မျက်နှာသိပ်မလှတာကြောင့် ဆရာကောင်းဖြစ်ချင်လွန်းလှတဲ့ ဦးဟန်ကြည်က အားပေးစကားပြောလိုက်မိမှပဲ မယ်မင်းကြီးမကလေးက ပုလဲခပါရောလား။ ရုတ်တရက်ကြီး ဆိုင်းမဆင့်၊ ဗုံမပါဘဲ မျက်ရည်တွေ သွန်ထုတ်လိုက်ချေတော့ ဆရာလုပ်တဲ့ ဦးဟန်ကြည်ခမျာ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်ပါလေရော။ မျက်ရည်သွန်နေတဲ့ ကျောင်းသူက တပည့်တွေထဲမှာ အတော်ဆုံးကျောင်းသူဖြစ်နေပြန်တော့ ကျန်တဲ့ကလေးတွေလည်း မျက်နှာတွေငယ်လိုက်လာပြီပေါ့။ ကြောက်စိတ်ဆိုတာမျိုးကလည်း တစ်ယောက်နဲ့တစ်ယောက် အင်မတန် အကူးမြန်တာကလား။ ကျန်တဲ့ကလေးတွေပါ ကြောက်စိတ်မ၀င်ခင် ဒီတစ်ယောက်ကို အမြန်ချော့မှဖြစ်မယ်လို့ အတွေ့အကြုံအရ ကောင်းကောင်း သဘောပေါက်ထားတဲ့ ဦးဟန်ကြည်ခမျာ တပည့်မဘေးထိုင်ပြီး အားပေးရပြီပေါ့။ ခက်တာက အနှီလို အားပေးမှပဲ ငိုချင်ရက် လက်တို့ ဖြစ်သွားသလား မပြောတတ်ပေါင်။ တကတည်း ငိုလိုက်တာမှ မျက်ရည်တွေရော၊ နှပ်တွေပါ ထွက်တဲ့အထိ။

ဒီလောက် အားပေးနေတဲ့ ကြားက ငိုကြောရှည်နေပြန်တော့ ဒေါသအိုး ဦးဟန်ကြည်တစ်ယောက် ပေါက်ကွဲပါလေရော။ တိုပဟေ့ဆိုမှဖြင့် နှစ်ယောက်မရှိတဲ့ ဦးဟန်ကြည်ဖြစ်ပြန်တော့ သတ္တ၀ါမကလေးလည်း အကြိမ်းအမောင်းခံရပြီပေါ့။ ဒေါသအလျှောက် စိတ်လိုက်မာန်ပါနဲ့ နှစ်ခွန်းသုံးခွန်းလောက် ကြိမ်းမောင်းပြီးတော့မှ ဦးဟန်ကြည် ပြန်စဉ်းစားမိပါရဲ့။ ဟယ်…ငါ့ဟာ မဟုတ်သေးပါဘူး..ပေါ့။ ကိုယ်တောင် ဆယ်တန်းဖြေတုန်းက ကြောက်ခဲ့သေးတာ သင်းကလေးတွေဆို ပိုကြောက်ပေမပေါ့လို့ အတွေးဝင်လာတာနဲ့ တရှူးရှူး၊ တရှဲရှဲနဲ့ တက်လာနေတဲ့ ဒေါသဒီဂရီကို အမြန်ဘရိတ်အုပ်ပြီး ဒီကလေးမကို ဘယ်ပုံဘယ်နည်း Motivate လုပ်ရမယ်ဆိုတာကို အပြေးအလွှား စဉ်းစားယူရပါရဲ့။ Motivation  ( စိတ်ခွန်အားမြှင့်တင်ခြင်း ) ဆိုတာကလည်း အပြောလွယ်သလောက် လက်တွေ့ကျ အင်မတန် ခက်တာကလား။ ကျောင်းသားစိတ်ပညာကို အထိုက်အလျောက်လေ့လာထားပြီး ခေါင်းဆောင်မှုဆိုင်ရာ စာအုပ်စာတမ်းတွေကို ၀ါသနာအလျှောက် အင်တိုက်အားတိုက် ဖတ်ထားဖြစ်တဲ့ ဦးဟန်ကြည်ခမျာ ဗျူဟာပေါင်းစုံကို ပေါင်းလန်အောင်ဆင်ပြီး ချော့ယူရပါရဲ့။ ၁၅ မိနစ်သာသာလောက် ချော့တစ်ခါ၊ မြှောက်တစ်လှည့်နဲ့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်လိုက်မှပဲ ငနဲမကလေးလည်း အငိုတိတ်ပါလေရော။ သူလည်းအငိုတိတ်၊ ဦးဟန်ကြည်လည်း ဖတ်ဖတ်ကို မောပေါ့လေ။ အိမ်း…အနှီလိုလုပ်နေရတာကိုပဲ ဦးဟန်ကြည်တစ်ယောက် ၀သီပါနေပေသကိုး။

တကယ်ပန်းတဲ့ ဆယ်တန်းဆိုတာကြီးရဲ့ ဖိစီးချက်ကလည်း ဆိုးလွန်းပါရဲ့။ ဦးဟန်ကြည်တို့ သည်အသက်သည်အရွယ်ရောက်နေတာတောင် တစ်ခါတစ်ခါမှာ ဆယ်တန်းစာမေးပွဲဖြေတဲ့ အိပ်မက်က မက်လို့ကောင်းတုန်း။ မက်ပဟေ့ဆိုမှဖြင့် တစ်ခါမှကို ဆယ်တန်းမအောင်ခဲ့ပေါင်။ မြန်မာစာဖြေမယ့်ရက်မှာ ဓာတုဗေဒတွေ ကြည့်ပြီး သွားဖြေမိတာနဲ့၊ စာမေးပွဲခန်းထဲဝင်မှ စာမေးပွဲကဒ် မေ့ကျန်နေလို့ အိမ်ပြန်ပြေးရတာနဲ့ အိမ်မက်ကနေ လန့်လန့်နိုးရပေါင်းကလည်း မနည်းပဲကိုး။ အနှီလောက် ကြောက်စရာကောင်းတဲ့ ခြောက်အိပ်မက်တွေ နှိပ်စက်ခံရတာ ကိုယ်တစ်ယောက်တည်းလား အောက်မေ့နေတာ ဘယ်ဟုတ်လိမ့်တုန်း။ အသက် ၅၀ ၀န်းကျင်ရောက်နေတဲ့ မိတ်ဆွေအရာရှိကြီး တစ်ယောက်နဲ့ စကားစပ်မိတော့ သူလည်းပဲ အနှီလို အိပ်မက်ဆိုးမျိုး မက်လို့ကောင်းနေတုန်းကိုး။ အိပ်မက်ချင်းကွဲပေမယ့် ဖြေလိုက်တိုင်း မအောင်တာကတော့ တူသဗျား။ တကတည်း ကျောင်းသားဘ၀တစ်လျှောက်လုံး စာမေးပွဲပေါင်းများစွာနဲ့ နပမ်းလုံးလာခဲ့ရတာ ဒီဆယ်တန်းစာမေးပွဲကိုမှ စွဲမိစွဲရာ စွဲရတယ်လို့။ ဒါပေမယ့်လည်း ဒါကြီးတစ်ခုတည်းနဲ့ ဘ၀ကို အဆုံးအဖြတ်ပေးမယ်ဆိုတဲ့ အသိ၊ နှစ်ခါအောင်ဖို့ အခွင့်အလမ်းမရှိဘူးဆိုတဲ့ အတွေးတွေကြောင့်ပဲ အနှီလောက် ကြောက်ဒူးတုန်နေမိတယ် ထင်ပါရဲ့။

