Thursday, 24 June 2010

Hello...testing!!!

I made this via my N72 mobile. The new tec is always winner. I know that clearly, but I don't wanna be a loser. So, I intend to use new tech to improve my professional.

Wednesday, 23 June 2010

မောတော့မောတာပေါ့...ဒါပေမယ့်. မမောဘူး. . .

့ဒီရက်ပတ်တွေမှာ အလုပ်များလိုက်တာ။ ကောင်းကောင်းထိုင်နားချိန်တောင် မရပါဘူး။ လုပ်ငန်းသဘာဝအရ အချိန်ပြည့် အာရုံစိုက်နေရတာကြောင့် စိတ်ရောကိုယ်ပါ ပင်ပန်းတယ်လို့လည်း ဆိုနိုင်ပါရဲ့။ ပြီးတော့ လူတွေရဲ့ ဘ၀၊ အနာဂတ်၊ မျှော်လင့်ချက်တွေနဲ့ အဓိကပတ်သက်နေတဲ့ အလုပ်ဆိုတော့လည်း ကိုယ့်ပါးစပ်က ပြောသမျှစကား၊ လုပ်သမျှ အပြုအမူအားလုံးကို အမြဲသတိကပ်နေရပါတယ်။ ဒါပေမယ့်လည်း ကိုယ်ကိုယ်တိုင်က အမြတ်တနိုးနဲ့ ရွေးချယ်ခဲ့တဲ့ အသက်မွေးဝမ်းကြောင်း ဖြစ်နေတာတစ်ကြောင်း၊ ကိုယ်ချစ်တဲ့ ကိုယ့်တိုင်းပြည်ကို အကောင်းဆုံးအလုပ်အကြွေးပြုနေတယ်လို့ ယူဆတာတစ်ကြောင်းတို့ကြောင့် မောတယ်ပန်းတယ်တော့ သဘောမထားပါဘူးလေ။

တိုင်းပြည်တစ်ခု တိုးတက်ဖို့ဆိုရင် အရေးအကြီးဆုံးက မျိုးဆက်သစ်လူငယ်လေးတွေ တိုးတက်ခေတ်မီပြီး ပညာတတ်တွေ ဖြစ်နေဖို့က အင်မတန်ပဲ အရေးကြီးပါတယ်။ ရေခဲခေတ်၊ ကျောက်ခေတ်၊ သံခေတ်၊ ကြေးခေတ်တွေ အဆင့်ဆင့်ဖြတ်သန်းခဲ့ပြီးနောက် ဒီနေ့ပညာခေတ်ကြီးမှာ ပညာတတ်နည်းပါးတဲ့ တိုင်းပြည်ဟာ သူများနောက်မှာ အောက်ကျ၊ နောက်ကျဖြစ်ကျန်ရစ်နေခဲ့မှာ မလွဲပါ။ ကိုယ်ချစ်တဲ့ တိုင်းပြည်နဲ့၊ ကိုယ်မြတ်နိုး၊ တန်ဖိုးထားတဲ့ ကိုယ့်လူမျိုး တိုးတက်ဖို့ဆိုရင်တော့ မျိုးဆက်သစ်လူငယ်တွေလက်ထဲကို အဖိုးတန်ပညာတွေ ထည့်ပေးနိုင်မှ ဖြစ်ပါလိမ့်မယ်။

လူငယ်တွေဆိုတာ ဘာမဆို သိလွယ်၊ တတ်လွယ်ကြတဲ့ တကယ့်ဉာဏ်ကြီးရှင်လေးတွေပါ။ ကိုယ့်ခေတ်ကထက်တောင်ပိုလို့ ဉာဏ်ရည်မြင့်မားကြပါသေးတယ်။ တစ်ခုပဲရှိပါတယ်။ သူတို့ရဲ့ အဖိုးတန်ဉာဏ်ရည်ကို အရေးမပါတဲ့ နေရာတွေမှာ သုံးနေကြတာပါပဲ။ ဒါကိုပြုပြင်ပြီး တိုင်းပြည်အတွက် အရေးပါအရာရောက်စေမယ့် ပညာရေးကို လူငယ်တွေ အားသန်လာအောင် ဆွဲဆောင်ရမှာက ကိုယ်တို့လူကြီးတွေရဲ့ သမိုင်းပေးတာဝန်ပဲမဟုတ်လား။ ပြီးတော့ သူတို့လေးတွေ တတ်မြောက်ကြတယ့် ပညာတွေကို တိုင်းပြည်နဲ့လူမျိုးကောင်းကျိုးအတွက် အသုံးချမယ့် မျိုးချစ်စိတ်မျိုး သွင်းပေးဖို့လည်း အရေးကြီးပါသေးတယ်။ အဲဒီလိုမှ မဟုတ်ရင် ကိုယ်တတ်ထားတဲ့ ပညာကို တိုင်းပြည်နဲ့လူမျိုးပျက်စီးရာ ပျက်စီးကြောင်း လုပ်ကြမယ့် ပညာတတ်လူယုတ်မာလေးတွေ ဖြစ်ကုန်ကြရင် တိုင်းပြည်သိပ်နစ်နာပါလိမ့်မယ်။ ဒါကြောင့် သူတို့လေးတွေ လိုအပ်တဲ့ စိတ်ဓာတ်၊ အသိဉာဏ်၊ ဇွဲ၊ အနစ်နာခံတတ်မှု၊ ကူညီရိုင်းပင်းတတ်တဲ့ ပညာရှင်စိတ်ထား စတာတွေကို ဖြည့်ဆည်းပေးဖို့ ကိုယ်တို့တွေ အခုလို တပင်တပန်းကြိုးစားနေရတာကို စိုင်းထီးဆိုင်စကားနဲ့ပြောရရင်တော့ “မောတော့မောတာပေါ့၊ ဒါပေမယ့် မမောဘူး”

Monday, 21 June 2010

မတတ်တတ်နဲ့ ခေါက်ကြည့်မယ် . . .

နည်းပညာတွေကလည်း လေ့လာလို့မကုန်တာ သေချာပါတယ်။
blog
ရေးနေတာ သုံးလကျော်လာပေမယ့် အခုထိတော့ စိတ်တိုင်းကျ မကျွမ်းကျင်သေးတာတော့ မရှက်တမ်းဝန်ခံရပါလိမ့်မယ်။ သူများတွေရေးထားတဲ့ blog တွေကို သွားသွားအားပေးရင်း
ကိုယ့် blog ကိုပြန်လာရင် အားငယ်စိတ်မကြာမကြာဝင်မိပါသေးရဲ့...


ဘာကြောင့်လဲဆိုရင် သူများတကာတွေလုပ်ထားကြတဲ့ layout တွေ အပြင်အဆင်တွေက
သိပ်လှ၊ သိပ်မျက်စိကျစရာကောင်းနေပေမယ့် ကိုယ်ကတော့ လှေကြီးထိုးရိုးရိုးတောင် မနည်းဖျစ်ညှစ်လုပ်ထားရတယ်လေ။ ဒီနေ့တော့ ညီနေမင်းရဲ့နည်းပညာ blog ကိုအလည်သွားရင်း peekaboo ဆိုတဲ့ blog post ခေါက်နည်းလေးတွေ့လို့ စမ်းကြည့်တယ်။ ဒီစာက နည်းသစ်ကိုစမ်းရင်းရေးတာဆိုတော့ အစမ်းစာလို့များ ကြီးကြီးကျယ်ကျယ်ခေါ်ရရင် ကောင်းမလားစဉ်းစားမိတယ်။ အင်း...အဲဒီလို စကားကြီး၊ စကားကျယ်လဲ မပြောတတ်တော့ ဘာနံမည်မှ မတပ်တော့ပါဘူး။ တောင်ရမ်း၊ မြောက်ရမ်း စမ်းကြည့်တာလို့ပဲ သဘောထားလိုက်တော့မယ်။ ဒီ post ခေါက်လို့ ရမရတော့ မသိသေးဘူး။ အရင် post တွေအောက်မှာတော့ ဆက်ဖတ်ပါဦးဆိုတဲ့ စာတမ်းလေးတွေတော့ ထိုးထားတာ တွေ့ရပြီ။ စာဖတ်တဲ့သူက အခေါက်ဖြည်ပြီး ဖတ်ကြည့်လို့ ဘာမှမတွေ့ရင်တော့ ထိုင်ရင်းနေရင်း မေတ္တာပို့ခံရဖို့တော့ သေချာနေပြီ။ ရှိပါစေတော့။ ဒါလည်း ပညာတိုးတက်ဖို့အတွက်
အရင်းအနှီးလို့ပဲ မှတ်လိုက်မယ်လေ။ မကောင်းဘူးလား။


ညီနေမင်းရဲ့ post လေးကို စိတ်ဝင်စားရင် လေ့လာပြီး စမ်းသပ်ကြည့်ရအောင် link ချိတ်ပေးလိုက်တယ်။ ဒီမှာပါ...

http://www.nyinaymin.com/2009/08/peekaboo.html

P.S; ခေါက်လို့တော့ရတယ်။ ဘာတွေမှားသွားတယ်တော့ မသိဘူး။ ပြန်ဖွင့်လို့မရဘူးဖြစ်နေလို့
အရှိန်သတ်ပြီး အရင်အတိုင်းဖြစ်အောင် ပြန်လုပ်ထားရတယ်။
နောက်ကျမှ ပြန်လေ့လာပြီး လုပ်ကြည့်ရမယ်...

Sunday, 20 June 2010

စိတ်နောက် ကိုယ်မပါ . . .

ဒီကရှေ့ကိုတော့ အရင်ကလောက်စာရေးနိုင်မှာ မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ အလုပ်ကများသထက်များလာလို့ပါပဲ။ တစ်နှစ်ထက်တစ်နှစ် ပိုပြီးအရည်အသွေးပြည့်အောင် ကြိုးစားရတာ လုပ်ငန်းတိုင်းရဲ့သဘာဝ ဖြစ်တဲ့အပြင် ပိုများလာတဲ့ တောင်းဆိုချက်တွေကို ဖြည့်ပေးနိုင်အောင်လည်း ကြိုးစားရပါတယ်။

ပိုပြီးတော့လည်း အရည်အသွေးပြည့်လာသလို လူတွေရဲ့အကျိုးကိုပိုဆောင်ရွက်လာနိုင်တာကြောင့် ပိုပိုပြီး အလုပ်များလာတာမို့ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုလည်း ဂုဏ်ယူပါတယ်။ဒါပေမယ့် တစ်ရက်ကို မနားမနေအလုပ်လုပ်ရမယ့် အချိန် ၁၀ နာရီကျော်သွားတာကြောင့် ကိုယ့်ကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့ အရင်ကလောက်တော့ အိပ်ပျက်မခံရဲတော့ပါ။
ဘာကြောင့်လဲဆိုတော့ ဖိုးသူတော်လဲရင် တောင်ဝှေးထူနိုင်မှာ မဟုတ်တာကြောင့် ကိုယ်နေမကောင်းရင် ကိုယ့်နောက်ကလူတွေ အခက်မတွေ့စေဖို့ စာရေးကျဲရတော့မယ်ထင်ပါတယ်။

Saturday, 19 June 2010

နှမျောစိတ်ရဲ့ ဝေးဝေးမှာ . . .

