Friday, 11 June 2010

ဆေး/မန်းက ၅/၂၀၀၀ ဘောလုံးသင်း . . .

လေးနှစ်တိုင်အောင် အစောင့်ကြီးစောင့်ခဲ့ရတဲ့ ၂၀၁၀ကမ္ဘာ့ဖလားပွဲကြီးကတော့ မနေ့ညကစပါတယ်။ ဖွင့်ပွဲအခမ်းအနားကြည့်မယ်လို့ အားခဲထားခဲ့ပေမယ့် တီဗီကမလွှင့်လို့ မကြည့်လိုက်ရဘူး။ စလောင်းတတ်ရအောင်လည်း ကိုယ်ကအလုပ်များတဲ့သူဆိုတော့ အလကားဖြုန်းတီးသလိုဖြစ်မှာမို့ လွှင့်သလောက်လေးပဲ ရောင့်ရဲလိုက်ရတယ်။ ဘောလုံးပွဲဆိုရင် လမ်းထဲက ကလေးတွေကန်တာတောင် ရပ်ကြည့်ဖြစ်တဲ့အထိဝါသနာကြီးတာမို့ တစ်လခွဲလောက်မကြည့်ခဲ့ရတဲ့ ဘောလုံးပွဲကို အရသာရှိရှိပဲ ကြည့်လိုက်တယ်။ ကြည့်ရင်းနဲ့ ကိုယ်ငယ်ငယ်က ဖေဖေပြောတာကို သွားသတိရသေးတယ်။

“ဘောလုံးပွဲကြည့်တယ်ဆိုတာ ဘောလုံးမကန်တတ်တဲ့သူတွေ ကြည့်တာပါကွာ”တဲ့....

အင်း...သူ့အတွေးကလည်းဟုတ်တုတ်တုတ်။
ငယ်ငယ်က မြို့နယ်လက်ရွေးစင်ဘောလုံးသမားဖြစ်တဲ့ ဖေဖေက ဘောလုံးပွဲကို
တစ်ခါမှ ဟုတ်တိပတ်တိ ကြည့်တာမတွေ့ခဲ့ဖူးဘူးလေ။ ဘောလုံးကို မြေကြီးပေါ်ကကြွအောင်တောင် ဆယ်တန်းအောင်ပြီးချိန်ထိ မကန်တတ်ခဲ့တဲ့ ကိုယ်ကပဲ ဘောလုံးပွဲတွေကို အရူးအမူးအားပေးတာကိုး။ အဲဒါကျတော့ မေမေ့ဘက်က အဖိုးနဲ့သွားတူတယ်ဖြစ်မယ်။ ကိုယ့်အဖိုးက လူဖလံလေးဆိုတော့ ဘောလုံးကန်ဖို့နေနေသာသာ ဘောလုံးမှန်ရင်တောင် တော်တော်ခံစားရမယ့်ဗလနဲ့လေ။ ဒါပေမယ့် သူကလည်း ဘောလုံးပွဲဆိုရင် မကျန်းမမာဖြစ်နေတဲ့ကြားထဲကတောင် ထကြည့်တဲ့အထိ စွဲလန်းတာ။ အဲဒီတော့လည်း လက်ရွေးစင်ဖေဖေက ပြောပြီပေါ့။

ကိုယ်တို့ ဘောလုံးကို ဘယ်လောက်များရူးသလဲဆိုရင် အထက်တန်းကျောင်းသားဘ၀ကစပြီး ၀ယ်ဖတ်လိုက်တဲ့ ဘောလုံးစာစောင်တွေသာစုထားရင် လူတောင်နေစရာရှိတော့မယ်မထင်ဘူး။ အဲဒီခေတ်က စာစောင်ကလည်း အင်အားနဲ့ တံခွန်ပဲရှိခဲ့တာလေ။ တစ်ပတ်တစ်ပတ် ဂျာနယ်မရလိုက်မှာစိုးလို့ ဂျာနယ်ရောင်းတဲ့ဆိုင်ကို မကြာမကြာသွားသွားကြည့်ခဲ့ရတာ သတိရသေးတယ်။