ဦးဟန်ကြည်တို့ ဆယ်တန်းကျောင်းသားဘ၀ကတော့ မိဘတွေကလည်း ပညာတတ်တွေဖြစ်နေတာမို့ သူရို့ရဲ့ ပံ့ပိုးမှု၊ အားပေးမှုတွေနဲ့ဆိုတော့ လွန်လွန်ကဲကဲ အကြောက်ပိုတာမျိုး မရှိခဲ့တာကို အခုနေပြန်တွေးမိမှ အတော်ကံကောင်းခဲ့ပါလားလို့ သတိထားမိပါရဲ့။ ဦးဟန်ကြည်ရဲ့ တပည့်လေးတွေမှာတော့ မိဘတွေကလည်း ဘဂ၀ါ ဟိုက်စကူးလောက်နဲ့တင် ကျောင်းပြီးကြတာတွေ များနေလေတော့ မိဘဆီက စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုဆိုတာ ဝေလာဝေးပေါ့။ ဒီကြားထဲမှာ ကိုယ်တိုင်သာ ကျောင်းမနေဖူးခဲ့တာ ကလေးတွေကို ဇွတ်အတင်း မောင်းနှင်၊ ဖိအားပေးတဲ့နေရာမှာ ဧတဒဂ်ရတဲ့ စာမတတ်၊ ကျမ်းကျေ မိဘတွေရဲ့ သားသမီးများဆိုရင် ပိုလို့တောင် ဆိုးပါလေရော။ ခမျာလေးတွေမှာ ဘယ်အချိန်ကြည့်ကြည့် မျက်နှာကို မလှရှာကြတော့ပဲကိုး။ အနှီတော့လည်း အိမ်နေ အဖေရိုက်၊ ကျောင်းနေ ဆရာရိုက်၊ လမ်းနေ ပုရွက်ဆိတ်ကိုက် ဆိုတဲ့ အဖြစ်မျိုး မဖြစ်ရလေအောင် ဦးဟန်ကြည်ခမျာ အင်မတန် ဂရုစိုက်ရပြီပေါ့။

ပညာရေးလောကသားတွေထဲမှာ ဦးဟန်ကြည်တို့ တိုင်းပြည်က ပညာရေးလုပ်သားများခမျာ အပင်ပန်းဆုံးလို့ ထင်မိပါရဲ့။ သူများနိုင်ငံတွေမှာတော့ နည်းစနစ်ကောင်း၊ ပံ့ပိုးမှုကောင်းတွေရှိရုံသာမကဘဲ ကလေးတွေကို ကိုယ်ပိုင်ယုံကြည်ချက်ရှိအောင် လူမှန်းသူမှန်း သိတတ်စအရွယ်ကတည်းက ပြုစုပျိုးထောင်ခဲ့ပြီးသားမို့ ဆရာတွေရဲ့အလုပ်က ပညာရေးဘက်ကို မြေတောင်မြှောက်ပေးရုံပဲ ရှိတော့သပ။ ဦးဟန်ကြည်တို့ဆီမှာတော့ ငယ်ငယ်ကတည်းက မိဘကို မှီခို၊ ကျောင်းနေတော့ ဆရာကို မှီခိုနဲ့ ကြာလာတော့လည်း ကလေးတွေမှာ အရိုးမရှိတဲ့ ပက်ကျိလေးတွေလို တစ်ကိုယ်တည်းလွှတ်လိုက်တာနဲ့ မတ်မတ်တောင် မရပ်နိုင်ကြတော့ပဲကိုး။ ဒီကြားထဲမှာ မအောင်မနေရ စနစ်နဲ့ ဇွတ်အတင်း အတန်းတင်လွှတ်လိုက်ကြပြန်တော့ တကယ်စမ်းမယ့် ဆယ်တန်းလည်း ရောက်လာရော ခိုကိုးရာမဲ့ကြရှာတာ ဆန်းတော့ မဆန်းဘူးပေါ့လေ။ အနှီလို ကလေးတွေကို လူတစ်လုံး၊ သူတစ်လုံးဖြစ်လာအောင် စိတ်ပိုင်းရော၊ ရုပ်ပိုင်းပါ ပံ့ပိုးပေးနေရတဲ့ ဦးဟန်ကြည်တို့ရဲ့ အာဝေနိက ဒုက္ခများကတော့ ပြောမယုံ ကြုံဖူးမှပဲ သိကြတော့မယ်ထင်ပါရဲ့။

ကလေးဆိုတာမျိုးကလည်း စိတ်ဓာတ်အတက်အကျက အင်မတန် မြန်တတ်တာမို့ ဦးဟန်ကြည်တို့မှာ လုပ်ရကိုင်ရတာ အင်မတန် သတိထားရတာကလား။ အားပေးလွန်သွားပြန်ရင်လည်း ယုံကြည်မှုလွန်ကဲပြီး ပေါ့သွားပြန်ရော။ အခြောက်လွန်သွားပြန်ရင်လည်း အကြောက်လွန်ပြီး အရှုံးပေးချင်စိတ် ၀င်လာပြန်ပါလေရော။ အနှီတော့ ပေါ့တာနဲ့၊ ကြောက်တာ နှစ်ခုက လွတ်ကင်းပြီး အလယ်အလတ်အနေအထားမှာ ထိန်းပေးထားနိုင်ဖို့အရေးကလည်း ဆရာလုပ်သူရဲ့ ခေါင်းထဲမှာ နေ့ရှိသ၍ထည့်ထားရတဲ့ အချက်တစ်ခု ဖြစ်ပြီပေါ့။ ရှင်တော်ဘုရား ဟောတော်မူခဲ့တဲ့ မဇ္ဈိမ ပဋိပဒါ ( အလယ်အလတ် လမ်းစဉ် ) ဆိုတာကို လက်ကိုင်ထားရသော ဆရာများလို့ပဲ ကိုယ့်ကိုယ်ကို အမွှမ်းတင်လိုက်ချင်တော့တာပါပဲ။ အလယ်အလတ် လမ်းစဉ်ကို အကောင်အထည်ဖော်ရင်းနဲ့ အလယ်လပ်ကုန်ကြမှာကိုလည်း သတိထားရတာကလည်း တစ်ဒုက္ခ။