၁၇।၆।၂၀၁၀ ကြာသပတေးနေ့ကတော့ ကိုယ့်ဘ၀မှာ အထူးခြားဆုံးနေ့ပါ။

ဘာကြောင့်လဲဆိုတော့ ဘ၀မှာ သူများဆီက တန်ဖိုးအကြီးဆုံးလက်ဆောင်ရဖူးတဲ့နေ့ဖြစ်လို့ပါပဲ။ အခါတိုင်းနှစ်တွေကလည်း ကိုယ်သင်ပေးလို့ ဆယ်တန်းအောင်သွားတဲ့ ကျောင်းသားလေးတွေက ကိုယ့်ကိုကျေးဇူးတင်ကြောင်းပြတဲ့အနေနဲ့ တစ်ခုခုတော့ ၀ယ်ကန်တော့လေ့ရှိပါတယ်။ တန်ဖိုးကြီးတာတွေ မ၀ယ်ကြဖို့လည်း ကိုယ်ကကြိုမှာထားလေ့ရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကလေးတွေရဲ့အောင်မြင်မှုကို ဂုဏ်ယူဝင့်ကြွားပြီး တမြတ်တနိုးတန်ဖိုးထားပါတယ်။ သူတို့ပစ္စည်းလေးတွေမြင်တိုင်း ပီတိဖြစ်ရသလို နောင်လာမယ့်ကလေးတွေအတွက်လည်း အောင်မြင်အောင်ကြိုးစားပေးရမယ်ဆိုတဲ့အသိကို ဖြစ်စေပါတယ်။


ဒီနှစ်အောင်စာရင်းထွက်တော့ ကိုယ့်ကျောင်းသားအားလုံးနီးပါး အောင်ကြတာကိုတော့ ကိုယ်ကြွားထားလို့ သိပြီးလောက်ပါပြီ။ အားလုံးနီးပါးကလည်း သူများတွေအထင်ကြီးမထားကြတဲ့ကျောင်းသားလေးတွေ ဖြစ်နေတာကြောင့် သူတို့ရော၊ သူတို့မိဘတွေပါ ကိုယ့်ကိုအင်မတန်ကျေးဇူးတင်ရှာကြပါတယ်။ သူတို့ပျော်ကြတာမြင်ရတဲ့ ဘေးလူတွေပါ အပျော်တွေကူးစက်ပြီး ပျော်ကြပါတယ်။ ပျောက်ဆုံးနေတဲ့ ကိုယ်ပိုင်ဂုဏ်သိက္ခာကို ပြန်ရှာတွေ့ကြတဲ့ ကလေးတွေကတော့ ပျော်လိုက်ကြတာ မိုးမမြင်လေမမြင်ပါပဲ။ ဒီစာရေးနေတဲ့ အချိန်အထိဆိုပါတော့။

၁၇ ရက်နေ့ညနေက ကျောင်းသားတစ်အုပ် ကိုယ့်အိမ်ကိုပေါက်ချလာကြပါလေရော။ ဆယ်ယောက်အုပ်ဆိုတော့ တအုပ်တမကြီးပေါ့။ ဒီတိုင်းလာကြတာ မဟုတ်ဘူး။ ဆရာ့ကိုကန်တော့ဖို့ဆိုပြီး ရေခဲသေတ္တာတစ်လုံးပါ သယ်လာကြလေရဲ့။ တန်ဖိုးကလည်း တစ်သိန်းခွဲ၊ နှစ်သိန်းနီးပါးလောက်ရှိတာဆိုတော့ ကိုယ့်မှာလက်ခံရအခက်၊ မခံရအခက်ပါ။ ဒါပေမယ့် အားလုံးကညီညီညွတ်ညွတ်စုဝယ်လာကြတာဆိုတော့ လက်မခံလို့လည်း မရတော့တာကြောင့် ကန်တော့ခံရပါတော့တယ်။ သူတို့ဆရာ ဦးကပ်စီးက မီတာခတက်မှာ၊ အအေးဖိုးကုန်မှာ စိုးတာကြောင့် ရေခဲသေတ္တာမ၀ယ်တာကို ကလေးတွေ မကျေနပ်လို့ထင်ပါရဲ့။ တစ်ခါတည်း ချည်ပြီး၊ တုပ်ပြီးပါပဲ။ ကိုယ့်ကိုဘာမှ အသိမပေးဘဲလုပ်လာကြတာလေ။ ဒီပစ္စည်းကတော့ ကိုယ်ရဖူးတဲ့ ကန်တော့ပစ္စည်းတွေထဲမှာ တန်ဖိုးအကြီးဆုံးပါပဲ။ ပစ္စည်းတန်ဖိုးထက် ကလေးတွေရဲ့သိတတ်မှုကို ပိုပြီးကျေနပ်မိပါတယ်။

ဒီနေ့တော့ ကလေးတွေကတောင် တန်ဖိုးကြီးကြီးဝယ်ကန်တော့သေးတာ ကိုယ်ကလည်းမနှမျောတော့ပါဘူးလေ ဆိုပြီး လိုအပ်တဲ့ safe guard တို့ voltage stablizer တို့ထွက်ဝယ်ပြီး အအေးလေးဘာလေးပါထွက်ဝယ်လိုက်တယ်။ ၀ယ်ပြီဆိုမှတော့ ဘရိတ်အုပ်လို့မရတဲ့အကျင့်ကြောင့် ခြောက်သောင်းကျော်ကျော်တော့ ပြောင်ပါလေရော။ ဒါပေမယ့် နှမျောတဲ့စိတ်က တစ်စက်ကလေးတောင် မပေါ်တာကိုယ့်ကိုယ်ကိုတောင် အံ့သြမိသေးတယ်။ ပြန်စဉ်းစားမိတော့ ပျော်တဲ့စိတ်၊ ဂုဏ်ယူတဲ့စိတ်က နှမျောတတ်တဲ့ ပင်ကိုစိတ်ကို အနိုင်ရသွားတာဖြစ်မယ်လို့...

Tuesday, 15 June 2010

သူတည်းတယောက် . . .

သူတည်းတစ်ယောက်၊ ကောင်းဖို့ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ၊ ဓမ္မတာတည့်။


ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ၊ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊

မင်းချမ်းသာကား၊ သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့်၊ ရေပွက်ပမာ၊ တစ်သက်လျာတည့်။

ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊ လူတကာတို့၊ ခန္ဓာခိုင်ကျည်၊

အတည်မမြဲ၊ ဖောက်လွဲတတ်သည်၊ မချွတ်စသာ၊ သတ္တ၀ါတည့်။


ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ၏၊ ခိုက်ကြုံဝိပါတ်၊ သံသာစက်၌၊ ကြိုက်လတ်တွန်မူ၊

တုံ့မယူလို၊ ကြည်ညိုစိတ်သန်၊ သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏၊

သွေးသည်အနိစ္စာ၊ ငါ့ခန္ဓာတည့်။ ။

အနန္တသူရိယ

မြန်မာ့စာပေသမိုင်းမှာ အင်မတန်မှ ထင်ရှားတဲ့ကဗျာပါ။ စာဆိုအမတ်ကြီး အနန္တသူရိယကို ဘုရင်က အမျက်တော်ရှလို့ တောင်စွယ်နေကွယ်ရင် တောထုတ်ဓားခုတ်သတ်စေလို့ အမိန့်တော်မှတ်ခဲ့ပါတယ်။ သေဒဏ်ကြောင့် သူသတ်ကုန်းမှာ အသတ်ခံရတော့မယ့် အမတ်ကြီးက သူ့ရဲ့ဘုရင်ကို နောက်ဆုံးဆက်သခဲ့တဲ့ ကဗျာပါ။ မျက်ဖြေလင်္ကာလို့လည်း ထင်ရှားပါတယ်။ ဒီလင်္ကာကြောင့် သေဒဏ်ကနေလွတ်ခွင့်ရခဲ့ပေမယ် လက်လွန်ခဲ့ပါပြီ။ ဇက်ပေါ်ကို ဓားဝဲနေတဲ့ကြားထဲက ကဗျာဉာဏ်ထွက်နေသေးတဲ့ အမတ်ကြီးကလေးစားစရာပါ.....


Sunday, 13 June 2010

သောကရာသီ . . .

တစ်စက်နှစ်စက်
မိုးရေစက်တို့
မြေထက်သက်
ကြွေနေလေပြီ...

တစ်ရွက်နှစ်ရွက်
မြသစ်ရွက်လည်း
ပင်ထက်ဝေ၍နေလေပြီ...

တစ်ရက်နှစ်ရက်
အလွမ်းရက်လည်း
ရင်ထက်ဖွဲ့ချည်ကြာလေပြီ...

တစ်မက်နှစ်မက်
လွမ်းအိပ်မက်လည်း
နှိပ်စက်ညတိုင်း ကျွမ်းအောင်သီ...

မြသစ်ရွက်ထက်
မိုးရေစက်ကြွေ
အိပ်မက်ရှည်နှင့်
ကြာရှည်လွမ်းရက်
နှိပ်စက်ကလူ
ရင်ပူကျွမ်းမြေ့
ခင်ကမေ့လည်း
မမေ့သူကလွမ်းတာရှည်။ ။

ဟန်ကြည်
၁၄।၆।၂၀၁၀ ( တနင်္ဂနွေနေ့ )

ကြည်နူးသလို တာဝန်ပိုပြီ . . .

မနေ့က ဆယ်တန်းအောင်စာရင်း တကယ်ထွက်ပါတယ်။

အမှတ်မထင် ထွက်လာတာဆိုတော့ ဘယ်သူမှတောင် အံ့သြချိန်မရလိုက်ပါ။ ကိုယ်ရောက်နေတဲ့ မြို့ကလေးက စီးပွားရေးကို ပိုဦးစားပေးကြတာကြောင့် ကျောင်းသားတွေအောင်ချက်ပြောလောက်အောင်တော့ မကောင်းပါ။ ဒါပေမယ့် မနှစ်ကထက်စာရင်တော့ အောင်ချက်တက်လာတယ် ဆိုနိုင်ပါတယ်။

ဒီအောင်စာရင်းဟာ ကိုယ့်အတွက်တော့ မင်္ဂလာရှိသော အောင်စာရင်းပါပဲ။ ဘာကြောင့်လဲဆိုတော့ ဆရာဝန်ဘ၀ကနေ စုတိစိတ်ကျပြီး ၀ါသနာပါလွန်းတဲ့ စာသင်တဲ့အလုပ်ကိုလုပ်နေခဲ့တာဆိုတော့ ကိုယ်လည်းကျောင်းဆရာဖြစ်နေပြီကိုး။ မနှစ်က ကိုယ်သင်ပေးလိုက်တဲ့ စာသင်ဝိုင်းတွေမှာ စုစုပေါင်း ကျောင်းသား ၁၁ယောက်ရှိတဲ့အနက်က ၁၀ယောက်အောင်သွားတယ်လေ။ သူများတွေမပြောနဲ့ သင်ပေးတဲ့ကိုယ်ကိုယ်တိုင်တောင် မယုံမရဲနဲ့ တအံ့တသြဖြစ်မိပါသေးတယ်။ ကျောင်းသားတွေအိမ်ကကို ကိုယ်ရောက်သွားတော့ တစ်ချို့ကျောင်းသားမိဘတွေခမျာ ၀မ်းသာလွန်းလို့ မျက်ရည်တောင်ကျရှာတယ်။ ယုံတောင်မယုံနိုင်ဘူး ဆရာရယ်လို့လည်း တဖွဖွပြောတဲ့ မိဘကပြောလို့ပေါ့။ သူတို့တွေ ပျော်နေကြတာမြင်တော့ ရင်ထဲမှာ ကြည်နူးလိုက်တာ။ သူတို့တွေ ဖြစ်ချင် မြင်ချင်ကြတဲ့ သူတို့သား၊သမီးတွေရဲ့အောင်မြင်မှုကို ရအောင်လုပ်ပေးနိုင်ခဲ့ပါလားဆိုတဲ့ အသိက ရင်ကိုသိမ်သိမ်မွေ့မွေ့ကြည်နူးအောင်လုပ်နိုင်ပါတယ်။

ကျောင်းသား လေး၊ ငါးဆယ်ရှိတဲ့ကျူရှင်တစ်ခုမှာ
ကျောင်းသား၁၀ယောက် ၁၅ယောက်လောက်အောင်မြင်အောင်တောင် တော်တော်လုပ်ယူရတဲ့ဒီမြို့မှာ ဒီလိုရာနှုန်းပြည့်နီးပါးအောင်ချက်ရှိတာ ကြားတောင်သိပ်မကြားဖူးကြပါ။

ပိုပြီး အံ့သြကြတာက ကိုယ့်ကျောင်းသားတွေက တကယ့်လက်ရွေးစင်တွေဖြစ်နေလို့ပါပဲ။ တစ်သက်နဲ့တကိုယ် စာရယ်လို့တစ်ခါမှ ကောင်းကောင်းမကြိုးစားခဲ့တဲ့ နံမည်ကြီး ကျောင်းသားငပျင်းတွေ အများစုဖြစ်နေတယ်လေ။ သူတို့တွေ အောင်သွားကြတာ မြင်ရ၊ ကြားရသူတိုင်း ရင်သပ်ရှုမော ဖြစ်နေကြပါရော။

ကိုယ့်ကျောင်းသူတစ်ယောက်ဆိုရင် မျက်စိကမွေးရာပါ အားနည်းလွန်းလို့ သင်ပုန်းမှာရေးထားတဲ့စာကိုတောင် ဖတ်နိုင်တာမဟုတ်ပါ။ စာအုပ်ထဲမှာ ပြန်ရေးပြီး တပင်တပန်းသင်ပေးခဲ့ရပါတယ်။ ဒီကြားထဲမှာ အားလုံးက ကျောင်းသားစာရင်းတောင်မသွင်းကြတဲ့ ၀ိဇ္ဖာတန်းကျောင်းသူ ညီအစ်မနှစ်ယောက်လုံးပါအောင်သေးတယ်လေ။ သူတို့နှစ်ယောက်ဆိုရင် ၁၇ထဲက ၈ တောင်မနုတ်တတ်ခဲ့ကြဘူးဆိုတာ ပြောရင်ယုံနိုင်စရာတောင်မရှိပါ။

အားလုံးက ဘယ်လောက်ပဲ အံ့သြနေကြပေမယ့် ကိုယ်နဲ့ကိုယ့်ကျောင်းသားတွေ ဘယ်လိုပုံကြိုးစားခဲ့ရတယ်ဆိုတာ ကိုယ်တို့ပဲသိကြတာမို့ ရင်ထဲမှာ သိပ်တော့မထူးဆန်းပါ။

အောင်ချက်ကောင်းလွန်းတာကြောင့် သူများတွေက ချီးကျူးမဆုံးရှိနေပေမယ့် ကိုယ့်ရင်ထဲမှာတော့ ဒီနှစ်ပိုကြိုးစားရမယ်ဆိုတဲ့ အသိဝင်နေပါတယ်။ ပိုပြီး အောင်မြင်၊ နံမည်ကြီးလာရင် ပိုပြီးအားကိုးကြတော့မှာမို့ ကိုယ်ကပိုပြီး ကြိုးစားပေးရမယ်လေ။ ဒါမှလည်း သူတို့တွေ အားကိုးရကျိုးနပ်မှာ မဟုတ်လား။

Friday, 11 June 2010

ဆေး/မန်းက ၅/၂၀၀၀ ဘောလုံးသင်း . . .

