အွန်လိုင်းပေါ် မတက်ဖြစ်တာ တစ်ပတ်ကျော် နှစ်ပတ်နီးပါ ကြာနေမင့်ကိုး။
အခါတိုင်းဆိုရင် ချစ်စွာသော ယိုးဒယားက တစ်လကို ဘတ်၂၀၀သွင်းရင် နာရီ ၁၀၀ သုံးခွင့်ပေးသော်ငြားကပဲ အခုတော့ နာရီ ၇၀ပဲ သုံးခွင့်ပေးတော့သဟာကြာင့် တစ်ရက်ကို ၅နာရီနီးပါး အွန်လိုင်းသုံးမိတဲ့ ကိုယ့်မှာ တွက်ခြေမကိုက်ဘဲ ဖြစ်သွားချေပြီမို့ အွန်လိုင်းနာရီကုန်ပြီး နာရီအသစ်ထပ်ဝယ်ဖို့ ၀န်လေးနေရင်းကြောင့် လိုင်းပေါ်မတက်ဖြစ်တော့ပဲ ရှိပြန်သည်တမုံ့။ စာသင်နှစ်အစဖြစ်တာကြောင့် သင်ရိုးညွှန်းတန်းတွေ ပြန်ပြီး အသစ်ထုတ်ဖို့ စီစဉ်နေရင်း အလုပ်များနေခြင်းကလည်း အကြောင်းပြရန် တဖန်ပါပြန်သည်တမုံ့။ သို့ပေတည့် ပွင့်ပွင့်လင်းလင်းနဲ့ ရှင်းရှင်းပြောရလျှင် တစ်လကို ၂၀၀၀၀ လောက် မစားရက်မသောက်ရက် ဖွတ်ကလိဒင်္ဂါး ကုန်မှာကို နှမြောနေရင်းကလည်း အဓိက အကြောင်းရင်း ဖြစ်နေပြန်ချေသည် မဟုတ်တုံလော။ စာသင်နှစ်စကာစ ဖြစ်ပေထသောကြောင့် ကျောင်းသားလည်း သိပ်မများသေးတာမို့ ၀င်ငွေကလည်း ပြောလောက်အောင် မဖြူးသေးတဲ့အပြင် တစ်လကျော်ကျော်ခရီးရှည်သွားထားတာကြောင့် သောက်သောက်လဲ ကုန်ထားတဲ့ ပိုက်ဆံတွေကို ပြန်ဖာဖို့ ထေးဖို့လည်း စိတ်စောနေမိတာကြောင့် အွန်လိုင်းနာရီထပ်ဝယ်ဖို့ ချစ်တီးတွက်တွက်ရင်း ကပ်စေးနှဲမိတာကြောင့် လိုင်းပေါ် မတက်ဖြစ်တာ တော်တော်ကြာသွားပါရော့လာား ချစ်စွာသော စာရှုသူ။
သို့လေသော်ငြား ကုရခက်တဲ့ရောဂါလို့ အမည်တပ်ရင် ရနိုင်ကောင်းတဲ့ ဘလော့ဂါရောဂါဆိုးကြောင့် တစ်ရက်တစ်ရက် လိုင်းပေါ်မတက်ရရင်ပဲ စားမ၀င်၊ အိပ်မပျော် တစ်ခုခုလိုနေသလိုလို ဖြစ်မိသဟာကြောင့် ဖွတ်ကလိဒင်္ဂါးရှိသမျှကို ပွတ်ရင်းသတ်ရင်း ဖုန်းထဲမှာ ကျန်ကျန်သမျှ ဘတ်ငွေ၆၀ကို အရင်းပြုပြီးသကာလ အွန်လိုင်းနာရီ ၅နာရီ ၀ယ်ပြီးတဲ့လျှင် ဘယ်သူမပြု မိမိမှုဆိုသည့်အတိုင်း ပို့စ်အသစ်တစ်ခုကို ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်ဖာသာရေးပြီးသကာလ ဖတ်သူစိတ်ချမ်းသာခြင်းမသာခြင်းကို အသာဘေးချိတ်ရင်း မရေးရ မနေနိုင်သဟာကြောင့် ရေးမိပြန်ပါချေသည်။ အသို့ ရေးရပြန်ချေသော်လည်း အဘယ်အကြောင်းအရာကိုအဘယ်သို့ ရေးစကောင်းသည်ကို မသိခြင်းကြောင့် ပို့စ်ဖြစ်ရောရည်ရွယ်ချင်းရာ တစ်ခုတည်း ဦးတည်လျက် ဖြစ်ချင်ရာဖြစ် မောင်ဘချစ်ထုံး နှလုံးမူပြီးသကာလ ရေးချလိုက်ခြင်းကြောင့် ကိုယ့်ဘလော့ကိုလာလည်ခြင်းကြောင့် ပြန်လာလည်ခြင်းဟူသော ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ရောက်လာပေထကုန်သော ချစ်စွာသော ဘလော့ဂါ၊ ဘလော့ဂီအပေါင်းတို့သည် အနှီပို့မမည်သော ပို့စ်ကို ရေးပေထသော သကောင့်သားဦးဟန်ကြည်ကို မေတ္တာမမြင် စိတ်မရွှင်ခြင်းကြောင့် ငြိုငြင်နွမ်းညစ် အပြစ်တင်လည်းတင်စေသောဟု ကိုယ့်တရားကိုယ်စီင်္ရင် ကိုယ့်ပုလ္လင်ကိုချ၍ ပို့မမည်သော ဤသည့်ပို့စ်ကို ဖျစ်ညှစ်သီကုံး အများမုန်းအောင် စီကုံးဖွဲ့ဆိုမိပါသတတ်။