ဘာပဲဖြစ်ဖြစ် တစ်နှစ်ပတ်လုံး ရေလောင်းပေါင်းသင်ပြီး ပြုစုပျိုးထောင်ထားရတဲ့ အပင်လေးတွေကနေ ဘာသီးတွေသီးမယ်ဆိုတာကို မနက်ဖြန်ဆိုရင်တော့ သိရတော့မပ။ တပင်တပန်း စိုက်ထားရတဲ့ အပင်တွေကနေ သံပုရာသီးတွေချည်း မသီးတန်ရာလို့တော့ အကောင်းမြင်စိတ်ကလေးနဲ့ ကိုယ့်ကိုယ်ကို အားပေးရင်း ထမင်းစားအနားပေးလိုက်တဲ့ ကလေးတွေ ပြန်ရောက်လာကြပြီမို့ သည်ပို့စ်ကို သည်တင်ပဲ နိဂုံးချုပ်ရင်း ချစ်စွာသော တပည့်များကို အသီးတင်မယ့်မနက်ဖြန်အတွက် ပြင်ဆင်ပေးလိုက်ပါဦးမဗျား။    ။      

Tuesday, 6 March 2012

စံတင်ရမယ့် ဆွေမျိုးတွေ ( ၂ ) . . .

သူများအကြောင်းတွေ ထိုင်ရေးနေရင် ကာယကံရှင်တွေ ရွှေစိတ်တော်ညို၊ ဒေါမာန်ပိုပြီး၊ ပြောသံဆိုသံတွေ ငြိုးငြိုးညံကုန်မှာ ကြောက်တတ်ရှာတဲ့ ဦးဟန်ကြည်တစ်ယောက် စံတင်လောက်တဲ့ ဂန္ထ၀င်မြောက် သူ့ဆွေမျိုးတွေအကြောင်း အားအားရှိတိုင်း ထိုင်ရေးထားသမျှကို အခုလို အလုပ်ပိနေတဲ့ အချိန်မှာ ပို့စ်အလျင်မပြန်အောင် တင်နေတာ ပထမပိုင်းပြီးလို့၊ ဒုတိယပိုင်းတောင် ရောက်လာပါပကောလား။ မိတ်ဆွေကြီး ကိုဆူးသစ်ကတော့ “ အကုန်ကုန်သွားဦးမယ်…ထိန်းရေးဦးဗျ ” လို့ စေတနာအပြည့်နဲ့ အကြံပေးသွားပေမယ့် အထုပ်ဖော်ရင်၊ အပုပ်ပေါ်ရမှ ကျေနပ်လေတဲ့ ဦးဟန်ကြည်ဖြစ်တာမို့ ဆွေမျိုးတွေအကြောင်း ရေးထားသမျှကို အပိုင်း( ၂ )လို့ ခေါင်းစဉ်ခွဲတပ်ပြီး ဆက်လက်ချီတက်လိုက်ပါပြီ။ အနှီလို ကိုယ့်အမျိုးတွေအကြောင်း မကွယ်မထောင့် အားပါးတရ ဖော်ကောင်လုပ်နေတာကြောင့် ဦးဟန်ကြည်တစ်ယောက် တစ်မျိုးလုံးက ဖနောင့်နဲ့ဝိုင်းပေါက်မှာကို ဘာမထီတဲ့ အာဇာနည်လို့လည်း မထင်လိုက်ပါနဲ့။ အနှီဆွေမျိုးတွေက အင်တာနက်ကို အသာထားလို့ ဂဏန်းပေါင်းစက်နဲ့ ကွန်ပျူတာတောင် မခွဲတတ်တဲ့ တကယ့်ရိုးရိုးအအ အညာသားကြီးတွေမို့ ဦးဟန်ကြည်ရေးသမျှကို သူရို့တွေ သိမှမသိတာကလားး)။

ကိုင်း အပိုင်း(၂) ကို ဆက်ကြပါဦးစို့ရဲ့…


ဦးဟန်ကြည်ရဲ့ အဘွားလေး ဆန်စက်ပိုင်ဇနီးမောင်နှံ

ဦးဟန်ကြည်ရဲ့ အဘွားလေး စက်ပိုင်လင်မယားကတော့ တစ်ပုံစံပါ။ ဆန်စက်ဧရာမကြီးကိုပိုင်တာမို့ သူဌေးစာရင်းဝင်ပေမယ့် သူရို့အိမ်ကို အလည်သွားတိုင်း ကန်စွန်းရွက်ကြော်နဲ့ချည်း နှိပ်နေတာ တွေ့ရပါရဲ့။ အဲဒီကန်စွန်းရွက်ကလည်း ငွေကုန်ကြေးကျခံပြီး ၀ယ်တာမဟုတ်ဘဲ စက်ထဲက အလုပ်သမားတွေကို ရေအလောင်းခိုင်းပြီး ခြံထဲမှာပျိုးထးတဲ့ ကန်စွန်းရွက်ပါ။ တစ်ခါသားမှာတော့ မောင်ဟန်ကြည်ပေါက်စ သူရို့အိမ်မှာ သုံးလေးရက်လောက် ဧည့်သည်သွားလုပ်လိုက်တာ ကန်စွန်းရွက် မျိုးတုံးသွားတဲ့ ရာသီဖြစ်လို့ ခြံထွက် ချဉ်ပေါင်ကြော်နဲ့ချည်း ညားနေတော့တာမို့ ၀မ်းချဉ်မပေါက်ခင် အသာတပ်ပြန်ခေါက်ခဲ့ရပါရောလား။ အဲဒီအဘွားလေးတို့ ကပ်စေးနဲပုံကတော့ ကိုယ်တိုက်ဆပ်ပြာတစ်ခဲကို သုံးလေးလလောက်ခံအောင် သုံးတာကလား။ ဆပ်ပြာတစ်ခဲကို သုံးလေးလမခံဘဲ နေပါရိုးလား။ ဆပ်ပြာကိုကိုင်ပြီး ခန္ဓာကိုယ်ကို တိုက်တာမှ မဟုတ်ပဲကိုး။ ဆပ်ပြာခဲကို ဆပ်ပြာခွက်ထဲမှာ ထည့်ထား၊ လက်ကလေးနဲ့အသာပွတ်ယူပြီး လူကိုတိုက်တာဆိုတော့ ဘယ်ကုန်ပါလိမ့်မလဲ။ ဆယ်တန်းအောင်လို့ ဆေးကျောင်းတက်ရမယ်ဆိုတဲ့ သတင်းကြားတုန်းက မောင်ဟန်ကြည်ကို အဲဒီအဘွားလေးက အိမ်ကိုအလည်လာဖို့ လှမ်းခေါ်ပါသေးတယ်။ ဆေးကျောင်းသားဖြစ်မယ့်လူကို အမျိုးတွေ အဆွေတွေက လက်ဆောင်တွေ မုန့်ဖိုးတွေ ပေးနေကျဖြစ်တာမို့ မောင်ဟန်ကြည်လည်း အဘွားလေးဆီက မုန့်ဖိုးရရချေသေးဆိုတဲ့ ထင်တစ်လုံးနဲ့ ၀မ်းသာအားရ ချီတက်သွားတာပေါ့လေ။ ဟိုလည်းရောက်ကရော အဘွားလေးက “ ငါ့မြေးကြီးကို လက်ဆောင်ပေးရမယ် ” လို့လဲပြောရော ၀မ်းသာချက်ကတော့ ဘာပြောကောင်းမလဲ။ ကပ်စေးနဲအဘွားလေးဆီက မုန့်ဖိုးရရချေသေးရဲ့ပေါ့။ အဘွားလေး အိမ်ခန်းထဲဝင်သွားပြီး ပြန်ထွက်လာတော့ လက်ထဲမှာ ဘာများပါလာပါလိမ့်လို့ ၀မ်းသာအားရ ကြည့်လိုက်မိတော့ လား လား… မှိုတွေတက်နေတဲ့ ရွှေဝါဆပ်ပြာ တစ်တောင့်ပါကလား။ မောင်ဟန်ကြည်ခမျာ ထီပေါက်ပြီး လက်မှတ်ပျောက်တဲ့လူလို့ အီလည်လည်ကို ဖြစ်ပါလေရော။ ဒါတောင်မှ အဲဒီမှိုတက်ရွှေဝါဆပ်ပြာကို ကမ်းပေးနေတဲ့ အဘွားရဲ့လက်က ခပ်တုန်တုန်ဖြစ်နေပါသေးရဲ့။