လေးနှစ်တိုင်အောင် အစောင့်ကြီးစောင့်ခဲ့ရတဲ့ ၂၀၁၀ကမ္ဘာ့ဖလားပွဲကြီးကတော့ မနေ့ညကစပါတယ်။ ဖွင့်ပွဲအခမ်းအနားကြည့်မယ်လို့ အားခဲထားခဲ့ပေမယ့် တီဗီကမလွှင့်လို့ မကြည့်လိုက်ရဘူး။ စလောင်းတတ်ရအောင်လည်း ကိုယ်ကအလုပ်များတဲ့သူဆိုတော့ အလကားဖြုန်းတီးသလိုဖြစ်မှာမို့ လွှင့်သလောက်လေးပဲ ရောင့်ရဲလိုက်ရတယ်။ ဘောလုံးပွဲဆိုရင် လမ်းထဲက ကလေးတွေကန်တာတောင် ရပ်ကြည့်ဖြစ်တဲ့အထိဝါသနာကြီးတာမို့ တစ်လခွဲလောက်မကြည့်ခဲ့ရတဲ့ ဘောလုံးပွဲကို အရသာရှိရှိပဲ ကြည့်လိုက်တယ်။ ကြည့်ရင်းနဲ့ ကိုယ်ငယ်ငယ်က ဖေဖေပြောတာကို သွားသတိရသေးတယ်။

“ဘောလုံးပွဲကြည့်တယ်ဆိုတာ ဘောလုံးမကန်တတ်တဲ့သူတွေ ကြည့်တာပါကွာ”တဲ့....

အင်း...သူ့အတွေးကလည်းဟုတ်တုတ်တုတ်။
ငယ်ငယ်က မြို့နယ်လက်ရွေးစင်ဘောလုံးသမားဖြစ်တဲ့ ဖေဖေက ဘောလုံးပွဲကို
တစ်ခါမှ ဟုတ်တိပတ်တိ ကြည့်တာမတွေ့ခဲ့ဖူးဘူးလေ။ ဘောလုံးကို မြေကြီးပေါ်ကကြွအောင်တောင် ဆယ်တန်းအောင်ပြီးချိန်ထိ မကန်တတ်ခဲ့တဲ့ ကိုယ်ကပဲ ဘောလုံးပွဲတွေကို အရူးအမူးအားပေးတာကိုး။ အဲဒါကျတော့ မေမေ့ဘက်က အဖိုးနဲ့သွားတူတယ်ဖြစ်မယ်။ ကိုယ့်အဖိုးက လူဖလံလေးဆိုတော့ ဘောလုံးကန်ဖို့နေနေသာသာ ဘောလုံးမှန်ရင်တောင် တော်တော်ခံစားရမယ့်ဗလနဲ့လေ။ ဒါပေမယ့် သူကလည်း ဘောလုံးပွဲဆိုရင် မကျန်းမမာဖြစ်နေတဲ့ကြားထဲကတောင် ထကြည့်တဲ့အထိ စွဲလန်းတာ။ အဲဒီတော့လည်း လက်ရွေးစင်ဖေဖေက ပြောပြီပေါ့။

ကိုယ်တို့ ဘောလုံးကို ဘယ်လောက်များရူးသလဲဆိုရင် အထက်တန်းကျောင်းသားဘ၀ကစပြီး ၀ယ်ဖတ်လိုက်တဲ့ ဘောလုံးစာစောင်တွေသာစုထားရင် လူတောင်နေစရာရှိတော့မယ်မထင်ဘူး။ အဲဒီခေတ်က စာစောင်ကလည်း အင်အားနဲ့ တံခွန်ပဲရှိခဲ့တာလေ။ တစ်ပတ်တစ်ပတ် ဂျာနယ်မရလိုက်မှာစိုးလို့ ဂျာနယ်ရောင်းတဲ့ဆိုင်ကို မကြာမကြာသွားသွားကြည့်ခဲ့ရတာ သတိရသေးတယ်။

ဆယ်တန်းဖြေပြီးကတည်းက ၀ါသနာအရ ဆယ်တန်းကျောင်းသားတွေကို ညပိုင်းနဲ့ မနက်ပိုင်းမှာစာသင်၊ နေ့လည်ပိုင်းမှာ နယ်ကျောင်းတစ်ကျောင်းမှာ လုပ်အားပေးကျောင်းဆရာသွားလုပ်နဲ့ မအားတဲ့ကြားက ညနေညနေဆိုရင် ဘောလုံးကွင်းထဲသွားပြီး Training အပြေးအလွှားဆင်းခဲ့သေးတယ်။ Training ဆင်းတယ်ဆိုလို့လည်း အထင်တော့မကြီးလိုက်ပါနဲ့ဦး။ ကိုယ်လို ဘောလုံးဖြစ်ဖြစ်မြောက်မြောက်မကန်တတ်တဲ့ စာကြမ်းပိုး လူပျော့လေးကို ဘယ်အသင်းကမှလည်း မရွေးပါဘူးလေ။ ကိုယ့်ဖာသာ အရူးထပြီး သူတို့တွေနဲ့သွားသွား Training ဆင်းတာပါ။ မရွေးမှန်းလည်းသိသားပဲ။
ကန်ချင်လွန်းလို့ကို အရူးကျခံပြီး သွားကန်ခဲ့တာလေ။

မှတ်မိသေးတယ်...
ကျောင်းသားတွေစာသင်ပေးလို့ ပထမဆုံးလစာရတော့ သူများလို အမေကိုအပ်ရမယ့်အစား ဘောလုံးဝတ်စုံတွေ၊ ဘောလုံးကန်ဖိနပ်တွေဝယ်ပစ်တယ်လေ။ မေမေ့ခမျာ စိတ်မကောင်းဖြစ်ရှာလို့ “သားရယ်...ပထမဆုံးလစာဆိုတာ မိဘကိုအပ်ရတယ်ကွဲ့။ ပြီးတော့ မေမေပြန်ပေးမှာပေါ့။ သုံးချင်လို့မဟုတ်ပါဘူး။ ဂုဏ်ယူချင်လို့ပါ”လို့ပြောရှာတာ အခုထိမမေ့ပါဘူး။
အင်း...အဲဒီလောက်ထိ ရူးခဲ့တာပေါ့လေ။

ဆေးကျောင်းသားဘ၀ရောက်တော့လဲ ဘောလုံးပိုးကမသေပါဘူး။ ဒီပိုးကလည်း တော်တော်ဆိုးပါတယ်။ သေရာပါမယ့် ရောဂါပိုးထင်ပါရဲ့နော်။ အတန်းဘောလုံးသင်းမှာ ၀င်ကန်သေးတယ်လေ။ ကိုယ်တို့အသင်းကလည်း ဆေး/မန်းတစ်ကျောင်းလုံးမှာ နံမည်အကြီးဆုံးလေ။ “နိုင်ပွဲမရသေးတဲ့အသင်းနိုင်ပွဲရချင်ရင် ကိုယ်တို့နဲ့ကန်”တဲ့၊ သေချာပေါက်နိုင်ပွဲရမယ်တဲ့။
အဲဒီလို နံမည်ကြီးခဲ့တာ။ ပြောလည်းပြောလောက်စရာပါပဲ...

ကိုယ်တို့ ၅/၂၀၀၀ဘောလုံးသင်းတစ်သင်းလုံးမှာ ဘောလုံးကန်တတ်တာဆိုလို့ ကျော်စွာအောင်ရယ်၊ ရာဇာကိုကိုအောင်ရယ်၊ နေအောင်ဝင်းရယ်၊ ကျော်ထင်သက်ရယ်၊ တောက်ထိန်ရယ်ပဲရှိတာလေ။ ကျန်တာတွေကတော့ ကိုယ်တို့လို လူလျှောက်ကန်တွေချည်းပဲ။ ရှေ့တန်းတိုက်စစ်မှူး စိုင်းခွန်မျိုးနောင်(ရှမ်းကြီး) ဆိုတာ ခြေသလုံးလေးတွေက ဂီတာတစ်ကြိုးကို နန်းဆွဲထားသလို သေးသေးလေး။ ပြီးတော့ မျက်မှန်မပါရင် ဘောလုံးနဲ့လူတောင် သိပ်ကွဲတာမဟုတ်ဘူး။ ဂိုးဖမ်းတဲ့ ကျော်ရှိန်ဆိုတာက ဖက်တီးကြီး။ ကိုယ့်ထက်ခေါင်းတစ်လုံးကျော် အရပ်မြင့်သေးတယ်။
တစ်ခါ သူ့ဗိုက်ကြီးကို ကိုယ်ဖက်ကြည့်တာ လက်တစ်ဖက်တောင်မကဘူး။
သူကများ ဘောလုံးကို ဒိုင်ဗင်ထိုးပြီးဖမ်းရင် သူ့ဗိုက်ကြီးလှုပ်လှုပ်လှုပ်လှုပ်ဖြစ်ကျန်ရစ်တာ
ခုပြန်တွေးရင် ခုရယ်ချင်မိတုန်း။

အောင်မယ်...
ကိုယ်တို့အသင်းက စွံသာမစွံတာ နည်းပြတွေဘာတွေတောင် ငှားလိုက်သေးတယ်။ သူများတွေလို ဆာဘွဲ့ရတော့မတတ်နိုင်ဘူးပေါ့။ ဒါပေမယ့် သူလည်း “ဆာ”ပါတယ်လေ။ ဦးဆာမိတဲ့။ အဲဒီခေတ်ကတောင် တစ်လကို နှစ်သောင်းပေးပြီးငှားရတာ။ ထမင်းဆိုင်မှာ လပေးစားရင်တောင် တစ်လကိုမှ လေးထောင့်ငါးရာပဲ ပေးရတာဆိုတော့ စဉ်းစားသာကြည့်ပေတော့ သူ့တန်ဖိုးကို။ ပြီးတော့ မန်နေဂျာပါရှိသေးတယ်...ကိုမင်းလေ။ သူ့မိဘတွေက မန္တလေးမှာနံမည်ကြီး မြဘုရင်နို့ဆီချက်စက်ရုံပိုင်တယ်လေ။ သူ့ခမျာ တစ်ရက်ကိုမုန့်ဖိုး တစ်သောင်းရတာဆိုတော့ သုံးလို့မကုန်တိုင်း ကိုယ်တို့ဝိုင်းဝိုင်းသုံးပေးရတယ်။ သူ့ကို မန်နေဂျာခန့်တာ ဘောလုံးအကြောင်းနားလည်လို့မဟုတ်ဘူး။ သူက အသင်းစားရိတ်စိုက်တာဆိုတော့ မြှောက်ပေးထားတာ။

ကိုယ်တို့အသင်းက နိုင်ပွဲသာမရတာ စရိတ်ကတော့ ဘာကုန်သလဲမမေးနဲ့။ ဘောလုံးပွဲတစ်ပွဲကန်ရင် ကွင်းကြေး၊ ဒိုင်လူကြီးငှားခတွေပေးရသေးတာ။ ပြီးတော့ ကိုယ်တို့ကလည်း နိုင်နိုင်ရှူုံးရူံး ပွဲပြီးရင် စားသောက်ဆိုင်သွားပြီး စားရသောက်ရမှ ကျေနပ်ကြတာလေ။ ဒီတော့ ဒကာတော်ကိုမင်းကို မန်နေဂျာကြီးပေါ့။ မမိုက်ဘူးလား။