ဖွတ်ကလိဒင်္ဂါး အလွန်ပင်ရှားပါးလှစွာသော အကျွန်တို့ပြည်ဝယ် မံမံတစ်လုပ် မှန်မှန်တုပ်ရေးအတွက် နှဖူးကချွေး ခြေမကျရုံမက အ၀ီစိအထိတွင်းထူးပြီးရောက်အောင် တပင်တပန်းကြိုးစားရကုန်သည်ဖြစ်ရာ ဦးဟန်ကြည်မည်ပေထသော သာမညောင်ည ဆရာဝန်ဘ၀မှ စုတေစိတ်ကိုယ့်ဖာသာကျပြီး ဖြစ်လာသော ကျောင်းဆရာ၊ ကျူရင်ဆရာသည်လည်း မံမံသရဏံဂစ္ဆာမိရချေသောကြောင့် ကွန်ပြူတာဟုဆိုအပ်လှသော သိုးဆောင်းတို့၏ ဘုတ်အုတ်ကို ဖွင့်မိသည်နှင့် တပြိုင်နက် မံမံတစ်လုပ် မှန်မှန်အုပ်ရေးအတွက် သင်ရိုးညွှန်းတန်းပေါင်းများစွာ မာတိကာပါမကျန် မှန်မှန်ကြိုးကုတ် မံမံအတွက် အားထုတ်ရပါလေသောကြောင့် ပို့စ်အသစ်တင်ဖို့အရေး နှောင့်နှေးနေရပြန်ချေသည်တမုံ့။
ပသို့ပင်ရှိစေ ပို့စ်အသစ်တင်ရန် စီမံကြိုးကုတ် အားထုတ်ထားမိပေသော ပုဂံပြည်ခရီးသွားမှတ်တမ်းကြီးကား ငွားငွားစွင့်စွင့် ရှိနှင့်ပေထသောကြောင့် အခွင့်သင့်အခါသင့် ရှိလင့်သော အချိန်အခါ သမယကောင်းတွင် ပို့စ်များတင်ရန်ရည်ရွယ်ထားရင်းကိုလည်း ရှေးမဆွကပင် ကြိုတင်ကြံစဉ်ရင်းရှိသည့်အလျောက် မကွယ်မထောက်ပဲ ကြိုတင်ကာ ဖွင့်ဟအပ်သည်ကြောင့် စောင့်လို့သာ ဖတ်လင့်ပါကြောင့် မေတ္တာတော် အခါခါလောင်းရင်း စိတ်ရင်းကောင်းနှင့် အကြံကောင်းပေးအပ်ပါသတည်း။ ။
8 comments:
I really like this post. U have sense of humor & quality of writing. Why don't u write the satire?
ဆြာရေ့ ကျောင်းတွေ ဖွင့်တော့မယ်နော့် ဒီတစ်ခေါက် ဟိုဘက်ကမ်း ကူးဖြစ်ရင်ဆော့ ဆြာ့ဆီ လာလည်အုံးမယ်ဗျး) ။
ဘလော့ပိုးက သတ်ရခက်တယ် အဟုတ် ။
စောင့်မျှော်နေပါတယ်လို့....
ကောင်းသောနေ့လေးဖြစ်ပါစေအကို...
ဆရာကိုဟန်ကြည်ရေ ဆရာ့စာဖတ်ရတာ ကမ္ဘာအေးသာသနာ့တက္ကသိုလ်တုန်းက ကျက်ဖတ်ခဲ့ဖူးတဲ့ မြန်မာစာကို သွားသတိရမိတယ်။ ရေးတတ်ပါပေသတတ်။ ကျန်းမာရွှင်လန်း အေးချမ်းပါစေလို့ ဆုတောင်းလိုက်မိပါသတည်း။
အင်တာနက်ကို ငွေနဲ့ဆက်ပြီး သုံးနေရတာတော့ သိပ်မကိုက်လှဘူး။
ဒီမှာတော့ တလစာပေးထားရင် တလလုံးမနားတမ်း သုံးရတော့ ပိုအဆင်ပြေတယ် ပြောရမယ်။
စကားမစပ်.... ကျနော်တို့ရဲ့ မန်ယူ ၁၉ကြိမ်မြောက် စံချိန်တင်ချန်ပီယံဖြစ်ပါပြီ။
cheer !!! မန်ယူဖန် ....။
ပြည်တွင်းမှာတော့ ပြိုင်ဘက်ကင်းပြီပေါ့ ကိုမြစ်ရေ...ဘာစီနဲ့ကန်မယ့်ပွဲကိုပဲ အခုတော့ ကြိုရင်ခုန်နေမိတယ်ဗျ...
စာအရေးအသားကောင်းသောကြောင့် နေက်တစ်ခေါက်လာခဲ့ပါရစေခင်ဗျာ့
အကယ်၍များ ကျွန်တော့်ရှိရာကိုလာခဲ့ရင် ထုံးအိုးထမ်းခဲ့ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Post a Comment