ဦးဟန်ကြည်ရဲ့ ဘကြီး

ဦးဟန်ကြည်တို့ အဖေ့အစ်ကိုကြီးကျတော့ တစ်မျိုးတစ်ဘာသာပါ။ ယောက်ျားလေးဖြစ်ပြီး ပွဲအင်မတန်ကြိုက်ပါသတဲ့။ ကာလသားကြီးအရွယ်ရောက်တဲ့အထိ ဘယ်နားမှာပွဲရှိတယ်လို့ပဲကြားကြား ရောက်ပြီးသားဆိုတဲ့ လူစားမျိုးပါ။ တစ်ခါသားမှာတော့ ပွဲကလည်းကောင်းတော့ သုံးညဆက်တိုက် မိုးအလင်းကြည့်ပါသတဲ့။ သုံးညကြည့်ပြီးတဲ့ မနက်ခင်းမှာ အိပ်မှုန်စုံမွှားနဲ့ အိမ်ပြန်ရောက်လာပြီး အဘွားကို “ အမေ ကျုပ်တရေးအိပ်ဦးမယ်ဗျာ…ညနေကျတော့ ကျုပ်ကိုနှိုးနော် ” လို့ ပြောပြီး အိပ်ရာထဲဝင်ပြီး တစ်ကျိုးတည်းအိပ်ပါလေရော။ ဦးဟန်ကြည်တို့အဘွားကလည်း စိတ်ပေါက်ပေါက်နဲ့ ညနေစောင်းတာတောင် မနှိုးဘဲထားလိုက်တာ နောက်တစ်ရက် ညနေခင်းရောက်မှပဲ ပွဲကြိုက်မောင်လည်း အိပ်ရာက နိုးပါသတဲ့။ အိပ်ရာက နိုးနိုးချင်း ၀ုန်းခနဲခုန်ထပြီး မျက်နှာတွေကောက်သစ်၊ သွားတွေဘာတွေတိုက်ပြီး အ၀တ်အစားတွေ လဲပါလေရော။ ရူပါတွေ မောင်းတင်ပြီး လေကလေးတစ်ချွန်ချွန်နဲ့ အိမ်ထဲက ထွက်လာမှ အဘွားက “ ဟဲ့ကောင် ဘယ်သွားမလို့လဲ ” လို့ ခပ်တည်တည်နဲ့မေးတော့ ပွဲသွားမယ်လေ လို့ ဖြေပါသတဲ့။ အဲဒီတော့မှ အဘွားလည်း ဟန်မဆောင်နိုင်ဘဲ ခွက်ထိုးခွက်လန်ရယ်ရင်း “ မောင်စိုးဝင်းရယ် မင်းအိပ်တာ တစ်ရက်ကုန်သွားပဟဲ့ … မင့်ပွဲက မနေ့ညကတည်းက က-ပြီးသွားပြီ ” လို့ ပြောတော့တာကိုး။ ပွဲကြိုက်မောင်လည်း မျက်နှာကြီးမည်းပြီး အမေကလည်းဗျာ လို့ တစ်ခွန်းတည်းပြောပြီး ခွေးကတက်မှာ ငုတ်တုတ်ကြီး ထိုင်ချလိုက်ပါလေရော။ ပွဲမကြည့်လိုက်ရလို့ မကြည်မသာဖြစ်သွားရှာတဲ့ သားတော်မောင်လူပျိုသိုးကြီးကို အဘွားခမျာ နှစ်ရက်လောက် ချော့ယူရတယ်ဆိုပဲ။