ကိုယ်တို့ အသင်းကောင်းပုံကတော့ ကျောင်းရောက်စက ကိုယ့်အထက်ကအတန်းသင်းနဲ့ကန်တာ သူတို့က ကိုယ်တို့အသင်းကို ခုနစ်ဂိုးတောင်အကြောပေးယူရတယ်။ ဘယ်ရမလဲ ဒီလိုအကြောမျိုးကတော့။ ကိုယ်တို့ ကန်ပြလိုက်တာ ဆယ့်နှစ်ဂိုး၊ နှစ်ဂိုးတောင်မှပဲ။ ကိုယ်တို့ရှူံးတာပေါ့။ ဒါနဲ့ အတန်းကြီးတွေနဲ့ မကန်တော့ဘူးလို့ဆုံးဖြတ်ပြီး နောက်တတ်အတန်းတစ်တန်းရောက်တော့ ထပ်ကန်ကြတယ်။ ကလေးတွေကို ခြောက်ဂိုးပြတ်ရှူံးပါရောလား။ ဒါနဲ့ မဖြစ်တော့ဘူးဆိုပြီး မန်းစည်ပင်အမျိုးသမီးသင်းနဲ့ကန်ကြတယ်။ အောင်မယ်လေး...ဒါတောင် နှစ်ဂိုးစီ သရေကျတယ်။ ဒီတော့ ကိုယ့်အဆင့်ကိုယ်သိလို့ အချင်းချင်းပဲ နှစ်သင်းခွဲပြီးကန်ကြရတယ်။ စွံသာမစွံတာ နံမည်ပေးကတော့ ဘာကောင်းသလဲ မမေးနဲ့ City နဲ့ United တဲ့။ ကိုယ်ကတော့ အရံသင်း စီးတီးရဲ့နောက်တန်းသမားလေ။ နောက်တန်းမှာ ကိုယ်လိုဗလမျိုးတွေချည်းပဲ။ သက်လုံကလည်း ဘာကောင်းသလဲမမေးနဲ့ ဆယ့်ငါးမိနစ်လောက်ကန်ပြီးရင် အားလုံးဖားဖိုထိုးကုန်ကြပြီ။

သူများအသင်းမှာဆိုရင် ရှေ့တန်းသမားက ပင်ပန်းလာရင် နောက်တန်းဆင်းပြီး နားကြတယ်။ ကိုယ်တို့ကျတော့ နောက်တန်းသမားတွေပင်ပန်းလာရင် ရှေ့တန်းတက်ပြီးနားရတယ်။ ရှေ့တန်းမှာ သက်သာချက်ကတော့ တစ်ဖက်နောက်တန်းသမားနဲ့ ကျားထိုင်ထိုးနေလို့ရတယ်။ ပွဲသာပြီးသွားရော ရှေ့တန်းကို ဘောလုံးနှစ်လုံး၊ သုံးလုံးထက်တောင်ပိုမရောက်ဘူး။ သူများတွေက ဘောလုံးတစ်ယောက်ရရင် ကျန်တဲ့လူတွေက ဘောလုံးပေးလို့ရမယ့်နေရာတွေမှာ အဆင်သင့်နေရာယူပြီး opening ကစားကြတယ်။
ကိုယ်တို့ကတော့ ကိုယ့်ဆီကို ဘောလုံးမရောက်အောင် ကွယ်ပြီး closing ကစားတယ်လေ။
ဒီလောက်ကောင်းတဲ့ နည်းစံနစ်မျိုး ကမ္ဘာပေါ်မှာတောင်ရှိမယ်မထင်ဘူး။

အဲဒီလောက်ကောင်းတဲ့ အသင်းဆိုတော့ ပါမောက္ခချုပ်က ဖလားပွဲလုပ်ပေးဖို့စီစဉ်တော့ အသင်းနံမည်ပေးဖို့ရွေးကြတယ်။ အဲဒီအချိန်က Russel Crowe ပါတဲ့ Gladiator ဇာတ်ကားကလည်း အတော်ကြီးကို နံမည်ကြီးတော့ ကိုယ်တို့အသင်းကို Gladiator လို့ နံမည်ပေးလိုက်ကြသေးတယ်။ ပြီးတော့ အားပေးကြမယ့် သူငယ်ချင်းတွေအတွက် T shirt တွေ ခေါင်းစည်းကြိုးတွေပါထုတ်လိုက်သေးတယ်။ အောင်မယ်... T shirt ရင်ပတ်မှာ စာတမ်းတောင်ပါသေးတယ်။

Lose or win my team
ရှူံးရှူံးနိုင်နိုင် တို့အသင်းပဲတဲ့။

ဟုတ်တယ်လေ။ ကိုယ်တို့အသင်းက သေချာပေါက်ရူံးဖိုး ၉၀%လောက်ရှိတာဆိုတော့ အဲဒီလိုကြိုတင်ကာကွယ်ထားရတာပေါ့။ ဒါပေမယ့် ဖလားပွဲက မကန်ဖြစ်လိုက်ပါဘူး။ အကြောင်းကြောင်းသော အကြောင်းကြောင်းကြောင်းတွေကြောင့် ပျက်သွားတယ်။ ပျက်သာမပျက်ရင် ကိုယ်တို့လည်း အခုကစားနေကြတဲ့ MNL ကလပ်တွေဆီများရောက်ပြီး တစ်လကို ၁၅သိန်းလောက်ရတဲ့ ကြေးစားဘောလုံးသမားကြီးတွေများဖြစ်ကုန်မလား မပြောတတ်ဘူးနော...

အင်း...
ကမ္ဘာ့ဖလားပွဲ အကြောင်းရေးရင်းနဲ့ ကလောင်ဘေးချော်ပြီး ကိုယ့်ဘောလုံးသင်းအကြောင်းတွေရောက်သွားတယ်။ အဲဒီ အသင်းနဲ့များကန်ချင်တယ်ဆိုရင်တော့ ကိုယ့်ဆီအကြောင်းကြားနော်။ အခုဆရာဝန်တွေဖြစ်ပြီး အနယ်နယ်မှာ တာဝန်ကျနေကြတဲ့ သူငယ်ချင်းတွေဆီ အကြောင်းကြားပြီး ပွဲဖြစ်အောင်စီစဉ်ပေးမယ်။ ကျိုးရင်၊ ကန်းရင်လည်းမပူနဲ့ပေါ့။ ကိုယ်တို့အားလုံး ကုတတ်ကြတယ်လေ။ ဆေးမှူးတွေဘာတွေ ငှားစရာမလိုဘူး။
ဒါပေမယ့်...
ကိုယ်တို့တစ်သင်းလုံးက ဆေးမူးတွေ ဖြစ်နေကြရင်တော့လည်း...

ကမ္ဘာ့ အမိုက်မဲဆုံးအရာ ၇ ခု . . .

ကမ္ဘာ့အံ့ဖွယ် ၇ ပါးဆိုတာတော့ မကြာမကြာကြားဖူးတဲ့ အရာတွေဆိုတော့ သိပ်တောင်မဆန်းတော့ပါ။ မနေ့က wiki မှာ ၀င်မွှေရင်းနဲ့ ဂန္ဓီကြီးရဲ့ ကမ္ဘာ့အမိုက်မဲဆုံးအရာ ၇ ခုဆိုတာကို အမှတ်မထင်တွေ့လိုက်ရလို့ ပြန်ပြီးလက်ဆင့်ကမ်းလိုက်ပါတယ်။ အဲဒီအရာတွေက ဂန္ဓီကြီးရဲ့ဘ၀နောက်ဆုံးအချိန်ပိုင်းတွေမှာ အတူရှိနေခဲ့တဲ့ မြေးတော်သူ Arun Gandi ဆီကို ရေးတဲ့စာထဲမှာပါတဲ့ အချက်တွေပါ။

1. Wealth without work

2. Pleasure without conscience

.Knowledge without character

4. Commerce without morality

5. Science without humanity

6. Worship without sacrifice

7. Politics without principle


ဆီလျော်အောင် မြန်မာလိုပြန်ပေးလိုက်ပါတယ်။

၁။ အလုပ်မလုပ်ရဘဲ ချမ်းသာကြွယ်ဝခြင်း

၂။ အမှား၊ အမှန်ခွဲခြားနိုင်ခြင်းမရှိသော စိတ်ကျေနပ်မှု

ိ၃။ အကျင့်စာရိတ္တကောင်းမရှိသော ဗဟုသုတ

၎။ ရိုးသားဖြောင့်မတ်မှုမရှိသော ကူးသန်းရောင်းဝယ်မှု

၅။ လူသားမဆန်သော သိပ္ပံပညာ

၆။ ယုံကြည်သက်ဝင်မှုမပါသော ကိုးကွယ်ဆည်းကပ်မှု

၇။ မူဝါဒမရှိသော နိုင်ငံရေး

ဂန္ဓီကြီးက အဲဒီအချက်တွေကို အကြမ်းဖက်မှုဖြစ်စေတဲ့ အချက်တွေလို့မြင်ပါတယ်။ အဲဒီမိုက်မဲမှုတွေကင်းနိုင်သမျှ ကင်းအောင်ပြုပြင်နိုင်ရင် လူနဲ့လူ့ပတ်ဝန်းကျင်တစ်ခုလုံး အေးချမ်းသာယာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ မြေးဖြစ်သူ အာရမ်ဂန္ဓီက -

rights without responsibilities

တာဝန်ယူမှုမရှိသော လူ့အခွင့်အရေး

ဆိုတဲ့အချက်ကိုပါ ပေါင်းထည့်လိုက်တော့ ဂ ခုဖြစ်သွားပါတယ်။ ပထမတော့ အဲဒီအချက်တွေက သိမ်မွေ့လွန်းတဲ့အတွက် သိပ်တော့သဘောမပေါက်လိုက်ဘူး။ သေသေချာချာအချိန်ယူပြီး တစ်ညစဉ်းစားကြည့်တော့မှ တကယ့်ကိုမှန်ပါလားလို့ သိရပြီး ဂန္ဓီကြီးကို လေးစားတဲ့စိတ်တွေ တဖွားဖွားပေါ်လာမိတယ်။

သေသေချာချာစဉ်းစားကြည့်ရင် အဲဒီအချက်တွေသာအားကောင်းနေရင် လောကကြီးဘယ်မှာ ငြိမ်းချမ်းတော့မလဲ။ ဒေါသတွေ၊ မောဟတွေ၊ လောဘတွေဖုံးလွှမ်းပြီး ပူပူလောင်လောင်ပြဿနာလောကကြီး ဖြစ်မှာသေချာတယ်။ ပညာရှိများသိမ်သိမ်မွေ့မွေ့ဆုံးမတတ်တာ လေးစားလို့မဆုံးတော့ဘူးလေ....

Thursday, 10 June 2010

ဘာတွေလည်း . . .

အောက်ကနံမည်လေးတွေကို တစ်ချက်လောက်ကြည့်လိုက်ပါဦး။ ဘာတွေများလည်းလို့လည်း စဉ်းစားကြည့်ပေါ့။
  • 102.7FM
  • 19:18
  • 2PLUS
  • 9mm
  • Acid
  • AJL
  • Anonymous
  • ANTIBIOTIC
  • Ar Di No
  • B3
  • Babycakes
  • Bambino
  • Big Bag
  • Black Hole
  • Black List
  • Blaze
  • BlueBerry
  • Burn Sticks
  • Calory
  • Cartoon
  • Cellular
  • Chilli Family
  • Color Sixty (ယောင်ခြောက်ဆယ်)
  • Cool Stars
  • CRAB
  • Cyclone
  • D-Beez
  • D.Beez
  • Doreme
  • Ever Negative
  • Example
  • Explorer
  • FireCracker
  • Fish in car
  • G Fan
  • Greddy
  • H2O
  • Hip Hop Vibration
  • ICE CREAM
  • Idiots
  • IMP
  • INFERNO
  • Jelli
  • K-cash
  • KFA
  • Kidz for Future
  • KooK
  • Loop
  • LRC
  • MC Freddy
  • MDY Hip Hop Family
  • Monopoly
  • My Goth
  • NC-13
  • NGIIK
  • No
  • NS
  • One Way
  • Ontrack
  • Opposite
  • Oxygen
  • Pa Loate Tote
  • PAL
  • Platform Crew
  • Pooh
  • Popcorn
  • RC
  • Reason
  • Red Energy
  • reviver
  • Rhyme Ghost
  • SUBJUGATE
  • Synergy
  • System
  • Target
  • Teen
  • The Ants
  • The First
  • Theory
  • Too Big
  • Tuna
  • Upgrade
  • Violet Girl
  • Wanted
  • Wine
  • Witch
  • X-Rays
  • Yoyo
  • Zero
  • Zodiac
အဲဒီစာသားတွေအားလုံးက ဒီနေ့မြန်မာနိုင်ငံမှာ ရှိနေကြတဲ့ အဆိုတော်အဖွဲ့တွေနာမည်ထဲက တချို့တ၀က်ပါ။ ကိုယ့်မျက်လုံးကိုယ်ပွတ်ပြီးသေချာပြန်ကြည့်ယူရတယ်။ မြန်မာနိုင်ငံမှဟုတ်ရဲ့လားလို့။ အဲဒီထဲက နှစ်ဖွဲ့၊ သုံးဖွဲ့ လောက်တော့ နားထောင်ဖူးပါတယ်။ ကျန်တာတွေကတော့ အမျိုးသားအဆိုတော်လား၊ အမျိုးသမီးအဆိုတော် တွေလားတောင်မသိပါ။ site တစ်ခုမှာတွေ့ရလို့ ဗဟုသုတရအောင်တင်ပေးလိုက်တာပါ။ အင်း...ဒီနေ့ခေတ်ကလေးတွေ အင်္ဂလိပ်စာအရည်အသွေး တော်တော်တိုးတက်နေကြပြီထင်တယ်နော်။ ကိုယ်လည်း အညာကဆွေမျိုးတွေဆီ ဘိုနံမည်တွေပြောင်းကြဖို့ လှမ်းပြီးစာရေးရင်ကောင်းမလား စဉ်းစားနေတယ်။

ပြောင်းရမယ့်နံမည်ပါ ထည့်ရေးပေးလိုက်ရင်ပိုကောင်းမယ်ထင်တယ်။
ဒီလိုလေ...