ဆယ်တန်းဖြေပြီးကတည်းက ၀ါသနာအရ ဆယ်တန်းကျောင်းသားတွေကို ညပိုင်းနဲ့ မနက်ပိုင်းမှာစာသင်၊ နေ့လည်ပိုင်းမှာ နယ်ကျောင်းတစ်ကျောင်းမှာ လုပ်အားပေးကျောင်းဆရာသွားလုပ်နဲ့ မအားတဲ့ကြားက ညနေညနေဆိုရင် ဘောလုံးကွင်းထဲသွားပြီး Training အပြေးအလွှားဆင်းခဲ့သေးတယ်။ Training ဆင်းတယ်ဆိုလို့လည်း အထင်တော့မကြီးလိုက်ပါနဲ့ဦး။ ကိုယ်လို ဘောလုံးဖြစ်ဖြစ်မြောက်မြောက်မကန်တတ်တဲ့ စာကြမ်းပိုး လူပျော့လေးကို ဘယ်အသင်းကမှလည်း မရွေးပါဘူးလေ။ ကိုယ့်ဖာသာ အရူးထပြီး သူတို့တွေနဲ့သွားသွား Training ဆင်းတာပါ။ မရွေးမှန်းလည်းသိသားပဲ။
ကန်ချင်လွန်းလို့ကို အရူးကျခံပြီး သွားကန်ခဲ့တာလေ။

မှတ်မိသေးတယ်...
ကျောင်းသားတွေစာသင်ပေးလို့ ပထမဆုံးလစာရတော့ သူများလို အမေကိုအပ်ရမယ့်အစား ဘောလုံးဝတ်စုံတွေ၊ ဘောလုံးကန်ဖိနပ်တွေဝယ်ပစ်တယ်လေ။ မေမေ့ခမျာ စိတ်မကောင်းဖြစ်ရှာလို့ “သားရယ်...ပထမဆုံးလစာဆိုတာ မိဘကိုအပ်ရတယ်ကွဲ့။ ပြီးတော့ မေမေပြန်ပေးမှာပေါ့။ သုံးချင်လို့မဟုတ်ပါဘူး။ ဂုဏ်ယူချင်လို့ပါ”လို့ပြောရှာတာ အခုထိမမေ့ပါဘူး။
အင်း...အဲဒီလောက်ထိ ရူးခဲ့တာပေါ့လေ။

ဆေးကျောင်းသားဘ၀ရောက်တော့လဲ ဘောလုံးပိုးကမသေပါဘူး။ ဒီပိုးကလည်း တော်တော်ဆိုးပါတယ်။ သေရာပါမယ့် ရောဂါပိုးထင်ပါရဲ့နော်။ အတန်းဘောလုံးသင်းမှာ ၀င်ကန်သေးတယ်လေ။ ကိုယ်တို့အသင်းကလည်း ဆေး/မန်းတစ်ကျောင်းလုံးမှာ နံမည်အကြီးဆုံးလေ။ “နိုင်ပွဲမရသေးတဲ့အသင်းနိုင်ပွဲရချင်ရင် ကိုယ်တို့နဲ့ကန်”တဲ့၊ သေချာပေါက်နိုင်ပွဲရမယ်တဲ့။
အဲဒီလို နံမည်ကြီးခဲ့တာ။ ပြောလည်းပြောလောက်စရာပါပဲ...

ကိုယ်တို့ ၅/၂၀၀၀ဘောလုံးသင်းတစ်သင်းလုံးမှာ ဘောလုံးကန်တတ်တာဆိုလို့ ကျော်စွာအောင်ရယ်၊ ရာဇာကိုကိုအောင်ရယ်၊ နေအောင်ဝင်းရယ်၊ ကျော်ထင်သက်ရယ်၊ တောက်ထိန်ရယ်ပဲရှိတာလေ။ ကျန်တာတွေကတော့ ကိုယ်တို့လို လူလျှောက်ကန်တွေချည်းပဲ။ ရှေ့တန်းတိုက်စစ်မှူး စိုင်းခွန်မျိုးနောင်(ရှမ်းကြီး) ဆိုတာ ခြေသလုံးလေးတွေက ဂီတာတစ်ကြိုးကို နန်းဆွဲထားသလို သေးသေးလေး။ ပြီးတော့ မျက်မှန်မပါရင် ဘောလုံးနဲ့လူတောင် သိပ်ကွဲတာမဟုတ်ဘူး။ ဂိုးဖမ်းတဲ့ ကျော်ရှိန်ဆိုတာက ဖက်တီးကြီး။ ကိုယ့်ထက်ခေါင်းတစ်လုံးကျော် အရပ်မြင့်သေးတယ်။
တစ်ခါ သူ့ဗိုက်ကြီးကို ကိုယ်ဖက်ကြည့်တာ လက်တစ်ဖက်တောင်မကဘူး။
သူကများ ဘောလုံးကို ဒိုင်ဗင်ထိုးပြီးဖမ်းရင် သူ့ဗိုက်ကြီးလှုပ်လှုပ်လှုပ်လှုပ်ဖြစ်ကျန်ရစ်တာ
ခုပြန်တွေးရင် ခုရယ်ချင်မိတုန်း။