ဦးဟန်ကြည်ရဲ့ အစ်ကိုတစ်ဝမ်းကွဲ

ဦးဟန်ကြည်ရဲ့ အစ်ကိုတစ်ဝမ်းကွဲ ကိုမော်ကြီးကလည်း တစ်ရာဇ၀င်ပါ။ သူက အရပ်အမောင်းကောင်းကောင်းနဲ့ အားကစားအင်မတန် လိုက်စားပါသတဲ့။ ဘောလုံးသင်းမှာလည်း ပါပြီးသား၊ ပိုက်ကျော်ခြင်းမှာဆိုလည်း ရှေ့တန်းက၊ ကြက်တောင်ဆိုလည်း သူ့နံမည်ဆိုတဲ့ လူစားပါ။ ဘောလုံးပွဲတွေမှာ ပရိသတ်က “ မော်ကြီးကွ ” လို့သာ အော်ပေးလိုက်ရင် ခြေထောက်ထဲက ဘောလုံးကို ဘယ်သူ့ဆီမှ ထိုးမပေးတော့ဘဲ တစ်ဖက်သင်းရဲ့ဂိုးပေါက်ထဲရောက်တဲ့အထိ သေသေကြေကြေ ဆွဲပြေးရောဆိုပဲ။ အဲဒီလောက် အမြှောက်ကြိုက်တဲ့ ပုဂ္ဂိုလ်ကြီးက အားကစားလိုက်စားသလောက် ကွမ်းယာတော့ အင်မတန်ကြိုက်ပြန်ပါရော။ သူကွမ်းဝါးပုံကလည်း ဆုံထဲထည့်ထောင်းသလို ၀ါးတာမို့ ကွမ်းတစ်ယာကို ပါးစပ်ထဲထည့်လိုက်ရင် သုံးလေးချက်လောက်ဝါးတာနဲ့တင် အစအနပျောက်သွားတဲ့အထိ။ တစ်ပြလောက်ပဲဝေးတဲ့ ကွမ်းယာဆိုင်မှာ ကွမ်းဝယ်လာပြီး လမ်းလျှောက်ရင်းဝါးလာရင် အိမ်ရောက်တဲ့အခါ ၀ယ်လာတဲ့ကွမ်းယာ ပြောင်ပါလေရော။ ကြာတော့ သည်းညည်းမခံနိုင်တော့ဘဲ ဆိုင်မှာတင်စိတ်တိုင်းကျ ထိုင်ဝါးပြီးမှ ကွမ်းယာတစ်ထုပ်တစ်ပိုးကြီးဝယ်ပြီး ပြန်လာရပါသတဲ့။ သူ့ကို စကားတစ်ခွန်းပြောရင် ချက်ချင်းပြန်မပြောနိုင်ဘဲ ကွမ်းတံတွေးတွေ၊ ကွမ်းဖတ်တွေကို ထွေးထုတ်တာကို စိတ်ရှည်လက်ရှည်စောင့်ရပါသေးတယ်။ တစ်ခါတစ်ခါမှာ ကွမ်းတံတွေးတွေ မထွေးသေးဘဲခေါင်းကြီးမော့ပြီး ကွမ်းသံပလုပ်ပလောင်းနဲ့ စကားပြန်ပြောတာမို့ တစ်ဖက်သားခမျာ သူဘာပြောတယ်ဆိုတာ အတော်လေးကို နားလည်အောင် ကြိုးစားယူကြရတာကလည်း တစ်ဒုက္ခ။

အဲဒီကိုမော်ကြီးက အားကစားမှာ စွမ်းသလောက် နှလုံးသားလမ်းကြောင်းမှာ ကျွန်းတင်မကဘဲ တောင်တန်းကြီးတွေပါ ခံနေတာမို့ မိဘချင်းသဘောတူတဲ့ မအေးမြင့်နဲ့ ဇွတ်ရောအတင်းပါ ပေးစားလိုက်မှပဲ အိုရှာပါတော့တယ်။ တစ်နေကုန် တစ်နေခမ်း ကွမ်းတဖွတ်ဖွတ်ဝါးတာကြောင့် ခမျာမှာ သလိပ်ကလည်း အင်မတန် ထူပါသတဲ့။ နေ့လည်နေ့ခင်းမှာတော့ သလိပ်ကို ထပြီးထွေးအားပေမယ့် ညအိပ်ပျော်နေချိန်ကျတော့ ထပြီးထွေးဖို့ကလည်း အဆင်မပြေဘူး မဟုတ်ပါလား။ ဒါပေမယ့် ကိုမော်ကြီးတို့ကတော့ အိပ်ပျော်နေရင်း သလိပ်ကပ်လာရင် မျက်လုံးမဖွင့်ဘဲ
“ ဂရူး ဂရူး ”နဲ့ သလိပ်ခတ်ပြီး မျက်နှာမူရာဘက်ကို ထွီခနဲထွေးလိုက်ပါလေရော။ အတူအိပ်နေတဲ့ ဇနီးသည်ခမျာ ကိုမော်ကြီးပါးစပ်က ဂရူး ဂရူးအသံကြားတာနဲ့ စောင်ကို အမြန်ခေါင်းမြီးခြုံရပါလေရော။ ဟိုပုဂ္ဂိုလ်ကြီးက ပါးစပ်တည့်ရာ ထွေးထည့်တာမို့ အဲဒီလိုမှ အရှောင်မမြန်ရင် မနက်ခင်းမှာ မျက်နှာသစ်စရာမလိုအောင် သလိပ်နဲ့ ဘိသိတ်သွန်းပြီးသားဖြစ်နေမှာကတော့ သေချာပါရဲ့။ တစ်ညလုံး တဂရုး ဂရူးနဲ့ တထွမ်ထွမ်လုပ်လိုက်တာ မနက်မိုးလင်းရင် သူတို့လင်မယားအိပ်တဲ့ ခြင်ထောင်မျက်နှာကျက်ရော၊ နံရံတွေမှာပါ မီးသီးလေးတွေ တွဲလောင်းကျနေသလို သလိပ်လုံး၊ သလိပ်ခဲလေးတွေ တန်းစီနေပါလေရောတဲ့။

 ဒီကြားထဲမှာ မစ္စတာ မော်ကြီးက အိပ်ပျော်နေရင်းနဲ့ အိပ်မက်ထဲမှာ ဘောလုံးက ကန်ပါသေးတယ်။ သူ့ဖာသာ အိပ်မက်ထဲမှာ ဘောလုံးကန်တာ ပြဿနာမရှိပေမယ့် ကိုယ်တော်ကြီးက စိတ်ပါလာရင် ခြေထောက်တွေ ပါလာပါလေရော။ အတူအိပ်နေတဲ့ အိမ်ရှင်မခမျာ ဂရူး ဂရူးကိုတော့ ကြိုတင်ကာကွယ်နိုင်ရှာပေမယ့် လင်တော်မောင် အိပ်မက်ထဲမှာ ဘောလုံးကန်နေတာကိုတော့ ကြိုမမြင်နိုင်ရှာတာမို့ မကြာမကြာဆိုသလို အိပ်ပျော်နေတုန်းမှာ ခါးစောင်းကို အကန်ခံရရှာပါလေရော။ မနက်မိုးလင်းလို့ ခါးစောင်းကို လက်နဲ့အုပ်၊ ပါးစပ်က တကျွတ်ကျွတ်နဲ့စုတ်သတ်ပြီး အိပ်ရာထလာတဲ့ မအေးမြင့်ကို မြင်ရင် ဓာတ်သိမောင်ဟန်ကြည်တို့က ရယ်ကြပေမယ့် အထာမသိတဲ့လူတွေဆိုရင်တော့ မဖွယ်မရာတွေးကြမယ်ထင်ပါရဲ့။ ချစ်မိတ်ဆွေ ဘလော့ဂီများ အိမ်ထောင်များ ပြုကြရင်ဖြင့် ဦးဟန်ကြည်ရဲ့ အစ်ကိုတော် ကိုမော်ကြီးလို ပုဂ္ဂိုလ်ကြီးမျိုးကိုဖြင့် သတိထားပြီး ရှောင်သင့်လှပါရဲ့။ ဒီလိုပုဂ္ဂိုလ်ကြီးမျိုးနဲ့သာ အိမ်ထောင်ကျလို့ တစ်အိပ်ရာထဲ အတူအိပ်ရရင်ဖြင့် သိုင်းဆရာ ကွန်ဖူးစိုးမြင့်ဆီမှာ သိုင်းအရင်သင်ထားမှ ဖြစ်မယ့်ကိန်းကိုး။         

စံတင်ရမယ့် ဆွေမျိုးတွေ အပိုင်း ( ၃ ) ကိုလည်း မကြာခင်မှာ တင်မယ့်အကြောင်း ကြော်ငြာဝင်ထားပါရစေဦးဗျား…

Saturday, 3 March 2012

စံတင်ရမယ့် ဆွေမျိုးတွေ ( ၁ ) ...