ခွေးပုကနေ ဂျော်နီခွေးပု

ဂွက်ထော်ကနေ မာဂရက်ဂွက်ထော်

...စသည်...စသည်ပေါ့နော။ ။

လှလိုက်မှာပဲ . . .

ဘုတ်မက အီ၊ ဒီရေကျ တေး
မဗေဒါ မယ့်ဒုံရင်း၊ ဆင်းချိန်မို့လေး။

ဆင်းမယ်လော့ မဗေဒါ
ကျူရိုးရှင် ပီပီကလေး၊ တေးသံကသာ။

ရေထဦးဆီက
အဖူးနဲ့အငုံဟာ၊ ပွင့်ပါပေါ့ခုများ
ပွင့်ပြာမှာ ၀ါလဲ့ဝင်းမှ၊ ဆင်းရမယ်လား။

အို အချင်းကျူရိုးရှင်
စုန်ချည်ဆန်ချည်နဲ့
တစ်ပြန်စီ ဒီတရား၊ ကြားပါစရှင်
တက်ချိန်ကျ တက်ခဲ့လျှင်၊ ဆင်းချိန်တွင် မနှေး
ဒီချောင်းနေ ဗေဒါမျိုးမှာ၊ ရိုးလှပြီလေး။

အိုအချင်း ကျူရိုးရှင်
ပွင့်ပြာမှာ ၀ါလဲ့ဝင်းမှ၊ ဆင်းပြလိုက်ချင်။

အပွင့်ကားရယ်နဲ့
ချောင်းဖျားမှာ လှရွှေစင်
ချောင်းရေယဉ် လှပုလဲ
ချောင်းဝမှာ မြတစ်ခဲ၊ လှလိုက်မှာပဲ။ ။

ဇော်ဂျီ
ရန်ကုန်တက္ကသိုလ် ဆေးသိပ္ပံမဂ္ဂဇင်း ၁၉၆၀

Wednesday, 9 June 2010

ကောလဟလ . . .

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ကျောင်းသားတွေ အောင်စာရင်းထွက်တော့မယ်ဆိုလို့ ခမျာများမှာ ယောက်ယက်ခတ်လိုက်ရှာကြတာ ကိုယ်တောင်ကြားထဲက အဆစ်ပါသွားသေးတယ်။
တစ်ညလုံးမအိပ်ဘဲ ထိုင်စောင့်တဲ့ကလေးကစောင့်လို့၊ မနက် ၄ နာရီလောက် ပညာရေးမှူးရုံးရှေ့သွားကြည့်တဲ့ကလေးက သွားကြည့်လို့ ပြီးတော့ အောင်စာရင်းက ထွက်လည်းထွက်မလာဘူးလေ။ ဘယ်သကောင့်သားက မတိကျတဲ့သတင်းကို ဖြန့်လိုက်သလဲမသိပါဘူး။ ကလေးတွေခမျာ အိပ်ရေးပျက်၊ မျက်ချေးထွက်နဲ့ သနားစရာ။
ကြားသမျှလျှောက်ပြောတဲ့ လဒ ကိုပဲ စိတ်တိုရမလား၊ ပြောသမျှယုံတဲ့ ကလေးတွေနဲ့ လူကြီးတွေကိုပဲ
ဒီလောက်တုံးရသလားလို့ မေတ္တာပို့ရမလား မသိတော့ပါဘူး။

ကိုယ်တို့ဆီမှာကောလဟလများချက်ကတော့ မပြောချင်တော့ပါဘူးလေ။
ကိုယ်အခုလေးတင်ခလုတ်တိုက်တယ်လို့ကြားရင်
လမ်းထိပ်လောက်ရောက်တော့ ဖားပြုတ်ကိုက်တယ်ဖြစ်ရော။
လမ်းမနှစ်ခုလောက်ကျော်ရင် တရုပ်ရိုက်တယ်ပြောကြမယ်။ ရပ်ကွက်တစ်ခုလောက်ကျော်လာရင်တော့ -------နှိုက်တယ်များဖြစ်လာမလားမသိဘူး။
စိတ်ပျက်စရာကောင်းလိုက်တာ။
ကြားသမျှ၊ ပါးစပ်ကထွက်ပြီးရောပြောတတ်တဲ့သူတွေကို မုန်းလိုက်တာလေ။
အလကားနေရင်း တိုင်းပြည်နဲ့လူမျိုးကို ဒုက္ခပေးနေကြတဲ့သူတွေပဲ။

တစ်ခုကြားဖူးတယ်....
အင်္ဂလိပ်တွေဟာတဲ့...
တစ်ယောက်တည်းရှိရင်...အရက်သောက်
နှစ်ယောက်ရှိရင်...ဖဲရိုက်
သုံးယောက်ရှိရင်...နယ်ချဲ့ကြသတဲ့

ကိုယ်တို့ဗမာမိန်းမတွေကျတော့...
တစ်ယောက်တည်းရှိရင်...အိပ်
နှစ်ယောက်ရှိရင်...အတင်းပြော
သုံးယောက်ရှိရင်...ရန်ဖြစ်ကြပါလေရောတဲ့...

ကောလဟလဆိုတာလည်း အဲဒီလိုမိန်းမတွေ၊ မိန်းမလိုမိန်းမရ ယောက်ျားတွေ အရည်မရ၊ အဖတ်မရပြောကြရင်းနဲ့ထွက်လာတဲ့ အခြေအမြစ်မရှိတဲ့စကားတွေမို့ ကိုယ်တော့ ကောလဟလတွေဆိုရင် မုန်းလိုက်တာ.....
1. Registry error
2. Internet explorer
3. Computer freeze
4. EXE errors
5. DELL errors
6. Uninstall errors
7. ActiveX errors
8. Java Script errors
9. Win32/W32 errors
10. Runtime errors
11. Reparing errors
12. PC speed

1. Registry error
၎င်းသည် ၀င်းဒိုးကိုထိန်းချုပ်သော ဖိုင်များမှားယွင်းခြင်းဖြစ်သည်။ ထိုဖိုင်များကို မိမိဖာသာပြောင်းလဲနိုင်သည်။ ဖျက်ခြင်း၊ အမည်ပြောင်းခြင်းတို့ကိုလည်း လုပ်နိုင်သည်။ သို့သော် မှားယွင်းပါက ကွန်ပျူတာတွင်ပြဿနာ ဖြစ်နိုင်သည်။ virus, malware, spyware များလည်း ထိုဖိုင်များကို ဒုက္ခပေးတတ်ပါသည်။ သို့သော် ယခုအခါ ထိုပြဿနာများကို ဖြေရှင်းပေးနိုင်သော ဆော့ဖ်ဝဲများ အများအပြားရှိနေပြီဖြစ်၍ ထိုအမှားများကို ပူစရာမလိုတော့ပါ။

2. Internet explorer
အင်တာနက်ချိတ်ဆက်ထားသော ကွန်ပျူတာများတွင် ဖြစ်လေ့ရှိသည်။ မည်သည့် internet broser ကိုသုံးသည်ဖြစ်စေ ၄င်းသည်ဗိုင်းရပ်စ်များ ၀င်ရောက်ရာ အဓိကတံခါးပေါက်သာဖြစ်ပေသည်။ ထို့ကြောင့် သက်ဆိုင်ရာ အကာအကွယ် antivirus, antispyware, antimalwere ဆော့ဖ်ဝဲများဖြင့်
လုံလောက်အောင်အကာအကွယ်ပေးထားရမည်ဖြစ်သည်။ ရံဖန်ရံခါတွင် အမည်မဖော်နိုင်သော
error message များပေါ်လာတတ်ပါသည်။ ဥပမာ။ ။ 'Page cannot be displayed' 'HTTP 404 error' စသည်တို့ဖြစ်လေ့ရှိသည်။ အကြောင်းမှာ ဆော့ဖ်ဝဲများကို စံနစ်တကျ install, install
မလုပ်မိခြင်း၊ broser ကို အဆင့်မြှင့်တင်မှုမပြုလုပ်မိခြင်း၊ registry တွင် အမှားဖြစ်ခြင်းနှင့်
spyware များကြောင့်ဖြစ်လေ့ရှိပါသည်။ ထိုပြဿနာများကို ၀င်းဒိုးစံနစ်နှင့် internet broser
များကိုအခါအားလျော်စွာ အဆင့်မြှင့်တင်ခြင်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်သည်။

3. Computer freeze
ကွန်ပျူတာ ဆက်လက်၍အလုပ်မလုပ်နိုင်တော့ခြင်း၊ hang သွားခြင်းကိုခေါ်သည်။ အဓိပ္ပာယ်မှာ
အလုပ်လုပ်နေဆဲ ဆော့ဖ်ဝဲသည် တုံ့ပြန်မှုမရှိတော့ခြင်း၊ အခက်အခဲတစ်ခုခုနှင့်တွေ့နေခြင်းဖြစ်သည်။ တစ်ခါတရံတွင် မီးအားမငြိမ်သောအခါမျိုး၌လည်း ဖြစ်တတ်ပါသည်။ ကွန်ပျူတာကို restart ပြန်လုပ်ခြင်းဖြင့် ဖြေရှင်းနိုင်သည့် အသေးစားပြဿနာဖြစ်ပါသည်။

4. EXE errors

.exe နောက်ဆက်တွဲပါသော ဖိုင်များသည် ၀င်းဒိုးစနစ်တွင် အဓိကမောင်းနှင်ပေးမည့် ဖိုင်များဖြစ်သည်။ ၄င်းဖိုင်များပြည့်စုံကောင်းမွန်နေမှသာ စနစ်တစ်ခုလုံး အဆင်ပြေပြေအလုပ်လုပ်နိုင်မည်ဖြစ်သည်။ install, install လုပ်ရာတွင် စနစ်မကျခြင်းနှင့် ဗိုင်းရပ်စ်များကြောင့် EXE error ပေါ်တတ်သည်။ဆော့ဖ်ဝဲဟောင်းများကို သုံးခြင်းကြောင့်လည်း ဖြစ်တတ်ပါသည်။ သက်ဆိုင်ရာ ဆော့ဖ်ဝဲကိုစံနစ်တကျဖြုတ်ချပြီး အသစ်ပြန်တင်သင့်ပါသည်။ registry cleaner software များကလည်း အထောက်အကူပြုပါလိမ့်မည်။

5. .DLL errors
.DLL နောက်ဆက်တွဲပါ ဖိုင်များသည် dynamically linked library ဖိုင်များဖြစ်သည်။ အသစ်တင်ထားသော software များကို ၀င်းဒိုးစနစ်အတွက် အသုံးပြုရန် ကွန်ပျူတာတွင် သိမ်းဆည်းထားသောဖိုင်များဖြစ်သည်။ ထိုဖိုင်များ နေရာမှားခြင်း၊ ပျက်စီးခြင်းများကြောင့် ပြဿနာပေါ်လေ့ရှိသည်။ ဆော့ဖ်ဝဲအများအပြားတင်ခြင်း၊ ပြန်ဖြုတ်ခြင်းများကြောင့် ထိုဖိုင်များထပ်ကုန်ပြီး အမှားပေါ်တတ်ပါသည်။ ညံ့ဖျင်းစွာရေးသားထားသော
ဆော့ဖ်ဝဲများကြောင့်လည်းဖြစ်တတ်သည်။ သက်ဆိုင်ရာဆော့ဖ်ဝဲကို ပြန်တင်ပေးရပါမည်။
registry cleaner software များကိုလည်း သုံးနိုင်ပါသည်။