အောင်မယ်...
ကိုယ်တို့အသင်းက စွံသာမစွံတာ နည်းပြတွေဘာတွေတောင် ငှားလိုက်သေးတယ်။ သူများတွေလို ဆာဘွဲ့ရတော့မတတ်နိုင်ဘူးပေါ့။ ဒါပေမယ့် သူလည်း “ဆာ”ပါတယ်လေ။ ဦးဆာမိတဲ့။ အဲဒီခေတ်ကတောင် တစ်လကို နှစ်သောင်းပေးပြီးငှားရတာ။ ထမင်းဆိုင်မှာ လပေးစားရင်တောင် တစ်လကိုမှ လေးထောင့်ငါးရာပဲ ပေးရတာဆိုတော့ စဉ်းစားသာကြည့်ပေတော့ သူ့တန်ဖိုးကို။ ပြီးတော့ မန်နေဂျာပါရှိသေးတယ်...ကိုမင်းလေ။ သူ့မိဘတွေက မန္တလေးမှာနံမည်ကြီး မြဘုရင်နို့ဆီချက်စက်ရုံပိုင်တယ်လေ။ သူ့ခမျာ တစ်ရက်ကိုမုန့်ဖိုး တစ်သောင်းရတာဆိုတော့ သုံးလို့မကုန်တိုင်း ကိုယ်တို့ဝိုင်းဝိုင်းသုံးပေးရတယ်။ သူ့ကို မန်နေဂျာခန့်တာ ဘောလုံးအကြောင်းနားလည်လို့မဟုတ်ဘူး။ သူက အသင်းစားရိတ်စိုက်တာဆိုတော့ မြှောက်ပေးထားတာ။

ကိုယ်တို့အသင်းက နိုင်ပွဲသာမရတာ စရိတ်ကတော့ ဘာကုန်သလဲမမေးနဲ့။ ဘောလုံးပွဲတစ်ပွဲကန်ရင် ကွင်းကြေး၊ ဒိုင်လူကြီးငှားခတွေပေးရသေးတာ။ ပြီးတော့ ကိုယ်တို့ကလည်း နိုင်နိုင်ရှူုံးရူံး ပွဲပြီးရင် စားသောက်ဆိုင်သွားပြီး စားရသောက်ရမှ ကျေနပ်ကြတာလေ။ ဒီတော့ ဒကာတော်ကိုမင်းကို မန်နေဂျာကြီးပေါ့။ မမိုက်ဘူးလား။

ကိုယ်တို့ အသင်းကောင်းပုံကတော့ ကျောင်းရောက်စက ကိုယ့်အထက်ကအတန်းသင်းနဲ့ကန်တာ သူတို့က ကိုယ်တို့အသင်းကို ခုနစ်ဂိုးတောင်အကြောပေးယူရတယ်။ ဘယ်ရမလဲ ဒီလိုအကြောမျိုးကတော့။ ကိုယ်တို့ ကန်ပြလိုက်တာ ဆယ့်နှစ်ဂိုး၊ နှစ်ဂိုးတောင်မှပဲ။ ကိုယ်တို့ရှူံးတာပေါ့။ ဒါနဲ့ အတန်းကြီးတွေနဲ့ မကန်တော့ဘူးလို့ဆုံးဖြတ်ပြီး နောက်တတ်အတန်းတစ်တန်းရောက်တော့ ထပ်ကန်ကြတယ်။ ကလေးတွေကို ခြောက်ဂိုးပြတ်ရှူံးပါရောလား။ ဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး မန်းစည်ပင်အမျိုးသမီးသင်းနဲ့ကန်ကြတယ်။ အောင်မယ်လေး...ဒါတောင် နှစ်ဂိုးစီ သရေကျတယ်။ ဒီတော့ ကိုယ့်အဆင့်ကိုယ်သိလို့ အချင်းချင်းပဲ နှစ်သင်းခွဲပြီးကန်ကြရတယ်။ စွံသာမစွံတာ နံမည်ပေးကတော့ ဘာကောင်းသလဲ မမေးနဲ့ City နဲ့ United တဲ့။ ကိုယ်ကတော့ အရံသင်း စီးတီးရဲ့နောက်တန်းသမားလေ။ နောက်တန်းမှာ ကိုယ်လိုဗလမျိုးတွေချည်းပဲ။ သက်လုံကလည်း ဘာကောင်းသလဲမမေးနဲ့ ဆယ့်ငါးမိနစ်လောက်ကန်ပြီးရင် အားလုံးဖားဖိုထိုးကုန်ကြပြီ။