ဦးဟန်ကြည်တစ်ယောက် အိမ်ရှင်မပြန်ရောက်လာပြီမို့ မီးဖိုဆောင်တာဝန်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ရပေမင့်လည်း ကလေးတွေစာမေးပွဲက နီးလာပြီမို့ စိတ်ရှိသလောက်လည်း ဘလော့မဂင်းနိုင်ပြန်ပါ။ တစ်နှစ်ပတ်လုံး စိတ်ရှိသလောက် ပျင်းချင်တိုင်းပျင်းခဲ့ကြတဲ့ သားတော်၊ သမီးတော်များကလည်း စာမေးပွဲနီးလာလေ သူရို့ဆရာကို ဇွတ်ရောအတင်းပါ ပစ်ခတ်ပြီး အားကိုးကြလေမို့ ခမျာမှာ ဒူးမနာသားသမီးများအရေးနဲ့ ချာလပတ်ရမ်းနေရှာပါလေရောလား။ စာတွေပြန်ရှင်းရ၊ ၀ိုင်းကျက်ရ၊ စာမေးပွဲပုံစံနဲ့ပြန်တိုက်ပေးရ၊ လေချင်တိုင်းလေပြီး အနားကပ်မှ ကြောက်ပါပြီအော်ချင်တဲ့ သတ္တ၀ါလေးတွေကို အားပေးရ၊ ခေါင်းထဲမှာ စာလေးပေလေး အထိုက်အလျောက်ဝင်သွားပြီမို့ ဘ၀င်ကိုင်ချင်လာတဲ့ သတ္တ၀ါလေးတွေကို ခြောက်ရလှန့်ရနဲ့ ဆရာတစ်ယောက်ရဲ့ အာဝေနိက ဒုက္ခတွေကို ကျကျနနနဲ့ လှလှပပကြီးကို ခံစားနေရပေမယ့် စာမရေးရရင် မနေနိုင်ပြန်တာမို့ နားချိန်လေးတွေစုပြီး မျိုးရိုးထဲက ဂန္ထ၀င်ပုဂ္ဂိုလ်တွေအကြောင်းကို စာစီမိပြန်ပါတယ်

ဦးဟန်ကြည်တို့မိဘများက အညာသူအညာသား စစ်စစ်ကြီးတွေပါ။ အဖေက ရွှေဘိုနွယ်၊ အမေက ဒီပဲယင်းအနွယ်မို့ အညာသားစစ်သမှ ရေတောင်မရောဘူးလို့ ပြောရမှာပါပဲ။ အလောင်းမင်းတရားကြီးရဲ့ ရွှေဘိုနွယ်နဲ့ မဟာဗန္ဓုလရဲ့ ဒီပဲယင်းနွယ် ဖက်စပ်ထားတာမို့ ဦးဟန်ကြည်မှာ လူမိုက်သွေးကတော့ ခပ်ပါပါလို့လည်း ပြောလို့ရကောင်းပါရဲ့။ ကိုယ့်ရှေ့မှာ မဟုတ်တာလုပ် မမှန်တာပြောသံကြားရရင် လက်တွေရော၊ ပါးစပ်တွေပါ ယားလာပါရောလား။ မိဘကျေးဇူးကြောင့် ပညာလေး အထိုက်အလျောက် တတ်ခွင့်ရခဲ့ပြီး ထိန်းသိမ်းရမယ့် ဂုဏ်သိက္ခာကလေး ခပ်ပါးပါးရှိနေလို့သာ အခုထိ သက်ဆိုးရှည်နေတာလို့တောင် တစ်ခါတစ်ခါ ထင်မိပါရဲ့။ ပညာများသာ မတတ်ခဲ့ရင်ဖြင့် မှန်တယ်ထင်တာကို တဇွတ်တိုး၊ တဇောက်ကန်းလုပ်ချင်တဲ့ ဗီဇကြောင့် ခပ်ငယ်ငယ်ကပဲ မာလကီးယားဖို့ကတော့ ရာနှုန်းကို အတော်များများ သေချာနေသပေါ့။

ကိုင်း…ကိုယ့်အကြောင်းကို ဖော်ကောင်လုပ်နေရင် လိုရင်းကို ရောက်မှာ မဟုတ်တော့တာကြောင့် ဦးဟန်ကြည်ရဲ့ ဂန္ထ၀င်ဆွေမျိုးတွေအကြောင်းကိုပဲ သွားကြပါစို့ရဲ့ …