6. Unstaller errors
မပြည့်မစုံတင်ထားသော ဆော့ဖ်ဝဲများ၊ ကွန်ပျူတာကလက်မခံသော ဆော့ဖ်ဝဲများကိုတင်ခြင်းကြောင့် ဖြစ်လေ့ရှိသည်။ ကွန်ပျူတာတွင် အသုံးမလိုသော ဆော့ဖ်ဝဲများကို ဖယ်ထုတ်သင့်သည်။ ဖယ်ထုတ်ပစ်သည့်တိုင်အောင် ထိုဖိုင်များနှင့်ပတ်သက်သည့် အချက်အလက်များမှာ ကွန်ပျူတာအတွင်းတွင်
ကျန်နေရစ်လေ့ရှိသည်။ ဥပမာ။ ။ short cut, temporary files ၄င်းတို့ကို registry cleaner software က ကူညီဖယ်ရှားပေးပါလိမ့်မည်။

7. ActiveX errors
အဆင့်မြင့်ကွန်ပျူတာများတွင် အဖြစ်များပါသည်။ စနစ်ဖိုင်များတွင် ရေးသားမှုမှားနေခြင်းကြောင့်လည်း ဖြစ်လေ့ရှိသည်။ အင်တာနက်ဆိုင်ရာ setting များကို စစ်ဆေးပြုပြင်ခြင်း၊ Toola menu များကို ပြုပြင်ခြင်းဖြင့်လည်း ဖြေရှင်းနိုင်သည်။ အကောင်းဆုံးမှာ registry cleaner software များပင်ဖြစ်သည်။

8. Java Script errors
Java သည် ကွန်ပျူတာသုံးဘာသာစကားတစ်ခုဖြစ်သည်။ အထူးသဖြင့် web site အချို့တွင် သုံးလေ့ရှိသည်။ social site များတွင် အသုံးများသည်။ ကွန်ပျူတာတွင် Java ဘာသာ တင်မထားပါက ထိုsiteများကို ၀င်တိုင်း error တတ်ပါလိမ့်မည်။ သို့ဖြစ်၍ online သုံးသော ကွန်ပျူတာတိုင်း Java ဘာသာကို မတင်မဖြစ် တင်ရပါလိမ့်မည်။

9. Win32/W32 errors
window XP သည် Win32 ကိုအခြေခံ၍ ရေးသားထားခြင်းဖြစ်သည်။ ထိုစနစ်နှင့် မတူသောဖိုင်များ၊ ဆော့ဖ်ဝဲများကို တင်ခြင်း၊ ရွှေ့ပြောင်းခြင်းများလုပ်သည့်အခါ အမှားပေါ်တတ်ပါသည်။ တစ်ခါတရံတွင် ဗိုင်းရပ်စ်များကြောင့်လည်း အမှားပေါ်တတ်ပါသည်။ registry cleaner software က အဆင်ပြေစေပါလိမ့်မည်။

10. Runtime errors

ကွန်ပျူတာ ပရိုဂရမ်တစ်ခုကို အသုံးချရန်မှတ်ဉာဏ်မလုံလောက်သောအခါမျိုးတွင် ဖြစ်လေ့ရှိသည်။ ဗိုင်းရပ်စ်များကြောင့် registry file များပျက်စီးနေသည့်အခါမျိုးတွင်လည်း ဖြစ်တတ်သည်။ အကောင်းဆုံးမှာ ထိုဆော့ဖ်ဝဲသို့ ပရိုဂရမ်ကို မသုံးတော့ဘဲ အခြားတစ်မျိုးကို ပြောင်းသုံးခြင်းဖြစ်သည်။

11. Reparing errors
Font ထည့်သွင်းရာမှ အမှားအယွင်းဖြစ်ခြင်း၊ ၀င်းဒိုးစ်၏ start up လုပ်ငန်းစဉ်မှ အမှားဖြစ်ခြင်း၊
ဆော့ဖ်ဝဲများ၏ လမ်းကြောင်းများမှားနေခြင်း၊ ဖိုင်ဖွဲ့စည်းပုံမှားနေခြင်းတို့ကြောင့် ဖြစ်တတ်ပါသည်။
ရှူပ်ထွေးလွန်းသော အမှားမျိုးဖြစ်ပါသည်။

12. PC speed
ကွန်ပျူတာတစ်လုံးသည် မည်မျှပင် အဆင့်မြင့်မားသည်ဖြစ်စေ ကာလကြာလာသည်နှင့်အမျှ
အမြန်နှုန်းကျလာသည်မှာ သဘာဝပင်ဖြစ်သည်။ အကြောင်းမှာ အချက်အလက်ပေါင်းများစွာကို နေ့စဉ်နှင့်အမျှ စက်ထဲသို့ထည့်သွင်းနေသည့်အပြင် စံနစ်ကျသော ပြုပြင်ထိန်းသိမ်းမှုမျိုးလည်း မလုပ်ဖြစ်သောကြောင့်ဖြစ်ပါသည်။ အတတ်နိုင်ဆုံးထိန်းသိမ်းနိုင်သည့်နည်းလမ်းမှာ TAMP file များကို မကြာခဏ ဖျက်ခြင်း၊ Disc clean up, Defrag တို့ကို မကြာမကြာလုပ်ပေးခြင်း၊ မလိုအပ်သော ဆော့ဖ်ဝဲများကို စံနစ်တကျဖယ်ထုတ်ခြင်း၊ မကြာခဏ ဗိုင်းရပ်စ်စစ်ခြင်းတို့ပင်ဖြစ်သည်။ ကာလကြာလျှင် စက်လေးသည်မှာမှန်သော်လည်း ဖော်ပြပါနည်းများက အတတ်နိုင်ဆုံးထိန်းသိမ်းပေးနိုင်မည်မှာမလွဲပါ။

registry cleaner software တွေ တော်တော်များများရှိတဲ့အထဲမှာ အဆင်အပြေဆုံးနှစ်ခုကို ရှာပေးလိုက်ပါတယ်။ ကိုယ်တိုင်သုံးနေသလို စိတ်တိုင်းလည်းကျတဲ့ software တွေပါ။

Download CCleaner 2.32.1165C Cleaner

Download Rootkit Revealer  1.71Rootkit Revealer









ခင် . . .

မမေ့ဘူးခင်
ရင်ဆိုတာက
ပူရပင်ရ
လွမ်းမောရသည့်
သောကခြေရာ
ပန်းကြွေရာ...

ပြန်ခဲ့တော့ခင်
မောင့်ရင်ခွင်ဆီ
ရာသီတော်ဦး
ပန်းစုံဖူးပွင့်
ကျေးငှက်တင့်အောင်
သခင့်မျက်နှာကြည်ပါလှဲ့...

ရှိစေတော့ခင်
မလာချင်လည်း
မခေါ်ရဲဘူး
ရင်ထဲပူလောင်
မောင်တစ်ယောက်ထဲ
နွေတွေထဲမှာ
ကြင်နာချိုမြ
စကားလှတို့
စိတ်ကကြားယောင်
ညသန်းခေါင်မှာ
ယမ်းယောင်တမ်းတ လွမ်းပါ့မယ်... ။ ။


ဟန်ကြည်
၉।၆।၂၀၁၀ ( ဗုဒ္ဓဟူးနေ့ )
၁၁:၁၅ နာရီ

အောင်မြင်ပါပြီ...

သုံးရက်လုံးလုံး ဒုက္ခပေးခဲ့တဲ့ဇော်ဂျီပြဿနာ ဒီညတော့ ပြေလည်သွားပါပြီ။

ဒါတောင်အလွယ်တကူတော့ ပြေလည်သွားတာမဟုတ်ပါ။
window ခွေပြန်ထည့်ပြီး language ပြောင်းကြည့်တယ်။ ဒါလဲမရပါ။ note pad မှာရိုက်တော့ အဆင်ချောပေမယ့် broser မှာကျတော့ အရင်အတိုင်းဖြစ်နေပြန်ပါရော။ နောက်ဆုံးကြံရာမရဖြစ်ပြီး window XP service pack ကို အပြစ်ပုံချပြီး အသစ်ပြန်တင်ဖို့ ကြံမိပါတယ်။ မတင်ခင်မှာ နောက်ဆုံးကြိုးစားခြင်းအနေနဲ့ internet option ထဲဝင်ပြီး tools ထဲမှာ စမ်းတ၀ါးဝါးရှာကြည့်တယ်။ အဲဒီမှာ content ထဲက deault font ဆိုတာကိုသွားတွေ့ပြီး ဇော်ဂျီပြောင်းကြည့်လိုက်တယ်။ ချစ်ကောင်းစကားနဲ့ပြောရရင်တော့ အဲဒီမှာစတွေ့တော့တာပါပဲ။ အရင်ကဖတ်မရတဲ့ စာလုံးတွေအားလုံး အဆင်ပြေပြေဖတ်ရသွားပါပြီ။ စာရိုက်ရတာလဲ ပုံမှန်ပြန်ဖြစ်သွားပါရော။ ၀င်းဒိုးအသစ်ကပေးတဲ့ ပြဿနာတွေအားလုံးပြေလည်သွားသလို အတွေ့အကြုံသစ်တွေပါရသွားတဲ့နောက်တော့ လောကကြီးပြန်ပြီးသာယာနေတာကို သတိထားမိပြန်ပါပေါ့လား။

Tuesday, 8 June 2010

စာရေးချင်တယ်...

ဘယ်လိုရိုက်ရိုက် မထွက်တာတော့ စိတ်ညစ်စရာတော်တော်ကောင်းပါတယ်။ ဘယ်လိုရိုက်ရိုက် အောက်ကမြစ်နဲ့ယရစ်အသေးက ထွက်ကိုမထွက်တော့ဘူးဖြစ်နေတယ်။ စိတ်ညစ်လိုက်တာ စာရေးချင်ရက်သားနဲ့ ရေးမရတာက တော်တော်ဝဋ်ခံရတယ်။ အခုရေးထားတာက မဖြစ်ဖြစ်အောင်ဖျက်လိုက်ရေးလိုက် ရေးထားရတယ်။ မညာတမ်းပြောရရင်တော့ စိတ်ညစ်တယ်ဗျာ။

Monday, 7 June 2010

ဇော်ဂျီနဲ့ကိုယ် . . .

စက်အသစ်ကပေးနေတဲ့ ပညာတွေကတော့ အခုထိတောင် မကုန်သေးပါဘူး။ window အသစ်ကို ဗိုင်းရပ်စ်ကိုက်သွားလို့ အသစ်ပြန်တင်ရတယ်။ တစ်နည်းပြောရရင်တော့ window တင်တတ်သွားတာအမြတ်ရတာပေါ့လေ။ အဲဒီလိုမှတတ်မထားရင် တစ်ခါ window တင် ၇၅၀၀ ဆိုတာက တော်တော်ဒုက္ခပေးတယ်လေ။ ပြီးတော့ software တွေ စမ်းတ၀ါးဝါးနဲ့တင်။
အားလုံးအဆင်ပြေပြီးတော့ တစ်ခါ စာရေးရအောင်အရေးအပါဆုံးဖြစ်တဲ့ ဇော်ဂျီတင်ရတယ်။
အဲဒီမှာ ပြဿနာစပါလေရော။ ဇော်ဂျီကပဲလေးငါးမျိုးရှိတာလား။
ကိုယ်ကပဲ မျက်စိလည်တာလားတော့မသိတတ်တော့ဘူး။ စာရိုက်ရတာ တလွဲတွေထွက်နေပြီးတော့ အဆင်ကသိပ်မပြေတော့ဘူး။ စာလုံးကရှိရမယ့် နေရာမှာမရှိဖြစ်နေပြန်ရော။
ကိုယ်ကမှ နဂိုကတည်းကယောင်ချာချာဆိုတော့ ပြဿနာကသိပ်မသေးပြန်ဘူးပေါ့။
အဆိုးဆုံးကတော့ အောက်မြစ်ရိုက်ရတဲ့ပြဿနာပဲ။
တစ်ခါတစ်ခါ အောက်မြစ်မထွက်ပဲ ရယစ်ဝဆွဲထွက်ထွက်လာတော့ စိတ်ပျက်လိုက်တာ။ အဲဒါကြီးကိုရှောင်ပြန်တော့လည်း စာရေးရတာအရသာပျက်ပြန်ရော။ ရေးလိုက်၊ ဖျက်လိုက်နဲ့(အောင်မယ်॥ဒီတစ်ခါတော့ အောက်မြစ်ပြန်ထွက်လာပြန်ပြီ) တစ်ယောက်တည်း အလုပ်ကိုတော်တော်ရှုပ်ပါရော။ (အဲဒီမှာကြည့်॥ ဟထိုး တစ်ချောင်းငင်ရိုက်လို့မရလို့ တစ်မျိုးထွင်ပြီးရိုက်ထားတာလေ) နည်းပညာကလည်း ရှေ့ကိုပြေးနိုင်သမျှပြေး ကိုယ့်တိုင်းပြည်က ပညာရှင်တွေကလည်း လိုက်နိုင်သမျှလိုက်ရင်း နောက်ကလိုက်သုံးရတဲ့ကိုယ်တို(အောက်မြစ်မထွက်ပြန်ဘူး) မှာ အလဲလဲ အကွဲကွဲပါပဲနော်။ စိတ်ညစ်လိုက်တာ စာရိုက်ရင်းရိုက်ရင်း ပြောချင်တာကတခြား ထွက်လာနေတာကတခြားဆိုတော့ တော်သင့်(ရယစ်မထွက်တော့ဘူး) တယ်လို(အောက်မြစ်) ဆုံးဖြတ်လိုက်တယ်။ တွတ်ပီကံမကောင်းပါ...

