“ အမှိုက်ခြင်း ”
ကဗျာတစ်ပုဒ် စာတစ်ဆုပ်ကို
ရေးထုတ်ဖို့ကြံ စိတ်ရည်သန်လည်း
ရင်ထဲဗလာ အကာအတိ
စိတ်ကသိသော်
မချိအပြုံး တွင်တွင်သုံးရင်း
ချက်ချင်းနောက်ဆုတ်နေမိသည်...
ရသစာပေ အမြုတေသည်
ဖွေရှာဖတ်သူ တစ်ဖက်လူတွင်
ချစ်ရွှင်သနား တည်ကြားကြမ်းကြုတ်
စက်ဆုတ်ကြောက်ရွံ့ ရဲဝံ့အံ့သြ
နောအရသာ ကျန်းဂန်လာကို
ရင်မှာတွယ်ငြိ ဂွမ်းဆီထိသို့
ထောက်ပို့နိုင်မှ ရေးသင့်လှဟု
စိတ်ကခံယူမိပြန်သည်...
သုတစာပေ ရေးပြန်လေလည်း
ဖွေဖွေရှာရှာ သေချာစေ့စပ်
သီကုံးတတ်မှ ဖတ်ရကျိုးနပ်
ရေးကျိုးနပ်မည် သိနေသည်ကြောင့်
ဖြောင့်ဖြောင့်မရေးနိုင်မိပြန်...
စာတိုပေစ မရေးရလျှင်
စိတ်ကမရွှင် မကြည်လင်ငြား
ကိုယ့်စာသားသည် တပါးသောသူ
စိတ်ကြည်ဖြူအောင် မဆောင်နိုင်သေး
တွေးမိပြန်လျှင်
သံယောဇဉ်ဖြတ် တစ်ခန်းရပ်ရင်း
အမှိုက်ခြင်းသို့ပို့မိသည်...။ ။
ဟန်ကြည်
၂၈.၅.၂၀၁၁ ( စနေနေ့ )
၁း၀၀နာရီ
3 comments:
အဲဒီ အမှိုက်တောင်း သိမ်းထား... ဆရာကိုဟန်ကြည်.. တနေ့ကျ အလုပ်ပြန်ဖြစ်လိမ့်မယ်.. :D
ခင်မင်လျက်
နေ၀ဿန်
အင်းလေ..
တစ်နေ့  ဂန္တဝင် အမှိုက်ပုံး ဖြစ်လာတော့ မှာပါ။
ဂန္တဝင် ဆိုတာက ချက်ခြင်းတော့  လပ်ခံဖို့  ခက်နေတတ်တယ်လေ။
ခေတ်ရဲ့  ရှေ့ ကို နဲနဲ ရောက်နေတတ်တာမျိုး လို့  ထင်တာပဲ။
ခေတ်လွန်မှ သူက မှန်နေ ထင်ဟပ်နေတော့ တာကိုးဗျ။
ဒါ မှားချင်မှားဖို့  များတဲ့  ကျွန်တော့်အမြင်ပါနော်...။
ကျွန်တော် လင့်ချိတ်တာ ပို့ ( စ) ခေါင်းစဉ် ဖြစ်နေတယ်ဗျာ..။
အမှိုက်က ရွှေဖြစ်တယ်ဆိုတာလည်းရှိသားလား ဆရာဦးဟန်ကြည်
အမှိုက်ခြင်းလေးဟာ တစ်နေ့တော့ တန်ဖိုးရှိလာမှာပါ
Post a Comment