ဦးဟန်ကြည်တို့ မေမေ့ဘက်ကအဘိုး

ကိုယ့်ကိုယ်ကိုဖော် မသူတော်လုပ်ရင် ကိုယ်နဲ့အရင်းနှီးဆုံးက စရမှာမို့ အဖေ့ဘက်က အဘိုးအကြောင်းကနေ စရပါလိမ့်မယ်။ ရွှေဘိုနယ်က ကွမ်းတိုင်းရွာသား အဘိုးက အင်္ဂလိပ်ခေတ်က ကိုးတန်းအောင်ခဲ့တာမို့ သူ့ခေတ်နဲ့သူကတော့ အထိုက်အလျောက် ပညာတတ်တယ်လို့ ဆိုရမယ်ထင်ပါရဲ့။ အဲဒီကာလက ခုနစ်တန်းအောင်ရင်တောင် ကျောင်းဆရာလုပ်လို့ရနေတာမို့ သူ့ပညာနဲ့ ၀န်ထမ်းလုပ်စားရင် အထိုက်အလျောက်တော့ ရာထူးလေးဘာလေးရနိုင်ပေမယ့် “ ဟေ့…မြကြီးက သူများကျွန်မခံဘူးကွ ” လို့ ခပ်မိုက်မိုက်ပဲ ကြွေးကြော်ပြီး ဘာမှမလုပ်ဘဲ ခပ်ပေပေနေပါသတဲ့။ လူကသာ ပေပေတေတေနေပေမယ့် နှလုံးသားကတော့ မခေရှာတာမို့ အချိန်တန်တော့ ခင်ဦးမြို့သူ အဘွား ဒေါ်နှင်းဆီနဲ့ အကြောင်းပါပါရောလား။ အဲဒီခေတ်က အဆိုတော်ကိုမြကြီးရဲ့
“ သို့…မခင်နှင်းဆီ ” သီချင်းကလည်း နံမည်ကြီးတာမို့ ဦးဟန်ကြည်တို့အဘိုးလည်း မယ်ဒလင်တစ်လက်နဲ့ အဘွားတို့အိမ်ရှေ့မှာ အဲဒီသီချင်းနဲ့ သွားသွားပြီး ကြူချင်လည်းကြူပေမပေါ့လေ။ အဘွားနဲ့ အကြောင်းပါပြီးတာတောင် သူ့မူဝါဒကြီးကို မစွန့်ဘဲ ငုတ်တုတ်ထိုင်မြဲထိုင်နေတာကြောင့် အဘွားရဲ့အစ်ကို စက်ပိုင်က မနေသာတော့ဘဲ သူ့ဆန်စက်မှာ မန်နေဂျာခန့်ရပါလေရော။ ခမျာမှာ ယောက်ဖကို မကြည်ပေမယ့် နှမဖြစ်သူ ဒုက္ခရောက်မယ့်အရေးကိုတော့ မမြင်ရက်ရှာဘူးထင်ပါရဲ့။ ဒီလိုနဲ့ပဲ အဘိုးဦးမြကြီးလည်း သူများကျွန်မဟုတ်ဘဲ ယောက်ဖကျွန်ဖြစ်မှန်းမသိ ဖြစ်ကရော ဆိုကြပါစို့။ အဘိုးအကြောင်းတွေကိုတော့ ဒီနေရာမှာ ရေးခဲ့ပြီးသားမို့ အကျယ်မချဲ့တော့ဘဲ အဘိုးရဲ့ ပြောင်မြောက်လှတဲ့ ဒေါသယမ်းအိုးအကြောင်းဘဲ ဇာချဲ့ပါတော့မယ်။

အဘိုးက ဒေါသကြီးသလောက် အချစ်လည်း ကြီးဟန်တူပါရဲ့။ တကတည်း ဆယ်နှစ်အတွင်းမှာ သားသမီးခုနစ်ယောက်တောင် မွေးထည့်လိုက်ပါရောလား။ ကလေးတွေ အင်တိုက်အားတိုက်မွေးပေမယ့် ဘယ်သားသမီးကိုမှ ချီပိုးပြီး ယုယုယယ မရှိဘဲ ခပ်တင်းတင်းပဲ နေပါသတဲ့။ သားသမီးတွေခမျာ သူရို့အဖေရဲ့ ဒေါသကို ကြောက်ရှာကြလွန်းလို့ အရွယ်တွေရပြီး လူလားမြောက်တဲ့အထိ မျက်နှာချင်းကောင်းကောင်း မဆိုင်ရဲတဲ့အထိ။ ကြောက်မယ်ဆိုလည်း ကြောက်စရာ။ ထမင်းစားရင်းနဲ့များ ငရုတ်သီးစပ်သွားလို့ကတော့ “ ကိုင်း…ဒီလောက်တောင်စပ်လှတာ  သွားရော့လကွာ ” လို့ အဘိုးပါးစပ်က တစ်ခွန်းတည်းအော်ပြီး ထမင်းစားပွဲကို မ-ယူပြီးပစ်ထုတ်လိုက်တယ်ဆိုကိုး။ အားအားရှိတိုင်း တစ်တန်းဘား၊ နှစ်တန်းဘားကစား၊ ဒမ်ဘယ်ရိုက်နဲ့ဆိုတော့ သူ့ဗလကြီးကလည်း အယ်နေပြန်တာမို့ သားသမီးတွေခမျာ “ ဟိတ် ” ဆိုတာနဲ့တင် သေးဖြန်းဖြန်းကျရပါသတဲ့။ တစ်ခါမှာတော့ သမီးလတ် ( ဦးဟန်ကြည်တို့ အဒေါ် ) မထွေး ထမင်းချက်နေတုန်း ကြိမ်နဲ့လှိမ့်ရိုက်တာ မထွေးခမျာ ဘုမသိ၊ ဘမသိနဲ့ စွတ်ပြီးအတွယ်ခံရတာမို့ “ အဖေ…ကျုပ်ဘာလုပ်မိလို့တုန်း ” လို့ မေးရင်းနဲ့ ပတ်ပြေးရရှာသတဲ့။ အဲဒီတော့မှာ “ နင် လွန်ခဲ့တဲ့ တစ်ပတ်က အိပ်ရာထ နောက်ကျသကိုး ” လို့ ခပ်မာမာနဲ့ ပြောပါသတဲ့။ တစ်ပတ်ကျော်က အပြစ်ကို အခွင့်မသာမချင်း အောင့်ထားပြီး အလစ်မှာ ချောင်ပိတ်ပြီး ပယ်ပယ်နယ်နယ်တီးတာမို့ မခံနိုင်တဲ့အဆုံး အဒေါ်ခမျာ မီးဖိုဆောင်ထရံကို ခြေထောက်နဲ့ ကန်ဖောက်ပြီး ထွက်ပြေးရပါရောလား။

အဘိုးရဲ့ မဟာဗျူဟာမြောက် သားသမီးဆုံးမနည်းကလည်း နောင်လာနောက်သားတွေ မှတ်သားလောက်ပါပေရဲ့။ သားသမီးတစ်ယောက်မွေးတာနဲ့ အဲဒီကလေးအတွက် ကြိမ်တစ်ခွေ ၀ယ်ပါသတဲ့။ အဲဒီကြိမ်ကို လုံးပတ်သေးတဲ့ အဖျားပိုင်းကနေ ဖြတ်ဖြတ်ပြီး ကလေးအပြစ်လုပ်တိုင်း ရိုက်ပြီးဆုံးမသွားတာ အရွယ်ရလာတာနဲ့အမျှ ကြိမ်အရင်းပိုင်းကို ရောက်ရောက်လာပါလေရော။ အဲဒီကြိမ်ခွေတစ်ခွေလည်းကုန်ရော ကလေးလည်း အရွယ်ရောက်၊ လူလားမြောက်၊ လိမ္မာရေးခြားလည်း ရှိသွားပြီလို့ ယူဆပါသတဲ့။ ဦးဟန်ကြည်တို့အဖေက အဘိုးဆီက အဲဒီနည်းစနစ်ကို အမွေမဆက်ခံခဲ့တာပဲ ကျေးဇူးတင်ရပါသေးတယ်။ အဲဒီနည်းဗျူဟာနဲ့သာဆိုရင် ပေကတ်ကတ်သတ္တ၀ါ မောင်ဟန်ကြည်ကတော့ သုံးနှစ်သားအရွယ်လောက်နဲ့တင် ကြိမ်တစ်ခွေလုံးပဲ ကုန်မလား၊ အသက်ပဲ ပျောက်မလား မတွေးရဲပေါင်။