Friday, 4 June 2010

မနက်ဖြန် ဆယ်တန်းအောင်စာရင်း ထွက်တော့မယ် . . .

မနက်ဖြန်ဆိုရင် ဆယ်တန်း(ခုခေတ်အခေါ်ဆိုရင်တော့ Grade 11)တွေ အောင်စာရင်းထွက်တော့မယ်လို့ ကြားပါတယ်။ မနှစ်ကစပြီး အောင်စာရင်းကိုစောစောထွက်ပေးတာတွေ့ရပါတယ်။ ဒါဟာကျောင်းသားတွေအတွက်တော့ အတော်ကောင်းတဲ့အစီအစဉ်ပါ။ ဘာကြောင့်လဲဆိုရင် စာမေးပွဲကျသွားတဲ့ ကျောင်းသားတွေအတွက် နောက်တစ်ခါစာမေးပွဲဝင်ဖြေဖို့ ပြင်ဆင်ချိန်ပိုရသွားတာကြောင့်ပါ။ ကျောင်းသားသစ်တွေကျောင်းဖွင့်တာကလည်း ဒီလထဲမှာပဲဖြစ်တာကြောင့် ကျောင်းပြန်တက်ကြမဲ့ကျောင်းသားဟောင်းတွေအတွက်လည်း သင်ခန်းစာကွာဟမှု သိပ်ရှိမှာမဟုတ်တော့ပါ။ အောင်သွားကြတဲ့ကျောင်းသားတွေလည်း စောစောစီးစီးပျော်ကြရပြီပေါ့။

လူကြီးတွေက ဘယ်လောက်အဆင်ပြေတယ်ပြောပြော ကျောင်းသားလေးတွေကတော့ ထွက်တော့မယ့် အောင်စာရင်းကို ကြောက်ကြောက်နဲ့စောင့်နေကြတာတွေ့ရပါတယ်။ ကိုယ်ဖြေထားတာ ကိုယ်သိတယ်ဆိုပေမယ့် မမြင်နိုင်တဲ့အရာကိုတော့ ကလေးတွေကြောက်ကြရှာတာ အပြစ်မမြင်မိပါ။ ကိုယ်လည်းဆယ်တန်းကျောင်းသားဘ၀က အကောင်းဆုံးဖြေနိုင်ခဲ့ပေမယ့်
အောင်စာရင်းထွက်မဲ့ညမျိုးမှာတော့ ရင်နည်းနည်းခုန်ပါတယ်။ ကြောက်တာတော့ မကြောက်ခဲ့ပါ။ အောင်စာရင်းထွက်ပြီးလို့ အမှတ်စာရင်းစောင့်ရတဲ့ ကာလကမှ တကယ်ကြောက်ခဲ့ရတဲ့ကာလဖြစ်ခဲ့ပါတယ်။ ကိုယ်တက်ချင်တဲ့ တက္ကသိုလ်တက်နိုင်မဲ့ အမှတ်မျိုးသာမရရင်ဆိုတဲ့အတွေးဆိုးကြီးက လက်ထဲကိုအမှတ်စာရင်းမရောက်မချင်း ညတိုင်းနှိပ်စက်ခဲ့ပါရဲ့။ ဘယ်လောက်များဆိုးသလဲဆိုရင် အမှတ်စာရင်းရပြီးတာတောင် တက္ကသိုလ်ကအကြောင်းကြားစာ မရောက်မချင်း
ရင်ထဲမှာဟာတာတာနဲ့ နေလို့မကောင်းခဲ့တာ
ခုပြန်တွေးမိရင် ခုပြန်ခံစားမိပါတယ်။

အခုလည်း ဆယ်တန်းဖြေထားကြတဲ့ ကျောင်းသားလေးတွေကို ကြည့်မိတော့ ကိုယ့်ကိုယ်ကိုပြန်မြင်မိသလို ခံစားရပါတယ်။ သူတို့ရင်ထဲမှာလည်း ကိုယ့်တုန်းကလို ခံစားနေကြရမှာပဲဆိုတာ သိနေတော့ သူတို့ကိုကြည့်ပြီး မရယ်ရက်ပါ။ ဘ၀ကိုအဆုံးအဖြတ်ပေးမယ့် အချိန်ပိုင်းနဲ့အနီးဆုံးအခြေအနေမှာ ဘယ်သူမဆို နည်းနည်းတော့ တုန်လှုပ်မှာ သေချာပါရဲ့။

နောင်တစ်ခေတ်ရဲ့ မျိုးဆက်သစ်လေးတွေ ထိုက်သင့်တဲ့ပညာရပ်တွေနဲ့ တိုင်းပြည်ကိုအကျိုးပြုကြမယ့် ပညာတတ်လေးတွေဖြစ်နိုင်ဖို့ ပထမခြေလှမ်းဖြစ်တဲ့ ဆယ်တန်းအောင်စာရင်းကို သူတို့နဲ့အတူ ရောရောင်ပြီးရင်ခုန်လိုက်ဦးမယ်လေ...

လွယ်လွယ်လေးနဲ့ ခက်နေတယ် . . .

တစ်မနက်လုံး ကွန်ပျူတာအသစ်နဲ့ ရန်ဖြစ်နေရတာ စိတ်ကိုကုန်ပါလေရော။ မီးလေးတစ်ချက်မကစားလိုက်နဲ့ ဒေါက်ဆိုပြုတ်ကျပါရော။ ငါးမိနစ်အတွင်း သုံးခါပြုတ်ကျပြီးတဲ့နောက်တော့ ခန္တီစတရားကို လက်ကိုင်ထားလိုက်ရတယ်။ တကယ်တော့မနိုင်လို့သည်းခံရခြင်းသည်လည်းကောင်းပေါ့လေ။ စိတ်ရှည်တယ်ဆိုတာ ဒီနေရာမျိုးကျတော့ သိပ်ကောင်းတာမှမဟုတ်ဘဲနော။ စိတ်ရှည်လက်ရှည်နဲ့ ဆက်ဖွင့်ကြည့်နေရင် မားသားဘုတ်ဖြစ်ဖြစ်၊ ဟာ့ဒ်ဒစ်ဖြစ်ဖြစ်ကျွမ်းသွားနိုင်တာတော့ ကောင်းကောင်းကြီးသိထားတယ်လေ။

နောက်ဆုံးမတော့ လုပ်နေကျအတိုင်း system unit တစ်ခုလုံးမပြီး ကွန်ပျူတာဆရာဝန်ဆီပြေးရတာပေါ့။ သူအကြံပေးတဲ့အတိုင်း power regulator တစ်လုံးဝယ်ပြီးခံလိုက်မှပဲ အဆင်ပြေသွားတော့တယ်။ တရုတ်ကတစ်သောင်းခြောက်ထောင် ပြည်တွင်းဖြစ်က ခြောက်သောင်းဆိုတာ ထူးထူးဆန်းဆန်းသိရတယ်။ ပြည်တွင်းဖြစ်တွေ ဈေးကွက်မှာနေရာကောင်းရလာတာကြားရတော့ မုဒိတာပွားရပါတယ်။

အခုတော့လည်း ကိုယ်တော်မြတ်ကွန်ပျူတာက သူမဟုတ်သလို ငြိမ်လို့ကုပ်လို့။ အင်း...လွယ်လွယ်လေးနဲ့ ခက်အောင်လုပ်နေမိတဲ့ကိုယ့်ကိုယ်ကိုပဲ ရယ်ချင်တယ်...

Tuesday, 1 June 2010

ငွေ၊ လူနဲ့ ဂုဏ်သိက္ခာ . . .

ဂုဏ်...ဂုဏ်...ဂုဏ်... ဂုဏ်ဆိုတာငွေကိုခေါ်တယ်...
ငွေကိုသာ ရေလိုသုံးရင်...တစ်ပြည်လုံးမှာ လုပ်သမျှတင့်တယ်...

လူမှန်းသိတတ်ကတည်းက ကြားဖူးတဲ့ ဆရာဦးသုခရဲ့ နာမည်ကြီးသီချင်းပါ။ ဆရာကြီးကတော့ ရည်ရွယ်ချက်ကောင်းနဲ့ရေးခဲ့တာဖြစ်ပေမယ့် အများစုကတော့ အထက်ကစာသားကိုပဲ သဘောတကျနဲ့ဆိုလေ့ရှိကြပါတယ်။ ကိုယ်တိုင်ကတော့ ခပ်ငယ်ငယ်ကတည်းက ဒီစာသားကို သဘောသိပ်တော့ မတွေ့လှပါ။ ငွေမရှိရင်လည်း ဂုဏ်ရှိနိုင်တာပဲလို့ အမြဲတွေးပါတယ်။ အဲဒီခံယူချက်နဲ့ပဲ ဘ၀ကိုဖြတ်သန်းခဲ့ပါတယ်။ အထိုက်အလျောက်လည်း စိတ်ကျေနပ်မှုရခဲ့တာ သေချာပါတယ်။

အခုလူလတ်ပိုင်းအရွယ်ရောက်လာတော့ ငယ်ငယ်ကအတွေးအမြင်တွေကို မကြာမကြာပြန်ဆင်ခြင်ကြည့်မိလာပါတယ်။ ငွေမရှိလဲဂုဏ်ရှိနိုင်တယ်ဆိုတဲ့ ကိုယ့်အယူအဆကတော့ လုံးဝမမှားတာ သေချာပါတယ်။ ဘာကြောင့်လဲဆိုရင် လူတစ်ယောက်ရဲ့ဂုဏ်သိက္ခာကို သတ်မှတ်ပြဌာန်းတဲ့ အချက်တွေထဲမှာ ငွေကြေးဆိုတာ သာမန်အစိတ်အပိုင်းပဲဖြစ်နေလို့ပါ။ ကိုယ်ကျင့်တရား၊ သီလသမာဓိ စတာတွေနဲ့ယှဉ်ရင် ငွေကြေးကနေရမဲ့ ဂုဏ်သိက္ခာဆိုတာ မပြောပလောက်ပါ။

ကိုယ့်အတွေးနဲံကိုယ် ငွေကြေးဆိုတာကို အရေးမစိုက်ဘဲ နှစ်တော်တော်များများ နေဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ဘာသွားတွေ့ရသလဲဆိုရင် ကိုယ့်မှာငွေကြေးမပြည့်စုံတဲ့ အတွက်ကြောင့် တစ်ခါတစ်ခါမှာ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရားကို တော်တော်ခက်ခက်ခဲခဲ ထိန်းသိမ်းရတယ်ဆိုတာပါပဲ။ ငွေကြေးမပြည့်စုံရင် ကိုယ်ကျင့်တရားကို ငွေနဲ့ချရောင်းမှာပဲဆိုတဲ့ ခပ်ညံ့ညံ့အတွေးမျိုးရှိတဲ့လူတွေအတွက် ကိုယ်ကမကြာမကြာဆိုသလို ပစ်မှတ်ကောင်းကြီးဖြစ်ဖြစ်နေတတ်ပါရော။ စလေဦးပုညရဲ့တေးထပ်ထဲကလို॥
ပညာရှင်ဆိုကတည်း မွဲရင်ဖြင့်မိုက်ရတော့မယ်” ဆိုတာ လူတိုင်းကိုရည်ရွယ်တာမဟုတ်မှန်းမသိတဲ့လူကလည်း အများသားဆိုတော့ တော်တော့်ကိုခံခဲ့ရပါတယ်။