သူများအသင်းမှာဆိုရင် ရှေ့တန်းသမားက ပင်ပန်းလာရင် နောက်တန်းဆင်းပြီး နားကြတယ်။ ကိုယ်တို့ကျတော့ နောက်တန်းသမားတွေပင်ပန်းလာရင် ရှေ့တန်းတက်ပြီးနားရတယ်။ ရှေ့တန်းမှာ သက်သာချက်ကတော့ တစ်ဖက်နောက်တန်းသမားနဲ့ ကျားထိုင်ထိုးနေလို့ရတယ်။ ပွဲသာပြီးသွားရော ရှေ့တန်းကို ဘောလုံးနှစ်လုံး၊ သုံးလုံးထက်တောင်ပိုမရောက်ဘူး။ သူများတွေက ဘောလုံးတစ်ယောက်ရရင် ကျန်တဲ့လူတွေက ဘောလုံးပေးလို့ရမယ့်နေရာတွေမှာ အဆင်သင့်နေရာယူပြီး opening ကစားကြတယ်။
ကိုယ်တို့ကတော့ ကိုယ့်ဆီကို ဘောလုံးမရောက်အောင် ကွယ်ပြီး closing ကစားတယ်လေ။
ဒီလောက်ကောင်းတဲ့ နည်းစံနစ်မျိုး ကမ္ဘာပေါ်မှာတောင်ရှိမယ်မထင်ဘူး။

အဲဒီလောက်ကောင်းတဲ့ အသင်းဆိုတော့ ပါမောက္ခချုပ်က ဖလားပွဲလုပ်ပေးဖို့စီစဉ်တော့ အသင်းနံမည်ပေးဖို့ရွေးကြတယ်။ အဲဒီအချိန်က Russel Crowe ပါတဲ့ Gladiator ဇာတ်ကားကလည်း အတော်ကြီးကို နံမည်ကြီးတော့ ကိုယ်တို့အသင်းကို Gladiator လို့ နံမည်ပေးလိုက်ကြသေးတယ်။ ပြီးတော့ အားပေးကြမယ့် သူငယ်ချင်းတွေအတွက် T shirt တွေ ခေါင်းစည်းကြိုးတွေပါထုတ်လိုက်သေးတယ်။ အောင်မယ်... T shirt ရင်ပတ်မှာ စာတမ်းတောင်ပါသေးတယ်။

Lose or win my team
ရှူံးရှူံးနိုင်နိုင် တို့အသင်းပဲတဲ့။

ဟုတ်တယ်လေ။ ကိုယ်တို့အသင်းက သေချာပေါက်ရူံးဖိုး ၉၀%လောက်ရှိတာဆိုတော့ အဲဒီလိုကြိုတင်ကာကွယ်ထားရတာပေါ့။ ဒါပေမယ့် ဖလားပွဲက မကန်ဖြစ်လိုက်ပါဘူး။ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင်းတွေကြောင့် ပျက်သွားတယ်။ ပျက်သာမပျက်ရင် ကိုယ်တို့လည်း အခုကစားနေကြတဲ့ MNL ကလပ်တွေဆီများရောက်ပြီး တစ်လကို ၁၅သိန်းလောက်ရတဲ့ ကြေးစားဘောလုံးသမားကြီးတွေများဖြစ်ကုန်မလား မပြောတတ်ဘူးနော...

အင်း...
ကမ္ဘာ့ဖလားပွဲ အကြောင်းရေးရင်းနဲ့ ကလောင်ဘေးချော်ပြီး ကိုယ့်ဘောလုံးသင်းအကြောင်းတွေရောက်သွားတယ်။ အဲဒီ အသင်းနဲ့များကန်ချင်တယ်ဆိုရင်တော့ ကိုယ့်ဆီအကြောင်းကြားနော်။ အခုဆရာဝန်တွေဖြစ်ပြီး အနယ်နယ်မှာ တာဝန်ကျနေကြတဲ့ သူငယ်ချင်းတွေဆီ အကြောင်းကြားပြီး ပွဲဖြစ်အောင်စီစဉ်ပေးမယ်။ ကျိုးရင်၊ ကန်းရင်လည်းမပူနဲ့ပေါ့။ ကိုယ်တို့အားလုံး ကုတတ်ကြတယ်လေ။ ဆေးမှူးတွေဘာတွေ ငှားစရာမလိုဘူး။
ဒါပေမယ့်...
ကိုယ်တို့တစ်သင်းလုံးက ဆေးမူးတွေ ဖြစ်နေကြရင်တော့လည်း...

No comments:

ကြိုက်ရင်ပေါ့လေ . . .