ဦးဟန်ကြည်ရဲ့ အဘိုးတစ်ဝမ်းကွဲ
ကွမ်းတိုင်းရွာက အဘိုးရဲ့ညီဝမ်းကွဲတစ်ယောက်ကတော့ တစ်ပုံစံပါ။ သူရို့ညီအစ်ကို နှစ်ယောက်ကို ပုဆိုးဖြစ်ဖြစ် အ၀တ်အစားဖြစ်ဖြစ် တစ်ယောက်တစ်ထည်စီဝယ်ပေးရင် ဘယ်တော့မှ သူ့အတွက်ပေးတဲ့ အ၀တ်ကို မကြိုက်ဘူးဆိုပဲ။ ညီလုပ်သူကို ပေးတဲ့အ၀တ်အစားကိုပဲ မရမက လုလေ့ရှိတာမို့ နောက်ပိုင်းကျတော့ အထာပေါက်သွားတဲ့ ညီလုပ်သူက သူမလိုချင်တဲ့ အ၀တ်အစားကို အရင်ယူထားပြီး အစ်ကိုကို မျက်လှည့်ပြရပါလေရော။ ထုံးစံအတိုင်း ဟိုက မောင်မင်းကြီးသားက သူများလက်ထဲက အ၀တ်အစားကိုပဲ အတင်းလုတာမို့ ဒီယုန်မြင်လို့ ဒီချုံထွင်တဲ့ ညီတော်မောင်က သူ့စိတ်ကြိုက်အ၀တ်အစားကိုပဲ ပြန်ရတာမို့ အဆင်ကို ချောပါလေရောတဲ့။

ဦးဟန်ကြည်ရဲ့ အဘွားလေးညီအစ်မ
အဖေ့ရဲ့ အဒေါ်ဝမ်းကွဲ အပျိုကြီးညီအစ်မကလည်း ရာဇ၀င်တွေနဲ့ပါ။ အင်မတန်မှ အပျင်းထူပြီး ကပ်စေးလည်းနဲကြတာမို့ အရွယ်သာရောက်လာတယ် ကြိုက်မယ့်လူ မရှိဘဲ အပျိုကြီးဘ၀နဲ့ ညီအစ်မနှစ်ယောက် တစ်အိမ်တည်း နေကြရပါလေရော။ ကပ်စေးနဲချက်ကတော့ အမဲသား အစိတ်သားကို တစ်လကြာအောင် စားပါသတဲ့။ အမဲသားကို ခရမ်းချဉ်သီးတွေဘာတွေနဲ့ အနှစ်များများရအောင်ချက်ပြီး ထမင်းစားရင် အနှစ်ကလေးနဲ့ နယ်ဖတ်စား၊ ဟင်းတုံးတွေကိုတော့ ပြန်သိမ်းထားကြပါလေရော။ နောက်တစ်ရက်ကျရင် အဲဒီဟင်းတုံးတွေကို အနှစ်ကလေးနဲ့ ပြန်ချက်ပြီး စားကြပါသတဲ့။ သူရို့တွေ ကပ်စေးနဲတဲ့ဒဏ်ကို မချိမဆန့်ခံရတဲ့ အမဲသားတုံးခမျာ တစ်လနီးပါးလောက်ကြာတဲ့အခါ လုံးပါးပါးပြီး ပိန်ရှုံ့လာရှာတော့တာပေါ့လေ။ အဲဒီအခါကျမှပဲ အဲဒီဟင်းတုံးတွေလည်း အပျိုကြီးညီအစ်မရဲ့ဗိုက်ထဲမှာ စိတ်အေးလက်အေး နေခွင့်ရပါတော့သတဲ့။

အဲဒီအပျိုကြီးညီအစ်မ ပျင်းပုံကလည်း စံတင်လောက်ပါရဲ့။ ထမင်းစားပြီးကြရင် ပန်းကန်တွေကို တစ်ခါတည်းမဆေးဘဲ ရေကပြင်မှာ ပုံထားလိုက်ကြပါသတဲ့။ နောက်တစ်ခါ ထမင်းစားကြရင် ပန်းကန်အသစ်တွေထုတ်ပြီး ခပ်တည်တည်စား၊ စားပြီးရင် ထုံးစံအတိုင်းပဲ ပုံထားကြပြန်ရောတဲ့။ အဲဒီနည်းစနစ်အတိုင်း စားလိုက်ပုံလိုက်လုပ်ကြရင်း ပန်းကန်တွေကုန်သွားမှ “ ကိုင်း ငါ့ညီမရေ ဆေးကြစို့ဟေ့ ” ဆိုပြီး အဲဒီပန်းကန်ဟောင်းတွေကို ရေအပြည့်ထည့်ထားတဲ့ ရေဇလားကြီးထဲ ပစ်ထည့်ပြီး စိမ်ထားလိုက်ပါသတဲ့။ ခဏကြာမှ ပန်းကန်တွေကို နည်းနည်းပါးပါး ပွတ်သပ်ပြီး ပန်းကန်စင်ပေါ်မှာ ဟန်မပျက်စီထားကြပါလေရော။ ပြီးရင်တော့ ထုံးစံအတိုင်း စားပြီးပုံ စနစ်အတိုင်း စခမ်းဆက်သွားကြပြန်ပါသတဲ့။ ဒီအပျိုကြီးများကို ယူမိတဲ့ သကောင့်သားကတော့ သူရို့တွေနှိပ်စက်သမျှကို ခါးချိအောင်ခံရမှာ မြင်ယောင်ပါသေးတယ်။ ဒါပေမယ့် အဲဒီခေတ်က ကာလသားများကလည်း ဦးဟန်ကြည်တို့ထက် ပါးရည်နပ်ရည်ရှိတာမို့ မယ်မင်းကြီးမနှစ်ယောက်ကို ဝေါင်ဝေါင်ရှေးလိုက်ကြတာ ခမျာများမှာ အပျိုကြီးဘ၀နဲ့ တစ်သက်လုံး အရိုးထုတ်ကြရပါရောလား။

ဒီရက်ပတ်အတွင်းမှာ ဘလော့ပတ် အားနည်းဦးမှာမို့ ချစ်စွာသော ဘလော့ဂါ၊ ဘလော့ဂီအပေါင်းကို တောင်းပန်ရင်း အလျင်မပြတ်စေဖို့ ဦးဟန်ကြည်ရဲ့ ဆွေမျိုးတွေအကြောင်းကို အငံ့ဆိုင်း အားပေးကြဖို့ တောင်းပန်ထားပါရစေဦးဗျား…

ကြိုက်ရင်ပေါ့လေ . . .