တဖြည်းဖြည်းနဲ့စဉ်းစားလာမိတာက ကိုယ်ကျင့်တရားနဲ့ဂုဏ်သိက္ခာကို သက်တောင့်သက်သာ ထိန်းသိမ်းနိုင်ဖို့ ငွေကြေးဆိုတာလည်း အထောက်အကူပစ္စည်းတစ်ခုအဖြစ်လိုတယ်ဆိုတာပါပဲ။ လူသားဆိုတာလူသားအတွေးမျိုး လူသားရဲ့ခံစားချက်မျိုးသာရှိနိုင်တာမို့ အမှောင့်ပယောဂတွေများလွန်းရင် အနည်းနဲ့အများတော့ ယိုင်နဲ့သွားဖို့များပါတယ်။ ဒီတော့ အကောင်းဆုံးအနေအထားကတော့ အမှောင့်ပယောဂတွေရန်ကကာကွယ်ဖို့ ပြင်ဆင်ထားရုံပါ။ အနှောင့်အယှက်ကင်းလေ အပျက်အစီးနည်းလေဆိုတာ သဘာဝပဲမဟုတ်လား။

အဲဒီအတွေးမျိုးဝင်လာတဲ့အချိန်ကစလို့ အရင်ကတွေးခဲ့တ“ငွေဆိုတာအလကားပါကွာ၊ ငွေမရှိလည်း ငါ့မှာဂုဏ်သိက္ခာရှိတာပဲ”ဆိုတဲ့ အတွေးကိုဖျောက်ပြီး ရှိသမျှစိတ်ဓာတ်၊အင်အားကိုသုံးလို့ ငွေကြေးကို ကြိုးစားပြီးရှာဖြစ်ပါတယ်။ ငွေကြေးရဲ့အရေးပါမှုကို နားလည်သဘောပေါက်ရင်း၊ တစ်ဖက်ကလည်း ငွေကြေးကို ကိုးကွယ်ရာမရောက်အောင်ထိန်းရပါသေးရဲ့။ တဖြည်းဖြည်းနဲ့ သူတပါးကိုကြည့်စရာမလိုဘဲ ရပ်တည်နိုင်လာတဲ့ အချိန်မှာတော့ ကိုယ့်ရဲ့ကိုယ်ကျင့်တရားနဲ့ ဂုဏ်သိက္ခာကို ထိပါးမဲ့ပြင်ပအနှောင့်အယှက်ကတော့ သိသိသာသာကြီးနည်းလာပါတယ်။

ဒါပေမယ့်...

လောကဓံတရားရှစ်ပါးထဲက လာဘော၊ သုခံ၊ ယသော၊ နိန္နံ ဆိုတဲ့တရားလေးပါးကို ရင်ဆိုင်ပြီးကိုယ်ကျင့်တရား မထိခိုက်အောင် ကိုယ့်ကိုယ်ကိုပိုပြီးထိန်းသိမ်းရပြန်ပါရော။ ဒါပေမယ့် ကိုယ်ပိုင်တဲ့ကိုယ့်စိတ်နဲ့ရင်ဆိုင်ရတာ သူများအနှောင့်အယှက်ကို ရင်ဆိုင်ရတာထက်တော့ ကျေနပ်စရာကောင်းသေးတယ်လို့တွေးနေမိတဲ့ ဒီအချိန်မှာတော့ နဲနဲနေလို့ကောင်းလာသလိုပါ....

နည်းပညာနဲ့ အင်္ဂလိပ်စာ . . .

ဒီနေ့ကတော့ မနက်မိုးလင်းကတည်းက အလုပ်များတဲ့နေ့တစ်နေ့ပါပဲ။

ကွန်ပျူတာအသစ်ကို
မီးအားပြည့်တဲ့အချိန်စောင့်ပြီးစမ်းလိုက်တာ
ညက ၁နာရီကျော်ကျော်မှပဲ အိပ်ဖြစ်တယ်။ မနက်မိုးလင်းတော့ လုပ်ငန်းသဘာဝအရ ၅နာရီခွဲမှာ ထရပြန်ပါရော။ မျက်စိကတော့ ခပ်စပ်စပ်ဖြစ်တော့တာပေါ့။ အရင်က နေ့နဲ့ညနဲ့မှားခဲ့တဲ့ဒဏ်တွေပြန်ခံရတာလို့တော့ ကောင်းကောင်းသဘောပေါက်ပါတယ်။

ဒါနဲ့မနက် ၉ နာရီလောက်ကျတော့ ကွန်ပျူတာဆရာကို အိမ်ပင့်ပြီးလာခဲ့ရတယ်။
မပင့်လို့လည်း မရတော့ဘူးလေ။
Systrm unitအသစ်က ကောင်းကောင်းအလုပ်မလုပ်ဘူးဖြစ်နေတာကိုး။ မီးအားနည်းနည်းကျသွားတာနဲ့ ပြုတ်ကျသွားတတ်တာဆိုတော့ လုပ်ရကိုင်ရတာ ဘယ်လိုမှအဆင်မပြေတော့ဘူးဖြစ်နေရော။ မီးအား ၂၂၀ ပြည့်မှသာသုံးလို့ရမယ်ဆိုရင်တော့ ညပိုင်းကျမှပဲသုံးရတော့မလိုဖြစ်နေတယ်။ အသစ်ဝယ်လိုက်တော့မှ အဟောင်းကပိုအဆင်ပြေနေတာတွေ့တော့ ရယ်တောင်ရယ်ချင်မိတယ်။

အရင် System unit
ကလည်း အလုပ်လုပ်တာ တော်တော်နှေးတယ်ဆိုတော့ အသစ်မလဲလို့ကလည်းမဖြစ်ပြန်ဘူး။ မီးအား ၂၂၀ အပြည့်ရအောင် မီးအားမြှင့်စက်ဝယ်ရပြန်ရင်လည်း ဆင်ဖိုးထက် ချွန်းဖိုးကကြီးနေမှာ သေချာတယ်။ ပြီးရင် ဒီဒေသမှာ မီးအားမြှင့်စက်သုံးတဲ့ကိုယ့်ကိုလည်း သူများကငပေါလို့တောင်ဝိုင်းပြောဦးမှာ သေချာသလောက်ရှိနေပြန်ရော။ လိုချင်ပေမယ့် အဆင်မပြေဖြစ်နေတာကိုတော့ ရင်ထဲမှာ ခိုးလိုးခုလုဖြစ်နေပါရောလား။

မီးအားသုံးလွန်းတဲ့ ကွန်ပျူတာကို မေတ္တာပို့မယ်ကြံတော့လည်း
အလုပ်များများလုပ်မဲ့ကောင်ကို အစားများများကျွေးရတာ သဘာဝဆိုတော့ ဘရိတ်အုပ်လိုက်ရပြန်ရော။ ဆားဗစ်ဆရာပြန်သွားတော့ စဉ်းစားမိတယ်။
Green ခေတ်ကြီးမှာ နည်းပညာသစ်တွေဒီလောက်ပေါများနေသလောက် စွမ်းအင်ချွေတာရေးတွေကို ဒီလောက်ဦးစားပေးနေတာဆိုတော့ ပါဝါစားများတာကို ဖြေရှင်းပေးမယ့် နည်းတော့ရှိရမယ်လို့။

ဒါနဲ့
Mother Board ကအညွှန်းတွေကို သေချာဖတ်ကြည့်တော့ IES ဆိုတဲ့ စွမ်းအင်ချွေတာရေးစံနစ်ထည့်ပေးထားတာတွေ့ရတယ်။ Hard ware ဆင်ပေးတဲ့ကလေးက Driver software တွေကိုပဲ အကုန်မောင်းတင်ပြီး application software တွေကို ချန်ပစ်ထားခဲ့တာသွားတွေ့တော့တာကိုး။ ဒါနဲ့ကိုယ့်ဖာသာပဲ software မောင်းတင်ပြီး စမ်းကြည့်တော့ အဆင်ပြေသွားတာတွေ့ရတယ်။

ဆင်ပေးတဲ့ ကလေးကိုလည်း အပြစ်မတင်ရက်ပါဘူး။
သူတို့လေးတွေခမျာ အင်္ဂလိပ်စာအားနည်းကြတော့ ဘယ်
software ကဘာအတွက်ဆိုတာ မဆုံးဖြတ်နိုင်ကြပဲကိုး။ ခါတိုင်းလုပ်နေကြအတိုင်းပဲလုပ်လိုက်တော့ နည်းပညာတိုးတက်မှုရဲ့အသီးအပွင့်နဲ့ဝေးသွားတော့တာပေါ့လေ။ ကွန်ပျူတာသုံးနေရင်းက အင်္ဂလိပ်စာရဲ့အသုံးဝင်ပုံတွေကို တစိမ့်စိမ့်တွေးမိလာတယ်။

ဒီဘက်ခေတ်လူငယ်လေးတွေကို
အင်္ဂလိပ်စာအရည်အသွေးမြင့်အောင်လုပ်ပေးရဦးမယ်ဆိုတဲ့ အသိကိုပါရလိုက်တော့ ဒုက္ခကောင်းကောင်းပေးလိုက်တဲ့ ကွန်ပျူတာအသစ်ကိုပဲ ကျေးဇူးတင်မိရပြန်ပါရောလေ...


ps: ဒီ post လည်းတင်ပြီးရော မီးအားကထိုးကျသွားလိုက်တာ စက်ကဘယ်လိုမှ မတက်နိုင်တော့ဘူး။ နည်းပညာမကယ်နိုင်တော့တဲ့ အခြေအနေဆိုတော့လည်း စက်အဟောင်းလေးကိုပဲ ပလပ်ထိုးလို့..

ကြိုးစားရတဲ့ ကာလအပိုင်းအခြား . . .

အင်း စာမရေးဖြစ်တာနည်းနည်းကြာသွားတယ်...
အခုတလော အလုပ်ထဲမှာ အာရုံစိုက်ရတာတွေလည်း နဲနဲတော့များတယ်။ ဒီအချိန်ကတော့ နှစ်တိုင်းအလုပ်များနေကျပါပဲလေ။ အနေအထားအသစ်တွေကို အံဝင်ခွင်ကျဖြစ်အောင် ကြိုးစားရတဲ့ အချိန်ဆိုပါတော့။ စိတ်ဖိစီးမှုကလည်း ခါတိုင်းထက်တော့ ပိုများတယ်လို့ပဲဆိုရမယ်။ ဖိစီးမှုတွေနဲ့ ကျင့်သားရပြီးသားဆိုပေမယ့် လူသားဆိုတော့လည်း လူသားရဲ့ခံနိုင်ရည်မျိုးပဲရှိတာမို့ တစ်ခါတစ်လေလည်း တော်တော်အီပါတယ်။

စိတ်ကူးထားတာကတော့ ပညာရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးလေးတွေကို နှစ်ရက်ခြားလောက်တော့ တင်ဖြစ်မယ်လို့။ ဒါပေမယ့် အလုပ်များတာကြောင့် ကွန်ပြူတာရှေ့မထိုင်ဖြစ်တာတောင် သုံးလေးရက်ရှိသွားပြီထင်တယ်။ အရင်စက်က P4 ဖြစ်တယ်ဆိုရုံလေး 1.8 ပဲရှိတော့ အလုပ်လုပ်ရတာ အဆင်မပြေဘူး။ ဒီကြားထဲမှာ memory ကလည်း SD 256 ဆိုတော့ ပွဲကပြီးပါရောလား။

ဒါနဲ့ မရှိရှိတာရှာကြံပြီးတော့ PC ကိုမြှင့်ပစ်လိုက်တယ်။ စိတ်တိုင်းကျတော့ မဖြစ်သေးပေမယ့် စိတ်သွားတိုင်းတော့ ကိုယ်ပါလောက်တဲ့ အနေအထားပေါ့။ တိုးတက်လာတဲ့ နည်းပညာတွေကို ခေတ်နဲ့အညီလိုက်စားဖို့ကလည်း တော်တော်လေးကို ငွေအရင်းအနှီးများတဲ့အရာပါပဲနော်။ ကိုယ်က ၀ါသနာရှင်အဆင့်ဆိုတော့ တောင်စမ်းစမ်းမြောက်စမ်းစမ်းနဲ့ ပိုဆိုးတယ်။ လေ့လာလို့ကလည်း မကုန်နိုင်တော့ဘူးထင်ပါတယ်။

ဘာပဲဖြစ်ဖြစ်လေ ပြိုင်ဆိုင်မှု၊ တိုက်ခိုက်မှုတွေနဲ့ ပင်ပန်းလှတဲ့ လောကကြီးမှာ ၀ါသနာပါရာ အပန်းဖြေစရာလည်းဖြစ်၊ ပညာရှာဖွေရာလည်းဖြစ်တဲ့နေရာလေးမှာ ရင်းနှီးတယ်ပဲပြောပြော၊ သုံးတယ်ပဲပြောပြော ငွေကုန်ရတာတော့ တန်တယ်လို့ထင်တာပဲလေ....

ps; မတန်လို့လည်း ဘယ်ရမလဲ ပိုက်ဆံက ထွက်သွားပြီ မဟုတ်လား...

ကြိုက်ရင်ပေါ့လေ . . .